Tuesday, December 2, 2014

လွမ်းနေဆဲကမ်းခြေ


လွမ်းနေဆဲကမ်းခြေ 
**************

စိတ်ထွေ မငြီး
အပန်းပြေ ခရီး
ကမ်းခြေ အနီး
အလွမ်းတွေ ပြီးမလား

ကျောက်ဆောင်ပေါ်ရောက်
သဲသောင်ပေါ်လျှောက်
သစ်ပင်လေးအောက်
အလွမ်းတွေ ပျောက်မလား

နေရာတွေမလပ်
ခြေရာတွေထပ်
ဒီကမ်းခြေစပ်
အလွမ်းတွေ ပျက်မလား

သို့ပေမယ့်ခက်
ထာဝစဉ်ဆက်
ရင်မှာထပ်ဟပ်
လွမ်းလျက် သိလား

 x x x x x


ညို လေးနေ 
18.11.2014  ( 10:00 am )

Facebook မှာ Black & White ပုံတွေတင်ကြတုန်းက ရေးဖြစ်သွားတဲ့ ကဗျာလေးပါ။

 

Saturday, September 6, 2014

အမေနှင့် ဘာပဲဖြစ်ဖြစ်ပေါ့ သမီးရယ်

အရင်တစ်ခါ ဆိုခဲ့တဲ့အတိုင်း မယ်ညို ဟာ အစ်ကို၊ အစ်မ တွေနဲ့ တွတ်ထိုးပြီး သိပ်မနေပေမယ့် အမေ့ကိုဆိုရင်တော့ တောက်တဲ့ကပ်ကပ်ပြီး ဟိုမေးဒီမေး မေးတတ်တယ်။ မေးစရာမရှိရင် အမေတို့ ငယ်ငယ်က အကြောင်းတွေ ပြောပြဖို့ တောင်းဆိုတတ်တယ်။ အဲဒီ့ မေးခွန်းပေါင်းများစွာထဲက မယ်ညို မေးလေ့ ရှိတတ်တာလေးတွေနဲ့ အမေ့ရဲ့ ဖြေပုံလေးကို အမှတ်တရ ရေးထားချ င်ပါသေးတယ်။

နှစ်တန်းကျောင်းသူဘဝမှာ " နင်ကဘာလို့ ရုပ်ဆိုးပြီး ပုနေတာလဲလို့ " မေးခံခဲ့ရတဲ့ မယ်ညို ရဲ့ မသိစိတ်ထဲမှာ သိမ်ငယ်စိတ်ကလေးဝင်သွားတယ်။ လှချင်စိတ်ကလေး ကျန်နေခဲ့တယ်။ အဲဒီတော့ ကြုံရင်ကြုံ သလို၊ တိုက်ဆိုင်ရင် တိုက်ဆိုင်သလို " သမီးကြီးလာရင် လှလာမှာလား၊ ဒီလိုရုပ်ပဲ ရှိနေမှာလား မသိဘူးနော် " လို့ အမေ့ကို မေးတတ်တယ်။ အဲဒီ့မေးခွန်းကတော့ ကိုယ့်ကိုယ်ကို သေချာသိသွားတဲ့အချိန်အထိ အများဆုံးမေးခဲ့တဲ့မေးခွန်းပေါ့   :)

ဆရာဝန်လည်းဖြစ်ချင်၊ အင်ဂျင်နီယာလည်းဖြစ်ချင်၊ ပန်းချီကလည်း ဆွဲချင်သေးတယ် ဆိုတဲ့ ကလေးအရွယ်မှာ ကလေးသဘာဝ  မေးတတ်တဲ့ " သမီးကြီးလာရင် ဘာဖြစ်မှာလဲ၊ ဘာလုပ်ရမလဲ " ဆိုတာတွေလည်း မေးခဲ့တယ်။ ၈၈ အရေးအခင်းနဲ့ ကြုံ ရတဲ့အချိန်၊ ဆယ်တန်းဖြေပြီး လေးနှစ်တိတိ ကျောင်းတွေပိတ်ထားခဲ့တဲ့ အချိန်တွေမှာ " စာသင်ရပါ့ဦးမလား ၊ ဘွဲ့မှရပါ့မလား "  ဆိုတဲ့မေးခွန်းတွေလည်း ပါခဲ့တယ်။ အတွေးများတတ်သူပီပီ အခြေအနေတွေ ပြောင်းလာတာနဲ့အမျှ မယ်ညို့ ရဲ့ ရှေ့ရေးကိုတွေးတောပူပင်တဲ့ မေးခွန်းတွေကလည်း မထပ်အောင် များလာခဲ့တယ်။

အရွယ်ပြောင်းလို့  မေးခွန်းတွေ ပြောင်းလာတဲ့အခါ အမေ့ရဲ့ အဖြေတွေကလည်း အရင်ကလို တိုတို ရှင်းရှင်းလေးတွေ မဟုတ်တော့ဘဲတွေးစရာလေးတွေ ပါလာခဲ့တယ်။ ဒါပေမယ့် အမြဲတမ်း မပြောင်းလဲတတ်တာလေးက ရှေ့ရေးအတွက် တွေးတောပူပင် မေးခွန်းတွေ မေးတဲ့အခါ ပြန်မဖြေခင်မှာပဲ ဖြစ်ဖြစ် အားလုံး အစုံဖြေပြီးသွားတဲ့ အခါမှာပဲဖြစ်ဖြစ် သီချင်းလေးတစ်ပိုဒ်ကို အမေက ခပ်ပြုံးပြုံးနဲ့ ဆိုလေ့ရှိတာပါပဲ။ အမေဆိုတတ်တဲ့ သီချင်းပိုဒ်လေးက Doris Day ရဲ့ Que Sear Sear သီချင်းလေးထဲက Chorus အပိုဒ် ပါ။
Que Sear Sera
Whatever will be will be,
The future not ours to see ,
Que Sera Sear
What will be be 

အမေဆိုပြတာကို သဘောတွေကျပြီး နားထောင်ခဲ့ပေမယ့် သိပ်ငယ်သေးတဲ့အချိန်တုန်းကတော့ အမေက မေးတာတွေဖြေပြီး ကျေ နပ်အောင် ချော့မော့ သီချင်းဆိုပြတယ်လို့ပဲ ထင်ခဲ့တယ်။ နည်းနည်းလေးကြီးလာမှ ဒီသီချင်းလေးကိုယ်တိုင်က မယ်ညို့ ရဲ့ မေးခွန်းဖြစ်သွားတယ်။

" အမေဆိုတာ ဘာလဲဟင်၊ သမီးနားမလည်ဘူး "
" အမေစောစောက ပြောလိုက်တယ်လေ  ဘာပဲဖြစ်ဖြစ်ပေါ့ သမီးရယ် ၊ ရှေ့ဘာဖြစ်လာမလဲ အမေတို့ သိတာမှ မဟုတ်တာ၊ တွေးပူမနေပါနဲ့၊ ဘာတွေဖြစ်လာလာ သမီးလက်ခံနိုင်ဖို့ပဲ အရေးကြီးတာ ဆိုတာ  အဲဒီ့အဓိပ္ပါယ်ပဲပေါ့ "

ဟုတ်ပါရဲ့။ အမေက သီချင်းပဲဆိုတာမှ မဟုတ်တာ။ သီချင်းပိုဒ် ဆုံးသွားတိုင်းလည်း ဒီစကားကို ပြောတတ်တာ ငယ်သေးလို့ မယ်ညို မဆက်စပ်တတ်ခဲ့ဘူး။

ပစ္စုပ္ပန်ကို တည့်တည့်ရှု ဆိုတဲ့ ဗုဒ္ဓအဆုံးအမနဲ့ နီးစပ်လှတဲ့ အမေဆိုတဲ့ သီချင်းစာပိုဒ်လေးက မေးခွန်းတွေဖြေပြီးတိုင်း စိတ်မပူဖို့  နှစ်သိမ့်ရုံတင် မဟုတ်ခဲ့ပါဘူး။ မယ်ညို့  ဘဝရဲ့ အရေးပါတဲ့အချိန်တွေမှာလည်း အထောက်အကူဖြစ်ခဲ့တယ်။ လဲကျ သွားချိန်တွေမှာလည်း ဆွဲထူပေးခဲ့တယ်။ မှတ်မှတ်ရရ ဆယ်တန်း အမှတ်စာရင်းတွေ ထွက်တဲ့အချိန်က လိုချင်တဲ့ အမှတ်မရလို့ သုံးလေးရက်လောက် ဆောက်တည်ရာမရ ဖြစ်ခဲ့ဖူးတယ်။ သူငယ်ချင်းအိမ်ကို လိုက်ပို့ခိုင်းပြီး သူငယ်ချင်းဆီကိုရောက်တာနဲ့ အိမ်ပြန်ချင်တယ်ဆိုပြီးပြန်လာ၊ အိပ်ယာထဲမှာ  ခွေနေတော့တာ။   နောက်တော့လည်း သမီးအတတ်နိုင်ဆုံးကြိုးစားခဲ့ပြီးပြီပဲ၊ ဘာပဲဖြစ်ဖြစ် ခုချိန်မှာ ဘာဆက်လုပ်မလဲ ဆိုတာပဲစဉ်းစားရမှာပေါ့ ဆိုတဲ့ စကားနဲ့  Que Sear Sear သီချင်းသံအောက်မှာပဲ ငိုတာတွေ ရပ်ခဲ့ရတယ်။

ဆယ်တန်းအောင်ပြီးတဲ့နောက် တက္ကသိုလ်တက်တဲ့ အချိန်တွေမှာ လက်ရှိအချိန်အထိ ဘာလိုချင်တယ် ဘာလုပ်ရမယ်ဆိုတာ ကိုယ့်ဟာကိုယ် သေချာနေတဲ့ မယ်ညို မေးခွန်းတွေ သိပ်မထုတ်ဖြစ်ခဲ့တော့ဘူး။ ဒါပေမယ့် နောက်ဆုံးတက်ခဲ့တဲ့ ကျောင်းပြီးခါနီးတစ်နေ့  ညနေစောင်းအချိန် အမေနဲ့ လမ်းလျှောက်ထွက်ရင်း မေးမိတယ်

“ ကျောင်းပြီးသွားရင် ဘာတွေဖြစ်လာဦးမလဲမသိဘူးနော် အမေ ”

တကယ်တော့ မယ်ညိုတတ်ထားတဲ့ပညာနဲ့ အလုပ်တစ်နေရာရာဝင်ချင်ရင် တန်းဝင်လို့ ရပေမယ့် ဟိုတွေးဒီတွေး တွေးတတ်တဲ့အကျင့်အတိုင်း မေးလိုက်မိတာပါ။ ဒါပေမယ့် ဒီတစ်ခါတော့ အမေက မယ်ညို
တွေးမထားသေးတာတွေပါ ထည့်ပြီးဖြေသွားတယ်။

“ ဘာတွေဖြစ်လာမလဲသမီးရယ်၊ သမီးကအလုပ်လုပ်၊ နောက်တော့ ယောင်္ကျားရရင် အိမ်ကခွဲသွား၊ အမေတို့ အဖေတို့ကအိမ်မှာ အဘိုးကြီးအဘွားကြီးတွေဖြစ်လာ၊ ဘုရားတရားလုပ်ရင်း သားသမီးတွေလာတာမျှော်ပေါ့ ”

ရိုးရိုးလေးပြောသွားပေမယ့် မယ်ညို့ ရင်ထဲမှာတော့ စိတ်မကောင်းသလို တစ်မျိုးကြီးဖြစ်သွားတယ်။ အမေကတော့ သဘာဝတရားကိုကြိုတွေးလို့ ဖြစ်လာနိုင်တာတွေအတွက် စိတ်ကို ကြိုတင်ပြင်ဆင်ထားပုံပါပဲ။  ဒါတွေကတစ်နေ့ကျရင် ကြုံရမှာပဲလေသမီးရဲ့  လို့ပြောပြီးထုံးစံအတိုင်း Que Sear Sear သီချင်းလေးတစ်ပိုဒ်ကို ပြုံးပြီးဆိုလိုက်ပါသေးတယ်။

အမေနိမိတ်ဖတ်ခဲ့တဲ့ အတိုင်းပါပဲ။ မယ်ညို အိမ်နဲ့ ခွဲခဲ့ရတယ်။ ဒါပေမယ့် အမေပြောသလို ယောင်္ကျားရလို့တော့ မဟုတ်ဘူး။ စနစ်ဆိုးတစ်ခုကို မတွန်းလှန်နိုင်သေးရင်တောင်မှ အတူမမြောပါလိုတဲ့ စိတ်တွေကြောင့်။ ကိုယ့်ဆုံးဖြတ်ချ က်နဲ့ ကိုယ်ရွေးခဲ့တဲ့ နေရာသစ်မှာ အခက်အခဲတွေ၊ စိတ်ဒုက္ခတွေ ဖြစ်တိုင်းလည်း အမေဆိုပြခဲ့တဲ့ သီချ င်းနဲ့ အမေပြောခဲ့တဲ့ ဘာတွေပဲဖြစ်လာဖြစ်လာပေါ့ သမီးရွေးခဲ့တဲ့လမ်းက အခက်အခဲတွေကို သမီးလက်ခံနိုင်ရမယ် ဆိုတဲ့စကားက စိတ်ဓါတ်အင်အားတွေ ပေးခဲ့တယ်။

ခုချိန်ထိလည်း တစ်ခါတစ်ခါ စိတ်အင်အားတွေလိုတဲ့အခါ ဖုန်းဆက်လို့ အမေ့ကို  ဆိုပြပါဦးလို့ ပြောတတ်သလို ဖုန်းအလွယ်တကူဆက်လို့ မရတဲ့အခါကျတော့လည်း Youtube ကနေ Doris Day ကိုပဲ အမေ့ကိုယ်စား ဆိုခိုင်းရတော့တာပေါ့။ အတူနားထောင်ကြည့်ပါဦးလား။         ။



When I was just a little girl
I asked my mother
What will I be
Will I be pretty
Will I be rich
Here's what she said to me

Que sera, sera
Whatever will be, will be
The future's not ours to see
Que sera, sera
What will be, will be

When I grew up and fell in love
I asked my sweetheart
What lies ahead
Will we have rainbows
Day after day
Here's what my sweetheart said

Que sera, sera
Whatever will be, will be
The future's not ours to see
Que sera, sera
What will be, will be

Now I have Children of my own
They ask their mother
What will I be
Will I be handsome
Will I be rich
I tell them tenderly

Que sera, sera
Whatever will be, will be
The future's not ours to see
Que sera, sera
What will be, will be
Que Sera, Sera 

 video credit to ~  http://www.youtube.com/watch?v=SdhAfMor9BM

ညို လေးနေ 
06.09.2014  ( 01:01 am )

Sunday, August 31, 2014

၂ဝ၁၄ ဘလော့ဂ်ဒေး

Truth & Trust ကို လာလည်သူများ အားလုံး ၊ ဘလော့ဂ်ဂါ မောင်နှမများအားလုံး Happy Blog Day ပါ ။ တီတင့်ရဲ့ ပိုစ့်လေးကို ရုံးမှာ (ခိုး)ဖတ်ပြီးတဲ့နောက်မှာ ဘလော့ဂ်ဒေးအတွက် အမှတ်တရရေးချင်စိတ်လေး တကယ်ကိုဖြစ်လာပါတယ်။

အရင်နှစ်တွေကလည်း မရေးဖြစ်ခဲ့တာကြောင့်ရော၊ ဘလောဂ့်ရပ်ဝန်း ငြိမ်သက်နေချိန်မှာ ပြန်လည် သက်ဝင်စေချင်တဲ့စိတ်ကြောင့်ရောပါ။ ဒါပေမယ့် အခြေအနေက မပေးပြန်ပါဘူး။ ကွန်ပျူ တာလေးက ဒီလိုဖြစ်နေပြန်ပါတယ်။



သုံးကြိမ်တိတိ format ပြန်ချ ၊ window ပြန်တင်လည်း ဒီလိုပဲဖြစ်နေတော့တာပါပဲ။ အကောင်းဘက်ကတွေးရင်တော့ အသစ်ရခါနီးပြီပေါ့း)

နေ့မကူးခင်တော့ ရသလို၊ ရသလောက်လေးနဲ့ ဘလော့ဂ်ဂါအားလုံးအတွက် မျှချင်တာလေး မရမက တင်လိုက်ပါတယ်။ ဘလော့ဂ်ရေးသူတွေတင် မဟုတ်ပါဘူး ၊ စာဖတ်သူတွေလည်း ဘလော့ဂ်တွေကို သံယောဇဉ်ရှိကြတယ်ဆိုတာလေး အမှတ်မထင် သိလိုက်ရလို့ မောင်နှမများ ဆက်ပြီး ရေးကြပါလို့ ... ။



 ဘလော့ဂ်ရွာမှ မောင်နှမများအားလုံး ရွှင်လန်းချ မ်းမြေ့ကြပါစေ။

  
ညို လေးနေ 
31.08.2014  ( 09:58 pm )

Thursday, August 7, 2014

ပင်လယ်မသိတဲ့ မြစ်

မာယာတွေများသတဲ့လား
မကြားဘဲ မြင်လှည့်ပါ
နှလုံးသွေးတို့ မြစ်ဖျားခံရာမှာ
ဒဏ်ရာတွေ ဆည် လိုတည်ပေးခဲ့လို့
မျက်ရည်တွေနဲ့ 
မသေရုံတမယ် စီးဆင်း
တမျှဉ်းမျှဉ်းနဲ့ ခမ်းခြောက် 
ပင်လယ်ကို မရောက်လိုက်တဲ့မြစ်တွေ
ရေနိုင် ပါ့မလား

x x x x x x



ညို လေးနေ 
07.08.2014  ( 11:19 am )

Saturday, June 14, 2014

အမေနှင့် ထွေးခင်သားလေးမွေးတုန်းက

တကယ်တော့ အမေနှင့်မယ်ညို့  ပုံပြင်များကို တခြားအကြောင်းအရာတွေနဲ့ ဆက်ဖို့ပါ။ ဒါပေမယ့် ကမ္ဘာ့ဖလားဆိုတဲ့ လေးနှစ်တစ်ကြိမ်မှ ကျင်းပတဲ့ ကမ္ဘာတစ်လွှားစိတ်ဝင်စားတဲ့ ဘောလုံးပွဲကြီးနဲ့ တိုက်ဆိုင်နေလို့ ဒီအကြောင်းအရာလေးကို ရေးဖြစ်သွားတယ်။

မယ်ညို က အမေ့ကို သိပ်ချစ်တယ်။ ကလေးတိုင်း ကိုယ့်အမေကို ချစ်ကြတာပဲ အဆန်းလား ဆိုရင်တော့ မယ်ညို ဆိုလိုတာက အိမ်မှာ အဖေထက်၊ အစ်ကိုအစ်မတွေထက် ပိုပြီးရင်းနှီး တွယ်ကပ်တာကို ပြောချင်တာပါ။ ငယ်ငယ်ကတည်းက ဟိုတွေး ဒီတွေး၊ ဟိုမေး ဒီမေး မေးတတ်လွန်းတဲ့ မယ်ညို ရဲ့ မေးခွန်းဒဏ်ကို အစ်ကိုတွေ အစ်မတွေက သိပ်ပြီးသည်းမခံနိုင်ပါဘူး။ တချို့ဟာတွေက သူတို့ကိုယ်တိုင်းလည်း မသိဘူးလေ။ အဖေကတော့ သူ့ဟာသူ အလုပ်တွေနဲ့မို့ ကိုယ်တိုင်က မမေးရဲတာလည်းပါ ပါတယ်။ ၁၀ တန်းသာအောင်ခဲ့ပြီး ဘွဲ့ရတဲ့အထိ ကျောင်းမတက်ခဲ့ရပေမယ့် အမေက မယ်ညို့ ရဲ့ အင်္ဂလိပ်-မြန်မာ အဘိဓါန်ဆိုလည်းဟုတ်တယ်။ စွယ်စုံကျမ်းဆိုလည်းဟုတ်တယ်။ အရစ်ရှည်တတ်လွန်းတဲ့ မယ်ညို ကို စိတ်အရှည်ဆုံးလူသား ဆိုလည်းဟုတ်တယ်။ အခုချိန်အထိ တိုင်တည် အားကိုး အကြံဥာဏ်တောင်း နေရအောင်လည်း အမေဟာ ခေတ်မှီနေသေးရဲ့။

မယ်ညို့ ရဲ့ ဘောလုံးဝါသနာဟာ မြန်မာအသင်း ငွေတံဆိပ်ရခဲ့တဲ့ ၁၉၉၃ အရှေ့တောင်အာရှပွဲက စခဲ့တယ်။ ပြီးတော့ တဆက်တည်း ၁၉၉၄ ကမ္ဘာ့ဖလားပွဲ။ နောက်တော့ တစ်နိုင်ငံလုံးကို ဘောလုံးရောဂါ တိုးစေခဲ့တဲ့ ၁၉၉၅ အရှေ့တောင်အာရှပွဲ။ ဘက်ဂီယို တို့၊ သန်းတိုးအောင် တို့ဆိုတာ မယ်ညို ရဲ့ သူရဲကောင်းတွေ ( အခုချိန်ထိအောင်လည်း မပြောင်းလဲသေးပါဘူး ) ။  အဲဒီ့အချိန်က မြန်မာအသင်းကို တစ်သင်းလုံး အလွတ်ရပေမယ့် ကမ္ဘာကျော်ဘောလုံး သမားတွေနဲ့တော့ နည်းနည်း  အလှမ်းဝေးသေးတယ်။ အင်တာနက်ဆိုတာ ဘာမှန်းမသိသေးတဲ့ အချိန်။ အားကစားဂျာနယ်တွေကလည်း အခုလို မများသေးဘဲ " အင်အား" တို့၊ " တက်လမ်း " တို့ လောက်ပဲရှိသေးတယ်။ ဒါတောင် ကိုယ့်မုန့်ဖိုးနဲ့ကိုယ်ဆိုတော့ ထွက်သမျှ ဝယ်မဖတ်နိုင်ဘူး။ ဒီတော့ သတင်းစာထဲ ပါသမျှလောက်သာ ဖတ်၊ ဖြတ်၊ ညှပ်၊ ကပ်၊ စု၊ သိမ်း။ ဘက်ဂီယိုပုံပါတဲ့ ဂျာနယ်ဆိုရင်တော့ မရမက ဝယ်သိမ်းပါတယ်။ ( ပရိတ်သတ်ကြီးက အားကစားစိတ်ဓါတ် ပြည့်ဝတာ အဲလို အဲလို :D ) 

အမေ့ကို ချစ်တဲ့ မယ်ညို က အမေ့ကို ကူဖို့ အမြဲချောင်းနေတတ်တယ်။ ဟင်းချက်တဲ့နေရာ၊ မီးပူတိုက်တဲ့နေရာ၊ အဝတ်လျှော်တဲ့နေရာ။ အခုနေ ပြန်တွေးကြည့်တော့ အဲလိုကူလုပ်ပေးလို့လည်း အမေ့မှာ သက်သာရှာမယ် မထင်ပါဘူး။ ကူတာက နည်းနည်း မယ်ညို့ မေးခွန်းတွေကို ဦးနှောက်ပူအောင်စဉ်းစားပြီး လျှာထွက်အောင် ဖြေရတာက ပိုမောမယ်ထင်တယ်။

အဲဒီလိုနဲ့ ကြည့်ခဲ့သမျှ ဘောလုံးပွဲတွေထဲမှာ အနှစ်သက်ဆုံး ၁၉၉၈ ကမ္ဘာ့ဖလား ဘောလုံးပွဲအချိန်ကို ရောက်လာခဲ့တယ်။ ၉၄ က ကစားသမားတွေ၊ ၉၈ မှာထပ်တိုးလာတဲ့ ဘောလုံးသမားတွေ အကြောင်းကို အတော်အတန်သိနေပေမယ့် ဘောလုံးဘုရင်ဆိုတဲ့ ပီလီ ရဲ့အကြောင်းကိုတော့ မယ်ညို သိပ်မသိသေးပါဘူး။ တစ်ရက်တော့ အမေက ရေချိုးခန်းထဲမှာ အဝတ်လျှော်တယ်။ ထုံးစံအတိုင်း မယ်ညိုက အမေ့ကို အုတ်ကန်ထဲက ရေကူခတ်ပေးလိုက်၊ အမေဖွတ်ပြီးသား အဝတ်တွေကို ရေလျှော်ပေးလိုက်လုပ်နေရင်း ညကကြည့်ထားတဲ့ ဘောလုံးပွဲအရှိန်နဲ့ မေးခွန်းတစ်ခုမေးလိုက်တယ်။

" အမေ ... ပီလီက အသက် ဘယ်လောက်လောက် ရှိပြီလဲ မသိဘူးနော် "

" နေဦး သမီးရဲ့ ..... ထွေးခင် သားလေးမွေးတုန်းက .......  "

အမေက ပြောရင်းနဲ့ ရပ်သွားပြီး စဉ်းစားနေတယ်။ မယ်ညို ကတော့ ပါးစပ်အဟောင်းသားနဲ့ မျက်စိတွေကိုလည်လို့။ ငါမေးတာက ပီလီ့အသက်ပါ။ အမေ့သူငယ်ချင်း ဒေါ်ထွေးခင် ကလေးမွေးတာနဲ့ ဘာဆိုင်လို့တုန်း။

" အမေ ... သမီးမေးတာက ပီလီ့ အသက်လေ "

အဲဒီ့တော့မှ အမေက မယ်ညို့ ပုံကို ကြည့်ပြီး တခစ်ခစ်ရယ်လို့ ဆက်ပြောတယ်။

" အဲဒါဖြေမလို့ စဉ်းစားနေတာလေ သမီးရဲ့။ ပီလီ့ကို ပုလဲနက်လို့ ခေါ်ကြတယ်။ ထွေးခင်သားလေးမွေးတဲ့ အချိန်တုန်းက ပီလီ သိပ်နာမည်ကြီးနေတဲ့အချိန်။ ကလေးက မဲမဲလုံးလုံးလေးမို့ ပုလဲနက်ဆိုပြီး အိမ်နာမည်တွင်သွားတယ်။ အဲဒီ့အချိန်က ..... ၁၉၆၅ လောက် ..... ပီလီ့အသက်က ၂၆ ၊ ၂၇ လောက်ရှိရောပေါ့ ..... ၉၈ ထဲက ၆၅ နုတ် ... ၃၃ ၊ တွက်ရလွယ်အောင် ၂၇ ပေါင်း .... အင်းးးး ၅၅ နဲ့ ၆၀ ကြားတော့ ရှိရောပေါ့ သမီးရဲ့ "


မယ်ညို့ မှာ အမေ့စကားကို ရယ်လည်း ရယ်မိတယ်။ သိပ်လည်း ကျေနပ်တယ်။ အမေက သူ မကျွမ်းကျင်တဲ့ ဘောလုံးလောကနဲ့ သူမသိတဲ့ ပီလီ့ အသက်ကို အတတ်နိုင်ဆုံး အနီးစပ်ဆုံးဖြစ်အောင် စိတ်မှန်းနဲ့တောင် မဟုတ်ဘဲ ကိုးကားတွက်ချက်လို့ ဖြေပေးသွားခဲ့တယ်။ ပီလီ့ကို ပုလဲနက်လို့ခေါ်တာလည်း အမေပြောပြလို့ သိခဲ့ရတာကိုး။

အဲဒီ့လိုပါပဲ ငယ်ငယ်လေးကတည်းက မယ်ညို မေးသမျှ အမေ့ဆီက " အမေ မသိဘူး " ဆို တဲ့ အဖြေမျိုး ကြာရခဲလွန်းတယ်။ နောက်ဆုံး လုံးလုံး မသိတော့ဘူးဆိုရင်တောင်မှ " ဟိုစာအုပ်ထဲမှာတော့ ပါလောက်တယ် " " ဒီလူကတော့ သိလောက်တယ် " ဆိုပြီး ညွှန်းတတ်တယ်။ ပိုပြီးကျေနပ်စရာကောင်းတာက " အမေးအမြန်း ထူတာအေ " " တိတ်နေစမ်း ပေါက်ကရတွေ မမေးနဲ့ " ဆိုတာမျိုး ဘယ်တုန်းကမှ မပြောခဲ့တာ။

ထွေးခင်သားလေးမွေးနေ့ကတော့ အမေနဲ့မယ်ညို့  ရဲ့ ကမ္ဘာ့ဖလား သင်္ကေတဖြစ်သွားတယ်။ ကမ္ဘာ့ဖလား ဘောလုံးပွဲကျင်းပတဲ့ အချိန်ရောက်တိုင်း အမေကလည်းမမေ့သလို မယ်ညိုကလည်း သတိတရမေးတတ်တယ်။

" အမေရေ ထွေးခင်သားလေး ဘယ်နှနှစ်ပြည့်ပြီလဲ "  လို့ ။         ။ 

Photo is taken from http://www.aiowallpaper.com/3132/pele/


ညိုလေးနေ
၁၄.၀၆.၂၀၁၄ ( ၁၆း၂၄)