Saturday, June 14, 2014

အမေနှင့် ထွေးခင်သားလေးမွေးတုန်းက

တကယ်တော့ အမေနှင့်မယ်ညို့  ပုံပြင်များကို တခြားအကြောင်းအရာတွေနဲ့ ဆက်ဖို့ပါ။ ဒါပေမယ့် ကမ္ဘာ့ဖလားဆိုတဲ့ လေးနှစ်တစ်ကြိမ်မှ ကျင်းပတဲ့ ကမ္ဘာတစ်လွှားစိတ်ဝင်စားတဲ့ ဘောလုံးပွဲကြီးနဲ့ တိုက်ဆိုင်နေလို့ ဒီအကြောင်းအရာလေးကို ရေးဖြစ်သွားတယ်။

မယ်ညို က အမေ့ကို သိပ်ချစ်တယ်။ ကလေးတိုင်း ကိုယ့်အမေကို ချစ်ကြတာပဲ အဆန်းလား ဆိုရင်တော့ မယ်ညို ဆိုလိုတာက အိမ်မှာ အဖေထက်၊ အစ်ကိုအစ်မတွေထက် ပိုပြီးရင်းနှီး တွယ်ကပ်တာကို ပြောချင်တာပါ။ ငယ်ငယ်ကတည်းက ဟိုတွေး ဒီတွေး၊ ဟိုမေး ဒီမေး မေးတတ်လွန်းတဲ့ မယ်ညို ရဲ့ မေးခွန်းဒဏ်ကို အစ်ကိုတွေ အစ်မတွေက သိပ်ပြီးသည်းမခံနိုင်ပါဘူး။ တချို့ဟာတွေက သူတို့ကိုယ်တိုင်းလည်း မသိဘူးလေ။ အဖေကတော့ သူ့ဟာသူ အလုပ်တွေနဲ့မို့ ကိုယ်တိုင်က မမေးရဲတာလည်းပါ ပါတယ်။ ၁၀ တန်းသာအောင်ခဲ့ပြီး ဘွဲ့ရတဲ့အထိ ကျောင်းမတက်ခဲ့ရပေမယ့် အမေက မယ်ညို့ ရဲ့ အင်္ဂလိပ်-မြန်မာ အဘိဓါန်ဆိုလည်းဟုတ်တယ်။ စွယ်စုံကျမ်းဆိုလည်းဟုတ်တယ်။ အရစ်ရှည်တတ်လွန်းတဲ့ မယ်ညို ကို စိတ်အရှည်ဆုံးလူသား ဆိုလည်းဟုတ်တယ်။ အခုချိန်အထိ တိုင်တည် အားကိုး အကြံဥာဏ်တောင်း နေရအောင်လည်း အမေဟာ ခေတ်မှီနေသေးရဲ့။

မယ်ညို့ ရဲ့ ဘောလုံးဝါသနာဟာ မြန်မာအသင်း ငွေတံဆိပ်ရခဲ့တဲ့ ၁၉၉၃ အရှေ့တောင်အာရှပွဲက စခဲ့တယ်။ ပြီးတော့ တဆက်တည်း ၁၉၉၄ ကမ္ဘာ့ဖလားပွဲ။ နောက်တော့ တစ်နိုင်ငံလုံးကို ဘောလုံးရောဂါ တိုးစေခဲ့တဲ့ ၁၉၉၅ အရှေ့တောင်အာရှပွဲ။ ဘက်ဂီယို တို့၊ သန်းတိုးအောင် တို့ဆိုတာ မယ်ညို ရဲ့ သူရဲကောင်းတွေ ( အခုချိန်ထိအောင်လည်း မပြောင်းလဲသေးပါဘူး ) ။  အဲဒီ့အချိန်က မြန်မာအသင်းကို တစ်သင်းလုံး အလွတ်ရပေမယ့် ကမ္ဘာကျော်ဘောလုံး သမားတွေနဲ့တော့ နည်းနည်း  အလှမ်းဝေးသေးတယ်။ အင်တာနက်ဆိုတာ ဘာမှန်းမသိသေးတဲ့ အချိန်။ အားကစားဂျာနယ်တွေကလည်း အခုလို မများသေးဘဲ " အင်အား" တို့၊ " တက်လမ်း " တို့ လောက်ပဲရှိသေးတယ်။ ဒါတောင် ကိုယ့်မုန့်ဖိုးနဲ့ကိုယ်ဆိုတော့ ထွက်သမျှ ဝယ်မဖတ်နိုင်ဘူး။ ဒီတော့ သတင်းစာထဲ ပါသမျှလောက်သာ ဖတ်၊ ဖြတ်၊ ညှပ်၊ ကပ်၊ စု၊ သိမ်း။ ဘက်ဂီယိုပုံပါတဲ့ ဂျာနယ်ဆိုရင်တော့ မရမက ဝယ်သိမ်းပါတယ်။ ( ပရိတ်သတ်ကြီးက အားကစားစိတ်ဓါတ် ပြည့်ဝတာ အဲလို အဲလို :D ) 

အမေ့ကို ချစ်တဲ့ မယ်ညို က အမေ့ကို ကူဖို့ အမြဲချောင်းနေတတ်တယ်။ ဟင်းချက်တဲ့နေရာ၊ မီးပူတိုက်တဲ့နေရာ၊ အဝတ်လျှော်တဲ့နေရာ။ အခုနေ ပြန်တွေးကြည့်တော့ အဲလိုကူလုပ်ပေးလို့လည်း အမေ့မှာ သက်သာရှာမယ် မထင်ပါဘူး။ ကူတာက နည်းနည်း မယ်ညို့ မေးခွန်းတွေကို ဦးနှောက်ပူအောင်စဉ်းစားပြီး လျှာထွက်အောင် ဖြေရတာက ပိုမောမယ်ထင်တယ်။

အဲဒီလိုနဲ့ ကြည့်ခဲ့သမျှ ဘောလုံးပွဲတွေထဲမှာ အနှစ်သက်ဆုံး ၁၉၉၈ ကမ္ဘာ့ဖလား ဘောလုံးပွဲအချိန်ကို ရောက်လာခဲ့တယ်။ ၉၄ က ကစားသမားတွေ၊ ၉၈ မှာထပ်တိုးလာတဲ့ ဘောလုံးသမားတွေ အကြောင်းကို အတော်အတန်သိနေပေမယ့် ဘောလုံးဘုရင်ဆိုတဲ့ ပီလီ ရဲ့အကြောင်းကိုတော့ မယ်ညို သိပ်မသိသေးပါဘူး။ တစ်ရက်တော့ အမေက ရေချိုးခန်းထဲမှာ အဝတ်လျှော်တယ်။ ထုံးစံအတိုင်း မယ်ညိုက အမေ့ကို အုတ်ကန်ထဲက ရေကူခတ်ပေးလိုက်၊ အမေဖွတ်ပြီးသား အဝတ်တွေကို ရေလျှော်ပေးလိုက်လုပ်နေရင်း ညကကြည့်ထားတဲ့ ဘောလုံးပွဲအရှိန်နဲ့ မေးခွန်းတစ်ခုမေးလိုက်တယ်။

" အမေ ... ပီလီက အသက် ဘယ်လောက်လောက် ရှိပြီလဲ မသိဘူးနော် "

" နေဦး သမီးရဲ့ ..... ထွေးခင် သားလေးမွေးတုန်းက .......  "

အမေက ပြောရင်းနဲ့ ရပ်သွားပြီး စဉ်းစားနေတယ်။ မယ်ညို ကတော့ ပါးစပ်အဟောင်းသားနဲ့ မျက်စိတွေကိုလည်လို့။ ငါမေးတာက ပီလီ့အသက်ပါ။ အမေ့သူငယ်ချင်း ဒေါ်ထွေးခင် ကလေးမွေးတာနဲ့ ဘာဆိုင်လို့တုန်း။

" အမေ ... သမီးမေးတာက ပီလီ့ အသက်လေ "

အဲဒီ့တော့မှ အမေက မယ်ညို့ ပုံကို ကြည့်ပြီး တခစ်ခစ်ရယ်လို့ ဆက်ပြောတယ်။

" အဲဒါဖြေမလို့ စဉ်းစားနေတာလေ သမီးရဲ့။ ပီလီ့ကို ပုလဲနက်လို့ ခေါ်ကြတယ်။ ထွေးခင်သားလေးမွေးတဲ့ အချိန်တုန်းက ပီလီ သိပ်နာမည်ကြီးနေတဲ့အချိန်။ ကလေးက မဲမဲလုံးလုံးလေးမို့ ပုလဲနက်ဆိုပြီး အိမ်နာမည်တွင်သွားတယ်။ အဲဒီ့အချိန်က ..... ၁၉၆၅ လောက် ..... ပီလီ့အသက်က ၂၆ ၊ ၂၇ လောက်ရှိရောပေါ့ ..... ၉၈ ထဲက ၆၅ နုတ် ... ၃၃ ၊ တွက်ရလွယ်အောင် ၂၇ ပေါင်း .... အင်းးးး ၅၅ နဲ့ ၆၀ ကြားတော့ ရှိရောပေါ့ သမီးရဲ့ "


မယ်ညို့ မှာ အမေ့စကားကို ရယ်လည်း ရယ်မိတယ်။ သိပ်လည်း ကျေနပ်တယ်။ အမေက သူ မကျွမ်းကျင်တဲ့ ဘောလုံးလောကနဲ့ သူမသိတဲ့ ပီလီ့ အသက်ကို အတတ်နိုင်ဆုံး အနီးစပ်ဆုံးဖြစ်အောင် စိတ်မှန်းနဲ့တောင် မဟုတ်ဘဲ ကိုးကားတွက်ချက်လို့ ဖြေပေးသွားခဲ့တယ်။ ပီလီ့ကို ပုလဲနက်လို့ခေါ်တာလည်း အမေပြောပြလို့ သိခဲ့ရတာကိုး။

အဲဒီ့လိုပါပဲ ငယ်ငယ်လေးကတည်းက မယ်ညို မေးသမျှ အမေ့ဆီက " အမေ မသိဘူး " ဆို တဲ့ အဖြေမျိုး ကြာရခဲလွန်းတယ်။ နောက်ဆုံး လုံးလုံး မသိတော့ဘူးဆိုရင်တောင်မှ " ဟိုစာအုပ်ထဲမှာတော့ ပါလောက်တယ် " " ဒီလူကတော့ သိလောက်တယ် " ဆိုပြီး ညွှန်းတတ်တယ်။ ပိုပြီးကျေနပ်စရာကောင်းတာက " အမေးအမြန်း ထူတာအေ " " တိတ်နေစမ်း ပေါက်ကရတွေ မမေးနဲ့ " ဆိုတာမျိုး ဘယ်တုန်းကမှ မပြောခဲ့တာ။

ထွေးခင်သားလေးမွေးနေ့ကတော့ အမေနဲ့မယ်ညို့  ရဲ့ ကမ္ဘာ့ဖလား သင်္ကေတဖြစ်သွားတယ်။ ကမ္ဘာ့ဖလား ဘောလုံးပွဲကျင်းပတဲ့ အချိန်ရောက်တိုင်း အမေကလည်းမမေ့သလို မယ်ညိုကလည်း သတိတရမေးတတ်တယ်။

" အမေရေ ထွေးခင်သားလေး ဘယ်နှနှစ်ပြည့်ပြီလဲ "  လို့ ။         ။ 

Photo is taken from http://www.aiowallpaper.com/3132/pele/


ညိုလေးနေ
၁၄.၀၆.၂၀၁၄ ( ၁၆း၂၄)

5 comments:

Anonymous said...

၄၉ နှစ် :)

ဇွန်မိုးစက် said...

ကမ္ဘာ့ဖလား အမှတ်တရ ပို့စ်လေးအတွက် ကျေးဇူးတင်တယ်။ ငါတောင် ဟိုတလောက နင့်ကိုမေးဦးမလို့။ အမေနဲ့မယ်ညိုပုံပြင်တွေ မရေးတော့ဘူးလားလို့။ တို့ဘ၀ရဲ့ အမှတ်တရတွေထဲ ကမ္ဘာ့ဖလားကို ချန်လှပ်ထားခဲ့လို့ မရလောက်အောင် အမှတ်ရစရာတွေ ရှိနေတတ်တာနော်။း)

ဇွန်မိုးစက် said...

အဲ... အပေါ်က အသက်လာရေးသွားတာ ထွေးခင်သားလေး ထင်တယ်နော်။ :D

ညီလင်းသစ် said...

သားသမီးအပေါ် စိတ်ရှည်တဲ့ ဒီလိုအမေမျိုး ရထားတာ မယ်ညို ကံကောင်းတာပေါ့...၊ ဘော်လုံး ဝါသနာပါတဲ့ မြန်မာမိခင်တွေအကြောင်း ကြားရရင် သဘောကျစိတ်နဲ့ အမြဲပြုံးမိတယ်...။း)

ညိုလေးနေ said...

ထွေးခင်သားလေးအသက် တွက်ပေးသွားလို့ ကျေးဇူးပါ။ ဇွန် ထင်သလိုများ ဟုတ်နေသလား Anonymous ရှင် ? :)

ဇွန်ရေ ... အမေနှင့်မယ်ညို့ ပုံပြင်တွေ စိတ်ကူးထဲမှာ ရေးနေတာတော့ ဟောတစ်ပုဒ် ဟောတစ်ပုဒ် ပဲ။ ကမ္ဘာ့ဖလားအတွက် ရေးချင်တာတွေလည်း ရှိသေးတယ်ကော။ လက်တွေ့မှာ ဘလော့ဂ်ပေါ် မရောက်ရုံလေးပါ :D

ဟုတ်တယ် အစ်ကိုညီလင်းသစ်၊ မယ်ညို အရစ်ရှည်သလောက် အမေက စိတ်ရှည်တယ်။ မနေ့ကလည်း အီတလီရှုံးလို့ ဖုန်းဆက်ပြီး အားပေးတယ် " အိပ်ရေးပျက်ရကျိုး မနပ်ဘူး မဟုတ်လား " တဲ့ :D

Post a Comment