Thursday, November 29, 2012

ယွန်းခဲ့သည် အရှေ့စွန်း နေဝန်း၏ကျွန်းမြေဆီ ( ၅ )


၅ ရက်မြောက်နေ့တွင်တော့ ခရီးသွားနှစ်ဦးသည် မနက်အစောကြီးမထကြဘဲ ရာသီဥတုအေးအေးမှာ စောင်ပုံထဲတွင် တစ်နာရီခန့် ပိုကွေးကြသည်။ အရင်နေ့တွေကလို တိုကျိုမြို့ပြင်ဘက်ခရီးစဉ်များ စီစဉ်ထားခြင်းမရှိ။ သူငယ်ချင်းတစ်ဦးနှင့် တွေ့ကြမည်။ ပြီးလျှင် ထိုသူငယ်ချင်းအားမေးမြန်းကာ ပြတိုက်သွားမည်။ ခရီးသွားတစ်ဦး မဖြစ်မနေသွားရမည့် အရပ်ကိုသွားမည်။
ချိန်းဆိုထားသော ဘူတာသို့ရောက်သောအခါ အသင့်စောင့်ဆိုင်းနေသော သူငယ်ချင်းကဆီးကြိုသည်။ ဆယ်နှစ်ကျော်ကြာမတွေ့ရသော သူငယ်ချင်းသည် ပိုမိုရင့်ကျက်လာသည်မှလွဲ၍ ဘာမှပြောင်းလဲမသွား။ ငယ်စဉ်က အတန်းခေါင်းဆောင်၊ အသင်းခေါင်းဆောင်လုပ်ခဲ့သူပီပီ သွက်လက်ဆဲ၊ တက်ကြွဆဲ၊ ကူညီဦးဆောင်ချင်စိတ်ရှိဆဲ။ ခရီးသွားနှစ်ဦးသည် ကျောင်းသူတွေလိုလို ဘာလိုလိုဖြင့် သူငယ်ချင်းတက်ရောက် သင်ကြားနေရာ တိုကျိုတက္ကသိုလ်ကြီးသို့ လေ့လာရေးခရီးအဖြစ် ပါသွားကြလေသည်။
ကျောင်းအဝင်ဝ မုခ်ဦး

 တော်သေးတယ် ဟိုးအောက်ဆုံးက စာတစ်ကြောင်းကို နားလည်လို


ဆောင်းဦးနံနက်ခင်းတွင် ညိုရင့်ရင့် တိုကျိုတက္ကသိုလ်သည် အိနြေ္ဒမေတ္တာကြီးမားသော မိခင်တစ်ဦးလို အေးချမ်းဆိတ်ငြိမ် ခန့်ညားလှပေသည်။ တစ်နေရာအရောက်တွင် မမျှော်လင့်ထားသော မြင်ကွင်းကိုသွားတွေ့သည်။

တက်ကတို ရှိုဒါ နာတို့ ကဂျားကွင်းပါကွာ

တက္ကသိုလ်ကျောင်းဝင်းကြီး၏ မြက်ခင်းပေါ်မှာ လမ်းလျှောက်တတ်ကာစ ကလေးလေးများ။ ဦးထုပ်အပြာလေးတွေ ဆင်တူဆောင်းထားကာ  ယိုင်ထိုးယိုင်ထိုး ပြေးလွှားလျှောက်လှမ်းနေသော ကလေးလေးများမှာ ချစ်စရာကောင်းလှ၍ ဓါတ်ပုံလှမ်းရိုက်မိတော့ ဆရာမလေးတစ်ယောက်က မရိုက်ပါရန် ယဉ်ကျေးစွာတားမြစ်သည်။ ခရီးသွားတို့ သဘောတကျကျဖြင့် ငေးမောနေတော့ သူငယ်ချင်းက သူ၏ကျောင်းတော်ကြီးကို အလယ်တန်း၊ အထက်တန်းကျောင်းသားများလည်း မကြာခဏ လေ့လာရေး လာရောက်ကြောင်းပြောပြသည်။ ကျောင်းသားသူငယ်တို့ အတုယူအားကျစေလိုသော ရည်ရွယ်ချက်မှာ ကောင်းလေစွဟု သုံးယောက်သားပြောကာ ရွှေပြည်တော်ကို ပြန်မျှော်မိကြလေ၏။
သစ်ရွက်လေးတွေ အဝါရောင်ပြောင်းသွားချိန်ဆို ဒီလမ်းလေးမှာ ပန်းချီဆွဲသူ၊ ဓါတ်ပုံရိုက်သူတွေ အပြည့်ဆိုပဲ




အရောင်ပြောင်းလုဆဲဆဲသစ်ပင် နှင့် ကော်ဖီဆိုင်

ကျောင်းဝင်းထဲတွင် လှည့်ပတ်ကြည့်ပြီး သူငယ်ချင်းက သူ၏ကျောင်းဆောင်ထဲသို့ခေါ်သွားကာ တစ်ခန်းချင်းလိုက်ပြသည်။
ပီအိတ်ခ်ျဒီအင်ဂျင်နီယာများ၏ လက်တွေ့ခန်းကိုလည်း ဤသို့သွားချောင်းခဲ့ပါသည်

သူ၏အခန်းကို ရောက်တော့ ခရီးသွားတို့၏ တစ်နေ့တာ အစီအစဉ်ကိုမေးသည်။ ခရီးသွားနှစ်ဦးက ဟိုသွားမည်၊ ဒီသွားမည်၊ ဟိုဟာဝယ်ချင်သည်၊ ဒီဟာလိုချင်သည် လုပ်တော့ သူ့ခမြာ ကွန်ပျူတာတစ်လုံးနှင့် အလုပ်ရှုပ်တော့သည်။ ခရီးသွားတို့ သွားချင်၊ လုပ်ချင်နေတာတွေက တောင်တစ်နေရာ၊ မြောက်တစ်နေရာမို့ သူ့မှာခေါင်းကုတ်ရပြန်၏။ ထို့နောက်မြေပုံတွေ၊ ရထားလမ်းကြောင်းတွေ ပရင့်ထုတ်ပေးကာ ထမင်းစားသွားကြဟုဆိုကာ လိုက်ကျွေးတော့သည်။
ထုံးစံအတိုင်း သုံးယောက် သုံးမျိုးမှာကာ လှည့်ပတ်စားရတာ ပျော်စရာ

စားရင်းသောက်ရင်းဖြင့် သူက နင်တို့ အိုဒိုင်းဘား ရောက်ပြီးပြီလားဟု မေးလာသည်။ သက်တံ့တံတားကြီးကို ဖြတ်သွားရတာလေဟု ဆိုသောအခါ ထိုတံတားကြီးသို့ မရောက်နိုင်တော့ဟု စိတ်လျှော့ထားသော ခရီးသွားသည် အလွန်ဝမ်းသာသွားကာ လမ်းညွှန်ပေးပါရန် အဆိုတင်သွင်း၏။ စားပြီးသောက်ပြီး၍ အိတ်ကိုလွယ်ကာ သူပါလိုက်ခဲ့တော့မည်ဟု ဆိုသည့်အခါမှာကား အတိုင်းထက်အလွန် တံခွန်နှင့်ကုက္ကားဖြစ်ကာ ဤယနေ့အဖို့ မလွဲနိုင်သောခရီးကို ဆက်ကြတော့သည်။  



သွားချင်သောနေရာတွေကို ဦးစားပေးကာ စီလိုက်သောအခါ မူလအစီအစဉ်အရ သွားရန်စီစဉ်ထားသည့်အထဲမှ ပြတိုက်ကို ဖယ်ထုတ်လိုက်ရသည်။ အမေနှစ်ယောက်အတွက် ကီမိုနိုလုံချည်ဝယ်ချင်လှပါ၏ဟု တတွတ်တွတ်ပူဆာနေသော နှစ်ယောက်ကို ကီမိုနိုဆိုင်များရှိရာ နိပိုးရီ သို့ အရင်ဆုံးလိုက်ပို့သည်။ အမေနှစ်ယောက်အတွက်ဟု တွင်တွင်ဆိုနေသော သမီးနှစ်ယောက်သည် လှတပတ ကီမိုနိုစလေးများမြင်သောအခါ အမေတစ်စ သမီးတစ်စ ဟု အဆိုပြောင်းသွားကြလေသည်။

မြန်မာတွေ ဘယ်လောက်အဝယ်များသလဲဆိုတာ ဆိုင်းဘုတ်မှာရှာ

သွားချင်သောနေရာတွေသို့ပို့ရုံဖြင့် အားမရသော သူငယ်ချင်းသည် နင်တို့ကို ရှိဘူရခွေး ပြရဦးမယ် ဆိုကာ သူပြချင်တာကိုလည်း ရအောင်လိုက်ပြသေးသည်။
ဘယ်တော့မှ ပြန်မလာနိုင်တော့သော သခင်ကို ၉ နှစ်တိုင်တိုင် သူသေသည်အထိ ညနေတိုင်း ဘူတာမှာ လာစောင့်သည့် သစ္စာရှိခွေးလေး ဟရှိကို

ဟရှိကိုရဲ့သခင် မပါလာတော့တဲ့ ရထားအို

ထို့နောက်မှာတော့ ခရီးသွားတစ်ဦး၏ မဖြစ်မနေသွားရမည့် နေရာသို့ ခရီးဆက်ကြသည်။ တစ်ယောက်က သွားချင်လှသည့် ကမ္ဘာလှည့်ခရီးသည်များ ဆွဲဆောင်ရာမဟုတ်သော နေရာကို နောက်တစ်ယောက်ကလည်း အလိုတူအလိုပါ သွားမည်ဆိုသောအခါ ပဟေဠိဖြစ်နေသော သူငယ်ချင်းသည် မမေးမမြန်း မညည်းမညူ လိုက်ပို့ရှာသည်။
ကုန်းတက်ကုန်းဆင်းလေးတွေနဲ့ သန့်ရှင်းသောလမ်းလေး
ယူရီကမိုမီ ရထားလိုင်းသို့ အသွား

ကြည့်ချင်ရာကို ကြည့်ပြီးသွား၍ ကျေနပ်နေကြသောခရီးသွားတို့သည် ထိုနေရာမှ ပြန်လှည့်လာကာ သူငယ်ချင်းဦးဆောင်ရာနောက် တိုကျိုရဲ့ ဈေးအကြီးဆုံး ရထားလမ်းကြောင်းကိုစီးရန် လိုက်သွားကြလေသည်။ ရထားလက်မှတ်ဝယ်ကြသောအခါ ဆင်းလိုက်တက်လိုက်လုပ်လို့ ခဏခဏဝယ်ရပြီး ပိုကုန်မှာကြောက်သော သုံးယောက်သည် တစ်နေ့စာလက်မှတ်ကိုသာ ယန်း၈၀၀ ပေးကာဝယ်လိုက်ကြသည်။ ရထားလာသောအခါ ထိုသုံးယောက်သည် မောင်းသူမပါသော ရှေ့ဆုံးတွဲ၏ ရှေ့ဆုံးခုံကို ပြေးဦးကြလေသည်။ တိုကျိုမြို့လယ်နှင့် အိုဒိုင်းဘားကျွန်းကို ဆက်သွယ်ထားသည့် ယူရီကမိုမီ (Yurikamome) ဆိုသော ထိုရထားကို စီးရသောအခါ ရထားများကို အလွန်စိတ်ဝင်စားသော ခရီးသွားတစ်ဦးသည် ပိုက်ဆံကုန်တာ ဈေးကြီးတာကို မေ့ကာ အကျေနပ်ကြီး ကျေနပ်နေလေတော့သည်။
အိုဒိုင်းဘားကျွန်းကို မြင်နေရပြီ
၁၈၅၀ကျော်နှစ်များက စတင်ဆောက်လုပ်ခဲ့တဲ့ အိုဒိုင်းဘားကျွန်းလေးသည် ၂၀ရာစုမှာတော့ ပင်လယ်ဆိပ်ကမ်းမြို့နယ်လေး ဖြစ်လာပြီး ၁၉၉၀နောက်ပိုင်းမှာ Tokyo Teleport Town  အဖြစ်ဖွံ့ဖြိုးတိုးတက် လာခဲ့သည်။

ဖူဂျီ ရုပ်မြင်သံကြား အဆောက်အဦး
ယူရီကမိုမီရထားတွဲ၏ ရှေ့ဆုံး သို့မဟုတ် နောက်ဆုံးခုံသည် ဆန်းသစ်တဲ့လှပ ဒီဇိုင်းတွေနဲ့ ရုံးအဆောက်အဦးတွေ၊ ကုန်တိုက်တွေ၊ ဟိုတယ်တွေ၊ အပန်းဖြေနားနေရာတွေကို ကြည့်ရတာ အဆင်ပြေလှသည်။

သက်တံ့တံတားတဲ့လားကွယ်
သက်တံ့တံတားကြီးကို ဖြတ်ပြီး ဆင်းကြမည်ဟုဆိုသောအခါ တံတားဖြတ်ပြီး ၂ ဘူတာမြောက်လား၊ ၃ဘူတာလား မမှတ်မိတော့။ ချာလပတ်လည်အောင် လိုက်ငေးနေရ၍ ဘယ်နှဘူတာ ဖြတ်သွားမှန်း မမှတ်မိလိုက်ကြ။ ရထားပေါ်မှဆင်းပြီး ဟိုတယ်နိကိုး ရှေ့က ရင်ပြင်ကျယ်ကို ရောက်သွားသောအခါ အချိန်ကုန်ခံကာ လိုက်ပို့ပေးသော သူငယ်ချင်းကို အလွန်တရာကျေးဇူးတင်မိသည်။ ဓါတ်ပုံထဲတွင် ခဏခဏတွေ့ဖူးသော၊ စိတ်ကူးထဲတွင် အကြိမ်ကြိမ်မြင်ယောင်ဖူးသော၊ ဒီတစ်ခါတော့ မရောက်နိုင်တော့ဘူးဟု သံယောဇဉ်ဖြတ်ထားသော သက်တံ့တံတားကြီးနှင့် တိုကျိုတာဝါကို ညနေခင်းအလင်းဖျော့ဖျော့မှာ ကြည့်မဝတော့။ တငေးတမောကြည့်ကာ ကြည်နူးမိပါသည်။
အနှစ်သက်ဆုံးညနေ
သစ်လွင်ပျိုမြစ်သော ၆၃၄ မီတာ အမြင့်ရှိသည့် ကောင်းကင်ထက်ကသစ်ပင်ဆိုသည့် skytree သည်လည်းလှပါသည်။ သို့သော် တည်ငြိမ်သောအလှတရားကို ပို၍နှစ်သက်တက်သော ခရီးသွား၏စိတ်ထဲမှာတော့ ၃၃၃မီတာ အမြင့်သာရှိ၍ တိုးပွါးလာသော အဆောက်အဦးများကြားက ရုပ်သံလွှင့်ရန် သိပ်အဆင်မပြေတော့သော ရွှေအိုရောင်တာဝါသည် တိုကျို၏ ကျက်သရေတစ်ပါးဖြစ်သည်ဟု ထင်မိသည်။

မီးထွန်းချိန် ညနေရင်ပြင်

တွေးကာငေးကာ ထိုင်နေချင်ပါသေးသော်လည်း အချိန်ဆိုသော ကန့်သတ်ချက်အောက်မှ ခရီးသွားတို့သည် နောက်တစ်နေရာသို့ ရွေ့ကြရသည်။ တည်ငြိမ်အေးချမ်းခြင်းတို့နှင့် ဆန့်ကျင်ရာ ရှင်သန်တက်ကြွ တောက်ပခြင်းဆီသို့။

အမောင်စက်ရုပ် ဘာတွေလုပ်

ပါဖောမင့် ရှိတယ်ဟေ့ လို့ဆိုလိုက်တဲ့ သူငယ်ချင်းရဲ့ ဝမ်းသာအားရအော်သံအောက်မှာ ခရီးသွားတို့သည် ကိုယ့်ကိုယ်ကို ထရန်စဖော်မာဇာတ်ကားထဲက သရုပ်ဆောင်များဟု ထင်မှတ်သွားကြတော့သည်။ စူးရှသောဂီတသံအောက်တွင် အရောင်အမျိုးမျိုးပြောင်းနေသော၊ အငွေ့တွေထွက်နေသော စက်ရုပ်ကြီး၏ခေါ်ဆောင်ရာနောက် လိုက်ပါသရုပ်ဆောင်နေသူတို့သည် ဂီတသံတွေရပ်သွားမှ ဇာတ်ညောင်းရကောင်းမှန်း သတိရကြသည်။ ဗိုက်ဆာရကောင်းမှန်းလည်း သိလာကြပြီ။
ကျောခိုင်းခဲ့ပါပြီ
ဂျပန်အရသာ အစပ်အဟပ်ဖြင့်ပြုလုပ်ထားသော ပီဇာစားချင်သည်ဟု ခရီးသွားတစ်ယောက်က အဆိုတင်းသွင်းရာ ငြင်းသူမရှိထောက်ခံကြ၍ ပီဇာအရှာထွက်ကြ၏။ ရှော့ပင်းမောထဲဝင်ကြသည်။ မောရှိလျှင်စားစရာဆိုင်တွေရှိမည်။ စားစရာဆိုင်ရှိလျှင် ပီဇာဆိုင်ရှိလောက်သည်။ တက်ကြသည်၊ ဆင်းကြသည်၊ ရှာကြသည်၊ မောထဲတွင်မောလာမှ တစ်ဆိုင်သွားတွေ့သည်။ သို့သော် အောက်ခံပီဇာက အကျွတ်အမာဖြစ်နေသည်။ မစားချင်ကြ၊ ဂျီးထူကြသည်၊ ထပ်လျှောက်ကြသည်၊ ညောင်းကြသည်။

နောက်ဆုံးမှာတော့ စားချင်စဖွယ် ထမင်းဆိုင်လေးထဲသို့ ရောက်သွားကြတော့သည်
ဂျပန်နိုင်ငံ၏ လိုက်နာစရာကောင်းသော အလေ့အထမှာ အမှိုက်ကို စနစ်တကျ သေချာခွဲ၍ပစ်ခြင်းပင်။ အမှိုက်ပုံးထားသော နေရာတိုင်းတွင် အမျိုးအစားသုံးမျိုးခွဲကာ သုံးပုံးရှိသည်။ ပစ်သည့်သူတွေကလည်း ဒါကစက္ကူ၊ ဒါကသံဘူး ရယ်လို့ သတ်သတ်မှတ်မှတ်ပစ်ကြသည်။ ထမင်းဆိုင်လေးထဲမှာပင် စားပြီးပန်းကန်များ၊ ခွက်များးပြန်သိမ်းပေးခဲ့ကာ အကြွင်းအကျန်များကို ရေခဲကအစ ခွဲခွဲခြားခြား စွန့်ပစ်ပေးသွားကြသည်။ ခရီးသွားတို့သည်လည်း သဘောတကျကျဖြင့် လိုက်လုပ်ကြသည်။

ဘေးကတက်တဲ့ လှေကားတွေကို ပိတ်လိုက်ပြီ

မာထဲကပြန်ထွက်လာပြီးနောက် ဖူဂျီရုပ်မြင်သံကြားဌာနကို သွားကြသည်။ သို့သော် အနည်းငယ်နောက်ကျသွား၍ ၂၅ ထပ်အမြင့်ကို တက်ကြည့်လို့မရတော့။ အပေါ်တက်ခွင့်မရလို့ အားမငယ်ပါ။ မတက်ရတော့လည်း ပြန်ဆင်းတာပေါ့။ ရထားတစ်ဘူတာပြန်စီး၍ ကမ်းခြေအထိရောက်အောင်ပင် ပြန်ဆင်းပစ်လိုက်ကြသည်။

ဆောင်းဦးညချမ်း ပင်လယ်ကမ်း မိုးဖွဲလေခ လွမ်းဖွယ့်ည

မိုးဖွဲဖွဲလေးကျလာသည်။ လူမိုးစိုမှာကို မစိုးရိမ်ကြပေမယ့် ကင်မရာလေးတွေစိုကုန်မှာတော့ စိုးကြသည်။ သက်တံ့တံတားကြီးနှင့် ယကတဘူနီ ဆိုသော အပျော်စီးသင်္ဘောလေးတွေရဲ့ ညအလှကို ဓါတ်ပုံဖြင့်မှတ်တမ်းတင်၍မရသောအခါ ခံစားတတ်သော နှလုံးသားကသာ မှတ်တမ်းတင်ခဲ့လေတော့သည်။




တစ်ယောက်ထံတွင် ဆက်ရန်ရှိပါသေးသည်။
ညိုလေးနေ




6 comments:

Anonymous said...

ညိုရေဂျပန်ပြည်ကိုကိုယ်တိုင်ရောက်သွားသလိုပါပဲ.. ခရီးသွားတွေနဲ့တူတူသွားနေသလိုခံစားရပါတယ်..
မေမဒ္ဒီလာသွားတာနော်

ညီလင်းသစ် said...

"တက်ကတို ရှိုဒါ..." ဆိုတဲ့ ပုံစာကိုဖတ်ပြီး ဂျပန်စကားကို မြန်မာဖိုနက်တစ်နဲ့ ရေးသလား လို့ ရုတ်တရက် ထင်လိုက်သေးတယ်၊ ဒုတိယတစ်ခေါက် အသံထွက်ပြီး ဖတ်တော့မှ 'သြော်.. ငါ့နှယ်နော်...' ဆိုပြီး ဖြစ်ရတယ်၊း)

တိုကျိုတက္ကသိုလ်ရဲ့ အသွင်အပြင်ကို နှစ်သက်မိသလို ကီမိုနိုဆိုင်မှာ အမေ့ကိုချစ်တဲ့ သမီးတွေ စိတ်ပြောင်းသွားတာလည်း သဘောတကျနဲ့ ပြုံးမိပြန်တယ်၊း) အနှစ်သက်ဆုံး ညနေခင်းထဲက သက်တံ့တံတားကြီးနဲ့ တိုကျိုတာဝါကို ပုံအကြီးချဲ့ ပြီး ကြည့်,ကြည့်တယ်၊ တကယ့်ကို လှတာပဲကိုး..၊

အသစ်တွေ၊ အဟောင်းတွေ၊ တည်ငြိမ်မှုတွေ၊ ဆန်းသစ် တက်ကြွမှုတွေနဲ့ ဒီပို့စ်လေးကိုလည်း နှစ်သက်ကျေနပ်စွာ ဖတ်သွားခဲ့ပါတယ် မညိုလေးရေ...။

မိုးနတ်ကြယ်စင် said...

ဆက်မဲ့အပိုင်းလေး ဖတ်ဖို့မျှော်နေတယ်နော်...
မိုးနတ်လဲ တနေ့မှာ ဂျပန်ပြည်ကိုရောက်အောင်သွားမယ်လို့
ဒီပို့စ်လေးကို ဖတ်ရင်းနဲ့ ဆုံးဖြတ်လိုက်ပြီ.....မမတို့လိုပဲ...
နေရာစုံရောက်အောင်သွားမယ်လေ....ကောင်းတယ်ဟုတ်...
ချစ်တဲ့....မိုးနတ်

mstint said...

ဂျပန်လူမျိုးတွေရဲ့ စနစ်ကျပုံကတော့ တီတင့်လည်း ကြုံတွေ့ခဲ့ဘူးတယ် ညိုလေးနေရေ။ အခုလို ပြည့်ပြည့်စုံစုံလေးတွေဖတ်ရတာ ကုန်ဆုံးသွားတဲ့ အချိန်လေးတွေကိုတောင် ပြန်လွမ်းမိသွားတယ်။ တိုးတက်ပြောင်းလဲလာတဲ့ ဗဟုသုတလေးတွေ ယူသွားတယ် ကျေးဇူးနော်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

လွင်ပြင်လှိုင်းငယ် said...

မရောက်ဖူးသေးတဲ့နေရာလေးတွေရဲ့ ဗဟုသုတများအတွက်ကျေးဇူးပါနော် ။လင့်လေးချိတ်ပါရစေနော် ။

ညိုလေးနေ said...

မေမဒ္ဒီ လာသွားလို့ဝမ်းသာတယ် ၊ အပိုင်း ( ၆ ) ကိုလည်း လိုက်ခဲ့နော်

ကိုညီလင်းသစ်
ပုံစာရေးတဲ့နည်းနဲ့ ဂျပန်စကားသင်ပေးရမလား :P
အစ်ကိုရိုက်သလိုသာ ဓါတ်ပုံရိုက်တတ်ရင် အဲဒီ့တံတားကြီးက ပိုလှမှာ။

မိုးနတ်ရေ
ရောက်အောင်သွားလည်နော်၊ နေရာတိုင်းက သိပ်လှတယ်၊ အစ်မတို့ မရောက်ခဲ့တဲ့ မြို့တွေပါရောက်အောင်သွားနော်။ ဟော့ကိုင်းဒိုးက သိပ်လှသတဲ့။

တီတင့်ရေ
ဟုတ်တယ် သူတို့စနစ်ကျပုံက အတုယူချင်စရာလေးတွေ။ တီတင့် လွမ်းတဲ့အချိန်လေးတွေကိုလည်း မျှဝေပါဦး။

ကိုလွင်ပြင်လှိုင်းငယ်
လင့်ချိတ်လို့ ရပါတယ်ရှင်။ လာလည်တာကျေးဇူးပါ။

Post a Comment