Sunday, April 17, 2011

ကျွန်မရဲ့ ပထမဆုံးများ

ဘဝမှာ လုပ်တတ်သလိုလို လွယ်သလိုလို ထင်ရပေမယ့် တကယ်တမ်းစမ်းကြည့်တဲ့အခါမှ ချွေးပြိုက်ပြိုက်ကျရတဲ့ အရာတွေကအများသား။ မိသားစုနဲ့တုန်းက ကိုယ်လုပ်သလိုလို ထင်ရတာတွေက ခွဲထွက်လာမှ တကယ်မဟုတ်မှန်း ကိုယ့်ကိုယ်သိရပေါင်းလည်းများပြီ။ အဲဒီလိုနဲ့ တစ်ခုအောင်မြင်တိုင်း မှတ်တမ်းတင်တတ်တဲ့ အကျင့်လေး စွဲလာခဲ့တယ်လို့ပဲ ဆိုပါရစေတော့။

မိသားစုနဲ့ အိမ်မှာနေတုန်းက ကိုယ်က အငယ်ဆုံးဆိုတော့ ထမင်းဟင်းလည်း ကိုယ်တိုင်မချက်ရ။ နောက်က ငရုတ်သီးထောင်း၊ ကြက်သွန်နွှာ၊ ဟင်းအိုးမွှေ၊ ခဏခဏမြည်း အဆင့်။ ဈေးလည်း ဦးဆောင်မဝယ်ရ။ ခြင်းတောင်းကိုင် အဆင့်။ မဝယ်ရလွန်းလို့ တစ်ခါတစ်လေ အမေနဲ့ အမတွေက ပိုက်ဆံအိတ်ပေးကိုင်ထားရင် ဈေးသည်ကို ပိုက်ဆံပေးဖို့ သတိမရဘူး။ ကိုယ်ပေးနေကျမှ မဟုတ်တာနော်။

အိမ်နဲ့ဝေးနေတော့ မရတော့ဘူး။ ကိုယ်စားချင်တာ ကိုယ်မှမချက်ရင် ငတ်တော့မှာဆိုတော့ တတ်သလောက်မှတ်သလောက် အစွမ်းတွေပြရတာပေါ့လေ။

မှတ်မှတ်ရရ ပထမဆုံး အစွမ်းပြတာက မုန့်ဟင်းခါး။ မုန့်ဟင်းခါးဆို ကုလားပဲပြုတ်ပြီး ချက်တာကိုမှ စားချင်တော့ ကိုယ်တိုင်ချက်ရတော့တာပေါ့။ ရယ်ဒီမိတ်ကို ပဲပြုတ်ပြီး ရောတာမဟုတ်ဘူးနော်။ ငါးကိုမွှေ၊ ကုလားပဲကိုချေ လို့ အစအဆုံး အကုန်ချက်တဲ့ မုန့်ဟင်းခါး။ ကျွန်မရဲ့  ပထမဆုံးလက်ရာ မုန့်ဟင်းခါးကို ပထမဆုံး စားခွင့်ရတာက ကျွန်မရဲ့  အချစ်ဆုံးသူငယ်ချင်းမောင်နှမ။ နှစ်ယောက်စလုံးက စားလို့ အရမ်းကောင်းတယ်တဲ့။ ကျွန်မယုံကြည်တယ်။ သူတို့နှစ်ယောက်က မလိမ်တတ်ဘူးလို့။

ပထမဆုံးလုပ်တဲ့ နောက်တစ်မျိုးကိုတော့ စိတ်တိုင်းကျကို ဓါတ်ပုံရိုက်ပြီး မှတ်တမ်းတင် ထားပါတယ်။ အိမ်မှာတုန်းက နာနတ်သီးခွဲဖို့ ဝေးလို့ သဘောင်္သီးတောင် တစ်ခါတစ်လေမှ ခွဲရတာ။ အမလတ်က အသီးဝယ်ကြွေးရတာ၊ ခွဲပေးရတာ သူ့ဝါသနာမို့ ကျွန်မလုပ်ရလေ့ မရှိပါဘူး။ အဲဒါကို မသိရှာလေတဲ့ ကျွန်မသူငယ်ချင်း မဒီက သူ့ မွေးနေ့ ဆွမ်းကပ်ဖို့ ဘုန်းကြီးကျောင်း အရောက်မှာ တာဝန်ပေးအပ်လာပါတယ်။ ကျေကျေနပ်နပ်ကြီးကို လက်ခံပြီး အဆင်အပြေနိုင်ဆုံး ဓါးကို ချက်ချင်းပြေးရွေးလိုက်တယ်။ တာဝန်တော့ကြီးတာပေါ့။ သူငယ်ချင်းကို ကိုယ့်ကြောင့် ဆွမ်းကျွေး အလှူမှာ အကုသိုလ်အဖြစ်ခံလို့ ဘယ်ဖြစ်မလဲ။ ပြီးတော့ အမလတ်နဲ့ မြင်ဆရာတွေဖြစ်တဲ့ မြန်မာပြည်က နာနတ်သီးသည်တွေ အားလုံးရဲ့  မျက်နှာကိုလည်း ထောက်ရဦးမယ်လေ။ အခွံအားလုံး သင်ပြီးသွားတဲ့နောက်မှာ ဖုန်းကင်မရာလေးနဲ့  တဖျတ်ဖျတ်ရိုက်ပြီး မှတ်တမ်းတင်နေလိုက်တာ၊ တခြားသူတွေအားလုံး ဆွမ်းကျွေးဖို့ ပြင်ဆင်ပြီးရော ကျွန်မမပြီးဘူး။ ဓါတ်ပုံရိုက်တာ တော်ပါတော့လို့ တားယူရတဲ့ မဒီ ကတော့ ဒါဟာ ကျွန်မရဲ့  ပထမဆုံး နာနတ်သီးခွဲခြင်းဆိုတာ ခုထိသိရှာမယ်မထင်ဘူး။

လောကသဘာဝအတိုင်း ပထမဆုံးပြုလုပ်တဲ့ အရာတိုင်း အောင်မြင်တယ်ဆိုတာတော့ ဘယ်ရှိပါ့မလဲနော်။ အဲဒီလို ပထမဆုံးအကြိမ် မဖြစ်မြောက်တဲ့ အရာတွေထဲမှာ ကျွန်မ မမေ့နိုင်ဆုံးက သရက်သီးခွဲခဲ့တာပါ။ ပထမဆုံး သရက်သီးကို ကျွန်မခုနှစ်တန်းနှစ်က ခွဲခဲ့တယ်။ အစေးထွက်အောင် ထိပ်ကဖြတ်၊ ရေစိမ်ထားတဲ့ သရက်သီး ပေါ်တစ်ခြမ်းအခွံခွါတုန်းကတော့ အဟုတ်။ အဲ….. တစ်ခြမ်းပြီးလို့ နောက်တစ်ခြမ်းလည်း လှည့်ရော ပြဿနာက စပါလေရော။ အခွံမရှိတော့လို့ ချောနေတဲ့အသား၊ ချော်ထွက်မှာစိုးလို့ တင်းတင်းကိုင်၊ တင်းတာလွန်တော့ ညှစ်သလိုဖြစ်၊ အဲဒီတော့ အရည်ပျော်ထွက်၊ မထွက်အောင် လက်ကိုလျော့တော့ အခွံလှီးမရ။ လုံးလည်ချာလည်လိုက်ရင်းနဲ့ပဲ သရက်သီးပျော့စိပြဲလေး ခွဲလို့ပြီးသွားတယ်။ ဒါပေမယ့် သမီးကို အားပေးတဲ့ အမေနဲ့ ကိုယ့်ကိုယ်ကိုယ် အားပေးတဲ့သမီး တစ်ယောက်တစ်ဖတ်မြည်း တာကလွဲရင် သရက်သီးလေး အမှိုက်တောင်းထဲမှာ ဇာတ်သိမ်းသွားရ ရှာပါတယ်။ နောက်တစ်နေ့ ကျောင်းရောက်တော့ ထမင်းစားချိန်မှာ သူငယ်ချင်းက ဘူးလေးနဲ့ထည့်လာတဲ့ သရက်သီးလာကျွေးတယ်။ ပြီးတော့ပြောသေးတယ် ငါကိုယ်တိုင်လှီးလာတာတဲ့။ ကျွန်မနဲ့ ရွယ်တူ သူငယ်ချင်းမို့ သူ့သရက်သီးကိုလည်း ဘယ်လိုမှစားလို့ မရခဲ့ဘူး။

ပထမဆုံးလုပ်တဲ့အရာလေးတွေ ဖြစ်မြောက်သွားရင်ကျေနပ်ပျော်ရွှင်တတ်သလို၊ မဖြစ်မြောက်ရင်လည်း ပထမဆုံးအခေါက်မို့ပါလေဆိုပြီး ကိုယ့်ကိုယ်ကိုယ် အားပေးပြီး နောက်တစ်ခါထပ်စမ်းဖို့ စိတ်မပျက်ခဲ့ပါဘူး။ ဒါပေမယ့် ကျွန်မအလွန်တန်ဖိုးထားတဲ့ ကျွန်မရဲ့  ပထမဆုံးလက်ရာလေးတစ်ခုအတွက်တော့ ငိုကြီးချက်မ ဖြစ်ခဲ့ဖူးသေးတယ်။

ဇာထိုး၊ ပန်းထိုး ၊ တစ်ချောင်းထိုး စတဲ့လက်မှုအလုပ်တွေကို ဝါသနာပါတဲ့ ကျွန်မ အဲဒါတွေသင်တိုင်း သင်ထိုး ထိုးမယ့် အရာကို အမေသုံးလို့ရမယ့် အရာရွေးလေ့ရှိတယ်။ ပထမဆုံးလက်ရာကို အမေ့ကို ပေးချင်တာကတစ်ကြောင်း၊ ပထမဆုံးမို့လို့ အချိုးသိပ်မကျရင် အမေကပဲ သည်းခံပြီးသုံးမှာကြောင့် တစ်ကြောင်း၊ ဒါ သမီးလေး ထိုးပေးတာလေဆိုပြီး ပြောတာလေး ကြားချင်တာ တစ်ကြောင်း၊ တစ်ချက်ခုတ် သုံးလေးချက် ပြတ်ပေါ့။

သင်ခဲ့သမျှ လက်မှုအလုပ်တွေ ထဲမှာတော့ တတ်တင်းထိုးရတာဟာ ကျွန်မအတွက် အခက်ဆုံးပါပဲ။ တက်တင်းက ထိုးရတာ အချိန်ကြာသလောက် ဇက်ကြောကလည်း တက်ပါ့။ ပြီးတော့ တက်တင်းထိုးနည်း သင်နေတဲ့အချိန်မှာ ပေးသူနဲ့ ယူသူ ဘယ်သန်ညာသန် မတူတာလေတော့ ခွကျကျ။ ဒါပေမယ့် သင်ပေးတဲ့ အစ်မက စိတ်ရှည်လွန်းလို့ အမေ့အတွက် ပုခုံးတင် ပုဝါရှည်လေး တစ်ထည်တော့ဖြစ်မြောက်သွားတယ်။

အဲဒီ့နောက် ကျွန်မတို့ အိမ်ပြောင်းပြီးကာစ။ အသစ်ပြောင်းတဲ့အိမ်မှာ ပစ္စည်းတွေ အထာမကျသေးလို့ တခြားအိမ်သားတွေ အလုပ်သွားချိန် အမေနဲ့ ကျွန်မ အိမ်နောက်ဖေးမီးဖိုခန်းကို ရှင်းလင်းရင်း ပစ္စည်းတွေ နေရာချဖို့ လုပ်ကြပါတယ်။ ရှင်းရင်းလင်းရင်း အမေက ဖုန်သုတ်ရအောင် တဘက်အဟောင်းတစ်ထည် သွားယူဖို့ပြောတယ်။ တဘက်တွေ၊ ပုဝါတွေ၊ ခြုံထည်တွေ ထားတဲ့နေရာမှာ အဟောင်းရှာရင်း တွေ့ တာက အမှုန်အမွှား ချည်စတွေ။ ကုန်ပါပြီ။ ဒီလောက် သုံးပြီးသား တဘက်အဟောင်းတွေ၊ အသစ်တွေ၊ ခြုံထည်တွေ၊ ပုဝါတွေ အများကြီးရှိနေတဲ့ကြားက ဒီတက်တင်းပုဝါလေးကိုမှ ကြွက်ကရွေးကိုက်ရတယ်လို့။ တခြားဟာတွေ အကုန် အကောင်းပကတိ။

နှမျောလိုက်တာ၊ စိတ်တိုလိုက်တာ၊ပုဝါလေးကိုင်ပြီး ထိုင်ငိုနေတာ၊ ခိုင်းလိုက်တာလည်း သတိမရတော့။ အမေက နောက်ကလှမ်းခေါ်မှ မီးဖိုခန်းထဲဝင်သွားတော့ ယူခိုင်းတဲ့ တဘက်မပါဘဲ လက်ဗလာ၊မျက်ရည်တရွှဲရွှဲ ဖြစ်လာတာမြင်ပြီး လန့်ဖျတ်သွားပါရော။ အိမ်အသစ်မှာ ငါ့သမီးဘာဖြစ်ပါလိမ့်ပေါ့။ ဖြစ်ကြောင်းကုန်စင် ရှိုက်ကြီးတငင်ပြောလိုက်မှ အမေက အိမ်အသစ်မှာ ကြွက်အသစ်က ငါ့သမီးကို မိတ်ဆက်တာပေါ့တဲ့။ သူမိတ်ဆက်ပုံက လွန်လွန်းပါတယ်။

အဲဒီ့ ကြွက်စာမိသွားတဲ့ တက်တင်းပုဝါလေးက ကျွန်မအတွက် ပထမဆုံး တက်တင်းလက်ရာ ဖြစ်သလို နောက်ဆုံးလက်ရာ လည်းဖြစ်နိုင်ပါတယ်။ အခုချိန်အထိ နောက်တစ်ခါ တက်တင်းထိုးဖို့ကို စဉ်းစားလို့ မရသေးဘူးလေ။

ပထမဆုံးတွေထဲမှာ ကျွန်မရေးတဲ့ ကဗျာ အပိုင်းအစ ဘလောဂ်စာမျက်နှာပေါ် ပထမဆုံး ရောက်ရတာကလည်း အမှတ်ရစရာ။ သူငယ်ချင်းတွေနဲ့ စုလုပ်ထားတဲ့ အီကို96 ဘလောဂ်ကလွဲလို့ ဘလောဂ် မရေးဖြစ်သေးတဲ့ ကျွန်မ၊ ကိစ္စတစ်ခုအကြောင်းပြုလို့ အတူနေ သူငယ်ချင်းနဲ့ အစ်မချစ်ကြည်အေးတို့အိမ် လိုက်သွားမိပါတယ်။ ပြန်ခါနီး သင်္ကြန်အတွက် ကဗျာစုစပ်ရအောင်လို့ အစ်မချစ်က ဘလောဂ်ဂါ မောင်နှမတွေကိုပြောတော့၊ ဆိုင်းသံကြားရင် မနေနိုင်ဘဲ က ချင်သူမို့ ခွင့်တောင်းမိပါတယ်။ ဒီလိုနဲ့ ကျွန်မရဲ့  ကဗျာအပိုင်းအစလေး ဘလောဂ်ဂါမောင်နှမတွေရဲ့  ကဗျာထဲ ဝင်ရှုပ်ခွင့်ရခဲ့ပါတယ်။

အခု ဘလောဂ်ရေးမယ်စိတ်ကူးတော့ အရင်ဆုံးတင်မယ့်ပိုစ့်အတွက် စဉ်းစားရပါပြီ။ ကျွန်မရေးထားတာတွေထဲက ဘယ်ဟာနဲ့စရပါ့။ စဉ်းစားရင်း၊ တွေးတောရင်း အဖြေရပြီး ချရေးမိသွားပါတယ်။ ချရေးမိတဲ့အတိုင်း ပထမဆုံးတွေနဲ့ ပထမဆုံး စ လိုက်ပါတယ်။

11 comments:

ဇွန်မိုးစက် said...

အံမယ်... ပထမဆုံးပို့စ်က ဓာတ်ပုံတွေဘာတွေနဲ့ တယ်မိုက်နေပါလား :P

မမင်း said...

ဟာ ပထမဆုံးပို့စ်ကို ကြိုက်တယ်ဖြစ်တယ်။ ပေါ့ပေါ့ပါးပါး မြူးမြူးလေး။ အားပေးနေမယ်.. ဆက်လုပ်ပါဗျိုး။

Saw Su said...

နာနတ်သီးတော့ ကိုယ့်အကြောင်းကိုယ်သိ လုံးဝကို မခွဲဘူး။ သရက်သီးတော့ တစ်ခါခွဲဘူးတယ်၊ ကိုယ်တိုင်တော့မစားဘူး၊ အမတွေ အတင်းလိုက်ကျွေးလိုက်တယ်။ :P
Post တွေ ပုံမှန်အားပေးမယ်နော်။ :)

cupid said...

i love this, me :)
carry on!

အင်ကြင်းသန့် said...

မမညိုလေး....

ဂျင်းလည်း လိမ်မပြောတတ်ဘူး သိလား
နောက်တစ်ခါ ပထမဆုံးအကြိမ်အနေနဲ့ချက်မယ့်မုန့်တွေရှိရင် ဂျင်းကိုခေါ်ကျွေးလို့ရတယ်နော်။ :D

ဂျင်ဂျင်း

Ree Noe Mann said...

အားပေးနေပါတယ်။
အမြဲ တည်တံ့နိုင်အောင်လည်း ကြိုးစားပေးပါ။
နေ့ မြင်ညပျောက် ဆိုပင်မဲ့ မပျောက်ခင်မှာတော့
စာများများ ဖတ် စာများများရေးပါလို့ အားပေးချင်ပါတယ်။

ချစ်ကြည်အေး said...

ညိုလေးရေ လာအားပေးပါတယ် ညီမ...၊ ပထမဆုံး သင်္ကြန်ကဗျာလေးပါ ထည့်လိုက်ရင် ပိုကောင်းမှာ...
အပေါ်ကိုရောက်ဖို့ ပထမဆုံးလှေကားထစ်တွေကနေ စရတယ်လေ...အရေးကြီးဆုံးက ပထမအကြိမ်တွေနဲ့ချည်း ရပ်မသွားဖို့ပဲ...:))
ဆက်လက်ရေးဖို့ မှန်မှန်ရေးဖို့ပဲ ပြောလိုက်ပါရစေ ညိုလေးရေ....

လင့်ခ်ယူသွားတယ်နော် :)

Nyo Lay Nay said...

ဇွန်ရေ ဓါတ်ပုံရိုက်ကတည်းက အကြံနဲ့လေ :)

မင်း၊ စော၊ cupidလေး နဲ့ ရီနို အားပေးတာ ကျေးဇူး

ဂျင်းရေ ... အမ ဒီတစ်ခါ ဂျင်း ကို ဘယ်လိုနည်းပညာအသစ်နဲ့ ကြော်လှော်ချက်ပြုတ်ရင် ကောင်းမလဲ စဉ်းစားနေတယ် ... အဟဲ

အမချစ် ကျေးဇူးအများကြီးတင်ပါတယ်။ ကဗျာလေး လင်ခ့် လုပ်လိုက်ပြီ။

Mayzin said...

nyolay yay..

like ma ma zune .. you got a talent in writing articles & poems too!! keep up!! :)

~May Lay~ heee..

gina vinasoy said...

Hi! Your blog looks interesting.It would be better if you visit my website too.!
http://ads.com.mm/?cid=4fd60e94e4b0fa6db841e33c&utm_campaign=ads_mm_lb_blog_gvisoy&utm_source=ads_lb_blog&utm_medium=lb_blog

gina vinasoy said...

Hi.!Nice blog ! wanna visit mine ? http://ads.com.mm/?cid=4fd60e94e4b0fa6db841e33c&utm_campaign=
ads_mm_lb_blog_gvisoy&utm_source=ads_lb_blog&utm_medium=lb_blog

Post a Comment