Showing posts with label Short Stories. Show all posts
Showing posts with label Short Stories. Show all posts

Wednesday, January 22, 2014

မစွဲဘဲ စွဲသော အစွဲ



 

အခန်းတံခါးပွင့်လာသံနှင့်အတူ တောက် ခနဲ မီးခြစ်သံပါ တပြိုင်နက်ကြားလိုက်ရသည်။ ကွန်ပျူတာက မျက်နှာခွါပြီး လှည့်မကြည့်နိုင်ပေမယ့် ကိုဇေ မှန်းသူသိလိုက်သည်။ ခဏနေရင် ဆေးလိပ်နံ့ပါ လိုက်လာတော့မည်။

" ကိုဇေ မအိပ်သေးဘူးလား "

" အေး ဒီမှာ စာအုပ်ဖတ်ကောင်းနေလို့ "

ဒီတစ်ခါတော့ စာအုပ်ဆိုသောစကားကြောင့် သူလှည့်ကြည့်မိသည်။ လက်တစ်ဘက်က စာအုပ်ကိုင်လျက် တစ်ဘက်ကလည်း ဆေးလိပ်အဖွာမပျက်။ သူလှည့်ကြည့်တာကိုပင် သတိမထားမိဘဲ သည်းကြီးမဲကြီး ဖတ်နေသည်။ စာအုပ်ကို ကြည့်လိုက်တော့ သူ မြန်မာပြည်ခဏပြန်တုန်းက ဝယ်လာခဲ့သော ဦးနု၏ တာတေစနေသား စာအုပ်။

" ကိုပေ က တာတေ အကြောင်းဖတ်ဖို့ လိုသေးလို့လားဗျာ "

" ဘာ ... ဘာပြောလိုက်တယ် "

မကြားလိုက်လို့တော့ ဟုတ်ဟန်မတူ။

" သြော် ... ကိုပေ က တာတေ အကြောင်းဖတ်ဖို့ လိုသေးသလားလို့ ... အဟက် "

သူထပ်ပြောလိုက်တော့ ဘာကိုဆိုလိုမှန်း သဘောပေါက်သွားသော ကိုဇေ က မခံချိမခံသာပြုံးသည်။

" ကောင်လေးရာ မင်းအလုပ် မင်းပြီးအောင်လုပ်စမ်းပါ ည ၂ နာရီထိုးတော့မယ်ကွ "

သူဆက်ပြောလာမှာတွေကို ရှောင်ကာ ကိုဇေ စာဆက်ဖတ်နေသည်။ သူလည်းထပ်မပြောအားတော့။ ဒီအစီရင်ခံစာက ဒီညပြီးမှ ဖြစ်မည်ဟူသော အတွေးဝင်လာသောအခါ ကိုဇေ နှင့် ဆေးလိပ်က သူ့အာရုံထဲမှ အလိုလို ထွက်သွားသည်။

အလုပ်တွေပြီးသွားလို့ နာရီကြည့်လိုက်တော့ ၂ နာရီခွဲပြီးပြီ။ ကွန်ပျူတာဖွင့်ဖွင့်ချင်းတစ်ခါ ပိတ်ခါနီးတစ်ခါ အီးမေးလ် စစ်တတ်သော သူ့ထုံးစံအတိုင်း ဂျီမေးလ်ကို ဖွင့်လိုက်မိသည်။

" လူမိုက်ပဲ "

ဂျီမေးလ်ဖွင့်ဖွင့်ချင်း မြင်လိုက်ရသော စာတန်းလေး တစ်ခုကြောင့်ပြုံးမိသည်။ လူမိုက်က ဘယ်သူဆိုတာကို သူသိနေပြီး ဘယ်လိုမိုက်တယ်ဆိုတာလည်း သိနေသောကြောင့်ဖြစ်သည်။ ပို၍ သေချာချင်သောကြောင့် လှမ်းမေးလိုက်မိသည်။

" ဘယ်နှခွက်တောင်သောက် လိုက်လို့လဲ "
" နှစ်ခွက်တည်းပါ။ မနက်က တစ်ခွက်သောက်ပြီး  ညနေ ၃ နာရီမှာ တစ်ခွက်ထပ်သောက်လိုက်မိလို့ "

သူ၏ တစ်ဦးတည်းသော မမ လက်ဖက်ရည်ကြိုက်လွန်းသူ၏ အိပ်မပျော်သော ဇာတ်လမ်း။ အရင်က
မနက်၊ နေ့လည်၊ ညနေ တစ်နေ့သုံးခွက်လောက် သောက်တတ်တဲ့ မမက အခုတော့ အိပ်မပျော်တာတွေ ဖြစ်လာလို့ လျော့ဖို့ကြိုးစားနေဆဲ။ လူတစ်ကိုယ် အကြိုက်တစ်မျိုးဆိုတော့လည်း ခက်သားလား။ မမ ကြိုက်လွန်းတဲ့အရာမို့ ဖြတ်ပါလို့ သူ မပြောရက်ခဲ့ဘဲ လျော့ဖို့သာပြောဖူးသည်။ လူတွေက ကိုယ်ကြိုက်နှစ်သက်တဲ့ အစားအစာ တွေကိုတောင်မှ စွဲလမ်းစိတ်နဲ့ မပြတ်နိုင်ကြတာ ထို့ထက်ပိုတာတွေဆိုရင် ပိုဆိုးတော့မှာပေါ့။ မမက မိန်းကလေးဖြစ်ပြီး လက်ဖက်ရည်ကြိုက်တာမို့သာ တော်တော့သည်။

" အရက်သမားတွေလည်း အဲလို မဖြတ်နိုင်ကြတာလား မသိဘူး "               

သူ့အတွေးက ကွန်ပျူတာလက်ကွက်တွေပေါ်ရောက်သွားသလို နှုတ်ကလည်း မထင်မှတ်ဘဲ ထွက်သွားမိသည်။
မမ ဆီက ဟွန်းးးး  ဆိုသော စကားလုံးနဲ့အတူတူ မှုန်ကုပ်ကုပ်ရုပ်ပုံလေး ရောက်လာသလို ကိုဇေ့ ထံမှလည်း မင်းကလည်းကွာ  ဆိုပြီး မကျေမနပ်လေသံထွက်လာတော့ သူအသံထွက်အောင် ရယ်လိုက်မိသည်။

" ကျွန်တော်က ကိုပေ အဲ ....  ကိုဇေ ဆေးလိပ်မဖြတ်နိုင်တာကို ရွဲ့ပြောနေတာ၊ မဟုတ်ပါဘူးဗျာ။ ရန်ကုန်မှာ မမ က လက်ဖက်ရည်မဖြတ်နိုင်ဘဲ အိပ်မပျော်ဘူးဆိုလို့ ဆက်ပြီးတွေးမိသွားလို့ပါ "

" မင်း အစ်မက ငါ့ သတိရနေလို့ ဖြစ်ရင်ဖြစ်မှာပါကွာ "

" ခင်ဗျား ဆေးလိပ်ဖြတ်နိုင်လို့ကတော့ ကျွန်တော်က အောင်သွယ်ပေးပါတယ်ဗျာ။ အခုတော့ ကိုယ့်အစ်မ ငယ်ငယ်ရွယ်ရွယ်နဲ့ မုဆိုးမဖြစ်မှာ ဘယ်သူက ကြည့်ရက်မှာလဲ "     

သူ ခပ်သောသောလေး ပြန်တွယ်တော့လည်း သဘောကောင်းသော ကိုဇေ က ရယ်နေသည်။ သူကိုယ်တိုင်သည်လည်း ဆေးလိပ်မသောက်၊ အရက်မသောက်သော အလွန်လိမ္မာသူတစ်ဦးတော့မဟုတ်။ တစ်ခါတစ်လေ ဆိုသော အကြောင်းပြချက်တွေနဲ့ သောက်မိတတ်ပေမယ့် ကိုဇေ့လို အင်မတန် ထက်မြတ်သော ပညာရှင်တစ်ယောက် ဆေးလိပ်မီးကူးသောက်နေသောအဖြစ်ကို သူမမြင်လိုတော့။
" တကယ်ပြောတာ ကိုဇေ ရ။ ကျွန်တော်တွေးမိတာက လူတွေရဲ့ စွဲလမ်းတပ်မက်တဲ့ စိတ်လေးပါ။ လက်ဖက်ရည်လို၊ လက်ဖက်သုတ်လို၊ ငါးပိရည်လို စားစရာတွေတောင် ကျန်းမာရေးထိခိုက်နိုင်ပေမယ့် ကိုယ်နှစ်သက်တဲ့ အစားအစာတွေမို့ ဖြတ်ပစ်ဖို့ခက်နေတာ အရက်လို၊ ဘိန်းလို မူးယစ်စွဲလမ်းစေတဲ့ အရာမျိုး စွဲမိလို့ကတော့ မလွယ်ဘူး။ တချို့အရက်သမားတွေလည်း သိသိနဲ့ အဲဒီ့ စိတ်ကလေးကို မနိုင်လို့ ဆက်သောက်ဖြစ်နေကြတာနေမှာ။ ကျွန်တော်က ပြစ်တင်ဝေဖန်နေတာ မဟုတ်ဘူး။ ကိုယ်ချင်းစာတဲ့ စိတ်နဲ့ တွေးမိလို့။ စိတ်က စကားလုံးလေး တစ်လုံးတည်းပေမယ့် နိုင်ဖို့ တော်တော်ခက်သား။  ဗုဒ္ဓဘုရားက စိတ္တာဓိပတိ လို့ဟောခဲ့တာ သိပ်ကိုမှန်တာပဲ "

စကားကို သူ တမင် အဆုံးသတ်လိုက်သည်။ သူ့ထက် စာပိုဖတ်သော၊ အသက်အရွယ် အတွေ့အကြုံပိုကြီးသော၊ စဉ်းစားတွေးခေါ်တတ်သော ကိုဇေ့ကို ဒီ့ထက်ပိုလို့ မပြောလို။ သူ့စကားအဆုံးမှာ ကိုဇေ တခဏ အသံတိတ်ကာ ခပ်ငေးငေး ဖြစ်သွားသည်။

" အိပ်တော့ အိပ်တော့ မနက်လည်း မင်းက အစောကြီး အလုပ် သွားရဦးမှာ "

ပြောပြောဆိုဆိုဖြင့် ကိုဇေ အခန်းထဲဝင်သွားတော့ သူလည်း ကွန်ပျူတာပိတ်ကာ လိုက်ဝင်ခဲ့တော့သည်။
နှိုးစက်ပေးရန် လက်ကိုင်ဖုန်းကိုယူလိုက်မှ လွန်ခဲ့သည့် ၃ နာရီလောက်က ရောက်နေသော ( Viber Message ) ဗိုင်ဗာမက်စေ့ခ်ျလေးတစ်ခုကို တွေ့ကာ သူအားနာ သွားမိပြန်သည်။ ညစဉ်မပြတ်နှုတ်ဆက်တတ်သော ချစ်သူအား သူ့ဘက်မှ ပျက်ကွက်တာတွေ များလှပြီ။ သို့သော် သူကံကောင်းပါသည်။ သူချစ်သော ထိုမိန်းကလေးသည် သူထင်ထားတာထက် သည်းခံနိုင်လွန်းသည်။ ဘယ်အရာကိုမှ အစွန်းရောက် မစွဲလမ်းမိအောင် သတိထားတတ်သော သူသည် သူမ၏ စွဲစွဲလမ်းလမ်း သံယောဇဉ် ကြီးတတ်လွန်းတာကိုတော့ သတိမပေးနိုင်ဘဲ သာယာနေမိသည်။ အခုလောလောဆယ်တော့ မလိုသေးပါဘူးလေ ဟု ကိုယ့်ဘက်ကိုယ်ယက်တွေးကာ ကျေနပ်စွာပင် ပြုံးမိသေးသည်။

" ဂွတ်နိုက် "

မက်စေ့ခ်ျပြန်ပို့အပြီး ဗိုင်ဗာဆက်သွယ်သူ စာရင်းမှာ သူမ တင်ထားသော ( profile photo ) ဓါတ်ပုံလေးကို ကြည့်နေရင်း အမှတ်မထင်ဘဲ နောက်တစ်ယောက်ရဲ့ ပုံကိုလည်း မြင်လိုက်မိသည်။

" ဘာပုံကြီးပါလိမ့် "

ဓါတ်ပုံတွေ ကိုယ်စီကိုယ်စီ တင်ထားကြသော ဗိုင်ဗာဆက်သွယ်သူ စာရင်းမှာ သူ၏ သူငယ်ချင်းတစ်ဦးက ဘာပုံကြီးတင်ထားမှန်း ရုတ်တရက်မသိ။ ည ၂ နာရီအထိ ကွန်ပျူတာကြည့်ထားသော သူ့မျက်စိက ဝေဝါးနေတာကြောင့်လည်း ဖြစ်နိုင်သည်။ စင်္ကြာလိုလို၊ ဒလက်လိုလိုမို့ သူ အကြီးချဲ့ကာကြည့်မိသည်။

" အာ ကားဘီးဖုံးကြီးပဲ။ ငါးမတ် ကတော့ လုပ်တော့မယ် "


သူများတကာ အလှဓါတ်ပုံတွေ၊ သားသမီးပုံ၊ ပန်းပုံ၊ အိမ်မွေးတိရစ္ဆာန်လေးတွေပုံ တမျိုးပြီးတမျိုး ပြောင်းပြီးတင်နေချိန်မှာ သူ၏သူငယ်ချင်း ငါးမတ် က ကားဘီးဖုံးကို အနီးကပ်ရိုက်လို့ ဗိုင်ဗာမှာတင်ထားတာ ရုတ်တရက်တော့ ဝိုင်းဝိုင်းကြီးမှာ အချွန်အတက်တွေ စိုက်နေတာသာမြင်ပြီး ဘာပုံမှန်းမသိ။ ငါးမတ် လုပ်နေသောလုပ်ငန်းကို သတိရမိတော့လည်း ထိုပရိုဖိုင်ပုံက အဆန်းမဟုတ်တော့။

" အင်းလေ ငါးမတ်ဆိုတဲ့ နာမည်ရထားတဲ့ ဒီကောင်က ဒီလိုပဲဟာ ငါသာ ငတုံးမို့ အကြီးချဲ့ကြည့်မိတာ "

သူ့ကိုယ်သူ ကင်ပွန်းတပ်ကာ ရယ်ရင်း ခုတင်ပေါ် လှဲချလိုက်ချိန်မှ လူက တော်တော်လေး  ညောင်းညာနေတာ သတိထားမိလိုက်သည်။ ခေါင်းအုံးနှင့် ခေါင်းထိမိပြီး မကြာခင်မှာတော့ သူနှစ်ခြိုက်စွာ အိပ်ပျော်သွားခဲ့သည်။

x x x x x x x

သွားပြီ။ ဆိုင်ကယ်တစ်စီးရပ်နိုင်ဖို့ကို ယာဉ်ရပ်နားရာ အဆောက်အဦ၏ ဘယ်နှထပ်ကို ဘယ်နှကြိမ် ပတ်ရဦးမည်မသိ။ ညက အိပ်ယာဝင်နောက်ကျ၍ ၁ဝ မိနစ်ခန့် ရုံးအလာ နောက်ကျခြင်း၏အကျိုး။

တတိယထပ်မှာဆိုင်ကယ်ရပ်စရာနေရာတွေ့ပြီ။ ဓါတ်လှေကားနဲ့ တော်တော်လေး ဝေးပေမယ့် နောက်ထပ် နေရာထပ် မရှာချင်တော့။ ဆိုင်ကယ်ရပ်ပြီး ဓါတ်လှေကားဆီသွားရန် ခြေလှမ်းအစမှာ ဘေးက ရပ်ထားသော ကားဘီးဆီသို့ သူ့အကြည့် ရောက်သွားသည်။

" ဒီဘီးက ပုံစံ တစ်မျိုးပဲ "

သူ့စိတ်ထဲက မှတ်ချက်ချလိုက်ကာ ဘေးကနောက်တစ်စီး၏ ဘီးကိုကြည့်မိသည်။ အဲဒီ့နောက် ... နောက်တစ်စီး ... နောက်တစ်စီး ... ဓါတ်လှေကားသို့သွားရာလမ်းတစ်လျှောက် ၂ဝ ကျော်ခန့်ရှိသော ကားအစီးတိုင်း၏ ဘီးတိုင်းကို သူကြည့်လာမိသည်။

" တစ်စီးမှ မတူကြပါလား။ အေးလေ ဘယ်တူမလဲ ကားကုမ္ပဏီမျိုးစုံက ကားအမျိုးအစားပေါင်းစုံရဲ့ ဘီးတွေပဲကိုး "
သူကြည့်လာသော ကားတို့၏ ဘီးဖုံးတွေသည် ခဲရောင်၊ ငွေရောင်၊ အမဲရောင်၊ အဖြူရောင်၊ သတ္တုပြားအကြီး၊ အသေး၊ သတ္တုချောင်းမျှင်မျှင်၊ ထူထူ၊ ခပ်စောင်းစောင်း၊ အတည့်  စသဖြင့် ဒီဇိုင်းမျိုးစုံဖြစ်ကာ မတူညီကြ။

" မတူတော့ရော ဘာဖြစ်လဲ။ ငါဘာဖြစ်လို့ ဘီးတွေတူမတူ လိုက်ကြည့်မိနေတာလဲ "

သူ့ကိုယ်သူ သတိထားမိလို့ စမ်းစစ်ကြည့်လိုက်တဲ့ အခိုက်အတန့်မှာ လျှပ်စီးလက်သလို ဦးနှောက်ထဲ လင်းကနဲ စီးဝင်လာသော အတွေးတစ်စကြောင့် ဓါတ်လှေကားရှိရာသို့ သွားနေသော ခြေလှမ်းတို့ပင် ရပ်တန့်သွားသည်။

ငါးမတ်ရဲ့  ဗိုင်ဗာပရိုဖိုင်ဖိုတို ကားဘီးဖုံး

မှတ်ဉာဏ်ထဲတွင် ထင်ကျန်ခဲ့သော ထိုကားဘီးဖုံးကို မျက်စိရှေ့က ကားဘီးများအကြား မသိစိတ်က လိုက်ရှာနေမိခြင်း။ အစားအသောက်တွင်ဖြစ်စေ၊ အဝတ်အစားတွင်ဖြစ်စေ၊ အသုံးအဆောင်ပစ္စည်းတွင်ဖြစ်စေ     သိစိတ်ရဲ့ စွဲလမ်းခြင်းတွေ မရှိအောင်                တတ်နိုင်သမျှ လေ့ကျင့်နေထိုင်ခဲ့ပေမယ့် သူသတိမထားမိခဲ့သော မသိစိတ်ရဲ့ စွဲလမ်းခြင်းက ကားဘီးဖုံးနဲ့အတူ ပေါ်လာခဲ့ပြီ။ တကယ်တော့ ထိုကားဘီးဖုံးကို ချစ်ခင်စိတ်နဲ့ စွဲလမ်းခြင်းမဟုတ်သလို မုန်းတီးစိတ်နဲ့ စွဲလမ်းခြင်းလည်းမဟုတ်။ ဘာပါလိမ့် ဟု သိချင်စိတ်တစ်ခုနဲ့ မိနစ်ဝက်မျှ အချိန်ကလေးပေးကာ စပ်စုခြင်းမှသည် မှတ်ဉာဏ်ထဲတွင် ထင်ကျန်နေခဲ့ခြင်း။

အိပ်မက် မက်တတ်သူတို့က အိပ်ခါနီး မြင်၊ ကြား၊ တွေ့ အာရုံတွေကို အိပ်မက်ထဲသို့ ခေါ်ဆောင်သွားတတ်သည်။ သူကတော့ အိပ်မက် မက်ခဲသူမို့ မသိစိတ်ရဲ့ စွဲလမ်းတတ်မှုကို သိပ်သတိမထားမိခဲ့။ စာတွေ့အနေနဲ့ အကြိမ်ပေါင်းများစွာ ကြားနာသိရှိဖတ်ရှုခဲ့ရသော အမြင်၊ အကြား အာရုံတစ်ခုခုကို သတိလက်လွတ် စွဲလမ်းသွားမိတတ်သော ဘဝကူးခါနီး စွဲလမ်းစိတ်ဆိုတာ ဒီလိုများလား။ တပ်အပ်သေချာသည့် အဖြေတစ်ခု သူ့ကိုယ်သူ မပေးနိုင်။ ပြင်ဆင်ထားခြင်း မရှိသေးသော အချိန်တစ်ခုအတွက် ရုတ်တရက် သူ ထိတ်လန့်သွားမိတာအမှန်။

ရေရေရာရာသိနိုင်အောင်တော့ သူ ဆက်လက်ဖွေရှာရဦးမည် ။       ။


ညိုလေးနေ
22.01.2014    11:29 am

Sunday, December 30, 2012

ခြသေ့င်္မလေးရဲ့ ညတစ်ည


သူမရဲ့ဘဝတစ်လျှောက် မမေ့နိုင်ဆုံးအချိန်တွေကို ပြန်ပြောပြရမယ်ဆိုရင် ဒီညလေးတစ်ညသည်လည်း မပါမဖြစ် ပါဝင်နေပါလိမ့်မည်။ ထိုအချိန်က သူမ ထိုကျွန်းလေးကို ရောက်တာ တစ်နှစ်မပြည့်တတ်သေး။

x x x x x x x

“ ဟေး ဟောလီးဒေးတွေ လာတော့မယ်၊ ၂၄၊ ၂၅ ၊ ၃၁၊ ၁  စနေ၊ တနင်္ဂနွေတွေနဲ့ဆက် အဟက်ဟက် ”
“ အိဗ် တွေ တစ်နေ့လုံး ပိတ်တယ်လား၊ အမ တို့ရုံးကတော့ နေ့ဝက်တွေပဲ ပိတ်တယ် ၂၄ ဟဗ်ဒေး ၊ ၃၁ ဟဗ်ဒေး ”

ဒီဇင်ဘာရဲ့ ပြက္ခဒိန်အစမှာ တစ်အိမ်တည်း အတူနေ ညီမလေးနဲ့ အခန်းဖော် သူငယ်ချင်းတို့ ပြောနေတာတွေကို သူမ မျက်လုံးလေးအပြူးသားနဲ့ နားထောင်နေမိသည်။ ဒီနိုင်ငံမှာ ဒီရက်တွေမှာ ဒီလိုပဲ ရုံးတွေ ပိတ်နေကျလား။ သူမတို့ဆီမှာတော့ ခရစ်စမတ်နေ့တစ်ရက်သာ ပိတ်လေ့ရှိတာကော။

“ နင်တို့ရုံးရော အိဗ်တွေ ပိတ်လား ”
“ ငါမသိဘူး၊ မေးကြည့်ရဦးမယ်။ ၁ ရက်နေ့ကတော့ အစိုးရရုံးပိတ်ရက်ထဲမှာ ပါတယ်မဟုတ်လား ”  သူငယ်ချင်းရဲ့အမေးကို သူမယောင်ဝါးဝါး ပြန်ဖြေမိသည်။
“ ကျွန်တော်တို့ ရုံးကပိတ်တယ် အမရဲ့၊ ၃၁ ရက်နေ့ကျရင် နယူးရီးယားလုပ်ကြရအောင်လေ ”
“ အေး ၊ ကမ်းခြေမှာ သွားလုပ်ကြမယ်လေ၊ နေရာရအောင် စောစောစီးစီး ဘွတ်လုပ်ထားကြရအောင် ”
ကျွန်တော် ကျွန်တော်နဲ့ ပြောတတ်တဲ့ ညီမလေးရဲ့ အဆိုကိုသူငယ်ချင်းကထောက်ခံလို့။
“ နင်က အင်းမလုပ် အဲမလုပ်နဲ့၊ ဘာလဲ မလိုက်ဘူးလား ”
“ ငါ့ရုံးပိတ်မပိတ်မှ မသိသေးတာ ”

“ နင်ကလည်း ည မှ လုပ်မယ့်ဟာကို၊ နင်ရုံးဆင်းမယ့် ၅ နာရီခွဲဆို ငါတို့ ကမ်းခြေတောင် မရောက်သေးဘူး ”

သူငယ်ချင်းကပြောတော့ သူမပြုံးကာ ခေါင်းညိတ့်မိသည်။ ကျွန်းငယ်လေးရဲ့ကမ်းခြေမှာ မောဟိုက်နွမ်းနယ်နေသော သူမရဲ့စိတ်တွေကို လွှတ်ကာ မျှော်လင့်ခြင်းအားမာန်သစ်တွေနှင့် နှစ်သစ်ကို ကြိုချင်ပါသည်။ သူငယ်ချင်းတွေနဲ့အတူ နှစ်သစ်ဆုတောင်းပြုချင်သည်။ ပြီးတော့ နေရာသစ်ရဲ့ နှစ်သစ်ကြိုဆိုခြင်း အတွေ့အကြုံသစ်ကို သူမတွေ့မြင်လိုသည်။

x x x x x x x

ကျွန်းမြို့လေးသည် သူမနှင့် အသားမကျသေး။ ခုနှစ်ရက် တပတ်ထက်ပို၍ အိမ်နှင့်ခွဲမနေဖူးသော သူမအတွက် ဤမြို့လေးသည် သူစိမ်းဆန်လှသည်။ အပြောအဆိုတွေက အေးစက်သည်။ အကြည့်တွေက စိမ်းကားသည်။ လှုပ်ရှားမှုတွေက စက်ရုပ်ဆန်သည်။ သူမအတွက်တော့ ဓလေ့တွေကိုလေ့လာရသည်။ စည်းမျဉ်းတွေကို မှတ်သားရသည်။ အလုပ်ထဲမှာ သင်ယူရသည်။ လသာချီလာသည် သင်ယူစရာတွေက တစ်နေ့တစ်မျိုးမရိုး။ သင်ယူရခြင်းကို သူမနှစ်သက်ပါသည်။ သို့သော် အလောတကြီး လုပ်နေကြခြင်းကိုတော့ နားမလည်နိုင်။ Dead Line Dead Line ဆိုကာ မလောက်ငသည့် အချိန်အတွင်းမှာပင် အမောတကော ပြီးအောင်လုပ်နေကြသူတွေသည် သူတို့ဘဝရှင်သန်မှုမှာလည်း Dead Line ရှိတယ်ဆိုတာ နည်းနည်းမှ သတိထားမိကြပုံမပေါ်။ ထို့ကြောင့် သူတို့၏မောဟများကြားမှာ သူမပါလိုက်မောနေရသည်။
 “ ၃၁ ရက်နေ့မှာ Server upgrade နဲ့ Data Migration တစ်ခုလုပ်ဖို့ရှိတယ်၊ အလင်းသစ်ကုမ္ပဏီရဲ့ လက်ရှိသုံးနေတဲ့ ဆော့ဝဲလ် အဟောင်းထဲက မရှိမဖြစ် ကြိုကြည့်ထားရမယ့် ဒေတာ တွေက ဒီမှာ ၊ အပြည့်အစုံတော့ မဟုတ်သေးဘူး၊ လိုအပ်တာတွေ အီးမေလ်း နဲ့ ထပ်ပို့ပေးလိမ့်မယ်၊ transaction တွေက ၃၀ ရက်နေ့အထိ ထပ်သွင်းနေဦးမှာ၊ ဒါက Migrate လုပ်ပုံအဆင့်ဆင့်ကိုရေးထားတဲ့ SOP ၊ ဖတ်ကြည့်၊ နားမလည်တာရှိရင်မေး၊ လုပ်ပေးရမယ့် အလင်းသစ်ကုမ္ပဏီရုံးခန်းက အနောက်ဘက်ကမ်းနားလမ်းမှာ ”
အလုပ်တွေရှုပ်ကာ သူမ မမေးဖြစ်ခဲ့သောမေးခွန်းအတွက် အဖြေက တစ်ပတ်အလိုမှာ ထွက်လာသည်။ ဒါဆို ၃၁ ရက်နေ့ ရုံးဖွင့်တာသေချာသွားပြီပေါ့ ။
“ ၃၁ ရက်နေ့မနက် အဲဒီ့ကို တန်းသွားရမှာလား၊ ရုံးကိုလာရဦးမှာလား ”
“ ရုံးကိုပဲလာခဲ့ပါ၊ သူတို့ရုံးက အဲဒီ့နေ့ ညနေ ၃ နာရီဆင်းမှာ၊ တို့ ၄ နာရီရောက်ရင်ရပြီ ”

“ ဟင် ညနေ ၄ နာရီမှ စရမှာလား၊ Migration လုပ်တာ ခဏနဲ့ပြီးတာမှ မဟုတ်တာ။ မပြီးရင် ဘယ်လိုလုပ်မလဲ ”

“ မပြီးရင် အချိန်ပိုပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ၂ ရက်ထက်တော့ မပိုပါဘူး ”
ဘုရားရေ ….. လိုအပ်ရင် ၁ ရက်နေ့အထိပါဆက်ဆင်းရမယ့် သဘောပေါ့။

“ သူတို့က ဘာလို့ဒီရက်ကိုရွေးရတာလဲ ” 
“ သူတို့က စာရင်းတွေကို ၃၀ ရက်နေ့ အပြီးသွင်းပြီး ၃၁ ရက်နေ့စာရင်းချုပ်မှာ။ နှစ်စတာနဲ့ တို့ ဆော့ဝဲလ်ရဲ့ Version အသစ်ကို သုံးချင်တယ်။ အဟောင်းနဲ့ အသစ်ပြိုင်သုံးတဲ့စနစ်တောင် (parallel running) မလုပ်တော့ဘူး၊ အဲဒါကြောင့် ၃၁ ရက်နေ့မှာ အပြီးလုပ်ပေးရမှာ၊ မင်းသိတဲ့အတိုင်းပဲ ဒီကုမ္ပဏီက ဒါရိုက်တာအမျိုးသမီးက သိပ်ပြီး ပစိပစပ်များတယ် အမှားမခံဘူး၊ ဒါပေမယ့် မစိုးရိမ်ပါနဲ့ ငါလည်း အတူရှိနေမှာပါ  

သူမရဲ့ မေးခွန်းရဲ့ အဓိပ္ပါယ်ကို နားလည်သွားပုံရသော မန်နေဂျာရဲ့လေသံက ပိုပြီးပျော့ပျောင်းလာလေသည်။ သူမသည် ရင်ထဲမှာ လိပ်တက်လာသောဒေါသကို မြိုချရင်း သူကမ်းပေးသည့် ဖိုင်တစ်ထပ်ကိုယူကာ နေရာသို့ပြန်လာခဲ့သည်။ တခြားရုံးတွေ ပိတ်သလိုမပိတ်တာကို နားလည်နိုင်ပါသည်။ သူ့ရုံးနဲ့ သူ့စည်းကမ်းပေါ့။ ဒါပေမယ့် ဒီရက်ကိုမှ ရွေးပြီး လုပ်ပေးရန်တောင်းဆိုသော ဒါရိုက်တာအမျိုးသမီး ကိုတော့ သူမ စိတ်တိုမိသည်။ ဆော့ဝဲလ်ပြဿနာ တစ်ခုခုဖြစ်လျှင် ဖြေရှင်းမပြီးမချင်း ဖုန်းတဂွမ်ဂွမ် ဆက်တတ်သော ထိုအမျိုးသမီးသည် သူတို့ကုမ္ပဏီ၏ အလုပ်လုပ်ချိန်ထဲက ဖဲ့ပေးရမှာတော့ စိုးရိမ်တတ်လွန်းသည်။ ပြီးတော့ မန်နေဂျာ။ အလုပ်ပရောဂျက် အသစ် တစ်ခုရတိုင်း ကော်မရှင် ကို ရာခိုင်နှုန်းဖြင့် ရနေသော သူ့အတွက်က ပိတ်ရက်သည်လည်း အရေးမကြီးတော့။ မွန်းကြပ်မှုတွေရဲ့အကြား အသက်ရှုပေါက် ရှာချင်နေသော သူမ မှာသာ ….. ။
နေရာပြန်ရောက်တော့ စိတ်ကိုတည်ငြိမ်သွားရန် ပြန်ထိန်းယူရသည်။ ငြင်းပယ်နိုင်စွမ်းမရှိသေးချိန်မှာ ရရှိလာတဲ့အခြေအနေကို အကောင်းဆုံးပြင်ဆင် လက်ခံရုံသာရှိတော့တာပေါ့။ ဖိုင်ထဲမှ စာရွက်တွေကို လှန်လှောဖတ်ရှုမိတော့ ဒီတစ်ခါ Migrate လုပ်ရမည့် Version သည် သူမ တစ်ခါမှ မလုပ်ဖူးသေးသော နောက်ဆုံး Version ဖြစ်နေသည်။ အမှားအယွင်း အတိမ်းအစောင်းကို သည်းမခံတတ်သော အလင်းသစ်ကုမ္ပဏီပရောဂျက် အတွက် သူမထက်ကျွမ်းကျင်သော စီနီယာနှစ်ယောက်ကို မရွေးသော မန်နေဂျာကိုလည်း အံ့သြမိသည်။
ရုတ်တရက်ဖြစ်လာသော စိတ်ဖိစီးမှုကို သတိမထားလိုက်မိခင်မှာ လက်က Gmail ဆိုသော Tab ကလေးကို နှိပ်မိပြီးသားဖြစ်နေပြီ။ သူမရဲ့ ဒေါသတွေ၊ အားငယ်စိတ်တွေကို ဆုတ်ယူဖယ်ရှားပေးနိုင်သော တစ်စုံတစ်ယောက်သည် Online မှာရှိမနေ။ ရေခြားမြေခြား တိုင်းတစ်ပါးမှာ နေရခြင်းသည် အားပေးစကားလေးတစ်ခွန်း၊ စာလေးတစ်ကြောင်းရဖို့ပင် ခက်ခဲလှပေစွ။ Offline ဖြစ်နေသော နာမည်လေးကို ထောက်လိုက်တော့ သူကိုယ်တိုင်ဆွဲထားသော ဆံပင်စုတ်ဖွားနဲ့ပုံလေးပေါ်လာသည်။ ထိုပုံလေးကို ချစ်ခင်နှစ်သက်စွာကြည့်မိရင်း သူတစ်ခါက ပြောခဲ့ဖူးသော အားပေးစကားလေးကို သတိရလိုက်မိသည်။
Pressure is a word that is using by human being. They give name whenever they cannot stand upon themselves alone.
ဟုတ်ပါရဲ့။ ဘာလို့ စိတ်ပျက်အားငယ်ရမှာလဲ။ လေ့လာသင်ယူရင်းနဲ့ပဲ ကျွမ်းကျင်သွားမှာပေါ့။

တစ်ချိန်တည်းမှာပင် အလုပ်ချိန်မှာ ဖုန်းနဲ့ Gmail သုံးခြင်းအပေါ် ကန့်သတ်ချက်များမထားသော မန်နေဂျာ၏ ကောင်းကွက်ကလေးကို ကျေးဇူးတင်လိုက်မိရင်း Testing လုပ်ရန်အတွက် စတင်လိုက်တော့သည်။

x x x x x x x

နှစ်သစ်ကူး ကြိုဆိုပွဲကို သူမ မလိုက်နိုင် ဟုဆိုတော့ သူငယ်ချင်းတွေ စိတ်မကောင်းကြ။ ကြိုဆိုစရာ နောက်နှစ်နောက်နှစ်တွေ အများကြီးရှိပါသေးတယ်ဟာ လို့ပြောရင်း ရယ်မောနေလိုက်မိသည်။ အလုပ်ရဲ့ ပင်ပန်းဖိစီးမှုတွေကို သူငယ်ချင်းတွေကို မျှဝေမပေးချင်တော့ပါ။

၃၁ရက်နေ့ ညနေ အနောက်ဘက်ကမ်းနားလမ်းကရုံးကို ရောက်သွားတော့ ၄ နာရီ ထိုးပြီ။ သူတို့ရုံးမှာ ဒါရိုက်တာ နဲ့ အထွေထွေမန်နေဂျာ ပဲ ကျန်နေပြီး လိုချင်၊ ဖြစ်ချင်တာများရှင်းပြပြောဆိုနေလိုက်တာ တကယ်တန်းအလုပ်စဖြစ်တော့ ငါး နာရီ။
“ ဘီလီရေ မင်းတို့ပြန်ရင် ဆာဗာအခန်း တံခါးကို သေချာပိတ်သွားနော် ” ဟုပြောကာ ငါးနာရီခွဲမှာ ထိုနှစ်ယောက်ပြန်သွားတော့ ချိုးနှိမ်ထားသော သူမရဲ့ မနာလိုစိတ်က ခေါင်းထောင်ထချင်လာပြန်သည်။ မုန်းလိုက်တာ။ သူတို့ကျတော့ ပြန်သွားကြပြီ။ ရုံးစောင့်လုံခြုံရေးနှင့် သူမတို့ နှစ်ဦးသာကျန်ခဲ့သည်။ မန်နေဂျာက ဆာဗာအခန်း နဲ့ မျက်စောင်းထိုး အစည်းအဝေးခန်းထဲမှာ ထိုင်ရင်း လက်ပ်တော့ တစ်လုံးနှင့်။ သူမကတော့ အဲးယားကွန်းတွေ အသားကုန်ဖွင့်ထားသော ဆာဗာအခန်းထဲမှာ။ ဒီနိုင်ငံမှာ ဒီလိုပဲ အလုပ်လုပ်နေကြတာဖြစ်ပေမယ့် သူမအပြင် တစိမ်းယောင်္ကျားနှစ်ဦးသာ ရှိသော အဆောက်အဦးထဲမှာ အလုပ်လုပ်နေရတာကတော့ ကျောမလုံသလိုလို။ သို့သော် စိတ်ခံစားမှုတွေကို ဘေးဖယ်လို့ အတတ်နိုင်ဆုံး အမှားအယွင်းကင်းအောင် သူမကြိုးစားနေမိသည်။
အလုပ်ထဲမှာ စိတ်ရောက်နေသောသူမ ဖုန်းမြည်လာမှ နာရီကြည့်မိတော့ ၁၀ နာရီထိုးလုပြီ။ သူငယ်ချင်းဆီက။
“ နင် အလုပ်ထဲမှာပဲရှိနေသေးတာလား၊ ငါက ပြီးသွားရင် တက္ကစီနဲ့ လာခဲ့ဖို့ လှမ်းပြောတာ ”
“ မလာတော့ဘူး၊ ငါပြီးမှ နင့်ဆီဆက်လိုက်မယ် ” စိတ်ကိုဖြတ်ကာ သူငယ်ချင်းကို ဖုန်းထပ်မဆက်ဖို့ မှာလိုက်ပေမယ့် လက်ကနာရီကိုကြည့်ရင်း တစ်စုံတစ်ယောက်ဆီက ဖုန်းကိုတော့ မသိစိတ်ကမျှော်နေမိသည်။
ဒါပေမယ့် တကယ်တမ်းရောက်လာတာက အခုအချိန်မှာသူမ မမြင်ချင်ဆုံးအရာ။
ကွန်ပျူတာမျက်နှာပြင်မှာပေါ်လာသော သတိပေးစာတမ်းမှိတ်တုတ်မှိတ်တုတ်ကို ကြည့်ကာ သူမစိတ်မောသွားသည်။ SOP ထဲကအတိုင်း လက်ရှိရောက်နေသော အဆင့်ကို တစ်ချက်ချင်းပြန်စစ်သည်။ နောက်တစ်ကြိမ် ထပ်လုပ်ကြည့်သည်။ မရ။ အို …… ပြီးခါနီးကာမှ ။ ဘယ်လိုမှ မရနိုင်သည့်အဆုံး အစည်းအဝေးခန်းသို့ပြေးကာ မန်နေဂျာ ကို ခေါ်ရသည်။
“ ဘီလီရေ error တက်နေပြီ ”

သူမလုပ်လက်စ အဆင့်ကို သူလိုက်ပြီးစစ်တော့လည်း မမှား။ SOP ထဲကအတိုင်း မလုပ်ဘူးလားဟု ဆိုလာတော့ တစ်ဆင့်ပြီးတိုင်း တစ်ဆင့် အမှတ်ခြစ်ကာမှတ်ထားသော SOP စာရွက်တစ်ထပ်ကို စိတ်ပေါက်ပေါက်ဖြင့် သူ့လက်ထဲထိုးထည့်ပေးလိုက်မိသည်။ သူက အစအဆုံး ပြန်ဖတ်ကြည့်နေရင်း

“ ဟားးး ဆောရီး ငါရေးတာ တစ်ဆင့်ကျန်သွားတယ် ”
အို ဒုက္ခပါပဲ။ ဒီမှာ နာရီကဖြင့် ည ၁၁ နာရီထိုးနေပြီ။

“ Testing လုပ်တုန်းက မင်း သတိမထားမိဘူးလား ”
အလို … ကိုယ့်ဘက်လှည့်လာပြန်ပါပြီကော။ Demo Version ထဲကို အချိန်ရသလောက် Date သွင်းပြီး Testing လုပ်တာဟာ Live Data ကို လုပ်တာနဲ့တော့ အကုန်လုံးတူနိုင်ပါ့မလား။ သူမ ဘာမှ မပြောချင်တော့။ ခေါင်းသာခါပြလိုက်ရင်း သူဖြေရှင်းတာကိုသာ ကြည့်နေလိုက်တော့သည်။ ကံကောင်းထောက်မလို့ သူကျန်ခဲ့သောအဆင့်က Error တက်နေသော အဆင့်မတိုင်ခင် လုပ်ရမှာဖြစ်နေသည်။

ဒီလိုဖြင့် ၁၁ နာရီ ခွဲခါနီး မှာ သက်ပြင်းမောကြီးနဲ့ အတူ သူမတို့ရဲ့အလုပ် ပြီးဆုံးသွားခဲ့သည်။
“ ဘယ်ကို ပို့ပေးရမလဲ ”

“ အိမ်ကိုပဲ ပို့ပေးပါ၊ ကျွန်မနေတာ ……. ”  ဒီအချိန်မှတော့ အနောက်ဘက်ကမ်းနားလမ်းမှသည် သူငယ်ချင်းများစုဝေးရာ အရှေ့ဘက်ကမ်းခြေဆီသို့ မပို့ခိုင်းချင်တော့ပါ။ အိမ်က ပိုနီးပါလိမ့်မည်။

“ ရှေ့နားက ဘာဂါဆိုင်နားမှာပဲ ရပ်ပေးပါတော့ ”
“ မင်းအိမ်ကရှေ့ လမ်းထဲမှာဆို ”

“ ဘာဂါဆိုင်နဲ့ အိမ်က သုံးမိနစ်ပဲလျှောက်ရတယ်။ ကျွန်မဗိုက် ပြန်ဆာနေပြီ ရှင့် ”

ဘီလီက သူမကိုဆိုင်ရှေ့မှာချမပေးပဲ ကားပတ်ကင်မှာ အသေအချာ ပတ်ကင်ထိုးကာရပ်ပြီး ဆင်းရန်ပြင်နေသည်။ ဟောတော် … သူပါဆိုင်လိုက်ထိုင်ဦးမလို့လား မသိဘူး။ ခေါ်လည်း မခေါ်မိပါဘူး။ သူမစိတ်ရှုပ်စွာဖြင့် ဆိုင်ထဲအရင်ဝင်သွားမိသည်။ နှစ်သစ်ကူးတဲ့ညဆိုပေမယ့် ဆိုင်လေးမှာ သူမထင်ထားသလောက်လူမများ။ ဆိုင်ထဲအထိပါလိုက်လာတော့ မဖြစ်မနေသူမ မေးရပြီ။
“ ရှင်ဘာစားမှာလဲ၊ ကျွန်မဘာမှာပေးရမလဲ ”

“ မင်းကြိုက်တဲ့အရသာနဲ့ နှစ် ခွက်မှာလိုက်ပါ ” သူက သယ်ယူသွားလို့ရသော ရေခဲမုန့်ခွက်ကလေးတွေကို လက်ညှိုးထိုးပြရင်းပြောသည်။ သူမကတော့ အာလူးကြော်တစ်ထုတ်သာမှာလိုက်သည်။ ဆိုင်အပြင်ဘက်ရောက်မှ ရေခဲမုန်တစ်ခွက်ကိုသူမလက်ထဲထည့်ရင်း ခေါင်းကိုပုတ်ကာ
“ နှစ်သစ်ကူးအကြို ရေခဲမုန့်ပေါ့ကွာ ” ဟုဆိုကာ ထွက်သွားလေတော့သည်။
အာလူးကြော်ထုတ်နှင့်ဖိုင်ကို တွဲကိုင်ထားသောသူမ ရေခဲမုန့်ဇွန်းကိုလည်း ကိုင်မရ။ အာလူးကြော်နှိုက်ရန်လည်း လက်မအားတော့။ သူငယ်ချင်းတွေဆီကို လိုက်မသွားနိုင်၍ ဘာဂါဆိုင်မှ အိမ်ကို အာလူးကြော်စားကာ အေးအေးဆေးဆေး လမ်းလျှောက်ပြန်ရင်း နှစ်သစ်ကိုကြိုရန် စိတ်ကူးထားတာလေး ပျက်ရပြန်ပြီ။ လက်နှစ်ဘက်ဖြင့် မုန့်နှစ်မျိုးကို ကိုင်ဆွဲလာရင်း လမ်းတဝက်လောက်အရောက်မှာ ဘာဂါဆိုင်ထဲမှ လူတစ်စု၏ Count Down အော်သံကို စကြားရသည်။ ဒီအချိန်မှာပဲ ဖုန်းကမြည်လာတော့သည်။ မတတ်နိုင် အိမ်အောက် ပန်းခြံထဲက ခုံတန်းရှိရာသို့သာ အရောက်လှမ်းရသည်။ အာလူးကြော်ထုတ်နှင့်ဖိုင်တွဲကို ခုံတန်းပေါ်ချလိုက်ချိန်မှာ ဖုန်းမြည်သံကရပ်သွားပြီ။ အိတ်ထဲကဖုန်းကို ထုတ်ကြည့်လိုက်တော့ နံပါတ်မပေါ်သော ဖုန်းခေါ်ဆိုမှုတစ်ခု။ အချိန်က ၁၂ နာရီ ၁မိနစ်။ မေမေ့ဆီကလား၊ သူမဖုန်းဆက်စေချင်သူ တစ်စုံတစ်ယောက်ဆီကလား။ ဘယ်သူ့ဆီကပဲဖြစ်ဖြစ် လွဲသွားခဲ့ပြီ။ ရေခဲမုန့် ဝယ်ကျွေးသွားသော မန်နေဂျာကိုပဲ စိတ်တိုရတော့မလိုလို။ နှစ်သစ်ကို ဒီလိုမချင့်မရဲ စိတ်ရှုပ်ထွေးမှုများစွားနဲ့ ကူးရတော့မှာလား။ မုန့်တွေကို မစားနိုင်မသောက်နိုင် ဘေးမှာချလို့ ဖုန်းလေးကိုသာကြည့်နေမိတော့သည်။ နာရီ မိနစ်လေးတွေ တဖြည်းဖြည်းကျော်လွန်လာတော့ စိတ်ကိုလျှော့ကာ တိုက်ပေါ်တက်ရန်ပြင်လိုက်ချိန်မှ ဖုန်းက ပြန်မြည်လာသည်။
“ ဟက်ပီးနယူးရီးယားပါ ”  သူမရဲ့ ဟယ်လိုဆိုသောထူးသံ အဆုံးမှာ ကြားလိုက်ရသော စကားလေးတစ်ခွန်းကြောင့် အတိုင်းမသိ ဝမ်းသာသွားမိသည်။
“ ၁၁ နာရီတုန်းက စောင့်နေတာ။ မဆက်တော့ဘူးလို့ထင်နေတာ။ နယူးရီးယားအတွက် ယူ့ ဆီကနှုတ်ဆက်စကားကို အရင်ဆုံးကြားချင်တာ။ ဝမ်းသာလိုက်တာ ”
“ ဟားဟား ကိုယ်က ဒီက အချိန်နဲ့ မဆက်ပဲ အဲဒီ့က အချိန်ကိုစောင့်ပြီးတော့မှ ဆက်လိုက်တာ ”
ထို့နောက်မှာတော့ သူမပြောချင်နေသောစကားများအတွက် သူက နားထောင်ပေးသူသာဖြစ်သွားတော့သည်။ သူမရဲ့ အလုပ်အကြောင်းညည်းချင်းကို မောလိုက်တာကွယ် ကျားလိုက်နေကြသလိုပဲ လို့ အဆုံးသတ်မိတော့
“ လေဒီရှူးစီးပြီး မီနီစကပ် ဝတ်ထားတဲ့ကျားလား။ ထွက်ပြေးမလို့လား။ မပြေးနဲ့။ ပြန်လှည့်ရင်ဆိုင်လိုက်၊ ခြသေ့င်္မလေးမဟုတ်ဘူးလား။ အင်း …. အနည်းဆုံးတော့ ကြောင်လေးတစ်ကောင်အဖြစ်နဲ့ပဲ ဖြစ်ဖြစ်ပေါ့ ”
သူမ နှစ်သက်စွာဖြင့် ဟက်ဟက်ပက်ပက်ရယ်လိုက်မိပါသည်။ ဖွဲ့ဖွဲ့နွဲ့နွဲ့ လှလှပပ စကားတွေ မပြောတတ်သော သူထံမှာ ပျော်ရွှင်ရယ်မောဖွယ်ရာ ဒီလိုအားပေးစကားတွေတော့ အမြဲအဆင်သင့်ရှိနေတတ်သည်။ သူမတို့ ဖုန်းပြောပြီးသွားချိန်မှာတော့ ရေခဲမုန့်တွေလည်း အကုန်ပျော်လို့နေပြီ။
တကယ်တော့ နေ့တစ်နေ့မှ တစ်နေ့ကိုကူးခြင်းသည် ဘာမှအဆန်းတကြယ်ကိစ္စမဟုတ်။ ပညတ်ချက်တွေကြောင့်သာ မနေ့ကသည် မနှစ်က ဖြစ်ရသည်။ စိတ်ထဲမှာရှိသည့်အတိုင်းပြောရလျှင် နှစ်သစ်ကိုကြိုဆိုခြင်းဆိုတာထက် သူမချစ်သူခင်သူများထံမှ သတိတရ နှုတ်ဆက်စကားလေးများကြားချင်ခြင်းနှင့် သူမကိုယ်တိုင်လည်း ဆုတောင်းပေးချင်ခြင်းသာ။ ကိုယ်ပြုသည့်ကံသည်သာ ကိုယ့်ထံပြန်လာမည်ဆိုတာ ယုံကြည်ထားသော်လည်း ထိုနှုတ်ဆက်စကားလေးများ၊ ဆုတောင်းစကားလေးများသည် ရှေ့ဆက်ဖြတ်သန်းရမည့် ဘဝရဲ့ ရက်များစွာအတွက် အားဖြစ်စေတာကတော့ အမှန်ပင်။
ထိုနှစ် နှစ်သစ်ကူးမှာ ရခဲ့သော လက်ဆောင်စကားလေးအတိုင်း သူမသည်လည်း ထိုကျွန်းလေးပေါ်က ခြသေ့င်္မလေးဖြစ်လာအောင် ကြိုးစားနေထိုင်ခဲ့သည်။ နှစ်သစ်ကူးအချိန်နီးလာတိုင်း တစ်ချိန်တစ်ခါက ထိုညလေးသည် သူမအတွက် မမေ့နိုင်သော ညလေးတစ်ည ဖြစ်နေခဲ့တော့သည်။    ။
Truth & Trust ကို လာရောက်သူအားလုံး မင်္ဂလာနှစ်သစ်ပါရှင

30.12.2012 ( 12:00 pm )
ညိုလေးနေ

Thursday, September 20, 2012

တစ်မြေတည်းမှာ ( ၂ )

သူထွက်သွားပြီး မွန်တို့ တစ်တွေ အမြဲတမ်း မဆက်သွယ်နိုင်ပေမယ့် လုံးလုံး အဆက်အသွယ် ပြတ်သွားတာမျိုးတော့ မဖြစ်ခဲ့။ မွန်က အင်တာနက်သုံးလို့ အဆင်ပြေချိန်မှာ အီးမေးလ်ပို့တတ်ပြီး သူကလည်း အချိန်အားရလျှင်တော့ မွန်တို့သိစေချင်သော သူ့အတွေ့အကြုံတွေ ရေးလေ့ရှိသည်။ ဖတ်စေချင်တဲ့ စာအုပ်တွေဆိုလျှင် သူ့အီးမေးလ်ထဲမှာ တစ်သီတစ်တန်း ပါတတ်သည်။ ဖိုင်ဆိုဒ်ကြီးသော မေးလ်တွေဖွင့်မရပါဘူးပြောမိ၍ စိတ်ရှည်လက်ရှည် အပိုင်းပိုင်းခွဲ ပို့သေးသည်။ ဒါပေမယ့် သူ့ရဲ့  ထုံးစံအတိုင်း သူအဆင်ပြေခြင်း မပြေခြင်းကိုတော့ ဘယ်တော့မှ မဖွင့်ဟ။ တစ်ခါတစ်လေ မနေနိုင်သူက မေးမိမှ  “ I’m Ok,take care ” လို့ တိုတောင်းစွာ စာပြန်တတ်သည်။ သူထိုင်စေချင်သော ဆေးခန်းလေးမှာ ဆက်ထိုင်ဖြစ်တော့ နယ်ကပြောင်းလာပြီး မိတ်ရင်းဆွေရင်း မရှိသော မမထားနှင့် မောင်နှမရင်းချာ မရှိခဲ့သော မွန်တို့ ညီအစ်မတွေလို တွယ်တာသွားခဲ့သည်။

အခုလည်း မမထားတို့ နဲ့ အတူလိုက်လာဖြစ်တာက ဘုန်းတော်ကြီးသင် မူလတန်းကျောင်းလေးက ကလေးတွေကို ကျန်းမာရေးဗဟုသုတတွေ ပြောပြရင်း ဆေးစစ်ပေးဖို့ အတွက်။

“ မွန်က ဒီမှာ ရောက်နေတာကိုး ”
“ ဟုတ်ကဲ့ မမထား။ ခေါင်းနဲနဲ မူးလာလို့ ”
“ ရှူဆေးရှူမလား မမထား မှာပါတယ် … အဲ … ငါကလည်း ဆရာဝန်ကို ဆေးကုချင်နေပြန်ပါပြီ ”  မမထားက သူ့အိတ်ထဲက ရှူဆေးထုတ်ပေးရင်း ပြောကာ ရယ်သည်။
“ ဆရာတော်က ကလေးတွေကို တစ်တန်းချင်း အသင့်ပြင်ခိုင်းထားဖို့ ဆရာမလေးတွေကို ပြောလိုက်ပြီ မွန်ရဲ့  ။ မွန်နေလို့ သိပ်မကောင်းရင် ထမင်းစားလွှတ်ပြီး ကျောင်းပြန်တက်မှစဖို့ ပြောလိုက်မယ်လေ ”
“ နေပါစေ မမထား။ မွန် အခုလိုက်ခဲ့ပါ့မယ် ”

ဒီအချိန်ကို မွန်ကပဲ ရွေးထားခြင်းဖြစ်သည်။ ဆရာဝန်ကလည်း မွန်တစ်ယောက်တည်း၊ စာသင်လည်း မပျက်စေချင်တာကြောင့် ကလေးတွေအားလုံးကို စုပြီးတစ်ခါတည်း မဟောပြောတော့။ သူငယ်တန်းမှ လေးတန်းအထိ ငါးခန်းထဲရှိတာမို့ တစ်တန်းချင်းဝင်ကာ စကားပြောလိုက် ဆေးစစ်လိုက်လုပ်မည်။ ကျောင်းလေးဆီကိုအလာ အုတ်ရေကန်လေးနားမှာ တစ်တန်း(ပထမတန်း) သင်တဲ့ ဆရာမလေးက သူ့တပည့်လေးတွေကို လက်ဆေးပေးနေတာတွေ့ရသည်။ ဆရာတော်၏ ညွှန်ကြားချက်ဖြစ်မည်။

“ သွားနှုတ်မှာလား မသိဘူး ”   
ပလုတ်ကျင်းဖို့လုပ်နေသော ကလေးမလေးကို နောက်တစ်ယောက်က စိုးစိုးရွံ့ရွံ့ မေးလိုက်သံ။
“ မဟုတ်ပါဘူး။ ဘုန်းဘုန်းကပြောတယ်တဲ့ ဆရာမလေး အာပုတ်စော်နံမှာစိုးလို့ ပါးစပ်ဆေးရမယ်တဲ့ ”
ရှေ့က ကလေးမလေးရဲ့  ပြန်ဖြေသံကိုကြားတော့ မွန် မပြုံးမိဘဲမနေနိုင်။ ဟန်ဆောင်ဖုံးကွယ်ခြင်းတွေမရှိဘဲ ရင်ထဲရှိတဲ့အတိုင်းပြောနေတဲ့ ကလေးလေးတွေဘဝက ဖြူစင်လွန်းလှသည်။ ဆရာမလေးကို အာပုတ်စော်နံမှာစိုးတာထက် ကလေးတို့ရဲ့ သွားလေးတွေကျန်းမာဖို့ အစာစားပြီးတိုင်း ပလုတ်ကျင်းရန် ဟောပြောတဲ့အချိန်မှာ ထည့်ပြောရဦးမည်။

မွန် တို့ရောက်သွားချိန်မှာ သူငယ်တန်းအခန်းက အဆင်သင့်ဖြစ်နေပြီ။ ကျန်းမာရေးအတွက် လိုက်နာစရာလေးတွေကို ကလေးတွေနားအလည်နိုင်ဆုံး စကားလုံးလေးတွေ ရွေးကာပြောဖြစ်သည်။ အတန်းရှေ့ က စားပွဲမှာထိုင်ကာ စစ်ဆေးပေးတော့ သူငယ်တန်းကလေးတွေမို့ ဆရာမလေးကခုံမှာထိုင်နှင့်ပြီး  သူ့တပည့်တွေကို တစ်ယောက်ချင်းသူ့ပေါင်ပေါ်ထိုင်စေလို့ စစ်ဆေးခံစေသည်။ အနီးအနားမှာ လိုအပ်တာတွေကူလုပ်ပေးသော မမထားက ဆေးစစ်ပြီးသွားသော ကလေးတိုင်းကို မုန့်တစ်ခုစီဝေသည်။

တစ်တန်းအခန်းမှာ စစ်ပြီးတော့ ကလေးတွေမုန့်စားကျောင်းဆင်းချိန်မို့ ခဏနားကြသည်။ တချို့ က ရွာထဲပြန်ပြီး ထမင်းစားကြသည်။ ဆရာမလေးတွေက ဆေးစစ်မှာကို ကလေးတွေကြောက်ပြီး ပြန်မလာကြမှာစိုးလို့ တတွတ်တွတ်မှာကြသည်။ ထမင်းစားပြီးတော့ နှစ်တန်း၊ သုံးတန်း၊ လေးတန်း အစဉ်အတိုင်း တစ်ခန်းဝင် တစ်ခန်းထွက် မွန်နှင့် မမထားတို့ စစ်ဆေးပေးကြသည်။
“ လေးတန်းက ကျောင်းသား နဲသွားတယ်နော် ”
“ ခိုင်းလို့ရတဲ့ အရွယ်တွေရောက်ကုန်ပြီလေ အစ်မကြီးရယ် ” 
မမထားရဲ့  မေးခွန်းလိုလို မှတ်ချက်လိုလို စကားကို ဆရာမလေးက ခပ်တိုတိုလေး ပြန်ဖြေလိုက်ပေမယ့် အဲဒီ့အဖြေလေးရဲ့ နောက်က မကြားရတဲ့ စကားလုံးတွေအတွက် အိမ်အပြန်လမ်းအထိ မွန့် အတွေးတွေ ရပ်မရခဲ့။ ကလေးတွေရဲ့အနာဂတ်အတွက် မွန်တို့ လုပ်စရာတွေ အများကြီး ရှိသေးသည်။

* * * * * * * * * * *

ရွာလေးကို ဒုတိယအကြိမ် ရောက်ခဲ့ရပြန်ပြီ။ ပထမအကြိမ် အလှူအတွက် ဆွေးနွေးစဉ်က နေ့ချင်းပြန်ခဲ့ပေမယ့် အခုတစ်ကြိမ်ကတော့ ၃ ရက်ခရီး။ အလှူပွဲမို့ သားငယ် နှင့် မြင့်ဇော်လည်း လိုက်လာတာကြောင့် သူ့ကို သတိရမိပြန်ပါသည်။  အစ်ကိုနိုင်နဲ့ မမထားတို့က ဘိုးဘွားအမွေ ကျောင်းဝင်းထဲက ဇရပ်ကိုပြင်ပြီး ရွာနှင့် ဘုန်းကြီးကျောင်းကြား ချောင်းကလေးက ခနော်နီ ခနော်နဲ့ ဝါးတံတားလေးကို ဖျက်ကာ လှည်းမောင်းလို့ရလောက်အောင် တံတားအသစ်ဆောက်ပေးကြသည်။

နေ့လည်းခင်းအချိန် မွန်တို့ ရောက်သွားတော့ အလှူအတွက် ထမင်းကျွေးမဏ္ဍပ်ထိုးနေကြပြီ။ နောက်နေ့မနက်မှာ အလှူရေစက်ချပြီး ရွာလုံးကျွတ်ထမင်းကျွေးမှာကြောင့် ဖြစ်သည်။ ညနေစောင်းတော့ အစ်ကိုနိုင်က ပြန်ဆောက်ထားသော တံတားလေးကို လိုက်ပြသည်။ ချောင်းကလေးက သိပ်မကျယ်။ သို့သော်လည်း ထိုချောင်းကျဉ်းကျဉ်းလေးကပင် ရွာကလေးကို မြို့နှင့်အလှမ်းဝေးစေသည်။ တံတားမရှိတော့ တစ်ဖက်ရွာအထိ ပတ်ကာသွားနေရသောကြောင့်ပါ။
“ တံတားလေးတောင် တော်တော်ပေတူးနေပြီပဲ ”  ရွံ့အလိမ်းလိမ်းဖြစ်နေသော တံတားလေးကိုကြည့်ကာ သားငယ်က မှတ်ချက်ချသည်။
“ မိုးမကျခင်ကတည်းက အပြီးဆောက်ခဲ့တာလေ သားငယ်ရာ။ ခုဘဲ တော်သလင်းလရောက်နေပြီ။ သားကြီးက ဒီနှစ်မိုး အမှီပြင်ပေးပါဆိုလို့။ ဒီစိတ်ကူးကို သူကစခဲ့တာ၊ ကျွန်တော် ဒီနေရာမှာ တံတားဆောက်ပေးချင်တာလို့ ရွာရောက်တိုင်းပြောတယ်။ အခုတော့ သူလုပ်ခိုင်းတာ ငါလုပ်ပေးနိုင်ခဲ့ပြီ။ ပြချင်တယ်ကွာ၊  ဒီကောင် ပြန်လာနိုင်ရင်ကောင်းမှာ ”
ကျေနပ်အားရစွာ ပြောနေတဲ့ အစ်ကိုနိုင့်စကားကြောင့် သူ့ကိုပို သတိရမိသွားသည်။ သူ့စိတ်ကူး၊ သူလုပ်စေခဲ့တာတဲ့လား။ သူကတော့ ဒီအကြောင်းတွေပြောပြဖို့ဝေးစွ မွန်ပို့သော မေးလ်တွေမပြန်တာပင် လနှင့်ချီခဲ့ပြီ။

မမထားတို့အလှူသည် သူ့ကို အလွန်အမင်း သတိရစေမိတာကလွဲလို့ ရွာဓလေ့၊ ရွာအလှူကို မျက်မြင်မကြုံဖူးသော မွန့်အတွက် ပျော်ရွှင်စရာ၊ ကြည်နူးစရာ ဖြစ်ခဲ့သည်။ အလှူပြီးနောက်နေ့မှာတော့ သားငယ်ရဲ့ အလုပ်ကြောင့် မထင်မှတ်ဘဲ မနက်အစောကြီး ထပြန်ခဲ့ကြရသည်။ ခရီးမှ ပြန်ရောက်လာသော မွန့်ကို အိမ်တံခါးမှ သော့ခလောက်ကြီးက ဆီကြိုသည်။ စောစောစီးစီး မေမေ ဘယ်သွားပါလိမ့်။ ဈေးသွားရအောင်ကလည်း ၃ ရက်တာ ခရီးမထွက်ခင်က အပြည့်အစုံ ဝယ်ထားပေးခဲ့သော ဟင်းချက်စရာများ မေမေတစ်ယောက်တည်း စား၍တော့ မကုန်လောက်သေးပါ။ တံခါးဖွင့်လို့ဝင်ပြီး အထုပ်တွေမှ အခန်းထဲမပို့နိုင်သေး ဧည့်ခန်းထဲက စားပွဲပေါ်မှာ စာရွက်ပိုင်းလေးရှာမိသည်။ မေမေနဲ့ မွန် နှစ်ယောက်တည်းရှိတဲ့အိမ်မှာ တစ်ယောက်အပြင်သွားတိုင်း ဒီလိုပဲ စာလေးရေးပြီး အသိပေးနေကျ။
“ သမီးမွေးနေ့ အတွက် မေမေ ဘုရားပန်းသွားဝယ်တယ် ”
ဘယ်အချိန် ပြန်ရောက်မယ်မှန်းမသိတဲ့ သမီးအတွက် စာရွက်လေးပေါ်က မေမေ ရေးထားလေးမြင်မှ ကိုယ့်မွေးနေ့ကိုယ် သတိရမိသည်။ ဆေးရုံ၊ စာမေးပွဲ၊ အလှူ စတာတွေနဲ့ ရှုပ်နေခဲ့တာ မွေးနေ့ကိုတောင် သတိမရမိ။ စာရွက်လေးကို စားပွဲပေါ်ပြန်အချမှာ စောစောက မေမေ့စာရွက်ကို ရှာနေရ၍ သတိမထားမိခဲ့သော အရာတစ်ခုကို တွေ့လိုက်သည်။ ပန်းအိုးလေးနဲ့ ဖိထားသော စာအိတ်ဖြူဖြူလေး။

စာအိတ်လေးကို ယူအကြည့် စာအိတ်ပေါ်က လက်ရေးကြောင့် နှလုံးသွေးတို့ ရပ်တန့်သွားမလား ထင်ရသည်။ ခြောက်နှစ်ကျော်ကြာအောင် မမြင်ရသည့် ရင်းနှီးနေသော ဒီလက်ရေး။ စာရေးလေ့မရှိတဲ့ သူ့ဆီကစာကို ဖွင့်နေသော မွန်လက်တို့ တုန်ရီအေးစက်လို့။
“ မွန်
စက်တင်ဘာ ၂၉ရက်နေ့ လေယာဉ်လက်မှတ်ပဲရတယ်။ အလှူကို ကပ်လွဲသွားပေမယ့် မွန့်မွေးနေ့ဆို မြန်မာပြည် ပြန်ရောက်နေရောပေါ့ ။ ”
မွေးနေ့ဆုတောင်းကဒ် လေးပေါ်က စာကြောင်းလေးနှစ်ကြောင်းက မွန့်ရင်တစ်ခုလုံး တုန်ခါသွားစေသည်။ ဘယ်တုန်းကမှ မွေးနေ့ဆုတောင်း မလုပ်ခဲ့သူက မွန့်မွေးနေ့ကို အမှတ်ရနေသေးတယ်ပေါ့။ ကဒ်ပေါ်ကပုံနှိပ်ထားတဲ့ ဆုတောင်းစာလုံးလှလှလေးလေးတွေထက် သူ့လက်နှင့်ရေးထားသည့်
နှစ်ကြောင်းတည်းသော စာလေးကိုသာ မွန်ထပ်ကာထပ်ကာ ဖတ်နေမိသည်။
ခဏပြန်လာတာလား၊ အပြီးပြန်လာတာလား။ သူ့ရည်ရွယ်ချက်တွေ အကောင်အထည်ဖော်နိုင်တဲ့ အချိန်ရောက်တော့မယ်လို့ ယုံကြည်လို့ပြန်လာတာလား။ မွန်တို့ အတူလက်တွဲပြီး အလုပ်လုပ်နိုင်ကြတော့ မှာလား။

မွန့် ဆီကိုပြန်လာတာရော မဖြစ်နိုင်ဘူးတဲ့လား။
ဘာပဲဖြစ်ဖြစ် သူအခု မြန်မာပြည်မှာပေါ့။

အိုး ……… သူနဲ့ တစ်မြေတည်းမှာ ရှိနေတယ်ဆိုတဲ့ အသိတစ်ခုကတင် မွန့်တစ်ကိုယ်လုံးကို နွေးထွေးလုံခြုံသွားစေခဲ့ပြီပဲ။       ။


ညိုလေးနေ
16.09.2012  11:15 pm

Sunday, September 16, 2012

တစ်မြေတည်းမှာ ( ၁ )


မြို့နှင့်မနီးလှသော ရွာလေးမှာ ဆိုပေမယ့် မွန်တို့ ရောက်ရှိသွားရာ ဘုန်းကြီးကျောင်းဝင်းက ကျယ်ဝန်းပြီး သပ်ရပ်လှပသည်။ ပင်မအုတ်ကျောင်းဘေးမှာ ပျဉ်ထောင်နှစ်ထပ်ကျောင်း၊ ထိုဘေးမှာတော့ ဆွမ်းစားဆောင် ရှိသည်။ အုတ်ကျောင်းနှင့် ရှေ့တည့်တည့် တော်တော် လှမ်းလှမ်းမှာတော့ စာသင်ကျောင်းလေး။ ဘုန်းကြီးကျောင်းဝင်းက ဝင်ပေါက်နှစ်ပေါက်နှင့်။ စာသင်ကျောင်းလေးရှိရာ တံတိုင်းဘက်မှ ဝင်ပေါက်သည် ရန်ကုန်-မန္တလေး ကားလမ်းမကြီးဆီသို့ သွားရာ မြေနီလမ်းသို့ ဆက်သွားသည်။ ပင်မအုတ်ကျောင်းရှိရာ တံတိုင်းဘက်မှ ဝင်ပေါက်ကတော့ ရွာထဲမှ ဘုန်းကြီးကျောင်းကို လာဖို့။ ထိုမျက်နှာချင်းဆိုင် ဝင်ပေါက်နှစ်ပေါက် တလျှောက်ကို နှင်းဆီပင်လေးများ တစ်ဘက်တစ်ချက် စီရီထားသော လမ်းလေးက ဆက်ပေးထားသည်။ ကျောင်းဝင်းထဲမှာ ကိုးနဝင်း စေတီလေးလည်းရှိသည်။ ကျောင်းဆောင်တွေနှင့် စေတီကို ထိုလမ်းလေးက ခြားထားသည်။ စေတီလေး တဝိုက်မှာတော့ မန်ကျည်းပင်တွေ အရွယ်စုံ။

ကျောင်းလေးပေါ်မှ အသာအယာ ခြေဖော့ပြီး ဆင်းခဲ့သည်။ အစ်ကိုနိုင်နှင့် မမထားကတော့ အလှူကိစ္စအတွက် ဆရာတော်ကိုလျှောက်ထား ဆွေးနွေးနေဆဲ။ ဆက်ပြီး ထိုင်နေပေးချင်ပေမယ့် ဆေးရုံကနေ အိမ်မပြန်ဘဲ မမထားတို့နဲ့ အတူလိုက်ကာ ၆နာရီလောက် ကားစီးလာရသည့် ခေါင်းကမခံနိုင်တော့။ စေတီလေးမှာ ရှိခိုးဦးချကန်တော့ပြီး မန်ကျည်းပင်တွေအောက် လျှောက်လာခဲ့သည်။ ကျောင်းဝင်းမြေက ညီညာနေပြီး သေချာ လှဲကျင်းထား၍ ခြေဗလာနှင့် လမ်းလျှောက်လို့ ကောင်းလှသည်။ စေတီလေး၏တဘက်မှာ နင်္ဂါးရုံဘုရားနှင့် ရေကန်ငယ် တစ်ကန်။ ထိုရေကန်လေးနားက သစ်ပင်မြစ်ပျဉ်းမှာထိုင်လို့ ပင်စည်ကိုမှီကာ မျက်စိမှိတ်ပြီး နားနေလိုက်သည်။ ကန်ရေပြင်ကိုဖြတ်ပြီး တိုက်ခတ်လာသော လေက ခေါင်းနောက်ရီဝေနေတာတွေကို အတန်ငယ် လျော့နည်းသွားစေသည်။ ဆရာဝန်ဖြစ်ပြီး ဆေးသောက်ရမှာကို အင်မတန် ဝန်လေးတော့လည်း ခေါင်းနောက် ရီဝေတာလောက်ကို ဒီလိုနည်းမျိုးဖြင့် ကုစားနေရသည်။

ဆိတ်ငြိမ် အေးချမ်းလိုက်တာ။ ဒီလိုအေးချမ်းစွာ နားနေရခြင်းမရှိတာ ဘယ်လောက်ကြာပြီလဲ။ ခန္ဓာကိုယ်က အေးချမ်းစွာ နားနေလိုက်တယ် ဆိုရင်ပဲ စိတ်ကလွတ်လပ်စွာဖြင့် သူနားခိုချင်ရာဆီသို့ လွင့်ထွက်သွားတော့သည်။ မျက်ဝန်းအစုံကို မှိတ်ထားလိုက်တော့ အတွေးအာရုံမှာ ပုံရိပ်တစ်ခုက ထင်ရှားပြတ်သားစွာ ပေါ်လာသည်။ စိတ်ကို ထိန်းချုပ်မထားချင်တော့ပါ။ အခုလိုအချိန်မျိုးလေးမှာ အားငယ်နွမ်းလျနေသည့် လူနာများကို ကုသပေးနေသော၊ အမ်အက်စီဖြေရန် အပြေးအလွှား အချိန်လု စာကျက်နေသော ဆရာဝန်မတစ်ယောက်၊ ဝင်ငွေကို ထွက်ငွေနှင့် မျှတမှုရှိအောင် စိတ်သန့်ရှင်းစွာဖြင့် ရှာဖွေနိုင်ရန်ကြိုးစားနေသော အိမ်၏ဦးစီး သမီးကြီးတစ်ယောက် မဟုတ်တော့။ ချစ်ရသူကို သတိရခြင်းများစွာဖြင့် တမ်းတမိသော မိန်းမတွေထဲက သာမန်မိန်းမတစ်ယောက်သာ ဖြစ်နေချင်သည်။ တရားဝင်လွမ်းဆွတ်ခွင့်ဆိုတာ မရှိသေးပေမယ့်၊ မြတ်နိုးစွာနဲ့ သူ့ကို တိတ်တခိုး တမ်းတခွင့်တော့ ရှိသေးတယ်လို့ ယုံကြည်နေဆဲ ……..။

* * * * * * * * * * *
 
အခုလိုသာ တစ်စုံတစ်ယောက်ကို သတိရနေပါတယ်လို့ သူငယ်ချင်းတွေကြားလျှင် ဘာတွေ ပြောကြမလဲ။ ဟားတိုက်ပြီး ရယ်ကြမလား။ သနားပါတယ်လို့ ဆိုမလား။ အချစ်ဆုံး သူငယ်ချင်း အိ ကတော့ “ နင် ဝဋ်လည်တာ နေမှာပေါ့ ” တဲ့။ ဟုတ်လောက်ပါတယ်လေ။

ကျောင်းတုန်းက လူစုမိလို့ မိန်းကလေးတို့ ထုံးစံ ရောက်တက်ရာရာပြောကြရင် တကူးတက အလှအပပြင်ရန် ဝါသနာမပါသော၊ ဈေးဝယ်ထွက်ရန် ပေါကြွယ်မနေသော မွန်သည် ရုပ်ရှင်နှင့် စာအုပ်အကြောင်းက လွဲလျင် အမြဲတမ်း နားထောင်သူ သက်သက်။ ပိုဆိုးတာက အတန်းဖော်တွေအကြောင်း၊ ချစ်သူရည်းစားတွေအကြောင်း။ ကိုယ်ကစိတ်မဝင်စားလျှင် ဘာကိုမှခေါင်းထဲမထားတတ်။ စာသင်ချိန်မှာ ကိုယ့်အနား လာလာထိုင်တတ်သူ တစ်ယောက်အကြောင်း မေးကြတုန်းက ကိုယ်ဘာမှမသိတော့ “ မွန် ကလည်းကွာ ….” ဆိုပြီး အားမလိုအားမရ ပြောကြသည်။ နောက်တော့ သူငယ်ချင်းတွေကပြောကြသည် “ သူ့ကို သွားမမေးနဲ့။ သူက ဆရာဝန်ဖြစ်ဖို့ကလွဲပြီး ဘာမှစိတ်မဝင်စားဘူး ” တဲ့။

သူတို့ပြောလည်း ပြောချင်စရာ။ အဲဒီ့အချိန်က အိမ်ရောင်းပြီး ကျောင်းဆက်ထားပေးရသော မေမေ့အတွက် ဆရာဝန်ဖြစ်ဖို့ကလွဲလို့ ခေါင်းထဲမှာ ဘာမှမရှိ။ ကိုယ်နှစ်သက်တဲ့ စာအုပ်တွေအကြောင်း စဉ်းစားတာ၊ စာအုပ်တွေဖတ်တာနဲ့ မိန်းကလေးမပီသစွာ မစပ်စုတတ်တာတွေကလည်း ပတ်ဝန်းကျင်နဲ့ ကင်းကွာစေသည်။ သူငယ်ချင်းတွေပြောတဲ့ ဘယ်သူက ဘယ်သူနဲ့တွဲလို့ ဘယ်သူတွေကဖြင့် ပြတ်စဲကုန်ပြီ ဆိုတာတွေ ဘာမှမသိ။ မွန့်အနားမှာ ရစ်သီလို့ ဝဲနေတဲ့သူတွေကိုလည်း အတန်းဖော် သူငယ်ချင်းမိတ်ဆွေအဖြစ်ကလွဲလို့ စိတ်မဝင်စားမိ။ သူတို့အကြောင်းသိဖို့ဆို ဝေးရော။ တစ်ချို့ ကတော့ မာနကြီးတယ်ထင်ပြီး တစ်ချို့ ကတော့ စိတ်ပျက်သွားကြသည်။ သူငယ်ချင်းတွေကတော့ “ နင် တစ်ယောက်ယောက်ကိုမှ နည်းနည်းလေးမှ စိတ်မဝင်စားဘူးလား ” ဟု မေးတတ်သည်။ သူတို့မေးတိုင်းလည်း စိတ်ထဲရှိတဲ့အတိုင်း “ ငါ အိမ်ထောင်မပြုချင်ဘူးဟ။ ငါလုပ်ချင်တာတွေ အများကြီးရှိသေးတယ်။ ကျန်းမာရေးဗဟုသုတနည်းတဲ့ နယ်ဘက်တွေက ကလေးတွေကို ငါဆေးကုပေးချင်သေးတယ်။ တစ်ယောက်ယောက်ကို ငဲ့နေရတာနဲ့ ငါလုပ်ချင်တာတွေ မလုပ်ရမှာစိုးတယ်။ ငါလုပ်ချင်တာ လုပ်ဖို့အတွက်လည်း သူတစ်ပါးကို ဝန်ထုတ်ဝန်ပိုး မဖြစ်စေချင်ပါဘူး ” လို့ပြန်ပြောမိတတ်သည်။ နောက်ပိုင်းတော့ သူငယ်ချင်းတွေလည်း မမေးကြတော့။

တကယ်တော့ မွန်က အတွေးလွန်ပြီး အဆင့်တွေ ကျော်သွားခဲ့တာပါ။ လုပ်ချင်တဲ့ အလုပ်တွေလုပ်ဖို့နဲ့ အိမ်ထောင်ရေးကို ကြိုတွေးမိတဲ့သူက အချစ် ဆိုတဲ့အရာကို လုံးလုံးလျားလျားမေ့ထားခဲ့တာကိုး။ အဲဒီ့ ဖန်တီးလို့မရတဲ့ အရာက ရင်ထဲကို သူ့အလိုလို ရောက်လာပြီး၊ သတိထားမိတဲ့ အချိန်ရောက်တော့ ဖျက်ဆီးလို့လည်းမရတော့။ ဖျက်ဆီးနိုင်စွမ်းလည်း မရှိခဲ့ပါဘူး။

* * * * * * * * * * *

သူ့ကို တစ်ခန်းတည်းမို့ သိနေပေမယ့် ဖာသိဖာသာနေတတ်သော မွန့်အကျင့်ကြောင့် မရင်းနှီးခဲ့။ သူငယ်ချင်းတွေပြောတဲ့ စကားတွေထဲမှာ သူ ကူညီတတ်တာ၊ စာတော်တာ တွေကြားမိပေမယ့် စာမေးပွဲခဏခဏကျတတ်သောကြောင့် တော်တယ်မထင်ခဲ့။ ဖိုင်နယ်ပတ်ဝမ်းရောက်လို့ နယ်တွေကို အတူတူဆင်းရတော့ မှသိတော့သည်။ တစ်ဖွဲ့လုံးကို ဦးဆောင်သွားတာ၊ အားလုံးကို မောင်နှမ အရင်းတွေလို သဘောထားကာ အနာခံစရာရှိ သူပဲခံတာတွေ ကိုယ်တိုင်ကြုံရမှ သူကူညီတတ်တာကို အသိအမှတ်ပြုမိသည်။ နောက်ပိုင်းသူနဲ့ ခင်သွားတော့ သူစာတော်တာလည်း လက်ခံရတော့သည်။ စာမေးပွဲကျတတ်သည်မှာ စာမရလို့ ညံ့လို့တော့မဟုတ်။ တစ်ခုခုကို လေ့လာကျက်မှတ်ရရင် တကယ်ကိုနားလည်ရှင်းလင်းမှ စိတ်ကျေနပ်တတ်တာ သူ့အကျင့်။ တစ်ခါတစ်ခါတော့ “ ဟေ့ကောင် … စာမေးပွဲအောင်ပြီးမှ ဆက်လေ့လာလည်း ရတယ်။ မင်းကို ဘယ်သူမှမတားဘူး။ မင်းဖြေရမှာ ဒီတစ်မျိုးထဲ မဟုတ်ဘူး။ လောလောဆယ် အောင်မှတ်ရအောင် အရင်ကျက် ” ဟု မြင့်ဇော်က ပြောတတ်သည်။ မြင့်ဇော်ရဲ့  စေတနာစကားကို ဘာမှပြန်မပြောဘဲ ပြုံးနေတတ်ပေမယ့် နားလည်းမထောင်ပါ။ စာမေးပွဲတွေနဲ့ လုံးချာလည်ရင်း ဆရာဝန်ဘွဲ့ရခဲ့သည်။ သူ့ဆီမှာမှ စာမေးချင်သည့် အတန်းငယ် ညီမတွေကလည်း ဝိုင်းဝိုင်းလည်လို့။

မွန် သူ့ကို ရင်းနှီးခင်မင်သွားတာကတော့ သူရဲ့ နာမည်ကြီးတဲ့ အချက်တွေကြောင့် မဟုတ်ခဲ့ပါ။ ကလေးတွေကို ကျန်းမာရေးအသိပညာ ပေးချင်လှပါချည်ရဲ့ လို့ ပြောတတ်သော မွန်ရှေ့ မှာ မွန့်လို စကားတစ်ခွန်းမှ မပြောဘဲသူက လက်တွေ့ လုပ်သွားတဲ့အခါ၊ အတန်းတူချင်း ဆရာလုပ်လို့သည့် ပုံမျိုးမဟုတ်ဘဲ မွန်သိချင်တာတွေကို သင်မှန်းမသိ သင်ပေးသွားတဲ့အခါ၊ တမင်ရင်းနှီးချင်လို့ စာလာမေးသည့် မိန်းကလေးတွေကို စာကလွဲလို့ အပိုမပြောဘဲ တည်တည်ကြည်ကြည် ဆက်ဆံတတ်တာတွေ တွေ့ရတော့ မွန်သူ့ ကို မလေးစားပဲ မနေနိုင်တော့။

ဖိုင်နယ်ရောက်မှ ခင်ကြပေမယ့် မွန်တို့နှစ်ယောက်ရဲ့ ခင်မင်မှုက တခြားသူငယ်ချင်းတွေထက် ပိုခဲ့သည်။ မွန်ကတော့ မွန်တို့ရဲ့  စိတ်ကူးတွေ၊ ရည်ရွယ်ချက်တွေ တိုက်ဆိုင် တူညီမှုကြောင့် လို့ထင်သည်။ ဒါပေမယ့် မွန့်အကြောင်းသိသော သူငယ်ချင်းတွေက ဘာမှမေးကြသလို၊ သူ့အကြောင်းသိသော သူငယ်ချင်းတွေကလည်း မစရဲကြ။

မွန်ဟာ သူ့ရဲ့ အခင်ဆုံး မိန်းကလေးသူငယ်ချင်းပါဆိုတာကို ဘယ်တော့မှ ထုတ်ဖော်မပြောခဲ့သလို မွန်တို့နှစ်ယောက်ကိုတွဲလို့ စနောက်ခံရမှာမျိုးကိုလည်း သူက သတိထားပြီး ရှောင်တတ်သေးသည်။ မှတ်မိပါသေးသည် သူအာဖရိက ကိုသွားခါနီးမှ ကပ်ပြောလို့ မွန်တော်တော်လေးစိတ်ဆိုးမိတာ။

“နင်ဘာလို့ ငါ့ကိုမပြောတာလဲ။ ဒီအလုပ်မျိုးကို ငါရည်ရွယ်တာ သိရဲ့ သားနဲ့ ၊ ငါလည်း လျှောက်ချင်တာပေါ့ ”

“ မွန် ငါသွားမှာ ဆရာဝန်တစ်ယောက်အနေနဲ့ မဟုတ်ဘူး။ ဆေးဝန်ထမ်းတစ်ဦးအနေနဲ့ပဲ သွားမှာ။ အဓိကက ပြင်ပကမ္ဘာကို လေ့လာချင်လို့။ တစ်နေ့ကျရင် ငါတို့တိုင်းပြည်က ကျန်းမာရေး အသိပညာနည်းပါးတဲ့ ဒေသတွေအတွက် ငါလေ့လာခဲ့တာတွေကို ပြန်အသုံးချဖို့။ လောလောဆယ်က ငါတို့မှာ ပညာပဲရှိတယ်။ ပညာတောင်မှ ဘွဲ့ တစ်ခုစာပဲရှိသေးတာ။ မင်းတို့သိပါတယ်။ ဒီအချိန် အပြင်ထွက်ဖို့ ငါတို့ဆရာဝန်တွေအတွက် ဘယ်လောက်ခက်ခဲလဲဆိုတာ။ ဒါပေမယ့် ငါသွားမယ်။ ငါ့ ဆမ အသိမ်းခံရရင်တောင် ငါပြန်လာတဲ့တစ်နေ့ ငါသိခဲ့တာတွေနဲ့ မင်းတို့ရဲ့  ဆမ နဲ့ အတူတွဲလို့ ရအောင်ပေါ့။ မင်းတို့နဲ့ မလုပ်နိုင်လည်း နောက်မျိုးဆက်တွေနဲ့ပေါ့ကွာ ”
သူ့ရဲ့စကားတွေအတွက် မွန်တို့ သုံးယောက်လုံး ပြန်ပြောစရာ စကားမရှိ။ ဒီလိုအချိန်မျိုးမှာ အခုလောက် ပွင့်ပွင့်လင်းလင်းပြောနေတာကိုက မွန်တို့ သုံးယောက်ကို ခင်မင်ယုံကြည်လွန်းလို့မှန်း သိသာနေပြီ။
“ ပြီးတော့ ငါ့မှာ မိဘတွေ မရှိတော့ဘူး။ ငါ့ညီ သားငယ်တစ်ယောက်တည်းပဲရှိတာ အခုသူလည်း အရွယ်ရောက်ပြီ သူ့ကိုယ်သူထိန်းသိမ်းနိုင်ပြီလို့ ငါယုံကြည်လို့ ဒီအလုပ်ကို လုပ်မယ်ဆုံးဖြတ်ခဲ့တာ။ နင်က အမေ့ကို တစ်ယောက်တည်း ထားခဲ့မလို့လား မွန်။ ထားခဲ့ရက်လို့လား။ ” သူ့ရဲ့နောက်ဆက်တွဲစကားကြောင့်
မွန် မှင်တက်မိသွားသည်။ မွန်က မစဉ်းစားမိခင်မှာဘဲ သူကမွန့် မေမေအတွက်ပါ စဉ်းစားပြီးပါပကော။

 “ နယ်က ငါ့ အစ်ကိုဝမ်းကွဲလင်မယား ငါ့ညီနဲ့လာနေပေးလိမ့်မယ်။ ငါ့ ဆေးခန်းကိုတော့ မင်းတို့ကို ဆက်ဖွင့်စေချင်တယ်ကွာ ”
သူက သူ့အိမ်ရှေ့ဝင်းလေးထိပ်မှာပဲ ဆေးခန်းဖွင့်ခဲ့သည်။ ဆရာဝန်ပေါက်စဆိုပေမယ့် မရှိမရှား အလတ်တန်းစား ရပ်ကွက်လေးထဲမှာ သူ့စေတနာက ရောင်ပြန်ဟပ်ခဲ့သည်။

“ မင်းကဆေးခန်းကို ငါတို့ကို ဆက်ဖွင့်စေချင်တယ်သာပြောတာ၊ ဆေးခန်းထိုင်ချိန် စကယ်ဂျူးကအစ အားလုံး စီစဉ်ထားပြီးသွားပြီပဲ။ ငါ့ တချို့  အချိန်တွေ မိမွန်နဲ့ လဲမှ ဖြစ်မယ်ထင်တယ်။ ဟဲ့ မယ်အိ နင်လည်းကြည့်ဦး အချိန်တွေ အဆင်ပြေမပြေ ”
“ ထားလိုက်ပါဟာ၊ မွန်က ဒီဆေးရုံမှာ ဘယ်လောက်ကြာမှာမို့လဲ၊ ဆေးရုံပြောင်းရလို့ အချိန်တွေပြောင်းရင် နင်နဲ့ငါ ချယ်လှယ်ကြတာပေါ့ ”
မြင့်ဇော် နဲ့ အိ တို့က ညစ်ကျယ်ကျယ်ပြောကြတော့ သူကဘာမှ ပြန်မပြောဘဲ ရေနွေးသောက်ရင်းပြုံးနေခဲ့သည်။ 
ပြင်ဆင်စရာတွေ ရှိသေးသည်ဟုပြောကာ သူပြန်သွားတော့ မြင့်ဇော်က
“အဓိကက နင့်အတွက်ပါ မွန်ရာ၊ နင်ဆေးခန်းထိုင်ဖို့ အဆင်မပြေဖြစ်နေတာသိလို့ သူစီစဉ်ပေးခဲ့တာပါ။ အချိန်တွေကိုပဲကြည့်၊ နင်အဆင်ပြေမယ့် အချိန်တွေကြည့်ပဲ၊ အိမ်အပြန် မိုးချုပ်မှာလည်း စိုးရိမ်သေးတယ်။ ဒါပေမယ့် အဲဒီလို မပြောလို့ ငါတမင် ကလိလိုက်တာ။ တသက်လုံးလည်း ပြောမယ့်ကောင် မဟုတ်ပါဘူး ”

မြင့်ဇော် စကားကြောင့် စိတ်ဆိုးခြင်း၊ အံ့သြခြင်း၊ ရင်ထဲလစ်ဟာသွားခြင်း စတဲ့ခံစားချက်များအားလုံး ဝမ်းနည်းခြင်းသို့ပြောင်းကာ မွန် ငိုချင်လာမိသည်။ သူရော၊ မွန်ရော တစ်ယောက်ကိုတစ်ယောက် ငဲ့နေစရာမလိုအောင် စောင့်နေရမယ့် စကားမျိုး မပြောခဲ့တာကို မွန်တို့ နှစ်ယောက်ပဲ နားလည်ခဲ့ကြသည်။ သူများကို ဝန်ထုတ်ဝန်ပိုးမဖြစ်စေချင်ခဲ့သော မွန်သည် သူ့အတွက်ဝန်ထုတ်ဝန်ပိုးဖြစ်မှာ အလွန်စိုးရိမ်သော သူတစ်ယောက်ကို ချစ်ခဲ့မိလေပြီ။

ဘယ်လောက်ကြာအောင် သူထွက်သွားမှာလဲ။
သူက မပြောပြခဲ့သလို မွန်ကလည်း ဘယ်တော့မှ မေးဖို့ မရည်ရွယ်ခဲ့ပါ။ 

 * * * * * * * * * * *

ဆက်ပါဦးမည်

Tuesday, April 17, 2012

ပြန်ဆုံကြမည် နောင်နှစ်ဆီ

တာဝန်ချိန်ပြီးပြီ။ အိမ်ပြန်ဖို့အတွက် လှေကားဆီသို့ ခွဲစိတ်ခန်းရှိရာဘက်မှ လျှောက်လာမိသည်။ ခွဲစိတ်ခန်းတံခါးတွေကို လှမ်းကြည့်ရင်း ကိုယ့်ကိုယ်ကိုယ် ကျေနပ်ဂုဏ်ယူပီတိဖြစ်မိသည်။ ဒီနေ့ဟာ ဒေါက်တာငယ်ငယ်ထွေး အဖြစ်နှင့် အရင်ဦးဆုံးတာဝန်ကျသည့် ဆေးရုံမှာ ပထမဆုံးခွဲစိတ်ခန်း ဝင်ရသည့်နေ့။ ကိုယ်တိုင်ဦးဆောင်ခွဲစိတ်ရတဲ့ အဆင့်မရောက်သေးပေမယ့် ငယ့်အတွက်တော့ ပထမဦးဆုံးနေ့မှာ လူနာတစ်ဦးကို အောင်မြင်စွာ ကယ်တင်လိုက်နိုင်၍ မင်္ဂလာရှိတဲ့ နေ့တစ်နေ့ ဖြစ်သွားပြီ။ ဒီလိုပဲ မင်္ဂလာရှိတဲ့နေ့ပေါင်းများစွာကို ဖြတ်သန်းနိုင်ပါစေလို့ ဆန္ဒပြုရင်း တစ်စုံတစ်ရာကို တွေးမိကာ ပြုံးလိုက်မိသည်။ အခုချိန်မှာတော့ ခွဲစိတ်ခန်းဝင်ရတဲ့ ဆရာဝန်မလေး။ တစ်ချိန်တုန်းကတော့ . . . . . . ။

x x x x x x x

ဆေးပေးတဲ့ စားပွဲရှေ့ နားက ခုံလေးတွေပေါ်မှာ လူနာသုံးယောက်။ တစ်ယောက်က ငယ့်ရဲ့  အစ်ကို။ ငယ်နဲ့ အထက်အောက် သုံးနှစ်ကွာ ဆိုပါတော့။ နောက်တစ်ယောက်က မမရဲ့ သူငယ်ချင်း ငယ်တို့ အိမ်ခန်းနဲ့ တစ်ခန်းကျော်က မမမီး။ နောက်ထပ်လူနာတစ်ယောက်ကတော့ ငယ်ကိုယ်တိုင်ပါပဲ။

စောင့်ရတာကြာလိုက်တာ။ ဒေါက်တာကိုကိုကြီးက ဘာတွေကုနေပါလိမ့်။ ဟော.... ထွက်လာပါပြီ။ ငယ်တို့အပေါ်ထပ်အိမ်က ကိုဖိုးသား။ လူနာကိုဖိုးသားက လက်ထဲမှာစာရွက်လေးတစ်ရွက်ကိုင်ြ
ပီး မျက်နှာစပ်ဖြီးဖြီးနဲ့ ထွက်လာသည်။ ကိုဖိုးသားက လက်ထဲကစာရွက်ကို ဆေးပေးတဲ့ မမဆီထိုးပေးလိုက်တော့ မမကဖတ်ပြီး ဆေးပြားလေးတွေကို စက္ကူနဲ့ ထုပ်ပေးလိုက်သည်။
" ကိုဖိုးသား ... ဘာဆေးတွေတဲ့လဲ "
" ဒါက စီဗစ်တဲ့၊ ဒါက အနာသက်သာအောင်သောက်ရတဲ့ ဘီစကစ် ... အဲ ... ဟုတ်ပါဘူး .... ပါရာစီတမောတဲ့ "
" စီဗစ်နဲ့ ပါရာစီတမော တွဲသောက်လို့ ရလို့လား "
" သိဘူး "
" မရဘူးဆိုရင် စီဗစ် ငါကူစားပေး ... အဲ ... သောက်ပေးမယ်လေ အဟီး "
" ရရ မရရ ငါကတော့ အကုန်စားမှာပဲ "
မမမီးနဲ့ ကိုဖိုးသား ပြောနေတာတွေနားထောင်ပြီး စီဗစ်ဆိုတဲ့ ရှောက်သီးဆေးပြားရဲ့  နာမည်ကို ငယ်မှတ်ထားလိုက်သည်။ နောက်ပြီး ရောဂါတူမှ ဆေးလည်းတူမှာပေါ့။
" ကိုဖိုးသားက ဘာရောဂါလဲ "
" အနာပေါက်တာဟေ့ အနာပေါက်တာ၊ အနာပေါက်လို့ ရှောက်သီးဆေးပြားပဲ စားရတာ၊ ချောကလက်စားရအောင် နောက်တစ်ခေါက် ပြန်ပြဦးမယ် " ကိုဖိုးသားက မျက်နှာစူပုတ်ပုတ်လုပ်ကာ ဆောင့်အောင့်၍ပြောသည်။

ငယ်တို့ ကိုဖိုးသားကို ဝိုင်းရယ်နေကြတုန်း ကိုလေးပြန်ထွက်လာသည်။ ခေါင်းမှာလည်း မေမေ့ပုဝါကြီးစည်းလို့။
" အဟီး ပုဝါကြီးနဲ့ "
မမမီးက လက်ညှိုးတစ်ထိုးထိုးနဲ့ ရယ်နေသည်။
" ဘာပုဝါလဲ၊ ဒါ ပတ်တီး၊ ငါခေါင်းပေါက်လို့ ဆေးခန်းလာတာ၊ မမ ရော့ ဆေးစာရွက်၊ ဟဲ့ နင်က ဆရာမလုပ်ပြီး ဆေးတွေထိုင်စားမနေနဲ့လေ၊ ငါ ကိုကြီးနဲ့ တိုင်ပြောမှာနော် "
" ငါက ချောကလက်တွေနဲ့ ဝေဖာတွေ ညီအောင်ညှိ အဲ ဟုတ်ပါဘူး ဆေးတွေ ညီအောင်ညှိနေတာပါ၊ စီဗစ်က လေးလုံးစီပုံနေတာ နှစ်လုံးပိုနေလို့ "
" အဲဒါဆို နင်လူနာလုပ် ၊ ငါ ဆေးပေးတဲ့သူလုပ်မယ် "
" အင် ... မလုပ်ပါဘူး၊ နင်ကလည်းဟာ ... ငါဆေးပိုထည့်ပေးပါ့မယ်၊ ကိုကြီးကို မတိုင်နဲ့နော် "
ကိုလေးနဲ့ မမရဲ့  အငြင်းအခုံက အပေးအယူနဲ့ ပြီးဆုံးသွားသည်။

" ဟေ့ နောက်တစ်ယောက်လို့ခေါ်နေတာ မလာသေးဘူးလား၊ မလာရင် ဆေးခန်းပိတ်တော့မှာနော်၊ ဆေးတွေကို ဆရာဝန်သိမ်းလိုက်မှာ "
ဝရန်တာ ဆေးခန်းထဲက ဒေါက်တာကိုကိုကြီးရဲ့  ခြိမ်းခြောက်သံကြောင့် ကိုလေးတို့ရဲ့  အငြင်းအခုံကို ကြည့်နေတဲ့ မမမီး ဆေးခန်းထဲသို့ အပြေးအလွှား ဝင်သွားသည်။
ကိုလေးကိုပေးသည့် ဆေးတွေက အားဆေးဆိုတဲ့ချောကလက်၊ အမူးပြေတဲ့ ဘီဆစ် ဆိုတဲ့ ဝေဖာ၊ စီဗစ်နဲ့ပါရာ။
ချောင်းဆိုးလွန်းလို့ လေကုန်ပြီးမူးနေတဲ့ မီးမီးက ချောင်းဆိုးပျောက်ဆေးရည် ဘလက်ကော်ဖီ နဲ့ ဘီဆစ် ဝေဖာ သောက်ရသည်။

အခု ငယ့် အလှည့် ။ ငယ်ကော်ဖီမသောက်ချင်ပါ။ ဒီတော့ချောင်းဆိုးလို့ မဖြစ်။ ဘာရောဂါဖြစ်ရပါ့မလဲ။
ဝရန်တာဆေးခန်းထဲကိုဝင်လိုက်သည်။
" ကဲ လူနာ ဘာဖြစ်လဲ၊ ခုတင်ပေါ်လှဲအိပ်ပါ "
" ဟင် ... ကိုကြီးကလည်း ဖျာကြီးခင်းထားပြီး ခုတင်တဲ့၊ လူနာတွေ ထိုင်စောင့်နေတဲ့ ခုံတန်းရှည်လေး ဒီမှာချထားတာမဟုတ်ဘူး "
" ဝရန်တာမှာ ခုံတန်းထားတာ အမေတွေ့ ရင် ငါ့ကို ဆူမှာပေါ့ "
" ဘာလို့ ဆူမှာတုန်း "
" နင်တို့ တက်ဆော့ပြီး ဝရန်တာက လိမ့်ကျမှာစိုးလို့ပေါ့ "
" ဒေါက်တာကိုကိုကြီးကလည်း အမေဆူမှာကြောက်တာပဲလား "
" စကားများလိုက်တဲ့လူနာ၊ ဘာရောဂါဖြစ်တာလဲ၊ ပါးစပ်ပြဲလာလို့ ပါးစပ်ကို ချုပ်ပေးရမှာလား "
" ဟုတ်ပါဘူး၊ အနာပေါက်လို့ "
" ဖိုးသားဖြစ်ပြီးသား ၊ တခြားဟာပြော "
" ခေါင်းပေါက်တာ "
" ပတ်တီးမရှိတော့ဘူး "
" ရတယ်၊ ဆေးပဲထည့်ပေး၊ ပတ်တီးမစည်းနဲ့"
" ဒီလူနာ သိပ်လျှာရှည်တာပဲ၊ ခေါင်းမပေါက်နဲ့ ဗိုက်အောင့် "
" ဗိုက်အောင့်ရင် စီဗစ် သောက်ရလား "
" လုံးဝမတည့်ဘူး၊ ကဲ ဗိုက်ခွဲမယ် အင်္ကျီလှန် "
" အင် .. စီဗစ် မသောက်ရရင် ဗိုက်မနာပါဘူး ၊ မခွဲဘူး "
ငယ် က အင်္ကျီကို ပြန်ဆွဲချပြီး အတင်းရုန်းသည်။

" ဆရာမရေ လူနာဗိုက်ခွဲမလို့ လာကူပါဦး၊ ဒီမှာရုန်းနေတယ် "
ခေါ်လိုက်တာက ဆရာမ ၊ ဝင်လာတာက တစ်ပြုံလုံး။
" မင်းတို့က ဘာလိုက်လုပ်တာလဲ "
" ဗိုက်ခွဲတာ မမြင်ဘူးလို့ "
ဝရန်တာမှာ သူတို့ ခြောက်ယောက်လုံး ပြည့်ကျပ်သွားသည်။
" မမဆရာမ သမီးဗိုက်မခွဲချင်ဘူး၊ ကိုလေးကိုကျတော့ ခွဲပဲနဲ့"
" ဒီဆရာဝန်က အစကတည်းက ခွဲချင်နေတာလေ၊ နင့်ထက်အကြီးတွေ အကုန်လုံး အခွဲမခံလို့၊ နင်အငယ်ဆုံးပဲ အခွဲခံလိုက်ပါဟာ "
" အီးဟီး ရှောက်သီးဆေးပြားတော့ မကျွေးပဲနဲ့ ဗိုက်ခွဲမယ်တဲ့ "
" ဟဲ့ ရှောက်သီးဆေးပြားက နင်နဲ့မှ မတည့်တာ။ နင်အာသီးရောင်ရင် ငါတို့အားလုံး အဆူခံရမှာ "
" ရှောက်သီးဆေးပြားကျွေးရင် ဗိုက်ခွဲခံမှာလား "
" အင်း "
" ဆရာမ ဆေးတစ်ခွက်စာ ဘယ်နှပြားလဲ"
" လေးပြား "
" လေးပြားပဲရမယ် ၊ ဒါပဲ ၊ ခွဲမှာလား "
" ခွဲ "

ကိုကိုကြီးက ဆော့ပင်နှစ်ချောင်းယူကာ ငယ့်ဗိုက်ကို ခွဲလေတော့သည်။
မမက ဝရန်တာကြိုးတန်းပေါ်က အင်္ကျီလှန်းတဲ့ညှပ်လေးတွေယူကာ ငယ့်ဂါဝန်လေးကိုလှန်မပြီး ပခုံးနားမှာညှပ်ပေးသည်။ ကိုကိုကြီးက လှန်းထားတဲ့ ဖေဖေ့ရှပ်အင်္ကျီကို ခွဲစိတ်ခန်းဝတ်စုံဆိုကာ နောက်ပြန်စွပ်လို့ ကြယ်သီးတစ်လုံး နောက်ကျောမှာတပ်ပြီးဝတ်သည်။ ကိုလေးခေါင်းက ပတ်တီးက အခုတော့ ဒေါက်တာကိုကိုကြီးရဲ့  နှာခေါင်းစည်း။
" ဟီးဟီး ဆရာဝန်နဲ့ မတူတော့ဘူး ၊ ဓါးပြ နဲ့တူတယ် "
မေ့ဆေးပေးမထားတဲ့ငယ်ကတော့ အော်ဟစ်လူးလိမ့်နေသည်။ နာလို့တော့ မဟုတ်။ ယားလို့ ။
သူတို့ အုပ်စု ဝရန်တာမှာ ဆူညံနေတော့ အိမ်တံခါးခေါက်နေတာ မကြားမိကြ။ မမကကြားလို့ သွားဖွင့်တော့ ငယ်တို့မေမေနဲ့ ကိုဖိုးသားရဲ့ မေမေ ဒေါ်လေးရီရီ တို့ ဈေးကပြန်လာတာ။
" ခေါ်မကြား အော်မကြား ဘာတွေလုပ်နေကြတာတုန်း။ မေမေ အောက်ကနေလှန်းမြင်နေရတယ်နော်။ အားလုံးဝရန်တာမှာ ဘာထွက်လုပ်နေကြတာလဲ ပြောစမ်း "
" ကစားနေတာပါမေမေ "
" အော် ခြောက်ယောက်လုံး စုပြုံနေမှတော့ ကစားနေမှန်းသိတာပေါ့။ ညည်းတို့ဘာလုပ်တမ်းကစားလို့ ဝရန်တာမှာ ကစားရတာလဲ။ ငယ်လေးလာစမ်း အင်္ကျီကလည်း လန်လို့။ ဟဲ့ . . ဗိုက်မှာလည်း ဘာတွေလဲ "
ငယ် အင်္ကျီကို ပြန်ချဖို့ သတိမရလိုက်ပါ။ မေမေတွေ့ သွားလျှင် မစားလိုက်ရမှာစိုးလို့ ရထားတဲ့ ရှောက်သီးဆေးပြားကို ပါးစပ်ထဲ အမြန်ထည့်နေရတာနဲ့ အင်္ကျီကို ပြန်မချမိ။

" ငယ်လေး လာဒီကို၊ ပါးစပ်ဟ ။ ရှောက်သီးဆေးပြားတွေ ... သားကြီး ... တော်တော်စိတ်ချရပါလား ... ညီမလေးနဲ့ မတည့်လို့မကျွေးပါနဲ့ဆိုတာကို။ ကြည့်စမ်း သင်္ကြန်တွင်းစားရအောင်ဆိုပြီး ဝယ်ပေးထားတဲ့ မုန့်တွေလည်း အကုန်ကုန်ပြီ။ ကျောက်ကျောထိုးမယ့် ချောကလက်ရောပဲ "
" အေးလေ သားတို့ကလည်း နမိတ်မရှိနမာမရှိ ကလေးကို ဗိုက်ခွဲတမ်း ကစားရတယ်လို့ ၊ နောက်မကစားရဘူး ကြားလား "

ထိုနေ့က သင်္ကြန်အကြိုနေ့ မတိုင်မီတစ်ရက် ဧပြီ ၁၁ ရက်နေ့ ။ မေမေတို့ လူကြီးတွေ သင်္ကြန်တွင်း စတုဒီသာကျွေးဖို့ ချက်ပြုတ်ရန်ဈေးသွားဝယ်ကြချိန် ကလေးတွေကို ကိုကိုကြီးအားစောင့်ခိုင်းထားခြင်းဖြစ်သည်။ အဲဒီ့နောက်တော့ မမနဲ့ ကိုလေးတို့ ဝရန်တာမှာဆော့မှု၊ တစ်ပတ်စာမုန့်တွေကို အကုန်စား အကုန်ဆော့ပစ်မှုတို့ကြောင့် နှစ်ချက်စီ အရိုက်ခံရသည်။ ငယ်လေးကတော့ မေမေရိုက်သည့်ဘေးမှ အမြဲတမ်းလွတ်နေကျ။ ကိုကိုကြီးက ခေါင်သူကြီးမို့ တစ်ချက်ပိုသည်။ ပိုလာသော ပြစ်မှုကတော့ ငယ့်အား ရှောက်သီးဆေးပြားကျွေးမှု။ တကယ်တော့ ကိုကိုကြီးခမျာ ဘာမုန့်မှ မစားလိုက်ရပါ။

ဘာမုန့်မှ မစားရဘဲ တုတ်စားလိုက်ရသော ဒေါက်တာကိုကိုကြီးမှာ ညနေစောင်းမှာတော့ ဗိသုကာကိုကိုကြီး အဖြစ်သို့ ပြောင်းလဲသွားတော့သည်။

" တို့တွေ မဏ္ဍပ်ဆောက်ကြမယ် "
" ဟင် ဘယ်လိုဆောက်မှာလဲ " "ကိုကြီးက ဆောက်တတ်လို့လား " " သစ်သားက ဘယ်မှာလဲ " မေမေဆူထားလို့ ငြိမ်နေကြသူတွေအားလုံး တစ်ယောက်တစ်ပေါက်နှင့် ပြန်ဆူလာပြီ။
" အုန်းလက်မဏ္ဍပ်ဆောက်မှာ၊ သစ်သားမလိုဘူး "
" အုန်းလက်က ဘယ်ကရ ... " မမရဲ့  အမေးစကားမဆုံးလိုက်။ " လာ သွားကြမယ်" ဆိုသော ကိုကိုကြီးနောက်သို့ သူတို့အားလုံးပါသွားကြသည်။ လမ်းဆုံးလျှင် အုန်းလက်တွေ့ မှာ သေချာသည်။
ငယ်တို့ လမ်းနှင့် နှစ်လမ်းကျော်မှာ ဘုန်းကြီးကျောင်းတစ်ကျောင်းရှိသည်။ ကိုကိုကြီးက ထိုကျောင်းထဲ ချိုးဝင်သွားတော့ ငယ်တို့လည်း ဖိနပ်လေးတွေချွတ်လို့လိုက်ရသည်။ ဝင်းထဲရောက်လို့ အုန်းပင်ပုလေး သုံးပင်မြင်တော့ မမ နဲ့ မမမီးက ခုန်ဆွခုန်ဆွဖြစ်ကာ ပျော်နေကြသည်။

ကိုကိုကြီးကို သိနေသော၊ သဘောကောင်းသော ကပ္ပိယကြီးက ဓါးမကြီးဆွဲကာ အုန်းလက်များလိုက်ခုတ်ပေးသည်။ အုန်းလက်တစ်လက် ခုတ်အပြီးမှာ ပြဿနာက စတော့သည်။
" အ ... အား စူးတယ် စူးတယ် " ဘုန်းကြီးကျောင်းဝင်း အုန်းပင်တွေအောက် မြက်တော သဲတောထဲ ဖိနပ်ချွတ်ပြီးသွားတော့ ငယ့်ခြေထောက် ဆူးစူးပြီပေါ့။ မမက တင်ပျဉ်ခွေထိုင်ကာ ငယ့်ကို သူ့ပေါ်ထိုင်စေလျက် ကိုလေးနဲ့ မမမီးက ငယ့်ခြေဖဝါးကို ပွတ်သပ်ကာ ဆူးကို ဝိုင်းရှာကြသည်။ မြေလူးနေသောခြေဖဝါးမှာ စူးပေါက်စနကို သူတို့ရှာမရ။

" ဘာမှ မရှိတော့ဘူးငယ်လေး၊ ကိုလေးခြေထောက်ကို ပွတ်ပေးပြီးပြီးနော်၊ လျှောက်ကြည့် "
" အီးးးးး စူးသေးတယ် ရဘူး၊ လျှောက်လို့ရဘူး "
" ဒုက္ခပဲ ကိုကြီးကလည်း ဒီဗူးသီးပုတ်ကလေးကို ဘာလို့ခေါ်လာတာလဲမသိဘူး "
" ငါ့ညီမလေးကို ဗူးသီးပုတ်လေးလို့ မပြောပါနဲ့ဟ "
" ဒါဆို ထမင်းသိုးဟင်းသိုးလေး ဟီဟိ " မမရဲ့  ရှုံ့ ရှုံ့ မဲ့မဲ့နှင့်အပြောကို ကိုကိုကြီးက လက်မခံလို့ မမမီးက ပြောင်ချော်ချော်ဖြင့် ပြင်ပေးသည်။ အုန်းလက်က တစ်လက်ပဲ ခုတ်ရသေးသည်။

" ကဲ အုန်းလက်သယ်မလား ၊ ငယ်လေးကို ကုန်းပိုးမလား ရွေးကြ "
" အုန်းလက်က ဘယ်နှလက်သယ်ရမှာလဲ "
" အစက နှစ်ယောက်တစ်တွဲ သုံးလက်သယ်မှာမို့ ငါ့ဗူးသီးပုတ်လေးပါ ခေါ်လာတာပေါ့ "

အားလုံးခေါင်းကုတ်ရင်း ငယ်ထွေးနှင့် အုန်းလက်အလေးချိန်ကို ချိန်ဆကြသည်။ နောက်တော့ ဤပုဂ္ဂိုလ်လေးကို အိမ်အရောက်ကုန်းပိုးရန် မလွယ်မှန်းသိတော့ အုန်းလက်ကိုသာရွေးချယ်သွားကြသည်။ ကိုလေးနှင့် ကိုဖိုးသားက တစ်ယောက်တစ်လက်စီဆွဲပြီး မမတို့နှစ်ယောက်က နှစ်ယောက်ပေါင်းတစ်လက် သယ်ကြမည်။
ခုတ်ရန်ကျန်သေးသော အုန်းလက်နှစ်လက်ကို ကပ္ပိယကြီးက ကလေးတွေမသယ်နိုင်မှာစိုး၍ ခတ်တိုတို ခုတ်ပေးသည်။

" ကဲ ထမင်းသိုးဟင်းသိုးလေး ကျောပေါ်တက်တော်မူ " ကျန်လေးယောက် အုန်းလက်သယ်တာကို ကိုကိုကြီးရဲ့  ကျောပေါ်က အခန့်သားကြည့်ရင်း ငယ်အိမ်ပြန်ခဲ့ရသည်။ မမတို့နှစ်ယောက်က အရင်းအဖျားတစ်ယောက်စီစွဲလို့ အေးအေးဆေးဆေး။
ကိုလေးတို့ နှစ်ယောက်ကတော့ မဏ္ဍပ်မဆောက်မီ ရပ်ကွက်လေးကို အုန်းတံမြက်စည်းဖြင့် လှဲပေးခဲ့ကြသည်။

အကြိုနေ့မနက်မှာ သူတို့အဖွဲ့ တိုက်ရှေ့ က ပိတောက်ပင်ပေါက်စအောက်မှာ မဏ္ဍပ်ဆောက်ကြသည်။ မမတို့သယ်လာသော အရှည်ဆုံးအုန်းလက်ကို ပိတောက်ပင်စည်မှာကပ်ချည်၊ ကျန်နှစ်လက်ကိုတော့ ပိတောက်ကိုင်းမှာချည်။ ကပ္ပိယကြီးရဲ့  စေတနာကြောင့် ပိတောက်ကိုင်းက အုန်းလက်နှစ်လက်မှာ မြေမှာထောက်မနေဘဲ လေထဲမှာတွဲလွဲ။ လေးလွှာကိုဖိုးသားတို့ အိမ်က ပလတ်စတစ်စည်ပိုင်းလေးတွေ သယ်ချလိုက်တော့ သူတို့ အုန်းလက်မဏ္ဍပ်လေး ပြီးသွားပြီ။

စည်ပိုင်းထဲက ရေနိမ့်ကျသွားချိန်မှာ ငယ်ခပ်ဖို့ မမှီမကမ်းဖြစ်လို့ တစ်ယောက်တစ်လှည့် ခပ်ခပ်ပေးရတာကလွဲလို့ ငယ်တို့ရဲ့  အုန်းလက်မဏ္ဍပ်သင်္ကြန်လေးက ချစ်စရာ ပျော်စရာ သိပ်ကောင်းခဲ့သည်။
အဲဒီ့အချိန်က ကိုကိုကြီးက ခုနှစ်တန်း၊ မမက ငါးတန်း၊ ကိုလေးက သုံးတန်းနဲ့ ငယ်က သူငယ်တန်းဖြေပြီး နွေရာသီကျောင်းပိတ်ထားချိန်ပေါ့

x x x x x x x


လမ်းထဲသို့ ချိုးကွေ့ ဝင်လိုက်ရင်း ကြည့်နေကျအတိုင်း ငယ်တို့အိမ် ဝရန်တာလေးကို လှမ်းကြည့်မိသည်။ မေမေ ရှိမနေသလို ဘာအဝတ်အစားမှ လှန်းထားချင်းလည်းမရှိဘဲ ဝရန်တာလေးမှာ ပြောင်ရှင်းနေသည်။ ဟိုတစ်ချိန်နွေရာသီတုန်းကတော့ ဝရန်တာမှာ လှန်းထားသော ဖေဖေ့အင်္ကျီကို ယူကစားခဲ့ကြဖူးသည်။ ဖေဖေ့အင်္ကျီတွေ လှန်းစရာမလိုတော့အောင် ထာဝရခွဲခွာသွားတော့ ကိုကိုကြီးရဲ့  အလုပ်ဌာနမျိုးစုံမှ ယူနီဖောင်းမျိုးစုံက အစားဝင်ခဲ့သည်။ အခုတော့လည်း ကိုကိုကြီးရဲ့  အင်္ကျီလေးတွေပင် ဝရန်တာမှ မတွေ့ရတာ နှစ်ချီနေခဲ့ပြီ။ သူဝတ်ခွင့် မသာခဲ့သော ဂျူတီကုတ်ကို သူ့ညီမ ငယ်ထွေး ဝတ်နိုင်စေဖို့ အတွက် မလေးရှားမှာ အလုပ်သွားလုပ်နေတာပဲ ငါးနှစ်ကြာခဲ့ပြီကော။ ကိုကိုကြီးမှ မဟုတ်ပါဘူးလေ မမလို မိန်းကလေးတောင်မှ အမကြီးပီသစွာ ငယ်ထွေးတို့ အငယ်နှစ်ယောက်မကြောင့်မကြ ပညာသင်နိုင်ရေးအတွက် နိုင်ငံရပ်ခြားထွက်သွားခဲ့ရတာပဲ

တစ်ခါတစ်ခါတော့လည်း မဖြစ်နိုင်မှန်းသိပေမယ့် အချိန်တို့ကိုနောက်ပြန်ဆွဲကာ အတိတ်မှာ ပျော်ဝင်ချင်မိသည်။
ထိုစဉ်ကနွေရာသီ ကျောင်းပိတ်ချိန် သင်္ကြန်ရက်မျိုးရခဲ့သလို ငယ်တို့ မောင်နှမအားလုံးအတွက် နွေရာသီ ပျော်စရာသင်္ကြန်ရက်များ ပြန်ရချင်ပါသေးသည်။
ဒီနှစ်မှာ မဆုံနိုင်သေးရင်တောင်မှ နောက်နှစ်တွေမှာ ပြန်ဆုံကြဖို့ မြန်မာပြည်မှ မောင်နှမများအားလုံးကိုယ်စား အကြိမ်ကြိမ်အခါခါ ငယ်ဆုတောင်းမိသည်။ ။


x x x x x x x


Blog တစ်နှစ်ပြည့် အမှတ်တရ

ညိုလေးနေ
( 17.04.2012 ) 12:15 am