ကလေးတိုင်း ကလေးတိုင်းဟာ
ပုံပြင်လေးတွေကို နှစ်သက်တတ်ကြတယ်။ အဘိုးအဘွား၊ အဖေအမေ တို့ရဲ့  အိပ်ယာဝင်ပုံပြင်တွေကို
နားထောင်ခွင့် မရရှာတဲ့ကလေးတွေတောင်မှ ဆရာ၊ဆရာမတွေ ပြောတဲ့ပုံပြင်တွေ၊ ဦးလေး၊ ဒေါ်ကြီးတွေပြောတဲ့ပုံပြင်တွေ၊
ကလေးအချင်းချင်း တဆင့်ပြန်ပြောတဲ့ ဒါမှမဟုတ် လုပ်ကြံတီထွင်ပြောတဲ့ ပုံပြင်လေးတွေကို
နှစ်သက်တတ်ကြတာပါပဲ။ ကျွန်မကတော့ ကံကောင်းတဲ့ကလေး ဖြစ်ခဲ့တယ်လို့ ပြောရမယ်။ အဘိုးတို့
အဘွားတို့ပြောတဲ့ ပုံပြင်တွေကို နားထောင်ခွင့်ရခဲ့သလို၊ ကြီးဒေါ်တွေပြောတဲ့ ပုံပြင်တွေကိုလည်း
နားထောင်ခဲ့ရတယ်။ ကျွန်မတို့ငယ်ငယ်က မီးမလာတဲ့ညတွေမှာ ကြီးကြီးက အိမ်ရှေ့ ဝရန်တာမှာ
ဖျာခင်း၊ ရေနွေးကြမ်းတစ်အိုးချလို့ ပုံတွေပြောပြတတ်တယ်။ ကျွန်မက အငယ်ဆုံးသမီးဆိုတော့
ကျွန်မအထက်က အမတွေပြောပြတဲ့ ပုံပြင်တွေလည်း နားထောင်ခဲ့ရတာပေါ့။ ပုံပြင်လေးတွေက ပြောပြတဲ့သူရဲ့
စိတ်အားသန်ရာအလိုက် အမျိုးမျိုးကွဲပြားကြသလို၊ ပြောပြပုံချင်းလည်း မတူကြဘူး။
အဘွားက “ ကြွက်သေတစ်ခု
အရင်းပြု၍ ” လို ငါးရာ့ငါးဆယ်ဇာတ်နိပါတ်တော်တွေကို ပြောပြတတ်တယ်။ ကြီးကြီးကတော့ ရိုးရာတွေ၊
နတ်တွေ ယုံကြည် ဝါသနာပါသူမို့ ကိုဗျတ္တတို့၊ မယ်ဝဏ္ဏ တို့အကြောင်းတွေ ပြောတတ်တာပေါ့။
အမေက ကျွန်မတို့ အငယ်နှစ်ယောက်ကို ထိန်းထားဖို့ တာဝန်ပေးလိုက်ရင်တော့ အမလတ်က ပုံပြောပြတတ်တယ်။
အမလတ်ပုံပြောတာက တမူထူးတယ်။ ဗလာစာရွက်တွေနဲ့ ခဲတံယူလာ၊ ပုံတွေပါဆွဲပြီး ပြောတော့တာ။
သူပြောတဲ့ပုံတွေက ဇာတ်နိပါတ်တွေ ရာဇဝင်တွေ မဟုတ်ဘဲ သူ့ဟာသူထွင်ထားတဲ့ ခေတ်မီပုံပြင်တွေ။
ရွှေမင်းသမီးလေးပါတယ်၊ တောထဲက ထူးထူးဆန်းဆန်းပန်းပွင့်ကြီးပါတယ်၊ မြင်းစီးတာတွေ၊ ရေကူးတာတွေ
ပါတတ်တယ်။ သူ့ပုံပြင်ထဲက ရွာမှာ သင်္ချိုင်းကုန်းပုံပါရင် ကျွန်မကအဲဒီ့ ပုံပြင်စာရွက်ကို
မထိတော့ဘူး။
ကျွန်မရဲ့အိပ်ရာဝင်ပုံပြင်တွေကတော့
အမေ့ဆီကအများဆုံး နားထောင်ရတာပါ။ အမေက ဇာတ်တော်တွေကို ပြောပြတတ်သလို အမေတို့ ငယ်ငယ်တုန်းက
အကြောင်းတွေလည်း ပြောပြတတ်တယ်။ ကျွန်မက အမေပြောတဲ့ ဇာတ်တော်တွေထက် စီကာပတ်ကုံး ပြောပြတတ်တဲ့
အမေ့အကြောင်းတွေကိုနားထောင်ရတာ ပိုနှစ်သက်တတ်တယ်။ အမေပြောပြခဲ့တဲ့ ပုံပြင်များစွာ၊
အကြောင်းအရာများစွာထဲက အခုတလောမှာတော့ အမေတို့ငယ်ငယ်က သေနတ်သံတွေကြား ကြောက်လန့်တကြား
ပုန်းအောင်းခဲ့ရတဲ့ အကြောင်းကိုပဲ တွေးတွေးနေမိတယ်။ အဲဒီ့အချိန်က ကရင်တွေနဲ့ အစိုးရတပ်တွေ
တိုက်နေကြတဲ့အချိန်တဲ့။
အမေ့ဇာတိက နယ်မြို့လေးတစ်မြို့။
ကရင်တွေနဲ့ အစိုးရတပ်တွေ တိုက်ကြတော့ တစ်ရပ်ကွက်လုံးအားထားရာ ဘုန်းကြီးကျောင်းထဲ ပြေးပုန်းကြရတယ်။
ဘုန်းကြီးကျောင်းက ရှေးကျောင်းအဆောက်အဦးမို့ သုံးထပ်ကျောင်းရဲ့  အောက်ဆုံးမှာ မြေအောက်ထပ်ရှိသေးတယ်။
ကိုရင်တွေကျိန်းတဲ့ နေရာပေါ့။ ကျောင်းရဲ့  တဘက်ဝင်ပေါက်ရှေ့က အဘိုးရဲ့ အိမ်ဖြစ်ပြီး
တခြားဝင်ပေါက်ဘက်မှာ လမ်းခြားပြီးတော့ ကုန်တိုက်ရှိတယ်။ ပုန်းရတဲ့ ကျောင်းတိုက်အဆောက်အဦကတော့
အဘိုးရဲ့အိမ်ရှေ့တည့်တည့်မှာ မဟုတ်ပါဘူး။ ညာဘက်ယွန်းယွန်းမှာပါ။ ကျောင်းတိုက်ထဲကို
ပြေးပုန်းရာမှာ သေနတ်တွေပစ်နေလို့ ကျောင်းဝင်း ဝင်ပေါက်က ဝင်လို့မရပါဘဲ ကျောင်းတိုက်ရဲ့
အနောက်တည့်တည့်လောက်က အုတ်တံတိုင်းကို ခုံကျော်ဝင်ရသတဲ့။ မှတ်မှတ်ရရ အဲဒီ့နေ့က အဘွားက
အိမ်မှာ ပဲထမင်းချက်တယ်။ အမေတို့က မောင်နှမများတဲ့မိသားစုကြီးဖြစ်တဲ့အပြင် အဘွားရဲ့ဆန်ဆိုင်က
အလုပ်သမားတချို့ကိုလည်း ကျွေးတာမို့ ပဲထမင်းကလည်း အိုးကြီးနဲ့တစ်အိုးပေါ့။ ဘုန်းကြီးကျောင်းထဲမှာ
ဝင်ပုန်းနေကြရတာ သေနတ်သံတွေကလည်း တော်တော်နဲ့မစဲ။ သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေလည်း
ဆာလောင်နေကြပြီဆိုတော့ အဘိုးတို့တွေမှာ အနီးဆုံးအိမ်တွေက ထမင်းဟင်းတွေကို သက်စွန့်ဆံဖျား
ပြန်ယူကြရတယ်။
အဘိုးတို့ ဘယ်လိုသယ်လာကြလဲဟင်လို့
သိချင်ဇောနဲ့ မေးမိတော့ “ ကြောက်လန့်နေတာနဲ့ မသိလိုက်ပါဘူး သမီးရယ်၊ အမေတို့က မြေတိုက်ခန်းထဲမှာပဲ
ပုန်းကျန်နေခဲ့ကြတာလေ ” တဲ့။ မြေတိုက်ထဲမှာ ဆာလို့ငိုတဲ့ကလေး၊ ကြောက်လို့ငိုတဲ့သူ၊
တက်တဲ့သူတွေနဲ့ စုံနေတာပါပဲလို့လည်း အမေက ဆက်ပြောသေးတယ်။ ကျွန်မမျက်စိထဲမှာတော့ ထမင်းဟင်းအိုးတွေသယ်လာပြီး
လူတရပ်ကျော်မြင့်တဲ့ အုတ်တံတိုင်းပေါ်ကျော်တက်၊ ခုန်ဆင်းရတဲ့ အဘိုးတို့ရဲ့ စွန်းစားခန်းကို
မြင်ယောင်မိတယ်။ သယ်လာနိုင်တဲ့ထမင်းဟင်းက နဲနဲ၊ ပုန်းအောင်းနေကြတာက တစ်ရပ်ကွက်လုံးနီးပါးဆိုတော့
ဘယ်လိုမှ မလောက်ငနိုင်ပါဘူး။ နောက်ဆုံးမှာတော့ အမေတို့တစ်တွေဟာ သစ်ပင်တွေအုံ့ဆိုင်းနေတဲ့
ဘုန်းကြီးကျောင်းရဲ့ မြေတိုက်ခန်းထဲမှာ ပိန္နဲရွက်ပေါ် ပုံပေးတဲ့ထမင်းလေးနဲ့ပဲ အဆာပြေကြရတယ်။
သေနတ်သံတွေစဲသွားပြီး အခြေအနေနဲနဲကောင်းလာလို့ အိမ်ပြန်လို့ရလာတဲ့အခြေအနေမှာ အသုတ်လိုက်ခွဲပြီး
ပြန်ကြရတယ်။ ဒါပေမယ့် ဝင်ပေါက်ကိုတော့သုံးလို့ မရသေးဘဲ အုတ်တံတိုင်းပေါ်ကပဲကျော်ပြီး
ခုန်ချရတယ်။ အဲလိုခုန်ချပြီး ပြန်လာကြတဲ့အချိန် အမေ့အမ ကျွန်မတို့ကြီးတော်ရဲ့ အလှည့်မှာ
သေနတ်သံတစ်ချက်နဲ့ အတူ အား ကနဲ အသံကို ကြားလိုက်ရတော့ အဘိုးက ဟာ ငါ့သမီး ထိသွားပြီ
ဆိုပြီး အုတ်တံတိုင်းရှိရာကို သမီးဇောနဲ့ အပြေးရောက်သွားတယ်။ ဒါပေမယ့် တကယ်မှန်ပြီးဆုံးသွားတာက
ကြီးတော်နဲ့ အုတ်တံတိုင်းပေါ်ကို တစ်ချိန်တည်းတက်မိပြီး တပြိုင်တည်းခုန်ချတဲ့ အရပ်ထဲက
ဦးလေးကြီးပါ။ နှစ်ယောက်တူတူ ခုန်ချချိန်မှာ ကျဉ်ဆံလာရာဘက်မှာ ဦးလေးကြီးက ရှေ့ကရှိနေလို့
ကြီးတော်မှာ သေဘေးကကပ်လွှတ်သွားခဲ့ရတယ်။ အဲဒီ့တုန်းက ကြီးတော်က အသက် ၁၇ နှစ်လောက်ပဲ
ရှိသေးတယ်။ အမေကတော့ ၁၁ နှစ် ၁၂ နှစ် ဝန်းကျင်ပေါ့။
အမေနဲ့ ကျွန်မရဲ့
ပုံပြင်တွေအကြောင်း ရေးမယ်လို့ စိတ်ကူးမိတော့ တခြားပျော်စရာအကြောင်းလေးတွေနဲ့ စ ချင်ခဲ့တယ်။
ဒါပေမယ့် ဖတ်နေရတဲ့သတင်းတွေ၊ မြင်တွေ့နေရတဲ့ပုံတွေက ၁၇ နှစ်အရွယ်မိန်းကလေး သေဘေးကကပ်လွတ်သွားတဲ့
အကြောင်းဆီကို ရောက်ရောက်သွားတယ်။ ပိန္နဲရွက်ပေါ်က ထမင်းလေးကို စားနေတဲ့ ၁၂ အရွယ်မိန်းကလေးကိုလည်း
မြင်ယောင်မိတယ်။ အဲဒီ့မိန်းကလေးက သေနတ်သံတွေရဲ့ကြား ရက်ပိုင်းလောက် ထိတ်လန့်ခဲ့ရတာကို
မမေ့နိုင်တော့ဘူးတဲ့။
နှစ်နဲ့ချီပြီး ပုန်းအောင်းထိတ်လန့်
နေရတဲ့ကလေးတွေကရော။
စာသင်ကျောင်းထဲ ရှိနေရမယ့်
ကလေးတွေ …
မုန့်ဈေးတန်းမှာ
စားချင်တာစား နေရမယ့် ကလေးတွေ …
ကစားကွင်းထဲ ပြေးလွှားပျော်ရွှင်
နေရမယ့် ကလေးတွေ …
အရာရာကို စပ်စပ်စုစု
သင်ယူနေရမယ့် ကလေးတွေ …
ဘုရားစာကို သံပြိုင်ရွတ်နေရမယ့်
ကလေးတွေ …
အိပ်ရာဝင် ပုံပြင်တွေ
နားထောင်နေရမယ့် ကလေးတွေ …
အပူအပင်ကင်းကင်းနဲ့နှစ်ခြိုက်စွာ
အိပ်စက်ရမယ့် ကလေးတွေ …
အဲဒီ့ကလေးတွေက …..
။
ဘယ်သူတွေကမှန်ပြီး ဘယ်သူတွေကမှားလို့
ပြည်တွင်းစစ်တွေဖြစ်ခဲ့ကြတယ်၊ ဖြစ်နေကြတယ်ဆိုတာတွေကို မတွေးချင်၊
မရေးချင်၊ မဝေဖန်ချင်ပါဘူး။ သေချာတာကတော့ စစ်ဒဏ်ကြားမှာ ကျွန်မတို့ရဲ့ တချို့တချို့သောကလေးတွေက
ပုံပြင်လေးတွေနဲ့ ဝေးနေတာပါပဲ။ သေနတ်သံတွေ၊ ဗုံးသံတွေကို နားစွင့်ပြီး အိပ်မပျော်ဖြစ်နေမယ့်
ကျွန်မတို့အားလုံးရဲ့ ကလေးတွေ အိပ်ရာဝင်ပုံပြင်လေးတွေ နားထောင်ပြီး အေးအေးချမ်းချမ်းအိပ်စက်ခွင့်ရစေမယ့်၊
ကျွန်မတို့ တစ်ပြည်ထောင်လုံး စုစည်းသွားမယ့် ညတွေကိုတော့ မျှော်လင့်နေမိတယ်။ ။
ညိုလေးနေ
11.02.2013 ( 11:30 pm )