Sunday, August 26, 2012

စိတ်ကူးတွေနဲ့ ဘာတမ်ကမ်းခြေ ( ၂ )

ရေပေါ်တံတားလေးပေါ်မှ Turi ဘက်ကို လှမ်းမျှော်ပြန်ကြည့်တော့ နေရာတော်တော်များများမှာ မီးတွေထွန်းနေပြီ။ ပင်မအဆောက်အဦးရှေ့ က မြက်ခင်းပြင်ပေါ်မှာ ညစာအတွက် ပြင်ဆင်နေကြတာ မြင်ရသည်။ ဒီလိုဆိုတော့လည်း မိုးမင်းကြီးကို ကျေးဇူးတင်ရမလိုလို။ အခုချိန်အထိသာ သူလိုက်ရွာနေလျှင် ညစာကို အဆောက်အဦးထဲမှာသာ စားရမည်။


တံတားအတက် လှေကားလေးမှာလည်း မီးရောင်လေးတွေနှင့်။

တံတားတစ်လျှောက်မီးထွန်းထားပုံ၊ ပြင်ဆင်ထားပုံ စိတ်ကူးလေးတွေက သဘောကျစရာ။ ဤတံတားလေးကို မီးအလှဆင်ရသော ပညာရှင်သည် ငယ်ငယ်က ပုံပြင်များစွာ ဖတ်ခဲ့ပုံရသည်။ ရေအိုးလေးထဲက မီးဝါဝါလေး လင်းနေပုံမှာ မြေကြီးထဲက ရွှေအိုးလေးထွက်လာသလိုလို။


ထန်းမီးတိုင်လေးလည်း ဂျူတီဝင်ရတော့မည်။

နေ့လည်က အဝတီးထား၍မဆာသေးသူနှစ်ယောက်သည် ညကမ်းခြေတွင် တစ်ယောက်တစ်မျိုး ထင်ရာလုပ်ကြရာ တယ်လီဖုန်း၊ ဖိနပ် နှင့် ကင်မရာတို့မှာ ဓါးစာခံဖြစ်ကြလေပြီ။ တစ်ယောက်က ဖိနပ်ကိုချွတ်လိုက်စီးလိုက်၊ ကျောက်တုံးပေါ်တက်လိုက်၊ သဲပြင်ပေါ်လျှောက်လိုက်လုပ်နေချိ
န်မှာ နောက်တစ်ယောက်က ဖုန်းတစ်လုံးနှင့်အလုပ်ရှုပ်လို့။ ကျောက်ဆောင်ကြားရေတိုးဝင်သံလေးကို အလွန်တရာနှစ်သက်မိသည်။ ဗီသိုဗင်တို့ မိုးဇက်တို့လည်း ဤကဲ့သို့ပင် သဘာဝရဲ့  ဂီတတွေကိုခံစားရင်း ကမ္ဘာကျော်ခဲ့ကြတာဖြစ်မည်   :)

သဘာဝရဲ့  ဂီတသံလေးတွေ 


ထိုအသံလေး လိုချင်မိ၍ ဖုန်းတစ်လုံးနှင့် အလုပ်ရှုပ်နေမိရာ၊ ကင်မရာလေးက စိတ်ကောက်သွားပုံရသည်။ ပင်လယ်ရေစပ်သို့ ဗွက်ခနဲခုန်ဆင်းလေတော့သည်။ ကင်မရာအိတ်လေးထဲသို့ ထည့်ထားမိပြီး အကောက်မြန်လို့ တော်တော့သည်။ ကင်မရာလေး အကောင်းပကတိအတိုင်း ရှိနေသေးကြောင်း သိရချိန်မှာ ရင်ထဲမှာဆို့တက်လာသော အလုံးကြီးကျသွား၍ ဗိုက်ထဲမှာလည်း တော်တော်ချောင်သွားသည်။ ဆိုင်မဆိုင်တော့ မသိ၊ ခြေဦးကတော့ ညစာစားပွဲဆီသို့ လှည့်ပြီးပြီ။


ညစာလက်မှတ်နှင့်အတူ လက်ဆောင်ဘောပင်လေးတွေ ရခဲ့သည်။ အမိုးအကာမရှိတဲ့ မြက်ခင်းပြင်ပေါ်မှာ ပင်လယ်လေညှင်းခံပြီး စားရသော ညစာမှာဘယ်လိုကုန်သွားမှန်းပင် မသိလိုက်။ ဓါတ်ပုံရိုက်ရန် သတိရချိန်မှာ ပန်းကန်တွေက အလွတ်များသာ။ ဤပုံများကား ထပ်တင်၍မသင့်တော့ပေ :)


Turi ၏ စနေညချမ်းများတွင် ဖျော်ဖြေရေး အစီအစဉ်လည်း ရှိတတ်ရာ ဝမ်းလေဒီရှိုး ဆိုသွားသော အဆိုတော်မမသည် အသံကောင်းလှ ပေသည်။

အမှတ်တရပစ္စည်းလေးတွေလည်း ရောင်းပေးတယ်

သော့ချိတ်လေးများ၊ ဘောပင်လေးများပေါ်မှာ နာမည်နဲ့စာတမ်းလေးများ ချက်ချင်းရေးပေးသည်။ ဟိုထား၊ ဒီထား လျှောက်ထားမိမည့် သော့ချိတ်ကို စလုံးသုံးဒေါ်လာပေးကာ မဝယ်လိုသောသူသည် သော့ချိတ်လေးနောက်က သူများနာမည် စာလုံးလှလှလေးတွေ့ သောအခါ မနာလိုဖြစ်မိလေတော့သည်  :)

ဤတစ်နေ့အတွက် လုပ်စရာကုန်လေပြီ။ အခန်းပြန်တော့မည်။ မနေ့ညက အိပ်ရေးပျက်ခဲ့လေသမျှ အတိုးချကာအိပ်ရမည်။


ညချမ်းချိန်ခါ ဒီလမ်းလေးမှာ လျှောက်ရတာ အေးချမ်းလှပါဘိ။ သဲသောင်ပြင်ကျယ်ကျယ် ကမ်းခြေမျိုး မဟုတ်ဘဲ တောင်ကုန်းကြီးရဲ့  ဆင်ခြေလျော ကမ်းခြေနေရာလေးမို့ ညငှက်သံ ပုစဉ်းသံများလည်း ကြားရသည်။ 

ညဥ့်နက်မှ ရွှေရောင်ပိုထွက်လာတဲ့ ရွှေအိုးလေး

အခန်းကို ပြန်ရောက်ပြီ

ပင်မအဆောင်ကြီးနှင့် ဝေးသည့်နေရာမို့ ရေလှိုင်းသံမှတပါး ငြိမ်သက်တိတ်ဆိတ်လို့။ ညနေခင်းက နေမင်းကြီးကို မတွေ့ လိုက်ရပေမယ့် ပြည့်ပြည့်ဝဝ လကလေးကတော့ အခန်းဝ အထိလာရောက်နှုတ်ဆက်သည်။



နေဝင်ချိန်က မကျေနပ်မှုများအားလုံးကို အေးချမ်းတဲ့ လရောင်က ထုတ်ယူသွားပြီ။


အမှတ်တရ ကဆုန်ကပြည့်ညမှာ လှိုင်းပုတ်သံလေးနာထောင်ပြီး အိပ်စက်ရမှာ ကျေနပ်စရာကောင်းလှတော့သည်။


ဆက်ပါဦးမည်။

Wednesday, August 22, 2012

စိတ်ကူးတွေနဲ့ ဘာတမ်ကမ်းခြေ ( ၁ )

      
                    " www.deal.com.sg  ရဲ့  promotion ကို debit card နဲ့ ပေးလို့ ရမရ စမ်းသပ်လိုက်တာ လက်လွန်သွားပြီ အဟိ "  ပိုက်ဆံထွက်သွားသူရဲ့  ဝမ်းမြောက်သံ ။
" လွန်ပါစေ သွားရတာပေါ့ "  အလိုတူ အလိုပါ ရဲ့  အားပေးအားမြှောက်စကား ။
အစစ အရာရာ လက်လွန်ပြီးသကာလ သွားချင်လို့ တမင်တကာ စမ်းသပ်ကြသူတို့ အထုပ်ပြင်ကြလေပြီ။

" ၈နာရီ ဖယ်ရီနဲ့လိုက်မှာလား၊ ၉ နာရီ ဖယ်ရီနဲ့လိုက်မှာလား "
" ၈နာရီ နဲ့လိုက်မှာပေါ့ "
" ၈ နာရီထွက်မှာမို့ ဖယ်ရီတာမီနယ်ကို ၇ နာရီရောက်ရမှာ။ ရထားက ၁ နာရီလောက်စီးပြီး ကားထပ်စီးရမှာဆိုတော့ အိမ်က ၅ နာရီ ၄၅ လောက်ထွက်မှ၊ ၅ နာရီ ၄၅ ထွက်နိုင်ဖို့ကို အိပ်ရာက ထရမှာက ....... "
" စိတ်ချ၊ ထမယ် မနက်စောစော ခရီးထွက်ရတာဘယ်လောက်ကောင်းလဲ၊ ပင်လယ်ထဲမှာ မနက်ခင်းနေမင်းကြီးကိုကြို၊ နေဝင်ချိန်ကို ကမ်းစပ်က ထိုင်ကြည့် အိုး ဘယ်လောက်ကောင်းလဲ "

စိတ်ကူးတွေ စိတ်ကူးတွေ .... စိတ်ကူးတွေနဲ့ ဘာတမ်ကမ်းခြေ ..... ။

                                                 x x x x x x x x

မနက် ခရီးထွက်မှာမို့ ဒီညစောစောအိပ်ရမယ် ... ။ ဘာမှလည်း မပြင်ဆင်ရသေးဘူး။ ထည့်စရာရှိတာတွေထည့် ... ။
ခရီးထွက်မှာမို့ ဒီညစောစောအိပ်ရမယ် ... ။ လစဉ်အလှူငွေလေး လွှဲသွားဦးမှ။ လမ်းခရီးတစ်ခုခုဖြစ်လို့ ဒီအလှူငွေစွဲနေရင် ပြိတ္တာဆိုလား .... ။
ဒီည စောစောအိပ်ရမယ် ... ။ မနက်နိုးရင် စားဖို့ မုန့်အဆင်သင့်လုပ်ထားမှပါလေ ... ။
စောစောအိပ်ရမယ် ... ။ မနက် ၅ နာရီ နှိုးစက်ပေးဖို့ နာရီကို ယူလိုက်တော့ နာရီလက်တံက ၁၁ ကျော်နေပြီ ... ။
အိပ်ရမယ် ... ။ ရာသီဥတုက ပူလိုက်တာ ... ။
တကယ်ကို အိပ်ပါပြီ။

                                                 x x x x x x x x

" ဂျိမ်း " ခနဲမြည်လိုက်သံကြောင့် ဆတ်ခနဲတုန်ကာ လန့်နိုး။
တုန်နေသောရင်ကို အသာဖိလို့ လန့်ပြီးလွင့်သွားသောစိတ်ကို လိုက်ဖမ်း။ မိုးချုန်းသံပဲ။
သွားပြီ။ ဘယ်နှနာရီအထိဆက်ပြီး ချုန်းနေ၊ပစ်နေဦးမှာပါလိမ့်။ မိုးမရွာသေးဘဲ အခြောက်တိုက် မိုးကြိုးတွေပစ် လျှပ်စီးတွေလက်နေတာ။
နာရီယူကြည့်မိတော့ ၃ နာရီကျော်ကျော်။
ခဏလေးနေတော့ လေရောမိုးပါကျလာသည်။ မိုးချုန်းသံ တစ်ဂျိမ်းဂျိမ်းမှာ ပြန်အိပ်လို့ မရသောမျက်စေ့က လေကြီးမိုးကြီးကျနေသော ပင်လယ်ထဲက ဖယ်ရီဘုတ်ကို မြင်ယောင်လို့ ... ဘုရား .. ဘုရား။
မိုးမင်းကြီးကို စိတ်ထဲမှ အကြိမ်ကြိမ်အခါခါတောင်းဆိုမိသည် " ပစ်ပစ် အသားကုန်ပစ်၊ ရွာရွာ မိုးရေတွေကုန်အောင်ရွာ၊ ဒါပေမယ့် မနက် ၆ နာရီအထိပဲ ၊ ပြီးရင်ရပ်တော့နော် " ။

                                                 x x x x x x x x

ပြန်အိပ်လို့ ပျော်မယ်မှမရှိသေး နှိုးစက်သံကမြည်လေပြီ။
ကိုယ်က အိပ်ရေးပျက်တာကို သိပ်မှုလေ့မရှိ။ ငုတ်တုတ်ထထိုင်လိုက်ချိန်မှာ ဟိုဘက်ခုတင်က နိုးလာသူက မှုန်ကုပ်ကုပ်ဖြင့် ....
" ခေါင်းမကြည်ဘူး၊ အိပ်ရေးမဝဘူး "
" ခရီးစဉ်ကို စိတ်ကူးယဉ်တုန်းက မနက် ၃ နာရီကနေ ၅ နာရီအထိ မိုးချုန်းနေတာမပါဘူးလေ " ရယ်ကျဲကျဲနဲ့ တုန့်ပြန်လိုက်ရတာပေါ့။ ဒီအချိန်က ကိုယ်ရွေးထားတာလေ။
ဘူတာကိုရောက်တော့ ၆ နာရီမထိုးသေး။ တော်ပါသေးရဲ့  မိုးတိတ်သွားလို့။ ဒါပေမယ့် စိတ်မချရ။ ကြည်လင်နေသောကောင်းကင်မဟုတ်သေးပါ။
ဒီလိုနဲ့ အနောက်အရပ်မှသည် အရှေ့ ဆီသို့ ရထားပေါ်မှာအထုပ်ပိုက်ကာ ငိုက်လျက်ပါသွားကြသည်။ ရထားပြီးတော့ ကား။ ဘတ်စ်ကို မရွေးဘဲ တက္ကစီကိုသာ ရွေးလိုက်ကြသည်။
ဒါမှ ဆက်ငိုက်လို့ ရမှာ။

                                                 x x x x x x x

ဖယ်ရီတာမီနယ်ကိုရောက်ပြီ။
ခရီးစဉ်စပါပြီ။
အိုး.....ဂေါက်အိတ်တွေလွယ်ထားတဲ့ လူဖြူတွေ အများကြီးပါလား။ ကိုယ်ကသာ မိုးထဲလေထဲဖြစ်မှာ ကြောက်နေတာ သူတို့က အေးအေးဆေးဆေး။ နေ့ချင်းပြန် ဂေါက်သွားရိုက်ကြတယ်ထင်ပါ့။
တို့လည်းရိုက်ရဦးမှာပေါ့။ ဂေါက်သီးတော့ မဟုတ်ဘူး။ ဓါတ်ပုံ။ 


ဖယ်ရီကိုစောင့်နေတဲ့အချိန်လေးကို အလကားမထားပဲ ကင်မရာလေးတကိုင်ကိုင်နဲ့ ဟိုချိန်ဒီချိန်လုပ်မိတော့ ကင်မရာမြင်ကွင်းထဲရောက်လာသောသူက ရှက်သွားပုံရသည်။ ကိုယ်ကလည်း သူ့ ဆိုင်ကို မှတ်တမ်းတင်ချင်လို့ ခဏခဏချိန်။ ခဏနေတော့ ထိုသူက တိုင်အနောက်ဘက်ကို ဝင်သွားသည်။ သူ့ ပုံပါမှာစိုးပေမယ့် ဆိုင်ကိုတော့ ကြော်ငြာချင်တယ်ထင်ပါရဲ့  ... ရှောင်ပေးရှာသား  :)

ဖယ်ရီပေါ်ကိုရောက်ပါပြီ။



နေမင်းကြီး မရှိတဲ့ နံနက်ခင်း ပင်လယ်ပြင်က မှုန်မှုန်မှိုင်းမှိုင်း။ ကိစ္စမရှိ ညနေ နေဝင်ဆည်းဆာ မှ တဝကြီး ကြည့်တော့မည်။

မြင်နေရပြီ ရောက်တော့မည်။

NONGSA ဟုခေါ်သည်။



ဘာတမ်ဖယ်ရီ တာမီနယ်က စလုံးဘက်ကလို ရှုပ်ယှက်ခတ်မနေ။ အမှတ်တရ ပစ္စည်းဆိုင်လေး တစ်ဆိုင်၊ နှစ်ဆိုင်။ ခရီးသည်များလာကြိုသော ကားတစ်စီး နှစ်စီး။
" Turi Beach , Turi Beach " ဟု အော်ခေါ်ကြိုဆိုနေသော လူကြီးနောက်သို့ လိုက်သွားတော့ ကိုယ်တွေလိုပဲ နှစ်ယောက်တစ်တွဲ သုံးစုပါလာသည်။ အစောဆုံးအခေါက်မို့ လူနည်းသေးသည်ထင်သည်။ အပြင်ကနေကြည့်တော့ ဖယ်ရီဆိပ်က ဇရပ်ကြီးနှင့်တူလှသည်။


Turi Beach Resort ၏ reception နေရာက သာ၍ကြီးသော ဇရပ်ကြီးသာ ဖြစ်တော့သည်။

ပစ္စည်းတွေထားလို့ မြို့ ထဲထွက်ခဲ့ကြမှ မြို့ လယ်နှင့် တော်တော်ဝေးမှန်းသိရသည်။ ကားသမားလေးက Mega Mall ကို ပို့ပေးမည် ဆိုတော့ အင်တာနက်မှ ရှာဖွေတွေ့ ရှိထားသော ဘုရားကျောင်းကိုသာ အရင်သွားမည်ဆိုပြီး ပို့ခိုင်းရသည်။


ကဆုန်လပြည့်နေ့မို့ ဘုရားကျောင်းမှာ အလှူအတန်းနှင့် လူစည်ကားလို့။ 



များပြားလှတဲ့ ခုံတန်းတွေက ဘာတမ်မှာ ဗုဒ္ဓသာသနာတည်တံ့နေဆဲဆိုတာ ပြဆိုတာမို့ ဝမ်းသာရသည်။


ဘုရားကျောင်းနံရံများမှာ ချိတ်ဆွဲထားတဲ့ ပန်းချီကားတွေမှာ အထွေအထူး ရေးထားတာများမတွေ့ တော့ အင်ဒိုနီးရှန်းလက်ရာများဟုသာ ထင်မိသည်။

ဘုရားကျောင်းအနီး မြို့ တွင်းတစ်နေရာ
 


Mega Mall ကိုရောက်ပါပြီ။ ရှော့ပင်ထွက်ရတာ စိတ်မဝင်းစားသူ နှစ်ယောက်မို့ စားသောက်ဆိုင်ကိုသာ တစ်ထပ်ဆင်းတစ်ထပ်တက် ပုံတွေကြည့် ခေါင်းချင်ဆိုင်လို့ သေချာရွေးကြသည်။


 အရွေးတော်ပါသည်။ အင်ဒိုနီးရှားအစားအစာ စားလို့ကောင်းမကောင်း ပုံကသက်သေခံပါသည် :) 
 


မြို့ ထဲကပြန်ရောက်တော့ ညနေတော်တော်စောင်းနေပြီ။ ဟိုးက မြင်နေရတဲ့ တံတားလေးပေါ် သွားရဦးမည်။ ကမ်းခြေတစ်လျှောက်လမ်းလျှောက်ရဦးမည်။ Resort ထဲမှာ မွှေနှောက်ရဦးမည်။  ... မည် ... မည် ...  မည် ... ။

လုပ်ချင်တာက များနေတော့ မွှေနှောက်ရန် အစီအစဉ်ကို နောက်နေ့မနက်စာစားပြီးမှ စဖို့ ရွှေ့ဆိုင်း ရတော့တာပေါ့။

စိတ်ကူးထဲမှာတော့ ကမ်းခြေက မျက်စိတစ်ဆုံး ရှည်လျားလှသည်။ သို့သော် .... 

Turi နှင့် တခြား resort များက ဆိုင်ရာပိုင်ရာ ကန့်သတ်လိုက်တော့ ကမ်းခြေလေးမှာ ဆန့်တငံ့ငံ့ဖြစ်ရရှာသည်။

တံတားလေးလည်း မီးထွန်းပြီ။ မကြာမီနေဝင်တော့မည်။




နေဝင်ချိန်ကို ကြည့်မယ်လို့ အားခဲမိတာ မှားလေစွ။ နေက Turi  ပိုင်သော အဝန်းအဝိုင်းထဲမှာ မဝင်။ ငေါထွက်နေသော အငူလေးကို ကျော်လို့ ဟိုဘက်မှာသွားဝင်သည် :(
တိမ်တိုက်ရောင်စုံတွေကို ကြည့်လို့ စိတ်ထဲမှာ ထပ်ပြီးတွေးမိသည်။ မနက်ဖြန်နေထွက်မှ နေမင်းကြီးအား တွေ့ဦးမည်။



ဆက်ပါဦးမည် ... 

Tuesday, April 17, 2012

ပြန်ဆုံကြမည် နောင်နှစ်ဆီ

တာဝန်ချိန်ပြီးပြီ။ အိမ်ပြန်ဖို့အတွက် လှေကားဆီသို့ ခွဲစိတ်ခန်းရှိရာဘက်မှ လျှောက်လာမိသည်။ ခွဲစိတ်ခန်းတံခါးတွေကို လှမ်းကြည့်ရင်း ကိုယ့်ကိုယ်ကိုယ် ကျေနပ်ဂုဏ်ယူပီတိဖြစ်မိသည်။ ဒီနေ့ဟာ ဒေါက်တာငယ်ငယ်ထွေး အဖြစ်နှင့် အရင်ဦးဆုံးတာဝန်ကျသည့် ဆေးရုံမှာ ပထမဆုံးခွဲစိတ်ခန်း ဝင်ရသည့်နေ့။ ကိုယ်တိုင်ဦးဆောင်ခွဲစိတ်ရတဲ့ အဆင့်မရောက်သေးပေမယ့် ငယ့်အတွက်တော့ ပထမဦးဆုံးနေ့မှာ လူနာတစ်ဦးကို အောင်မြင်စွာ ကယ်တင်လိုက်နိုင်၍ မင်္ဂလာရှိတဲ့ နေ့တစ်နေ့ ဖြစ်သွားပြီ။ ဒီလိုပဲ မင်္ဂလာရှိတဲ့နေ့ပေါင်းများစွာကို ဖြတ်သန်းနိုင်ပါစေလို့ ဆန္ဒပြုရင်း တစ်စုံတစ်ရာကို တွေးမိကာ ပြုံးလိုက်မိသည်။ အခုချိန်မှာတော့ ခွဲစိတ်ခန်းဝင်ရတဲ့ ဆရာဝန်မလေး။ တစ်ချိန်တုန်းကတော့ . . . . . . ။

x x x x x x x

ဆေးပေးတဲ့ စားပွဲရှေ့ နားက ခုံလေးတွေပေါ်မှာ လူနာသုံးယောက်။ တစ်ယောက်က ငယ့်ရဲ့  အစ်ကို။ ငယ်နဲ့ အထက်အောက် သုံးနှစ်ကွာ ဆိုပါတော့။ နောက်တစ်ယောက်က မမရဲ့ သူငယ်ချင်း ငယ်တို့ အိမ်ခန်းနဲ့ တစ်ခန်းကျော်က မမမီး။ နောက်ထပ်လူနာတစ်ယောက်ကတော့ ငယ်ကိုယ်တိုင်ပါပဲ။

စောင့်ရတာကြာလိုက်တာ။ ဒေါက်တာကိုကိုကြီးက ဘာတွေကုနေပါလိမ့်။ ဟော.... ထွက်လာပါပြီ။ ငယ်တို့အပေါ်ထပ်အိမ်က ကိုဖိုးသား။ လူနာကိုဖိုးသားက လက်ထဲမှာစာရွက်လေးတစ်ရွက်ကိုင်ြ
ပီး မျက်နှာစပ်ဖြီးဖြီးနဲ့ ထွက်လာသည်။ ကိုဖိုးသားက လက်ထဲကစာရွက်ကို ဆေးပေးတဲ့ မမဆီထိုးပေးလိုက်တော့ မမကဖတ်ပြီး ဆေးပြားလေးတွေကို စက္ကူနဲ့ ထုပ်ပေးလိုက်သည်။
" ကိုဖိုးသား ... ဘာဆေးတွေတဲ့လဲ "
" ဒါက စီဗစ်တဲ့၊ ဒါက အနာသက်သာအောင်သောက်ရတဲ့ ဘီစကစ် ... အဲ ... ဟုတ်ပါဘူး .... ပါရာစီတမောတဲ့ "
" စီဗစ်နဲ့ ပါရာစီတမော တွဲသောက်လို့ ရလို့လား "
" သိဘူး "
" မရဘူးဆိုရင် စီဗစ် ငါကူစားပေး ... အဲ ... သောက်ပေးမယ်လေ အဟီး "
" ရရ မရရ ငါကတော့ အကုန်စားမှာပဲ "
မမမီးနဲ့ ကိုဖိုးသား ပြောနေတာတွေနားထောင်ပြီး စီဗစ်ဆိုတဲ့ ရှောက်သီးဆေးပြားရဲ့  နာမည်ကို ငယ်မှတ်ထားလိုက်သည်။ နောက်ပြီး ရောဂါတူမှ ဆေးလည်းတူမှာပေါ့။
" ကိုဖိုးသားက ဘာရောဂါလဲ "
" အနာပေါက်တာဟေ့ အနာပေါက်တာ၊ အနာပေါက်လို့ ရှောက်သီးဆေးပြားပဲ စားရတာ၊ ချောကလက်စားရအောင် နောက်တစ်ခေါက် ပြန်ပြဦးမယ် " ကိုဖိုးသားက မျက်နှာစူပုတ်ပုတ်လုပ်ကာ ဆောင့်အောင့်၍ပြောသည်။

ငယ်တို့ ကိုဖိုးသားကို ဝိုင်းရယ်နေကြတုန်း ကိုလေးပြန်ထွက်လာသည်။ ခေါင်းမှာလည်း မေမေ့ပုဝါကြီးစည်းလို့။
" အဟီး ပုဝါကြီးနဲ့ "
မမမီးက လက်ညှိုးတစ်ထိုးထိုးနဲ့ ရယ်နေသည်။
" ဘာပုဝါလဲ၊ ဒါ ပတ်တီး၊ ငါခေါင်းပေါက်လို့ ဆေးခန်းလာတာ၊ မမ ရော့ ဆေးစာရွက်၊ ဟဲ့ နင်က ဆရာမလုပ်ပြီး ဆေးတွေထိုင်စားမနေနဲ့လေ၊ ငါ ကိုကြီးနဲ့ တိုင်ပြောမှာနော် "
" ငါက ချောကလက်တွေနဲ့ ဝေဖာတွေ ညီအောင်ညှိ အဲ ဟုတ်ပါဘူး ဆေးတွေ ညီအောင်ညှိနေတာပါ၊ စီဗစ်က လေးလုံးစီပုံနေတာ နှစ်လုံးပိုနေလို့ "
" အဲဒါဆို နင်လူနာလုပ် ၊ ငါ ဆေးပေးတဲ့သူလုပ်မယ် "
" အင် ... မလုပ်ပါဘူး၊ နင်ကလည်းဟာ ... ငါဆေးပိုထည့်ပေးပါ့မယ်၊ ကိုကြီးကို မတိုင်နဲ့နော် "
ကိုလေးနဲ့ မမရဲ့  အငြင်းအခုံက အပေးအယူနဲ့ ပြီးဆုံးသွားသည်။

" ဟေ့ နောက်တစ်ယောက်လို့ခေါ်နေတာ မလာသေးဘူးလား၊ မလာရင် ဆေးခန်းပိတ်တော့မှာနော်၊ ဆေးတွေကို ဆရာဝန်သိမ်းလိုက်မှာ "
ဝရန်တာ ဆေးခန်းထဲက ဒေါက်တာကိုကိုကြီးရဲ့  ခြိမ်းခြောက်သံကြောင့် ကိုလေးတို့ရဲ့  အငြင်းအခုံကို ကြည့်နေတဲ့ မမမီး ဆေးခန်းထဲသို့ အပြေးအလွှား ဝင်သွားသည်။
ကိုလေးကိုပေးသည့် ဆေးတွေက အားဆေးဆိုတဲ့ချောကလက်၊ အမူးပြေတဲ့ ဘီဆစ် ဆိုတဲ့ ဝေဖာ၊ စီဗစ်နဲ့ပါရာ။
ချောင်းဆိုးလွန်းလို့ လေကုန်ပြီးမူးနေတဲ့ မီးမီးက ချောင်းဆိုးပျောက်ဆေးရည် ဘလက်ကော်ဖီ နဲ့ ဘီဆစ် ဝေဖာ သောက်ရသည်။

အခု ငယ့် အလှည့် ။ ငယ်ကော်ဖီမသောက်ချင်ပါ။ ဒီတော့ချောင်းဆိုးလို့ မဖြစ်။ ဘာရောဂါဖြစ်ရပါ့မလဲ။
ဝရန်တာဆေးခန်းထဲကိုဝင်လိုက်သည်။
" ကဲ လူနာ ဘာဖြစ်လဲ၊ ခုတင်ပေါ်လှဲအိပ်ပါ "
" ဟင် ... ကိုကြီးကလည်း ဖျာကြီးခင်းထားပြီး ခုတင်တဲ့၊ လူနာတွေ ထိုင်စောင့်နေတဲ့ ခုံတန်းရှည်လေး ဒီမှာချထားတာမဟုတ်ဘူး "
" ဝရန်တာမှာ ခုံတန်းထားတာ အမေတွေ့ ရင် ငါ့ကို ဆူမှာပေါ့ "
" ဘာလို့ ဆူမှာတုန်း "
" နင်တို့ တက်ဆော့ပြီး ဝရန်တာက လိမ့်ကျမှာစိုးလို့ပေါ့ "
" ဒေါက်တာကိုကိုကြီးကလည်း အမေဆူမှာကြောက်တာပဲလား "
" စကားများလိုက်တဲ့လူနာ၊ ဘာရောဂါဖြစ်တာလဲ၊ ပါးစပ်ပြဲလာလို့ ပါးစပ်ကို ချုပ်ပေးရမှာလား "
" ဟုတ်ပါဘူး၊ အနာပေါက်လို့ "
" ဖိုးသားဖြစ်ပြီးသား ၊ တခြားဟာပြော "
" ခေါင်းပေါက်တာ "
" ပတ်တီးမရှိတော့ဘူး "
" ရတယ်၊ ဆေးပဲထည့်ပေး၊ ပတ်တီးမစည်းနဲ့"
" ဒီလူနာ သိပ်လျှာရှည်တာပဲ၊ ခေါင်းမပေါက်နဲ့ ဗိုက်အောင့် "
" ဗိုက်အောင့်ရင် စီဗစ် သောက်ရလား "
" လုံးဝမတည့်ဘူး၊ ကဲ ဗိုက်ခွဲမယ် အင်္ကျီလှန် "
" အင် .. စီဗစ် မသောက်ရရင် ဗိုက်မနာပါဘူး ၊ မခွဲဘူး "
ငယ် က အင်္ကျီကို ပြန်ဆွဲချပြီး အတင်းရုန်းသည်။

" ဆရာမရေ လူနာဗိုက်ခွဲမလို့ လာကူပါဦး၊ ဒီမှာရုန်းနေတယ် "
ခေါ်လိုက်တာက ဆရာမ ၊ ဝင်လာတာက တစ်ပြုံလုံး။
" မင်းတို့က ဘာလိုက်လုပ်တာလဲ "
" ဗိုက်ခွဲတာ မမြင်ဘူးလို့ "
ဝရန်တာမှာ သူတို့ ခြောက်ယောက်လုံး ပြည့်ကျပ်သွားသည်။
" မမဆရာမ သမီးဗိုက်မခွဲချင်ဘူး၊ ကိုလေးကိုကျတော့ ခွဲပဲနဲ့"
" ဒီဆရာဝန်က အစကတည်းက ခွဲချင်နေတာလေ၊ နင့်ထက်အကြီးတွေ အကုန်လုံး အခွဲမခံလို့၊ နင်အငယ်ဆုံးပဲ အခွဲခံလိုက်ပါဟာ "
" အီးဟီး ရှောက်သီးဆေးပြားတော့ မကျွေးပဲနဲ့ ဗိုက်ခွဲမယ်တဲ့ "
" ဟဲ့ ရှောက်သီးဆေးပြားက နင်နဲ့မှ မတည့်တာ။ နင်အာသီးရောင်ရင် ငါတို့အားလုံး အဆူခံရမှာ "
" ရှောက်သီးဆေးပြားကျွေးရင် ဗိုက်ခွဲခံမှာလား "
" အင်း "
" ဆရာမ ဆေးတစ်ခွက်စာ ဘယ်နှပြားလဲ"
" လေးပြား "
" လေးပြားပဲရမယ် ၊ ဒါပဲ ၊ ခွဲမှာလား "
" ခွဲ "

ကိုကိုကြီးက ဆော့ပင်နှစ်ချောင်းယူကာ ငယ့်ဗိုက်ကို ခွဲလေတော့သည်။
မမက ဝရန်တာကြိုးတန်းပေါ်က အင်္ကျီလှန်းတဲ့ညှပ်လေးတွေယူကာ ငယ့်ဂါဝန်လေးကိုလှန်မပြီး ပခုံးနားမှာညှပ်ပေးသည်။ ကိုကိုကြီးက လှန်းထားတဲ့ ဖေဖေ့ရှပ်အင်္ကျီကို ခွဲစိတ်ခန်းဝတ်စုံဆိုကာ နောက်ပြန်စွပ်လို့ ကြယ်သီးတစ်လုံး နောက်ကျောမှာတပ်ပြီးဝတ်သည်။ ကိုလေးခေါင်းက ပတ်တီးက အခုတော့ ဒေါက်တာကိုကိုကြီးရဲ့  နှာခေါင်းစည်း။
" ဟီးဟီး ဆရာဝန်နဲ့ မတူတော့ဘူး ၊ ဓါးပြ နဲ့တူတယ် "
မေ့ဆေးပေးမထားတဲ့ငယ်ကတော့ အော်ဟစ်လူးလိမ့်နေသည်။ နာလို့တော့ မဟုတ်။ ယားလို့ ။
သူတို့ အုပ်စု ဝရန်တာမှာ ဆူညံနေတော့ အိမ်တံခါးခေါက်နေတာ မကြားမိကြ။ မမကကြားလို့ သွားဖွင့်တော့ ငယ်တို့မေမေနဲ့ ကိုဖိုးသားရဲ့ မေမေ ဒေါ်လေးရီရီ တို့ ဈေးကပြန်လာတာ။
" ခေါ်မကြား အော်မကြား ဘာတွေလုပ်နေကြတာတုန်း။ မေမေ အောက်ကနေလှန်းမြင်နေရတယ်နော်။ အားလုံးဝရန်တာမှာ ဘာထွက်လုပ်နေကြတာလဲ ပြောစမ်း "
" ကစားနေတာပါမေမေ "
" အော် ခြောက်ယောက်လုံး စုပြုံနေမှတော့ ကစားနေမှန်းသိတာပေါ့။ ညည်းတို့ဘာလုပ်တမ်းကစားလို့ ဝရန်တာမှာ ကစားရတာလဲ။ ငယ်လေးလာစမ်း အင်္ကျီကလည်း လန်လို့။ ဟဲ့ . . ဗိုက်မှာလည်း ဘာတွေလဲ "
ငယ် အင်္ကျီကို ပြန်ချဖို့ သတိမရလိုက်ပါ။ မေမေတွေ့ သွားလျှင် မစားလိုက်ရမှာစိုးလို့ ရထားတဲ့ ရှောက်သီးဆေးပြားကို ပါးစပ်ထဲ အမြန်ထည့်နေရတာနဲ့ အင်္ကျီကို ပြန်မချမိ။

" ငယ်လေး လာဒီကို၊ ပါးစပ်ဟ ။ ရှောက်သီးဆေးပြားတွေ ... သားကြီး ... တော်တော်စိတ်ချရပါလား ... ညီမလေးနဲ့ မတည့်လို့မကျွေးပါနဲ့ဆိုတာကို။ ကြည့်စမ်း သင်္ကြန်တွင်းစားရအောင်ဆိုပြီး ဝယ်ပေးထားတဲ့ မုန့်တွေလည်း အကုန်ကုန်ပြီ။ ကျောက်ကျောထိုးမယ့် ချောကလက်ရောပဲ "
" အေးလေ သားတို့ကလည်း နမိတ်မရှိနမာမရှိ ကလေးကို ဗိုက်ခွဲတမ်း ကစားရတယ်လို့ ၊ နောက်မကစားရဘူး ကြားလား "

ထိုနေ့က သင်္ကြန်အကြိုနေ့ မတိုင်မီတစ်ရက် ဧပြီ ၁၁ ရက်နေ့ ။ မေမေတို့ လူကြီးတွေ သင်္ကြန်တွင်း စတုဒီသာကျွေးဖို့ ချက်ပြုတ်ရန်ဈေးသွားဝယ်ကြချိန် ကလေးတွေကို ကိုကိုကြီးအားစောင့်ခိုင်းထားခြင်းဖြစ်သည်။ အဲဒီ့နောက်တော့ မမနဲ့ ကိုလေးတို့ ဝရန်တာမှာဆော့မှု၊ တစ်ပတ်စာမုန့်တွေကို အကုန်စား အကုန်ဆော့ပစ်မှုတို့ကြောင့် နှစ်ချက်စီ အရိုက်ခံရသည်။ ငယ်လေးကတော့ မေမေရိုက်သည့်ဘေးမှ အမြဲတမ်းလွတ်နေကျ။ ကိုကိုကြီးက ခေါင်သူကြီးမို့ တစ်ချက်ပိုသည်။ ပိုလာသော ပြစ်မှုကတော့ ငယ့်အား ရှောက်သီးဆေးပြားကျွေးမှု။ တကယ်တော့ ကိုကိုကြီးခမျာ ဘာမုန့်မှ မစားလိုက်ရပါ။

ဘာမုန့်မှ မစားရဘဲ တုတ်စားလိုက်ရသော ဒေါက်တာကိုကိုကြီးမှာ ညနေစောင်းမှာတော့ ဗိသုကာကိုကိုကြီး အဖြစ်သို့ ပြောင်းလဲသွားတော့သည်။

" တို့တွေ မဏ္ဍပ်ဆောက်ကြမယ် "
" ဟင် ဘယ်လိုဆောက်မှာလဲ " "ကိုကြီးက ဆောက်တတ်လို့လား " " သစ်သားက ဘယ်မှာလဲ " မေမေဆူထားလို့ ငြိမ်နေကြသူတွေအားလုံး တစ်ယောက်တစ်ပေါက်နှင့် ပြန်ဆူလာပြီ။
" အုန်းလက်မဏ္ဍပ်ဆောက်မှာ၊ သစ်သားမလိုဘူး "
" အုန်းလက်က ဘယ်ကရ ... " မမရဲ့  အမေးစကားမဆုံးလိုက်။ " လာ သွားကြမယ်" ဆိုသော ကိုကိုကြီးနောက်သို့ သူတို့အားလုံးပါသွားကြသည်။ လမ်းဆုံးလျှင် အုန်းလက်တွေ့ မှာ သေချာသည်။
ငယ်တို့ လမ်းနှင့် နှစ်လမ်းကျော်မှာ ဘုန်းကြီးကျောင်းတစ်ကျောင်းရှိသည်။ ကိုကိုကြီးက ထိုကျောင်းထဲ ချိုးဝင်သွားတော့ ငယ်တို့လည်း ဖိနပ်လေးတွေချွတ်လို့လိုက်ရသည်။ ဝင်းထဲရောက်လို့ အုန်းပင်ပုလေး သုံးပင်မြင်တော့ မမ နဲ့ မမမီးက ခုန်ဆွခုန်ဆွဖြစ်ကာ ပျော်နေကြသည်။

ကိုကိုကြီးကို သိနေသော၊ သဘောကောင်းသော ကပ္ပိယကြီးက ဓါးမကြီးဆွဲကာ အုန်းလက်များလိုက်ခုတ်ပေးသည်။ အုန်းလက်တစ်လက် ခုတ်အပြီးမှာ ပြဿနာက စတော့သည်။
" အ ... အား စူးတယ် စူးတယ် " ဘုန်းကြီးကျောင်းဝင်း အုန်းပင်တွေအောက် မြက်တော သဲတောထဲ ဖိနပ်ချွတ်ပြီးသွားတော့ ငယ့်ခြေထောက် ဆူးစူးပြီပေါ့။ မမက တင်ပျဉ်ခွေထိုင်ကာ ငယ့်ကို သူ့ပေါ်ထိုင်စေလျက် ကိုလေးနဲ့ မမမီးက ငယ့်ခြေဖဝါးကို ပွတ်သပ်ကာ ဆူးကို ဝိုင်းရှာကြသည်။ မြေလူးနေသောခြေဖဝါးမှာ စူးပေါက်စနကို သူတို့ရှာမရ။

" ဘာမှ မရှိတော့ဘူးငယ်လေး၊ ကိုလေးခြေထောက်ကို ပွတ်ပေးပြီးပြီးနော်၊ လျှောက်ကြည့် "
" အီးးးးး စူးသေးတယ် ရဘူး၊ လျှောက်လို့ရဘူး "
" ဒုက္ခပဲ ကိုကြီးကလည်း ဒီဗူးသီးပုတ်ကလေးကို ဘာလို့ခေါ်လာတာလဲမသိဘူး "
" ငါ့ညီမလေးကို ဗူးသီးပုတ်လေးလို့ မပြောပါနဲ့ဟ "
" ဒါဆို ထမင်းသိုးဟင်းသိုးလေး ဟီဟိ " မမရဲ့  ရှုံ့ ရှုံ့ မဲ့မဲ့နှင့်အပြောကို ကိုကိုကြီးက လက်မခံလို့ မမမီးက ပြောင်ချော်ချော်ဖြင့် ပြင်ပေးသည်။ အုန်းလက်က တစ်လက်ပဲ ခုတ်ရသေးသည်။

" ကဲ အုန်းလက်သယ်မလား ၊ ငယ်လေးကို ကုန်းပိုးမလား ရွေးကြ "
" အုန်းလက်က ဘယ်နှလက်သယ်ရမှာလဲ "
" အစက နှစ်ယောက်တစ်တွဲ သုံးလက်သယ်မှာမို့ ငါ့ဗူးသီးပုတ်လေးပါ ခေါ်လာတာပေါ့ "

အားလုံးခေါင်းကုတ်ရင်း ငယ်ထွေးနှင့် အုန်းလက်အလေးချိန်ကို ချိန်ဆကြသည်။ နောက်တော့ ဤပုဂ္ဂိုလ်လေးကို အိမ်အရောက်ကုန်းပိုးရန် မလွယ်မှန်းသိတော့ အုန်းလက်ကိုသာရွေးချယ်သွားကြသည်။ ကိုလေးနှင့် ကိုဖိုးသားက တစ်ယောက်တစ်လက်စီဆွဲပြီး မမတို့နှစ်ယောက်က နှစ်ယောက်ပေါင်းတစ်လက် သယ်ကြမည်။
ခုတ်ရန်ကျန်သေးသော အုန်းလက်နှစ်လက်ကို ကပ္ပိယကြီးက ကလေးတွေမသယ်နိုင်မှာစိုး၍ ခတ်တိုတို ခုတ်ပေးသည်။

" ကဲ ထမင်းသိုးဟင်းသိုးလေး ကျောပေါ်တက်တော်မူ " ကျန်လေးယောက် အုန်းလက်သယ်တာကို ကိုကိုကြီးရဲ့  ကျောပေါ်က အခန့်သားကြည့်ရင်း ငယ်အိမ်ပြန်ခဲ့ရသည်။ မမတို့နှစ်ယောက်က အရင်းအဖျားတစ်ယောက်စီစွဲလို့ အေးအေးဆေးဆေး။
ကိုလေးတို့ နှစ်ယောက်ကတော့ မဏ္ဍပ်မဆောက်မီ ရပ်ကွက်လေးကို အုန်းတံမြက်စည်းဖြင့် လှဲပေးခဲ့ကြသည်။

အကြိုနေ့မနက်မှာ သူတို့အဖွဲ့ တိုက်ရှေ့ က ပိတောက်ပင်ပေါက်စအောက်မှာ မဏ္ဍပ်ဆောက်ကြသည်။ မမတို့သယ်လာသော အရှည်ဆုံးအုန်းလက်ကို ပိတောက်ပင်စည်မှာကပ်ချည်၊ ကျန်နှစ်လက်ကိုတော့ ပိတောက်ကိုင်းမှာချည်။ ကပ္ပိယကြီးရဲ့  စေတနာကြောင့် ပိတောက်ကိုင်းက အုန်းလက်နှစ်လက်မှာ မြေမှာထောက်မနေဘဲ လေထဲမှာတွဲလွဲ။ လေးလွှာကိုဖိုးသားတို့ အိမ်က ပလတ်စတစ်စည်ပိုင်းလေးတွေ သယ်ချလိုက်တော့ သူတို့ အုန်းလက်မဏ္ဍပ်လေး ပြီးသွားပြီ။

စည်ပိုင်းထဲက ရေနိမ့်ကျသွားချိန်မှာ ငယ်ခပ်ဖို့ မမှီမကမ်းဖြစ်လို့ တစ်ယောက်တစ်လှည့် ခပ်ခပ်ပေးရတာကလွဲလို့ ငယ်တို့ရဲ့  အုန်းလက်မဏ္ဍပ်သင်္ကြန်လေးက ချစ်စရာ ပျော်စရာ သိပ်ကောင်းခဲ့သည်။
အဲဒီ့အချိန်က ကိုကိုကြီးက ခုနှစ်တန်း၊ မမက ငါးတန်း၊ ကိုလေးက သုံးတန်းနဲ့ ငယ်က သူငယ်တန်းဖြေပြီး နွေရာသီကျောင်းပိတ်ထားချိန်ပေါ့

x x x x x x x


လမ်းထဲသို့ ချိုးကွေ့ ဝင်လိုက်ရင်း ကြည့်နေကျအတိုင်း ငယ်တို့အိမ် ဝရန်တာလေးကို လှမ်းကြည့်မိသည်။ မေမေ ရှိမနေသလို ဘာအဝတ်အစားမှ လှန်းထားချင်းလည်းမရှိဘဲ ဝရန်တာလေးမှာ ပြောင်ရှင်းနေသည်။ ဟိုတစ်ချိန်နွေရာသီတုန်းကတော့ ဝရန်တာမှာ လှန်းထားသော ဖေဖေ့အင်္ကျီကို ယူကစားခဲ့ကြဖူးသည်။ ဖေဖေ့အင်္ကျီတွေ လှန်းစရာမလိုတော့အောင် ထာဝရခွဲခွာသွားတော့ ကိုကိုကြီးရဲ့  အလုပ်ဌာနမျိုးစုံမှ ယူနီဖောင်းမျိုးစုံက အစားဝင်ခဲ့သည်။ အခုတော့လည်း ကိုကိုကြီးရဲ့  အင်္ကျီလေးတွေပင် ဝရန်တာမှ မတွေ့ရတာ နှစ်ချီနေခဲ့ပြီ။ သူဝတ်ခွင့် မသာခဲ့သော ဂျူတီကုတ်ကို သူ့ညီမ ငယ်ထွေး ဝတ်နိုင်စေဖို့ အတွက် မလေးရှားမှာ အလုပ်သွားလုပ်နေတာပဲ ငါးနှစ်ကြာခဲ့ပြီကော။ ကိုကိုကြီးမှ မဟုတ်ပါဘူးလေ မမလို မိန်းကလေးတောင်မှ အမကြီးပီသစွာ ငယ်ထွေးတို့ အငယ်နှစ်ယောက်မကြောင့်မကြ ပညာသင်နိုင်ရေးအတွက် နိုင်ငံရပ်ခြားထွက်သွားခဲ့ရတာပဲ

တစ်ခါတစ်ခါတော့လည်း မဖြစ်နိုင်မှန်းသိပေမယ့် အချိန်တို့ကိုနောက်ပြန်ဆွဲကာ အတိတ်မှာ ပျော်ဝင်ချင်မိသည်။
ထိုစဉ်ကနွေရာသီ ကျောင်းပိတ်ချိန် သင်္ကြန်ရက်မျိုးရခဲ့သလို ငယ်တို့ မောင်နှမအားလုံးအတွက် နွေရာသီ ပျော်စရာသင်္ကြန်ရက်များ ပြန်ရချင်ပါသေးသည်။
ဒီနှစ်မှာ မဆုံနိုင်သေးရင်တောင်မှ နောက်နှစ်တွေမှာ ပြန်ဆုံကြဖို့ မြန်မာပြည်မှ မောင်နှမများအားလုံးကိုယ်စား အကြိမ်ကြိမ်အခါခါ ငယ်ဆုတောင်းမိသည်။ ။


x x x x x x x


Blog တစ်နှစ်ပြည့် အမှတ်တရ

ညိုလေးနေ
( 17.04.2012 ) 12:15 am

Sunday, February 12, 2012

ဖေဖော်ဝါရီကို ခွဲခြမ်းစိတ်ဖြာခြင်း

ဖေဖော်ဝါရီမှာ .....
လူနာ (lunar) နှစ်သစ်ကူးနဲ့ တိုက်ဆိုင်တတ်သတဲ့
ကော့ကေးရှန်းတွေက ဘာကြောင့် စောပြီး နှစ်သစ်ကူးတာလဲ
တချို့ တွေကရော ဘာလို့ နောက်ကျကြတာလဲ
တကယ်တော့ မနေ့ က နဲ့ ဒီနေ့ ၊
ဒီနေ့ နဲ့ မနက်ဖြန် ၊ နေ့ တွေထဲက နေ့ တွေပဲ မဟုတ်လား ။

ဖေဖော်ဝါရီမှာ .....
ပင်လုံစာချုပ် ချုပ်ခဲ့သတဲ့
တိုင်းရင်းသားတွေ ဘာကြောင့် လက်မှတ်ထိုးခဲ့တာလဲ
အခုတော့ရော ဘာလို့ လက်နက်စွဲကိုင် နေကြတာလဲ
တကယ်တော့ ကချင် နဲ့ ဗမာ
ဗမာ နဲ့ ကရင် အချင်းချင်းတွေပဲ မဟုတ်လား ။

ဖေဖော်ဝါရီမှာ .....
ဖခင်တစ်ဦးကို မွေးဖွားခဲ့သတဲ့
ထွက်ခွါသွားသူကို ဘာကြောင့် မမေ့နိုင်ကြတာလဲ
ကျန်နေသူတွေကရော ဘာလို့ လေးစားနေကြသေးတာလဲ
တကယ်တော့ စကား နဲ့ ဆန္ဒ
ဆန္ဒ နဲ့ ရလဒ် ၊ ဗိုလ်ချုပ်ရဲ့  လုပ်ရပ်တွေ ထပ်တူကျနေလို့ပဲ မဟုတ်လား ။

ဖေဖော်ဝါရီမှာ .....
ချစ်သူများနေ့ဆိုတာ ရှိသတဲ့
ချစ်သူတွေက ဘာကြောင့် ဒီနေ့လေးကိုမှ တန်ဖိုးထားကြတာလဲ
ဆန္ဒပြု ဆုတောင်းတွေကိုရော ဘာလို့ လုပ်ကြတာလဲ
တကယ်တော့ ချစ်သူ နဲ့ ကိုယ်
ကိုယ် နဲ့ ချစ်သူ့  အတွက် နေ့ တွေတိုင်းဟာ ချစ်ခင်နေဖို့ပဲ မဟုတ်လား ။

နောက်ထပ်ပြီးတော့ .....
နှင်းတွေဝေတဲ့ ဖေဖော်ဝါရီဟာ
ထာဝရ ချစ်စရာကောင်းနေမှာပဲ မဟုတ်လား ..... ။ ။


ညိုလေးနေ
( 14.02.2011 ) 5:30 pm



Analyzing February

In February .....
There is a time of "
Lunar New Year "
while " too late " for " some " to celebrate,
though Caucasians did earlier.

What's the difference anyway,
when " today" and " tomorrow"
are just " days" of the days ?


In February .....

Settled was the " Union Day " ,
famous with the name " Pin Lon" .

Why so different Nowadays ?

What did races sign for when
all the people fought for lives ?
Why some still fight after then ?

Bamar and Shan , they dispute,
so as Kachin , Karen and the rest;
what is the union of an absolute ?

In February .....
Born was a " Father " in history.
Though he left us so early,
we still have him in memories.

Words and wishes we respect,
of one true General as he was,
with all results we except.

In February .....
Precious for lovers is the time

at which they share gift and wish,
a day known for " Valentine " .

A special day for which reasons,
with the love we share every day,
when " special" is for all seasons ?

Besides memories in this special month
with the snowy moments we all love,
"" February " will last forever and be with us.



Translated by ...
Henry Sutherland


Friday, February 10, 2012

ရှရာ

မိန်းကလေးမို့ ထမင်းဟင်းချက် သင်ညှပ်ဖြတ် .....
မသိလိုက်တဲ့ ဓါးရှရာလေးတွေ .....

စာရေးသူမို့ စာရေး စာဖတ် စာတွေမှတ် .....
မသိလိုက်တဲ့ စက္ကူရှတာလေးတွေ .....

ချစ်တတ်သူမို့ အချိန်မရွေး နားထောင်ပေး .....
သိလိုက်ပေမယ့် နာဖို့မေ့နေတဲ့ စကားလုံးရှရာလေးတွေ .....

အရေပြားပေါ်က ရှရာလေးတွေ အလား
နှလုံးသားပေါ်က ရှရာလေးများ

မရင်း၊ မထပ်၊ မနက်၊ မမျက် ပါစေသား ... ။


ညိုလေးနေ
10.02.2012 9:03 am