ပြီးခဲ့တဲ့ ဧပြီလက အမေ စလုံးကို ခဏရောက်လာခဲ့သည်။ အမေပြန်သွားတော့
ထုံးစံအတိုင်း နေမထိထိုင်မသာ ရင်မှာဟာလို့ ကျန်ရင်း အမေ့အကြောင်းတွေ တွေးတွေးနေမိသည်။
တွေးရင်းနဲ့ အမေနှင့်မယ်ညို တို့နှစ်ယောက်ကြား ပြုံးစရာ၊ ရယ်စရာ၊ သတိရစရာ လေးများကို
“ အမေနှင့်မယ်ညို့ ပုံပြင်များ ” အဖြစ် အမှတ်တရရေးကာထားဖို့ စိတ်ကူးရမိသည်။
အမေနဲ့မယ်ညိုရဲ့အမှတ်တရလေးတွေကို ပြန်စဉ်းစားလိုက်ရင် နှစ်တန်းတုန်း အကြောင်းလေးက
အရင်ဆုံး ပေါ်ပေါ်လာတတ်သည်။ တစ်ရက် ကျောင်းဆင်းချိန်မှာ အိမ်က လာခေါ်တာနောက်ကျသည်။ တိုက်တိုက်ဆိုင်ဆိုင်
တစ်ခုံတည်းထိုင်တဲ့ အခင်ဆုံးသူငယ်ချင်း စန္ဒာ့ကိုလည်း လာမကြိုသေးတော့ နှစ်ယောက်သား
ကစားရင်းစောင့်နေကြသည်။ ငါးမိနစ်လောက် ဆက်စောင့်အပြီးမှာ အမေရောက်လာသည်။ လာကြိုတာ နောက်ကျလို့
မဲ့ချင်ချင်ဖြစ်နေသော မယ်ညို့ကို အမေက ရှင်းပြဖျောင်းဖျကာ စန္ဒာ့ကိုပါ ပို့ပေးရမလား
မေးသည်။ စန္ဒာက သူ့အိမ်ကလာကြိုတဲ့အထိ စောင့်မယ်ဆိုတော့ သားအမိနှစ်ယောက် အိမ်ပြန်ခဲ့ကြသည်။
နောက်တစ်နေ့ မုန့်စားလွှတ်ချိန်မှာ စန္ဒာ “ ဟဲ့ ” လို့ လှမ်းခေါ်ပြီး
ချက်ချင်းဆက်မပြောသေးဘဲ တစ်ခုခု စဉ်းစားနေသလိုလို လုပ်ပြီးမှ ပြောသည်။
“ နင့် အမေက အသားဖြူဖြူ၊ အရပ်ရှည်ရှည် နဲ့ ချောပြီး နင်က
ဘာလို့ ရုပ်ဆိုးပြီး ပုနေတာလဲလို့ ”
စန္ဒာ့ စကားကြောင့် မယ်ညို ကြောင် အ သွားသည်။ နှစ်တန်းကျောင်းသူ
သူမ တစ်ခါမှ မစဉ်းစားဘူးသော အကြောင်း။ စန္ဒာပြောမှ စဉ်းစားမိသည်။ စဉ်းစားမိတော့ ငိုချင်လာသည်။
ဟုတ်ပါရဲ့ အမေက ဖြူဖြူရှည်ရှည်၊ ချောချောကို ငါက ဘာလို့ ရုပ်ဆိုးသေးကွေးနေတာပါလိမ့်။
“ ငါ့ အမေက မေမြို့သူကိုး ”
ဆိုင်မဆိုင်တော့ မသိ။ စိတ်ထဲရှိတာ ဖြေလိုက်သည်။ ဒီ့ထက်ပိုပြီးလည်း
မဖြေတတ်။ အိမ်ရောက်လို့ ဒီအကြောင်း အမေ့ကို ဝမ်းပမ်းတနည်း ပြန်ပြောပြမိတော့ အမေက မယ်ညို့ကို
ပွေ့ဖက်ကာ နှာခေါင်းဖျား၊ နှုတ်ခမ်းဖျားလေးတွေကို တို့ထိလို့ ပြုံးကာ ဆိုသည် …
“ အမေနဲ့ တူတာပေါ့၊ ဟောဒီ့ နှာခေါင်းလုံးတာလေးလည်းတူတာပဲ၊
ပါးစပ်ပြဲတာလေးလည်း တူတာပဲ၊ အရုပ်ဆိုးတာထက် စိတ်မဆိုးဖို့က ပိုအရေးကြီးပါတယ် သမီးရယ်၊
သမီးက ရုပ်မလှရင် စိတ်လှအောင် နေရမှာပေါ့၊ စာတော်အောင်လုပ်ရမှာပေါ့၊ မေ့သမီးက ဥာဏ်ကောင်းတာပဲ
”
အမေ့ရဲ့ နားလည်အောင် ချော့မော့ပြောဆိုမှုတွေအောက်မှာ အရုပ်ဆိုးရခြင်းကို
သိပ်မကျေလည်ချင် သေးပေမယ့် စိတ်မကောင်းတော့ မဖြစ်တော့။ အမေနဲ့ မတူရခြင်းကိုလည်း
ဝမ်းနည်းရမယ့် အစား ငါ့မှာ ဖြူဖြူချောချော အမေ ရှိတယ် ဆိုပြီး ကျေနပ်တတ်လာခဲ့သည်။
x x x x x x x
ဆယ်တန်းအောင်အပြီး နှစ်ရှည်လများ ကျောင်းပိတ်ထားချိန် တစ်နွေမှာ
အမေနှင့် မယ်ညိုတို့ ညီအစ်မနှစ်ယောက် မေမြို့ခဏပြန်လည်ကြသည်။ တစ်မနက်ခင်း ဈေးကြီး
ထဲမနက်စာစားပြီး ပတ်ကြတော့ အမေက မိတ်ဟောင်းဆွေဟောင်းတွေ တွေ့လိုက် နှုတ်ဆက်လိုက်နှင့်။
ငေးရင်းလျှောက်ရင်း အမေတို့က ခပ်လှမ်းလှမ်းမှာကျန်ခဲ့ကာ မယ်ညိုက သူမအလွန်စိတ်ဝင်စားရာ
ဆွယ်တာဆိုင်တစ်ဆိုင်ရှေ့ရောက်သွားသည်။
“ ညည်း မမညွန့် သမီး မဟုတ်လား ” ဆိုင်ရှင်အဒေါ်က ဝမ်းသာအားရ လက်မောင်းကို ကိုင်လှုပ်ကာမေးသည်။
“ ဒေါ်ဒေါ်က ဘယ်လိုလုပ် သိတာလဲ ”လို့မေးမိတော့ …
“ ငါ ဒီမျက်နှာမျိုး မြင်ဖူးပါတယ်ဆိုပြီး စဉ်းစားနေတာအေ၊
တစ်နေ့က မမညွန့်တို့ရောက်နေတယ် ဆိုတာ သတိရပြီး တွေးမိတာပေါ့ ” တဲ့။ မယ်ညို ဝမ်းသာစွာဖြင့် မအောင့်နိုင်မအီးနိုင် မေးမိသည်။
“ ဒါ ဆို သမီးက အမေနဲ့ တူလို့ပေါ့နော် ”
“ တူတာပေါ့အေ တူလို့ အဒေါ်က မှတ်မိတာပေါ့၊ ဒါပေမယ့် မမညွန့်လောက်တော့
မချောဘူး၊ မမညွန့် က ညည်းလိုနှာခေါင်းလုံးလုံးလေးပေမယ့် ပြားတော့မပြားဘူးအေ့ ”
မယ်ညိုက မသိပေမယ့် သူမကို သိနေသော ဆိုင်ရှင်အဒေါ်ရဲ့ ဘွင်းဘွင်းရှင်းရှင်း
စကားကြောင့် ဝမ်းသာထားရတာတွေ နည်းနည်းတော့ အီလည်လည်ဖြစ်ကုန်သည်။
“ ဟဲ့ ဒါက အကြီးမလား ၊ သူလေးကတော့ အချောသား ”
ခဏနေ မယ်ညိုရှိနေရာ ဆိုင်ကို မမ ရောက်လာတော့ ပိုဆိုးသွားပြီ။
“ အမေက အမေ့သား၊သမီး
အကြီးတွေကိုကျတော့ ချောချောလေးတွေ မွေးပေးတယ်၊ သမီးကိုကျတော့ ချောအောင်လှအောင် မမွေးပေးဘူး၊
သူတို့က အသားလည်း ပိုဖြူကြတယ် ”
ဆိုင်ရှင်အဒေါ်ရဲ့ စကားကြောင့် အိမ်ရောက်တော့ အမေ့ကို သွားပြီးဂျီတိုက်မိသည်။
မယ်ညိုက ဆူဆူဆောင့်ဆောင့်လေး ပြောနေပေမယ့် အမေကတော့ အပြုံးမပျက်။
“ ဟင် .. အဲဒါ အမေနဲ့
မဆိုင်ပေါင် ။ အမေကတော့ သမီးတို့ကို မွေးရတော့မယ်ဆိုကတည်းက ဆုတောင်းတာပဲ။ ကိုယ်လက်အင်္ဂင်္ါပြည့်စုံပါစေ၊
ဥာဏ်ရည်ပြည့်စုံပါစေ၊ ကျန်းမာဖွံ့ဖြိုးပါစေ ဆိုပြီးတော့။ ချောဖို့လှဖို့တော့ သိပ်အဓိကထားပြီး
ဆုမတောင်းမိပါဘူး။ တကယ်တော့ အဲဒါတွေ အားလုံးအပြင် ရုပ်လှခြင်း ရုပ်ဆိုးခြင်းဆိုတာ သမီးနဲ့ပဲဆိုင်တာ။
သမီးက အရင်ဘဝက ဘာတွေဆုတောင်းမှားခဲ့လဲ၊ ဘာတွေလုပ်ခဲ့လဲမှ မသိတာ။ သမီး အခုလို စိတ်တိုနေရင်၊
အကြီးတွေ ကို မနာလိုဖြစ်နေရင် ပိုရုပ်ဆိုးသွားမှာပေါ့။ အခုကို မျက်နှာကြီးစူထားတော့
ပိုရုပ်ဆိုးနေပြီ။ ရုပ်လှချင်ရင် စိတ်ကိုပြင်တဲ့ သမီးရဲ့ ”
နောက်ထပ် ပိုပိုရုပ်မဆိုးချင်သော၊ နောင်ဘဝရုပ်ဆိုးမှာကို
မလိုချင်သော မယ်ညိုသည် အမေ၏ ကံ ကံ၏အကျိုးကို
လက်တွေ့ပြကာ ရှင်းပြခဲ့သော အကြောင်းတရားကြောင့် ကိုယ့်စိတ်ကိုကိုယ် အတတ်နိုင်ဆုံး စောင့်ထိန်းမိစေသော
အကျိုးကိုရခဲ့သည်။
x x x x x x x
အမေနှင့်မယ်ညို့ရုပ်ရည်အကြောင်းသည် တက္ကသိုလ်အထိလည်း ရောက်ခဲ့သည်။
နောက်ဆုံးနှစ် ကျောင်းဖွင့်ကာစ တစ်နေ့မှာ နယ်မှကျောင်းလာတက်သော သူငယ်ချင်း ကျော်နိုင်က
“ နင် စာမေးပွဲဖြေပြီးမှ
ကျောင်းကို ရောက်သေးတယ် မဟုတ်လား ” ဟုမေးသည်။
“ ခပ်လှမ်းလှမ်းက တွေ့လိုက်တာ ခေါ်မလို့ဘဲ အန်တီကြီးတစ်ယောက်လည်း
ပါလာတာမြင်လို့ ကိစ္စတစ်ခုခုရှိလို့ လာတယ်ထင်ပြီး မခေါ်တော့တာ ”
ဟုတ်သည်။ ကျောင်းလခသွင်းဖို့ မေ့နေတာမို့ အောင်စာရင်းမှာ
ပါမလာဘဲ ကျန်နေမှာစိုးလို့သွားသွင်းတာ။ အဲဒီ့ နေ့က အမေက သမီးသူငယ်ချင်းတွေ မပါဘူးမဟုတ်လား
ဆိုတာနဲ့ အမေသမီးကျောင်းကို မရောက်ဖူးဘူး လိုက်ခဲ့ပါလား ဆိုပြီး ခေါ်လာလို့ အမေလိုက်လာခြင်းဖြစ်သည်။
မယ်ညိုက အဲဒီ့အကြောင်းပြောပြတော့ …
“ ဟင် အဲဒါ အမေလား … ”
ဟုဆိုတာ အံ့သြသွားဟန်နဲ့ စကားဆက်ပြောမယ် ပြင်ပြီးမှ အိုးတိုးအမ်းတမ်းဖြစ်ကာ
ရပ်သွားသည်။ မယ်ညို သိလိုက်ပါပြီ။
“ ဘာလဲ … အမေနဲ့
မတူဘူးလို့ ပြောမလို့ မဟုတ်လား ”
“ ဟုတ်တယ် အဲ … အမေ
လို့တော့ ထင်လိုက်တယ် ဒါပေမယ့် ပုံစံကြည့်တော့လည်း … ဟို … ဘယ်လိုမှ မထင်ရတော့
.. ”
ပြောပြီးမှ အလွန်အားနာသွားပုံရသော ကျော်နိုင်သည် စကားကို
ရှေ့မဆက်နိုင်တော့။ သူ့ပုံကိုကြည့်ကာ မယ်ညို ရယ်လိုက်မိသည်။
“ အားနာမနေနဲ့ ကျော်နိုင်၊ နှစ်တန်းကတည်းက ဒါမျိုး အပြောခံရလွန်းလို့
ရိုးနေပြီ ”
ဟုဆိုကာ ပြောပြသောအခါမှ ကျော်နိုင်မှာ စိတ်သက်သာရာရသွားကာ
အတူလိုက်ရယ် လေတော့သည်။ မယ်ညို ကတော့ အခုလို ရယ်မောနိုင်အောင်၊ အလှအပ မမက်မောအောင်၊
အလှအပထက် အရေးကြီးတာတွေ အကြောင်းကို အမြဲနားလည်အောင် ပြောဆိုပေးခဲ့သော အမေ့ကို ကျေးဇူး
အတင်ကြီး တင်မိသည်။
x x x x x x x
နှစ်တန်းတုန်းကအကြောင်းကို ယခုထိတိုင် မမေ့ရခြင်းမှာ နောက်ထပ်အကြောင်းရင်းများ ရှိသေးသည်။
အမေပြန်တော့ နေ့ဝက်ခွင့်ယူကာ လေဆိပ်လိုက်ပို့သည်။ ရုံးကိုပြန်ရောက်တော့ …
“ ရောက်လာပြီးလား၊ ငိုခဲ့သေးလား ”
ဟုဆိုကာ မန်နေဂျာမမက မေးရင်းနဲ့ လှမ်း စ သည်။ မယ်ညိုက ရင်ကိုလက်နဲ့ယှက်လို့
“ ဟင့်အင်း ဒီထဲမှာပဲငိုခဲ့တယ်၊ အပြင်မှာဆို မြင်ပြီး စိတ်မကောင်းဖြစ်သွားမှာ
စိုးလို့ ”
ဆိုပြီး ဖြေလိုက်ပေမယ့် သူ့မေးခွန်းက အဲဒီ့မှာတင် ရပ်မသွားခဲ့။
“ အမေက အသက်ဘယ်လောက်ရှိပြီလဲ၊ တစ်ယောက်တည်းလာတာလား ”
သူ့မေးခွန်းကြောင့် မမနဲ့ လာတာဖြစ်ကြောင်းပြောပြီး ဖုန်းထဲက
အမေနဲ့အတူရိုက်ထားတဲ့ ဓါတ်ပုံလေးတွေ ပြလိုက်မိသည်။
“ အမေက အသားဖြူတယ်နော် ”
အမေ့ပုံကို ကြည့်အပြီးမှာ ပြုံးစစဖြင့် မှတ်ချက်ပေးပြန်သည်။
“ အမေက ငါနဲ့ မတူဘူး၊ ချောတယ် မဟုတ်လား ”
ကဲ …ဘာရမလဲ။ ဒီတစ်ခါတော့ သူများပြောတာမခံရခင် ဦးအောင်ကြွားပစ်လိုက်ပြီ။
“ အင်း ဟုတ်တယ်၊ အမေက ချောပြီး ဖြူပြီး အရပ်ရှည်ရဲ့သားနဲ့
မင်းက အဲလိုမဟုတ်ဘူးဆိုတော့ …. အဖေနဲ့ တူတာပဲ ဖြစ်ရမယ် ”
မယ်ညို ရှောင်ပါသည်။ အတတ်နိုင်ဆုံး ရှောင်ပါသည်။ ဒါပေမယ့်
… မလွတ်ပါ။
အများစုက အမေနဲ့ နှိုင်းယှဉ်အပြီးမှာတင် အားနာပြီး ရပ်သွားကာ
ဆက်မပြောကြ။ မန်နေဂျာမမရဲ့ စကားကတော့ အဖေ့ ဆီအထိရောက်လာသည်။ ခက်တော့နေပြီ။ အဖေ့ဘက်လိုက်လို့
အသားညိုသည်၊ လူကောင်သေးသည်ဆိုလျှင်တော့ ဟုတ်သည်။ အဖေ့ အစ်မ မယ်ညိုရဲ့ကြီးတော် ကလည်း
သူမလိုပင် ခပ်သေးသေး။
သို့သော် …. မယ်ညို
ထပ်ကြွားလိုက်ရပြန်ပါသည်။
“ ဟင့်အင်း ငါက နှုတ်ခမ်းပါးတာလေးကလွဲရင် အဖေနဲ့လည်း မတူဘူး။
အဖေ့ ငယ်ငယ်က ပုံကိုသာ မြင်ဖူးကြရင်လေ အခု အမေနဲ့နှိုင်းယှဉ်ပြီး အပြောခံရတာထက်ကို
ပိုပြောခံရမှာ ”
မန်နေဂျာရဲ့ လက်ထဲက ဖုန်းလေးပြန်ယူလို့ ထွက်လာရင်းတွေးမိခဲ့သည်။
အဖေ့ပုံ လည်းဖုန်းထဲ ထည့်ထားရဦးမည်။ အရုပ်ဆိုးမလေး သူမမှာ ချောချောလှလှ အဖေနဲ့ အမေကို
ပိုင်ဆိုင်ထားကြောင်း ကြွားနိုင်အောင်လို့ ဖြစ်လေသည်။ ။
ညိုလေးနေ
၁၂း၄၄ ( ၂၁.၀၉.၂၀၁၃ )