Saturday, July 15, 2017

ညို ၊ ကိုကို နှင့် ဘောလုံးရွှေခေတ်

သထုံလမ်း ….
တိတိကျကျပြောရလျင် တက္ကသိုလ်မေဂျာပေါင်းစုံဘောလုံးပြိုင်ပွဲ ရဲ့ဗိုလ်လုပွဲ၊ Physics မေဂျာအသင်း နှင့် Botany မေဂျာအသင်းတို့ ယှဉ်ပြိုင်ကစားရာ သထုံလမ်းရှိ တက္ကသိုလ်ဘောလုံးကွင်း။ ထိုကွင်းထဲသို့ အသက် ၅၀ ကျော် အမျိုးသမီးကြီး တစ်ဦးနှင့် ဂါဝန်ရှည်လေးဝတ်ထားသော ၁၀ တန်း ကျောင်းသူအရွယ် မိန်းကလေးငယ်တစ်ဦးတို့ ၀င်လာကြသည်။ ၀င်ပေါက်ကနေ ၀င်လာပြီးတာနှင့် မိန်းကလေးက ဘယ်ဘက် ပွဲကြည့်စင် နှင့် ညာဘက်ပွဲကြည့်စင်မှာ နေရာချောင်နေသေးသည့် ညာဘက်ကို ရွေးလိုက်သည်။ သူတို့ရောက်တာ နောက်ကျတော့ ပွဲစတာ ၁၀ မိနစ်လောက်ရှိနေပြီ။ နေရာမြန်မြန်ရပြီး မြန်မြန်ထိုင်ပါမှ။

“ အမေ လာလာ ဟိုးအပေါ်ထောင့်ဘက်မှာ ချောင်နေတယ်။ ဂိုးတိုင်နဲ့လည်း နီးတယ် ”
ညို ဆွဲခေါ်ရာစင်ပေါ်သို့ အမေလိုက်လာပြီး သားအမိနှစ်ယောက် ထိုင်လိုက်တော့ ဘေးနားက ကျောင်းသားကျောင်းသူတွေက ထူးဆန်းသလို တစ်ချက်လှည့်ကြည့်ကြသည်။ နောက်တော့လည်း သူတို့အာရုံက ဘောလုံးပွဲထဲ ပြန်ရောက်သွားသည်။
“ အမေ ဟိုမှာ တွေ့လား ”
အမေက လှည့်မကြည့်။ လိုက်ပို့ပေးဖို့ မနည်းပြောလာရသော အမေသည် ခေါင်းကိုသာညိတ်ပြပြီး သူ့သားရှိရာ ကွင်းထဲကို မျက်တောင်မခတ်တမ်း ပြုံးပြုံးကြီး ကြည့်နေလေသည်။ ထိုင်ရာမှာ နေသားကျသွားသည်နှင့် ညိုသည်လည်း အသံမထွက်ဘဲ နှုတ်ခမ်းတလှုပ်လှုပ်ဖြင့် ဆုတောင်းခြင်းအမှုပြုတော့၏။
ညို့ဆုတောင်းတာက 
“ ကိုကိုတို့ Physics အသင်းနိုင်ပါစေ ” မဟုတ်။
“ ဘောလုံး ဒီဘက်ခြမ်းကို မလာပါစေနဲ့၊ ဂိုးဧရိယာထဲကို မရောက်ပါစေနဲ့၊ ဂိုးပေါက်လွဲပါစေ၊ အပေါ်ထောင်ကန်ပါစေ”
ဤ ၄ မျိုးကိုသာ ရှေ့ပြန်နောက်ပြန် ထပ်ခါတလဲလဲ ရွတ်ဖတ်နေခြင်းဖြစ်သည်။ မရွတ်လို့လည်း မဖြစ်။ Physics မေဂျာအသင်းရဲ့ ဂိုးသမားအဖြစ် ပါဝင်မယ်ဆိုတော့ ရှေ့တန်းတိုက်စစ်မှူး မလုပ်ရကောင်းလားလို့ ဝေဖန်မိသော ညို့ ကို ပထမနှစ်ကျောင်းသားကြီး ကိုကိုက ပြောထားဖူးသည်လေ။

“ အောင်မယ် နင်ဘာသိလို့လဲ။ ဘောလုံးပွဲဆိုတာ ဂိုးသွင်းနိုင်တိုင်း နိုင်တာမဟုတ်ဘူး။ ဂိုးသွင်းမခံရမှ မရှုံးတာ။ တစ်ဂိုးမှ အသွင်းမခံရရင် မနိုင်ရင်တောင် မရှံးဘူး။ ငါက ငါတို့အသင်းရဲ့ ဂိုးပေါက်ကို ကာ…ကွယ်…ရ…မှာ ။ ဂိုးသမားများ နှယ်နှယ်ရရထင်လို့။ ဂိုးသွင်းမယ့်သူအတွက်သာ ဂိုးတိုင်နှစ်ခုကကျဉ်းတာ၊ ဖမ်းမယ့်သူအတွက်က အကျယ်ကြီး၊ ငါ့မှာ ဘောလုံးဒီဘက်ရောက်လာပြီဆိုရင်ကို ချွေးကပြန်ချင်နေပြီ၊ မျက်စိက ဘောလုံးကို အလွတ်မပေးရဲဘူး၊ ဘောလုံးမှန်ရင်လည်း နာဦးမယ်၊ ရှောင်လိုက်လို့ ၀င်သွားရင်လည်း ဆဲခံရမယ်၊ မတော်တဆ အကန်ခံချင်ခံရမယ်၊ ဂိုးသမားလုပ်ဖို့ တော်ရုံသတ္တိနဲ့ ရမယ်မှတ်လို့လား … ဟွန်း ”
ဂိုးသမားဝတ်စုံကို ဟန်ရေးပြကာ ၀တ်ပြရင်း ကိုကိုပြောတော့ ညိုသည် သူမ၏ တသက်တာဟီးရိုးအား ပီတာရှမိုက်ကယ် အလား၊ ဘူဖွန် အလား ထင်မှတ်မှားသွားတော့သည်။ အခု ကြည့်နေရင်းနဲ့လည်း ကိုကိုပြောတာ ဟုတ်သည်ဟု ခံစားမိလာသည်။ ဘောလုံးသည်ဘက်ခြမ်းရောက်လာရင် ညိုလည်း ဇောချွေးပြန်ချင်လာသည်။ ကိုယ့်အစ်ကိုက ဂိုးသမားဖြစ်နေသည်ကိုး။



“ ဟော ဟော ဆွဲလာပြီ ဆွဲလာပြီ ” 
ဘေးနားက ကျောင်းသူကျောင်းသားတွေရဲ့အသံဆူညံလာသလို ညို့နှလုံးခုန်သံလည်း ဆူလာသည်။ ဘောလုံးက ဒီဘက်ကို လာနေပြီ။

“ ဟေး ”
“ ဟာ ”

တစ်ပြိုင်တည်းလိုလို ထွက်လာသော “ဟာ” ဆိုသည့် အားမလိုအားမရသံတွေအောက်မှာ “ဟေး” ဆိုသည့် အသံလေးနှစ်သံ မြုပ်ဝင်ပျောက်ကွယ်သွားသည်။ မပျောက်ကွယ်သွားတာကတော့ ဘေးနားက လှည့်ကြည့်ကြသည့် မျက်လုံးတွေ။ ကန်ချက်က ဂိုးတိုင်ဘေးကို ချော်ထွက်သွားလို့ မော်နေသော ညို ၏ဇတ်ကလေး ပုဝင်သွားသည်။ သူတို့အာရုံတွေ ဘောလုံးပွဲဆီ ပြန်ရောက်သွားမှ အမေ့နားကပ်ကာ တိုးတိုးလေးပြောမိသည်။

“ အမေ သမီးတို့ ဘက်မှားထိုင်မိပြီ ”

ပြောနေရင်းရှိသေးသည် ဘောလုံးက ဒီဘက်ခြမ်းကို ပြန်ဝဲလာပြန်ပြီ။ ကြည့်နေရင်း ကြည့်နေရင်း ကန်ထည့်လိုက်သော ဘောလုံးသည် ကံကောင်းထောက်မစွာ ကိုကို့လက်ထဲ တန်းရောက်သွားသောအခါ သတိလက်လွတ်ဖြင့် ထခုန်မိလေသည်။ ဒီတစ်ခါတော့ အကြည့်တွေတင် မဟုတ်တော့။ တက္ကသိုလ်ကျောင်းသူလေးတွေ၏ မျက်စောင်းတွေ၊ အကြည့်စူးစူးတွေ တစ်ဒိုင်းဒိုင်းရောက်လာသည်။ ညို သည် တက္ကသိုလ်ကျောင်းသား ချောချောလေး၏ မကြည်ကြည့်ကို တက္ကသိုလ်ကျောင်းသူ မဖြစ်ခင်ကပင် ခံစားလိုက်ရသည်။ မျက်လွှာချလို့ ခေါင်းကိုငုံ့ပြီး အမေ့နားကပ်ခါ ဒုတိယအကြိမ် တိုးတိုးလေးပြောမိသည်။

“ အမေ သမီးတို့ နေရာပြောင်းကြရအောင် ”

ဒီလိုနှင့် ပထမပိုင်းပြီးခါနီး တချို့ကျောင်းသူတွေ အိမ်သာဦးဖို့ အထမှာ ညို တို့သားအမိလည်း ညာဘက်ပွဲကြည့်စင်ပေါ်ကနေ ရောယောင်လိုက်ဆင်းလာပြီး ဘယ်ဘက်ပွဲကြည့်စင်ပေါ် တက်လိုက်ကြသည်။ ဒုတိယပိုင်း ဂိုးစည်းပြောင်းကြတော့ ကိုကိုသည်လည်း ညို တို့ရှိရာ ဘယ်ဘက်ဂိုးစည်းသို့ ရောက်လာသည်။ ဒုတိယပိုင်းမှာ Physics အသင်းရဲ့ တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းသောအခါ ထိုင်ရာနှင့် ဝေးနေလို့ မမြင်လိုက်။ TV မှာကြည့်သလို Replay လည်းမကြည့်ရလို့ ဘယ်လိုဘယ်ပုံဝင်သွားမှန်းလည်း မသိ။ သို့သော် တစင်လုံး ၀ုန်းကနဲ့ ထခုန်ကာ “ဂိုး” ဆိုပြီး အော်ကြသောအခါ ညိုတို့သားအမိလည်း လိုက်အော်ကာ ပျော်ရသည်။ တော်ပါသေးသည်။ ဟိုဘက်မှာသာ ဆက်ထိုင်မိလျှင် မျက်စောင်းတွေကြောင့် တစ်ကိုယ်လုံးကျုံ့ကာ ပိစိကွေးလေးဖြစ်သွားလောက်ပြီ။

ဆုပေးပြီးဓါတ်ပုံရိုက်တဲ့အချိန် ညို တို့ဆင်းသွားကြတော့ ကိုကိုက အံ့သြနေသည်။ မိန်းကလေးကျောင်းမှာ ကျောင်းတက်သူမို့ ဘောလုံးပွဲကို အတူလိုက်ကြည့်ပေးချင်တဲ့ သူငယ်ချင်း မရှိသူ၊ အိမ်ကနေ သထုံလမ်းအထိ မသွားတတ်သူ၊ သွားတတ်ရင်တောင်မှ တစ်ယောက်တည်း မသွားရဲသူ ညို သည် အမေ့ကို အကြိမ်ပေါင်းများစွာ နားပူနားဆာတိုက်ပြီး လိုက်ပို့ခိုင်းခဲ့တာ ကိုကို မသိ။ အိမ်မပြန်နိုင်သေးဘဲ ကိုကိုတို့ ဓါတ်ပုံရိုက်နေတာကို ကြည့်နေမိသော သားအမိနှစ်ယောက်သည် ဒုတိယရ Botany အသင်းသားတွေကို လာစောင့်နေသော မမ လှလှလေး စိတ်ဆိုးဆိုးနဲ့ ဆောင့်ဆောင့်အောင့်အောင့် ပြောနေတာကို ကြားဖြစ်အောင် ကြားလိုက်ကြသေးသည်။
“ ပထမရမှာပေါ့ အမေကြီးကိုယ်တိုင် လာအားပေးနေတာကိုး ” တဲ့ ။

ထိုအခါက စလို့ ဘောလုံးပွဲ အကြောင်းတွေပြောမိတိုင်း ကိုကို့ ဆီက “ ငါ တို့ဘောလုံးရွှေခေတ်တုန်းက ” အစချီကာ ဘောလုံးကွင်းအစစ်မှာ ပရိသတ်ဖြင့်ဟန်ကျပန်ကျ အားပေးခံရတဲ့ တစ်ခုတည်းသော ပြိုင်ပွဲနှင့် တစ်ကြိမ်တည်းသော ရွှေဆုအကြောင်း ကို ကြားရတတ်သည်။ ကိုကိုပြော၍ ပြီးသွားတိုင်းလည်း အမေက “ ငါ့သား ပထမရမှာပေါ့ အမေကြီးကိုယ်တိုင် လာအားပေးခဲ့တာကိုး ” ဆိုကာ မမလှလှလေးရဲ့ စကားဖြင့် ရယ်မောကာ အဆုံးသတ်ပေးလေ့ရှိသည်။

လွန်ခဲ့သော ၁၀ နှစ်ကျော်က ဒီပွဲလေးသည် ဆီးဂိမ်း နှင့် ကမ္ဘာ့ဖလားပွဲများကြည့်ကာ ဘောလုံးပိုးဝင်သွားသော ညို့အတွက် ပရိသတ်နှင့်၊ စည်းကမ်းနှင့်၊ ဒိုင်လူကြီးအပြည့်အစုံနှင့် ပထမဆုံးကြည့်ခဲ့ဖူးသော ပွဲလည်းဖြစ်သည်။ အားကစားပွဲတွေမှာ နှစ်ဘက်ပရိသတ်ကို နေရာခွဲပြီး ချထားပေးတတ်ကြောင်းလည်း မျက်စောင်းတွေက တစ်ခါတည်း မှတ်သွားစေခဲ့သည်။ ကိုကို့ရဲ့ တက္ကသိုလ်ကျောင်းသားဘ၀ အမှတ်တရတွေထဲကို အမေ ပါ ပါအောင် ညို ၀င်ရှုတ်ခဲ့သောအချိန်လေးသည် ပြန်တွေးမိတိုင်း ပြုံးရလေသောအချိန်လေး ဖြစ်လေသည်။      ။


ညိုလေးနေ 
02.07.2017 ( 7:27 pm )


( 12.07.2017 မြန်မာတိုင်းမ် သတင်းစာမှာ ပါခဲ့တဲ့ စာမူလေးပါ။ မဂ္ဂဇင်း၊ ဂျာနယ်နဲ့ တခြားစာအုပ်တွေမှာ စာမူတွေပါရင် ထုတ်ဝေသူတွေကို နားလည်သောအားဖြင့် စာရေးသူတွေက အွန်လိုင်းမှာ ချက်ချင်းတင်လေ့မရှိပါဘူး။ အခုက နေ့စဉ်သတင်းစာ မို့လို့သာ တင်လိုက်တာပါ။ သတင်းစာထဲမှာတော့ စည်းမျဉ်းစည်းကမ်းတွေအရ အယ်ဒီတာက ရူပဗေဒ နဲ့ ရုက္ခဗေဒ လို့ ပြင်ပေးထားပါတယ်  )