Monday, October 1, 2012

နင်ရဲ့  ငါ (သို့) ငါ့ရဲ့  နင်

မျှော်ကိုးတောင့်တခြင်းတွေကင်း
ပေးဆပ်နှင်း တတ်တဲ့ နှလုံးသား
နည်းနည်းတော့ ခါးသတဲ့
ဒါပေမယ့်
နင့်မျက်ရည်တွေ ငါသုတ်ပေးဖူးသလို
ငါငိုခဲ့ဖူးတာလည်း နင့်ပုခုံးထက်မို့
ယုံတယ် မဟုတ်လား
တို့တွေက
ခံစားချက်တွေနဲ့ ခရီးလွန်နေမှာ မဟုတ်ဘူးဆိုတာ။

တစ်တောင်ပေါ်တစ်တောင်ဆင့်နေတဲ့
ထိပ်ဆုံးကိုသွားတဲ့လမ်း
နည်းနည်းတော့ကြမ်းသတဲ့
ဒါပေမယ့်
နင်ချော်လဲတုန်းက ငါဆွဲထူခဲ့သလို
ငါမလျှောက်နိုင်တော့လည်း နင်တွဲခေါ်လို့
ယုံတယ် မဟုတ်လား
တို့တွေက
ဒဏ်ရာတွေရဲ့ အောက် လမ်းပျောက်နေမှာ မဟုတ်ဘူးဆိုတာ ။

နင်ဖွင့်မပြောတဲ့စကား
ငါ့ရဲ့ နားက ကြားသတဲ့
အဲဒီလိုပဲ
ငါ့မျက်လုံးတွေကလည်း
နင်ကြေညက်နေတဲ့ ဖတ်စာတစ်အုပ်
သူငယ်ချင်းရေ
ယုံတယ် မဟုတ်လား
ဘယ်လောက်ပဲ ဝေးသွားသွား
စာတစ်လုံး စကားတစ်ခွန်းက
တို့တွေအတွက် "အား" ဆိုတာ ။  


ညိုလေးနေ
01.10.2012  ( 10:50 am )