Tuesday, April 17, 2012

ပြန်ဆုံကြမည် နောင်နှစ်ဆီ

တာဝန်ချိန်ပြီးပြီ။ အိမ်ပြန်ဖို့အတွက် လှေကားဆီသို့ ခွဲစိတ်ခန်းရှိရာဘက်မှ လျှောက်လာမိသည်။ ခွဲစိတ်ခန်းတံခါးတွေကို လှမ်းကြည့်ရင်း ကိုယ့်ကိုယ်ကိုယ် ကျေနပ်ဂုဏ်ယူပီတိဖြစ်မိသည်။ ဒီနေ့ဟာ ဒေါက်တာငယ်ငယ်ထွေး အဖြစ်နှင့် အရင်ဦးဆုံးတာဝန်ကျသည့် ဆေးရုံမှာ ပထမဆုံးခွဲစိတ်ခန်း ဝင်ရသည့်နေ့။ ကိုယ်တိုင်ဦးဆောင်ခွဲစိတ်ရတဲ့ အဆင့်မရောက်သေးပေမယ့် ငယ့်အတွက်တော့ ပထမဦးဆုံးနေ့မှာ လူနာတစ်ဦးကို အောင်မြင်စွာ ကယ်တင်လိုက်နိုင်၍ မင်္ဂလာရှိတဲ့ နေ့တစ်နေ့ ဖြစ်သွားပြီ။ ဒီလိုပဲ မင်္ဂလာရှိတဲ့နေ့ပေါင်းများစွာကို ဖြတ်သန်းနိုင်ပါစေလို့ ဆန္ဒပြုရင်း တစ်စုံတစ်ရာကို တွေးမိကာ ပြုံးလိုက်မိသည်။ အခုချိန်မှာတော့ ခွဲစိတ်ခန်းဝင်ရတဲ့ ဆရာဝန်မလေး။ တစ်ချိန်တုန်းကတော့ . . . . . . ။

x x x x x x x

ဆေးပေးတဲ့ စားပွဲရှေ့ နားက ခုံလေးတွေပေါ်မှာ လူနာသုံးယောက်။ တစ်ယောက်က ငယ့်ရဲ့  အစ်ကို။ ငယ်နဲ့ အထက်အောက် သုံးနှစ်ကွာ ဆိုပါတော့။ နောက်တစ်ယောက်က မမရဲ့ သူငယ်ချင်း ငယ်တို့ အိမ်ခန်းနဲ့ တစ်ခန်းကျော်က မမမီး။ နောက်ထပ်လူနာတစ်ယောက်ကတော့ ငယ်ကိုယ်တိုင်ပါပဲ။

စောင့်ရတာကြာလိုက်တာ။ ဒေါက်တာကိုကိုကြီးက ဘာတွေကုနေပါလိမ့်။ ဟော.... ထွက်လာပါပြီ။ ငယ်တို့အပေါ်ထပ်အိမ်က ကိုဖိုးသား။ လူနာကိုဖိုးသားက လက်ထဲမှာစာရွက်လေးတစ်ရွက်ကိုင်ြ
ပီး မျက်နှာစပ်ဖြီးဖြီးနဲ့ ထွက်လာသည်။ ကိုဖိုးသားက လက်ထဲကစာရွက်ကို ဆေးပေးတဲ့ မမဆီထိုးပေးလိုက်တော့ မမကဖတ်ပြီး ဆေးပြားလေးတွေကို စက္ကူနဲ့ ထုပ်ပေးလိုက်သည်။
" ကိုဖိုးသား ... ဘာဆေးတွေတဲ့လဲ "
" ဒါက စီဗစ်တဲ့၊ ဒါက အနာသက်သာအောင်သောက်ရတဲ့ ဘီစကစ် ... အဲ ... ဟုတ်ပါဘူး .... ပါရာစီတမောတဲ့ "
" စီဗစ်နဲ့ ပါရာစီတမော တွဲသောက်လို့ ရလို့လား "
" သိဘူး "
" မရဘူးဆိုရင် စီဗစ် ငါကူစားပေး ... အဲ ... သောက်ပေးမယ်လေ အဟီး "
" ရရ မရရ ငါကတော့ အကုန်စားမှာပဲ "
မမမီးနဲ့ ကိုဖိုးသား ပြောနေတာတွေနားထောင်ပြီး စီဗစ်ဆိုတဲ့ ရှောက်သီးဆေးပြားရဲ့  နာမည်ကို ငယ်မှတ်ထားလိုက်သည်။ နောက်ပြီး ရောဂါတူမှ ဆေးလည်းတူမှာပေါ့။
" ကိုဖိုးသားက ဘာရောဂါလဲ "
" အနာပေါက်တာဟေ့ အနာပေါက်တာ၊ အနာပေါက်လို့ ရှောက်သီးဆေးပြားပဲ စားရတာ၊ ချောကလက်စားရအောင် နောက်တစ်ခေါက် ပြန်ပြဦးမယ် " ကိုဖိုးသားက မျက်နှာစူပုတ်ပုတ်လုပ်ကာ ဆောင့်အောင့်၍ပြောသည်။

ငယ်တို့ ကိုဖိုးသားကို ဝိုင်းရယ်နေကြတုန်း ကိုလေးပြန်ထွက်လာသည်။ ခေါင်းမှာလည်း မေမေ့ပုဝါကြီးစည်းလို့။
" အဟီး ပုဝါကြီးနဲ့ "
မမမီးက လက်ညှိုးတစ်ထိုးထိုးနဲ့ ရယ်နေသည်။
" ဘာပုဝါလဲ၊ ဒါ ပတ်တီး၊ ငါခေါင်းပေါက်လို့ ဆေးခန်းလာတာ၊ မမ ရော့ ဆေးစာရွက်၊ ဟဲ့ နင်က ဆရာမလုပ်ပြီး ဆေးတွေထိုင်စားမနေနဲ့လေ၊ ငါ ကိုကြီးနဲ့ တိုင်ပြောမှာနော် "
" ငါက ချောကလက်တွေနဲ့ ဝေဖာတွေ ညီအောင်ညှိ အဲ ဟုတ်ပါဘူး ဆေးတွေ ညီအောင်ညှိနေတာပါ၊ စီဗစ်က လေးလုံးစီပုံနေတာ နှစ်လုံးပိုနေလို့ "
" အဲဒါဆို နင်လူနာလုပ် ၊ ငါ ဆေးပေးတဲ့သူလုပ်မယ် "
" အင် ... မလုပ်ပါဘူး၊ နင်ကလည်းဟာ ... ငါဆေးပိုထည့်ပေးပါ့မယ်၊ ကိုကြီးကို မတိုင်နဲ့နော် "
ကိုလေးနဲ့ မမရဲ့  အငြင်းအခုံက အပေးအယူနဲ့ ပြီးဆုံးသွားသည်။

" ဟေ့ နောက်တစ်ယောက်လို့ခေါ်နေတာ မလာသေးဘူးလား၊ မလာရင် ဆေးခန်းပိတ်တော့မှာနော်၊ ဆေးတွေကို ဆရာဝန်သိမ်းလိုက်မှာ "
ဝရန်တာ ဆေးခန်းထဲက ဒေါက်တာကိုကိုကြီးရဲ့  ခြိမ်းခြောက်သံကြောင့် ကိုလေးတို့ရဲ့  အငြင်းအခုံကို ကြည့်နေတဲ့ မမမီး ဆေးခန်းထဲသို့ အပြေးအလွှား ဝင်သွားသည်။
ကိုလေးကိုပေးသည့် ဆေးတွေက အားဆေးဆိုတဲ့ချောကလက်၊ အမူးပြေတဲ့ ဘီဆစ် ဆိုတဲ့ ဝေဖာ၊ စီဗစ်နဲ့ပါရာ။
ချောင်းဆိုးလွန်းလို့ လေကုန်ပြီးမူးနေတဲ့ မီးမီးက ချောင်းဆိုးပျောက်ဆေးရည် ဘလက်ကော်ဖီ နဲ့ ဘီဆစ် ဝေဖာ သောက်ရသည်။

အခု ငယ့် အလှည့် ။ ငယ်ကော်ဖီမသောက်ချင်ပါ။ ဒီတော့ချောင်းဆိုးလို့ မဖြစ်။ ဘာရောဂါဖြစ်ရပါ့မလဲ။
ဝရန်တာဆေးခန်းထဲကိုဝင်လိုက်သည်။
" ကဲ လူနာ ဘာဖြစ်လဲ၊ ခုတင်ပေါ်လှဲအိပ်ပါ "
" ဟင် ... ကိုကြီးကလည်း ဖျာကြီးခင်းထားပြီး ခုတင်တဲ့၊ လူနာတွေ ထိုင်စောင့်နေတဲ့ ခုံတန်းရှည်လေး ဒီမှာချထားတာမဟုတ်ဘူး "
" ဝရန်တာမှာ ခုံတန်းထားတာ အမေတွေ့ ရင် ငါ့ကို ဆူမှာပေါ့ "
" ဘာလို့ ဆူမှာတုန်း "
" နင်တို့ တက်ဆော့ပြီး ဝရန်တာက လိမ့်ကျမှာစိုးလို့ပေါ့ "
" ဒေါက်တာကိုကိုကြီးကလည်း အမေဆူမှာကြောက်တာပဲလား "
" စကားများလိုက်တဲ့လူနာ၊ ဘာရောဂါဖြစ်တာလဲ၊ ပါးစပ်ပြဲလာလို့ ပါးစပ်ကို ချုပ်ပေးရမှာလား "
" ဟုတ်ပါဘူး၊ အနာပေါက်လို့ "
" ဖိုးသားဖြစ်ပြီးသား ၊ တခြားဟာပြော "
" ခေါင်းပေါက်တာ "
" ပတ်တီးမရှိတော့ဘူး "
" ရတယ်၊ ဆေးပဲထည့်ပေး၊ ပတ်တီးမစည်းနဲ့"
" ဒီလူနာ သိပ်လျှာရှည်တာပဲ၊ ခေါင်းမပေါက်နဲ့ ဗိုက်အောင့် "
" ဗိုက်အောင့်ရင် စီဗစ် သောက်ရလား "
" လုံးဝမတည့်ဘူး၊ ကဲ ဗိုက်ခွဲမယ် အင်္ကျီလှန် "
" အင် .. စီဗစ် မသောက်ရရင် ဗိုက်မနာပါဘူး ၊ မခွဲဘူး "
ငယ် က အင်္ကျီကို ပြန်ဆွဲချပြီး အတင်းရုန်းသည်။

" ဆရာမရေ လူနာဗိုက်ခွဲမလို့ လာကူပါဦး၊ ဒီမှာရုန်းနေတယ် "
ခေါ်လိုက်တာက ဆရာမ ၊ ဝင်လာတာက တစ်ပြုံလုံး။
" မင်းတို့က ဘာလိုက်လုပ်တာလဲ "
" ဗိုက်ခွဲတာ မမြင်ဘူးလို့ "
ဝရန်တာမှာ သူတို့ ခြောက်ယောက်လုံး ပြည့်ကျပ်သွားသည်။
" မမဆရာမ သမီးဗိုက်မခွဲချင်ဘူး၊ ကိုလေးကိုကျတော့ ခွဲပဲနဲ့"
" ဒီဆရာဝန်က အစကတည်းက ခွဲချင်နေတာလေ၊ နင့်ထက်အကြီးတွေ အကုန်လုံး အခွဲမခံလို့၊ နင်အငယ်ဆုံးပဲ အခွဲခံလိုက်ပါဟာ "
" အီးဟီး ရှောက်သီးဆေးပြားတော့ မကျွေးပဲနဲ့ ဗိုက်ခွဲမယ်တဲ့ "
" ဟဲ့ ရှောက်သီးဆေးပြားက နင်နဲ့မှ မတည့်တာ။ နင်အာသီးရောင်ရင် ငါတို့အားလုံး အဆူခံရမှာ "
" ရှောက်သီးဆေးပြားကျွေးရင် ဗိုက်ခွဲခံမှာလား "
" အင်း "
" ဆရာမ ဆေးတစ်ခွက်စာ ဘယ်နှပြားလဲ"
" လေးပြား "
" လေးပြားပဲရမယ် ၊ ဒါပဲ ၊ ခွဲမှာလား "
" ခွဲ "

ကိုကိုကြီးက ဆော့ပင်နှစ်ချောင်းယူကာ ငယ့်ဗိုက်ကို ခွဲလေတော့သည်။
မမက ဝရန်တာကြိုးတန်းပေါ်က အင်္ကျီလှန်းတဲ့ညှပ်လေးတွေယူကာ ငယ့်ဂါဝန်လေးကိုလှန်မပြီး ပခုံးနားမှာညှပ်ပေးသည်။ ကိုကိုကြီးက လှန်းထားတဲ့ ဖေဖေ့ရှပ်အင်္ကျီကို ခွဲစိတ်ခန်းဝတ်စုံဆိုကာ နောက်ပြန်စွပ်လို့ ကြယ်သီးတစ်လုံး နောက်ကျောမှာတပ်ပြီးဝတ်သည်။ ကိုလေးခေါင်းက ပတ်တီးက အခုတော့ ဒေါက်တာကိုကိုကြီးရဲ့  နှာခေါင်းစည်း။
" ဟီးဟီး ဆရာဝန်နဲ့ မတူတော့ဘူး ၊ ဓါးပြ နဲ့တူတယ် "
မေ့ဆေးပေးမထားတဲ့ငယ်ကတော့ အော်ဟစ်လူးလိမ့်နေသည်။ နာလို့တော့ မဟုတ်။ ယားလို့ ။
သူတို့ အုပ်စု ဝရန်တာမှာ ဆူညံနေတော့ အိမ်တံခါးခေါက်နေတာ မကြားမိကြ။ မမကကြားလို့ သွားဖွင့်တော့ ငယ်တို့မေမေနဲ့ ကိုဖိုးသားရဲ့ မေမေ ဒေါ်လေးရီရီ တို့ ဈေးကပြန်လာတာ။
" ခေါ်မကြား အော်မကြား ဘာတွေလုပ်နေကြတာတုန်း။ မေမေ အောက်ကနေလှန်းမြင်နေရတယ်နော်။ အားလုံးဝရန်တာမှာ ဘာထွက်လုပ်နေကြတာလဲ ပြောစမ်း "
" ကစားနေတာပါမေမေ "
" အော် ခြောက်ယောက်လုံး စုပြုံနေမှတော့ ကစားနေမှန်းသိတာပေါ့။ ညည်းတို့ဘာလုပ်တမ်းကစားလို့ ဝရန်တာမှာ ကစားရတာလဲ။ ငယ်လေးလာစမ်း အင်္ကျီကလည်း လန်လို့။ ဟဲ့ . . ဗိုက်မှာလည်း ဘာတွေလဲ "
ငယ် အင်္ကျီကို ပြန်ချဖို့ သတိမရလိုက်ပါ။ မေမေတွေ့ သွားလျှင် မစားလိုက်ရမှာစိုးလို့ ရထားတဲ့ ရှောက်သီးဆေးပြားကို ပါးစပ်ထဲ အမြန်ထည့်နေရတာနဲ့ အင်္ကျီကို ပြန်မချမိ။

" ငယ်လေး လာဒီကို၊ ပါးစပ်ဟ ။ ရှောက်သီးဆေးပြားတွေ ... သားကြီး ... တော်တော်စိတ်ချရပါလား ... ညီမလေးနဲ့ မတည့်လို့မကျွေးပါနဲ့ဆိုတာကို။ ကြည့်စမ်း သင်္ကြန်တွင်းစားရအောင်ဆိုပြီး ဝယ်ပေးထားတဲ့ မုန့်တွေလည်း အကုန်ကုန်ပြီ။ ကျောက်ကျောထိုးမယ့် ချောကလက်ရောပဲ "
" အေးလေ သားတို့ကလည်း နမိတ်မရှိနမာမရှိ ကလေးကို ဗိုက်ခွဲတမ်း ကစားရတယ်လို့ ၊ နောက်မကစားရဘူး ကြားလား "

ထိုနေ့က သင်္ကြန်အကြိုနေ့ မတိုင်မီတစ်ရက် ဧပြီ ၁၁ ရက်နေ့ ။ မေမေတို့ လူကြီးတွေ သင်္ကြန်တွင်း စတုဒီသာကျွေးဖို့ ချက်ပြုတ်ရန်ဈေးသွားဝယ်ကြချိန် ကလေးတွေကို ကိုကိုကြီးအားစောင့်ခိုင်းထားခြင်းဖြစ်သည်။ အဲဒီ့နောက်တော့ မမနဲ့ ကိုလေးတို့ ဝရန်တာမှာဆော့မှု၊ တစ်ပတ်စာမုန့်တွေကို အကုန်စား အကုန်ဆော့ပစ်မှုတို့ကြောင့် နှစ်ချက်စီ အရိုက်ခံရသည်။ ငယ်လေးကတော့ မေမေရိုက်သည့်ဘေးမှ အမြဲတမ်းလွတ်နေကျ။ ကိုကိုကြီးက ခေါင်သူကြီးမို့ တစ်ချက်ပိုသည်။ ပိုလာသော ပြစ်မှုကတော့ ငယ့်အား ရှောက်သီးဆေးပြားကျွေးမှု။ တကယ်တော့ ကိုကိုကြီးခမျာ ဘာမုန့်မှ မစားလိုက်ရပါ။

ဘာမုန့်မှ မစားရဘဲ တုတ်စားလိုက်ရသော ဒေါက်တာကိုကိုကြီးမှာ ညနေစောင်းမှာတော့ ဗိသုကာကိုကိုကြီး အဖြစ်သို့ ပြောင်းလဲသွားတော့သည်။

" တို့တွေ မဏ္ဍပ်ဆောက်ကြမယ် "
" ဟင် ဘယ်လိုဆောက်မှာလဲ " "ကိုကြီးက ဆောက်တတ်လို့လား " " သစ်သားက ဘယ်မှာလဲ " မေမေဆူထားလို့ ငြိမ်နေကြသူတွေအားလုံး တစ်ယောက်တစ်ပေါက်နှင့် ပြန်ဆူလာပြီ။
" အုန်းလက်မဏ္ဍပ်ဆောက်မှာ၊ သစ်သားမလိုဘူး "
" အုန်းလက်က ဘယ်ကရ ... " မမရဲ့  အမေးစကားမဆုံးလိုက်။ " လာ သွားကြမယ်" ဆိုသော ကိုကိုကြီးနောက်သို့ သူတို့အားလုံးပါသွားကြသည်။ လမ်းဆုံးလျှင် အုန်းလက်တွေ့ မှာ သေချာသည်။
ငယ်တို့ လမ်းနှင့် နှစ်လမ်းကျော်မှာ ဘုန်းကြီးကျောင်းတစ်ကျောင်းရှိသည်။ ကိုကိုကြီးက ထိုကျောင်းထဲ ချိုးဝင်သွားတော့ ငယ်တို့လည်း ဖိနပ်လေးတွေချွတ်လို့လိုက်ရသည်။ ဝင်းထဲရောက်လို့ အုန်းပင်ပုလေး သုံးပင်မြင်တော့ မမ နဲ့ မမမီးက ခုန်ဆွခုန်ဆွဖြစ်ကာ ပျော်နေကြသည်။

ကိုကိုကြီးကို သိနေသော၊ သဘောကောင်းသော ကပ္ပိယကြီးက ဓါးမကြီးဆွဲကာ အုန်းလက်များလိုက်ခုတ်ပေးသည်။ အုန်းလက်တစ်လက် ခုတ်အပြီးမှာ ပြဿနာက စတော့သည်။
" အ ... အား စူးတယ် စူးတယ် " ဘုန်းကြီးကျောင်းဝင်း အုန်းပင်တွေအောက် မြက်တော သဲတောထဲ ဖိနပ်ချွတ်ပြီးသွားတော့ ငယ့်ခြေထောက် ဆူးစူးပြီပေါ့။ မမက တင်ပျဉ်ခွေထိုင်ကာ ငယ့်ကို သူ့ပေါ်ထိုင်စေလျက် ကိုလေးနဲ့ မမမီးက ငယ့်ခြေဖဝါးကို ပွတ်သပ်ကာ ဆူးကို ဝိုင်းရှာကြသည်။ မြေလူးနေသောခြေဖဝါးမှာ စူးပေါက်စနကို သူတို့ရှာမရ။

" ဘာမှ မရှိတော့ဘူးငယ်လေး၊ ကိုလေးခြေထောက်ကို ပွတ်ပေးပြီးပြီးနော်၊ လျှောက်ကြည့် "
" အီးးးးး စူးသေးတယ် ရဘူး၊ လျှောက်လို့ရဘူး "
" ဒုက္ခပဲ ကိုကြီးကလည်း ဒီဗူးသီးပုတ်ကလေးကို ဘာလို့ခေါ်လာတာလဲမသိဘူး "
" ငါ့ညီမလေးကို ဗူးသီးပုတ်လေးလို့ မပြောပါနဲ့ဟ "
" ဒါဆို ထမင်းသိုးဟင်းသိုးလေး ဟီဟိ " မမရဲ့  ရှုံ့ ရှုံ့ မဲ့မဲ့နှင့်အပြောကို ကိုကိုကြီးက လက်မခံလို့ မမမီးက ပြောင်ချော်ချော်ဖြင့် ပြင်ပေးသည်။ အုန်းလက်က တစ်လက်ပဲ ခုတ်ရသေးသည်။

" ကဲ အုန်းလက်သယ်မလား ၊ ငယ်လေးကို ကုန်းပိုးမလား ရွေးကြ "
" အုန်းလက်က ဘယ်နှလက်သယ်ရမှာလဲ "
" အစက နှစ်ယောက်တစ်တွဲ သုံးလက်သယ်မှာမို့ ငါ့ဗူးသီးပုတ်လေးပါ ခေါ်လာတာပေါ့ "

အားလုံးခေါင်းကုတ်ရင်း ငယ်ထွေးနှင့် အုန်းလက်အလေးချိန်ကို ချိန်ဆကြသည်။ နောက်တော့ ဤပုဂ္ဂိုလ်လေးကို အိမ်အရောက်ကုန်းပိုးရန် မလွယ်မှန်းသိတော့ အုန်းလက်ကိုသာရွေးချယ်သွားကြသည်။ ကိုလေးနှင့် ကိုဖိုးသားက တစ်ယောက်တစ်လက်စီဆွဲပြီး မမတို့နှစ်ယောက်က နှစ်ယောက်ပေါင်းတစ်လက် သယ်ကြမည်။
ခုတ်ရန်ကျန်သေးသော အုန်းလက်နှစ်လက်ကို ကပ္ပိယကြီးက ကလေးတွေမသယ်နိုင်မှာစိုး၍ ခတ်တိုတို ခုတ်ပေးသည်။

" ကဲ ထမင်းသိုးဟင်းသိုးလေး ကျောပေါ်တက်တော်မူ " ကျန်လေးယောက် အုန်းလက်သယ်တာကို ကိုကိုကြီးရဲ့  ကျောပေါ်က အခန့်သားကြည့်ရင်း ငယ်အိမ်ပြန်ခဲ့ရသည်။ မမတို့နှစ်ယောက်က အရင်းအဖျားတစ်ယောက်စီစွဲလို့ အေးအေးဆေးဆေး။
ကိုလေးတို့ နှစ်ယောက်ကတော့ မဏ္ဍပ်မဆောက်မီ ရပ်ကွက်လေးကို အုန်းတံမြက်စည်းဖြင့် လှဲပေးခဲ့ကြသည်။

အကြိုနေ့မနက်မှာ သူတို့အဖွဲ့ တိုက်ရှေ့ က ပိတောက်ပင်ပေါက်စအောက်မှာ မဏ္ဍပ်ဆောက်ကြသည်။ မမတို့သယ်လာသော အရှည်ဆုံးအုန်းလက်ကို ပိတောက်ပင်စည်မှာကပ်ချည်၊ ကျန်နှစ်လက်ကိုတော့ ပိတောက်ကိုင်းမှာချည်။ ကပ္ပိယကြီးရဲ့  စေတနာကြောင့် ပိတောက်ကိုင်းက အုန်းလက်နှစ်လက်မှာ မြေမှာထောက်မနေဘဲ လေထဲမှာတွဲလွဲ။ လေးလွှာကိုဖိုးသားတို့ အိမ်က ပလတ်စတစ်စည်ပိုင်းလေးတွေ သယ်ချလိုက်တော့ သူတို့ အုန်းလက်မဏ္ဍပ်လေး ပြီးသွားပြီ။

စည်ပိုင်းထဲက ရေနိမ့်ကျသွားချိန်မှာ ငယ်ခပ်ဖို့ မမှီမကမ်းဖြစ်လို့ တစ်ယောက်တစ်လှည့် ခပ်ခပ်ပေးရတာကလွဲလို့ ငယ်တို့ရဲ့  အုန်းလက်မဏ္ဍပ်သင်္ကြန်လေးက ချစ်စရာ ပျော်စရာ သိပ်ကောင်းခဲ့သည်။
အဲဒီ့အချိန်က ကိုကိုကြီးက ခုနှစ်တန်း၊ မမက ငါးတန်း၊ ကိုလေးက သုံးတန်းနဲ့ ငယ်က သူငယ်တန်းဖြေပြီး နွေရာသီကျောင်းပိတ်ထားချိန်ပေါ့

x x x x x x x


လမ်းထဲသို့ ချိုးကွေ့ ဝင်လိုက်ရင်း ကြည့်နေကျအတိုင်း ငယ်တို့အိမ် ဝရန်တာလေးကို လှမ်းကြည့်မိသည်။ မေမေ ရှိမနေသလို ဘာအဝတ်အစားမှ လှန်းထားချင်းလည်းမရှိဘဲ ဝရန်တာလေးမှာ ပြောင်ရှင်းနေသည်။ ဟိုတစ်ချိန်နွေရာသီတုန်းကတော့ ဝရန်တာမှာ လှန်းထားသော ဖေဖေ့အင်္ကျီကို ယူကစားခဲ့ကြဖူးသည်။ ဖေဖေ့အင်္ကျီတွေ လှန်းစရာမလိုတော့အောင် ထာဝရခွဲခွာသွားတော့ ကိုကိုကြီးရဲ့  အလုပ်ဌာနမျိုးစုံမှ ယူနီဖောင်းမျိုးစုံက အစားဝင်ခဲ့သည်။ အခုတော့လည်း ကိုကိုကြီးရဲ့  အင်္ကျီလေးတွေပင် ဝရန်တာမှ မတွေ့ရတာ နှစ်ချီနေခဲ့ပြီ။ သူဝတ်ခွင့် မသာခဲ့သော ဂျူတီကုတ်ကို သူ့ညီမ ငယ်ထွေး ဝတ်နိုင်စေဖို့ အတွက် မလေးရှားမှာ အလုပ်သွားလုပ်နေတာပဲ ငါးနှစ်ကြာခဲ့ပြီကော။ ကိုကိုကြီးမှ မဟုတ်ပါဘူးလေ မမလို မိန်းကလေးတောင်မှ အမကြီးပီသစွာ ငယ်ထွေးတို့ အငယ်နှစ်ယောက်မကြောင့်မကြ ပညာသင်နိုင်ရေးအတွက် နိုင်ငံရပ်ခြားထွက်သွားခဲ့ရတာပဲ

တစ်ခါတစ်ခါတော့လည်း မဖြစ်နိုင်မှန်းသိပေမယ့် အချိန်တို့ကိုနောက်ပြန်ဆွဲကာ အတိတ်မှာ ပျော်ဝင်ချင်မိသည်။
ထိုစဉ်ကနွေရာသီ ကျောင်းပိတ်ချိန် သင်္ကြန်ရက်မျိုးရခဲ့သလို ငယ်တို့ မောင်နှမအားလုံးအတွက် နွေရာသီ ပျော်စရာသင်္ကြန်ရက်များ ပြန်ရချင်ပါသေးသည်။
ဒီနှစ်မှာ မဆုံနိုင်သေးရင်တောင်မှ နောက်နှစ်တွေမှာ ပြန်ဆုံကြဖို့ မြန်မာပြည်မှ မောင်နှမများအားလုံးကိုယ်စား အကြိမ်ကြိမ်အခါခါ ငယ်ဆုတောင်းမိသည်။ ။


x x x x x x x


Blog တစ်နှစ်ပြည့် အမှတ်တရ

ညိုလေးနေ
( 17.04.2012 ) 12:15 am

Sunday, February 12, 2012

ဖေဖော်ဝါရီကို ခွဲခြမ်းစိတ်ဖြာခြင်း

ဖေဖော်ဝါရီမှာ .....
လူနာ (lunar) နှစ်သစ်ကူးနဲ့ တိုက်ဆိုင်တတ်သတဲ့
ကော့ကေးရှန်းတွေက ဘာကြောင့် စောပြီး နှစ်သစ်ကူးတာလဲ
တချို့ တွေကရော ဘာလို့ နောက်ကျကြတာလဲ
တကယ်တော့ မနေ့ က နဲ့ ဒီနေ့ ၊
ဒီနေ့ နဲ့ မနက်ဖြန် ၊ နေ့ တွေထဲက နေ့ တွေပဲ မဟုတ်လား ။

ဖေဖော်ဝါရီမှာ .....
ပင်လုံစာချုပ် ချုပ်ခဲ့သတဲ့
တိုင်းရင်းသားတွေ ဘာကြောင့် လက်မှတ်ထိုးခဲ့တာလဲ
အခုတော့ရော ဘာလို့ လက်နက်စွဲကိုင် နေကြတာလဲ
တကယ်တော့ ကချင် နဲ့ ဗမာ
ဗမာ နဲ့ ကရင် အချင်းချင်းတွေပဲ မဟုတ်လား ။

ဖေဖော်ဝါရီမှာ .....
ဖခင်တစ်ဦးကို မွေးဖွားခဲ့သတဲ့
ထွက်ခွါသွားသူကို ဘာကြောင့် မမေ့နိုင်ကြတာလဲ
ကျန်နေသူတွေကရော ဘာလို့ လေးစားနေကြသေးတာလဲ
တကယ်တော့ စကား နဲ့ ဆန္ဒ
ဆန္ဒ နဲ့ ရလဒ် ၊ ဗိုလ်ချုပ်ရဲ့  လုပ်ရပ်တွေ ထပ်တူကျနေလို့ပဲ မဟုတ်လား ။

ဖေဖော်ဝါရီမှာ .....
ချစ်သူများနေ့ဆိုတာ ရှိသတဲ့
ချစ်သူတွေက ဘာကြောင့် ဒီနေ့လေးကိုမှ တန်ဖိုးထားကြတာလဲ
ဆန္ဒပြု ဆုတောင်းတွေကိုရော ဘာလို့ လုပ်ကြတာလဲ
တကယ်တော့ ချစ်သူ နဲ့ ကိုယ်
ကိုယ် နဲ့ ချစ်သူ့  အတွက် နေ့ တွေတိုင်းဟာ ချစ်ခင်နေဖို့ပဲ မဟုတ်လား ။

နောက်ထပ်ပြီးတော့ .....
နှင်းတွေဝေတဲ့ ဖေဖော်ဝါရီဟာ
ထာဝရ ချစ်စရာကောင်းနေမှာပဲ မဟုတ်လား ..... ။ ။


ညိုလေးနေ
( 14.02.2011 ) 5:30 pm



Analyzing February

In February .....
There is a time of "
Lunar New Year "
while " too late " for " some " to celebrate,
though Caucasians did earlier.

What's the difference anyway,
when " today" and " tomorrow"
are just " days" of the days ?


In February .....

Settled was the " Union Day " ,
famous with the name " Pin Lon" .

Why so different Nowadays ?

What did races sign for when
all the people fought for lives ?
Why some still fight after then ?

Bamar and Shan , they dispute,
so as Kachin , Karen and the rest;
what is the union of an absolute ?

In February .....
Born was a " Father " in history.
Though he left us so early,
we still have him in memories.

Words and wishes we respect,
of one true General as he was,
with all results we except.

In February .....
Precious for lovers is the time

at which they share gift and wish,
a day known for " Valentine " .

A special day for which reasons,
with the love we share every day,
when " special" is for all seasons ?

Besides memories in this special month
with the snowy moments we all love,
"" February " will last forever and be with us.



Translated by ...
Henry Sutherland


Friday, February 10, 2012

ရှရာ

မိန်းကလေးမို့ ထမင်းဟင်းချက် သင်ညှပ်ဖြတ် .....
မသိလိုက်တဲ့ ဓါးရှရာလေးတွေ .....

စာရေးသူမို့ စာရေး စာဖတ် စာတွေမှတ် .....
မသိလိုက်တဲ့ စက္ကူရှတာလေးတွေ .....

ချစ်တတ်သူမို့ အချိန်မရွေး နားထောင်ပေး .....
သိလိုက်ပေမယ့် နာဖို့မေ့နေတဲ့ စကားလုံးရှရာလေးတွေ .....

အရေပြားပေါ်က ရှရာလေးတွေ အလား
နှလုံးသားပေါ်က ရှရာလေးများ

မရင်း၊ မထပ်၊ မနက်၊ မမျက် ပါစေသား ... ။


ညိုလေးနေ
10.02.2012 9:03 am

Friday, December 23, 2011

ငါစွဲမပျောက်သော ငါ

တပါးကျွန်ဖြစ်ခဲ့သော ငါ့တိုင်းပြည်အား ငါချစ်ပါ၏
ရွှေရောင်လွှမ်းခဲ့သော ငါ့တိုင်းပြည်အား ငါချစ်ပါ၏
တိမ်တိုက်ဖုံးခဲ့သော ငါ့တိုင်းပြည်အား ငါချစ်ပါ၏
ရောင်နီပျိုးနေသော ငါ့တိုင်းပြည်အား သာ၍ချစ်တော့၏
ငါစွဲမပျောက်သော ငါ့အား ခွင့်လွှတ်ကြပါကုန်။


ညိုလေးနေ
23.12.2011 10:10 am

Friday, November 25, 2011

မနာကျင်စေချင်သော အတွေးများ

ဧည့်ခန်းမကို ဖြတ်လျှောက်လာရင်း နံရံပေါ်ကိုကြည့်မိတော့ နာရီလက်တံက ၇ နားမှာ။ တံခါးကို တွန်းဖွင့်ပြီးအထွက်မှာ သဘာဝတရားက နွေးထွေးစွာဆီးကြိုသည်။ လုံခြုံရေးဂိတ်တဲလေးမှာ သူ့လက်ဗွေရာကိုချန်ထားတော့ “ Thank you ” လို့ စက်ကလေးကပြောသည်။ ဘာကြောင့်ပြောမှန်း တော့သူမသိ၊ သူကတော့ သူ့ကိုယ်စား ပြောပေးသည်ဟု ထင်သည်။ မွမ်းကြပ်လွန်းလှသော ဤဝင်းကြီးထဲမှ ထွက်လာခဲ့ရလို့ဖြစ်သည်။ လမ်းကျဉ်းလေးကို ဖြတ်ကူးပြီး တိုက်ဘေး ကွက်လပ်ကျယ်ထဲ ရောက်တော့ မွန်းကြပ်နေတာတွေ အတော်လေး လျော့နည်းသွားသည်။

အကျင့်ပါနေသော ခြေလှမ်းများရဲ့ အရှိန်ကိုသူလျော့ချလိုက်သည်။ ဒီနေ့ သောကြာနေ့ပဲ။ သောကြာနေ့ ညနေတွေကို သူနှစ်သက်၏။ ၂ ရက်ကြာ လူသားဖြစ်ခွင့်၏ အစမို့ဖြစ်သည်။ လူသားဖြစ်ခွင့် အစမှာ လူသားဆန်စွာ လမ်းလျှောက်ချင်သည်။ ထိုကွက်လပ်ထဲဖြတ်လျှောက်ရင်း ကောင်းကင်ကြီးကို မော့ကြည့်တတ်တာသူ့အကျင့်။ ၇ နာရီဆိုပေမယ့် သူမော့ကြည့်တဲ့ ကောင်းကင်တိုင်းမှာ လမရှိတတ်။ လင်းထိန်နေသော လျှပ်စစ်မီးရောင်တွေကြောင့် လား။ မြင့်မားလွန်းသော တိုက်တွေကွယ်နေ၍လား သူသေချာမသိ။ လျှပ်စစ်မီးမရှိသော သူတို့ရွာလေးမှာတော့ အဘွားရှိခဲ့ဖူးသည်။ အမေ့ကိုမှီ၍ လက်ဖက်သုတ်စားရင်း အဘွားပြောသော ပုံပြင်ကိုနားထောင်ခဲ့ဖူးသည်။ အဘွားက မီးမရှိ၍ ပုံပြောပြတာလား၊ လသာ၍ ပုံပြောပြတာလား။ သေချာတာကတော့ လရှိနေလျှင် လွမ်းမိဦးမည်။

သူဆက်လျှောက်ရင်း ဟိုင်းဝေးလမ်းမကြီးသို့ ရောက်လာသည်။ Container တွေသယ်လာသော ကားတွေမြင်တော့ ၊ သစ်တင်သည့်ကားကြီးတွေနှင့် အပြိုင်မောင်းလေ့ရှိသော သူတို့စီးခဲ့ရသည့် ကျောင်းကားကို ပြန်မြင်ယောင်မိသည်။ ဒါပေမယ့် ကားတွေ ကားစီးလာတာတော့ ဒီရောက်မှ သူတွေ့ဖူးသည်။ ဟုတ်သည် ။ တချို့ ထရပ်ကားကြီးတွေသည် ၊ ကား ၈ စီးထိ သယ်နိုင်သည်။ ပြောင်ပြောင်လက်လက် ကားအသစ်လေးတွေကို လိုက်ငေးရင်း သူ့လိုပဲ လေယာဉ်တစ်တန် ကားတစ်တန်နဲ့ အမောင်းခံဖို့ ရောက်လာကြောင်း သဘောပေါက်လိုက်သည်။


ဟိုင်းဝေးလမ်းမကြီး၏ဟိုမှာဘက်ကမ်းတွင် တိုက်တန်းများရှိသည်။ သူနေထိုင်ရာသို့ ပြန်ရန် စီးရမည့် ဘတ်စ်ကားမှတ်တိုင်သို့ ထိုတိုက်တန်းများကို ကျော်လွန်လျှောက်သွားရဦးမည်။

ထိုတိုက်များအောက်က လျှောက်ရတာကိုတော့ သူကြိုက်သည်။ တိုက်အောက်ဆုံးတွင် လူနေအိမ်ခန်းများမရှိ။ ခုံတန်း ၊ ခုံဝိုင်း များသာရှိသည်။ သူတို့ရွာရှိ ခြေတံရှည်အိမ်များလို တိုက်အောက်ခြေတွင် တိုင်လုံးများရှိသောကြောင့် ထိုတိုက်များကို သူက ခြေတံရှည်တိုက်များဟု နာမည်ပေးထားသည်။ သူငယ်ငယ်က အဘွားတို့ ခြေတံရှည်အိမ်အောက်တွင် တိုင်ဦးတမ်း ကစားဖူးသည်။ ထိုတုန်းကတော့ အိမ်များကို ဘာလို့ခြေတံရှည်ဆောက်ထားလဲ မစဉ်းစားမိ။ မြစ်ရေဝင်သော ဒေသမို့လား။ ပူပြင်းခြောက်သွေ့သော ဒေသမို့ နွေရာသီနေ့ခင်း အိမ်အောက်မှာ အေးအေးဆေးဆေး နားနေနိုင်ရန်လား။ ရည်ရွယ်ချက်တစ်ခုခုတော့ ရှိရမည်။ အခု ခြေတံရှည်တိုက်တွေ အောက်ကတော့ လေဝင်လေထွက်ကောင်းပြီး အသက်ရှူရကောင်းသည်။ ခုံကလေးတွေကလည်းရှိတော့ သူလိုစာဖတ်ဝါသနာပါသူ အတွက်တော့ မျက်စိကျစရာ။ တခါတလေ ခုံဝိုင်းလေးတွေမှာ လူကြီးတွေဝိုင်းစုထိုင်ပြီး ရိုးရာကစားနည်းတစ်မျိုး ကစားနေတာ တွေ့ရလျင် အိမ်အောက်က ကွပ်ပျစ်မှာ ရေနွေးကြမ်းဝိုင်းဖွဲ့ပြီး တရားဆွေးနွေးကြသော အဘိုးတို့နား ထန်းလျက်စားချင်၊ ငါးခြောက်စားချင်လို့ လိမ္မာချင်ယောင်ဆောင်ပြီး သွားသွားနားထောင်ခဲ့တာကို သတိရမိတတ်သည်။

လျှောက်ရင်းတွေးရင်း၊ တွေးရင်းလျှောက်ရင်းနဲ့ သူစီးရမယ့် ဘတ်စ်ကားဂိတ်နား ရောက်လာပြီ။ ဟင့်အင်း …. မစီးချင်ပါ။ သောကြာနေ့ ညနေခင်းလေးကို အေးစက်နေသော ဘတ်စ်ကားနဲ့ မဖြတ်သန်းချင်။ အေးအေးဆေးဆေး သက်တောင့်သက်သာနဲ့ ပြန်ရောက်သွားမှာ မှန်ပေမယ့် အေးဆေးလွန်ပြီး အေးစက်နေတာကို သူမခံစားလို။ သူ့ရဲ့ခန္ဓာကိုယ်နဲ့ သူ့ရဲ့ အတွေးတွေက အခုမှ နွေးထွေးကာစရှိသေးသည်။ လမ်းဆက်လျှောက်ရန် ဟိုရှေ့နားမှာ ချစ်စရာကောင်းသော လမ်းလေးရှိသေးသည်။

လမ်းလေးက လူလျှောက်နည်းသော လမ်းကလေး။ လမ်းရဲ့ တဘက်ခြမ်းက လုံးချင်းအိမ်လေးတွေ၊ တဘက်ခြမ်းကတော့ ကွန်ဒိုတိုက်ခန်းများ ဆောက်လုပ်ဆဲ။ ပထမဆုံးအကြိမ် ထိုလမ်းလေးကို လျှောက်မိသောနေ့က မိုးအုံ့သော နေ့တစ်နေ့။ လမ်းတစ်ဖက်တစ်ချက်က သစ်ပင်ကြီးတွေက လမ်းကလေးကို အရိပ်ရစေရန် အုပ်မိုးပေးထားသည်။ လုံးချင်းအိမ်လေးတွေ အဝင်ဝမှာလည်း ပန်းပင်လေးတွေ အစီအရီ။ ကားအသွားအလာ မရှိသလောက်နည်းသော ထိုလမ်းလေးပေါ် ဒီလို မိုးအုံ့နေသောအချိန်လေးမှာ ဘောလုံးကန်ရရင် သိပ်ကောင်းမှာပဲလို့ တွေးခဲ့ဖူးသည်။ သို့ပေမယ့် တဘက်လမ်းဆုံးရောက်ခါနီးမှာတော့ သူ့အတွေးကို သူရှက်ခဲ့ရသည်။ လမ်းထိပ်မှာ ဘောလုံးကွင်းအပြင် ပြေးလမ်းပါပါသော ကစားကွင်းကြီးတစ်ခုက ဆီးကြိုလို့်။ စည်းမရှိ ကမ်းမရှိ လမ်းပေါ်ဘောလုံး ကန်နေသော သူအပါအဝင် အတွေးထဲက ကစားဖော်များကို ခပ်မြန်မြန်ပဲ ကစားကွင်းကြီးထဲ ပို့လိုက်ရသည်။ ဒီကွင်းကြီးထဲမှာ ကန်ရရင်ပိုကောင်းမှာပေါ့။

ကစားကွင်းအလွန်မှာတော့ နောက်ထပ်လမ်းမကြီးတစ်ခုကို ဖြတ်ကျော်ဖို့ ကုန်းတံတားတစ်ခု။ သူတံတားပေါ်တက်ပြီး လှေကားထိပ်ရောက်တော့ ခဏရပ်လိုက်သည်။ ဒါလည်းသူလုပ်နေကျ အလုပ်တစ်ခု။ တံတားပေါ်တက်မည်။ အပေါ်ရောက်လျှင်ခဏနားမည်။ မောလို့တော့မဟုတ်။ ညနေခင်းမီးရောက်အောက်မှာ လင်းထိန်နေသော ကစားကွင်းကြီးကို အပေါ်စီးက ငေးမောရန်သာ။ စိမ်းစိုနေသော ဘောလုံးကွင်းထဲမှာ ကစားနေကြတာ၊ ပြေးလမ်းပေါ်မှာ ပြေးနေကြတာတွေကို တံတားပေါ်ကကြည့်ရတာ ကိုယ်ပါလွတ်လပ်ပေါ့ပါး ပြေးလွှား နေရသလိုလို။

တံတားကဆင်းပြီးရင်တော့ သူနေရာသို့ ရောက်ရန်သိပ်မဝေးတော့။ လူနေတိုက်တန်း သုံးလေးလုံးနဲ့ ဘတ်စ်ကားဂိတ်ဝင်းကြီးကျော်လျှင် ရောက်ပြီ။ ဒါပေမယ့် ညနေခင်းမှာ ဒီနေရာ ကိုဖြတ်လျှောက်ရမှာကို သူဝန်လေးတတ်သည်။ တခါတလေ ဒီအနီးအနား တိုက်တန်းတွေမှာ နေသော သူမဆုံလိုသူတွေနဲ့ ဆုံတွေ့ရတတ်သည်။ ကံဆိုးတဲ့ ညနေတွေမှာတော့ “ မြန်မာစာလုံးတွေဖတ်ရတာ ခေါင်းမူးတယ်ဗျာ” လို့ပြောတတ်သူနဲ့ ဆုံရတက်သည်။ ပြောတဲ့သူက မူးရုံမူး၍ တော်သေးသည်။ ထိုစကားများနားထောင်ပြီး အန်ချင်စိတ်များဖြစ်လာတတ်တာက ပိုဆိုးသည်။ ဒီညနေခင်းလေးတော့ အန်ချင်စရာ ညနေခင်း မဖြစ်ပါစေနှင့်။

ဒီနေရာနားလေးက ညနေခင်းဆို ရှောင်ချင်ပေမယ့်၊ မနက်ခင်းဆိုလျှင်တော့ ကျက်သရေရှိလှသည်။ သူ့ရဲ့ မနက်ခင်းတချို့ကို “မင်္ဂလာပါရှင်” လို့ နှုတ်ဆက်
တတ်သော ၃နှစ်သမီးလေးက ချိုမွှေးစေသည်။ အင်းလေ… မနက်နဲ့ညနေ တူမှမတူတာ။ ပြောင်းပြန်မဖြစ်သည်က တော်သေးသည်။

ထိုနေရာကျော်လာတော့ သူစီးရလေ့ရှိသည့် အေးစက်စက်ဘတ်စ်ကားတို့ နောက်ဆုံးနားနေရာ ကားဂိတ်ဝင်းကြီး။ ကားဝင်းကြီးရဲ့အနောက်က လမ်းမကြီးကို ကူးဖြတ်ပြီးရင် သူနေရာ တိုက်တန်းသို့ ရောက်ပြီ။

တချို့ကတော့ ထိုနေရာကို သူ့အိမ်လို့ပြောကြသည်။ သူက အိမ်မဟုတ်ဘူး ပြောတော့ ရှုပ်ကုန်သည်။ တကယ်ပါ။ အမိုးအကာနဲ့ အဝင်အထွက် တံခါးနဲ့ တစ်ညဘယ်လောက်ဆိုပြီး ပိုက်ဆံပေးစရာမလိုဘဲ ညအိပ်လို့ရရင် အိမ်လို့ခေါ်ပြီလား။ အိမ်ဆိုတဲ့ သတ်မှတ်ချက် ပြည့်စုံပြီလား။ တံခါးသော့ကိုဖွင့်ရင်း၊ ကြိုဆိုသူမရှိသော အခန်းထဲဝင်ရင်း သူ့အတွေးတွေရပ်ဖို့ ကြိုးစားမိသည်။

သူ့သတ်မှတ်ချက်ထဲက အိမ်မျိုးလေးဖြစ်ဖို့ အတွေးထဲမှာ လမ်းမလျှောက်နိုင်တော့တဲ့ အဘွားကို တွဲခေါ်ရဦးမည်။ အမေ့ကိုလည်း သူစားချင်တာတွေချက်ပေးဖို့ ပူစာရဦးမည်။ အဖေ့ကို တီဗွီမှာ ဘောလုံးပွဲလာမယ့်အချိန် သတိပေးရဦးမည်။ ညစာထမင်း လက်ဆုံစားဖို့အမှီ ညီမလေးကို ကျူရှင်မှ ပြန်လာခိုင်းရမည်။ ချစ်သူ့ပြန်ချိန်ကြိုဖို့ နာရီကြည့်ရင်း စောင့်ရဦးမည်။

အတွေးများရပ်ဖို့သင့်ပြီ။ မရပ်နိုင်လျှင်ရော……။ တစ်ချိန်က ပိုင်ဆိုင်ခဲ့ဖူးတဲ့ အိမ်ကလေးကို သူက ခွဲခဲ့တာလား။ သူ့ကို ခွဲခိုင်းခဲ့တာလား။ မခွဲခဲ့လို့ရော မရနိုင်ဘူးတဲ့လား။ ထို့ထက်ပိုလာရင်တော့ ဘာကြောင့်လဲ။ ဘာအတွက်လဲ။ ဘယ်အချိန်ထိလဲ ……. မရေမတွက်နိုင်သော လားပေါင်း၊ လဲပေါင်း များစွာထဲမှာ အဆုံးမသတ်နိုင်သေးသော အဖြေတွေကို တွေးမိပြီး ရင်နာနေရဦးမည်။ ဒီသောကြာညလေးကိုတော့ မနာကျင်စေချင်တော့ပါ။

မနက်ဖြန်ပေါင်းများစွာကို မျှော်လင့်ချက်များစွာနဲ့ ရင်ဆိုင်ရဦးမှာတော့ အသေအချာပဲလေ။


ညိုလေးနေ

(၂၇.၁၂.၂၀၀၉ ) ည ၈း ၁၂


eco96 သူငယ်ချင်းတွေ စုပြီးထုတ်တဲ့ e-magazine လေးအတွက် ရေးပေးခဲ့တာပါ။

Thursday, September 22, 2011

မှင်တစ်စက် ... ဧရာဝတီအတွက် ဆင်းသက်ခဲ့ပြီ

<!--[if gte mso 9]> Normal 0 false false false EN-SG X-NONE X-NONE

“ ဒီနေ့ နင့်စောစော လာမှာလား”

တနင်္ဂနွေ မနက်ခင်းမှာ မီးဖိုထဲအလုပ်ရှုပ်နေသော မီ့ ကို သက်သက် က မေးလာသည်။

“ မမသက်၊ မမီအစ်ကိုကြီးကို ဘာလို့ စောစော လို့ ခေါ်တာလဲဟင် ” တစ်အိမ်တည်း အတူနေ မိန်မိန်း ၏ ထပ်ဆင့် အမေးစကား။

“ ဟားဟား သူ့ ကိုသာမေးကြည့် ၊ ငါကတော့ ချစ်ခြင်းအစ မြစ်လယ်ခေါင်က လို့ပဲ အစဖော်ပေးမယ် ”

သူတို့ နှစ်ယောက်ကို ပြုံး၍ကြည့်နေမိသော မီ့မျက်ဝန်းထဲသို့ စီးဝင်လာတဲ့ အတိတ်က အရိပ်များက ကြည်နူးဖွယ်ရာ။ တက္ကသိုလ် ဒုတိယနှစ်မှာပေါ့ ….. ။

* * * * * * *

မီတို့ကျောင်းက ဘုရားဖူးခရီးထွက်ကြတော့ Express ကား၂စီးဖြင့် ။ လိုက်ပါလာသည့်ကျောင်းတော်သူ ကျောင်းတော်သားတွေက ၂ စီးစာမကလေတော့ ယောကျာင်္းလေး အများစုက ထိုင်တလှည့်ရပ်တချီ။ ပုဂံမှာ စွယ်တော်လေးဆူဖူးတော့ မနက်လေးနာရီထပြီး တန့်ကြည်တောင်ဘုရားကို အရင်ဆုံးသွားကြသည်။ အသွားတုန်းက မှောင်နေလို့ မော်တော်ပေါ်မှာ ဓါတ်ပုံမရိုက်ခဲ့ရသမျှ အပြန်မှာ အတိုးချရိုက်ကြသည်။ နံနက်နေခြည်နဲ့ လေနုအေးအေးမှာ ငြိမ့်ငြိမ့်သာယာ စီးဆင်းနေတဲ့ ဧရာဝတီမြစ်ကြီးနောက်ခံထားလို့ ဓါတ်ပုံရိုက်အပြီး သက်သက်က ပြူးတူးပြာတာနှင့် တိုးတိုးကပ်ပြောသည်။

“ ငါ့အိတ် ငါ့အိတ် ဟိုတစ်ယောက်ယူပြီး ခေါင်းဦးထားတယ် ”

သက်သက်ပြရာကြည့်လိုက်တော့ ကျောင်းမှာမြင်ဖူးနေသော ကျောင်းသားတစ်ယောက် သက်သက်ရဲ့ အိတ်ကို ခေါင်းဦးကာ မော်တော်၏ဘေးခုံတန်းမှာ လဲလျောင်းနေသည်။

“နေပါစေဟယ် သူတို့က ကားပေါ်မှာတုန်းကလည်း ကောင်းကောင်းထိုင်ရ အိပ်ရတာမဟုတ်ဘူး၊ မနက်ကလည်း အစောကြီး ထလာရတာ၊ မော်တော်စီးတုန်း နာရီဝက်လောက်ပဲဟာ၊ နင့်အိတ်ယူပြေးတာမှ မဟုတ်ဘဲ။ ဟုတ်တယ်နော် ခိုင်ဇာ ”

“အေးလေ နင့်အိတ်ထဲမှာ အနွေးထည်ပါတယ်မဟုတ်လား၊ အဲဒါကြောင့် အိပြီး အိပ်လို့ကောင်းလို့ နေမှာပေါ့၊ သူယူပြေးလို့ မရပါဘူး၊ ဧရာဝတီမြစ်ကြီးက နင့်ဘက်မှာရှိတယ်။ မပူနဲ့ ”

“မဟုတ်ဘူးဟဲ့ ၊ ငါ့အိတ်ကို ယူအိပ်တာကြောင့်မဟုတ်ဘူး၊ အထဲမှာ စောစောတုန်းက တောင်ပေါ်မှာ ငါယူတတ်တဲ့ နင့်မျက်မှန်၊ ငါဒီအတိုင်းထည့်ထားတာ ၊ သူ့ခေါင်းကြီးနဲ့ဖိမိရင် ကျိုးပြီပဲ ”

“ အဲတော့ ငါ့ဟာလည်းမဟုတ်ဘူး၊ ငါ့အမဟာ ငှားလာတာ ”

မီတို့ သုံးယောက်ထိုကျောင်းသားထံမှ အိတ်ပြန်တောင်းရန် ကြံစည်ဆဲမှာ သူက ခေါင်းကို အိတ်ပေါ်မှ လျှောချလိုက်ပြီး ဆက်အိပ်နေသည်။

“ အိပ်ပျော်မနေဘူးဘဲ၊ ငါတို့ပြောတာကြားသွားပြီ ” ခိုင်ဇာ့ တီးတိုးမှတ်ချက်သံ အဆုံးမှာ သက်သက်က အိတ်ကို ဖျတ်ခနဲထဆွဲလိုက်သည်။ မီ က အိတ်ထဲမှ မျက်မှန်ကို ကမန်းကတန်းရှာရသည်။

လောကနန္ဒာဘုရားရောက်တော့ နေ့လည်နေ့ခင်းမို့ ခဏနားကြသည်။ ဘုရားခြေရင်း သစ်ပင်ရိပ်က မြစ်ကိုမျက်နှာမူထားသော ကျောက်ခုံတန်းမှာ ထိုင်နေတုန်းသူရောက်လာသည်။

“ ခုနက အိတ် … ဟို …. မျက်မှန်ကျိုးသွားလားလို့ ”

“ သြော် .. ဟင့်အင်း .. မကျိုးပါဘူး ၊ မော်တော်ပေါ်ကကိစ္စအခုမှ လာပြောနေတယ်၊ ကျိုးလို့ကတော့ အလျော်တောင်းပြီးရောပေါ့ ”

“ အဲ အဟဲ… ကျွန်တော် … အိပ်ရေးပျက်ပြီး ခေါင်းနည်းနည်းနောက်သွားလို့ပါ ၊ ဟို ၂ ယောက်ရော ”

“ အကြော်သွားဝယ်ကြတယ်”

“ လိုက်မသွားဘူးလား”

“ သွားစားကြတာမဟုတ်ဘူးလေ၊ သွားဝယ်ကြတာ၊ တမင်နေခဲ့တာ ”

“ ဟာ ခုံဦးထားတာကြီးကတော့ မကောင်းပါဘူးဗျာ ”

“ အမယ် … လူကိုများ တသက်လုံးနေရာမဖယ်ပေးတော့မှာကျနေတာပဲ ” မီ တို့ တူတူရယ်မိကြသည်။

“ တမင်လိုက်မသွားတာ၊ ဧရာဝတီမြစ်ကြီးကို ငေးချင်လို့ ၊ တွေးချင်လို့ ”

“ မမီက ဘာတွေတွေးတာလဲဗျ၊ အဲ …. မဖြေချင်လည်း မဖြေနဲ့နော် ၊ ကျွန်တော်က ဘာရယ်မဟုတ်ဘူး မေးလိုက်မိတာ ”

“ ရပါတယ်၊ မီ တွေးနေတာ ဧရာဝတီမြစ်ကြီးနဲ့ အနော်ရထာမင်းကြီး ၊ ပြီးတော့ ဒီလောကနန္ဒာဘုရား။ မြတ်စွာဘုရားရဲ့  စွယ်တော်ကို ဧရာဝတီမြစ်ကြောင်းကပင့်ဆောင်လာတော့ အနော်ရထာမင်းကြီးက လောကနန္ဒာရေဆိပ်ကနေ ရေထဲအထိဆင်းပြီး ဦးကင်းထက်က ပင့်ဆောင်ခဲ့တယ်လေ။ အဲဒီ့ပုံရိပ်ကို အခုမျက်စိထဲမှာ မြင်ယောင်ကြည့်တာ။ အင်မတန်ဘုန်းတန်ခိုးကြီးတဲ့ ဘုရင်တစ်ပါးဟာ သာသနာတော်အကျိုး၊ ပြည်သူတွေအကျိုးအတွက် ရာဇမာန်ကို နှိမ့်ချနိုင်ခဲ့တာ ဘယ်လောက် အတုယူစရာကောင်းလဲလို့။ နောက်ပြီး ပုဂံခေတ်မှာ ဗုဒ္ဓသာသနာထွန်းကားခဲ့တာ အနော်ရထာမင်းရဲ့  ကျေးဇူးဆိုရင်၊ ဧရာဝတီမြစ်ကြီးရဲ့  ကျေးဇူးလည်း မကင်းဘူးလို့ ၊ မြန်မာပြည်မှာ ဧရာဝတီဆိုတဲ့ မြစ်ကြီးတစ်စင်းရှိနေတာ ဘယ်လောက် ဂုဏ်ယူစရာကောင်းလဲ၊ ကျက်သရေရှိလဲနော် ”

သူက ဘာမှ ပြန်မပြောဘဲ ပြုံး၍သာ မြစ်ဧရာကို လှမ်းကြည့်နေပါသည်။ နေပါဦး စကားတွေသာပြောနေတာ သူက မီ့နာမည်ကိုသိနေပြီး မီကဖြင့် မသိရသေး။

“ နာမည် ဘယ်လိုခေါ်လဲဟင် ”

“ ဖော်ဒေါ်ခန်း ”

“ ဘာ … ဘာ ခမ်း … ဘာလူမျိုးလဲဟင် ” သူ့ စကားလေယူလေသိမ်းအရ တိုင်းရင်းသားမှန်းသိပေမယ့် ဘာတိုင်းရင်းသားမှန်းမသိ၍ မီ မေးလိုက်မိသည်။

“ ဖော်ဒေါ်ခန်း ပါ ။ ကချင်မျိုးနွယ်ထဲကပဲ ဆိုပါတော့ ”

ဒီလိုနှင့် ဧရာဝတီမြစ်ကမ်းနဘေးမှစတင်ကာ ဤကချင်လူငယ်လေးသည် မီ့ ဘဝထဲသို့ ဝင်ရောက်လာခဲ့သည်။ ထိုကချင်လူငယ်လေးအား အဖြေပေးရန်အတွက် ကချင်မိန်းကလေးသူငယ်ချင်းထံမှ သင်ယူခဲ့ပြီး သက်သက်နဲ့ ခိုင်ဇာ တို့ရှေ့မှာ “ စောရအိုင်” ဟု ရွတ်ဆိုမိရင်းက ခေါ်ရခက်သော သူ့အမည်အတွက် “ စောစော” ဟူသော အမည်သစ် ရသွားရှာတော့သည်။

အတိတ်က အကြောင်းတွေက ပြန်တွေးတိုင်း ကြည်နူးရသည်။ မီတို့ရဲ့  အတိတ်ကို ဧရာဝတီမြစ်ကြီးနှင့် ခွဲခြားမရ။ မီတို့မှ မဟုတ်ပါဘူးလေ။ မြန်မာပြည်သူတွေအားလုံးနဲ့ကို ခွဲခြားလို့မရတာပါ။ မြန်မာပြည်ရဲ့  သမိုင်းကို ဧရာဝတီမြစ်ကြီးက သယ်ဆောင်စီးဆင်းနေတာပဲ။

ဒါပေမယ့် ဧရာဝတီရဲ့  သမိုင်းကရော …..

နောင်တစ်ချိန် လောကနန္ဒာဘုရားခြေရင်းက ကျောက်ခုံတန်းမှာ ထိုင်ခွင့်ကြုံခဲ့ရင် မီတို့ချစ်သော ဧရာဝတီမြစ်ကြီးက အနော်ရထာမင်းကြီးအကြောင်း ပြောပြနိုင်ပါဦးမလား။

* * * * * * *

“ မမမီရေ ကိုကြီးစောစော ရောက်လာပြီ”

မိန်မိန်းရဲ့ အော်သံကြောင့် ပြုံးရသည်။ စကာင်္ပူကို ရောက်ကာမှ မီတို့ တွေ့ရချိန်တွေ နည်းသွားတော့သည်။ မီက စနေ၊ တနင်္ဂနွေ ပုံမှန်ရုံးပိတ်ပေမယ့် သူ့အလုပ်က လေးရက်တက် တစ်ရက်နား။ သူနားတဲ့ရက်က စနေ၊ တနင်္ဂနွေဖြစ်မှ အိမ်မှာဆုံဖြစ်သည်။ ဟင်းချက်ပျင်းသောမီသည် သူလာမည့်နေ့တွေမှာတော့ မီးဖိုထဲတွင် အလုပ်ရှုပ်နေတတ်သည်။

“ ဒီနေ့ နောက်ကျတယ်”

“ ဟုတ်တယ်၊ ကိုယ် စာနည်းနည်းဖတ်နေလို့၊ ဒီနေ့ဘာကျွေးမှာလဲ”

“ ဘာမှချက်မထားဘူး၊ ဒီနေ့ မောင်ချက်ကျွေးတာ စားမလားလို့ ” တစ်နာရီခန့် နောက်ကျ ရောက်လာသော မောင့်အား စိတ်ကောက်ချင်ပါသည်။

“ ချက်ကျွေးတာ စားမယ်ဆိုရင် သင်လိုက်ဦးမယ်၊ ကရင်ပိန်းဥဟင်းချက်တတ်ဖို့ ကရင်မလေးနဲ့သင်၊ ရခိုင်ငပိထောင်းကတော့ ရခိုင်မလေးနဲ့သင် ”

သူ့စကားကြောင့် မျက်မှောင်ကြုတ်ကာ “ ဟွန်း ” လုပ်လိုက်မိသည်။

“ မနာလိုဖြစ်တာလား ”

“ ဖြစ်ပါဘူး၊ ဒီနေ့ ပဲကုလားဟင်းချက်တယ်၊ သူပြောမှပဲ . . . ”

“ ဟင်.. သြော် … ဟားဟား … ကိုယ်မပြောဘူးနော်၊ ကုလားကြီးဆီက သင်တယ်လို့ ကိုယ်မပြောဘူး ”

သူ့စကားကြောင့် သက်သက်ရော မိန်မိန်းပါ လိုက်ရယ်ကြသည်။ ဤသို့ ပျော်ရွှင်ရယ်မောစရာတွေသာ ပြောဆိုနေရရင် ဘယ်လောက်ကောင်းလိုက်မလဲနော်။ ဒါပေမယ့် ရင်ထဲရော ခေါင်းထဲကပါ မထွက်နိုင်သော အကြောင်းအရာတစ်ခုကို ထမင်းစားပွဲမှာ မီ ကပဲ စပြောမိသည်။

“ ကုလားကြီးဆိုလို့ ၊ ဟို တရုတ်တွေမြစ်ဆုံမှာ ဆည်ဆောက်မယ့်သတင်း၊ အီးမေးလ်တွေရတယ် မဟုတ်လားမောင် ”

“ ရတယ်လေ၊ ဒီမနက်နောက်ကျနေတာ ပိတ်ရက် အချိန်ရတုန်းလေး EIA Report ဖတ်နေလို့ ”

“ နှမျောလိုက်တာမောင်ရယ်၊သူ့ဟာသာသူ သာယာလှပငြိမ်းချမ်းနေတဲ့ နေရာလေးတစ်ခု၊ အဲဒီ့စီမံကိန်းတွေသာ အကောင်အထည်ပေါ်သွားရင် အဲဒီ့ဒေသဟာ အရင်လိုဘယ်တော့မှ ပြန်ဖြစ်တော့မှာမဟုတ်ဘူး ”

“ သူအရင်လို ပြန်မဖြစ်တဲ့အတွက် တခြားအရင်က မဖြစ်ဘူးသေးတာတွေ ဖြစ်လာမယ်လေ၊ ကောင်းတာကော ဆိုးတာကော ”

“ ဟုတ်တယ် ဖြစ်မယ်၊ တောတွေပြောင်မယ် ၊ တောင်တွေကတုံးဖြစ်မယ်၊ ရှားပါးတိရိစ္ဆာန်တွေရဲ့  အရိုးတွေ၊ အရေတွေ၊ အစွယ်တွေလည်း သူတို့ဈေးကွက်မှာပိုပေါလာမယ်၊ တိုင်းရင်းသားတွေရဲ့  အိမ်တွေ စိုက်ခင်းတွေပျောက်မယ်၊ စိုက်စရာ တောင်ယာမရှိတော့ ဘာသွားစားရမှာလဲ၊ စိုက်ပျိုးရေးဘဲ လုပ်တတ်တဲ့ တောင်ယာသမား သူတို့ဆောက်တဲ့ နေရာတွေမှာ ဘယ်နေရာအလုပ်ပေးမှာတဲ့လဲ။ ပြောလိုက်သေးတယ် အဲဒီ့ တရုတ်က ၁၀၀၀၀ ကျော်ဆိုတာ မများပါဘူးတဲ့။ ၁၀၀၀၀ လည်းလူပဲ တစ်ယောက်လည်းလူပဲ။ လူတွေကို လူလို့မြင်ဖို့ပဲ အရေးကြီးတယ်။ မီကတော့ စာတွေရေးဦးမယ် ” ဘယ်သူ့ကိုစိတ်တိုလို့ ဘယ်ကိုပြောရမှန်း မသိသော မီ့ ဒေါသများ မောင့်အပေါ်ပုံကျသွားသည်။

“ ဖြည်းဖြည်းပြောပါ မီ ရဲ့  ၊ ထမင်းစားရင်း ဒေါသမထွက်နဲ့လေ၊ ကိုယ်က အဲဒီ့စီမံကိန်းကြီးက ကောင်းပါတယ်လို့ ပြောနေတာမဟုတ်ပါဘူး။ ဒီစီမံကိန်းကစနေတာကြာပြီ ။ နှစ်နဲ့ချီနေပြီ ။ မီ က အခုမှ ဘာမှ ဂဃဏန မသိဘဲ ဘာကိုဘယ်လိုသွားရေးမလဲ။ မီ့ဟာမီ ဒေါသတွေထွက်နေတာ မပင်ပန်းဘူးလား ”

မောင့်စကားကြောင့် မီ ခဏမျှငြိမ်ကျသွားသည်။ မီက တစ်ခုခုဆို ဆူညံပေါက်ကွဲလို့ ဒေါသကြီးတတ်သူ။ မောင်က သွေးအေးပြီး အရှည်သဖြင့် စဉ်းစားတတ်သူ။ ထို့ထက်ပို၍ မောင်မွေးဖွားကြီးပျင်းရာ ဒေသကြီး ပျက်စီးမှာကို မောင်က ပျော်နေပါ့မလား။

“ သူတို့လုပ်တဲ့သူတွေက ပညာရှင်တွေလေ၊ အဲဒီ့ပညာရှင်တွေကို သူတို့ထက်မနည်းကျွမ်းကျင်တဲ့ ပညာရှင်တွေကသာ ဝေဖန်ချိန်ထိုးပြပေးနိုင်မှာ၊ တစ်ဦးတစ်ယောက်တည်းကတော့ ကဏ္ဍစုံမသိနိုင် ဝေဖန်မပေးနိုင်ဘူး။ အကုန်သိတယ်တတ်တယ် လုပ်လို့မရဘူး။ မီက ပညာရပ်ဆိုင်ရာ ဘာမှ ဂဃဏနမသိဘဲ သွားဝေဖန်မယ်ဆိုရင် ထိရောက်မှာမဟုတ်ဘူး၊ ရေမစီးတော့မှာစိုးရိမ်တယ်ဆိုရင် မစိုးရိမ်ပါနဲ့ ဘယ်လောက်ကိုဆည်ထဲသိမ်းပြီး ဘယ်လောက်ကို လွှတ်ပေးမှာပါဆိုပြီး တရုတ်ပညာရှင်တွေက ပြန်ရှင်းမှာပဲ။ မီက အဲလိုဖြေရှင်းချက်တွေလိုချင်တာလား၊ လုံးဝရပ်တံ့ စေချင်တာလား ပြတ်သားအောင်ရေးရမယ်။ ဒေါသအလျောက် ခံစားချက်အလျောက် ရှောက်ရေးတာထက်၊ ဧရာဝတီကို မပျက်အောင်၊ မြစ်ဆုံကို မပျောက်အောင်၊ ဘယ်လိုကာကွယ်ကြမယ်ဆိုတာကို ရေးတာ ပိုကောင်းတာပေါ့ ”

“ အဲဒီ့ တရုတ်တွေကလည်း သူတို့မြေမှာ သူတို့မြစ်ကြီးတွေကို ဖျက်ဆီးလို့ အားမရလို့ မီတို့ မြေကို လာဖျက်ဆီးနေတာ။ သူတို့ဖျက်ဆီးတာတွေကြောင့် လူတွေ၊တိရိစ္ဆာန်တွေ ဒုက္ခရောက်နေတာကို သူတို့ပြည်ထဲကအဲဒီ့ မြစ်သေကြီးတွေ သက်သေရှိပါလျက်နဲ့ ဗြောင်လိမ်နေကြတယ်။ လောဘကြီးလိုက်တာလည်းလွန်ရော။ သူတို့တရုတ်တွေပဲ ဦးဆောင်၊ သူတို့တရုတ်တွေကိုပဲ အလုပ်ခန့်၊ ဒါကြီးပြီးသွားလည်း သူတို့တရုတ်တွေပဲ ပညာရှင်တွေပါဆိုပြီး ချုပ်ကိုင်ထားဦးမှာ။ မြန်မာပြည်ရဲ့  ခေါင်းတစ်ပိုင်းကို သေနတ်တစ်ချက် ဖောက်စရာမလိုဘဲ ထိန်းချုပ်ဖို့ကြိုးစားနေတာ။ မြန်မာပြည်ကို တရုတ်ကိုလိုနီလုပ်ဖို့ ကြိုးစားနေတာ။ ”

“ မမမီ သုံးတဲ့ စကားလုံးကို နည်းနည်းလောက်တော့ ပြင်ပေးပါလား။ ” ထမင်းပန်းကန်လေးကိုင်ကာ စားပွဲဝိုင်းသို့ရောက်လာသော မိန်မိန်းက မီတို့နှစ်ယောက်ရဲ့  ဆွေးနွေးပွဲထဲသို့ ပါဝင်လာသည်။

“ သူတို့တရုတ်ဆိုတာထက် ပြည်ကြီးတရုတ်လို့ပြောတာ ပိုမှန်မယ် မမမီရဲ့  ။ မိန်မိန်းတို့က မြန်မာပြည်မှာမွေး မြန်မာပြည်မှာကြီးတဲ့ တရုတ်လူမျိုးစစ်စစ်တွေပါ။ အဲဒါထက်ပိုပြီးတိတိကျကျပြောရင် အဘိုးတွေအဘေးတွေ လက်ထက်ကတည်းက ဧရာဝတီမြစ်ကမ်းဘေးက ပြည်မြို့ မှာနေလာကြတာ။ ငယ်ငယ်တုန်းကဆို ဧရာဝတီမြစ်ထဲရေဆင်းချိုးလို့ မြစ်ကမ်းပါးမှာဆော့လာတာ။ မမမီတို့ ဧရာဝတီမြစ်ကြီးကို ချစ်သလို မိန်မိန်းတို့လည်းချစ်ပါတယ်။ ဧရာဝတီကို ထိခိုက်မှာ မိန်မိန်းတို့လည်းစိုးရိမ်တယ်။ တရုတ်လူမျိုးဆိုပေမယ့် ပြည်မြို့ က ပဲပြုတ်စားပြီးကြီးလာတာပါ။ တရုတ်ပြည်မကြီးကောင်းစားပြီး ကိုယ့်မြန်မာပြည်က ပြည်သူတွေစိတ်ဆင်းရဲမှာ၊ ဒုက္ခရောက်မှာ၊ ငတ်မှာတော့ မလိုလားဘူး။ ကိုယ်မွေးဖွားကြီးပျင်းရာမြေထက် ပိုပြီးချစ်ခင်တွယ်တာစရာ မရှိဘူး။ မမမီတို့ထက်ပိုပြီး ဒီမှာရှိတဲ့ စလုံးတရုတ်၊ မလေးရှန်းတရုတ် ၊ ပြည်ကြီးတရုတ်မတွေကို ခင်တွယ်လို့ မရသလိုပေါ့ ”

“ အေးပါ အေးပါ အစ်မ စကားလုံးကိုပြင်ပါ့မယ်။ မိန်မိန်းက မြန်မာပြည်နဲ့ဧရာဝတီကိုချစ်တဲ့ မြန်မာပြည်က တရုတ်မလေးမှန်း အစ်မ သိပါတယ် ”

“ ချစ်တယ်မမမီရေ ချစ်တယ်၊ အခု ဧရာဝတီကိုကျွန်တော်တို့လည်းချစ်ပါတယ် လို့ ငိုချင်းချနေသူတွေထက်ကို ပိုတန်ဖိုးထားသေး ချစ်သေးတယ် ၊ ဘယ့်နှယ့် မြစ်ဖျားတွေနဲ့ မြစ်ဆုံမှာမှ လာဆောက်ရတယ်လို့ ၊ မီးမလင်းရင်နေပါ ၊ မဆောက်ကြပါနဲ့၊ မိန်မိန်းကတော့ လုံးဝ ကန့်ကွက်တယ် ”

မိန်မိန်းစကားကြောင့် မောင်က ဘယ့်နှယ့်ရှိစဆိုသော အပြုံးမျိုးဖြင့် မီ့ကို ကြည့်ကာပြုံး သည်။

“ ဟုတ်ပါတယ်လေ၊ မောင်ပြောသလို ဒေါသများတော့ အမှားပါတတ်တာပေါ့။ မကောင်းပါဘူး။ ဒါပေမယ့် ခံစားချက်ကိုတော့ ပစ်ပယ်ထားလို့ မရဘူးမောင်ရဲ့ ။ လူတွေက စက်ရုပ်တွေမဟုတ်ဘူး။ လောကမှာ ငွေပေးဝယ်မရတဲ့ အရာတွေလည်းရှိသေးတယ်။ ငွေနဲ့တန်ဖိုးဖြတ်လို့ မရတဲ့ အရာတွေလည်းရှိတယ်။ ငွေပေးတိုင်းရောင်းလို့ မရတာတွေလည်းရှိတယ်။ မြစ်ဆုံဆိုတာ ကချင်လူမျိုးတွေရဲ့  တန်ဖိုးထားရာနေရာ။ ထားပါတော့ သူတို့ပြောသလို ဧရာဝတီမြစ်ကြီး မပျက်စီးအောင် စောင့်ရှောက်နိုင်တယ်ပဲထား ။ မျက်စိစုံမှိတ် ကြိတ်မှိတ်ပြီးယုံလိုက်ရတယ်ပဲထား။ မြစ်ဆုံကတော့ ပျက်စီးပြီ။ ကချင်ရဲ့ ဒေသ တော်တော်များများက သဘာဝအတိုင်းမရှိတော့ဘူး။ ဆည်ကြီး ခုနှစ်ခုစာ တောတွေပြုန်း တောင်တွေကတုံးဖြစ်တော့ရော ရာသီဥတုတွေ မပြောင်းလဲတော့ဘူးတဲ့လား။ ကချင်ဆိုတာလည်း မီတို့ လူမျိုးတွေထဲက တစ်မျိုးပဲ မဟုတ်ဘူးလား။ မီတို့လူမျိုးတွေ ခံစားရတာတွေကို ပြန်ရလာမယ့် ငွေကြေးအကျိုးအမြတ်နဲ့ လဲလှယ်ရမှာလား။ တိုးတက်ဖို့လုပ်တာဆိုရင် ဘာတိုးတက်မှာလဲ ဆိုတာလည်း ပြန်ကြည့်ရဦးမယ်လေ။ ရုပ်ဝတ္ထုတွေ တိုးတက်လာပြီး စိတ်ဓါတ်တွေ အောက်ဆုံးထိုးဆင်း ကုန်မယ်ဆိုရင်ရော ဒီတိုးတက်တာကို လက်ခံရမှာလား။ ရုပ်ဝတ္ထုတွေတိုးတက်လာက မျက်စိနဲ့မြင်ရ တွက်ချက်လို့ရပေမယ့် ၊ စိတ်ရဲ့  ဒဏ်ရာ ခံစားချက်တွေက တိုင်းတာလို့ မရဘူးမောင်။ တကယ့်တကယ်တမ်း ဒီဆည်ကြောင့် ဘေးအန္တရယ်ဖြစ်လာရင် သူတို့က ဘာတာဝန်ယူမှာမို့လဲ။ ဝမ်းနည်းကြောင်း သဝဏ်လွှာအပြင် ဘာလုပ်ပေးမှာမို့လဲ။ ဖြစ်ပြီးတော့မှ လိုက်ကယ်ဆယ်ရေးတွေ လုပ်တာထက်၊ မဖြစ်သင့်တာကို မဖြစ်အောင် အစကတည်းကြိုတင်ကာကွယ်ရမှာ မဟုတ်ဘူးလား။ တိုင်းရင်းသားတွေရဲ့  ခံစားချက်၊ လူမျိုးစုတွေရဲ့  လိုအပ်ချက် မောင်က မီ့ထက်ပိုသိမှာပါ ”

မီ့ရဲ့  စကားတွေကြောင့် မောင့်ရဲ့ အေးဆေးတဲ့ မျက်နှာက ပိုလို့ တည်ငြိမ်သွားတော့သည်။

“ သိတာပေါ့ မီရယ်၊ သိတာပေါ့ ၊ ကိုယ်က အဲဒီ့ဒေသမှာ ကြီးပျင်းလာခဲ့တာပဲ။ နေရာတွေက ခေါင်တယ်၊ သွားရလာရခက်ခဲလို့ ဒီမြစ်ကြီးကိုပဲ အားကိုးကြရတယ်။ လူတွေက ဆင်းရဲတယ် ရိုးသားတယ်။ ဖွံ့ ဖြိုးတိုးတက်မှု နှေးကွေးလို့ ဗဟုသုတနဲတယ်။ ကိုယ်တို့ငယ်ငယ်ကဆို တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ အစိုးရတပ်တွေ တိုက်ပွဲတွေခဏခဏဖြစ်၊ တစ်ချိန်လုံး ပစ်လိုက်ကြတာ တဝုန်းဝုန်း သေလိုက်ကြတာ အတုံးအရုံး။ ဘုမသိဘမသိ ကလေးငယ်တွေ ဘယ်လိုနေကြမလဲ စဉ်းစားသာကြည့်။ ငြိမ်းချမ်းရေးတွေယူပြီး အပစ်အခတ်တွေရပ်စဲထားကြလို့ နည်းနည်းတော်သွားရာက အခုဒီကိစ္စကြောင့် ပြန်ဖြစ်ကုန်ကြပြီ။ ကိုယ်တန်ဖိုးထားတဲ့မြေကို လာထိလို့ ကချင်က ဆည်မဆောက်နိုင်အောင် ဟန့်တား၊ ဆောက်နေတာက ပြည်မက တရုတ်တွေ၊ ဆောက်လုပ်ရေးသမားတွေ မထိခိုက်အောင် အစိုးရတပ်က ကာပေး။ နောက်ဆုံးတော့ ပြည်မတရုတ်တွေကို ကာပေးရာက ကိုယ့်လူမျိုးချင်း တိုက်ရတဲ့ အဖြစ်ရောက်ရော။ မြန်မာတပ်ကပဲကျကျ ကချင်တပ်ကပဲကျကျ ပြည်မတရုတ်တွေက အနေသာကြီးပဲ၊ သူတို့က သူတို့လုပ်ငန်းပြီးဖို့ပဲကြည့်မှာလေ ”

“ ကိုယ် ၃ တန်းတုန်းက ကိုယ်တို့ဒေသမှာ ရေကြီးမြေပြိုတာတွေ တစ်ခါကြုံဖူးတယ်။ ၃ တန်းဆိုတော့ ၁၉၈၇ လောက်ကဖြစ်မယ်။ ဘယ်လောက်ကြောက်စရာကောင်းလဲဆို အခုထိကို အဲဒီ့အဖြစ်အပျက်တွေက မမေ့နိုင်ဘူး။ ကိုယ့်အမေဘက်ကဆိုရင် ရွာလုံးကျွတ်နီးပါး ရေထဲမျောပါသွားတာ။ သဘာဝ ဘေးအန္တရာယ် ဆိုတာ တိတိကျကျ ကြိုတင်တွက်ချက်လို့ ရတာမဟုတ်ဘူး။ အထူးသဖြင့် ငလျင်။ တစ်ခုခုဖြစ်ခဲ့ရင် အပြစ်မရှိတဲ့ ပြည်သူတွေပဲဒုက္ခရောက်မှာ။ စိတ်ဒဏ်ရာတွေကြောင့် နာကျည်း၊ နာကျည်းတော့ ပြန်ချချင်၊ ချချင်တော့ လက်နက်ကိုင်တောထဲဝင်နဲ့၊ သံသရာက ဆုံးမှာမဟုတ်ဘူး။ ဒီအတိုင်းသာဆို တိုင်းရင်းသား စည်းလုံးညီညွတ်ရေးဆိုတာ ဆောင်ပုဒ်ထဲမှာပဲ ရှိနေလိမ့်မယ် ”

စကားအဆုံးမှာ မောင်က ထမင်းလတ်စသတ်သည်။

“ စိတ်မကောင်းပါဘူးကွယ်၊ မီက ထမင်းစားပြီးမှ စကားဝိုင်းစသင့်တာ အခုတော့ အားလုံးထမင်းစားပျက်ကုန်ပြီ”

“ မပူနဲ့ မမမီ ၊ မိန်မိန်းကတော့ မပျက်ဘူး၊ သူတို့ဘက်က မရပ်သရွေ့  ရပ်အောင်တောင်းဆိုဦးမှာဆိုတော့၊ အားမရှိလို့ မဖြစ်ဘူး၊ အဝစားထားမှ ”

“ ထမင်းစားပြီး စကားဝိုင်းဆက်လို့တော့ မဖြစ်ဘူး။ အခုဒီမှာ ကိုယ်တို့ လေးယောက်ရှိတယ်။ စာဖတ်တဲ့သူကလည်း စာတွေဖတ်ပြီး စိုးရိမ်နေတယ်၊ သတင်းကြားတဲ့သူကလည်း သတင်းတွေနားထာင်ပြီး စိတ်ပူနေရတယ်။ အဲလိုထိုင်စိုးရိမ်ပြီး ပြစ်တင်စကားတွေ ပြောနေမယ့်အစား မြန်မာပြည်သူတွေအားလုံး စုပေါင်းပြီး ဘာလုပ်သင့်တယ်၊ မြစ်ဆုံကိုဘယ်လို ထိန်းသိမ်းရမယ် ဧရာဝတီကို ဘယ်လို ကာကွယ်ရမယ်ဆိုတာ အဖြေရှာရမှာ။ လောလောဆယ် ပထမဆုံးလုပ်ရမှာက သမ္မတကြီးဆီပို့မယ့် ဆည်တည်ဆောက်ရေးတွေ ရပ်ဆိုင်းပေးဖို့ မေတ္တာရပ်ခံလွှာမှာ လက်မှတ်ထိုးရမှာ။ ဒါအခုအချိန်မှာ ကိုယ်တို့ ပထမဆုံးအနေနဲ့ အလုပ်သင့်ဆုံး။ ဒါ မြန်မာပြည်နဲ့ဧရာဝတီကို ချစ်သူတိုင်း မလုပ်နိုင်စရာ အကြောင်းပြချက် မရှိသင့်တဲ့ အလုပ်ပဲ။ ကိုယ်တို့ တင်ပြရမယ်။ မြန်မာပြည်သူတွေ ဒီလိုတော့ စိုးရိမ်နေပါပြီဆိုပြီး သိလာအောင်ပြောရမယ်။ ယဉ်ကျေးမှု အမွေအနှစ်မို့ ငွေ၊လျှပ်စစ် ဘာနဲ့ဖြစ်ဖြစ် မလဲနိုင်ဘူးဆိုတာ ပြောရမယ်။ ပြီးတော့ ဒီ့ထက်ရှေ့ ဆက်ပြီးလည်း စာပေဟောပြောပွဲတွေဟော၊ သီချင်းတွေလွှင့် ၊ သတင်းမှတ်တမ်း ရုပ်ရှင်တွေပြလို့ တောင်းဆိုရမယ်။ ဓါတ်ပုံတွေနဲ့ သက်သေပြလို့ တားဆီးရမယ်။ ” ပြောနေရင်းမှ ခဏရပ်လို့ မီ့ဘက်လှည့်ကြည့်လိုက်သည်။

“ မီ အင်္ကျိလဲ၊ ကိုယ်တို့ မေတ္တာရပ်ခံလွှာမှာ လက်မှတ်သွားထိုးရအောင် ”

“ ပင်နီဇူလာပလာဇာက လမ်းပြကြယ်မှာဟုတ်၊ မိန်မိန်းလည်း ဒီညနေသွားမှာ ” မိန်မိန်းရဲ့  အမေးကို မောင်က ပြုံးကာခေါင်းညိတ်လိုက်ချိန်မှာ တစ်ချိန်လုံး နားထောင်သူသာလုပ်နေသော သက်သက်ကပြောလိုက်သည်။

“ ဗုဒ္ဓဟူးနေ့ ရုံးကအပြန် ငါလည်းသွားမယ် ”

* * * * * * *

လက်မှတ်ထိုးပြီး အပြန် တနင်္ဂနွေ ညနေဆိုပေမယ့် စီးတီးဟောဘူတာမှာ လူများလွန်းလှသည်။ ရထားလာတော့လည်း မီတို့ ထိုင်စရာနေရာမရ။ တိုင်ကို ကိုင်ထားသော မောင့်လက်မောင်းကို ခေါင်းမှီလို့ မောင်ပြောတာတွေ နားထောင်ရင်း လိုက်လာခဲ့သည်။ Buona Vista ရောက်ပြီ။ သက်ပြင်းရှည်ကြီးချမိတော့ မောင်က လှည့်ကြည့်သည်။

“ ကြည့်လိုက်ပါဦး မောင်၊ အခု မီတို့ ဒီရထားလမ်း ပေါ်က အပေါ်စီးက မြင်ရတဲ့ မြင်ကွင်းကို၊ ကိုယ့်မျက်စိတစ်ဆုံးပဲကြည့် ရထားလမ်းရဲ့  ဟိုဘက်ရော ဒီဘက်ရော အကျယ်ကြီးပဲ။ ဒါတောင် Buona Vista တဝိုက်ပဲရှိသေးတာ။ မီ ဘယ်လိုမှ စဉ်းစားမရဘူး။ စင်္ကာပူနိုင်ငံ အရွယ်အစားရှိတဲ့ ရေကာတာဆိုတာ။ အဲဒီ့လောက်ကြီး လိုအပ်လို့လား။ ဧရာဝတီမှာ ဆောက်မှတဲ့လား။ မီ ဘယ်လိုမှ လက်ခံလို့ မရဘူး။ ”

“ လက်မခံနိုင်ရင် ကိုယ်တို့ ဆက်ပြီးငြင်းဆန်ရမှာပေါ့ ၊ ဆက်ပြီး တောင်းဆိုရမှာပေါ့။ ဒါဟာ ကချင်လူမျိုးတို့ရဲ့  အရေးပဲမဟုတ်ဘူး မြန်မာတစ်မျိုးသားလုံးအရေး။ ဧရာဝတီဆိုတာ မြန်မာပြည်ကို ကိုယ်စားပြုထားတာ၊ မြစ်ကြီးမရှိရင် မြန်မာပြည် ဆိုတာရော ရှိပါဦးတော့မလား။ ကိုယ်တို့ရဲ့  မျိုးဆက်သစ်တွေကို ခြောက်ခန်းနေတဲ့မြစ်ကြီးပေးခဲ့ရင် ကိုယ်တို့ တရားပါ့မလား။”

“ ဟုတ်တယ် မောင် ၊ မီ တို့ ရှေ့ကိုဆက်ရမယ်။ မြန်မာနိုင်ငံသားအားလုံး နိုင်တဲ့ဘက်က နိုင်တဲ့နည်းနဲ့ တာဝန်ယူပြီး ဆက်သွားရမယ်။ မီ လည်းကတိပေးတယ်မောင်၊ ကလောင်လက်နက်က ဓါးသွားတဲ့ထက်တယ်တဲ့ ၊ မီ ရေးတဲ့ မှင်တစ်စက်က ဧရာဝတီ ဆက်စီးဆင်းမယ့် ရေတစ်စက်ဖြစ်စေရမယ် ”

ရေတစ်စက်က မြစ်ကြီးဆက်စီးဖို့ မဖြစ်နိုင်ဘူး ဆိုနိုင်ပေမယ့် ၊ ရေစက်တွေ စုပေါင်းလို့ပဲ ချောင်းတွေမြစ်တွေ ဖြစ်လာတယ်ဆိုတာတော့ မေ့မထားသင့်ပါဘူးကွယ်။