Tuesday, August 27, 2013

အိတ်မှောက် ဖာသွန် နှစ်ဆယ့်ခွန် (တဂ်ပို့စ်)

 
အစ်မ သက်ဝေ က Tag လိုက်တာကို နှစ်ဆယ့်ခွန်ကနေ  နှစ်ဆယ့်ရှစ် ကူးသွား မှာ စိုးလို့ ရုံးဆင်းအောင် မစောင့်တော့ပါဘူး။ ဘာရမလဲ ရေးနေရင်ကြာတယ်။  အစ်မတွေ စကားနားထောင်တယ်။  မှောက်ဆိုရင်မှောက် ... သွန်ဆိုရင် သွန်ပဲ ။



ဘေးက လွတ်နေတဲ့စားပွဲမှာ သွန်ထည့်လိုက်တယ်။ ကာလကြာရှည်စွာ သိုမှီးထားတဲ့ စိတ်နှလုံးလေးလံစေသော အရာများပါ ပါသွားပါစေသောဝ်း))

အစ်ကိုညီလင်းသစ် .... ညီမလေး အိတ်ထဲမှာလည်း SD Card  ပါလေရဲ့  .... အဟဲ ။     ။


ညိုလေးနေ
၂၇.ဝ၈.၂ဝ၁၃ ( ၄း၅၄ )



Saturday, June 22, 2013

စိတ်မကောင်းဘူး "June"

အခွန်တွေ ပိုပေးလိုက်ရတယ် ... စိတ်မကောင်းဘူး
လစာ မပါတဲ့ လုပ်သက်တွေတိုးလာတယ် ... စိတ်မကောင်းဘူး
မစ္ဆရိယတွေ သိလိုက်ရတယ် ... စိတ်မကောင်းဘူး
မလေးရှားမှာ တို့လူမျိုးတွေ အသတ်ခံရတယ် ... စိတ်မကောင်းဘူး
စိုးရိမ်ပူပန်နေသူတွေ မြင်ရတယ် ... စိတ်မကောင်းဘူး
ငြိမ်းချမ်းရေးက အလှမ်းဝေးနေသေးတယ် ... စိတ်မကောင်းဘူး
မီးခိုးငွေ့တွေ သုံးနိုင်ငံလုံး ရှူ ရှိုက်နေရတယ် ... စိတ်မကောင်းဘူး
လျစ်လျူရှုထားခြင်း ခံရတယ် ... စိတ်မကောင်းဘူး
တိုင်းမ်မဂ္ဂဇင်းက မျက်နှာဖုံးတင် စော်ကားတယ် ... စိတ်မကောင်းဘူး
အချင်းချင်း ရန်လိုနေကြတယ် ... စိတ်မကောင်းဘူး
မေတ္တာတရားတွေ ပျောက်ဆုံးနေကြတယ် ... စိတ်မကောင်းဘူး
ခိုကလေးတွေ သေကြတယ် ... စိတ်မကောင်းဘူး
ခွေးလေးတွေ မှိုင်နေကြတယ် ... စိတ်မကောင်းဘူး
ချစ်တဲ့သူက ခွဲခွါသွားတော့မယ် ... စိတ်မကောင်းဘူး
တစ်ခါက ပြောခဲ့တယ် ပင်ပန်းလွန်းပါတယ် တဲ့
ဒါပေမယ့် ...
တကယ်ကို စိတ်မကောင်းဘူးကွယ်။       ။


ညိုလေးနေ
( 22.06.2013)  10:43 am

Sunday, June 2, 2013

သက်သာစေလို ဝင်ငွေခွန်ကို

“ ပြည်ပနေ နိုင်ငံသားများက နိုင်ငံခြားငွေဖြင့် ရရှိသည့် လစဉ်ခေါင်းစဉ် အောက်ရှိ ဝင်ငွေစုစုပေါင်းအပေါ် ရရှိသည့် နိုင်ငံခြားငွေ အမျိုးအစားဖြင့် ပေးဆောင်စေသည့် ဝင်ငွေခွန်ကို ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၅၊ ပုဒ်မခွဲ (ခ) အရ ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ ကင်းလွတ်ခွင့် ပြုလိုက်ပြီးဖြစ်ပါသည်” ဆိုတော့ စင်္ကာပူမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား တော်တော်များများလည်း ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ အထိ အခွန်ဆောင်ပြီးကြပြီလို့ ထင်ပါတယ်။ ဒါပေမယ့် အခွန်မဆောင်ရသေးတဲ့ သူများရှိရင် သိရအောင်လို့ ရည်ရွယ်ပြီး ရေးလိုက်ပါတယ်။

စင်္ကာပူမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားများအနေနဲ့ ၂၀၁၀ မတ်လအထိ မြန်မာအစိုးရကို ဝင်ငွေခွန်ဆောင်ထားပြီးလျှင်၊ စင်္ကာပူအစိုးရကိုလည်း  ၂၀၁၀ နဲ့ ၂၀၁၁ ဝင်ငွေများအတွက် ဝင်ငွေခွန်ဆောင်ထားပြီးပြီ ဆိုရင်ဖြင့် ၂၀၁၀ ဧပြီလအတွက်ကစလို့ စင်္ကာပူမြန်မာသံရုံးမှာ ဝင်ငွေခွန်ဆောင်စရာမလိုဘဲ စက်ဖြင့် ဖတ်ရှု့စစ်ဆေးနိုင်သည့် မြန်မာနိုင်ငံကူးလက်မှတ် (MRP ) စာအုပ်လဲလို့ ရပါတယ်။

တစ်နေ့က ညီမလေးတစ်ယောက် အိမ်လာလည်ရင်း ပတ်စ်ပို့သက်တမ်းကုန်တော့မှာဖြစ်လို့ အခွန်ဆောင်ပြီး စာအုပ်လဲရန် ဘာတွေလိုအပ်လဲလို့ မေးပါတယ်။ ကျွန်မကလည်း  ဘာ Pass နဲ့ လုပ်နေတာလဲ ၊ အခွန်ဘယ်အထိ ဆောင်ထားပြီးပြီလဲ၊ ဘာစာရွက်စာတမ်းတွေယူသွား ရမယ် စသဖြင့် ကျွန်မအခွန်ဆောင်စဉ်က လုပ်ရိုးလုပ်စဉ်တွေအတိုင်းပဲ ပြောပြမိပါတယ်။

အဲဒီ့အချိန်မှာ ကျွန်မတို့အိမ်ကိုပြောင်းလာခါစ အစ်မက မေးပါတယ် စင်္ကာပူအစိုးရကို နှစ်စဉ်အခွန်ဆောင်ထားလား၊ ဆောင်ထားတယ်ဆိုရင် မြန်မာအစိုးရကို ၂၀၁၀ ဧပြီလ နောက်ပိုင်း ကစလို့ ဆောင်စရာ မလိုတော့ပါဘူး လို့ ပြောပါတယ်။ ကျွန်မ မယုံမရဲနဲ့ အလွန်ပဲ အံ့သြမိပါတယ်။ အဲလိုမျိုး ဆောင်စရာမလိုတဲ့ အကြောင်းလည်း တစ်ခါမှ မကြားမိပါဘူး။ စင်္ကာပူအစိုးရနဲ့ မြန်မာအစိုးရကြားမှာ Agreement for Avoidance of Double Taxation ရှိခဲ့တာ ဟိုးအရင်ကတည်းကလည်း သိခဲ့ပါတယ်။ Print ထုတ်ပြီးတော့လည်း ဖတ်ဖူးပါတယ်။ တခြားနိုင်ငံတွေမှာ ရောက်နေတဲ့ သူငယ်ချင်းတွေနဲ့လည်း ဟိုမှာဘယ်လို ဒီမှာဘယ်လို စသဖြင့်ဆွေးနွေးဖူးပါတယ်။ ကိုယ်တိုင်က စာရင်းကိုင်မို့လို့ အခွန်အကြောင်းလည်း သိသင့်သလောက်တော့ သိပါတယ်။ ဒါပေမယ့် ဘယ်လောက်ပဲသိသိ ဟိုးအရင်က အခြေအနေတွေအရ မဆောင်လို့မဖြစ်တော့ အများဆောင်၊ ကိုယ်လည်းဆောင် လိုက်တာပါပဲ။

ဒါပေမယ့် အဲဒီ့ အစ်မရဲ့ စကားကို ကြားလိုက်ရချိန်မှာတော့ ကျွန်မ အလွန်အံ့သြမိပါတယ်။ ကျွန်မ သိထားတာက ၂၀၁၁ ခုနှစ် သြဂုတ်က ၁၉ ရက်က စလို့ ဆောင်ရမယ့် ဝင်ငွေခွန်ကို ၂% အထိ လျော့ချလိုက်တာ၊ နောက်တော့ ၂၀၁၁ခု ဒီဇင်ဘာအထိပဲ ဆောင်စရာလိုတော့တာ။ အခုတော့ Agreement ထဲက အတိုင်း ၂၀၁၀ မတ်လအထိ မြန်မာဝင်ငွေခွန်ဆောင်ပြီးရင်၊ IRAS မှာ နှစ်တိုင်း filing လုပ်ပြီး စင်္ကာပူအစိုးရကို ဝင်ငွေခွန်ဆောင်ထားတဲ့ အထောက်အထား စုံစုံလင်လင်ပြနိုင်ရင် ၂၀၁၀ ဧပြီလရဲ့ အခွန်ကစလို့ ဆောင်စရာမလိုတော့ပါတဲ့။ ကျွန်မရဲ့ မယုံနိုင်မှုကြောင့် အစ်မက သူကိုယ်တိုင်ဆောင်ထားတဲ့ အထောက်အထား စာရွက်အပြည့်အစုံ ထုတ်ပြပါတယ်။ 


 

ဒီလိုနဲ့ ကျွန်မကို လာမေးတဲ့ ညီမလေးကလည်း အဲဒီ့အစ်မ ပြောပြတဲ့အတိုင်း စာရွက်စာတမ်း အပြည့်အစုံယူပြီး သွားဆောင်ကြည့်မယ်ဆိုပြီး ကျွန်မတို့ print ထုတ်ဖို့ ပြင်ဆင်ကြပါတယ်။ ကျန်တဲ့ လိုအပ်တဲ့ စာရွက်စာတမ်းတွေကတော့ သံရုံး website မှာဖော်ပြထားတဲ့ အတိုင်းပါပဲ။ သဘောတူစာချုပ်ထဲက အတိုင်း နှစ်ထပ်အခွန်ဆောင်ခြင်းမှ ကင်းလွတ်ဖို့ကတော့ IRAS website က My Tax Portal မှာ Singpass သို့ IRAS PIN နဲ့ဝင်ပြီး မိမိအခွန်ဆောင်ခဲ့တဲ့ မှတ်တမ်းတွေကို print ထုတ်သွားဖို့လိုပါတယ်။ အောက်က ပုံတွေထဲက အတိုင်းအဆင့်ဆင့်သွားပြီး print ထုတ်သွားရမှာပါ။
အရင်ဆုံး  www.iras.gov.sg ကို သွားပြီး my Tax Portal ကို log in ဝင်ရပါမယ်။
 
 
Log in အတွက် Singpass သို့ IRAS PIN ရှိဖို့တော့ လိုပါတယ်။ ပုံမှာပြထားတဲ့အတိုင်း My Personal Tax Matters ကိုရွေးပြီး SingPass သို့  IRAS PIN ကို ရွေးပြီး Log in လုပ်ပါ။
 

SingPass နဲ့ Log in လုပ်ရမယ့် စာမျက်နှာပါ။

 
IRAS PIN ကိုသုံးမည့် သူများ အတွက် စာမျက်နှာပါ။
 
 
 
Log in ဝင်ပြီးလို့ မိမိနဲ့ သက်ဆိုင်ရာ စာမျက်နှာပေါ်လာတဲ့အခါ ဘယ်ဘက်ကော်လံရဲ့ အောက်နားမှာရှိတဲ့  View Account Summary  ကို click လုပ်ပါ။
 

Account Summary စာမျက်နှာပေါ်လာတဲ့အခါ Balance ဆိုတဲ့ Column ခေါင်းစဉ်အောက်က နောက်ဆုံးလက်ကျန်ပမာဏကို click နှိပ်ပါ။ အခွန်ငွေ အားလုံးဆောင်ထားပြီးသူများအတွက် S$0.00 ဆိုပြီး ပေါ်နေပါလိမ့်မယ်။ အခု ဒီအောက်က ဥပမာပြထားတဲ့ ပုံထဲမှာတော့ $21.97 ဆိုတာကို click လုပ်ရမှာပါ။ အသေးစိတ် ဖော်ပြထားတဲ့ Summary စာမျက်နှာကို ရောက်သွားပါလိမ့်မယ်။


အောက်ပါအတိုင်း  အသေးစိတ်ဖော်ပြထားတဲ့ စာမျက်နှာကို print ထုတ်ပြီး ယူသွားရပါမယ်။


နောက်ထပ် Print ထုတ်ရန်အတွက် ဘယ်ဘက်ကော်လံက View Correspondence/Notices ကို click လုပ်ပါ။ အဲဒီ့ စာမျက်နှာ ပေါ်လာတဲ့အခါ Category ဆိုတဲ့ ကော်လံခေါင်းစဉ်အောက်မှာ  Letters/Notices  နှင့်  Acknowledgement/Confirmation  ဆိုပြီး တွေ့ရပါလိမ့်မယ်။



Letters/Notices ထဲက Notice of Assessment တွေကို တစ်ခုချင်းဖွင့်ပြီး print ထုတ်ပါ။
 
 


Acknowledgement/Confirmation  ထဲက Acknowledge for E-filing တွေကိုလည်း တစ်ခုချင်းဖွင့်ပြီး print ထုတ်သွားရပါမယ်။


အထက်ကပြောခဲ့တဲ့အတိုင်း print ထုတ်တာတွေအပြင် လျှောက်လွှာ တစ်စောင်လည်း ရေးသွားရပါမယ်။ IRAS က ပို့ထားတဲ့ စာရွက်စာတမ်းတွေကိုပါ ယူသွားနိုင်ရင်တော့ ပိုပြည့်စုံပါလိမ့်မယ်။ 


အမှန်အတိုင်းပြောရရင် အစ်မပြောပြလို့ အဲဒီ့အကြောင်းသိရတဲ့နေ့ညနေက ကျွန်မတော်တော်လေး စိတ်မကောင်းဖြစ်ပြီး နေမထိထိုင်မသာ ဖြစ်သွားရပါတယ်။ အခွန်ဆောင်ဖို့ မသွားခင် မြန်မာသံရုံးဝဘ်ဆိုဒ်က လမ်းညွန်ကို အထပ်ထပ်အခါခါ ဖတ်သွားတဲ့ကြားထဲက အဲဒီ့အကြောင်းကို ကျွန်မ ဘာဖြစ်လို့မသိခဲ့ရတာလဲ ဆိုပြီးတော့ပါ။ နောက်နေ့မှာ ညီမလေးက စာရွက်အပြည့်အစုံနဲ့ သွားတော့ အဆင်ပြေခဲ့ပါတယ်။ သူအခွန်ထပ်ဆောင်စရာမလိုဘဲ စာအုပ်လဲခွင့် ရခဲ့ပါတယ်။ ကိုယ့်တုန်းက မသိခဲ့ပေမယ့် ညီမလေးရဲ့ အလှည့်မှာတော့ သိပြီးကူညီလိုက်နိုင်လို့ ဝမ်းသာရပါတယ်။ ညီမလေးက EP နဲ့မို့  SGD 2096 ဆောင်ရမယ့်အခွန် ကင်းလွတ်ခွင့်ရသွားလို့ပါ။ ဒါပေမယ့် စာအုပ်အသစ်ကိုတော့ နောက်နေ့မှာထုတ်လို့ မရပါဘူး။ စာအုပ်အသစ်ရဖို့ တစ်လ စောင့်ရမှာပါ။  
ဒီစာကို ရေးမယ်ဆိုတော့ သံရုံးက ထုတ်တဲ့လမ်းညွှန်ကို ကျွန်မပြန်ဖတ်ပါတယ်။ ကျွန်မများ မျက်စိရှန်းပြီး Agreement အကြောင်းနဲ့ IRAS စာရွက်စာတမ်း လိုအပ်ကြောင်းတွေ မမြင်မိတာလားလို့ပါ။ အဲလိုဖတ်ရင်းနဲ့ ထပ်တွေးမိတာက Domestic worker ( အိမ်အကူအဖြစ် လာရောက် အလုပ်လုပ်နေသူ ) ဆိုရင်တော့ဖြင့် ၂၀၁၀ ခုနှစ် ဧပြီမှ ၂၀၁၁ ခုနှစ် ဒီဇင်ဘာအထိ ဝင်ငွေခွန်ကို ဆောင်ကို ဆောင်ရမည့်သဘော သက်ရောက်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စင်္ကာပူအစိုးရက အခွန်စည်းကြပ်တဲ့အခါမှာ တစ်နှစ်စုစုပေါင်းဝင်ငွေဟာ SGD 20000 အောက်နည်းတယ်ဆိုရင် Low-wage workers များဖြစ်လို့ Tax Rate ဟာ 0% ဖြစ်ပြီး ဝင်ငွေခွန်ဆောင်စရာ မလိုပါဘူး။ ကျွန်မ သိသလောက် Domestic Worker တွေရဲ့ တစ်နှစ်ဝင်ငွေဟာ SGD 20000 မရှိပါဘူး။ ဒါကြောင့်မို့ IRAS မှာ ဝင်ငွေခွန်ဆောင်ထားကြောင်း စာရွက်စာတမ်းပြနိုင်မှာ မဟုတ်ပါ။ Agreement အရ တဘက်မှာ အခွန်ဆောင်ထားကြောင်း အထောက်အထားပြနိုင်မှ တခြားတဘက်မှာ ကင်းလွတ်ခွင့်ရှိမှာပါ။ 

ဒီစာလေးကို ရေးရတာကလည်း ကျွန်မလိုပဲ မသိဘဲ ဆောင်ပြီးသွားသူတွေ စိတ်မကောင်းဖြစ်ပါတော့လို့ မရည်ရွယ်ပါဘူး။ မဆောင်ရသေးသူများ၊ စာအုပ်လဲချင်သူများ၊ မသိသေးသူများ သိစေရန်ပဲ ရည်ရွယ်ပါတယ်။      ။

ရည်ညွှန်း 

http://myanmarembassy.sg/downloads/consular/mrp_passport_application_handbook.pdf

http://www.iras.gov.sg/irashome/page04.aspx?id=1190#Tax_rates_for_resident_individuals

http://www.iras.gov.sg/irasHome/uploadedFiles/Quick_Links/Singapore-Myanmar%20DTA%20(26%20June%202009).pdf
 
 
 

Sunday, May 26, 2013

ပညတ်တွေ ဆိုပေမယ့်

“ မင်္ဂလာ နံနက်ခင်းပါ မြို ၊ မင်း ရဲ့ စားပွဲနေရာကို လိုက်ပြပေးမယ်၊ ပြီးတော့ အပေါ်ထပ် အောက်ထပ် လုပ်ဖော်ကိုင်ဖက်တွေနဲ့ မိတ်ဆက်ပေးမယ် ”  

ပြုံးရွှင်ဖော်ရွေသော ဝန်ထမ်းခန့်ထားရေး တာဝန်ခံအမျိုးသမီးကြီးကြောင့် ပထမဆုံးနေ့ အလုပ်ဝင်ရခြင်းမှာ စိတ်လှုပ်ရှားပူပန်မှုတွေ သိပ်မဖြစ်တော့ပေမယ့် မြို ဟူသော ခေါ်လိုက်သံကြောင့် လည်ပင်းမှာ တစ်ခုခုနင်သွားသလို ခံစားရသည်။
“ ဟိုင်း ပက်ထရစ်၊ ဒါ တို့ရဲ့လုပ်ဖော်ကိုင်ဖက်အသစ် စာရင်းကိုင်ဌာနက  မြို တဲ့ ”
“ နွေးထွေးစွာ ကြိုဆိုပါတယ် မြို ” 
“ တွေ့ရတာ ဝမ်းသာပါတယ်။ ဒါပေမယ့် ကျွန်မနာမည် အသံထွက် အမှန်က မျိုး  ပါ၊ အမ် ဝိုင် အို … မျိုး ” 
ဘယ်လိုမှ မအောင့်နိုင်တော့တဲ့အဆုံး မျိုး နာမည်အသံထွက်ကို မှန်အောင်ပြင်ပေးမိသည်။ ပက်ထရစ်က ချက်ချင်းမှန်အောင် ခေါ်ဆိုနိုင်ပေမယ့် အန်တီကြီးကတော့ မြို လို့ကောင်းဆဲ။ ခက်တာပဲ။ သူ့ကိုပြင်စေချင်တာ။ သူကမိတ်ဆက်ပေးမှာဆိုတော့ သူလုပ်တာနဲ့ တစ်ရုံးလုံး မြို ကုန်ရင် အခက်။
“ တို့ရုံးမှာ မင်းက ဒုတိယမြောက် မြန်မာလူမျိုးပဲ၊ မင်းအရှေ့မှာ ယောင်္ကျားလေးတစ်ယောက်ပဲ ခန့်ဖူးသေးတယ်၊ လင်း တဲ့။ သိပ်အေးဆေးပြီး နူးညံ့သိမ်မွေ့တယ်၊ တို့တွေ သိပ်သဘောကျတယ် ”
အန်တီကြီးက တစ်ခန်းဝင် တစ်ခန်းထွက် မိတ်ဆက်ပေးနေရင်းက ပြောပြသည်။ သို့သော် သူပြောသော လင်း ကို မတွေ့ရလို့ မေးကြည့်တော့ လင်းက ဆောက်လုပ်ရေး လုပ်ငန်းခွင်ထဲရောက်နေသည် တဲ့။ လင်း ရဲ့ နေရာကို မေးထားလိုက်ပြီး နောက်မှ မျိုး ကိုယ်တိုင်သွားပြီး မိတ်ဆက်လိုက်ပါ့မယ် ဟု ပြောလိုက်သည်။ လင်း ကိုလည်း စိတ်ထဲမှ ကျေးဇူးတင်မိသည်။ မြန်မာလူမျိုးအဖြစ် အရင်ဆုံးရောက်လာခဲ့ပြီး စံထားနိုင်အောင် ပြုမူနေထိုင်ပေးခဲ့လို့ ဖြစ်သည်။ လင်း ကိုတွေ့ရတော့ မျိုး ထင်ထားတာထက်ပင် အေးဆေးလှသည်။ စကားလည်း လိုအပ်တာထက် ပိုမပြောတတ်။
မျိုး ရောက်ပြီး ခြောက်လလောက် အကြာမှာတော့ မြန်မာဝန်ထမ်းများလာခဲ့ပြီ။ စာရင်းကိုင်ဌာနမှာပင် မြန်မာမလေးခန့်လိုက်လို့ မျိုး အဖော်ရနေပြီ။ ခင်သန္တာ တဲ့။ မျိုးက ခင်သန္တာလို့ခေါ်ပေမယ့် တခြားသူတွေက ခင် လို့ပဲ ခေါ်ကြသည်။ ခင်သန္တာသည် သူတို့အတွက်တော့ ခေါ်ရခက်ကာ ခင်တာတာတို့ ခင်တန်ဒါ တို့ ဖြစ်ကုန်တော့သည်။ ခင် ကိုတောင်မှ တစ်ခါတစ်လေ ကင်မ် ဖြစ်ချင်သေးသည်။
မျိုး တို့ မြန်မာတစ်စုတွေ့လိုက်ရင် စလိုက်နောက်လိုက်နဲ့ မြန်မာသံတွေ ညံနေတတ်ပေမယ့် လင်း ကတော့ အရင်အတိုင်း မေးတစ်ခွန်း ဖြေတစ်ခွန်း နဲ့ ပြုံးပြုံးအေးအေးလေးပဲ။ တစ်နေ့ မျိုးတို့ရှိရာ အပေါ်ထပ်သို့ လင်း ရောက်လာသည်။ မျိုးတို့ဆီသို့ လာခြင်းတော့ မဟုတ်။ စာရင်းကိုင်ဌာနကို ဖြတ်လို့ ဝန်ထမ်းရေးရာ အခန်းသို့ သွားခြင်းသာ။ ခဏနေပြန်ထွက်လာပြီး ခင်သန္တာ့ ရှေ့နားအရောက်မှာ လင်းသည် ပြုံးစိစိဖြစ်သွားသည်။ အဲဒါကို သတိထားမိလို့ နှစ်ယောက်သားမေးတော့ လင်း က ဟင့်အင်း ဘာမှမဟုတ်ပါဘူး ဟုဆိုသည်။ သို့သော် အောက်ထပ်သို့ ပြန်ဆင်းသွားသော သူ့မျက်နှာက ရယ်ချင်တာကို မနည်းအောင့်ထားရတဲ့ မျက်နှာမျိုး။ မျိုးတို့နှစ်ယောက် ပဟေဠိဖြစ်ကာ ကျန်ခဲ့ကြသည်။
လင်း ထွက်သွားပြီး သိပ်မကြာလိုက် ဝန်ထမ်းရေးရာ အခန်းမှ အန်တီကြီး ထွက်လာသည်။ သန့်စင်ခန်းသို့ သွားရန်ထွက်လာခြင်း ဖြစ်ပြီး ခင်သန္တာ့ကို မြင်တော့ အရယ်သန်သော အန်တီကြီးသည် တခစ်ခစ် ရယ်ပါလေတော့သည်။ မျိုးတို့ ဝိုင်းမေးကြတော့ သူက အေး ငါလည်း ပြောချင်လို့ထွက်လာတာတဲ့။
လင်း က အိမ်ပြောင်းလို့ လိပ်စာပြောင်းကြောင်း လာပြောတာ။
“ လင်း မင်း သိလား သူဌေးမှာ ဝန်းထမ်းတွေနေဖို့ ပေးထားတဲ့တိုက်ခန်းတစ်ခန်း ရှိတာ ” 
“ ဟင့်အင်း ”
“ အခု တစ်ယောက်ထွက်သွားလို့ တစ်ယောက်စာနေရာလွတ်နေတယ်၊ မင်းနေမလား ငါ သူဌေးကို ပြောပေးမယ် ”
“ ဟင့်အင်း ကျွန်တော် အခန်းငှားပြီးသွားပြီ ”
“ အော် မြို တို့လိုပဲ အခန်းငှားနေတာပေါ့ ”
“ ဟုတ်ကဲ့၊ အခု ကျွန်တော်သူတို့ဆီကို ပြောင်းတာလေ ”
“ ဟင် ဟုတ်လား၊ အဲဒါဆို ခင် ကရော ”
“ ခင်နဲ့လည်း တူတူပဲ၊ ခင်က ကျွန်တော်နဲ့ တစ်ခန်းတည်းနေတာ ”
လင်း စကားသည် အန်တီကြီးအား အကြီးအကျယ် အံ့အားသင့်စေတော့သည်။
“ လင်း  မင်းပြောတော့ မင်းက အိမ်ထောင်ရှိတယ်ဆို ”
“ ဟုတ်တယ်လေ ”
“ အိမ်ထောင်ရှိရက်နဲ့ မင်းတို့က ဒီလိုပဲ နေကြတာပဲလား ”
မျက်လုံးပြူးကာ မေးနေသော အန်တီကြီးရဲ့ မေးခွန်းကို လင်း နားမလည်တော့။ သူ အိမ်ထောင်ရှိတာနဲ့ အဲဒီ့အိမ်မှာ အတူနေကြတာ ဘာဆိုင်လို့တုန်း။ ဘယ်လိုမှ စဉ်းစားမရ။
အေးတိအေးစက် လင်းကို မျက်လုံးအပြူးသားနှင့် တအံ့တသြငေးနေသော အန်တီကြီးသည် ခဏလေးနေတော့ တဖြည်းဖြည်းပြုံးလာကာ
“ လင်း မင်းပြောတဲ့ ခင် က ဘယ် ခင် တုန်း ”
“ ခင် လေ ၊ ကားမောင်းတဲ့ ခင် ”
“ အော် ဟိဟိ ခင်မြောင် ”
“ ခင်မြိုင် ”  လင်းက ပြင်ပေးသည်။
“ ဟိ … ငါက စာရင်းကိုင် ခင် ကို ပြောတာ၊ နေပါဦး  မြို နဲ့ လည်း တစ်အိမ်တည်းဆို ”
“ ဟုတ်ကဲ့ ကိုညိုနိုင် နဲ့လည်း တစ်အိမ်တည်းပါ ”
“ နိုး နိုး ငါမေးတာ မြို  … အဲ … ညိုနွိုင် … ညို … မြို … ဟုတ်တာပေါ့ ခင်တို့ ညိုတို့ နဲ့ တစ်ခန်းတည်း နေမှာပေါ့ ... အဟိဟိ ” 
လင်း သည်လည်း သဘောပေါက်ကာ မရယ်ဘဲ မနေနိုင်တော့။
ပြောရင်းပြောရင်း သူ့စကားသူသဘောကျကာ တဟိဟိရယ်နေသော အန်တီကြီးကို ကြည့်ကာ မျိုးတို့လည်း လိုက်ရယ် မိတော့သည်။ သူ့အခန်းသို့ ပြန်သွားကာနီးမှာ ထပ်ပြောသွားသေးသည်။
“ နင်တို့ တူတူနေကြတာလို့ ငါမှတ်ထားလိုက်တော့မယ်နော် ” တဲ့။
“ သြော် ဘဝဘဝ အမှားခံရတာတောင်မှ လူပျိုလူလွတ်ကလေးနဲ့ မမှား၊ ကင်မ်တန်ဒါ့ ဘဝ သနားစရာကောင်းလိုက် ”
ခင့် ရဲ့ နောက်ဆက်တွဲ ညည်းချင်းကြောင့် မျိုးမှာ ပိုလို့သာ ရယ်ရတော့သည်။
ထိုသို့လူတွေမှားကြပြီး သိပ်မကြာ နောက်တစ်မျိုးပေါ်လာကာ မျိုးတို့ကြားမှာ စနောက်စရာ တစ်ခုတိုးခဲ့သည်။ ဒီတစ်ခါတော့ အောက်ထပ်က မနှင်းဆီ နဲ့ဖြစ်သည်။ ရို့စ် ဆိုသော သူမကို မျိုးတို့ က မနှင်းဆီ ဟု နာမည်ပေးထားကြသည်။ သူမကတော့ အန်တီကြီးလိုမဟုတ်၊ နာမည်တွေကို ပီအောင်ခေါ်နိုင်သည်။ သို့သော်
“ မျိုး နင့်မှာ စွာလင်း ဖုန်းနံပါတ်ရှိလား ”
“ အမ် … စွာလင်း၊ ငါ မသိဘူး၊ မရှိဘူး ”  ဒီနာမည်မျိုး မျိုး မကြားဖူးပါ။ တရုတ် တစ်ယောက်ယောက် ဖြစ်မယ်ထင်သည်။
“ စွာလင်းလေဟာ နင်တို့ မြန်မာပဲလေ ”
“ မြန်မာ … အဲဒီ့နာမည် ငါမကြားဖူးပါဘူး ”
“ စွာလင်း၊ စွာလင်း ဆိုင်ကယ်စီးပြီးရုံးလာတဲ့တစ်ယောက်လေ၊ ဒီနေ့ ခွင့်ယူထားတာ ငါ့မှာ အရေးကြီးကိစ္စရှိလို့ သူ့ကို ဖုန်းဆက်မှဖြစ်မှာမို့လို့ ”
မြန်မာထဲက ဆိုင်ကယ်စီးပြီးရုံးလာတာ တစ်ယောက်တည်းရှိတော့ မျိုးမှာ အူတက်မတတ်ရယ်ကာ ဖုန်းနံပါတ်ပေးလိုက်ရသည်။ နောက်နေ့ “ ကိုကျော်စွာလင်း ” ကိုမေးတော့မှ
“ အေးဟာ ငါ့နာမည် ကျော်ကို ဘယ်လိုမှ မခေါ်တတ်ကြဘူး၊ အဲဒါနဲ့ သူတို့ခေါ်ရလွယ်အောင် လင်း လို့ခေါ်ဆိုတော့ လင်း နှစ်ယောက် ဖြစ်သွားမယ်တဲ့၊ နောက်တော့ မေးတယ် နင်တို့နာမည်က ရှေ့ကပဲခေါ်လို့ရတာလား နောက်နှစ်လုံးတွဲရင်ကောတဲ့၊ ထူးဆန်းတယ်ဟ၊ ကျော်တော့ မခေါ်တတ်ဘူး စွာတော့ ခေါ်လို့ရပြီး စွာလင်း တဲ့၊ ငါလည်း ငါမှန်းကွဲကွဲပြားပြားသိ ပိုကောင်းသေးဆိုပြီး ခေါ်ဟာလို့ ပြောလိုက်တာ ”
မြို တစ်ဖြစ်လဲ မျိုးသည် ထပ်ကာထပ်ကာသာ ရယ်မိတော့သည်။ ရယ်ရင်းနဲ့လည်း တွေးမိသည်။ မျိုးတို့ အားလုံးသည် နိုင်ငံမတူ၊ လူမျိုးမတူ၊ မှည့်ခေါ်ပုံမတူ၊ အသံထွက်ချင်းမတူသော လုပ်ဖော်ကိုင်ဖက်များ၏ နာမည်များကို အမှန်ကန်ဆုံးဖြစ်အောင် ကြိုးစားခေါ်ကြသည်။ တစ်ချို့ကတော့ ပက်ထရစ်တို့ လိုပဲ အင်္ဂလိပ်နာမည် ပေးထားကြသည်။ ဒါပေမယ့် မျိုးတို့ တစ်တွေကတော့ ခုချိန်ထိ မြန်မာနာမည်လေးများကို ဖက်တွယ်ထားကြဆဲ။ ရယ်ကာမောကာနှင့် ကိုယ့်နာမည်လေးတွေ ကိုယ်ထိန်းသိမ်းထားကြသည်။ ရို့စ် ကိုပင် မြန်မာမှုပြုကာ မနှင်းဆီ ဟု နာမည်ပေးလိုက်ကြသေးသည်။ ကဲ … ဘယ်လောက်ချစ်စရာကောင်းတဲ့ မြန်မာမောင်နှမများပါလဲ လို့။   


ရုံးမှ ချစ်သော မောင်နှမများအတွက် အမှတ်တရ  :)
ညိုလေးနေ
( 26.05.2013)  1:45 am

Wednesday, April 17, 2013

Truth & Trust ရဲ့ဆုတောင်း

ဒီနေ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့။ Truth & Trust ရဲ့ ၂ နှစ်ပြည့်မွေးနေ့ ။

ဘလော့ဂ်လေးဖန်တီးခဲ့တဲ့ နှစ်ပတ်လည်ရောက်တိုင်း စာလေးတစ်ပုဒ်ရေးမယ်လို့ ရည်ရွယ်ထားခဲ့တယ်။ ဒါပေမယ့် မတ်လဆန်းကတည်းက စလိုက်တဲ့ အောဒစ်ရယ်၊ အမေ ခဏရောက်နေတာရယ်၊ ခရီးတစ်ခု သွားချင်လို့ web site တွေလိုက်ကြည့် နေတာရယ်ကြောင့် ရေးလက်စ စာလေးတွေတောင် အဆုံးမသတ်နိုင်ခဲ့ဘူး။ စာမရေးနိုင်ပေမယ့် မြန်မာနှစ်သစ်အတွက် ဆုတောင်းလေးတော့ မပျက်ကွက်ချင်ဘူး။

            " အားလုံးအတွက် မင်္ဂလာရှိပြီး အေးချမ်းသာယာတဲ့ မြန်မာ့နှစ်သစ်ဖြစ်ပါစေ "


ညိုလေးနေ