Showing posts with label Poems in my life. Show all posts
Showing posts with label Poems in my life. Show all posts

Monday, August 17, 2015

ရေထဲက ကြယ်တစ်စင်းသို့

ရုံးသွားနေကြတယ်
မို့ အစ်တဲ့ မျက်လုံးတွေနဲ့

အလုပ်လုပ်နေကြတယ်
ဆို့နစ်တဲ့ နှလုံးသားတွေနဲ့

တစ်ယောက်ကိုတစ်ယောက်ကြည့်တယ်
စကားလုံးတွေကင်းမဲ့

အသက်က ခပ်ငယ်ငယ်
စိတ်က ကြီးမြတ်သတဲ့

ဆုံးရှုံးမှုအားကြီးတယ်
တိုင်းပြည်အတွက်ရောကွဲ့

ပေးဆပ်နိုင်လွန်းတယ်
မေတ္တာတွေအပြည့်နဲ့

တရားမရှိသေးဘူးကွယ်
16.08.2015 ညနေခင်းကို မုန်းခဲ့

မယ်ညို
17.08.2015 ( 7:25 am )


တစ်ခါမှ စကားမပြောခဲ့၊မရင်းနှီးခဲ့ဖူးသူအတွက် တစ်ခါမှမကျဖူးတဲ့မျက်ရည်တွေနဲ့ ရေးမိပါတယ်။ 
ဘဝဆက်တိုင်း ဒီအဖြစ်မျိုးနဲ့ ဝေးပါစေ
အေးချမ်းသာယာတဲ့ ဘဝမှာ နားခိုနိုင်ပါစေ 

Tuesday, March 31, 2015

ဂျာ ခွန် ရှင်းတမ်း


ဂျာ ခွန် ရှင်းတမ်း

သူမ မန်နေဂျာ
ဘေးနားကိုလာ
ခုံအသာ ဆွဲထိုင်
ဖိုင်အထူကိုဖွင့်
လက်ကလေးနှင့်ညွှန်
စက်ကလေးကိုခေါက်
ပေါင်းနုတ်မြှောက်စား
ပါးစပ်ကလည်းပွါး
နားလည်သလားတဲ့

အားတော့နာစရာ
လည်တာမျက်စိ
တစ်လုံးမှ မသိ
အဟိ ဆိုတုန်း
မချိ ပြုံးရှာ
ပြန်သာသွားရော
ဂျာမော ကိုယ်မရှင်း
အခွန် ဆိုလား ဒီစာရင်း 


x x x x x 


YA2014 ECI & Deferred Tax Calculation ပြီးဆုံးခြင်း အမှတ်တရ

မယ်ညို 
၂၇.ဝ၃.၂ဝ၁၄   ညနေ ၃း၂ဝ

Friday, February 13, 2015

နှစ် ၁၀၀ ဆိုသော်ငြား


 နှစ် ၁၀၀ ဆိုသော်ငြား
*************
 
ကဗျာတွေ အများကြီး ရေးချင်ပေမယ့်
မအေးနိုင်သေးဘူး ခဏ

စာတွေ အများကြီး ရေးချင်ပေမယ့်
မတွေးနိုင်သေးဘူး အစ

အဘ အဘ
မျှ မျှ ပြီး မဝေနိုင်လို့
အဖ အဖ
တ တ ပြီး နေမယ့်အစား
အဖ စကား လိုက်နာလို့
အဖ ခြေရာ
မြေတစ်မှုန် စာမျှ
မှီလို မှီငြား
ကြိုးစား နေဆဲ ဘဝ

၃၆ နှစ်သမီး ကျမ
နှစ် ၁၀၀ ဆိုသော်ငြား
၃၂ နှစ်သား အဖ ကို
လေးစား လို့ မဝ 

x x x x x 



Google မှာရှာ၍ မီးပုံးပေါ်မှာ ကူးဆွဲမိသော ပုံအတွက်
မူရင်ရေးဆွဲသူအား ကျေးဇူးတင်ပါသည်။  

မယ်ညို 
၁၃.၀၂.၂၀၁၅ ( ၁၀း၁၆ နာရီ )


Friday, January 2, 2015

မျှော်လင့်မိသော ၂ဝ၁၅



၂ဝ၁၅
    လောဘများထားခဲ့
         သတ္တဝါအားလုံးအတွက်
               ပေးဆပ်ခြင်းတွေဆောင်
                     စေတနာ ဆက်အောင်ပေါ့
၂ဝ၁၅
    ဒေါသများထားခဲ့
         သတ္တဝါအားလုံးအတွက်
               ခွင့်လွှတ်တတ်ခြင်းတွေဆောင်
                     မေတ္တာ စွက်အောင်ပေါ့
၂ဝ၁၅
    မောဟများထားခဲ့
         လူသားအားလုံးအတွက်
              မြင့်မြတ်ခြင်းတွေဆောင်
                   သံသရာ ပြတ်အောင်ပေါ့


ညို လေးနေ  
01.01.2015  ( 6:00 pm ) 


                    
Truth & Trust ကို လာလည်သူအားလုံးအတွက်  နှစ်သစ်လက်ဆောင်ပါ။ 
အားလုံးအတွက် မင်္ဂလာရှိသော နှစ်သစ်ဖြစ်ပါစေ။ 



Tuesday, December 2, 2014

လွမ်းနေဆဲကမ်းခြေ


လွမ်းနေဆဲကမ်းခြေ 
**************

စိတ်ထွေ မငြီး
အပန်းပြေ ခရီး
ကမ်းခြေ အနီး
အလွမ်းတွေ ပြီးမလား

ကျောက်ဆောင်ပေါ်ရောက်
သဲသောင်ပေါ်လျှောက်
သစ်ပင်လေးအောက်
အလွမ်းတွေ ပျောက်မလား

နေရာတွေမလပ်
ခြေရာတွေထပ်
ဒီကမ်းခြေစပ်
အလွမ်းတွေ ပျက်မလား

သို့ပေမယ့်ခက်
ထာဝစဉ်ဆက်
ရင်မှာထပ်ဟပ်
လွမ်းလျက် သိလား

 x x x x x


ညို လေးနေ 
18.11.2014  ( 10:00 am )

Facebook မှာ Black & White ပုံတွေတင်ကြတုန်းက ရေးဖြစ်သွားတဲ့ ကဗျာလေးပါ။

 

Thursday, August 7, 2014

ပင်လယ်မသိတဲ့ မြစ်

မာယာတွေများသတဲ့လား
မကြားဘဲ မြင်လှည့်ပါ
နှလုံးသွေးတို့ မြစ်ဖျားခံရာမှာ
ဒဏ်ရာတွေ ဆည် လိုတည်ပေးခဲ့လို့
မျက်ရည်တွေနဲ့ 
မသေရုံတမယ် စီးဆင်း
တမျှဉ်းမျှဉ်းနဲ့ ခမ်းခြောက် 
ပင်လယ်ကို မရောက်လိုက်တဲ့မြစ်တွေ
ရေနိုင် ပါ့မလား

x x x x x x



ညို လေးနေ 
07.08.2014  ( 11:19 am )

Friday, February 21, 2014

ကြို




ကြို 

အလွမ်းတစ်ချက်အတွက်
ပန်းတစ်ခက်ပွင့်မယ်ဆို
ပင်လုံးကျွတ်ဝေ
ချယ်ရီတွေ ငိုလောက်ရဲ့

တမ်းတမိချိန်တိုင်းဝယ်
ကြယ်တစ်စင်း လင်းမယ်ဆို
ညကောင်းကင်မှာ
နေရာတွေ လိုလောက်ရဲ့

အမှတ်တရတစ်ခုစီသာ
စာစီကာ ဖွဲ့မယ်ဆို
ပင်လယ်မှင်မနိုင်
တိမ်ဆိုင်တွေ ပြိုလောက်ရဲ့

ငါ့ မေတ္တာတရားတွေသာ
နင် တန်ဖိုးထားတတ်မယ်ဆို
 ခွင့်လွှတ်နားလည်ခြင်းတွေခို 
 ရင်ခွင်ကို အကြိုထောက်လှည့် 

x x x x x

 
ညိုလေးနေ
20.02.2014 (4:04 pm )

Wednesday, January 1, 2014

နေစဉ်



နေစဉ်

နေမင်းကြီးကို နှုတ်ဆက်၊
လေပြေတွေကို ပွေ့ဖက်လို့
နေ့သစ် တစ်နေ့ စတင်လိုက်ကြရအောင်လား … ။

ပြင်မရနိုင်တဲ့ အမှားတွေ ရှိတတ်တဲ့
ပြန်မရနိုင်တဲ့ အတိတ်ကို
မနေ့ ကနေရာမှာပဲ ထားခဲ့ကြရအောင်နော်…။

ညနေခင်းတွေထဲမှာ
တိမ်တိုက်တွေလို ပေါ့ပါးပြေးလွှားနိုင်ဖို့
တို့တွေ ပြင်ဆင်ရဦးမယ်လေ … ။

ပစ္စုပ္ပန်လို့ ခေါ်တဲ့ ခုနေချိန်ခါ
နောင်တတွေသာ မထုပ်ပိုးခဲ့ဘူးဆိုရင်
မနက်ဖြန်တွေကို ရင်ဆိုင်သွားနိုင်မယ့်
ညကောင်းလေးတွေ ရှိနေမှာ အသေအချာပါ


 ၀၅.၀၈.၂၀၁၀ (  ည ၉း ၃၅ )   
  


တန်ဖိုးအထားရဆုံးသော ချစ်သူငယ်ချင်း နဲ့  Truth & Trust ကို လာလည်သူအားလုံးအတွက်  နှစ်သစ်လက်ဆောင်ပါ။ 

အားလုံးအတွက် မင်္ဂလာရှိသော နှစ်သစ်ဖြစ်ပါစေ။ 

 

Sunday, October 20, 2013

အမှောင် ထဲက လင်းတဲ့ "သူ"


 

တဆင့်ခံ အလင်းရှင်တဲ့
နားလည်မပေးနိုင်သူတွေက ပြောကြတယ်
 
ကိုယ်ပိုင် အလင်းမရှိသူတဲ့
မညှာတာသူတွေက ပြောရက်တယ်
 
လေ ကျီစား တာပေမယ့်
တိမ်တွေကြားမှာ ပုန်းရှောင်သတဲ့
 
အရိပ်လွှမ်းခံရသူကို
ငပုတ်ဖမ်းခံရသူတဲ့
 
စွပ်စွဲကြသေးတယ်
ဖြားယောင်းတတ်သူ ဆိုပဲ
 
တကယ်တော့
ဆင်းရဲချမ်းသာမရွေး ကလေးလေးဆို
ထမင်းဆီဆမ်း ရွှေလင်ဗန်းနဲ့ပေးချင်သူ
 
ဂျူတီချိန် မရောက်သေးလည်း
ကောင်းကင်ပေါ်မှာ ကိုယ်ရောင်ဖျောက်လို့
တိတ်တိတ်ကလေး ရောက်နေသူ
 
ကိုယ့်မှာ အလင်းမရှိတာတောင်မှ
အများကို မမှောင်စေချင်သူ
 
တစ်ရက်လေး ထိန်ထိန်လင်းပေးနိုင်ဖို့
တစ်ဆ တစ်ဆ စုလာခဲ့ရသူ
 
မေတ္တာတရားလို
သာတူညီမျှ အေးချမ်းစေချင်သူ
 
လရောင်ဆမ်းလို့ လန်းဆန်းစေချင်သူ
 
x x x x x
 

ညိုလေးနေ
17.10.2013 (1:15 am )

Thursday, September 26, 2013

ရာဇဝင် အပြင်က မေ့ ဆန္ဒ


အတွေးထဲမှာ ပုဂံ
ရာဇဝင်ပြန်လို့ စီးဆင်းအသွား
ကျန်စစ်အလား မင်းတစ်ပါး
မောင် ဖြစ်များ ဖြစ်ခဲ့ရင် ...

အပါယ်ရတနာလို ခမ်းနားလှပ
ငယ်ချစ်ဘဝ
ကျွန်မ မရခဲ့ဘူး မောင်

ဝင်းဝင်းပပ ကနွဲ့ကလျ
မဏိစန္ဒာတမျှ
ကျွန်မ မလှခဲ့ဘူး မောင်

မိန်းမပီသ အေးဆေးလှတဲ့
မထီးတူမ သမ္ဘူလ
ကျွန်မ မဖြစ်ချင်ခဲ့ဘူး မောင်

သို့ပေမယ့်လေ
မောင့်လက်ကိုတွဲ ဓါးကိုဆွဲလို့
သေလည်းမကွာ ရှင်လည်းအတူ
တောသူနှမ ခင်တန် ဘဝ
ကျွန်မ တမ်းတမိတယ် မောင် 

x x x x x


ညိုလေးနေ
July  2013


Sunday, September 15, 2013

မေတ္တာဆိုသောအရာ


တချို့က မရကြရှာဘူး
တချို့က ပေးရမှန်းမသိဘူး
တချို့က တန်ဖိုးမထားဘူး
တချို့က နားမလည်နိင်ဘူး
တချို့က မခံယူတတ်ဘူး
တချို့က ငံ့လင့် နေကြတယ်
တချို့က စွန့်ပစ် နေကြတယ်
တချို့က အချစ်နဲ့ ရောထွေးတယ်
 
လူတိုင်း ပေးနိုင်ပေမယ့်
လူတိုင်းမှာ မရှိတတ်ဘူး
 
နှုတ်ခမ်းဖျားထဲမှာ ရောက်ရောက်သွားတတ်ပေမယ့်
လက်ဖဝါးထဲမှာ ပျောက်ပျောက်သွားတတ်တယ်
စကားလုံးတွေထဲမှာ သုံးသုံးသွားတတ်ပေမယ့်
မျက်လုံးတွေထဲမှာ ဆုံးဆုံးသွားတတ်တယ်

ဒါပေမယ့်လည်း တောင်းဆိုချင်တယ်
မေတ္တာဆိုသော အရာရယ်
နှလုံးသားတိုင်းမှာ ခိုဝင်လှည့်ပါကွယ် ။       



ညိုလေးနေ
15.09.2013  ( 11:50 pm )

Tuesday, February 26, 2013

စာရင်းကိုင်မမများတေးသံ



သူများမယ်မှာ
ဤလအရောက်ဝယ်
ပိတ်ရက်များပြီး
လစာနီးလို့ ပျော်ရတယ်။
နှမလေး မောင်တို့မယ်မှာ
စာရင်းကိုင်မို့ကွယ်
တက်သုတ်ခရီး
လချုပ်ပြီးဖို့ မောရတယ်။
ဖေဖော်ဝါရီလရယ်
တိုလှတယ်လေး။ 




ခေါင်းစဉ် --- စာရင်းကိုင်မမများတေးသံ
အမျိုးအစား --- မည်သည့်အမျိုးအစားပင်ဖြစ်စေကာမူ “ ညည်းချင်း ” ဟုသတ်မှတ်သည်။
ခေတ် --- သက္ကရာဇ်နှစ်ထောင်တစ်ဆယ်စွန်း
ရေးသူ --- အမည်သိခေတ်စာဆို “မယ်ညို”



Friday, January 25, 2013

ချစ်သော အစ်ကိုသို့

              အဲဒီ့ညနေက အစ်ကို့ ကို စိတ်ကောက်တယ်။ ဘာကြောင့်ကောက်နေမှန်း မမှတ်မိတော့ပေမယ့် စိတ်ကောက်တာကိုတော့ မှတ်မိနေတယ်။ ညရောက်တော့ costing ပုစ္ဆာတွေတွက်ဖို့ စာကြည့်စားပွဲမှာထိုင်၊ စာအုပ်တွေရှေ့ချ၊ ဒါပေမယ့် ဘာမှလုပ်မရ။ ည ၁၁ နာရီကျော်ပြီ၊ အစ်ကို ပြန်မရောက်သေးဘူး။ အိမ်ရှေ့က တံခါးခေါက်သံကို နားစွင့်ရင်း ပုစ္ဆာကိုမတွေးချင်တဲ့ ခေါင်းက ကဗျာတစ်ပုဒ်ကို ရေးမိသွားတယ်။ "ချစ်သော အစ်ကိုသို့" လို့ ခေါင်းစဉ်တပ်လိုက်ပေမယ့် ဒီစာလေးရေးနေချိန်အထိ ပေးမဖတ်ဖူးဘူး။ costing စာအုပ် နောက်ဆုံးစာမျက်နှာက ကဗျာလေးကို ဒီနေ့တော့ ဘလော့ဂ်ပေါ်မှာ ရေးလိုက်မိပြီ။
 

ချစ်သော အစ်ကို သို့

ချစ်သော အစ်ကိုရေ ...
ရွေးချယ်လို့ မရတဲ့အရာတွေထဲမှာ "မောင်နှမ" ဆိုတာလည်း ပါတယ်နော်
ချစ်ချစ် မချစ်ချစ် မောင်နှမဟာ မောင်နှမပဲပေါ့ ...
 
ချစ်သော အစ်ကိုရေ ...
အစားထိုးလို့ မရတဲ့အရာတွေထဲမှာ "အစ်ကို" ဆိုတာလည်း ပါတယ်နော်
ကောင်းကောင်း ဆိုးဆိုး အစ်ကိုဟာ အစ်ကိုပဲပေါ့ ...
 
ချစ်သော အစ်ကိုရေ ...
မေ့ပစ်လို့ မရတဲ့အရာတွေထဲမှာ "ကလေးဘဝ" ဆိုတာလည်း ပါတယ်နော်
နွမ်းနွမ်းဆွေးဆွေး ကလေးဘဝရဲ့ အဖော်မွန်ဟာ အစ်ကိုပဲပေါ့ ...
 
ချစ်သော အစ်ကိုရေ ...
မှန်းဆလို့ မရတဲ့အရာတွေထဲမှာ "အနာဂတ်" ဆိုတာလည်း ပါတယ်နော်
ညီမလေးကို ခွဲသွားသွား မသွားသွား
တစ်သက်တာအတွက် သူရဲကောင်းအဖြစ် ရပ်တည်ပေးဦးပေါ့ ။        ။
 

ညိုလေးနေ
( 07.05.2002 )

Dedicated to my beloved brother's Birthday ( 25.01.2013 )

Wednesday, December 12, 2012

၂ဝ၁၂ ယတြာ

၁၂  ရာသီရဲ့နောက်ဆုံး
၁၂ လမြောက် ဒီဇင်ဘာ
၁၂ ရက် ဒီချိန်ခါ
တစ်သက်မှာတစ်ခါကြုံတဲ့ရက်စွဲ
ဘာလုပ်မလဲ စိတ်ကူး
နေ့တွေထဲက နေ့တနေ့မို့
ဘာမှတော့ သိပ်မထူး
ဦးချင်တယ်ဆိုရင်တော့
သူတို့ အရင်မရူးခင်ပေါ့
၁၂ ကြိုးကကွက်တွေအောက်
(တို့တိုင်းပြည်ကြီး) ဆယ့်ပြီး နှစ် မခံရစေဖို့
၁၂ နာရီ အရောက်
၁၂ မျိုးဟင်းချိုသောက်လို့
၁၂ ခါ လောက်
ဆုတောင်းလိုက်ကြရအောင်လား
ဘလော့ဂ်ချစ်သူ မောင်နှမများ   ။      ။


မယ်ညို ( ၁၂.၁၂.၁၂ )



အစီအစဉ်မရှိ စိတ်ကူးမရှိပေမယ့် တီတင့်ရဲ့ ဆော်သြောချက်လေးကို နှမြောလို့ အချိန်မှီလေး ဟင်းချိုချက်ဖို့ နှိုးဆော်လိုက်ပါတယ်   :)

Monday, October 1, 2012

နင်ရဲ့  ငါ (သို့) ငါ့ရဲ့  နင်

မျှော်ကိုးတောင့်တခြင်းတွေကင်း
ပေးဆပ်နှင်း တတ်တဲ့ နှလုံးသား
နည်းနည်းတော့ ခါးသတဲ့
ဒါပေမယ့်
နင့်မျက်ရည်တွေ ငါသုတ်ပေးဖူးသလို
ငါငိုခဲ့ဖူးတာလည်း နင့်ပုခုံးထက်မို့
ယုံတယ် မဟုတ်လား
တို့တွေက
ခံစားချက်တွေနဲ့ ခရီးလွန်နေမှာ မဟုတ်ဘူးဆိုတာ။

တစ်တောင်ပေါ်တစ်တောင်ဆင့်နေတဲ့
ထိပ်ဆုံးကိုသွားတဲ့လမ်း
နည်းနည်းတော့ကြမ်းသတဲ့
ဒါပေမယ့်
နင်ချော်လဲတုန်းက ငါဆွဲထူခဲ့သလို
ငါမလျှောက်နိုင်တော့လည်း နင်တွဲခေါ်လို့
ယုံတယ် မဟုတ်လား
တို့တွေက
ဒဏ်ရာတွေရဲ့ အောက် လမ်းပျောက်နေမှာ မဟုတ်ဘူးဆိုတာ ။

နင်ဖွင့်မပြောတဲ့စကား
ငါ့ရဲ့ နားက ကြားသတဲ့
အဲဒီလိုပဲ
ငါ့မျက်လုံးတွေကလည်း
နင်ကြေညက်နေတဲ့ ဖတ်စာတစ်အုပ်
သူငယ်ချင်းရေ
ယုံတယ် မဟုတ်လား
ဘယ်လောက်ပဲ ဝေးသွားသွား
စာတစ်လုံး စကားတစ်ခွန်းက
တို့တွေအတွက် "အား" ဆိုတာ ။  


ညိုလေးနေ
01.10.2012  ( 10:50 am )

Wednesday, September 5, 2012

မေ့ပင်ပျို

ဝေးတမြေ
အလွမ်းပြေ တစ်ခါလှမ်းပေမယ့်
မတွေ့သာ ဟန်ရှောင်ပုန်းလေတော့
စိတ်တွင်ညို သခင်စိုးပိုင်လို့
စိမ်းရက်လေလွန်း။

တွေးမဖြေ
မာနဝေ သီကာလွှမ်းလေလည်း
ပြစ်မမြင်ပါ ရန်ဆောင်မမုန်းချင်တော့
မေ့ပင်ကို တမင်ပျိုးနိုင်ဖို့
မေတ္တာရေသွန်း။

မယ်ညို
04.09.2012  ( 1:50 pm )

Sunday, February 12, 2012

ဖေဖော်ဝါရီကို ခွဲခြမ်းစိတ်ဖြာခြင်း

ဖေဖော်ဝါရီမှာ .....
လူနာ (lunar) နှစ်သစ်ကူးနဲ့ တိုက်ဆိုင်တတ်သတဲ့
ကော့ကေးရှန်းတွေက ဘာကြောင့် စောပြီး နှစ်သစ်ကူးတာလဲ
တချို့ တွေကရော ဘာလို့ နောက်ကျကြတာလဲ
တကယ်တော့ မနေ့ က နဲ့ ဒီနေ့ ၊
ဒီနေ့ နဲ့ မနက်ဖြန် ၊ နေ့ တွေထဲက နေ့ တွေပဲ မဟုတ်လား ။

ဖေဖော်ဝါရီမှာ .....
ပင်လုံစာချုပ် ချုပ်ခဲ့သတဲ့
တိုင်းရင်းသားတွေ ဘာကြောင့် လက်မှတ်ထိုးခဲ့တာလဲ
အခုတော့ရော ဘာလို့ လက်နက်စွဲကိုင် နေကြတာလဲ
တကယ်တော့ ကချင် နဲ့ ဗမာ
ဗမာ နဲ့ ကရင် အချင်းချင်းတွေပဲ မဟုတ်လား ။

ဖေဖော်ဝါရီမှာ .....
ဖခင်တစ်ဦးကို မွေးဖွားခဲ့သတဲ့
ထွက်ခွါသွားသူကို ဘာကြောင့် မမေ့နိုင်ကြတာလဲ
ကျန်နေသူတွေကရော ဘာလို့ လေးစားနေကြသေးတာလဲ
တကယ်တော့ စကား နဲ့ ဆန္ဒ
ဆန္ဒ နဲ့ ရလဒ် ၊ ဗိုလ်ချုပ်ရဲ့  လုပ်ရပ်တွေ ထပ်တူကျနေလို့ပဲ မဟုတ်လား ။

ဖေဖော်ဝါရီမှာ .....
ချစ်သူများနေ့ဆိုတာ ရှိသတဲ့
ချစ်သူတွေက ဘာကြောင့် ဒီနေ့လေးကိုမှ တန်ဖိုးထားကြတာလဲ
ဆန္ဒပြု ဆုတောင်းတွေကိုရော ဘာလို့ လုပ်ကြတာလဲ
တကယ်တော့ ချစ်သူ နဲ့ ကိုယ်
ကိုယ် နဲ့ ချစ်သူ့  အတွက် နေ့ တွေတိုင်းဟာ ချစ်ခင်နေဖို့ပဲ မဟုတ်လား ။

နောက်ထပ်ပြီးတော့ .....
နှင်းတွေဝေတဲ့ ဖေဖော်ဝါရီဟာ
ထာဝရ ချစ်စရာကောင်းနေမှာပဲ မဟုတ်လား ..... ။ ။


ညိုလေးနေ
( 14.02.2011 ) 5:30 pm



Analyzing February

In February .....
There is a time of "
Lunar New Year "
while " too late " for " some " to celebrate,
though Caucasians did earlier.

What's the difference anyway,
when " today" and " tomorrow"
are just " days" of the days ?


In February .....

Settled was the " Union Day " ,
famous with the name " Pin Lon" .

Why so different Nowadays ?

What did races sign for when
all the people fought for lives ?
Why some still fight after then ?

Bamar and Shan , they dispute,
so as Kachin , Karen and the rest;
what is the union of an absolute ?

In February .....
Born was a " Father " in history.
Though he left us so early,
we still have him in memories.

Words and wishes we respect,
of one true General as he was,
with all results we except.

In February .....
Precious for lovers is the time

at which they share gift and wish,
a day known for " Valentine " .

A special day for which reasons,
with the love we share every day,
when " special" is for all seasons ?

Besides memories in this special month
with the snowy moments we all love,
"" February " will last forever and be with us.



Translated by ...
Henry Sutherland


Friday, February 10, 2012

ရှရာ

မိန်းကလေးမို့ ထမင်းဟင်းချက် သင်ညှပ်ဖြတ် .....
မသိလိုက်တဲ့ ဓါးရှရာလေးတွေ .....

စာရေးသူမို့ စာရေး စာဖတ် စာတွေမှတ် .....
မသိလိုက်တဲ့ စက္ကူရှတာလေးတွေ .....

ချစ်တတ်သူမို့ အချိန်မရွေး နားထောင်ပေး .....
သိလိုက်ပေမယ့် နာဖို့မေ့နေတဲ့ စကားလုံးရှရာလေးတွေ .....

အရေပြားပေါ်က ရှရာလေးတွေ အလား
နှလုံးသားပေါ်က ရှရာလေးများ

မရင်း၊ မထပ်၊ မနက်၊ မမျက် ပါစေသား ... ။


ညိုလေးနေ
10.02.2012 9:03 am

Tuesday, July 19, 2011

နှလုံးသွေးဖြင့် ခတ်နှိပ်သော

ဖျောက်ထားလို့လည်း ပျောက်မသွားပါဘူး ၊
နှိမ်ထားလို့လည်း မှိန်မသွားပါဘူး ၊
ရွေ့ သွားလို့လည်း မေ့မထားကြပါဘူး
အာဇာနည်ဆိုတာ .....
ကိုယ်တိုင်တပ်ယူလို့ရတဲ့
တံဆိပ်တစ်ခုမှ မဟုတ်တာ ။



ညိုလေးနေ
18.07.11 11:45 pm

Thursday, May 26, 2011

အလွမ်းနာ

လွမ်းစရာကို

နာစရာနဲ့ ဖြေရတယ်တဲ့

ခက်တာက

နာစရာတွေကိုပဲ

လွမ်းနေမိလို့ ….။


ညိုလေးနေ

23.7.09 9:45 pm