Thursday, November 15, 2012
ယွန်းခဲ့သည် အရှေ့စွန်း နေဝန်း၏ကျွန်းမြေဆီ ( ၂ )
( ၂ ) ဆိုပြီး ဘာမှ မတွေ့ပါလားးးး
ရေးသူက လွဲတတ်၍ စာဖတ်သူတွေပါ လွဲကုန်တာလားးးးး
မဟုတ်ပါ
အပိုင်း ( ၂ ) က ဒီမှာပါရှင် :)
ညိုလေးနေ
Monday, November 12, 2012
ယွန်းခဲ့သည် အရှေ့စွန်း နေဝန်း၏ကျွန်းမြေဆီ ( ၁ )
စနေ၊တနင်္ဂနွေ ပိတ်ရက်နှစ်ရက်သည်
သတင်းစာပုံနှင့် ကွန်ပျူတာရှေ့ တွင် မည်သို့ကုန်သွားမှန်းမသိလိုက်။ ထမင်းစားချိန်ကလွဲ၍
တစ်နေကုန်။ သတင်းစာနှင့် ကွန်ပျူတာအပြင် တခါတရံတွင် နောက်ထပ်နှစ်မျိုး ပါလိုက်သေးသည်။
ဂဏန်းပေါင်းစက် နှင့် တယ်လီဖုန်း။
ထားခဲ့ကြဖူးသော ကတိအတိုင်း
အနောက်ကို သွားချင်သောသူအား ဂဏန်းပေါင်းစက် တပြပြဖြင့် အရှေ့သို့ ပါလာအောင်ဆွယ်ရသည်။
နောက်ဆုံးတော့လည်း စာရင်းကိုင်ပီပီ ဂဏန်းပေါင်းစက် အကူအညီဖြင့် အရှေ့ဆီမှ နေခြည်ဆမ်းရာ
နိုင်ငံလေးဆီသို့ လှမ်းနိုင်ခဲ့လေသည်။
ခရီးစဉ်စပြီ။
ချန်ဂီလေဆိပ်သည် ထုံးစံအတိုင်း ခမ်နားလှပနေသည်။
မခမ်းနားနိုင်တာက ကိုယ်တွေပဲဖြစ်သည်။ ရုံးအဆင်းမှာ ကမန်းကတမ်း ထမင်းစားပြီး အထုပ်ဆွဲထွက်ခဲ့သူတို့သည်
လက်မှတ်ထဲက အတိုင်း ၁.၁၁.၁၂ ရဲ့ မနက် ၀.၅၅
နာရီမှာ လေယာဉ်ပေါ် မတက်ရသေးတာကြောင့် ဆာလောင်ငိုက်မြည်းကာ စောင့်နေကြရသည်။ သည်းခံထားပါသည် လေယာဉ်ပေါ်ရောက်မှ
အဝတီးမည်။
သို့သော် …. လွဲပါသည်။
လေယာဉ်မယ်လေးက ရေတစ်ဗူး၊
ချောကလက်ပိစိလေး နှင့် အာလူးကြော်တစ်ထုပ်သာ လာပေးသည်။ ညလယ်စာ မကျွေး။ ဆာဆာနှင့်စားလိုက်သော
အာလူးကြော်တစ်ထုပ် ကုန်သွားချိန်မှာ နောက်ထပ်အလွဲတစ်ခုကို သွားတွေ့မိသည်။ ဟိုဘက်ဒီဘက်
နှစ်ယောက်ခုံနှစ်တန်းနှင့် အလယ်တွင်လေးယောက်တွဲခုံတန်းပါသော လေယာဉ်မှာ သီးခြားထိုင်ချင်ကြ၍
နှစ်ယောက်ခုံကို ရအောင်တောင်းခဲ့ကြသည်။ လူမပြည့်သော လေယာဉ်ပေါ်က လေးယောက်တွဲခုံတို့တွင်
မမလှလှတို့သည် တစ်ယောက်စီသာရှိ၍ လက်တန်းများကိုခေါက်ကာ ခြေဆန့်လက်ဆန့် အိပ်ဖို့ပြင်နေကြသည်။
မနာလိုစွာဖြင့် လွတ်နေသော နောက်က နှစ်ယောက်ခုံသို့ပြောင်းကာ ကွေးအိပ်ပစ်လိုက်သည်။
ဆာနေတုန်းက မကျွေးသော
လေယာဉ်မယ်လေးတို့သည် ကောင်းကောင်းအိပ်ပျော်သွားတော့မှ မီးတွေ ထိန်ထိန်လင်းအောင်ဖွင့်လို့
နှိုးကာ မနက်စာကျွေးတော့သည်။ မစားမဖြစ် စားရချေဦးတော့မည်။
မှုန်ကုပ်ကုပ်ဖြင့်ထလာသူကို
နေမင်းက နှုတ်ဆက်သည်
Narita ….
လေဆိပ်ထဲက အထွက်မှာတော့
ဆောင်းဦးလေငွေ့ငွေ့က ဆီးကြိုသည်။ လေဆိပ်မှ Airport Limousine စီးကာ Tokyo-City Air terminal သို့သွားရမည်။
ထိုမှတဆင့် တည်းခိုရာ Ginza ရပ်ကွက်သို့။ Limousine ဂိတ်မှ ဝန်ထမ်းတို့သည် သူတို့ဘာသာစကားဖြင့်
တတွတ်တွတ် မရပ်တမ်းပြောနေကြသည်။ ဘာတွေပြောမှန်းမသိ။ နောက်ဆုံးတော့ International
Language ကိုသုံးကာကိုယ့်ဖာသာကိုယ် နားလည်လိုက်သည်။ လက်ဖဝါးပြတာ စောင့်နေဦးလို့ ပြောတာပဲပေါ့
နော ။
Narita မှ
Tokyo City Airport Terminal သို့ တစ်နာရီခန့်စီးရသည်။
ထိုမှ ဟိုတယ်သို့ Taxi ဖြင့်
ဟိုတယ်မှာ အထုပ်တွေအပ်ကာ
သွားချင်တဲ့နေရာကို လမ်းညွှန်ဖို့ ဟိုတယ်ဝန်းထမ်းကို ပြောတော့ စာရွက်လေးတစ်ရွက် ထုတ်ပေးသည်။
ရထားစီးကာ သွားပစ်လိုက်မည်ဟု အားခဲထားသူနှစ်ယောက်သည် စာရွက်လေးကိုကြည့်ကာ နဲနဲတော့ဖြုံသွားသည်။
နောက်ထပ်ဘာအရောင်နဲ့
ဘာလိုင်းထပ်ဆွဲရင် ကောင်းမလဲ
ဟိုတယ်ဝန်ထမ်းလေးက
သဘောကောင်းစွာဖြင့် သွားလိုသောနေရာ၏ သူတို့ဘာသာအသံထွက်ကို အင်္ဂလိပ်လိုပင် ရေးပေးလိုက်သေးသည်။
ဟိုတယ်နှင့်ဘူတာက နီးနီးလေးမို့ မရှာရ။ သို့သော် လက်မှတ်ဝယ်ရတာတော့ နဲနဲဦးနှောက်စားသည်။
ဂျပန်လိုတွေသာရေးထားသော screen ပေါ်မှာ English ဆိုသော ထောင့်ကပ်နေသည့် စာလုံးလေးကို
တော်တော်နှင့်မမြင်မိ။ လက်မှတ်အမျိုးအစားကလည်း တစ်မျိုးတည်းမဟုတ်။ နောက်ဆုံးတော့ တစ်နေကုန်
ရထားကလွဲ၍ ဘာမှမစီးမှာသေချာသော သူနှစ်ယောက်သည် တစ်နေကုန်စီးလို့ရသော တစ်နေ့စာလက်မှတ်ကိုသာ
ယူလိုက်ကြသည်။ Imperial Palace ကိုသွားကြမည်။
ဘူတာထဲရောက်တော့ မြန်မာကိုရင်လေးများကိုတွေ့ရသည်
အပြင်မှာမဟုတ် ဓါတ်ပုံထဲမှာပေမယ့် ဝမ်းသာမိသည်။ ANA လေကြောင်းလိုင်း မြန်မာပြည်ကို
ပျံသန်းနေပြီ။ နောက်မှ သိရသည်က ထိုလေကြောင်းလိုင်းက ခရီးသည်တင် အကြီးစားလေယာဉ်တော့ မဟုတ်သေး။
Business Class ခုံ ၃၀ သာပါသော လေယာဉ်ဖြစ်သည်ဟုဆိုသည်။
သွားလိုရာဘူတာရောက်တော့
ဘယ်အပေါက်ကထွက်ရမှန်းမသိ။ မီးရထားဝန်ထမ်းကို အင်္ဂလိပ် လိုသွားမေးကြသည် သူကဂျပန်လို ပြန်ဖြေသည်။
ကိုယ်ပြောတာ ဘာမှန်းမသိပေမယ့် ထိုးပြသော မြေပုံစာရွက်ကြည့်လို့ သူကလက်ညှိုးညွှန်သည်။
သူပြောတာနားမလည်ပေမယ့် လက်ညှိုးညွှန်ရာအတိုင်းလိုက်တော့ လိုရာအပေါက်ရောက်သည်။ အဆင်တော့ပြေသား။
ဘူတာကအထွက် လှမ်းမြင်ရသော
နန်းတော်
ထိုနေရာကို ရောက်အောင်လျှောက်ဖို့
ရှေ့နားကပန်းခြံထဲတွင် ဗိုက်ဖြည့်ကြသည်။ ဒီလိုနှင့် မထင်မှတ်ဘဲ သူ့ကိုသွားတွေ့မိသည်။
သူက ခန့်ညားထည်ဝါလှပေမယ့် သူ့နာမည်ကိုတော့ မခေါ်တတ်ပါဘူး။ ဒါပေမယ့် သူဦးထုပ်ဆောင်းထားပုံ၊
ဓါးကိုင်ပုံ နှင့် မြင်းစီးပုံကိုကြည့်ပြီး ရင်းရင်းနှီးနှီး ဖြစ်သွားအောင် ကိုယ်ကပဲ
နာမည်ပေးခဲ့သည်။
ဂျပန် ဗန္ဓုလ
နန်းတော်ဝန်းကျင်သည်
ကျယ်ပြန့်ပြီး အသက်ရှုလို့ကောင်းလှသည်
နန်းတော်ရှေ့ရောက်ပြီ
ဝင်လို့လည်းမရပါလား။
ရှင်းပြမည့်ဂိုက်လည်းမပါ။ ကိုယ့်ဟာကိုယ် ပြန်ရှင်းပြခဲ့သည်။ ဟိုနားတွင် ဟိုလူတို့နေ၍
ထိုနားတွင် ထိုသူတို့နေလိမ့်မည်။ အဝေးကချောင်းတော့ လူတစ်ယောက်တွေ့သည်။ အခုခေတ်အခေါ် လုံခြုံရေးဖြစ်ပေလိမ့်မည်။
ကိုယ်ကတော့ နန်းတော်နှင့်လိုက်ဖက်စွာ တခါးမှူးဟုသာ ခေါ်ချင်သည်
နန်းတော်ရှေ့က ထွက်ခွါတော်မူလာပြီး
နောက်တစ်နေရာသို့ သွားတော်မူကြသည်။ သို့သော် လွဲတော်မူကြပြန်ပါသည်။ ညွှန်သည့် ညီမလေးက
သေချာညွှန်ပေမယ့် လွဲသည့် နှစ်ယောက်က ဘာတွေဘယ်လိုလွဲသည်မသိ Koishikawa Korakuen ဥယျာဉ်သို့ သွားသူနှစ်ယောက်သည် သစ်ပင်မမြင်ရသော တိုက်များကြားသို့
ရောက်သွားကြသည်။ စားသောက်ဆိုင်များ၊ ဘဏ်များ၊ မိန်းကလေးသီးသန့်ကလပ်များနှင့် တော်တော်စည်ကားသော
နေရာဖြစ်သည်။ နောက်မှသိရသည်မှာ Ikebukuro ဆိုသောထိုနေရာသည် တိုကျို၏အထင်ကရမြို့နယ်များတွင်
တစ်ခုအပါအဝင်ဖြစ်သည်ဆို၏။
တိုက်များကြားမှာ
ပန်းခြံရှာ
ဒီနားတော့ ဒီနားပဲ
ဒါပေမယ့် ဘယ်နားလဲ မသိဘူး
စိတ်ရှိလက်ရှိ လျှောက်ကြည့်ကြပြီး
ဟိုတယ်ပြန်ခဲ့ကြသည်။ check in လုပ်ရဦးမည်။ ဟိုတယ်မှပြန်ထွက်တော့ ၄ နာရီကျော်ပြီ။
Asakusa သွားကြမည်။ ဗုဒ္ဓဘုရားကျောင်း ရှိသည်ဆို၏။ ဘူတာရောက်၍ဘုရားကျောင်းရှိရာ ထွက်ပေါက်မှထွက်ပြီး
အပြင်အရောက် ကောင်းကင်ပြင်ကိုကြည့်အံ့သြမိသည်။ နာရီကို ပြန်ကြည့်လိုက် ကောင်းကင်ကိုကြည့်လိုက်နှင့်
“ စင်္ကာပူမှာဘယ်အချိန်နေဝင်သလဲ ” ဟု ရေခြားမြေခြားက လှမ်းမေးဖူးသော သူငယ်ချင်းအသံကို
ပြန်ကြားယောင်ရင်း စူးစမ်းလေ့လာမှု အားနည်းနေသေးကြောင်း ကိုယ့်ကိုယ်ကိုယ်မြင်မိသည်။
အချိန်ကိုတန်ဖိုးထားကြောင်း
ဒေါင့်ဖြတ်မျဉ်းကြားက သက်သေပြသည်
မီးထွန်းထားသောဈေးဆိုင်တန်းလေးသည်
သန့်ရှင်းလှပ၍ ချစ်စရာကောင်းလှသည်။
သို့သော်ကြာကြာချစ်ချိန်မရလိုက် မှောင်လာတာနှင့်အမျှ
ညနေ၅နာရီမှာပင် ဆိုင်ခန်းများကို သိမ်းနေကြပြီ။
Asakusa Kannon Temple
ဘုရားကျောင်းမှ ပြန်လှည့်လာတော့
ညအမှောင်မှာ မိုးတိုးမတ်တပ်ရပ်နေသော Skytree ကိုတွေ့ရသည်။
သူ့ဆီသွားရဦးမည်။ ဘူတာကို
ပြန်အသွားမှာ ရွာပတ်သည့်ဇာတ်လမ်းစတော့သည်။ စောစောက Asakusa ဘူတာက အထွက်မှာ To
Tokyo Skytree Line ဆိုသော စာတမ်းလေးကို တွေ့လိုက်သည်။ ထိုစာတမ်းလေးကို ပြန်ရှာရန်
အောက်သို့ဆင်းသည်။ မျှားအတိုင်းလိုက်သည်။ နောက်တစ်ပေါက်မှ မြေပေါ်သို့ ပြန်ရောက်သွားသည်။
ထို့ကြောင့် နောက်ကြောင်းပြန်ဆင်းသည်။ မီးရထားဝန်ထမ်းကိုမေးသည်။ ထိုလမ်းကြောင်း မှန်ကြောင်းပြော၍
ပြန်တက်သည်။ မျှားအတိုင်းလိုက်ကြပြန်သည်။ ဘူတာကြီးတစ်ခုကိုရောက်သည်။ လှေကားတက်သည်။
ရထားတွေတွေ့သည်။ သို့သော်စောစောက ဘူတာပုံစံမျိုးမဟုတ်သလို ရထားပုံစံတွေကလည်း မတူ။ မသင်္ကာဖြစ်သည်။
မစီးဘဲပြန်ဆင်းကြသည်။ လာလမ်းအတိုင်းပြန်လျှောက်သည်။ လျှောက်ရင်းမှ Tokyo Subway
Route Map ကို ပြန်ကြည့်ကာ ရယ်မိတော့သည်။ Skytree Line က Skytree ဆီကိုသွားတာမှ မဟုတ်ဘဲ။
နာမည်ပေးထားခြင်းသာ။ အမှန်တော့ အလာတုန်းက ရထားလိုင်းကို Asakusa ဘူတာမှ နောက်ထပ်တစ်ဘူတာ
Oshiage သို့ ဆက်စီးသွားရုံသာ။ ဒီလိုနှင့် Skytree ၏ အောက်ခြေသို့ ခြေညောင်းလျှာထွက်ကာ
ရောက်သွားကြလေသည်။
Skytree ကို လာကြသူများမှာ
နိုင်ငံခြားသားတွေထက် ဂျပန်လူမျိုးတွေက ပိုများသည်။ ဖွင့်တာမကြာသေး၍ သူတို့လည်း မတက်ဖူးကြသေးဘူးထင်သည်။
နောက်ထပ်ထူးခြားသည်က တန်းစီနေကြသူများမှ ၁၀ ယောက်မှာ ၈ယောက်လောက်က စုံတွဲတွေဖြစ်နေကြခြင်းပင်။
ဂျပန်မှာ အိမ်ထောင်ပြုနှုန်း ကျဆင်းနေသည်ဆိုသည်မှာ ဤတန်းစီနေသောလူအုပ်ကိုကြည့်က ယုံချင်စရာမရှိ။
လက်မှတ်အရောင်းကောင်တာမှာ နာရီဝက်ခန့် တန်းစီပြီးနောက် ၃၅၀ မီတာအမြင့်အထိ တက်ခွင့်ရသည်။
၄၅၀ မီတာအထိဆက်တက်ချင်လျှင်
ပိုက်ဆံထပ်ပေးရမည်
နေပါစေတော့။ ကျေနပ်ပါပြီ။ အောက်ကတိုကျိုမြို့ကြီးက
ပြောင်းသွားမှာမှမဟုတ်တာ။ ၃၅၀ မီတာမှ တစ်ဆင့်ချင်းပြန်ဆင်းတော့
လက်ဆောင်ပစ္စည်းဆိုင်လေးတွေက ဝယ်ချင်စရာကောင်းအောင် ဆွဲဆောင်သည်။ ကြည့်သည်။ ပြန်ထွက်သည်။
ကိုယ်က ဤနေရာမျိုးတွင် အစ်မတွေ အမြင်ကပ်လောက်အောင် စိတ်ခိုင်သည်။ ဘယ်သွားသွား ဘာမှဝယ်မလာတတ်၍ဖြစ်သည်။
အောက်ငုံ့ကြည့်ရသော ပြတင်းပေါက်မှာ
တည်းခိုရာကို ပြန်လာတော့
တစ်နေ့တာ၏ နောက်ဆုံးအလွဲကို ကြုံရသည်။ မြေအောက်ထဲက ရထားပေါ်မှာ နွေးနေသူကို ဘူတာအထွက်မှာ
လေစိမ်းက စီးကြိုသည်။ တစ်နေကုန် လျှောက်သွားလှုပ်ရှားနေ၍ သိပ်မချမ်းဘူး ထင်ရပေမယ့်
ဆောင်းဦးညကတော့ တော်တော်အေးပါသည်။ လှေကားပေါ်မှ ဘူတာထဲသို့ ပြန်ဆင်းပြေးကာ ကျောပိုးအိတ်ထဲမှ
ဦးထုပ်၊ လက်အိပ် နှင့် မာဖလာပတ်ကာ တစ်ကိုယ်လုံး အဝတ်လုံးဖြစ်သွားမှ အပြင်ထွက်လို့ရတော့သည်။
ထိုပုံစံဖြင့် စားသောက်ဆိုင်ထဲဝင်သွားတော့ ဘေးစားပွဲမှလူကြီးက အထူးအဆန်း ဖြစ်ကာကြည့်နေတော့သည်။
သူကတော့ ရှပ်အင်္ကျီလေးဖြင့်သာ။
ခဏနေတော့ စားပွဲထိုးလေးက ရေဖန်ခွက်ကလေးလာချသည်။ ဖန်ခွက်မှာ
ရေသီးမနေ။ ရေခဲတုံးလည်းမမြင်ရ၍ ရိုးရိုးရေပဲ ဖြစ်မည်ထင်ကာ လက်အိပ်ချွတ်လို့ လက်လှမ်းလိုက်သည်။
လွဲ ပြန် ပြီ ။
အခုတလော အလွဲများနှင့်သာ
ဆုံဆည်းနေရသည်။ အလွဲများနှင့် လွဲပါစေဟု ဆုတောင်းရဦးမည်။
တနည်းတဖုံဖြင့် ဆက်ပါဦးမည် ။
ညိုလေးနေ
Monday, October 1, 2012
နင်ရဲ့  ငါ (သို့) ငါ့ရဲ့  နင်
မျှော်ကိုးတောင့်တခြင်းတွေကင်း
ပေးဆပ်နှင်း တတ်တဲ့ နှလုံးသား
နည်းနည်းတော့ ခါးသတဲ့
ဒါပေမယ့်
နင့်မျက်ရည်တွေ ငါသုတ်ပေးဖူးသလို
ငါငိုခဲ့ဖူးတာလည်း နင့်ပုခုံးထက်မို့
ယုံတယ် မဟုတ်လား
တို့တွေက
ခံစားချက်တွေနဲ့ ခရီးလွန်နေမှာ မဟုတ်ဘူးဆိုတာ။
တစ်တောင်ပေါ်တစ်တောင်ဆင့်နေတဲ့
ထိပ်ဆုံးကိုသွားတဲ့လမ်း
နည်းနည်းတော့ကြမ်းသတဲ့
ဒါပေမယ့်
နင်ချော်လဲတုန်းက ငါဆွဲထူခဲ့သလို
ငါမလျှောက်နိုင်တော့လည်း နင်တွဲခေါ်လို့
ယုံတယ် မဟုတ်လား
တို့တွေက
ဒဏ်ရာတွေရဲ့ အောက် လမ်းပျောက်နေမှာ မဟုတ်ဘူးဆိုတာ ။
နင်ဖွင့်မပြောတဲ့စကား
ငါ့ရဲ့ နားက ကြားသတဲ့
အဲဒီလိုပဲ
ငါ့မျက်လုံးတွေကလည်း
နင်ကြေညက်နေတဲ့ ဖတ်စာတစ်အုပ်
ပေးဆပ်နှင်း တတ်တဲ့ နှလုံးသား
နည်းနည်းတော့ ခါးသတဲ့
ဒါပေမယ့်
နင့်မျက်ရည်တွေ ငါသုတ်ပေးဖူးသလို
ငါငိုခဲ့ဖူးတာလည်း နင့်ပုခုံးထက်မို့
ယုံတယ် မဟုတ်လား
တို့တွေက
ခံစားချက်တွေနဲ့ ခရီးလွန်နေမှာ မဟုတ်ဘူးဆိုတာ။
တစ်တောင်ပေါ်တစ်တောင်ဆင့်နေတဲ့
ထိပ်ဆုံးကိုသွားတဲ့လမ်း
နည်းနည်းတော့ကြမ်းသတဲ့
ဒါပေမယ့်
နင်ချော်လဲတုန်းက ငါဆွဲထူခဲ့သလို
ငါမလျှောက်နိုင်တော့လည်း နင်တွဲခေါ်လို့
ယုံတယ် မဟုတ်လား
တို့တွေက
ဒဏ်ရာတွေရဲ့ အောက် လမ်းပျောက်နေမှာ မဟုတ်ဘူးဆိုတာ ။
နင်ဖွင့်မပြောတဲ့စကား
ငါ့ရဲ့ နားက ကြားသတဲ့
အဲဒီလိုပဲ
ငါ့မျက်လုံးတွေကလည်း
နင်ကြေညက်နေတဲ့ ဖတ်စာတစ်အုပ်
သူငယ်ချင်းရေ
ယုံတယ် မဟုတ်လား
ဘယ်လောက်ပဲ ဝေးသွားသွား
စာတစ်လုံး စကားတစ်ခွန်းက
တို့တွေအတွက် "အား" ဆိုတာ ။
ယုံတယ် မဟုတ်လား
ဘယ်လောက်ပဲ ဝေးသွားသွား
စာတစ်လုံး စကားတစ်ခွန်းက
တို့တွေအတွက် "အား" ဆိုတာ ။
ညိုလေးနေ
01.10.2012 ( 10:50 am )
Thursday, September 20, 2012
တစ်မြေတည်းမှာ ( ၂ )
သူထွက်သွားပြီး မွန်တို့ တစ်တွေ အမြဲတမ်း
မဆက်သွယ်နိုင်ပေမယ့် လုံးလုံး အဆက်အသွယ် ပြတ်သွားတာမျိုးတော့ မဖြစ်ခဲ့။ မွန်က
အင်တာနက်သုံးလို့ အဆင်ပြေချိန်မှာ အီးမေးလ်ပို့တတ်ပြီး သူကလည်း အချိန်အားရလျှင်တော့ မွန်တို့သိစေချင်သော သူ့အတွေ့အကြုံတွေ ရေးလေ့ရှိသည်။ ဖတ်စေချင်တဲ့ စာအုပ်တွေဆိုလျှင်
သူ့အီးမေးလ်ထဲမှာ တစ်သီတစ်တန်း ပါတတ်သည်။ ဖိုင်ဆိုဒ်ကြီးသော မေးလ်တွေဖွင့်မရပါဘူးပြောမိ၍ စိတ်ရှည်လက်ရှည် အပိုင်းပိုင်းခွဲ ပို့သေးသည်။ ဒါပေမယ့် သူ့ရဲ့  ထုံးစံအတိုင်း
သူအဆင်ပြေခြင်း မပြေခြင်းကိုတော့ ဘယ်တော့မှ မဖွင့်ဟ။ တစ်ခါတစ်လေ မနေနိုင်သူက
မေးမိမှ “ I’m
Ok,take care ” လို့ တိုတောင်းစွာ စာပြန်တတ်သည်။ သူထိုင်စေချင်သော ဆေးခန်းလေးမှာ
ဆက်ထိုင်ဖြစ်တော့ နယ်ကပြောင်းလာပြီး မိတ်ရင်းဆွေရင်း မရှိသော မမထားနှင့် မောင်နှမရင်းချာ
မရှိခဲ့သော မွန်တို့ ညီအစ်မတွေလို တွယ်တာသွားခဲ့သည်။
အခုလည်း မမထားတို့ နဲ့ အတူလိုက်လာဖြစ်တာက
ဘုန်းတော်ကြီးသင် မူလတန်းကျောင်းလေးက ကလေးတွေကို ကျန်းမာရေးဗဟုသုတတွေ ပြောပြရင်း ဆေးစစ်ပေးဖို့ အတွက်။
“ မွန်က ဒီမှာ ရောက်နေတာကိုး ”
“ ဟုတ်ကဲ့ မမထား။ ခေါင်းနဲနဲ မူးလာလို့ ”
“ ရှူဆေးရှူမလား မမထား မှာပါတယ် … အဲ … ငါကလည်း
ဆရာဝန်ကို ဆေးကုချင်နေပြန်ပါပြီ ” မမထားက
သူ့အိတ်ထဲက ရှူဆေးထုတ်ပေးရင်း ပြောကာ ရယ်သည်။
“ ဆရာတော်က ကလေးတွေကို တစ်တန်းချင်း
အသင့်ပြင်ခိုင်းထားဖို့ ဆရာမလေးတွေကို ပြောလိုက်ပြီ မွန်ရဲ့  ။ မွန်နေလို့
သိပ်မကောင်းရင် ထမင်းစားလွှတ်ပြီး ကျောင်းပြန်တက်မှစဖို့ ပြောလိုက်မယ်လေ ”
“ နေပါစေ မမထား။ မွန် အခုလိုက်ခဲ့ပါ့မယ် ”
ဒီအချိန်ကို မွန်ကပဲ ရွေးထားခြင်းဖြစ်သည်။ ဆရာဝန်ကလည်း မွန်တစ်ယောက်တည်း၊
စာသင်လည်း မပျက်စေချင်တာကြောင့် ကလေးတွေအားလုံးကို စုပြီးတစ်ခါတည်း မဟောပြောတော့။ သူငယ်တန်းမှ
လေးတန်းအထိ ငါးခန်းထဲရှိတာမို့ တစ်တန်းချင်းဝင်ကာ စကားပြောလိုက်
ဆေးစစ်လိုက်လုပ်မည်။ ကျောင်းလေးဆီကိုအလာ အုတ်ရေကန်လေးနားမှာ တစ်တန်း(ပထမတန်း)
သင်တဲ့ ဆရာမလေးက သူ့တပည့်လေးတွေကို လက်ဆေးပေးနေတာတွေ့ရသည်။ ဆရာတော်၏ ညွှန်ကြားချက်ဖြစ်မည်။
“ သွားနှုတ်မှာလား မသိဘူး ”
ပလုတ်ကျင်းဖို့လုပ်နေသော ကလေးမလေးကို နောက်တစ်ယောက်က
စိုးစိုးရွံ့ရွံ့ မေးလိုက်သံ။
“ မဟုတ်ပါဘူး။ ဘုန်းဘုန်းကပြောတယ်တဲ့ ဆရာမလေး အာပုတ်စော်နံမှာစိုးလို့
ပါးစပ်ဆေးရမယ်တဲ့ ”
ရှေ့က ကလေးမလေးရဲ့  ပြန်ဖြေသံကိုကြားတော့ မွန် မပြုံးမိဘဲမနေနိုင်။
ဟန်ဆောင်ဖုံးကွယ်ခြင်းတွေမရှိဘဲ ရင်ထဲရှိတဲ့အတိုင်းပြောနေတဲ့ ကလေးလေးတွေဘဝက ဖြူစင်လွန်းလှသည်။ ဆရာမလေးကို အာပုတ်စော်နံမှာစိုးတာထက် ကလေးတို့ရဲ
့သွားလေးတွေကျန်းမာဖို့ အစာစားပြီးတိုင်း ပလုတ်ကျင်းရန်
ဟောပြောတဲ့အချိန်မှာ ထည့်ပြောရဦးမည်။
မွန် တို့ရောက်သွားချိန်မှာ သူငယ်တန်းအခန်းက
အဆင်သင့်ဖြစ်နေပြီ။ ကျန်းမာရေးအတွက် လိုက်နာစရာလေးတွေကို ကလေးတွေနားအလည်နိုင်ဆုံး
စကားလုံးလေးတွေ ရွေးကာပြောဖြစ်သည်။ အတန်းရှေ့ က စားပွဲမှာထိုင်ကာ စစ်ဆေးပေးတော့ သူငယ်တန်းကလေးတွေမို့
ဆရာမလေးကခုံမှာထိုင်နှင့်ပြီး သူ့တပည့်တွေကို
တစ်ယောက်ချင်းသူ့ပေါင်ပေါ်ထိုင်ေ စလို့ စစ်ဆေးခံစေသည်။ အနီးအနားမှာ
လိုအပ်တာတွေကူလုပ်ပေးသော မမထားက ဆေးစစ်ပြီးသွားသော ကလေးတိုင်းကို မုန့်တစ်ခုစီဝေသည်။
တစ်တန်းအခန်းမှာ စစ်ပြီးတော့ ကလေးတွေမုန့်စားကျောင်းဆင်းချိ န်မို့
ခဏနားကြသည်။ တချို့ က ရွာထဲပြန်ပြီး ထမင်းစားကြသည်။ ဆရာမလေးတွေက ဆေးစစ်မှာကို
ကလေးတွေကြောက်ပြီး ပြန်မလာကြမှာစိုးလို့ တတွတ်တွတ်မှာကြသည်။ ထမင်းစားပြီးတော့
နှစ်တန်း၊ သုံးတန်း၊ လေးတန်း အစဉ်အတိုင်း တစ်ခန်းဝင် တစ်ခန်းထွက် မွန်နှင့် မမထားတို့ စစ်ဆေးပေးကြသည်။
“ လေးတန်းက ကျောင်းသား နဲသွားတယ်နော် ”
“ ခိုင်းလို့ရတဲ့ အရွယ်တွေရောက်ကုန်ပြီလေ အစ်မကြီးရယ်
”
မမထားရဲ့  မေးခွန်းလိုလို
မှတ်ချက်လိုလို စကားကို ဆရာမလေးက ခပ်တိုတိုလေး ပြန်ဖြေလိုက်ပေမယ့် အဲဒီ့အဖြေလေးရဲ
့နောက်က မကြားရတဲ့ စကားလုံးတွေအတွက် အိမ်အပြန်လမ်းအထိ မွန့် အတွေးတွေ ရပ်မရခဲ့။ ကလေးတွေရဲ့အနာဂတ်အတွက်
မွန်တို့ လုပ်စရာတွေ အများကြီး ရှိသေးသည်။
* * * * * * * * * * *
ရွာလေးကို ဒုတိယအကြိမ် ရောက်ခဲ့ရပြန်ပြီ။ ပထမအကြိမ်
အလှူအတွက် ဆွေးနွေးစဉ်က နေ့ချင်းပြန်ခဲ့ပေမယ့် အခုတစ်ကြိမ်ကတော့ ၃ ရက်ခရီး။ အလှူပွဲမို့
သားငယ် နှင့် မြင့်ဇော်လည်း လိုက်လာတာကြောင့် သူ့ကို သတိရမိပြန်ပါသည်။ အစ်ကိုနိုင်နဲ့ မမထားတို့က ဘိုးဘွားအမွေ
ကျောင်းဝင်းထဲက ဇရပ်ကိုပြင်ပြီး ရွာနှင့် ဘုန်းကြီးကျောင်းကြား ချောင်းကလေးက ခနော်နီ
ခနော်နဲ့ ဝါးတံတားလေးကို ဖျက်ကာ လှည်းမောင်းလို့ရလောက်အောင် တံတားအသစ်ဆောက်ပေးကြသည်။
နေ့လည်းခင်းအချိန် မွန်တို့ ရောက်သွားတော့ အလှူအတွက်
ထမင်းကျွေးမဏ္ဍပ်ထိုးနေကြပြီ။ နောက်နေ့မနက်မှာ အလှူရေစက်ချပြီး
ရွာလုံးကျွတ်ထမင်းကျွေးမှာကြော င့် ဖြစ်သည်။ ညနေစောင်းတော့ အစ်ကိုနိုင်က ပြန်ဆောက်ထားသော
တံတားလေးကို လိုက်ပြသည်။ ချောင်းကလေးက သိပ်မကျယ်။ သို့သော်လည်း
ထိုချောင်းကျဉ်းကျဉ်းလေးကပင် ရွာကလေးကို မြို့နှင့်အလှမ်းဝေးစေသည်။ တံတားမရှိတော့
တစ်ဖက်ရွာအထိ ပတ်ကာသွားနေရသောကြောင့်ပါ။
“ တံတားလေးတောင် တော်တော်ပေတူးနေပြီပဲ ” ရွံ့အလိမ်းလိမ်းဖြစ်နေသော တံတားလေးကိုကြည့်ကာ
သားငယ်က မှတ်ချက်ချသည်။
“ မိုးမကျခင်ကတည်းက အပြီးဆောက်ခဲ့တာလေ သားငယ်ရာ။ ခုဘဲ
တော်သလင်းလရောက်နေပြီ။ သားကြီးက ဒီနှစ်မိုး အမှီပြင်ပေးပါဆိုလို့။ ဒီစိတ်ကူးကို
သူကစခဲ့တာ၊ ကျွန်တော် ဒီနေရာမှာ တံတားဆောက်ပေးချင်တာလို့
ရွာရောက်တိုင်းပြောတယ်။ အခုတော့ သူလုပ်ခိုင်းတာ ငါလုပ်ပေးနိုင်ခဲ့ပြီ။
ပြချင်တယ်ကွာ၊ ဒီကောင်
ပြန်လာနိုင်ရင်ကောင်းမှာ ”
ကျေနပ်အားရစွာ ပြောနေတဲ့ အစ်ကိုနိုင့်စကားကြောင့်
သူ့ကိုပို သတိရမိသွားသည်။ သူ့စိတ်ကူး၊ သူလုပ်စေခဲ့တာတဲ့လား။ သူကတော့
ဒီအကြောင်းတွေပြောပြဖို့ဝေးစွ မွန်ပို့သော မေးလ်တွေမပြန်တာပင် လနှင့်ချီခဲ့ပြီ။
မမထားတို့အလှူသည်
သူ့ကို အလွန်အမင်း သတိရစေမိတာကလွဲလို့ ရွာဓလေ့၊ ရွာအလှူကို မျက်မြင်မကြုံဖူးသော မွန့်အတွက်
ပျော်ရွှင်စရာ၊ ကြည်နူးစရာ ဖြစ်ခဲ့သည်။ အလှူပြီးနောက်နေ့မှာတော့ သားငယ်ရဲ့ အလုပ်ကြောင့် မထင်မှတ်ဘဲ
မနက်အစောကြီး ထပြန်ခဲ့ကြရသည်။ ခရီးမှ ပြန်ရောက်လာသော မွန့်ကို အိမ်တံခါးမှ
သော့ခလောက်ကြီးက ဆီကြိုသည်။ စောစောစီးစီး မေမေ ဘယ်သွားပါလိမ့်။ ဈေးသွားရအောင်ကလည်း
၃ ရက်တာ ခရီးမထွက်ခင်က အပြည့်အစုံ ဝယ်ထားပေးခဲ့သော ဟင်းချက်စရာများ
မေမေတစ်ယောက်တည်း စား၍တော့ မကုန်လောက်သေးပါ။ တံခါးဖွင့်လို့ဝင်ပြီး အထုပ်တွေမှ
အခန်းထဲမပို့နိုင်သေး ဧည့်ခန်းထဲက စားပွဲပေါ်မှာ စာရွက်ပိုင်းလေးရှာမိသည်။ မေမေနဲ့
မွန် နှစ်ယောက်တည်းရှိတဲ့အိမ်မှာ တစ်ယောက်အပြင်သွားတိုင်း ဒီလိုပဲ စာလေးရေးပြီး
အသိပေးနေကျ။
“ သမီးမွေးနေ့ အတွက် မေမေ ဘုရားပန်းသွားဝယ်တယ် ”
ဘယ်အချိန် ပြန်ရောက်မယ်မှန်းမသိတဲ့ သမီးအတွက် စာရွက်လေးပေါ်က
မေမေ ရေးထားလေးမြင်မှ ကိုယ့်မွေးနေ့ကိုယ် သတိရမိသည်။ ဆေးရုံ၊ စာမေးပွဲ၊ အလှူ
စတာတွေနဲ့ ရှုပ်နေခဲ့တာ မွေးနေ့ကိုတောင် သတိမရမိ။ စာရွက်လေးကို စားပွဲပေါ်ပြန်အချမှာ
စောစောက မေမေ့စာရွက်ကို ရှာနေရ၍ သတိမထားမိခဲ့သော အရာတစ်ခုကို တွေ့လိုက်သည်။ ပန်းအိုးလေးနဲ့
ဖိထားသော စာအိတ်ဖြူဖြူလေး။
စာအိတ်လေးကို ယူအကြည့် စာအိတ်ပေါ်က လက်ရေးကြောင့်
နှလုံးသွေးတို့ ရပ်တန့်သွားမလား ထင်ရသည်။ ခြောက်နှစ်ကျော်ကြာအောင် မမြင်ရသည့်
ရင်းနှီးနေသော ဒီလက်ရေး။ စာရေးလေ့မရှိတဲ့ သူ့ဆီကစာကို ဖွင့်နေသော မွန်လက်တို့ တုန်ရီအေးစက်လို့။
“ မွန်
စက်တင်ဘာ ၂၉ရက်နေ့ လေယာဉ်လက်မှတ်ပဲရတယ်။ အလှူကို
ကပ်လွဲသွားပေမယ့် မွန့်မွေးနေ့ဆို မြန်မာပြည် ပြန်ရောက်နေရောပေါ့ ။ ”
မွေးနေ့ဆုတောင်းကဒ် လေးပေါ်က စာကြောင်းလေးနှစ်ကြောင်းက
မွန့်ရင်တစ်ခုလုံး တုန်ခါသွားစေသည်။ ဘယ်တုန်းကမှ မွေးနေ့ဆုတောင်း မလုပ်ခဲ့သူက မွန့်မွေးနေ့ကို
အမှတ်ရနေသေးတယ်ပေါ့။ ကဒ်ပေါ်ကပုံနှိပ်ထားတဲ့ ဆုတောင်းစာလုံးလှလှလေးလေးတွေထက်
သူ့လက်နှင့်ရေးထားသည့်
နှစ်ကြောင်းတည်းသော စာလေးကိုသာ မွန်ထပ်ကာထပ်ကာ
ဖတ်နေမိသည်။
ခဏပြန်လာတာလား၊ အပြီးပြန်လာတာလား။ သူ့ရည်ရွယ်ချက်တွေ
အကောင်အထည်ဖော်နိုင်တဲ့ အချိန်ရောက်တော့မယ်လို့ ယုံကြည်လို့ပြန်လာတာလား။ မွန်တို့ အတူလက်တွဲပြီး အလုပ်လုပ်နိုင်ကြတော့ မှာလား။
မွန့် ဆီကိုပြန်လာတာရော မဖြစ်နိုင်ဘူးတဲ့လား။
ဘာပဲဖြစ်ဖြစ် သူအခု မြန်မာပြည်မှာပေါ့။
အိုး ……… သူနဲ့ တစ်မြေတည်းမှာ ရှိနေတယ်ဆိုတဲ့
အသိတစ်ခုကတင် မွန့်တစ်ကိုယ်လုံးကို နွေးထွေးလုံခြုံသွားစေခဲ့ပြီပဲ။ ။
ညိုလေးနေ
16.09.2012
11:15 pm
Sunday, September 16, 2012
တစ်မြေတည်းမှာ ( ၁ )
မြို့နှင့်မနီးလှသော ရွာလေးမှာ ဆိုပေမယ့် မွန်တို့
ရောက်ရှိသွားရာ ဘုန်းကြီးကျောင်းဝင်းက ကျယ်ဝန်းပြီး သပ်ရပ်လှပသည်။
ပင်မအုတ်ကျောင်းဘေးမှာ ပျဉ်ထောင်နှစ်ထပ်ကျောင်း၊ ထိုဘေးမှာတော့ ဆွမ်းစားဆောင်
ရှိသည်။ အုတ်ကျောင်းနှင့် ရှေ့တည့်တည့် တော်တော် လှမ်းလှမ်းမှာတော့ စာသင်ကျောင်းလေး။
ဘုန်းကြီးကျောင်းဝင်းက ဝင်ပေါက်နှစ်ပေါက်နှင့်။ စာသင်ကျောင်းလေးရှိရာ
တံတိုင်းဘက်မှ ဝင်ပေါက်သည် ရန်ကုန်-မန္တလေး ကားလမ်းမကြီးဆီသို့ သွားရာ
မြေနီလမ်းသို့ ဆက်သွားသည်။ ပင်မအုတ်ကျောင်းရှိရာ တံတိုင်းဘက်မှ ဝင်ပေါက်ကတော့ ရွာထဲမှ
ဘုန်းကြီးကျောင်းကို လာဖို့။ ထိုမျက်နှာချင်းဆိုင် ဝင်ပေါက်နှစ်ပေါက် တလျှောက်ကို
နှင်းဆီပင်လေးများ တစ်ဘက်တစ်ချက် စီရီထားသော လမ်းလေးက ဆက်ပေးထားသည်။ ကျောင်းဝင်းထဲမှာ
ကိုးနဝင်း စေတီလေးလည်းရှိသည်။ ကျောင်းဆောင်တွေနှင့် စေတီကို ထိုလမ်းလေးက
ခြားထားသည်။ စေတီလေး တဝိုက်မှာတော့ မန်ကျည်းပင်တွေ အရွယ်စုံ။
ကျောင်းလေးပေါ်မှ အသာအယာ ခြေဖော့ပြီး ဆင်းခဲ့သည်။
အစ်ကိုနိုင်နှင့် မမထားကတော့ အလှူကိစ္စအတွက် ဆရာတော်ကိုလျှောက်ထား ဆွေးနွေးနေဆဲ။
ဆက်ပြီး ထိုင်နေပေးချင်ပေမယ့် ဆေးရုံကနေ အိမ်မပြန်ဘဲ မမထားတို့နဲ့ အတူလိုက်ကာ ၆နာရီလောက်
ကားစီးလာရသည့် ခေါင်းကမခံနိုင်တော့။ စေတီလေးမှာ ရှိခိုးဦးချကန်တော့ပြီး မန်ကျည်းပင်တွေအောက်
လျှောက်လာခဲ့သည်။ ကျောင်းဝင်းမြေက ညီညာနေပြီး သေချာ လှဲကျင်းထား၍ ခြေဗလာနှင့်
လမ်းလျှောက်လို့ ကောင်းလှသည်။ စေတီလေး၏တဘက်မှာ နင်္ဂါးရုံဘုရားနှင့် ရေကန်ငယ် တစ်ကန်။
ထိုရေကန်လေးနားက သစ်ပင်မြစ်ပျဉ်းမှာထိုင်လို့ ပင်စည်ကိုမှီကာ မျက်စိမှိတ်ပြီး နားနေလိုက်သည်။
ကန်ရေပြင်ကိုဖြတ်ပြီး တိုက်ခတ်လာသော လေက ခေါင်းနောက်ရီဝေနေတာတွေကို အတန်ငယ် လျော့နည်းသွားစေသည်။
ဆရာဝန်ဖြစ်ပြီး ဆေးသောက်ရမှာကို အင်မတန် ဝန်လေးတော့လည်း ခေါင်းနောက် ရီဝေတာလောက်ကို
ဒီလိုနည်းမျိုးဖြင့် ကုစားနေရသည်။
ဆိတ်ငြိမ် အေးချမ်းလိုက်တာ။ ဒီလိုအေးချမ်းစွာ နားနေရခြင်းမရှိတာ
ဘယ်လောက်ကြာပြီလဲ။ ခန္ဓာကိုယ်က အေးချမ်းစွာ နားနေလိုက်တယ် ဆိုရင်ပဲ
စိတ်ကလွတ်လပ်စွာဖြင့် သူနားခိုချင်ရာဆီသို့ လွင့်ထွက်သွားတော့သည်။ မျက်ဝန်းအစုံကို
မှိတ်ထားလိုက်တော့ အတွေးအာရုံမှာ ပုံရိပ်တစ်ခုက ထင်ရှားပြတ်သားစွာ ပေါ်လာသည်။
စိတ်ကို ထိန်းချုပ်မထားချင်တော့ပါ။ အခုလိုအချိန်မျိုးလေးမှာ အားငယ်နွမ်းလျနေသည့်
လူနာများကို ကုသပေးနေသော၊ အမ်အက်စီဖြေရန် အပြေးအလွှား အချိန်လု စာကျက်နေသော
ဆရာဝန်မတစ်ယောက်၊ ဝင်ငွေကို ထွက်ငွေနှင့် မျှတမှုရှိအောင် စိတ်သန့်ရှင်းစွာဖြင့်
ရှာဖွေနိုင်ရန်ကြိုးစားနေသော အိမ်၏ဦးစီး သမီးကြီးတစ်ယောက် မဟုတ်တော့။ ချစ်ရသူကို
သတိရခြင်းများစွာဖြင့် တမ်းတမိသော မိန်းမတွေထဲက သာမန်မိန်းမတစ်ယောက်သာ ဖြစ်နေချင်သည်။
တရားဝင်လွမ်းဆွတ်ခွင့်ဆိုတာ မရှိသေးပေမယ့်၊ မြတ်နိုးစွာနဲ့ သူ့ကို တိတ်တခိုး တမ်းတခွင့်တော့
ရှိသေးတယ်လို့ ယုံကြည်နေဆဲ ……..။
* * * * * * * * * * *
အခုလိုသာ တစ်စုံတစ်ယောက်ကို သတိရနေပါတယ်လို့
သူငယ်ချင်းတွေကြားလျှင် ဘာတွေ ပြောကြမလဲ။ ဟားတိုက်ပြီး ရယ်ကြမလား။ သနားပါတယ်လို့
ဆိုမလား။ အချစ်ဆုံး သူငယ်ချင်း အိ ကတော့ “ နင် ဝဋ်လည်တာ နေမှာပေါ့ ” တဲ့။
ဟုတ်လောက်ပါတယ်လေ။
ကျောင်းတုန်းက လူစုမိလို့ မိန်းကလေးတို့ ထုံးစံ ရောက်တက်ရာရာပြောကြရင်
တကူးတက အလှအပပြင်ရန် ဝါသနာမပါသော၊ ဈေးဝယ်ထွက်ရန် ပေါကြွယ်မနေသော မွန်သည် ရုပ်ရှင်နှင့်
စာအုပ်အကြောင်းက လွဲလျင် အမြဲတမ်း နားထောင်သူ သက်သက်။ ပိုဆိုးတာက
အတန်းဖော်တွေအကြောင်း၊ ချစ်သူရည်းစားတွေအကြောင်း။ ကိုယ်ကစိတ်မဝင်စားလျှင်
ဘာကိုမှခေါင်းထဲမထားတတ်။ စာသင်ချိန်မှာ ကိုယ့်အနား လာလာထိုင်တတ်သူ
တစ်ယောက်အကြောင်း မေးကြတုန်းက ကိုယ်ဘာမှမသိတော့ “ မွန် ကလည်းကွာ ….” ဆိုပြီး
အားမလိုအားမရ ပြောကြသည်။ နောက်တော့ သူငယ်ချင်းတွေကပြောကြသည် “ သူ့ကို သွားမမေးနဲ့။
သူက ဆရာဝန်ဖြစ်ဖို့ကလွဲပြီး ဘာမှစိတ်မဝင်စားဘူး ” တဲ့။
သူတို့ပြောလည်း ပြောချင်စရာ။ အဲဒီ့အချိန်က အိမ်ရောင်းပြီး
ကျောင်းဆက်ထားပေးရသော မေမေ့အတွက် ဆရာဝန်ဖြစ်ဖို့ကလွဲလို့ ခေါင်းထဲမှာ ဘာမှမရှိ။ ကိုယ်နှစ်သက်တဲ့
စာအုပ်တွေအကြောင်း စဉ်းစားတာ၊ စာအုပ်တွေဖတ်တာနဲ့ မိန်းကလေးမပီသစွာ မစပ်စုတတ်တာတွေကလည်း
ပတ်ဝန်းကျင်နဲ့ ကင်းကွာစေသည်။ သူငယ်ချင်းတွေပြောတဲ့ ဘယ်သူက ဘယ်သူနဲ့တွဲလို့
ဘယ်သူတွေကဖြင့် ပြတ်စဲကုန်ပြီ ဆိုတာတွေ ဘာမှမသိ။ မွန့်အနားမှာ ရစ်သီလို့ ဝဲနေတဲ့သူတွေကိုလည်း
အတန်းဖော် သူငယ်ချင်းမိတ်ဆွေအဖြစ်ကလွဲလို့ စိတ်မဝင်စားမိ။ သူတို့အကြောင်းသိဖို့ဆို
ဝေးရော။ တစ်ချို့ ကတော့ မာနကြီးတယ်ထင်ပြီး တစ်ချို့ ကတော့ စိတ်ပျက်သွားကြသည်။
သူငယ်ချင်းတွေကတော့ “ နင် တစ်ယောက်ယောက်ကိုမှ နည်းနည်းလေးမှ စိတ်မဝင်စားဘူးလား ”
ဟု မေးတတ်သည်။ သူတို့မေးတိုင်းလည်း စိတ်ထဲရှိတဲ့အတိုင်း “ ငါ
အိမ်ထောင်မပြုချင်ဘူးဟ။ ငါလုပ်ချင်တာတွေ အများကြီးရှိသေးတယ်။ ကျန်းမာရေးဗဟုသုတနည်းတဲ့
နယ်ဘက်တွေက ကလေးတွေကို ငါဆေးကုပေးချင်သေးတယ်။ တစ်ယောက်ယောက်ကို ငဲ့နေရတာနဲ့
ငါလုပ်ချင်တာတွေ မလုပ်ရမှာစိုးတယ်။ ငါလုပ်ချင်တာ လုပ်ဖို့အတွက်လည်း သူတစ်ပါးကို
ဝန်ထုတ်ဝန်ပိုး မဖြစ်စေချင်ပါဘူး ” လို့ပြန်ပြောမိတတ်သည်။ နောက်ပိုင်းတော့
သူငယ်ချင်းတွေလည်း မမေးကြတော့။
တကယ်တော့ မွန်က အတွေးလွန်ပြီး အဆင့်တွေ ကျော်သွားခဲ့တာပါ။
လုပ်ချင်တဲ့ အလုပ်တွေလုပ်ဖို့နဲ့ အိမ်ထောင်ရေးကို ကြိုတွေးမိတဲ့သူက အချစ်
ဆိုတဲ့အရာကို လုံးလုံးလျားလျားမေ့ထားခဲ့တာကိုး။ အဲဒီ့ ဖန်တီးလို့မရတဲ့ အရာက
ရင်ထဲကို သူ့အလိုလို ရောက်လာပြီး၊ သတိထားမိတဲ့ အချိန်ရောက်တော့ ဖျက်ဆီးလို့လည်းမရတော့။
ဖျက်ဆီးနိုင်စွမ်းလည်း မရှိခဲ့ပါဘူး။
* * * * * * * * * * *
သူ့ကို တစ်ခန်းတည်းမို့ သိနေပေမယ့် ဖာသိဖာသာနေတတ်သော
မွန့်အကျင့်ကြောင့် မရင်းနှီးခဲ့။ သူငယ်ချင်းတွေပြောတဲ့ စကားတွေထဲမှာ သူ ကူညီတတ်တာ၊
စာတော်တာ တွေကြားမိပေမယ့် စာမေးပွဲခဏခဏကျတတ်သောကြောင့် တော်တယ်မထင်ခဲ့။ ဖိုင်နယ်ပတ်ဝမ်းရောက်လို့
နယ်တွေကို အတူတူဆင်းရတော့ မှသိတော့သည်။ တစ်ဖွဲ့လုံးကို ဦးဆောင်သွားတာ၊ အားလုံးကို
မောင်နှမ အရင်းတွေလို သဘောထားကာ အနာခံစရာရှိ သူပဲခံတာတွေ ကိုယ်တိုင်ကြုံရမှ
သူကူညီတတ်တာကို အသိအမှတ်ပြုမိသည်။ နောက်ပိုင်းသူနဲ့ ခင်သွားတော့ သူစာတော်တာလည်း
လက်ခံရတော့သည်။ စာမေးပွဲကျတတ်သည်မှာ စာမရလို့ ညံ့လို့တော့မဟုတ်။ တစ်ခုခုကို
လေ့လာကျက်မှတ်ရရင် တကယ်ကိုနားလည်ရှင်းလင်းမှ စိတ်ကျေနပ်တတ်တာ သူ့အကျင့်။
တစ်ခါတစ်ခါတော့ “ ဟေ့ကောင် … စာမေးပွဲအောင်ပြီးမှ ဆက်လေ့လာလည်း ရတယ်။ မင်းကို
ဘယ်သူမှမတားဘူး။ မင်းဖြေရမှာ ဒီတစ်မျိုးထဲ မဟုတ်ဘူး။ လောလောဆယ် အောင်မှတ်ရအောင်
အရင်ကျက် ” ဟု မြင့်ဇော်က ပြောတတ်သည်။ မြင့်ဇော်ရဲ့  စေတနာစကားကို ဘာမှပြန်မပြောဘဲ
ပြုံးနေတတ်ပေမယ့် နားလည်းမထောင်ပါ။ စာမေးပွဲတွေနဲ့ လုံးချာလည်ရင်း ဆရာဝန်ဘွဲ့ရခဲ့သည်။
သူ့ဆီမှာမှ စာမေးချင်သည့် အတန်းငယ် ညီမတွေကလည်း ဝိုင်းဝိုင်းလည်လို့။
မွန် သူ့ကို ရင်းနှီးခင်မင်သွားတာကတော့ သူရဲ
့နာမည်ကြီးတဲ့ အချက်တွေကြောင့် မဟုတ်ခဲ့ပါ။ ကလေးတွေကို ကျန်းမာရေးအသိပညာ ပေးချင်လှပါချည်ရဲ
့လို့ ပြောတတ်သော မွန်ရှေ့ မှာ မွန့်လို စကားတစ်ခွန်းမှ မပြောဘဲသူက လက်တွေ့ လုပ်သွားတဲ့အခါ၊
အတန်းတူချင်း ဆရာလုပ်လို့သည့် ပုံမျိုးမဟုတ်ဘဲ မွန်သိချင်တာတွေကို သင်မှန်းမသိ သင်ပေးသွားတဲ့အခါ၊
တမင်ရင်းနှီးချင်လို့ စာလာမေးသည့် မိန်းကလေးတွေကို စာကလွဲလို့ အပိုမပြောဘဲ
တည်တည်ကြည်ကြည် ဆက်ဆံတတ်တာတွေ တွေ့ရတော့ မွန်သူ့ ကို မလေးစားပဲ မနေနိုင်တော့။
ဖိုင်နယ်ရောက်မှ ခင်ကြပေမယ့် မွန်တို့နှစ်ယောက်ရဲ့
ခင်မင်မှုက တခြားသူငယ်ချင်းတွေထက် ပိုခဲ့သည်။ မွန်ကတော့ မွန်တို့ရဲ့  စိတ်ကူးတွေ၊
ရည်ရွယ်ချက်တွေ တိုက်ဆိုင် တူညီမှုကြောင့် လို့ထင်သည်။ ဒါပေမယ့် မွန့်အကြောင်းသိသော
သူငယ်ချင်းတွေက ဘာမှမေးကြသလို၊ သူ့အကြောင်းသိသော သူငယ်ချင်းတွေကလည်း မစရဲကြ။
မွန်ဟာ သူ့ရဲ့ အခင်ဆုံး မိန်းကလေးသူငယ်ချင်းပါဆိုတာကို
ဘယ်တော့မှ ထုတ်ဖော်မပြောခဲ့သလို မွန်တို့နှစ်ယောက်ကိုတွဲလို့
စနောက်ခံရမှာမျိုးကိုလည်း သူက သတိထားပြီး ရှောင်တတ်သေးသည်။ မှတ်မိပါသေးသည်
သူအာဖရိက ကိုသွားခါနီးမှ ကပ်ပြောလို့ မွန်တော်တော်လေးစိတ်ဆိုးမိတာ။
“နင်ဘာလို့ ငါ့ကိုမပြောတာလဲ။ ဒီအလုပ်မျိုးကို
ငါရည်ရွယ်တာ သိရဲ့ သားနဲ့ ၊ ငါလည်း လျှောက်ချင်တာပေါ့ ”
“ မွန် ငါသွားမှာ ဆရာဝန်တစ်ယောက်အနေနဲ့ မဟုတ်ဘူး။
ဆေးဝန်ထမ်းတစ်ဦးအနေနဲ့ပဲ သွားမှာ။ အဓိကက ပြင်ပကမ္ဘာကို လေ့လာချင်လို့။ တစ်နေ့ကျရင်
ငါတို့တိုင်းပြည်က ကျန်းမာရေး အသိပညာနည်းပါးတဲ့ ဒေသတွေအတွက် ငါလေ့လာခဲ့တာတွေကို
ပြန်အသုံးချဖို့။ လောလောဆယ်က ငါတို့မှာ ပညာပဲရှိတယ်။ ပညာတောင်မှ ဘွဲ့ တစ်ခုစာပဲရှိသေးတာ။
မင်းတို့သိပါတယ်။ ဒီအချိန် အပြင်ထွက်ဖို့ ငါတို့ဆရာဝန်တွေအတွက်
ဘယ်လောက်ခက်ခဲလဲဆိုတာ။ ဒါပေမယ့် ငါသွားမယ်။ ငါ့ ဆမ အသိမ်းခံရရင်တောင်
ငါပြန်လာတဲ့တစ်နေ့ ငါသိခဲ့တာတွေနဲ့ မင်းတို့ရဲ့  ဆမ နဲ့ အတူတွဲလို့ ရအောင်ပေါ့။
မင်းတို့နဲ့ မလုပ်နိုင်လည်း နောက်မျိုးဆက်တွေနဲ့ပေါ့ကွာ ”
သူ့ရဲ့စကားတွေအတွက် မွန်တို့ သုံးယောက်လုံး ပြန်ပြောစရာ
စကားမရှိ။ ဒီလိုအချိန်မျိုးမှာ အခုလောက် ပွင့်ပွင့်လင်းလင်းပြောနေတာကိုက မွန်တို့
သုံးယောက်ကို ခင်မင်ယုံကြည်လွန်းလို့မှန်း သိသာနေပြီ။
“ ပြီးတော့ ငါ့မှာ မိဘတွေ မရှိတော့ဘူး။ ငါ့ညီ သားငယ်တစ်ယောက်တည်းပဲရှိတာ
အခုသူလည်း အရွယ်ရောက်ပြီ သူ့ကိုယ်သူထိန်းသိမ်းနိုင်ပြီလို့ ငါယုံကြည်လို့
ဒီအလုပ်ကို လုပ်မယ်ဆုံးဖြတ်ခဲ့တာ။ နင်က အမေ့ကို တစ်ယောက်တည်း ထားခဲ့မလို့လား မွန်။
ထားခဲ့ရက်လို့လား။ ” သူ့ရဲ့နောက်ဆက်တွဲစကားကြောင့်
မွန် မှင်တက်မိသွားသည်။ မွန်က မစဉ်းစားမိခင်မှာဘဲ
သူကမွန့် မေမေအတွက်ပါ စဉ်းစားပြီးပါပကော။
“ နယ်က ငါ့
အစ်ကိုဝမ်းကွဲလင်မယား ငါ့ညီနဲ့လာနေပေးလိမ့်မယ်။ ငါ့ ဆေးခန်းကိုတော့ မင်းတို့ကို
ဆက်ဖွင့်စေချင်တယ်ကွာ ”
သူက သူ့အိမ်ရှေ့ဝင်းလေးထိပ်မှာပဲ ဆေးခန်းဖွင့်ခဲ့သည်။
ဆရာဝန်ပေါက်စဆိုပေမယ့် မရှိမရှား အလတ်တန်းစား ရပ်ကွက်လေးထဲမှာ သူ့စေတနာက
ရောင်ပြန်ဟပ်ခဲ့သည်။
“ မင်းကဆေးခန်းကို ငါတို့ကို ဆက်ဖွင့်စေချင်တယ်သာပြောတာ၊
ဆေးခန်းထိုင်ချိန် စကယ်ဂျူးကအစ အားလုံး စီစဉ်ထားပြီးသွားပြီပဲ။ ငါ့ တချို့  အချိန်တွေ
မိမွန်နဲ့ လဲမှ ဖြစ်မယ်ထင်တယ်။ ဟဲ့ မယ်အိ နင်လည်းကြည့်ဦး အချိန်တွေ အဆင်ပြေမပြေ ”
“ ထားလိုက်ပါဟာ၊ မွန်က ဒီဆေးရုံမှာ ဘယ်လောက်ကြာမှာမို့လဲ၊
ဆေးရုံပြောင်းရလို့ အချိန်တွေပြောင်းရင် နင်နဲ့ငါ ချယ်လှယ်ကြတာပေါ့ ”
မြင့်ဇော် နဲ့ အိ တို့က ညစ်ကျယ်ကျယ်ပြောကြတော့ သူကဘာမှ
ပြန်မပြောဘဲ ရေနွေးသောက်ရင်းပြုံးနေခဲ့သည်။
ပြင်ဆင်စရာတွေ ရှိသေးသည်ဟုပြောကာ သူပြန်သွားတော့ မြင့်ဇော်က
“အဓိကက နင့်အတွက်ပါ မွန်ရာ၊ နင်ဆေးခန်းထိုင်ဖို့
အဆင်မပြေဖြစ်နေတာသိလို့ သူစီစဉ်ပေးခဲ့တာပါ။ အချိန်တွေကိုပဲကြည့်၊ နင်အဆင်ပြေမယ့်
အချိန်တွေကြည့်ပဲ၊ အိမ်အပြန် မိုးချုပ်မှာလည်း စိုးရိမ်သေးတယ်။ ဒါပေမယ့် အဲဒီလို
မပြောလို့ ငါတမင် ကလိလိုက်တာ။ တသက်လုံးလည်း ပြောမယ့်ကောင် မဟုတ်ပါဘူး ”
မြင့်ဇော် စကားကြောင့် စိတ်ဆိုးခြင်း၊ အံ့သြခြင်း၊ ရင်ထဲလစ်ဟာသွားခြင်း
စတဲ့ခံစားချက်များအားလုံး ဝမ်းနည်းခြင်းသို့ပြောင်းကာ မွန် ငိုချင်လာမိသည်။ သူရော၊
မွန်ရော တစ်ယောက်ကိုတစ်ယောက် ငဲ့နေစရာမလိုအောင် စောင့်နေရမယ့်
စကားမျိုး မပြောခဲ့တာကို မွန်တို့ နှစ်ယောက်ပဲ နားလည်ခဲ့ကြသည်။ သူများကို ဝန်ထုတ်ဝန်ပိုးမဖြစ်စေချင်ခဲ့သော
မွန်သည် သူ့အတွက်ဝန်ထုတ်ဝန်ပိုးဖြစ်မှာ အလွန်စိုးရိမ်သော သူတစ်ယောက်ကို
ချစ်ခဲ့မိလေပြီ။
ဘယ်လောက်ကြာအောင် သူထွက်သွားမှာလဲ။
သူက မပြောပြခဲ့သလို မွန်ကလည်း ဘယ်တော့မှ မေးဖို့
မရည်ရွယ်ခဲ့ပါ။
* * * * * * * * * * *
ဆက်ပါဦးမည်
Subscribe to:
Posts (Atom)
