Sunday, May 26, 2013

ပညတ်တွေ ဆိုပေမယ့်

“ မင်္ဂလာ နံနက်ခင်းပါ မြို ၊ မင်း ရဲ့ စားပွဲနေရာကို လိုက်ပြပေးမယ်၊ ပြီးတော့ အပေါ်ထပ် အောက်ထပ် လုပ်ဖော်ကိုင်ဖက်တွေနဲ့ မိတ်ဆက်ပေးမယ် ”  

ပြုံးရွှင်ဖော်ရွေသော ဝန်ထမ်းခန့်ထားရေး တာဝန်ခံအမျိုးသမီးကြီးကြောင့် ပထမဆုံးနေ့ အလုပ်ဝင်ရခြင်းမှာ စိတ်လှုပ်ရှားပူပန်မှုတွေ သိပ်မဖြစ်တော့ပေမယ့် မြို ဟူသော ခေါ်လိုက်သံကြောင့် လည်ပင်းမှာ တစ်ခုခုနင်သွားသလို ခံစားရသည်။
“ ဟိုင်း ပက်ထရစ်၊ ဒါ တို့ရဲ့လုပ်ဖော်ကိုင်ဖက်အသစ် စာရင်းကိုင်ဌာနက  မြို တဲ့ ”
“ နွေးထွေးစွာ ကြိုဆိုပါတယ် မြို ” 
“ တွေ့ရတာ ဝမ်းသာပါတယ်။ ဒါပေမယ့် ကျွန်မနာမည် အသံထွက် အမှန်က မျိုး  ပါ၊ အမ် ဝိုင် အို … မျိုး ” 
ဘယ်လိုမှ မအောင့်နိုင်တော့တဲ့အဆုံး မျိုး နာမည်အသံထွက်ကို မှန်အောင်ပြင်ပေးမိသည်။ ပက်ထရစ်က ချက်ချင်းမှန်အောင် ခေါ်ဆိုနိုင်ပေမယ့် အန်တီကြီးကတော့ မြို လို့ကောင်းဆဲ။ ခက်တာပဲ။ သူ့ကိုပြင်စေချင်တာ။ သူကမိတ်ဆက်ပေးမှာဆိုတော့ သူလုပ်တာနဲ့ တစ်ရုံးလုံး မြို ကုန်ရင် အခက်။
“ တို့ရုံးမှာ မင်းက ဒုတိယမြောက် မြန်မာလူမျိုးပဲ၊ မင်းအရှေ့မှာ ယောင်္ကျားလေးတစ်ယောက်ပဲ ခန့်ဖူးသေးတယ်၊ လင်း တဲ့။ သိပ်အေးဆေးပြီး နူးညံ့သိမ်မွေ့တယ်၊ တို့တွေ သိပ်သဘောကျတယ် ”
အန်တီကြီးက တစ်ခန်းဝင် တစ်ခန်းထွက် မိတ်ဆက်ပေးနေရင်းက ပြောပြသည်။ သို့သော် သူပြောသော လင်း ကို မတွေ့ရလို့ မေးကြည့်တော့ လင်းက ဆောက်လုပ်ရေး လုပ်ငန်းခွင်ထဲရောက်နေသည် တဲ့။ လင်း ရဲ့ နေရာကို မေးထားလိုက်ပြီး နောက်မှ မျိုး ကိုယ်တိုင်သွားပြီး မိတ်ဆက်လိုက်ပါ့မယ် ဟု ပြောလိုက်သည်။ လင်း ကိုလည်း စိတ်ထဲမှ ကျေးဇူးတင်မိသည်။ မြန်မာလူမျိုးအဖြစ် အရင်ဆုံးရောက်လာခဲ့ပြီး စံထားနိုင်အောင် ပြုမူနေထိုင်ပေးခဲ့လို့ ဖြစ်သည်။ လင်း ကိုတွေ့ရတော့ မျိုး ထင်ထားတာထက်ပင် အေးဆေးလှသည်။ စကားလည်း လိုအပ်တာထက် ပိုမပြောတတ်။
မျိုး ရောက်ပြီး ခြောက်လလောက် အကြာမှာတော့ မြန်မာဝန်ထမ်းများလာခဲ့ပြီ။ စာရင်းကိုင်ဌာနမှာပင် မြန်မာမလေးခန့်လိုက်လို့ မျိုး အဖော်ရနေပြီ။ ခင်သန္တာ တဲ့။ မျိုးက ခင်သန္တာလို့ခေါ်ပေမယ့် တခြားသူတွေက ခင် လို့ပဲ ခေါ်ကြသည်။ ခင်သန္တာသည် သူတို့အတွက်တော့ ခေါ်ရခက်ကာ ခင်တာတာတို့ ခင်တန်ဒါ တို့ ဖြစ်ကုန်တော့သည်။ ခင် ကိုတောင်မှ တစ်ခါတစ်လေ ကင်မ် ဖြစ်ချင်သေးသည်။
မျိုး တို့ မြန်မာတစ်စုတွေ့လိုက်ရင် စလိုက်နောက်လိုက်နဲ့ မြန်မာသံတွေ ညံနေတတ်ပေမယ့် လင်း ကတော့ အရင်အတိုင်း မေးတစ်ခွန်း ဖြေတစ်ခွန်း နဲ့ ပြုံးပြုံးအေးအေးလေးပဲ။ တစ်နေ့ မျိုးတို့ရှိရာ အပေါ်ထပ်သို့ လင်း ရောက်လာသည်။ မျိုးတို့ဆီသို့ လာခြင်းတော့ မဟုတ်။ စာရင်းကိုင်ဌာနကို ဖြတ်လို့ ဝန်ထမ်းရေးရာ အခန်းသို့ သွားခြင်းသာ။ ခဏနေပြန်ထွက်လာပြီး ခင်သန္တာ့ ရှေ့နားအရောက်မှာ လင်းသည် ပြုံးစိစိဖြစ်သွားသည်။ အဲဒါကို သတိထားမိလို့ နှစ်ယောက်သားမေးတော့ လင်း က ဟင့်အင်း ဘာမှမဟုတ်ပါဘူး ဟုဆိုသည်။ သို့သော် အောက်ထပ်သို့ ပြန်ဆင်းသွားသော သူ့မျက်နှာက ရယ်ချင်တာကို မနည်းအောင့်ထားရတဲ့ မျက်နှာမျိုး။ မျိုးတို့နှစ်ယောက် ပဟေဠိဖြစ်ကာ ကျန်ခဲ့ကြသည်။
လင်း ထွက်သွားပြီး သိပ်မကြာလိုက် ဝန်ထမ်းရေးရာ အခန်းမှ အန်တီကြီး ထွက်လာသည်။ သန့်စင်ခန်းသို့ သွားရန်ထွက်လာခြင်း ဖြစ်ပြီး ခင်သန္တာ့ကို မြင်တော့ အရယ်သန်သော အန်တီကြီးသည် တခစ်ခစ် ရယ်ပါလေတော့သည်။ မျိုးတို့ ဝိုင်းမေးကြတော့ သူက အေး ငါလည်း ပြောချင်လို့ထွက်လာတာတဲ့။
လင်း က အိမ်ပြောင်းလို့ လိပ်စာပြောင်းကြောင်း လာပြောတာ။
“ လင်း မင်း သိလား သူဌေးမှာ ဝန်းထမ်းတွေနေဖို့ ပေးထားတဲ့တိုက်ခန်းတစ်ခန်း ရှိတာ ” 
“ ဟင့်အင်း ”
“ အခု တစ်ယောက်ထွက်သွားလို့ တစ်ယောက်စာနေရာလွတ်နေတယ်၊ မင်းနေမလား ငါ သူဌေးကို ပြောပေးမယ် ”
“ ဟင့်အင်း ကျွန်တော် အခန်းငှားပြီးသွားပြီ ”
“ အော် မြို တို့လိုပဲ အခန်းငှားနေတာပေါ့ ”
“ ဟုတ်ကဲ့၊ အခု ကျွန်တော်သူတို့ဆီကို ပြောင်းတာလေ ”
“ ဟင် ဟုတ်လား၊ အဲဒါဆို ခင် ကရော ”
“ ခင်နဲ့လည်း တူတူပဲ၊ ခင်က ကျွန်တော်နဲ့ တစ်ခန်းတည်းနေတာ ”
လင်း စကားသည် အန်တီကြီးအား အကြီးအကျယ် အံ့အားသင့်စေတော့သည်။
“ လင်း  မင်းပြောတော့ မင်းက အိမ်ထောင်ရှိတယ်ဆို ”
“ ဟုတ်တယ်လေ ”
“ အိမ်ထောင်ရှိရက်နဲ့ မင်းတို့က ဒီလိုပဲ နေကြတာပဲလား ”
မျက်လုံးပြူးကာ မေးနေသော အန်တီကြီးရဲ့ မေးခွန်းကို လင်း နားမလည်တော့။ သူ အိမ်ထောင်ရှိတာနဲ့ အဲဒီ့အိမ်မှာ အတူနေကြတာ ဘာဆိုင်လို့တုန်း။ ဘယ်လိုမှ စဉ်းစားမရ။
အေးတိအေးစက် လင်းကို မျက်လုံးအပြူးသားနှင့် တအံ့တသြငေးနေသော အန်တီကြီးသည် ခဏလေးနေတော့ တဖြည်းဖြည်းပြုံးလာကာ
“ လင်း မင်းပြောတဲ့ ခင် က ဘယ် ခင် တုန်း ”
“ ခင် လေ ၊ ကားမောင်းတဲ့ ခင် ”
“ အော် ဟိဟိ ခင်မြောင် ”
“ ခင်မြိုင် ”  လင်းက ပြင်ပေးသည်။
“ ဟိ … ငါက စာရင်းကိုင် ခင် ကို ပြောတာ၊ နေပါဦး  မြို နဲ့ လည်း တစ်အိမ်တည်းဆို ”
“ ဟုတ်ကဲ့ ကိုညိုနိုင် နဲ့လည်း တစ်အိမ်တည်းပါ ”
“ နိုး နိုး ငါမေးတာ မြို  … အဲ … ညိုနွိုင် … ညို … မြို … ဟုတ်တာပေါ့ ခင်တို့ ညိုတို့ နဲ့ တစ်ခန်းတည်း နေမှာပေါ့ ... အဟိဟိ ” 
လင်း သည်လည်း သဘောပေါက်ကာ မရယ်ဘဲ မနေနိုင်တော့။
ပြောရင်းပြောရင်း သူ့စကားသူသဘောကျကာ တဟိဟိရယ်နေသော အန်တီကြီးကို ကြည့်ကာ မျိုးတို့လည်း လိုက်ရယ် မိတော့သည်။ သူ့အခန်းသို့ ပြန်သွားကာနီးမှာ ထပ်ပြောသွားသေးသည်။
“ နင်တို့ တူတူနေကြတာလို့ ငါမှတ်ထားလိုက်တော့မယ်နော် ” တဲ့။
“ သြော် ဘဝဘဝ အမှားခံရတာတောင်မှ လူပျိုလူလွတ်ကလေးနဲ့ မမှား၊ ကင်မ်တန်ဒါ့ ဘဝ သနားစရာကောင်းလိုက် ”
ခင့် ရဲ့ နောက်ဆက်တွဲ ညည်းချင်းကြောင့် မျိုးမှာ ပိုလို့သာ ရယ်ရတော့သည်။
ထိုသို့လူတွေမှားကြပြီး သိပ်မကြာ နောက်တစ်မျိုးပေါ်လာကာ မျိုးတို့ကြားမှာ စနောက်စရာ တစ်ခုတိုးခဲ့သည်။ ဒီတစ်ခါတော့ အောက်ထပ်က မနှင်းဆီ နဲ့ဖြစ်သည်။ ရို့စ် ဆိုသော သူမကို မျိုးတို့ က မနှင်းဆီ ဟု နာမည်ပေးထားကြသည်။ သူမကတော့ အန်တီကြီးလိုမဟုတ်၊ နာမည်တွေကို ပီအောင်ခေါ်နိုင်သည်။ သို့သော်
“ မျိုး နင့်မှာ စွာလင်း ဖုန်းနံပါတ်ရှိလား ”
“ အမ် … စွာလင်း၊ ငါ မသိဘူး၊ မရှိဘူး ”  ဒီနာမည်မျိုး မျိုး မကြားဖူးပါ။ တရုတ် တစ်ယောက်ယောက် ဖြစ်မယ်ထင်သည်။
“ စွာလင်းလေဟာ နင်တို့ မြန်မာပဲလေ ”
“ မြန်မာ … အဲဒီ့နာမည် ငါမကြားဖူးပါဘူး ”
“ စွာလင်း၊ စွာလင်း ဆိုင်ကယ်စီးပြီးရုံးလာတဲ့တစ်ယောက်လေ၊ ဒီနေ့ ခွင့်ယူထားတာ ငါ့မှာ အရေးကြီးကိစ္စရှိလို့ သူ့ကို ဖုန်းဆက်မှဖြစ်မှာမို့လို့ ”
မြန်မာထဲက ဆိုင်ကယ်စီးပြီးရုံးလာတာ တစ်ယောက်တည်းရှိတော့ မျိုးမှာ အူတက်မတတ်ရယ်ကာ ဖုန်းနံပါတ်ပေးလိုက်ရသည်။ နောက်နေ့ “ ကိုကျော်စွာလင်း ” ကိုမေးတော့မှ
“ အေးဟာ ငါ့နာမည် ကျော်ကို ဘယ်လိုမှ မခေါ်တတ်ကြဘူး၊ အဲဒါနဲ့ သူတို့ခေါ်ရလွယ်အောင် လင်း လို့ခေါ်ဆိုတော့ လင်း နှစ်ယောက် ဖြစ်သွားမယ်တဲ့၊ နောက်တော့ မေးတယ် နင်တို့နာမည်က ရှေ့ကပဲခေါ်လို့ရတာလား နောက်နှစ်လုံးတွဲရင်ကောတဲ့၊ ထူးဆန်းတယ်ဟ၊ ကျော်တော့ မခေါ်တတ်ဘူး စွာတော့ ခေါ်လို့ရပြီး စွာလင်း တဲ့၊ ငါလည်း ငါမှန်းကွဲကွဲပြားပြားသိ ပိုကောင်းသေးဆိုပြီး ခေါ်ဟာလို့ ပြောလိုက်တာ ”
မြို တစ်ဖြစ်လဲ မျိုးသည် ထပ်ကာထပ်ကာသာ ရယ်မိတော့သည်။ ရယ်ရင်းနဲ့လည်း တွေးမိသည်။ မျိုးတို့ အားလုံးသည် နိုင်ငံမတူ၊ လူမျိုးမတူ၊ မှည့်ခေါ်ပုံမတူ၊ အသံထွက်ချင်းမတူသော လုပ်ဖော်ကိုင်ဖက်များ၏ နာမည်များကို အမှန်ကန်ဆုံးဖြစ်အောင် ကြိုးစားခေါ်ကြသည်။ တစ်ချို့ကတော့ ပက်ထရစ်တို့ လိုပဲ အင်္ဂလိပ်နာမည် ပေးထားကြသည်။ ဒါပေမယ့် မျိုးတို့ တစ်တွေကတော့ ခုချိန်ထိ မြန်မာနာမည်လေးများကို ဖက်တွယ်ထားကြဆဲ။ ရယ်ကာမောကာနှင့် ကိုယ့်နာမည်လေးတွေ ကိုယ်ထိန်းသိမ်းထားကြသည်။ ရို့စ် ကိုပင် မြန်မာမှုပြုကာ မနှင်းဆီ ဟု နာမည်ပေးလိုက်ကြသေးသည်။ ကဲ … ဘယ်လောက်ချစ်စရာကောင်းတဲ့ မြန်မာမောင်နှမများပါလဲ လို့။   


ရုံးမှ ချစ်သော မောင်နှမများအတွက် အမှတ်တရ  :)
ညိုလေးနေ
( 26.05.2013)  1:45 am