Saturday, June 27, 2015

U 23 ပေးခဲ့တဲ့ လက်ဆောင်

စလုံးမှာ မယ်ညို က သူငယ်ချင်းတွေနဲ့အတူနေပေမယ့် အစ်ကိုကတော့ သူ့မိသားစုလေးနဲ့နေပါတယ်။ အစ်ကို့မှာ သားလေးတစ်ယောက်ရှိတယ်။ အခုဆိုရင် မူကြိုတက်နေပြီ။ ချဉ်ပေါင်းဟင်း၊ ဘူးသီးချဉ်ရည် နဲ့ မြန်မာထမင်းဟင်းကို အင်မတန်ကြိုက်တဲ့သားကို မြန်မာစကားသာပြောနေတဲ့ မိသားစုထဲကနေ ကျောင်းစထားတော့မယ်ဆိုတော့ ဘာသာစကားအခက်အခဲဖြစ်မှာစိုးလို့ စိတ်ပူခဲ့ရသေးတယ်။ အင်္ဂလိပ်စကားကို အိမ်မှာမိသားစုက လိုက်ပြောပေးလို့ အစဉ်ပြေသွားပေမယ့်၊ ကျောင်းက သူငယ်ချင်းတွေနဲ့ဆရာမတွေကြားမှာ တရုတ်လို ဝင်ပြောလို့မရတဲ့၊ သူ့အဖေနဲ့အမေ တရုတ်လိုမတတ်မှန်းသိတဲ့သားက တရုတ်စကားပြောသင်ပေးဖို့ ကိုယ်တိုင်ပူဆာလို့ သင်ပေးနေရတယ်။ ကျောင်းကိုရောက်မှ ကျောင်းက အတွေ့အကြုံတွေနဲ့ သူဟာ စလုံးကလေးတွေနဲ့မတူမှန်း၊ မလေးရှားလေးမဟုတ်မှန်း၊ တရုတ်လေးလို မပြောတတ်မှန်း သိနေတယ်။ ရေသိပ်ကြိုက်တဲ့သားက " ဂျပန်ကျရင် သားသား ဂျမာပြည် လာမှာနော် " လို့ သူ့အဘွားကို သင်္ကြန်ပြန်လာမယ့် အကြောင်း ဖုန်းဆက်ပြောတတ်ပေမယ့် သူ့ကိုသူ သူဟာ ဂျမာလေးတစ်ယောက်ဖြစ်တယ် ဆိုတာတော့ မသိခဲ့ဘူး။



မနှစ်က National Day နီးလာတဲ့တစ်နေ့ သားဆီကိုသွားတော့ သားက " ညို ရေ ဒီမှာကြည့် " ဆိုပြီး သူကိုယ်တိုင်လုပ်ထားတဲ့ ပစ္စည်းလေးယူလာပြတယ်။ ပုံဆွဲဝါသနာပါတဲ့သားက မူကြို ကျောင်းမှာသင်ပေးတာကြောင့် စင်္ကာပူအလံလေးကို သူကိုယ်တိုင်ဆွဲတတ်နေပြီး အအေးသောက်တဲ့ပိုက်မှာ တိပ်နဲ့ကပ်လို့ အလံတိုင်လေးလုပ်ထားတယ်။ ဒီအရွယ်လေးနဲ့ ဒါမျိုးတွေလုပ်တတ်နေတာကို ဝမ်းသာပေမယ့် သားဆွဲတဲ့အလံက စင်္ကာပူအလံဖြစ်နေတာတော့ ရင်ထဲမှာတမျိုးဖြစ်ရတယ်။ မြန်မာအလံလေးဆွဲပါလားလို့လည်း သားကို အတင်းမတိုက်တွန်း၊ မသင်ပေးရဲခဲ့ဘူး။ ဇွတ်ခိုင်းရင် လုပ်ချင်မှ လုပ်တတ်တဲ့ ကလေးတွေရဲ့အကျင့်ကြောင့် မချစ်ဘဲ မုန်းသွားမှာကို မလိုလားလို့ သားနဲ့ မရင်းနှီးတဲ့ အရာတွေကို မယ်ညိုတို့မောင်နှမ ဇွတ်လုပ်ခိုင်းလေ့မရှိဘဲ ရှောင်ကြတယ်။ တခြားနည်းလမ်းကိုပဲ စဉ်းစားကြတယ်။

National Day ပိတ်ရက်မှာလည်း ဟိုနားဒီနားသွားရင်းနဲ့ သား ကို အဲဒီ့နေ့ အတွက် ပြင်ဆင်ထားတာတွေ လိုက်ပြဖြစ်ကြတယ်။ အဲလို လျှောက်သွားကြရင်းနဲ့ ရဟတ်ယာဉ်နဲ့ အလံကို သယ်လာတာလည်း မြင်ရော သားက Singapore Flag , Singapore Flag ဆိုပြီး ဝမ်းသာအားရ ခုန်ဆွခုန်ဆွနဲ့ ထအော်ပါလေရော။ ဖြစ်ချင်တော့ ကိုယ့်ကား သွားရာဘက်နဲ့ ရဟတ်ယာဉ်လားရာဘက်က တူနေပြီး သားက တစ်လမ်းလုံး မျက်စိအောက်က အပျောက်မခံဘဲ ပျော်မြူးပြီးအော်နေတော့တာ။ မယ်ညိုတို့ မောင်နှမနှစ်ယောက်မှာ ကလေးရဲ့သဘာဝ ဆိုတာသိနေလို့ မတားသာ၊ မပြောရက်ပေမယ့် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး စိတ်ထဲမသက်မသာဖြစ်ခဲ့ကြရပြန်တယ်။

အဲဒီလို ရင်ထဲမှာအောင်းထားရတဲ့ အရာတွေ ဖွင့်ထုတ်နိုင်ဖို့အတွက် မနှစ်က နိုဝင်ဘာ၊  မြန်မာအသင်း Suzuki Cup လာကန်တဲ့အချိန်မှာ အစပျိုးခဲ့တယ်။ ပထမဦးဆုံးရတဲ့ အခွင့်အရေးမို့ရော၊ အင်မတန်နှစ်သက်တဲ့ ဘောလုံးအားကစားဖြစ်တာကြောင့်ရော မကောင်းတဲ့အသင်းမှန်းသိပေမယ့် မြန်မာဆိုတဲ့ အသိတစ်ခုတည်းနဲ့ မယ်ညို ပွဲတိုင်းကြည့်ဖြစ်ပါတယ်။ မှတ်မှတ်ရရ ဘောလုံးပွဲမှာဝေတဲ့ အလံလေးတွေကို သား အတွက် ပိုတောင်းထားလိုက်တယ်။ ဒါပေမယ့် သားက ဘောလုံးပွဲမကြည့်တတ်သေးသလို၊ ကြည့်ရလောက်အောင်လည်း အကြောင်းမတိုက်ဆိုင်ခဲ့ဘူး။ ရှားရှားပါးပါးရထားတဲ့ စက္ကူအလံလေးတွေ ကစားစရာတစ်ခုအနေနဲ့ပဲ ပျက်စီးသွားမှာစိုးလို့ သားကို မပေးဖြစ်ခဲ့ဘူး။ 

ဒီနှစ် Sea Games အချိန်မှာတော့ မယ်ညို မျှော်လင့်တဲ့ အခြေအနေကိုရောက်လာခဲ့ပါတော့တယ်။ အစ်ကိုက သားကို ငဲ့လို့ အုပ်စုပွဲတွေကို ကွင်းမှာမကြည့်ဘဲ အိမ်မှာပဲကြည့်ခဲ့တယ်။ စင်္ကာပူနဲ့ ကန်တဲ့ပွဲကို အိမ်မှာပဲ သားနဲ့အတူကြည့်ဖြစ်ခဲ့တဲ့ အကျိုးဆက်က သားဟာ မြန်မာကို သိလာတာပါ။ ဖိလစ်ပင်း နဲ့ ကန်မယ့်နေ့မှာ အစ်ကိုက ဖုန်းဆက်ပြီး " နင် ပွဲတိုင်း သွားကြည့်နေတာ မြန်မာအလံလေးများ မရှိဘူးလား " လို့မေးလာတော့ မယ်ညို ဝမ်းသာမိတာ ပြောဖွယ်ရာမရှိလောက်အောင်ပဲ။ နောက်တော့ Jalan Besar ကွင်းနားအထိ မြန်မာပရိသတ်တွေ၊ ပွဲလာကြည့်သူတွေကို သား ကို လိုက်ပြရင်း မယ်ညို့ ဆီက အလံလာယူကြတယ်။ မယ်ညို နဲ့အတူကွင်းထဲ မလိုက်ရလို့ငိုမဲ့မဲ့ ဖြစ်ပြီးပြန်သွားတဲ့ သားက ဖိလစ်ပင်းက တစ်ဂိုးသွင်းလိုက်တဲ့အချိန်မှာ " ဒယ်ဒယ် လာ ဒီကောင်တွေကို သွားချမယ် " ဆိုပြီး လုပ်နေလို့ အစ်ကိုက မနည်းချော့လိုက်ရပါသေးတယ်တဲ့  :)

ဆီမီးဖိုင်နယ်ပွဲနေ့ကတော့ အရာရာအတွက် ရင်ခုန်စရာ အကောင်းဆုံးပါပဲ။ အော်ကြဟစ်ကြတဲ့အသံတွေနဲ့ ကလေးလန့်မှာစိုးတာက တစ်ပိုင်း၊ ကြည့်စေ၊ သိစေချင်ကြတာ တစ်ပိုင်းမို့ ဘင်သံတွေနဲ့ဝေးရာ၊ လူကြဲတဲ့နေရာ ကိုရွေးလို့ မယ်ညို တို့ သားလေးကို ကွင်းထဲအရောက် ခေါ်နိုင်ခဲ့ကြတယ်။ သိပ်ကြိုးစားကြတဲ့ U 23 အသင်းက ကလေးတွေကို ရွှေရတာ၊မရတာထက် ဖိုင်နယ်တက်တယ်ဆိုတာမျိုး ဖြစ်စေချင်တာအပြင် သားရဲ့ ပထမဆုံး ကိုယ်တိုင်လာကြည့်တဲ့ပွဲမှာ အရှုံးနဲ့ မတိုးစေချင်တာကြောင့်ရော အဲဒီ့နေ့က အားပေးနေတဲ့လက်တွေဟာ တဆတ်ဆတ်တုန်နေခဲ့ရတယ်။


U 23 ကလေးတွေရဲ့ ကြိုးစားပေးခဲ့မှု ကိုသိပ်ကို ကျေးဇူးတင်မိပါတယ်။ မြန်မာအသင်းလည်း နိုင်ခဲ့တယ်။ သားက လည်း ရန်ကုန်က သူ့အဘွားကို ဖုန်းဆက် ...
" ဘွားဘွားရေ သားသားကို တီဗွီထဲမှာတွေ့လား "
" သားသားတို့  မြန်မာဟေ့ ... မြန်မာဟေ့ လို့အော်ခဲ့တယ်၊ ဘွားဘွားကြားလား " ဆိုပြီး မေးတယ်။
" ငါ့မြေးကို အင်္ကျီအနီလေးနဲ့ တွေ့လိုက်တာပေါ့၊ သား အော်တာလည်းကြားတယ် "
အမေကလည်း မုသားတွေနဲ့ ပီတိတွေ ဖြစ်လို့။ သူ့ကိုယ်သူ ဘာလေးမှန်း သေချာမသိသေးချိန်ကတည်းက မြန်မာပြည် ဆိုတာနဲ့ ပတ်သတ်တာတွေဟာ သူ့အဘွားဆီက လာမှန်းသိနေတော့
" သားသားကို မြန်မာဘောလုံးအင်္ကျီ ပို့လိုက်နော် " ဆိုပြီး ဘယ်သူမှ မတိုက်တွန်းရဘဲ ပူဆာပါတော့တယ်။ 

နောက်ဆုံးနေ့မှာလည်း ရှုံးနိုင်မယ်မှန်းသိပေမယ့်၊ သားရဲ့ အခြေအနေကို ကြိုမမှန်းနိုင်ပေမယ့် မယ်ညို တို့ ကွင်းထဲကို ထပ်ရောက်ခဲ့ပြန်ပါတယ်။ တစ်နေရာစီ ဖြစ်နေကြတာမို့ ပွဲသိမ်းဝီစီမှုတ်ပြီးတဲ့အချိန်မှာ အရင်းဆုံးလုပ်မိတာက အစ်ကို့ကို သားအခြေအနေမေးရတာပါပဲ။
" ပြဿ     နာတော့ မရှာဘူး၊ ဒါပေမယ့် ငြိမ်ကျသွားတယ်၊ ငိုလည်း မငိုဘူး " တဲ့။
နောက်ဆုံးတော့ မောင်နှမ နှစ်ယောက် အကောင်းဘက်ကလှည့်တွေး၊ " ဒါမှ မြန်မာပီသမှာလို့ "  အချင်းချင်းပြောပြီး ရယ်မောပစ်လိုက်ကြရတယ်။ အရှိတရားကို လက်ခံနိုင်တာ၊ အရှုံးတွေထဲမှာ ရုန်းကန်ဆန်တက်နေရတာ မြန်မာတွေရဲ့လက္ခဏာတစ်ရပ်ပဲ မဟုတ်လား။ 


U 23 က ရှိသမျှအစွမ်းတွေ အကုန်ညှစ်ထုတ်လို့ မြန်မာမှန်သမျှကို ငွေ တံဆိပ် လေး လက်ဆောင်ပေးခဲ့တယ်။ ကျွန်မတို့မောင်နှမအတွက်တော့ ငွေ တံဆိပ်ထက်ပိုတဲ့ အဖိုးတန်လက်ဆောင်တစ်ခု ထက်ပြီးရခဲ့တယ်။ အခု သားက သူဟာ " မြန်မာ " ဆိုတာ အတင်းအကြပ်ပြောပြစရာမလိုဘဲ သေသေချာချာ သိသွားပြီ။ မြန်မာ ဆိုတဲ့ စာတန်းပါတဲ့ အင်္ကျီလေးဟာ သူ့အတွက်အရေးကြီးမှန်း သိသွားပြီ။ မြန်မာအလံလေးကို ပါးမှာမြတ်မြတ်နိုးနိုး ကပ်တတ်ပြီ။ အထူးသဖြင့် ကြယ်တစ်ပွင့်နဲ့ သုံးရောင်ခြယ်အလံပုံကို ဘယ်သူမှ တိုက်တွန်းစရာမလိုဘဲ သူ့ဟာသူ ဆွဲနေပြီ။ ဂျမာပြည်လို့ ခေါ်နေရာကနေ မြန်မာ လို့လည်း ပီပီသသ ပြောတတ်လာပြီ။ နောက်ဆုံး သူမရတဲ့ နိုင်ငံတော်သီချင်းကိုလည်း ဝါးချပြီး လိုက်ညည်းနေတတ်ပြီ။ 

မယ်ညို့ အတွက်တော့ အားကစားပွဲတိုင်းဟာ အနိုင်ရဖို့ယှဉ်ပြိုင်ကြတဲ့ ကစားနည်းတစ်ခု ဆိုတာထက်ပိုပါတယ်။ အခြေအနေကြောင့် တခြားအားကစားတွေကို ကိုယ်တိုင်ကိုယ်ကျ လိုက်အားမပေးနိုင်ပေမယ့် ကိုယ်အင်မတန်နှစ်သက်တဲ့ ဘောလုံးအားကစားနည်းက ကလေးတွေကတော့ ထိပ်ပေါက်၊ ခြေထောက်ကျိုး၊ ပခုံးရိုးထိနေတဲ့ကြားက နိုင်ငံတော်သီချင်းကို မျက်ရည်တဝဲဝဲနဲ့ အသံကုန်ဟစ်ဆိုပြီး အားကုန်ညစ်ကစားပြလို့ နိုင်ငံတော်ကို ဒီလိုနည်းနဲ့လည်း ချစ်လို့ရကြောင်း သက်သေပြသွားတာကို မျက်မြင်တွေခဲ့ရတယ်။ 



ဘာသာကွဲပြားခြင်း၊ လူမျိုးခွဲခြားခြင်း၊ ပါတီမတူခြင်း ဆိုတာတွေ မရှိဘဲ စည်းလုံးခြင်းတွေနဲ့ " နိုင်ငံချစ်စိတ် " ဆိုတာလေးကို သားအတွက်ရော ကိုယ်တွေအတွက်ပါ လက်ဆောင်ရခဲ့တယ်။ သားရခဲ့တဲ့ လက်ဆောင်လေး သားဆီမှာ အရှည်သဖြင့် တည်တံ့နေဖို့ မယ်ညို တို့ ကြံစည်ကြိုးပမ်းရဦးမယ်လို့ နားလည်ထားရင်း ...... ။       ။


မယ်ညို 
( ၂၇.၆.၂၀၁၅ ) မနက် ၁၀း၀၇ 




0 comments:

Post a Comment