Thursday, November 21, 2013

" ငါ့ " ကို ငါ မြင်ခြင်း

ပြီးခဲ့တဲ့အပတ်က ဖိလစ်ပိုင်မှာ အင်မတန်မှ ပြင်းထန်တဲ့ တိုင်ဖုန်းမုန်တိုင်း တိုက်ခတ်သွားခဲ့တယ်။ ရုံးကဖိလစ်ပင်းမလေးကို မုန်တိုင်းသတင်းမေးတော့ “ လူတွေအများကြီးသေတယ်၊ ညတိုင်း တီဗွီသတင်းကြည့်ပြီး ငိုနေရတယ် ” တဲ့။ သူ့ကိုကြည့်ပြီး လွန်ခဲ့တဲ့ ငါးနှစ်ကျော်က ကိုယ့်ကိုယ်ကိုယ် ပြန်မြင် ရသလိုပဲ။
နောက်နေ့ ဗုဒ္ဓဟူးနေ့ ရုံးချိန်နေ့လည်ဘက်မှာ ဖုန်းမက်ဆေ့ခ်ျ တစ်ခုဝင်လာတယ်။ မုန်တိုင်းဟိုင်ရန်ဒဏ်ခံရတဲ့ ဖိလစ်ပင်းဒုက္ခသည်တွေအတွက် အဝတ်အထည်၊ စောင် နဲ့ ဖိနပ်များ ကူညီချင်တယ်ဆိုရင် ၁၆ ရက်နေ့ စနေနေ့ ညနေ ၅နာရီ နောက်ဆုံးထားပြီး ပို့ပေးဖို့ပါ။ အမြန်ဆုံးပို့ချင်တဲ့အတွက်ကြောင့်မို့ အချိန်နည်းနည်းပဲပေးထားတာကိုလည်း မက်ဆေ့ခ်ျထဲမှာ တစ်ခါတည်းတောင်းပန်ထားတယ်။ သယ်ရပို့ရ လွယ်ကူဖို့အတွက် ဖော်ပြထားတဲ့ သုံးမျိုးကလွဲလို့ တခြားပစ္စည်းများ ယူမလာပါနဲ့လို့လည်း အသိပေးထားပါတယ်။
မက်ဆေ့ခ်ျ မြင်တာနဲ့ ဘယ်လိုစုရမလဲ အပြေးအလွှား စဉ်းစားမိတယ်။ သတင်းထပ်ဖြန့်ပေးရုံနဲ့ပြီးပေမယ့် အကြောင်းအမျိုးမျိုးနဲ့ မသွားနိုင်ကြမှာစိုးလို့ပါ။ နောက်တော့ အချိန်က ၂ ရက်ခွဲလောက်ပဲ ရတဲ့အပြင် ညတိုင်းရုံးမှာ ၈ နာရီကျော်တဲ့အထိ အလုပ်ရှုပ်နေချိန်မို့ ကိုယ်တိုင်ဘယ်လိုမှ လိုက် မစုဆောင်းနိုင်တော့ဘူး။ ဒါပေမယ့် မဖြစ်မနေလှူချင်နေတာမို့ အိမ်မှာအတူနေနေတဲ့ ညီမတွေကိုပဲ မဝတ်တော့တဲ့ အဝတ်အစားတွေ စနေနေ့ မနက်ပိုင်းနောက်ဆုံးထားပြီးစုပေးပါ၊ ညနေပိုင်းမှာ သွားပို့မှာလို့ ဆိုပြီး အလှူခံဖြစ်တယ်။ သူငယ်ချင်းနှစ်ယောက်ကိုလည်း လာပို့နိုင်ရင် အိမ်ကိုလာပို့ပေးဖို့ လှမ်းပြီး အလှူခံလိုက်ပါသေးတယ်။


ညနေ ၄ နာရီကျော်ကျော် Aljunied က Gaden  Shartse Dro-Phen ကို ရောက်သွားတဲ့ အချိန်မှာ ကိုယ်တွေလိုပဲ ကိုယ့်အထုပ်ကိုယ်ဆွဲပြီး ခြေလျင်လာတဲ့သူတွေရော၊ ကားနဲ့လာပို့တဲ့သူတွေရော အများကြီးတွေ့ရလို့ အံ့သြဝမ်းသာရပါတယ်။ အလှူပစ္စည်းစုဆောင်းတဲ့နေရာက ဗုဒ္ဓဘာသာဘုရားကျောင်းတစ်ခု ဖြစ်နေတဲ့အတွက်လည်း ပိုပြီးကြည်နူးရပါတယ်။




အဲလိုကြည်နူးဝမ်းသာပြီး ဓါတ်ပုံရိုက်နေတုန်း ကင်မရာထဲမှာပေါ်လာတဲ့ပုံကို ကြည့်ပြီး ခေါင်းထဲကို အတွေးတစ်ခုရောက်လာတော့တာပါပဲ။
“ နာဂစ်တုန်းကရော စလုံးမှာ လူမျိုးခြားတွေက အဲလိုမှ လှူကြရဲ့လား ”
မတွေးအပ်တဲ့ အတွေးမှန်းသိပေမယ့် နာဂစ်က ကျွန်မရဲ့ အိမ်မက်ဆိုးတစ်ခု လိုဖြစ်နေတော့ တွေးမိသွားတယ်။ နာဂစ်တုန်းက စလုံးရောက်စ အလုပ်မရသေးချိန်မို့ ငွေလည်းမလှူနိုင်၊ ပေးစရာအဝတ်လည်းမပို၊ ပေးချင်ရင်တောင် မသွားတတ်တော့ ဘယ်သွားပေးရမှန်းမသိ ဆိုတော့ ဘုရားစင်ရှေ့ ငုတ်တုတ်ထိုင် မျက်ရည်ကျနေခဲ့ရတာ။ ကိုယ့်မြန်မာတွေ လှူကြတယ်ဆိုတာ သိပေမယ့်၊ လူမျိုးခြားတွေ အခုလိုပဲ လှူမလှူဆိုတာတော့ ထဲထဲဝင်ဝင် မမှတ်မိတော့လို့ တွေးမိတာ။  အဲဒီ့ အတွေးတွေက အိမ်ပြန်တဲ့အထိ စီတန်းသွားလိုက်တာ တစ်နေရာအရောက်မှာတော့ ထိတ်လန့်တကြားရပ်တံ့သွားပါရော။
ငါ တော်တော်အတ္တများနေပါလားဆိုပြီး “ ငါ့ ” ကို တွေ့လိုက်မိလို့ပါ။
နာဂစ်တုန်းက ငါ့နိုင်ငံမှာဖြစ်နေကြပြီ၊ ငါ့လူမျိုးတွေသေကုန်ပြီ၊ ငါတို့စပါးခင်းတွေ၊ ငါတို့ဆားကွင်းတွေ၊ ငါတို့ကလေးတွေ၊ ငါတို့ အပြည့်အဝလည်း ကူလို့မရဘူး၊ ငွေလေးနည်းနည်းအပြင် ငါလည်းဘာမှမလုပ်ပေးနိုင်ဘူး ငါ … ငါ … ငါ … နဲ့ တော်တော်လေးကို ဆတ်ဆတ်ခါ နာကျင်ခဲ့ရတယ်။ ဒါက မြန်မာပြည်မှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်အတွက် “ ငါ့တိုင်းပြည် ” ဆိုတဲ့ “ ငါ ” ။
နောက်တစ်ခုကတော့ ရေခြားမြေခြား တိုင်းတစ်ပါးမှာ။ ဒီလိုပဲ သဘာဝဘေးအန္တာရာယ်တစ်ခုကြုံချိန်မှာ အင်မတန်ခင်တွယ်ရတဲ့ သူငယ်ချင်းက အဲဒီ့မှာ ရောက်နေတဲ့အချိန်။ ဖြစ်ဖြစ်ခြင်းမှာ ဟိုကနေ ဖုန်းနဲ့အကြောင်းကြားပေမယ့် နောက်ရက်မှာ ကိုယ်က ဘယ်လိုမှ ဖျက်ပစ်လို့မရတဲ့ ခရီးသွားရတော့မယ်။ သွားရမယ့်ခရီးကလည်း ဆက်သွယ်လို့မလွယ်တဲ့နေရာမို့ ကိုယ်မတတ်နိုင်တဲ့ ကိစ္စတစ်ခုအတွက် ပူပင်သောကတွေများနေလိုက်တာ ရုံးမှာမျက်စိပျက် မျက်နှာပျက်နဲ့ စာရင်းတွေမှားလို့ မန်နေဂျာ မေးယူရတဲ့အထိပဲ။ အခုချိန်မှာ ပြန်စဉ်းစားလိုက်တော့ အဲဒီ့အချိန်က အဲဒီ့နေရာမှာ အဲဒီ့သူငယ်ချင်းသာ မရှိခဲ့ရင် အဲလိုဖြစ်နေဦးမှာလားဆိုတော့ “ ဟင့်အင်း ” တဲ့။ အဲဒီ့ဒေသလူတွေအတွက် ပူပန်တယ်ဆိုတာထက် “ ငါ့သူငယ်ချင်း ” ဆိုတဲ့ ငါ ကြီးက ကြီးစိုးနေလို့သာ အဲလောက်ပူပန်နေမိတာ။
အခု ဖိလစ်ပိုင်မှာ ဖြစ်တော့ သနားတော့သနားတယ်၊ ကိုယ်ချင်းစာပြီး လုပ်ပေးချင်စိတ်လည်း ရှိတယ်၊ မအားတဲ့ကြားက အချိန်ရအောင်လုပ်ပြီး အဝတ်တွေစုခဲ့တယ်၊ လေးလေးပင်ပင် သယ်ပြီးတော့လည်း ပို့မိတယ် ။ ဒါပေမယ့် ကျွန်မမှာ ပူပင်သောကဆိုလို့ တစ်စိုးတစ်စိမှ ရှိမနေဘူး။ အရင်ကလည်း သက္ကာယဒိဋ္ဌိ ဆိုတဲ့ ငါစွဲ အကြောင်းကို တွေးမိတတ်ပေမယ့် အခုအချိန်လောက်တော့ လက်တွေ့မဆန်ခဲ့ဘူး။ ငါ မပါခြင်းရဲ့ ပူပင်သောက ကင်းပုံကို လက်တွေ့သင်ယူလိုက်ရသလိုပါပဲ။ ဒါတောင်မှ မေတ္တာတရား၊  ဥပေက္ခာတရားတွေနဲ့ ပြည့်ဝနေပြီး ဘုရားဟောတဲ့ ငါစွဲ ပြုတ်လို့မဟုတ်ပါဘူး။ ငါ့တိုင်းပြည်မဟုတ်ဘူးဆိုတဲ့ အသိကြောင့်သာ နာကျင်လောက်တဲ့အထိ မဖြစ်ဘဲ အတ္တတစ်စုံနဲ့ လစ်လျူရှုနေနိုင်တာပါ။
ကျွန်မရဲ့ ငါက ဘယ်လောက်များ များနေသလဲဆိုရင် အကျိုးရလိုစိတ်နဲ့လှူတာ မဟုတ်ပဲ ကိုယ်ချင်းစာစိတ်နဲ့လှူတာဆိုပေမယ့် ဆုတောင်းခွင့်ရရင် တောင်းချင်သေးတာ။ မြန်မာပြည်မှာ သဘာဝဘေးတွေမို့ မလွှဲသာ မရှောင်သာကြုံရရင်တောင် နာဂစ်လို ရက်ရက်စက်စက်၊ ပစ်စလက်ခတ်၊ မစာမနာ၊ လစ်လျုရှုထားခြင်း မခံရပါစေနဲ့၊ ကူညီချင်တဲ့သူတွေလည်း စိတ်အေးချမ်းစွာ ကူညီနိုင်ပါစေလို့။
နောက်ဆုံးတော့ အတွေးတွေရပ်ဖို့ ကိုယ့်ကိုယ်ကိုယ် မေးမိတယ်။ ဒီလိုတွေး ဒီလိုမြင်ပြီးမှတော့ ထပ်ပြီးတော့များ ကြုံဆုံရရင် နာကျင်ပူလောင် ဦးမှာလားလို့။ အသိအဆင့်ပဲရှိပြီး အကျင့်အဆင့် မရောက်နိုင်သေးတော့ ဒီတစ်ခါလည်း အဖြေက “ အင်း ” ဆိုပြီး ခပ်မြန်မြန်ပဲ ထွက်လာတယ်။ တိုင်းပြည်အစွဲကြီးလွန်းတဲ့၊ သံယောဇဉ်ကြီးတတ်လွန်းတဲ့သူမို့ စစ်မှန်တဲ့ မေတ္တာတရား နဲ့ ဥပေက္ခာတရားထားနိုင်ဖို့ အများကြီး ကြိုးစားရဦးမယ်။           ။ 

ညိုလေးနေ
20.11.2013  11:39 pm 

Sunday, October 20, 2013

အမှောင် ထဲက လင်းတဲ့ "သူ"


 

တဆင့်ခံ အလင်းရှင်တဲ့
နားလည်မပေးနိုင်သူတွေက ပြောကြတယ်
 
ကိုယ်ပိုင် အလင်းမရှိသူတဲ့
မညှာတာသူတွေက ပြောရက်တယ်
 
လေ ကျီစား တာပေမယ့်
တိမ်တွေကြားမှာ ပုန်းရှောင်သတဲ့
 
အရိပ်လွှမ်းခံရသူကို
ငပုတ်ဖမ်းခံရသူတဲ့
 
စွပ်စွဲကြသေးတယ်
ဖြားယောင်းတတ်သူ ဆိုပဲ
 
တကယ်တော့
ဆင်းရဲချမ်းသာမရွေး ကလေးလေးဆို
ထမင်းဆီဆမ်း ရွှေလင်ဗန်းနဲ့ပေးချင်သူ
 
ဂျူတီချိန် မရောက်သေးလည်း
ကောင်းကင်ပေါ်မှာ ကိုယ်ရောင်ဖျောက်လို့
တိတ်တိတ်ကလေး ရောက်နေသူ
 
ကိုယ့်မှာ အလင်းမရှိတာတောင်မှ
အများကို မမှောင်စေချင်သူ
 
တစ်ရက်လေး ထိန်ထိန်လင်းပေးနိုင်ဖို့
တစ်ဆ တစ်ဆ စုလာခဲ့ရသူ
 
မေတ္တာတရားလို
သာတူညီမျှ အေးချမ်းစေချင်သူ
 
လရောင်ဆမ်းလို့ လန်းဆန်းစေချင်သူ
 
x x x x x
 

ညိုလေးနေ
17.10.2013 (1:15 am )

Thursday, September 26, 2013

ရာဇဝင် အပြင်က မေ့ ဆန္ဒ


အတွေးထဲမှာ ပုဂံ
ရာဇဝင်ပြန်လို့ စီးဆင်းအသွား
ကျန်စစ်အလား မင်းတစ်ပါး
မောင် ဖြစ်များ ဖြစ်ခဲ့ရင် ...

အပါယ်ရတနာလို ခမ်းနားလှပ
ငယ်ချစ်ဘဝ
ကျွန်မ မရခဲ့ဘူး မောင်

ဝင်းဝင်းပပ ကနွဲ့ကလျ
မဏိစန္ဒာတမျှ
ကျွန်မ မလှခဲ့ဘူး မောင်

မိန်းမပီသ အေးဆေးလှတဲ့
မထီးတူမ သမ္ဘူလ
ကျွန်မ မဖြစ်ချင်ခဲ့ဘူး မောင်

သို့ပေမယ့်လေ
မောင့်လက်ကိုတွဲ ဓါးကိုဆွဲလို့
သေလည်းမကွာ ရှင်လည်းအတူ
တောသူနှမ ခင်တန် ဘဝ
ကျွန်မ တမ်းတမိတယ် မောင် 

x x x x x


ညိုလေးနေ
July  2013


Saturday, September 21, 2013

အမေနှင့်မယ်ညို့ရုပ်ရည်

            
            ပြီးခဲ့တဲ့ ဧပြီလက အမေ စလုံးကို ခဏရောက်လာခဲ့သည်။ အမေပြန်သွားတော့ ထုံးစံအတိုင်း နေမထိထိုင်မသာ ရင်မှာဟာလို့ ကျန်ရင်း အမေ့အကြောင်းတွေ တွေးတွေးနေမိသည်။ တွေးရင်းနဲ့ အမေနှင့်မယ်ညို တို့နှစ်ယောက်ကြား ပြုံးစရာ၊ ရယ်စရာ၊ သတိရစရာ လေးများကို “ အမေနှင့်မယ်ညို့ ပုံပြင်များ ” အဖြစ် အမှတ်တရရေးကာထားဖို့ စိတ်ကူးရမိသည်။
 
အမေနဲ့မယ်ညိုရဲ့အမှတ်တရလေးတွေကို  ပြန်စဉ်းစားလိုက်ရင် နှစ်တန်းတုန်း အကြောင်းလေးက အရင်ဆုံး ပေါ်ပေါ်လာတတ်သည်။ တစ်ရက် ကျောင်းဆင်းချိန်မှာ အိမ်က လာခေါ်တာနောက်ကျသည်။ တိုက်တိုက်ဆိုင်ဆိုင် တစ်ခုံတည်းထိုင်တဲ့ အခင်ဆုံးသူငယ်ချင်း စန္ဒာ့ကိုလည်း လာမကြိုသေးတော့ နှစ်ယောက်သား ကစားရင်းစောင့်နေကြသည်။ ငါးမိနစ်လောက် ဆက်စောင့်အပြီးမှာ အမေရောက်လာသည်။ လာကြိုတာ နောက်ကျလို့ မဲ့ချင်ချင်ဖြစ်နေသော မယ်ညို့ကို အမေက ရှင်းပြဖျောင်းဖျကာ စန္ဒာ့ကိုပါ ပို့ပေးရမလား မေးသည်။ စန္ဒာက သူ့အိမ်ကလာကြိုတဲ့အထိ စောင့်မယ်ဆိုတော့ သားအမိနှစ်ယောက် အိမ်ပြန်ခဲ့ကြသည်။
နောက်တစ်နေ့ မုန့်စားလွှတ်ချိန်မှာ စန္ဒာ “ ဟဲ့ ” လို့ လှမ်းခေါ်ပြီး ချက်ချင်းဆက်မပြောသေးဘဲ တစ်ခုခု စဉ်းစားနေသလိုလို လုပ်ပြီးမှ ပြောသည်။
“ နင့် အမေက အသားဖြူဖြူ၊ အရပ်ရှည်ရှည် နဲ့ ချောပြီး နင်က ဘာလို့ ရုပ်ဆိုးပြီး ပုနေတာလဲလို့ 
စန္ဒာ့ စကားကြောင့် မယ်ညို ကြောင် အ သွားသည်။ နှစ်တန်းကျောင်းသူ သူမ တစ်ခါမှ မစဉ်းစားဘူးသော အကြောင်း။ စန္ဒာပြောမှ စဉ်းစားမိသည်။ စဉ်းစားမိတော့ ငိုချင်လာသည်။ ဟုတ်ပါရဲ့ အမေက ဖြူဖြူရှည်ရှည်၊ ချောချောကို ငါက ဘာလို့ ရုပ်ဆိုးသေးကွေးနေတာပါလိမ့်။

“ ငါ့ အမေက မေမြို့သူကိုး ”
ဆိုင်မဆိုင်တော့ မသိ။ စိတ်ထဲရှိတာ ဖြေလိုက်သည်။ ဒီ့ထက်ပိုပြီးလည်း မဖြေတတ်။ အိမ်ရောက်လို့ ဒီအကြောင်း အမေ့ကို ဝမ်းပမ်းတနည်း ပြန်ပြောပြမိတော့ အမေက မယ်ညို့ကို ပွေ့ဖက်ကာ နှာခေါင်းဖျား၊ နှုတ်ခမ်းဖျားလေးတွေကို တို့ထိလို့ ပြုံးကာ ဆိုသည် …
“ အမေနဲ့ တူတာပေါ့၊ ဟောဒီ့ နှာခေါင်းလုံးတာလေးလည်းတူတာပဲ၊ ပါးစပ်ပြဲတာလေးလည်း တူတာပဲ၊ အရုပ်ဆိုးတာထက် စိတ်မဆိုးဖို့က ပိုအရေးကြီးပါတယ် သမီးရယ်၊ သမီးက ရုပ်မလှရင် စိတ်လှအောင် နေရမှာပေါ့၊ စာတော်အောင်လုပ်ရမှာပေါ့၊ မေ့သမီးက ဥာဏ်ကောင်းတာပဲ ”
အမေ့ရဲ့ နားလည်အောင် ချော့မော့ပြောဆိုမှုတွေအောက်မှာ အရုပ်ဆိုးရခြင်းကို သိပ်မကျေလည်ချင် သေးပေမယ့် စိတ်မကောင်းတော့ မဖြစ်တော့။ အမေနဲ့ မတူရခြင်းကိုလည်း ဝမ်းနည်းရမယ့် အစား ငါ့မှာ ဖြူဖြူချောချော အမေ ရှိတယ် ဆိုပြီး ကျေနပ်တတ်လာခဲ့သည်။
x x x x x x x

ဆယ်တန်းအောင်အပြီး နှစ်ရှည်လများ ကျောင်းပိတ်ထားချိန် တစ်နွေမှာ အမေနှင့် မယ်ညိုတို့ ညီအစ်မနှစ်ယောက် မေမြို့ခဏပြန်လည်ကြသည်။ တစ်မနက်ခင်း ဈေးကြီး ထဲမနက်စာစားပြီး ပတ်ကြတော့ အမေက မိတ်ဟောင်းဆွေဟောင်းတွေ တွေ့လိုက် နှုတ်ဆက်လိုက်နှင့်။ ငေးရင်းလျှောက်ရင်း အမေတို့က ခပ်လှမ်းလှမ်းမှာကျန်ခဲ့ကာ မယ်ညိုက သူမအလွန်စိတ်ဝင်စားရာ ဆွယ်တာဆိုင်တစ်ဆိုင်ရှေ့ရောက်သွားသည်။

“ ညည်း မမညွန့် သမီး မဟုတ်လား ”  ဆိုင်ရှင်အဒေါ်က ဝမ်းသာအားရ လက်မောင်းကို ကိုင်လှုပ်ကာမေးသည်။
“ ဒေါ်ဒေါ်က ဘယ်လိုလုပ် သိတာလဲ ”လို့မေးမိတော့ …
“ ငါ ဒီမျက်နှာမျိုး မြင်ဖူးပါတယ်ဆိုပြီး စဉ်းစားနေတာအေ၊ တစ်နေ့က မမညွန့်တို့ရောက်နေတယ် ဆိုတာ သတိရပြီး တွေးမိတာပေါ့ ” တဲ့။ မယ်ညို ဝမ်းသာစွာဖြင့် မအောင့်နိုင်မအီးနိုင် မေးမိသည်။
“ ဒါ ဆို သမီးက အမေနဲ့ တူလို့ပေါ့နော် ”
“ တူတာပေါ့အေ တူလို့ အဒေါ်က မှတ်မိတာပေါ့၊ ဒါပေမယ့် မမညွန့်လောက်တော့ မချောဘူး၊ မမညွန့် က ညည်းလိုနှာခေါင်းလုံးလုံးလေးပေမယ့် ပြားတော့မပြားဘူးအေ့ ”
မယ်ညိုက မသိပေမယ့် သူမကို သိနေသော ဆိုင်ရှင်အဒေါ်ရဲ့ ဘွင်းဘွင်းရှင်းရှင်း စကားကြောင့် ဝမ်းသာထားရတာတွေ နည်းနည်းတော့ အီလည်လည်ဖြစ်ကုန်သည်။
“ ဟဲ့ ဒါက အကြီးမလား ၊ သူလေးကတော့ အချောသား ”
ခဏနေ မယ်ညိုရှိနေရာ ဆိုင်ကို မမ ရောက်လာတော့ ပိုဆိုးသွားပြီ။
 “ အမေက အမေ့သား၊သမီး အကြီးတွေကိုကျတော့ ချောချောလေးတွေ မွေးပေးတယ်၊ သမီးကိုကျတော့ ချောအောင်လှအောင် မမွေးပေးဘူး၊ သူတို့က အသားလည်း ပိုဖြူကြတယ် ”
ဆိုင်ရှင်အဒေါ်ရဲ့ စကားကြောင့် အိမ်ရောက်တော့ အမေ့ကို သွားပြီးဂျီတိုက်မိသည်။ မယ်ညိုက ဆူဆူဆောင့်ဆောင့်လေး ပြောနေပေမယ့် အမေကတော့ အပြုံးမပျက်။
“ ဟင် .. အဲဒါ အမေနဲ့ မဆိုင်ပေါင် ။ အမေကတော့ သမီးတို့ကို မွေးရတော့မယ်ဆိုကတည်းက ဆုတောင်းတာပဲ။ ကိုယ်လက်အင်္ဂင်္ါပြည့်စုံပါစေ၊ ဥာဏ်ရည်ပြည့်စုံပါစေ၊ ကျန်းမာဖွံ့ဖြိုးပါစေ ဆိုပြီးတော့။ ချောဖို့လှဖို့တော့ သိပ်အဓိကထားပြီး ဆုမတောင်းမိပါဘူး။ တကယ်တော့ အဲဒါတွေ အားလုံးအပြင် ရုပ်လှခြင်း ရုပ်ဆိုးခြင်းဆိုတာ သမီးနဲ့ပဲဆိုင်တာ။ သမီးက အရင်ဘဝက ဘာတွေဆုတောင်းမှားခဲ့လဲ၊ ဘာတွေလုပ်ခဲ့လဲမှ မသိတာ။ သမီး အခုလို စိတ်တိုနေရင်၊ အကြီးတွေ ကို မနာလိုဖြစ်နေရင် ပိုရုပ်ဆိုးသွားမှာပေါ့။ အခုကို မျက်နှာကြီးစူထားတော့ ပိုရုပ်ဆိုးနေပြီ။ ရုပ်လှချင်ရင် စိတ်ကိုပြင်တဲ့ သမီးရဲ့ 
နောက်ထပ် ပိုပိုရုပ်မဆိုးချင်သော၊ နောင်ဘဝရုပ်ဆိုးမှာကို မလိုချင်သော မယ်ညိုသည် အမေ၏  ကံ ကံ၏အကျိုးကို လက်တွေ့ပြကာ ရှင်းပြခဲ့သော အကြောင်းတရားကြောင့် ကိုယ့်စိတ်ကိုကိုယ် အတတ်နိုင်ဆုံး စောင့်ထိန်းမိစေသော အကျိုးကိုရခဲ့သည်။
x x x x x x x

အမေနှင့်မယ်ညို့ရုပ်ရည်အကြောင်းသည် တက္ကသိုလ်အထိလည်း ရောက်ခဲ့သည်။ နောက်ဆုံးနှစ် ကျောင်းဖွင့်ကာစ တစ်နေ့မှာ နယ်မှကျောင်းလာတက်သော သူငယ်ချင်း ကျော်နိုင်က
 “ နင် စာမေးပွဲဖြေပြီးမှ ကျောင်းကို ရောက်သေးတယ် မဟုတ်လား ”  ဟုမေးသည်။
“ ခပ်လှမ်းလှမ်းက တွေ့လိုက်တာ ခေါ်မလို့ဘဲ အန်တီကြီးတစ်ယောက်လည်း ပါလာတာမြင်လို့ ကိစ္စတစ်ခုခုရှိလို့ လာတယ်ထင်ပြီး မခေါ်တော့တာ ”
ဟုတ်သည်။ ကျောင်းလခသွင်းဖို့ မေ့နေတာမို့ အောင်စာရင်းမှာ ပါမလာဘဲ ကျန်နေမှာစိုးလို့သွားသွင်းတာ။ အဲဒီ့ နေ့က အမေက သမီးသူငယ်ချင်းတွေ မပါဘူးမဟုတ်လား ဆိုတာနဲ့ အမေသမီးကျောင်းကို မရောက်ဖူးဘူး လိုက်ခဲ့ပါလား ဆိုပြီး ခေါ်လာလို့ အမေလိုက်လာခြင်းဖြစ်သည်။ မယ်ညိုက အဲဒီ့အကြောင်းပြောပြတော့ …  
“ ဟင် အဲဒါ အမေလား … ”  ဟုဆိုတာ အံ့သြသွားဟန်နဲ့ စကားဆက်ပြောမယ် ပြင်ပြီးမှ အိုးတိုးအမ်းတမ်းဖြစ်ကာ ရပ်သွားသည်။ မယ်ညို သိလိုက်ပါပြီ။
“ ဘာလဲ …  အမေနဲ့ မတူဘူးလို့ ပြောမလို့ မဟုတ်လား ”
“ ဟုတ်တယ် အဲ …  အမေ လို့တော့ ထင်လိုက်တယ် ဒါပေမယ့် ပုံစံကြည့်တော့လည်း … ဟို … ဘယ်လိုမှ မထင်ရတော့ ..  
ပြောပြီးမှ အလွန်အားနာသွားပုံရသော ကျော်နိုင်သည် စကားကို ရှေ့မဆက်နိုင်တော့။ သူ့ပုံကိုကြည့်ကာ မယ်ညို ရယ်လိုက်မိသည်။
“ အားနာမနေနဲ့ ကျော်နိုင်၊ နှစ်တန်းကတည်းက ဒါမျိုး အပြောခံရလွန်းလို့ ရိုးနေပြီ ” 
ဟုဆိုကာ ပြောပြသောအခါမှ ကျော်နိုင်မှာ စိတ်သက်သာရာရသွားကာ အတူလိုက်ရယ် လေတော့သည်။ မယ်ညို ကတော့ အခုလို ရယ်မောနိုင်အောင်၊ အလှအပ မမက်မောအောင်၊ အလှအပထက် အရေးကြီးတာတွေ အကြောင်းကို အမြဲနားလည်အောင် ပြောဆိုပေးခဲ့သော အမေ့ကို ကျေးဇူး အတင်ကြီး တင်မိသည်။
x x x x x x x

နှစ်တန်းတုန်းကအကြောင်းကို ယခုထိတိုင် မမေ့ရခြင်းမှာ နောက်ထပ်အကြောင်းရင်းများ ရှိသေးသည်။ အမေပြန်တော့ နေ့ဝက်ခွင့်ယူကာ လေဆိပ်လိုက်ပို့သည်။ ရုံးကိုပြန်ရောက်တော့ …
“ ရောက်လာပြီးလား၊ ငိုခဲ့သေးလား ”
ဟုဆိုကာ မန်နေဂျာမမက မေးရင်းနဲ့ လှမ်း စ သည်။ မယ်ညိုက ရင်ကိုလက်နဲ့ယှက်လို့
“ ဟင့်အင်း ဒီထဲမှာပဲငိုခဲ့တယ်၊ အပြင်မှာဆို မြင်ပြီး စိတ်မကောင်းဖြစ်သွားမှာ စိုးလို့ ”
ဆိုပြီး ဖြေလိုက်ပေမယ့် သူ့မေးခွန်းက အဲဒီ့မှာတင် ရပ်မသွားခဲ့။
“ အမေက အသက်ဘယ်လောက်ရှိပြီလဲ၊ တစ်ယောက်တည်းလာတာလား ”
သူ့မေးခွန်းကြောင့် မမနဲ့ လာတာဖြစ်ကြောင်းပြောပြီး ဖုန်းထဲက အမေနဲ့အတူရိုက်ထားတဲ့ ဓါတ်ပုံလေးတွေ ပြလိုက်မိသည်။
“ အမေက အသားဖြူတယ်နော် ”
အမေ့ပုံကို ကြည့်အပြီးမှာ ပြုံးစစဖြင့် မှတ်ချက်ပေးပြန်သည်။
“ အမေက ငါနဲ့ မတူဘူး၊ ချောတယ် မဟုတ်လား ”
ကဲ …ဘာရမလဲ။ ဒီတစ်ခါတော့ သူများပြောတာမခံရခင် ဦးအောင်ကြွားပစ်လိုက်ပြီ။
“ အင်း ဟုတ်တယ်၊ အမေက ချောပြီး ဖြူပြီး အရပ်ရှည်ရဲ့သားနဲ့ မင်းက အဲလိုမဟုတ်ဘူးဆိုတော့ …. အဖေနဲ့ တူတာပဲ ဖြစ်ရမယ် ”
မယ်ညို ရှောင်ပါသည်။ အတတ်နိုင်ဆုံး ရှောင်ပါသည်။ ဒါပေမယ့် …  မလွတ်ပါ။
အများစုက အမေနဲ့ နှိုင်းယှဉ်အပြီးမှာတင် အားနာပြီး ရပ်သွားကာ ဆက်မပြောကြ။ မန်နေဂျာမမရဲ့ စကားကတော့ အဖေ့ ဆီအထိရောက်လာသည်။ ခက်တော့နေပြီ။ အဖေ့ဘက်လိုက်လို့ အသားညိုသည်၊ လူကောင်သေးသည်ဆိုလျှင်တော့ ဟုတ်သည်။ အဖေ့ အစ်မ မယ်ညိုရဲ့ကြီးတော် ကလည်း သူမလိုပင် ခပ်သေးသေး။ 
 
သို့သော် ….  မယ်ညို ထပ်ကြွားလိုက်ရပြန်ပါသည်။
“ ဟင့်အင်း ငါက နှုတ်ခမ်းပါးတာလေးကလွဲရင် အဖေနဲ့လည်း မတူဘူး။ အဖေ့ ငယ်ငယ်က ပုံကိုသာ မြင်ဖူးကြရင်လေ အခု အမေနဲ့နှိုင်းယှဉ်ပြီး အပြောခံရတာထက်ကို ပိုပြောခံရမှာ ”
မန်နေဂျာရဲ့ လက်ထဲက ဖုန်းလေးပြန်ယူလို့ ထွက်လာရင်းတွေးမိခဲ့သည်။ အဖေ့ပုံ လည်းဖုန်းထဲ ထည့်ထားရဦးမည်။ အရုပ်ဆိုးမလေး သူမမှာ ချောချောလှလှ အဖေနဲ့ အမေကို ပိုင်ဆိုင်ထားကြောင်း ကြွားနိုင်အောင်လို့ ဖြစ်လေသည်။        ။
 
ညိုလေးနေ
၁၂း၄၄ ( ၂၁.၀၉.၂၀၁၃ )
 
 

Sunday, September 15, 2013

မေတ္တာဆိုသောအရာ


တချို့က မရကြရှာဘူး
တချို့က ပေးရမှန်းမသိဘူး
တချို့က တန်ဖိုးမထားဘူး
တချို့က နားမလည်နိင်ဘူး
တချို့က မခံယူတတ်ဘူး
တချို့က ငံ့လင့် နေကြတယ်
တချို့က စွန့်ပစ် နေကြတယ်
တချို့က အချစ်နဲ့ ရောထွေးတယ်
 
လူတိုင်း ပေးနိုင်ပေမယ့်
လူတိုင်းမှာ မရှိတတ်ဘူး
 
နှုတ်ခမ်းဖျားထဲမှာ ရောက်ရောက်သွားတတ်ပေမယ့်
လက်ဖဝါးထဲမှာ ပျောက်ပျောက်သွားတတ်တယ်
စကားလုံးတွေထဲမှာ သုံးသုံးသွားတတ်ပေမယ့်
မျက်လုံးတွေထဲမှာ ဆုံးဆုံးသွားတတ်တယ်

ဒါပေမယ့်လည်း တောင်းဆိုချင်တယ်
မေတ္တာဆိုသော အရာရယ်
နှလုံးသားတိုင်းမှာ ခိုဝင်လှည့်ပါကွယ် ။       



ညိုလေးနေ
15.09.2013  ( 11:50 pm )

Tuesday, August 27, 2013

အိတ်မှောက် ဖာသွန် နှစ်ဆယ့်ခွန် (တဂ်ပို့စ်)

 
အစ်မ သက်ဝေ က Tag လိုက်တာကို နှစ်ဆယ့်ခွန်ကနေ  နှစ်ဆယ့်ရှစ် ကူးသွား မှာ စိုးလို့ ရုံးဆင်းအောင် မစောင့်တော့ပါဘူး။ ဘာရမလဲ ရေးနေရင်ကြာတယ်။  အစ်မတွေ စကားနားထောင်တယ်။  မှောက်ဆိုရင်မှောက် ... သွန်ဆိုရင် သွန်ပဲ ။



ဘေးက လွတ်နေတဲ့စားပွဲမှာ သွန်ထည့်လိုက်တယ်။ ကာလကြာရှည်စွာ သိုမှီးထားတဲ့ စိတ်နှလုံးလေးလံစေသော အရာများပါ ပါသွားပါစေသောဝ်း))

အစ်ကိုညီလင်းသစ် .... ညီမလေး အိတ်ထဲမှာလည်း SD Card  ပါလေရဲ့  .... အဟဲ ။     ။


ညိုလေးနေ
၂၇.ဝ၈.၂ဝ၁၃ ( ၄း၅၄ )



Saturday, June 22, 2013

စိတ်မကောင်းဘူး "June"

အခွန်တွေ ပိုပေးလိုက်ရတယ် ... စိတ်မကောင်းဘူး
လစာ မပါတဲ့ လုပ်သက်တွေတိုးလာတယ် ... စိတ်မကောင်းဘူး
မစ္ဆရိယတွေ သိလိုက်ရတယ် ... စိတ်မကောင်းဘူး
မလေးရှားမှာ တို့လူမျိုးတွေ အသတ်ခံရတယ် ... စိတ်မကောင်းဘူး
စိုးရိမ်ပူပန်နေသူတွေ မြင်ရတယ် ... စိတ်မကောင်းဘူး
ငြိမ်းချမ်းရေးက အလှမ်းဝေးနေသေးတယ် ... စိတ်မကောင်းဘူး
မီးခိုးငွေ့တွေ သုံးနိုင်ငံလုံး ရှူ ရှိုက်နေရတယ် ... စိတ်မကောင်းဘူး
လျစ်လျူရှုထားခြင်း ခံရတယ် ... စိတ်မကောင်းဘူး
တိုင်းမ်မဂ္ဂဇင်းက မျက်နှာဖုံးတင် စော်ကားတယ် ... စိတ်မကောင်းဘူး
အချင်းချင်း ရန်လိုနေကြတယ် ... စိတ်မကောင်းဘူး
မေတ္တာတရားတွေ ပျောက်ဆုံးနေကြတယ် ... စိတ်မကောင်းဘူး
ခိုကလေးတွေ သေကြတယ် ... စိတ်မကောင်းဘူး
ခွေးလေးတွေ မှိုင်နေကြတယ် ... စိတ်မကောင်းဘူး
ချစ်တဲ့သူက ခွဲခွါသွားတော့မယ် ... စိတ်မကောင်းဘူး
တစ်ခါက ပြောခဲ့တယ် ပင်ပန်းလွန်းပါတယ် တဲ့
ဒါပေမယ့် ...
တကယ်ကို စိတ်မကောင်းဘူးကွယ်။       ။


ညိုလေးနေ
( 22.06.2013)  10:43 am

Sunday, June 2, 2013

သက်သာစေလို ဝင်ငွေခွန်ကို

“ ပြည်ပနေ နိုင်ငံသားများက နိုင်ငံခြားငွေဖြင့် ရရှိသည့် လစဉ်ခေါင်းစဉ် အောက်ရှိ ဝင်ငွေစုစုပေါင်းအပေါ် ရရှိသည့် နိုင်ငံခြားငွေ အမျိုးအစားဖြင့် ပေးဆောင်စေသည့် ဝင်ငွေခွန်ကို ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၅၊ ပုဒ်မခွဲ (ခ) အရ ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ ကင်းလွတ်ခွင့် ပြုလိုက်ပြီးဖြစ်ပါသည်” ဆိုတော့ စင်္ကာပူမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား တော်တော်များများလည်း ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ အထိ အခွန်ဆောင်ပြီးကြပြီလို့ ထင်ပါတယ်။ ဒါပေမယ့် အခွန်မဆောင်ရသေးတဲ့ သူများရှိရင် သိရအောင်လို့ ရည်ရွယ်ပြီး ရေးလိုက်ပါတယ်။

စင်္ကာပူမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားများအနေနဲ့ ၂၀၁၀ မတ်လအထိ မြန်မာအစိုးရကို ဝင်ငွေခွန်ဆောင်ထားပြီးလျှင်၊ စင်္ကာပူအစိုးရကိုလည်း  ၂၀၁၀ နဲ့ ၂၀၁၁ ဝင်ငွေများအတွက် ဝင်ငွေခွန်ဆောင်ထားပြီးပြီ ဆိုရင်ဖြင့် ၂၀၁၀ ဧပြီလအတွက်ကစလို့ စင်္ကင်္ာပူမြန်မာသံရုံးမှာ ဝင်ငွေခွန်ဆောင်စရာမလိုဘဲ စက်ဖြင့် ဖတ်ရှု့စစ်ဆေးနိုင်သည့် မြန်မာနိုင်ငံကူးလက်မှတ် (MRP ) စာအုပ်လဲလို့ ရပါတယ်။
တစ်နေ့က ညီမလေးတစ်ယောက် အိမ်လာလည်ရင်း ပတ်စ်ပို့သက်တမ်းကုန်တော့မှာဖြစ်လို့ အခွန်ဆောင်ပြီး စာအုပ်လဲရန် ဘာတွေလိုအပ်လဲလို့ မေးပါတယ်။ ကျွန်မကလည်း  ဘာ Pass နဲ့ လုပ်နေတာလဲ ၊ အခွန်ဘယ်အထိ ဆောင်ထားပြီးပြီလဲ၊ ဘာစာရွက်စာတမ်းတွေယူသွား ရမယ် စသဖြင့် ကျွန်မအခွန်ဆောင်စဉ်က လုပ်ရိုးလုပ်စဉ်တွေအတိုင်းပဲ ပြောပြမိပါတယ်။

အဲဒီ့အချိန်မှာ ကျွန်မတို့အိမ်ကိုပြောင်းလာခါစ အစ်မက မေးပါတယ် စင်္ကာပူအစိုးရကို နှစ်စဉ်အခွန်ဆောင်ထားလား၊ ဆောင်ထားတယ်ဆိုရင် မြန်မာအစိုးရကို ၂၀၁၀ ဧပြီလ နောက်ပိုင်း ကစလို့ ဆောင်စရာ မလိုတော့ပါဘူး လို့ ပြောပါတယ်။ ကျွန်မ မယုံမရဲနဲ့ အလွန်ပဲ အံ့သြမိပါတယ်။ အဲလိုမျိုး ဆောင်စရာမလိုတဲ့ အကြောင်းလည်း တစ်ခါမှ မကြားမိပါဘူး။ စင်္ကာပူအစိုးရနဲ့ မြန်မာအစိုးရကြားမှာ Agreement for Avoidance of Double Taxation ရှိခဲ့တာ ဟိုးအရင်ကတည်းကလည်း သိခဲ့ပါတယ်။ Print ထုတ်ပြီးတော့လည်း ဖတ်ဖူးပါတယ်။ တခြားနိုင်ငံတွေမှာ ရောက်နေတဲ့ သူငယ်ချင်းတွေနဲ့လည်း ဟိုမှာဘယ်လို ဒီမှာဘယ်လို စသဖြင့်ဆွေးနွေးဖူးပါတယ်။ ကိုယ်တိုင်က စာရင်းကိုင်မို့လို့ အခွန်အကြောင်းလည်း သိသင့်သလောက်တော့ သိပါတယ်။ ဒါပေမယ့် ဘယ်လောက်ပဲသိသိ ဟိုးအရင်က အခြေအနေတွေအရ မဆောင်လို့မဖြစ်တော့ အများဆောင်၊ ကိုယ်လည်းဆောင် လိုက်တာပါပဲ။
ဒါပေမယ့် အဲဒီ့ အစ်မရဲ့ စကားကို ကြားလိုက်ရချိန်မှာတော့ ကျွန်မ အလွန်အံ့သြမိပါတယ်။ ကျွန်မ သိထားတာက ၂၀၁၁ ခုနှစ် သြဂုတ်က ၁၉ ရက်က စလို့ ဆောင်ရမယ့် ဝင်ငွေခွန်ကို ၂% အထိ လျော့ချလိုက်တာ၊ နောက်တော့ ၂၀၁၁ခု ဒီဇင်ဘာအထိပဲ ဆောင်စရာလိုတော့တာ။ အခုတော့ Agreement ထဲက အတိုင်း ၂၀၁၀ မတ်လအထိ မြန်မာဝင်ငွေခွန်ဆောင်ပြီးရင်၊ IRAS မှာ နှစ်တိုင်း filing လုပ်ပြီး စင်္ကာပူအစိုးရကို ဝင်ငွေခွန်ဆောင်ထားတဲ့ အထောက်အထား စုံစုံလင်လင်ပြနိုင်ရင် ၂၀၁၀ ဧပြီလရဲ့ အခွန်ကစလို့ ဆောင်စရာမလိုတော့ပါတဲ့။ ကျွန်မရဲ့ မယုံနိုင်မှုကြောင့် အစ်မက သူကိုယ်တိုင်ဆောင်ထားတဲ့ အထောက်အထား စာရွက်အပြည့်အစုံ ထုတ်ပြပါတယ်။

 

ဒီလိုနဲ့ ကျွန်မကို လာမေးတဲ့ ညီမလေးကလည်း အဲဒီ့အစ်မ ပြောပြတဲ့အတိုင်း စာရွက်စာတမ်း အပြည့်အစုံယူပြီး သွားဆောင်ကြည့်မယ်ဆိုပြီး ကျွန်မတို့ print ထုတ်ဖို့ ပြင်ဆင်ကြပါတယ်။ ကျန်တဲ့ လိုအပ်တဲ့ စာရွက်စာတမ်းတွေကတော့ သံရုံး website မှာဖော်ပြထားတဲ့ အတိုင်းပါပဲ။ သဘောတူစာချုပ်ထဲက အတိုင်း နှစ်ထပ်အခွန်ဆောင်ခြင်းမှ ကင်းလွတ်ဖို့ကတော့ IRAS website က My Tax Portal မှာ Singpass သို့ IRAS PIN နဲ့ဝင်ပြီး မိမိအခွန်ဆောင်ခဲ့တဲ့ မှတ်တမ်းတွေကို print ထုတ်သွားဖို့လိုပါတယ်။ အောက်က ပုံတွေထဲက အတိုင်းအဆင့်ဆင့်သွားပြီး print ထုတ်သွားရမှာပါ။
အရင်ဆုံး  www.iras.gov.sg ကို သွားပြီး my Tax Portal ကို log in ဝင်ရပါမယ်။
 
 
Log in အတွက် Singpass သို့ IRAS PIN ရှိဖို့တော့ လိုပါတယ်။ ပုံမှာပြထားတဲ့အတိုင်း My Personal Tax Matters ကိုရွေးပြီး SingPass သို့  IRAS PIN ကို ရွေးပြီး Log in လုပ်ပါ။
 

SingPass နဲ့ Log in လုပ်ရမယ့် စာမျက်နှာပါ။

 
IRAS PIN ကိုသုံးမည့် သူများ အတွက် စာမျက်နှာပါ။
 
 
 
Log in ဝင်ပြီးလို့ မိမိနဲ့ သက်ဆိုင်ရာ စာမျက်နှာပေါ်လာတဲ့အခါ ဘယ်ဘက်ကော်လံရဲ့ အောက်နားမှာရှိတဲ့  View Account Summary  ကို click လုပ်ပါ။
 

Account Summary စာမျက်နှာပေါ်လာတဲ့အခါ Balance ဆိုတဲ့ Column ခေါင်းစဉ်အောက်က နောက်ဆုံးလက်ကျန်ပမာဏကို click နှိပ်ပါ။ အခွန်ငွေ အားလုံးဆောင်ထားပြီးသူများအတွက် S$0.00 ဆိုပြီး ပေါ်နေပါလိမ့်မယ်။ အခု ဒီအောက်က ဥပမာပြထားတဲ့ ပုံထဲမှာတော့ $21.97 ဆိုတာကို click လုပ်ရမှာပါ။ အသေးစိတ် ဖော်ပြထားတဲ့ Summary စာမျက်နှာကို ရောက်သွားပါလိမ့်မယ်။


အောက်ပါအတိုင်း  အသေးစိတ်ဖော်ပြထားတဲ့ စာမျက်နှာကို print ထုတ်ပြီး ယူသွားရပါမယ်။


နောက်ထပ် Print ထုတ်ရန်အတွက် ဘယ်ဘက်ကော်လံက View Correspondence/Notices ကို click လုပ်ပါ။ အဲဒီ့ စာမျက်နှာ ပေါ်လာတဲ့အခါ Category ဆိုတဲ့ ကော်လံခေါင်းစဉ်အောက်မှာ  Letters/Notices  နှင့်  Acknowledgement/Confirmation  ဆိုပြီး တွေ့ရပါလိမ့်မယ်။



Letters/Notices ထဲက Notice of Assessment တွေကို တစ်ခုချင်းဖွင့်ပြီး print ထုတ်ပါ။
 





Acknowledgement/Confirmation  ထဲက Acknowledge for E-filing တွေကိုလည်း တစ်ခုချင်းဖွင့်ပြီး print ထုတ်သွားရပါမယ်။


အထက်ကပြောခဲ့တဲ့အတိုင်း print ထုတ်တာတွေအပြင် လျှောက်လွှာ တစ်စောင်လည်း ရေးသွားရပါမယ်။ IRAS က ပို့ထားတဲ့ စာရွက်စာတမ်းတွေကိုပါ ယူသွားနိုင်ရင်တော့ ပိုပြည့်စုံပါလိမ့်မယ်။


အမှန်အတိုင်းပြောရရင် အစ်မပြောပြလို့ အဲဒီ့အကြောင်းသိရတဲ့နေ့ညနေက ကျွန်မတော်တော်လေး စိတ်မကောင်းဖြစ်ပြီး နေမထိထိုင်မသာ ဖြစ်သွားရပါတယ်။ အခွန်ဆောင်ဖို့ မသွားခင် မြန်မာသံရုံးဝဘ်ဆိုဒ်က လမ်းညွန်ကို အထပ်ထပ်အခါခါ ဖတ်သွားတဲ့ကြားထဲက အဲဒီ့အကြောင်းကို ကျွန်မ ဘာဖြစ်လို့မသိခဲ့ရတာလဲ ဆိုပြီးတော့ပါ။ နောက်နေ့မှာ ညီမလေးက စာရွက်အပြည့်အစုံနဲ့ သွားတော့ အဆင်ပြေခဲ့ပါတယ်။ သူအခွန်ထပ်ဆောင်စရာမလိုဘဲ စာအုပ်လဲခွင့် ရခဲ့ပါတယ်။ ကိုယ့်တုန်းက မသိခဲ့ပေမယ့် ညီမလေးရဲ့ အလှည့်မှာတော့ သိပြီးကူညီလိုက်နိုင်လို့ ဝမ်းသာရပါတယ်။ ညီမလေးက EP နဲ့မို့  SGD 2096 ဆောင်ရမယ့်အခွန် ကင်းလွတ်ခွင့်ရသွားလို့ပါ။ ဒါပေမယ့် စာအုပ်အသစ်ကိုတော့ နောက်နေ့မှာထုတ်လို့ မရပါဘူး။ စာအုပ်အသစ်ရဖို့ တစ်လ စောင့်ရမှာပါ။
 
ဒီစာကို ရေးမယ်ဆိုတော့ သံရုံးက ထုတ်တဲ့လမ်းညွှန်ကို ကျွန်မပြန်ဖတ်ပါတယ်။ ကျွန်မများ မျက်စိရှန်းပြီး Agreement အကြောင်းနဲ့ IRAS စာရွက်စာတမ်း လိုအပ်ကြောင်းတွေ မမြင်မိတာလားလို့ပါ။ အဲလိုဖတ်ရင်းနဲ့ ထပ်တွေးမိတာက Domestic worker ( အိမ်အကူအဖြစ် လာရောက် အလုပ်လုပ်နေသူ ) ဆိုရင်တော့ဖြင့် ၂၀၁၀ ခုနှစ် ဧပြီမှ ၂၀၁၁ ခုနှစ် ဒီဇင်ဘာအထိ ဝင်ငွေခွန်ကို ဆောင်ကို ဆောင်ရမည့်သဘော သက်ရောက်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စင်္ကာပူအစိုးရက အခွန်စည်းကြပ်တဲ့အခါမှာ တစ်နှစ်စုစုပေါင်းဝင်ငွေဟာ SGD 20000 အောက်နည်းတယ်ဆိုရင် Low-wage workers များဖြစ်လို့ Tax Rate ဟာ 0% ဖြစ်ပြီး ဝင်ငွေခွန်ဆောင်စရာ မလိုပါဘူး။ ကျွန်မ သိသလောက် Domestic Worker တွေရဲ့ တစ်နှစ်ဝင်ငွေဟာ SGD 20000 မရှိပါဘူး။ ဒါကြောင့်မို့ IRAS မှာ ဝင်ငွေခွန်ဆောင်ထားကြောင်း စာရွက်စာတမ်းပြနိုင်မှာ မဟုတ်ပါ။ Agreement အရ တဘက်မှာ အခွန်ဆောင်ထားကြောင်း အထောက်အထားပြနိုင်မှ တခြားတဘက်မှာ ကင်းလွတ်ခွင့်ရှိမှာပါ။

ဒီစာလေးကို ရေးရတာကလည်း ကျွန်မလိုပဲ မသိဘဲ ဆောင်ပြီးသွားသူတွေ စိတ်မကောင်းဖြစ်ပါတော့လို့ မရည်ရွယ်ပါဘူး။ မဆောင်ရသေးသူများ၊ စာအုပ်လဲချင်သူများ၊ မသိသေးသူများ သိစေရန်ပဲ ရည်ရွယ်ပါတယ်။     

ရည်ညွှန်း

http://myanmarembassy.sg/downloads/consular/mrp_passport_application_handbook.pdf

http://www.iras.gov.sg/irashome/page04.aspx?id=1190#Tax_rates_for_resident_individuals

http://www.iras.gov.sg/irasHome/uploadedFiles/Quick_Links/Singapore-Myanmar%20DTA%20(26%20June%202009).pdf
 
 
 

Sunday, May 26, 2013

ပညတ်တွေ ဆိုပေမယ့်

“ မင်္ဂလာ နံနက်ခင်းပါ မြို ၊ မင်း ရဲ့ စားပွဲနေရာကို လိုက်ပြပေးမယ်၊ ပြီးတော့ အပေါ်ထပ် အောက်ထပ် လုပ်ဖော်ကိုင်ဖက်တွေနဲ့ မိတ်ဆက်ပေးမယ် ”  

ပြုံးရွှင်ဖော်ရွေသော ဝန်ထမ်းခန့်ထားရေး တာဝန်ခံအမျိုးသမီးကြီးကြောင့် ပထမဆုံးနေ့ အလုပ်ဝင်ရခြင်းမှာ စိတ်လှုပ်ရှားပူပန်မှုတွေ သိပ်မဖြစ်တော့ပေမယ့် မြို ဟူသော ခေါ်လိုက်သံကြောင့် လည်ပင်းမှာ တစ်ခုခုနင်သွားသလို ခံစားရသည်။
“ ဟိုင်း ပက်ထရစ်၊ ဒါ တို့ရဲ့လုပ်ဖော်ကိုင်ဖက်အသစ် စာရင်းကိုင်ဌာနက  မြို တဲ့ ”
“ နွေးထွေးစွာ ကြိုဆိုပါတယ် မြို ” 
“ တွေ့ရတာ ဝမ်းသာပါတယ်။ ဒါပေမယ့် ကျွန်မနာမည် အသံထွက် အမှန်က မျိုး  ပါ၊ အမ် ဝိုင် အို … မျိုး ” 
ဘယ်လိုမှ မအောင့်နိုင်တော့တဲ့အဆုံး မျိုး နာမည်အသံထွက်ကို မှန်အောင်ပြင်ပေးမိသည်။ ပက်ထရစ်က ချက်ချင်းမှန်အောင် ခေါ်ဆိုနိုင်ပေမယ့် အန်တီကြီးကတော့ မြို လို့ကောင်းဆဲ။ ခက်တာပဲ။ သူ့ကိုပြင်စေချင်တာ။ သူကမိတ်ဆက်ပေးမှာဆိုတော့ သူလုပ်တာနဲ့ တစ်ရုံးလုံး မြို ကုန်ရင် အခက်။
“ တို့ရုံးမှာ မင်းက ဒုတိယမြောက် မြန်မာလူမျိုးပဲ၊ မင်းအရှေ့မှာ ယောင်္ကျားလေးတစ်ယောက်ပဲ ခန့်ဖူးသေးတယ်၊ လင်း တဲ့။ သိပ်အေးဆေးပြီး နူးညံ့သိမ်မွေ့တယ်၊ တို့တွေ သိပ်သဘောကျတယ် ”
အန်တီကြီးက တစ်ခန်းဝင် တစ်ခန်းထွက် မိတ်ဆက်ပေးနေရင်းက ပြောပြသည်။ သို့သော် သူပြောသော လင်း ကို မတွေ့ရလို့ မေးကြည့်တော့ လင်းက ဆောက်လုပ်ရေး လုပ်ငန်းခွင်ထဲရောက်နေသည် တဲ့။ လင်း ရဲ့ နေရာကို မေးထားလိုက်ပြီး နောက်မှ မျိုး ကိုယ်တိုင်သွားပြီး မိတ်ဆက်လိုက်ပါ့မယ် ဟု ပြောလိုက်သည်။ လင်း ကိုလည်း စိတ်ထဲမှ ကျေးဇူးတင်မိသည်။ မြန်မာလူမျိုးအဖြစ် အရင်ဆုံးရောက်လာခဲ့ပြီး စံထားနိုင်အောင် ပြုမူနေထိုင်ပေးခဲ့လို့ ဖြစ်သည်။ လင်း ကိုတွေ့ရတော့ မျိုး ထင်ထားတာထက်ပင် အေးဆေးလှသည်။ စကားလည်း လိုအပ်တာထက် ပိုမပြောတတ်။
မျိုး ရောက်ပြီး ခြောက်လလောက် အကြာမှာတော့ မြန်မာဝန်ထမ်းများလာခဲ့ပြီ။ စာရင်းကိုင်ဌာနမှာပင် မြန်မာမလေးခန့်လိုက်လို့ မျိုး အဖော်ရနေပြီ။ ခင်သန္တာ တဲ့။ မျိုးက ခင်သန္တာလို့ခေါ်ပေမယ့် တခြားသူတွေက ခင် လို့ပဲ ခေါ်ကြသည်။ ခင်သန္တာသည် သူတို့အတွက်တော့ ခေါ်ရခက်ကာ ခင်တာတာတို့ ခင်တန်ဒါ တို့ ဖြစ်ကုန်တော့သည်။ ခင် ကိုတောင်မှ တစ်ခါတစ်လေ ကင်မ် ဖြစ်ချင်သေးသည်။
မျိုး တို့ မြန်မာတစ်စုတွေ့လိုက်ရင် စလိုက်နောက်လိုက်နဲ့ မြန်မာသံတွေ ညံနေတတ်ပေမယ့် လင်း ကတော့ အရင်အတိုင်း မေးတစ်ခွန်း ဖြေတစ်ခွန်း နဲ့ ပြုံးပြုံးအေးအေးလေးပဲ။ တစ်နေ့ မျိုးတို့ရှိရာ အပေါ်ထပ်သို့ လင်း ရောက်လာသည်။ မျိုးတို့ဆီသို့ လာခြင်းတော့ မဟုတ်။ စာရင်းကိုင်ဌာနကို ဖြတ်လို့ ဝန်ထမ်းရေးရာ အခန်းသို့ သွားခြင်းသာ။ ခဏနေပြန်ထွက်လာပြီး ခင်သန္တာ့ ရှေ့နားအရောက်မှာ လင်းသည် ပြုံးစိစိဖြစ်သွားသည်။ အဲဒါကို သတိထားမိလို့ နှစ်ယောက်သားမေးတော့ လင်း က ဟင့်အင်း ဘာမှမဟုတ်ပါဘူး ဟုဆိုသည်။ သို့သော် အောက်ထပ်သို့ ပြန်ဆင်းသွားသော သူ့မျက်နှာက ရယ်ချင်တာကို မနည်းအောင့်ထားရတဲ့ မျက်နှာမျိုး။ မျိုးတို့နှစ်ယောက် ပဟေဠိဖြစ်ကာ ကျန်ခဲ့ကြသည်။
လင်း ထွက်သွားပြီး သိပ်မကြာလိုက် ဝန်ထမ်းရေးရာ အခန်းမှ အန်တီကြီး ထွက်လာသည်။ သန့်စင်ခန်းသို့ သွားရန်ထွက်လာခြင်း ဖြစ်ပြီး ခင်သန္တာ့ကို မြင်တော့ အရယ်သန်သော အန်တီကြီးသည် တခစ်ခစ် ရယ်ပါလေတော့သည်။ မျိုးတို့ ဝိုင်းမေးကြတော့ သူက အေး ငါလည်း ပြောချင်လို့ထွက်လာတာတဲ့။
လင်း က အိမ်ပြောင်းလို့ လိပ်စာပြောင်းကြောင်း လာပြောတာ။
“ လင်း မင်း သိလား သူဌေးမှာ ဝန်းထမ်းတွေနေဖို့ ပေးထားတဲ့တိုက်ခန်းတစ်ခန်း ရှိတာ ” 
“ ဟင့်အင်း ”
“ အခု တစ်ယောက်ထွက်သွားလို့ တစ်ယောက်စာနေရာလွတ်နေတယ်၊ မင်းနေမလား ငါ သူဌေးကို ပြောပေးမယ် ”
“ ဟင့်အင်း ကျွန်တော် အခန်းငှားပြီးသွားပြီ ”
“ အော် မြို တို့လိုပဲ အခန်းငှားနေတာပေါ့ ”
“ ဟုတ်ကဲ့၊ အခု ကျွန်တော်သူတို့ဆီကို ပြောင်းတာလေ ”
“ ဟင် ဟုတ်လား၊ အဲဒါဆို ခင် ကရော ”
“ ခင်နဲ့လည်း တူတူပဲ၊ ခင်က ကျွန်တော်နဲ့ တစ်ခန်းတည်းနေတာ ”
လင်း စကားသည် အန်တီကြီးအား အကြီးအကျယ် အံ့အားသင့်စေတော့သည်။
“ လင်း  မင်းပြောတော့ မင်းက အိမ်ထောင်ရှိတယ်ဆို ”
“ ဟုတ်တယ်လေ ”
“ အိမ်ထောင်ရှိရက်နဲ့ မင်းတို့က ဒီလိုပဲ နေကြတာပဲလား ”
မျက်လုံးပြူးကာ မေးနေသော အန်တီကြီးရဲ့ မေးခွန်းကို လင်း နားမလည်တော့။ သူ အိမ်ထောင်ရှိတာနဲ့ အဲဒီ့အိမ်မှာ အတူနေကြတာ ဘာဆိုင်လို့တုန်း။ ဘယ်လိုမှ စဉ်းစားမရ။
အေးတိအေးစက် လင်းကို မျက်လုံးအပြူးသားနှင့် တအံ့တသြငေးနေသော အန်တီကြီးသည် ခဏလေးနေတော့ တဖြည်းဖြည်းပြုံးလာကာ
“ လင်း မင်းပြောတဲ့ ခင် က ဘယ် ခင် တုန်း ”
“ ခင် လေ ၊ ကားမောင်းတဲ့ ခင် ”
“ အော် ဟိဟိ ခင်မြောင် ”
“ ခင်မြိုင် ”  လင်းက ပြင်ပေးသည်။
“ ဟိ … ငါက စာရင်းကိုင် ခင် ကို ပြောတာ၊ နေပါဦး  မြို နဲ့ လည်း တစ်အိမ်တည်းဆို ”
“ ဟုတ်ကဲ့ ကိုညိုနိုင် နဲ့လည်း တစ်အိမ်တည်းပါ ”
“ နိုး နိုး ငါမေးတာ မြို  … အဲ … ညိုနွိုင် … ညို … မြို … ဟုတ်တာပေါ့ ခင်တို့ ညိုတို့ နဲ့ တစ်ခန်းတည်း နေမှာပေါ့ ... အဟိဟိ ” 
လင်း သည်လည်း သဘောပေါက်ကာ မရယ်ဘဲ မနေနိုင်တော့။
ပြောရင်းပြောရင်း သူ့စကားသူသဘောကျကာ တဟိဟိရယ်နေသော အန်တီကြီးကို ကြည့်ကာ မျိုးတို့လည်း လိုက်ရယ် မိတော့သည်။ သူ့အခန်းသို့ ပြန်သွားကာနီးမှာ ထပ်ပြောသွားသေးသည်။
“ နင်တို့ တူတူနေကြတာလို့ ငါမှတ်ထားလိုက်တော့မယ်နော် ” တဲ့။
“ သြော် ဘဝဘဝ အမှားခံရတာတောင်မှ လူပျိုလူလွတ်ကလေးနဲ့ မမှား၊ ကင်မ်တန်ဒါ့ ဘဝ သနားစရာကောင်းလိုက် ”
ခင့် ရဲ့ နောက်ဆက်တွဲ ညည်းချင်းကြောင့် မျိုးမှာ ပိုလို့သာ ရယ်ရတော့သည်။
ထိုသို့လူတွေမှားကြပြီး သိပ်မကြာ နောက်တစ်မျိုးပေါ်လာကာ မျိုးတို့ကြားမှာ စနောက်စရာ တစ်ခုတိုးခဲ့သည်။ ဒီတစ်ခါတော့ အောက်ထပ်က မနှင်းဆီ နဲ့ဖြစ်သည်။ ရို့စ် ဆိုသော သူမကို မျိုးတို့ က မနှင်းဆီ ဟု နာမည်ပေးထားကြသည်။ သူမကတော့ အန်တီကြီးလိုမဟုတ်၊ နာမည်တွေကို ပီအောင်ခေါ်နိုင်သည်။ သို့သော်
“ မျိုး နင့်မှာ စွာလင်း ဖုန်းနံပါတ်ရှိလား ”
“ အမ် … စွာလင်း၊ ငါ မသိဘူး၊ မရှိဘူး ”  ဒီနာမည်မျိုး မျိုး မကြားဖူးပါ။ တရုတ် တစ်ယောက်ယောက် ဖြစ်မယ်ထင်သည်။
“ စွာလင်းလေဟာ နင်တို့ မြန်မာပဲလေ ”
“ မြန်မာ … အဲဒီ့နာမည် ငါမကြားဖူးပါဘူး ”
“ စွာလင်း၊ စွာလင်း ဆိုင်ကယ်စီးပြီးရုံးလာတဲ့တစ်ယောက်လေ၊ ဒီနေ့ ခွင့်ယူထားတာ ငါ့မှာ အရေးကြီးကိစ္စရှိလို့ သူ့ကို ဖုန်းဆက်မှဖြစ်မှာမို့လို့ ”
မြန်မာထဲက ဆိုင်ကယ်စီးပြီးရုံးလာတာ တစ်ယောက်တည်းရှိတော့ မျိုးမှာ အူတက်မတတ်ရယ်ကာ ဖုန်းနံပါတ်ပေးလိုက်ရသည်။ နောက်နေ့ “ ကိုကျော်စွာလင်း ” ကိုမေးတော့မှ
“ အေးဟာ ငါ့နာမည် ကျော်ကို ဘယ်လိုမှ မခေါ်တတ်ကြဘူး၊ အဲဒါနဲ့ သူတို့ခေါ်ရလွယ်အောင် လင်း လို့ခေါ်ဆိုတော့ လင်း နှစ်ယောက် ဖြစ်သွားမယ်တဲ့၊ နောက်တော့ မေးတယ် နင်တို့နာမည်က ရှေ့ကပဲခေါ်လို့ရတာလား နောက်နှစ်လုံးတွဲရင်ကောတဲ့၊ ထူးဆန်းတယ်ဟ၊ ကျော်တော့ မခေါ်တတ်ဘူး စွာတော့ ခေါ်လို့ရပြီး စွာလင်း တဲ့၊ ငါလည်း ငါမှန်းကွဲကွဲပြားပြားသိ ပိုကောင်းသေးဆိုပြီး ခေါ်ဟာလို့ ပြောလိုက်တာ ”
မြို တစ်ဖြစ်လဲ မျိုးသည် ထပ်ကာထပ်ကာသာ ရယ်မိတော့သည်။ ရယ်ရင်းနဲ့လည်း တွေးမိသည်။ မျိုးတို့ အားလုံးသည် နိုင်ငံမတူ၊ လူမျိုးမတူ၊ မှည့်ခေါ်ပုံမတူ၊ အသံထွက်ချင်းမတူသော လုပ်ဖော်ကိုင်ဖက်များ၏ နာမည်များကို အမှန်ကန်ဆုံးဖြစ်အောင် ကြိုးစားခေါ်ကြသည်။ တစ်ချို့ကတော့ ပက်ထရစ်တို့ လိုပဲ အင်္ဂလိပ်နာမည် ပေးထားကြသည်။ ဒါပေမယ့် မျိုးတို့ တစ်တွေကတော့ ခုချိန်ထိ မြန်မာနာမည်လေးများကို ဖက်တွယ်ထားကြဆဲ။ ရယ်ကာမောကာနှင့် ကိုယ့်နာမည်လေးတွေ ကိုယ်ထိန်းသိမ်းထားကြသည်။ ရို့စ် ကိုပင် မြန်မာမှုပြုကာ မနှင်းဆီ ဟု နာမည်ပေးလိုက်ကြသေးသည်။ ကဲ … ဘယ်လောက်ချစ်စရာကောင်းတဲ့ မြန်မာမောင်နှမများပါလဲ လို့။   


ရုံးမှ ချစ်သော မောင်နှမများအတွက် အမှတ်တရ  :)
ညိုလေးနေ
( 26.05.2013)  1:45 am

Wednesday, April 17, 2013

Truth & Trust ရဲ့ဆုတောင်း

ဒီနေ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့။ Truth & Trust ရဲ့ ၂ နှစ်ပြည့်မွေးနေ့ ။

ဘလော့ဂ်လေးဖန်တီးခဲ့တဲ့ နှစ်ပတ်လည်ရောက်တိုင်း စာလေးတစ်ပုဒ်ရေးမယ်လို့ ရည်ရွယ်ထားခဲ့တယ်။ ဒါပေမယ့် မတ်လဆန်းကတည်းက စလိုက်တဲ့ အောဒစ်ရယ်၊ အမေ ခဏရောက်နေတာရယ်၊ ခရီးတစ်ခု သွားချင်လို့ web site တွေလိုက်ကြည့် နေတာရယ်ကြောင့် ရေးလက်စ စာလေးတွေတောင် အဆုံးမသတ်နိုင်ခဲ့ဘူး။ စာမရေးနိုင်ပေမယ့် မြန်မာနှစ်သစ်အတွက် ဆုတောင်းလေးတော့ မပျက်ကွက်ချင်ဘူး။

            " အားလုံးအတွက် မင်္ဂလာရှိပြီး အေးချမ်းသာယာတဲ့ မြန်မာ့နှစ်သစ်ဖြစ်ပါစေ "


ညိုလေးနေ

Tuesday, February 26, 2013

စာရင်းကိုင်မမများတေးသံ



သူများမယ်မှာ
ဤလအရောက်ဝယ်
ပိတ်ရက်များပြီး
လစာနီးလို့ ပျော်ရတယ်။
နှမလေး မောင်တို့မယ်မှာ
စာရင်းကိုင်မို့ကွယ်
တက်သုတ်ခရီး
လချုပ်ပြီးဖို့ မောရတယ်။
ဖေဖော်ဝါရီလရယ်
တိုလှတယ်လေး။ 




ခေါင်းစဉ် --- စာရင်းကိုင်မမများတေးသံ
အမျိုးအစား --- မည်သည့်အမျိုးအစားပင်ဖြစ်စေကာမူ “ ညည်းချင်း ” ဟုသတ်မှတ်သည်။
ခေတ် --- သက္ကရာဇ်နှစ်ထောင်တစ်ဆယ်စွန်း
ရေးသူ --- အမည်သိခေတ်စာဆို “မယ်ညို”



Monday, February 11, 2013

ပုံပြင်ဝေးတဲ့ ကလေးတွေ

ကလေးတိုင်း ကလေးတိုင်းဟာ ပုံပြင်လေးတွေကို နှစ်သက်တတ်ကြတယ်။ အဘိုးအဘွား၊ အဖေအမေ တို့ရဲ့  အိပ်ယာဝင်ပုံပြင်တွေကို နားထောင်ခွင့် မရရှာတဲ့ကလေးတွေတောင်မှ ဆရာ၊ဆရာမတွေ ပြောတဲ့ပုံပြင်တွေ၊ ဦးလေး၊ ဒေါ်ကြီးတွေပြောတဲ့ပုံပြင်တွေ၊ ကလေးအချင်းချင်း တဆင့်ပြန်ပြောတဲ့ ဒါမှမဟုတ် လုပ်ကြံတီထွင်ပြောတဲ့ ပုံပြင်လေးတွေကို နှစ်သက်တတ်ကြတာပါပဲ။ ကျွန်မကတော့ ကံကောင်းတဲ့ကလေး ဖြစ်ခဲ့တယ်လို့ ပြောရမယ်။ အဘိုးတို့ အဘွားတို့ပြောတဲ့ ပုံပြင်တွေကို နားထောင်ခွင့်ရခဲ့သလို၊ ကြီးဒေါ်တွေပြောတဲ့ ပုံပြင်တွေကိုလည်း နားထောင်ခဲ့ရတယ်။ ကျွန်မတို့ငယ်ငယ်က မီးမလာတဲ့ညတွေမှာ ကြီးကြီးက အိမ်ရှေ့ ဝရန်တာမှာ ဖျာခင်း၊ ရေနွေးကြမ်းတစ်အိုးချလို့ ပုံတွေပြောပြတတ်တယ်။ ကျွန်မက အငယ်ဆုံးသမီးဆိုတော့ ကျွန်မအထက်က အမတွေပြောပြတဲ့ ပုံပြင်တွေလည်း နားထောင်ခဲ့ရတာပေါ့။ ပုံပြင်လေးတွေက ပြောပြတဲ့သူရဲ့ စိတ်အားသန်ရာအလိုက် အမျိုးမျိုးကွဲပြားကြသလို၊ ပြောပြပုံချင်းလည်း မတူကြဘူး။

အဘွားက “ ကြွက်သေတစ်ခု အရင်းပြု၍ ” လို ငါးရာ့ငါးဆယ်ဇာတ်နိပါတ်တော်တွေကို ပြောပြတတ်တယ်။ ကြီးကြီးကတော့ ရိုးရာတွေ၊ နတ်တွေ ယုံကြည် ဝါသနာပါသူမို့ ကိုဗျတ္တတို့၊ မယ်ဝဏ္ဏ တို့အကြောင်းတွေ ပြောတတ်တာပေါ့။ အမေက ကျွန်မတို့ အငယ်နှစ်ယောက်ကို ထိန်းထားဖို့ တာဝန်ပေးလိုက်ရင်တော့ အမလတ်က ပုံပြောပြတတ်တယ်။ အမလတ်ပုံပြောတာက တမူထူးတယ်။ ဗလာစာရွက်တွေနဲ့ ခဲတံယူလာ၊ ပုံတွေပါဆွဲပြီး ပြောတော့တာ။ သူပြောတဲ့ပုံတွေက ဇာတ်နိပါတ်တွေ ရာဇဝင်တွေ မဟုတ်ဘဲ သူ့ဟာသူထွင်ထားတဲ့ ခေတ်မီပုံပြင်တွေ။ ရွှေမင်းသမီးလေးပါတယ်၊ တောထဲက ထူးထူးဆန်းဆန်းပန်းပွင့်ကြီးပါတယ်၊ မြင်းစီးတာတွေ၊ ရေကူးတာတွေ ပါတတ်တယ်။ သူ့ပုံပြင်ထဲက ရွာမှာ သင်္ချိုင်းကုန်းပုံပါရင် ကျွန်မကအဲဒီ့ ပုံပြင်စာရွက်ကို မထိတော့ဘူး။

ကျွန်မရဲ့အိပ်ရာဝင်ပုံပြင်တွေကတော့ အမေ့ဆီကအများဆုံး နားထောင်ရတာပါ။ အမေက ဇာတ်တော်တွေကို ပြောပြတတ်သလို အမေတို့ ငယ်ငယ်တုန်းက အကြောင်းတွေလည်း ပြောပြတတ်တယ်။ ကျွန်မက အမေပြောတဲ့ ဇာတ်တော်တွေထက် စီကာပတ်ကုံး ပြောပြတတ်တဲ့ အမေ့အကြောင်းတွေကိုနားထောင်ရတာ ပိုနှစ်သက်တတ်တယ်။ အမေပြောပြခဲ့တဲ့ ပုံပြင်များစွာ၊ အကြောင်းအရာများစွာထဲက အခုတလောမှာတော့ အမေတို့ငယ်ငယ်က သေနတ်သံတွေကြား ကြောက်လန့်တကြား ပုန်းအောင်းခဲ့ရတဲ့ အကြောင်းကိုပဲ တွေးတွေးနေမိတယ်။ အဲဒီ့အချိန်က ကရင်တွေနဲ့ အစိုးရတပ်တွေ တိုက်နေကြတဲ့အချိန်တဲ့။

အမေ့ဇာတိက နယ်မြို့လေးတစ်မြို့။ ကရင်တွေနဲ့ အစိုးရတပ်တွေ တိုက်ကြတော့ တစ်ရပ်ကွက်လုံးအားထားရာ ဘုန်းကြီးကျောင်းထဲ ပြေးပုန်းကြရတယ်။ ဘုန်းကြီးကျောင်းက ရှေးကျောင်းအဆောက်အဦးမို့ သုံးထပ်ကျောင်းရဲ့  အောက်ဆုံးမှာ မြေအောက်ထပ်ရှိသေးတယ်။ ကိုရင်တွေကျိန်းတဲ့ နေရာပေါ့။ ကျောင်းရဲ့  တဘက်ဝင်ပေါက်ရှေ့က အဘိုးရဲ့ အိမ်ဖြစ်ပြီး တခြားဝင်ပေါက်ဘက်မှာ လမ်းခြားပြီးတော့ ကုန်တိုက်ရှိတယ်။ ပုန်းရတဲ့ ကျောင်းတိုက်အဆောက်အဦကတော့ အဘိုးရဲ့အိမ်ရှေ့တည့်တည့်မှာ မဟုတ်ပါဘူး။ ညာဘက်ယွန်းယွန်းမှာပါ။ ကျောင်းတိုက်ထဲကို ပြေးပုန်းရာမှာ သေနတ်တွေပစ်နေလို့ ကျောင်းဝင်း ဝင်ပေါက်က ဝင်လို့မရပါဘဲ ကျောင်းတိုက်ရဲ့ အနောက်တည့်တည့်လောက်က အုတ်တံတိုင်းကို ခုံကျော်ဝင်ရသတဲ့။ မှတ်မှတ်ရရ အဲဒီ့နေ့က အဘွားက အိမ်မှာ ပဲထမင်းချက်တယ်။ အမေတို့က မောင်နှမများတဲ့မိသားစုကြီးဖြစ်တဲ့အပြင် အဘွားရဲ့ဆန်ဆိုင်က အလုပ်သမားတချို့ကိုလည်း ကျွေးတာမို့ ပဲထမင်းကလည်း အိုးကြီးနဲ့တစ်အိုးပေါ့။ ဘုန်းကြီးကျောင်းထဲမှာ ဝင်ပုန်းနေကြရတာ သေနတ်သံတွေကလည်း တော်တော်နဲ့မစဲ။ သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေလည်း ဆာလောင်နေကြပြီဆိုတော့ အဘိုးတို့တွေမှာ အနီးဆုံးအိမ်တွေက ထမင်းဟင်းတွေကို သက်စွန့်ဆံဖျား ပြန်ယူကြရတယ်။
အဘိုးတို့ ဘယ်လိုသယ်လာကြလဲဟင်လို့ သိချင်ဇောနဲ့ မေးမိတော့ “ ကြောက်လန့်နေတာနဲ့ မသိလိုက်ပါဘူး သမီးရယ်၊ အမေတို့က မြေတိုက်ခန်းထဲမှာပဲ ပုန်းကျန်နေခဲ့ကြတာလေ ” တဲ့။ မြေတိုက်ထဲမှာ ဆာလို့ငိုတဲ့ကလေး၊ ကြောက်လို့ငိုတဲ့သူ၊ တက်တဲ့သူတွေနဲ့ စုံနေတာပါပဲလို့လည်း အမေက ဆက်ပြောသေးတယ်။ ကျွန်မမျက်စိထဲမှာတော့ ထမင်းဟင်းအိုးတွေသယ်လာပြီး လူတရပ်ကျော်မြင့်တဲ့ အုတ်တံတိုင်းပေါ်ကျော်တက်၊ ခုန်ဆင်းရတဲ့ အဘိုးတို့ရဲ့ စွန်းစားခန်းကို မြင်ယောင်မိတယ်။ သယ်လာနိုင်တဲ့ထမင်းဟင်းက နဲနဲ၊ ပုန်းအောင်းနေကြတာက တစ်ရပ်ကွက်လုံးနီးပါးဆိုတော့ ဘယ်လိုမှ မလောက်ငနိုင်ပါဘူး။ နောက်ဆုံးမှာတော့ အမေတို့တစ်တွေဟာ သစ်ပင်တွေအုံ့ဆိုင်းနေတဲ့ ဘုန်းကြီးကျောင်းရဲ့ မြေတိုက်ခန်းထဲမှာ ပိန္နဲရွက်ပေါ် ပုံပေးတဲ့ထမင်းလေးနဲ့ပဲ အဆာပြေကြရတယ်။ သေနတ်သံတွေစဲသွားပြီး အခြေအနေနဲနဲကောင်းလာလို့ အိမ်ပြန်လို့ရလာတဲ့အခြေအနေမှာ အသုတ်လိုက်ခွဲပြီး ပြန်ကြရတယ်။ ဒါပေမယ့် ဝင်ပေါက်ကိုတော့သုံးလို့ မရသေးဘဲ အုတ်တံတိုင်းပေါ်ကပဲကျော်ပြီး ခုန်ချရတယ်။ အဲလိုခုန်ချပြီး ပြန်လာကြတဲ့အချိန် အမေ့အမ ကျွန်မတို့ကြီးတော်ရဲ့ အလှည့်မှာ သေနတ်သံတစ်ချက်နဲ့ အတူ အား ကနဲ အသံကို ကြားလိုက်ရတော့ အဘိုးက ဟာ ငါ့သမီး ထိသွားပြီ ဆိုပြီး အုတ်တံတိုင်းရှိရာကို သမီးဇောနဲ့ အပြေးရောက်သွားတယ်။ ဒါပေမယ့် တကယ်မှန်ပြီးဆုံးသွားတာက ကြီးတော်နဲ့ အုတ်တံတိုင်းပေါ်ကို တစ်ချိန်တည်းတက်မိပြီး တပြိုင်တည်းခုန်ချတဲ့ အရပ်ထဲက ဦးလေးကြီးပါ။ နှစ်ယောက်တူတူ ခုန်ချချိန်မှာ ကျဉ်ဆံလာရာဘက်မှာ ဦးလေးကြီးက ရှေ့ကရှိနေလို့ ကြီးတော်မှာ သေဘေးကကပ်လွှတ်သွားခဲ့ရတယ်။ အဲဒီ့တုန်းက ကြီးတော်က အသက် ၁၇ နှစ်လောက်ပဲ ရှိသေးတယ်။ အမေကတော့ ၁၁ နှစ် ၁၂ နှစ် ဝန်းကျင်ပေါ့။

အမေနဲ့ ကျွန်မရဲ့ ပုံပြင်တွေအကြောင်း ရေးမယ်လို့ စိတ်ကူးမိတော့ တခြားပျော်စရာအကြောင်းလေးတွေနဲ့ စ ချင်ခဲ့တယ်။ ဒါပေမယ့် ဖတ်နေရတဲ့သတင်းတွေ၊ မြင်တွေ့နေရတဲ့ပုံတွေက ၁၇ နှစ်အရွယ်မိန်းကလေး သေဘေးကကပ်လွတ်သွားတဲ့ အကြောင်းဆီကို ရောက်ရောက်သွားတယ်။ ပိန္နဲရွက်ပေါ်က ထမင်းလေးကို စားနေတဲ့ ၁၂ အရွယ်မိန်းကလေးကိုလည်း မြင်ယောင်မိတယ်။ အဲဒီ့မိန်းကလေးက သေနတ်သံတွေရဲ့ကြား ရက်ပိုင်းလောက် ထိတ်လန့်ခဲ့ရတာကို မမေ့နိုင်တော့ဘူးတဲ့။

နှစ်နဲ့ချီပြီး ပုန်းအောင်းထိတ်လန့် နေရတဲ့ကလေးတွေကရော။

စာသင်ကျောင်းထဲ ရှိနေရမယ့် ကလေးတွေ …

မုန့်ဈေးတန်းမှာ စားချင်တာစား နေရမယ့် ကလေးတွေ …

ကစားကွင်းထဲ ပြေးလွှားပျော်ရွှင် နေရမယ့် ကလေးတွေ …

အရာရာကို စပ်စပ်စုစု သင်ယူနေရမယ့် ကလေးတွေ …

ဘုရားစာကို သံပြိုင်ရွတ်နေရမယ့် ကလေးတွေ …

အိပ်ရာဝင် ပုံပြင်တွေ နားထောင်နေရမယ့် ကလေးတွေ …

အပူအပင်ကင်းကင်းနဲ့နှစ်ခြိုက်စွာ အိပ်စက်ရမယ့် ကလေးတွေ …

အဲဒီ့ကလေးတွေက ….. ။
 
ဘယ်သူတွေကမှန်ပြီး ဘယ်သူတွေကမှားလို့ ပြည်တွင်းစစ်တွေဖြစ်ခဲ့ကြတယ်၊ ဖြစ်နေကြတယ်ဆိုတာတွေကို မတွေးချင်၊ မရေးချင်၊ မဝေဖန်ချင်ပါဘူး။ သေချာတာကတော့ စစ်ဒဏ်ကြားမှာ ကျွန်မတို့ရဲ့ တချို့တချို့သောကလေးတွေက ပုံပြင်လေးတွေနဲ့ ဝေးနေတာပါပဲ။ သေနတ်သံတွေ၊ ဗုံးသံတွေကို နားစွင့်ပြီး အိပ်မပျော်ဖြစ်နေမယ့် ကျွန်မတို့အားလုံးရဲ့ ကလေးတွေ အိပ်ရာဝင်ပုံပြင်လေးတွေ နားထောင်ပြီး အေးအေးချမ်းချမ်းအိပ်စက်ခွင့်ရစေမယ့်၊ ကျွန်မတို့ တစ်ပြည်ထောင်လုံး စုစည်းသွားမယ့် ညတွေကိုတော့ မျှော်လင့်နေမိတယ်။     
 
 
 
ညိုလေးနေ
11.02.2013 ( 11:30 pm )

Friday, January 25, 2013

ချစ်သော အစ်ကိုသို့

              အဲဒီ့ညနေက အစ်ကို့ ကို စိတ်ကောက်တယ်။ ဘာကြောင့်ကောက်နေမှန်း မမှတ်မိတော့ပေမယ့် စိတ်ကောက်တာကိုတော့ မှတ်မိနေတယ်။ ညရောက်တော့ costing ပုစ္ဆာတွေတွက်ဖို့ စာကြည့်စားပွဲမှာထိုင်၊ စာအုပ်တွေရှေ့ချ၊ ဒါပေမယ့် ဘာမှလုပ်မရ။ ည ၁၁ နာရီကျော်ပြီ၊ အစ်ကို ပြန်မရောက်သေးဘူး။ အိမ်ရှေ့က တံခါးခေါက်သံကို နားစွင့်ရင်း ပုစ္ဆာကိုမတွေးချင်တဲ့ ခေါင်းက ကဗျာတစ်ပုဒ်ကို ရေးမိသွားတယ်။ "ချစ်သော အစ်ကိုသို့" လို့ ခေါင်းစဉ်တပ်လိုက်ပေမယ့် ဒီစာလေးရေးနေချိန်အထိ ပေးမဖတ်ဖူးဘူး။ costing စာအုပ် နောက်ဆုံးစာမျက်နှာက ကဗျာလေးကို ဒီနေ့တော့ ဘလော့ဂ်ပေါ်မှာ ရေးလိုက်မိပြီ။
 

ချစ်သော အစ်ကို သို့

ချစ်သော အစ်ကိုရေ ...
ရွေးချယ်လို့ မရတဲ့အရာတွေထဲမှာ "မောင်နှမ" ဆိုတာလည်း ပါတယ်နော်
ချစ်ချစ် မချစ်ချစ် မောင်နှမဟာ မောင်နှမပဲပေါ့ ...
 
ချစ်သော အစ်ကိုရေ ...
အစားထိုးလို့ မရတဲ့အရာတွေထဲမှာ "အစ်ကို" ဆိုတာလည်း ပါတယ်နော်
ကောင်းကောင်း ဆိုးဆိုး အစ်ကိုဟာ အစ်ကိုပဲပေါ့ ...
 
ချစ်သော အစ်ကိုရေ ...
မေ့ပစ်လို့ မရတဲ့အရာတွေထဲမှာ "ကလေးဘဝ" ဆိုတာလည်း ပါတယ်နော်
နွမ်းနွမ်းဆွေးဆွေး ကလေးဘဝရဲ့ အဖော်မွန်ဟာ အစ်ကိုပဲပေါ့ ...
 
ချစ်သော အစ်ကိုရေ ...
မှန်းဆလို့ မရတဲ့အရာတွေထဲမှာ "အနာဂတ်" ဆိုတာလည်း ပါတယ်နော်
ညီမလေးကို ခွဲသွားသွား မသွားသွား
တစ်သက်တာအတွက် သူရဲကောင်းအဖြစ် ရပ်တည်ပေးဦးပေါ့ ။        ။
 

ညိုလေးနေ
( 07.05.2002 )

Dedicated to my beloved brother's Birthday ( 25.01.2013 )