Thursday, December 4, 2014

အမေနှင့် ရေစုန်၊ ရေဆန်၊ သင်္ဘောနစ်ခြင်း

ခေါင်းစဉ်ဖတ်ပြီးတော့ အမေနဲ့ မယ်ညို ရဲ့စွန့်စားခန်းလို့တော့ မထင်ကြစေချင်ပါဘူး။ စုန်ရေတွေ ဆန်ရေတွေနဲ့ တင်စားတဲ့ မေတ္တာတရားအကြောင်းလည်း မဟုတ်ပါဘူး။ စာရွက်ပေါ်က ဂဏန်းတွေနဲ့ စုန်ကြ၊ ဆန်ကြတဲ့အကြောင်း အမှတ်တရပါ။

အမေက ကျောင်းဆရာမ လုပ်ခဲ့ဖူးတယ်။ အဲဒီတော့ ကလေးတွေကို စာကောင်းကောင်းသင်တတ်တယ်။ သားသမီးတွေကို ကိုယ်တိုင်စာပြပေးလို့ မယ်ညို တို့မောင်နှမတစ်တွေအားလုံး ခုနှစ်တန်းအထိ ကျူရှင်မယူခဲ့ရဘူး။ သင်္ချာညံ့ရင် သိပ်အမြင်ကတ်တာနော် လို့ပြောတတ်တဲ့ အမေက သင်္ချာ ဥာဏ်လည်းသိပ်ကောင်းပါတယ်။  ဒီလိုနဲ့ မယ်ညို ကျောင်းမှာ ရေစုန်၊ ရေဆန်၊ လေစုန်၊ လေဆန် ပုစ္ဆာတွေသင်ရတဲ့ အရွယ်ရောက်လာပါတယ်။

သင်္ဘောက မြစ်ရေအတိုင်း စုန်ဆင်းရင် သွားနှုန်းမှာ ရေစုန်နှုန်း ထည့်ပေါင်း၊ ရေဆန်ကို လှေလှော်သွားရင် လှေလှော်နှုန်းထဲက ရေစုန်နှု န်းကိုနှု တ် ..... ။ ရေစုန်၊ ရေဆန် ပုစ္ဆာတွေ။ ပြဿ     နာက မြစ်နား၊ ချောင်းနားမှာ နေရသူလည်းမဟုတ်၊ ရန်ကုန်မှာ လေပြင်းတိုက်တာလည်း မကြုံဖူးလေတော့ စုန်တာ၊ ဆန်တာတွေကို မယ်ညိုက လက်မခံနိုင်တာပါပဲ။ ကျောင်းမှာ ဆရာမပြောသလို အပေါင်း၊ အနှုတ်တွေ လုပ်လာပေမယ့် အိမ်ရောက်ရင်တော့ မယ်ညို ရစ်ပါတယ်။

" လှေလှော်တဲ့အခါ ရေလေးက စီးနေတော့ မြန်မြန်ရောက်သွားတာပေါ့သမီးရဲ့၊ မလှော်ဘဲနေရင်တောင် ရေနဲ့ မျောသွားမှာကို လှော်လိုက်တော့ ရှေ့ပိုရောက်သွားတာပေါ့ အဲဒါကြောင့် ပေါင်းရတာ "

" အမေရဲ့ ..... သင်္ဘောက စက်ကြီးတပ်ထားတဲ့ဟာကို အဲဒီ့ရေက သူဟာသူ စီးစီးမစီးစီး ဘာလို့နှု တ်ရမှာလဲလို့၊ စက်နဲ့မောင်းတာပဲ ရှေ့ကို သွားမှာပေါ့ "

လူရေကူးတာတွေ၊ လှေလှော်တာတွေကို မကျေလည်သော်လည်း အထွန့်မတက်ပေမယ့် စက်တပ်ထားတဲ့သင်္ဘောကို ရေကတွန်းတယ်ဆိုတာတော့ မယ်ညို ကလက်မခံပါဘူး။ ခံငြင်းပါတယ်။ အမေကလည်း သူ့သမီးနားလည်အောင် နည်းမျိုးစုံနဲ့ရှင်းပါတယ်။ ဒါပေမယ့် မယ်ညို ကလည်း မယ်ညို ပါပဲ။ စိတ်ထဲမှာ မရှင်းလို့ကတော့ လက်မခံပါဘူး။

စာမေးပွဲနီးလို့ အိမ်မှာ အမေက မေးခွန်းလေးတွေထုတ်ပေးပြီး အစမ်းဖြေခိုင်းတဲ့အခါ မှားမြဲ မှားဆဲပါပဲ။ သုံးချက်တွက်နည်းနဲ့ သင်္ဘောစက်နှု န်းနဲ့ ပေးထားတဲ့နာရီမှာ ဘယ်နှမိုင် ရောက်တယ်ဆိုတာပဲ တွက်တယ်၊ ရေစီးနှုန်းကို ထည့်မပေါင်း၊ မနှုတ်ပါဘူး။ စာမေးပွဲမှာ မှားမှာစိုးလို့ အမေက ဆူပြီး ဘက်တူရင်ပေါင်း၊ ဆန့်ကျင်ဘက်ဆိုနှုတ် ဆိုပြီး အတိုကောက် မှတ်ခိုင်းတော့ အမေ့သင်္ဘောက စက်ကြီးနဲ့ပါဆို ဆိုပြီး မယ်ညို ငိုပါတယ် :)

စာမေးပွဲဖြေပြီး နေ့လယ် ပြန်လာတော့ ဘေးအိမ်က အဘွားက လှမ်းခေါ်တယ်။

" အငယ်လေး စာမေးပွဲ ဖြေနိုင်လား "  
" ဟုတ်။ ဘွားက သမီး စာမေးပွဲရှိတာ ဘယ်လိုလုပ်သိတာလဲ "
" မနက်က ညွန့် စာသင်နေတာမြင်တယ်။ ငါ့မြေးငိုတာလည်း ဘွားကြားတာပေါ့။  မြေးက ညွန့် သင်တာကို နားမလည်လို့လား။ အငယ်လေးကို မဆူရဘူးလို့ ညွန့် ကို ဘွားပြောထားတယ်သိလား။ ငါ့မြေးကလည်း မငိုရဘူးနော် ကြာလား "

စာမရလို့ငိုတယ် ထင်သွားမှာစိုးတာရော၊ စကားပြောလေးနဲ့ တအိအိငိုတာကို အဘွားကြားသွားလို့ရော မယ်ညို နဲနဲတော့ ရှက်သွားပါတယ်။ စာသင်ပေးတဲ့ အမေ့ကို မယ်ညို ရစ်တာ အိမ်နီးနားချင်းတွေ သိတဲ့အထိပါပဲ။ နောက်တော့ အိမ်ကို ပြန်ပြေးပြီး အမေ့ကို အဘွားဆူလိုက်လားဆိုပြီး အမောတကော မေးရပါသေးတယ်။ အမေက နောက်ကို မစုန်ဘူး၊ မဆန်ဘူး ငြင်းဦးမှာလား ဆိုပြီး ရယ်နေပါတော့တယ်။




သင်္ဘောနစ်တာကတော့ မယ်ညို့ ကြောင့် မဟုတ်ပါဘူး။ တစ်ရက်မှာ မယ်ညို့  အစ်မနှစ်ယောက်နဲ့ အစ်မဝမ်းကွဲ တစ်ယောက် သင်တန်းတစ်ခုအတွက် ဗဟုသုတနဲ့ သင်္ချာဥာဏ်စမ်း သွားဖြေကြပါတယ်။ သူတို့တွေက မယ်ညို နဲ့ကွာသလို အသက်သိပ်မကွာကြဘဲ မတိမ်းမယိမ်းတွေ။ အိမ်ပြန်ရောက်လာတော့ မမကြီးက အစ်မလတ်ကို မေးတယ် နင့် သင်္ဘောက ဘယ်နှနာရီမှာ နစ်သွားလဲ တဲ့။ အစ်မလတ်က ဂဏန်းတစ်ခု ပြောလိုက်သလို အစ်မ ဝမ်းကွဲကလည်း သူဖြေခဲ့တဲ့ နာရီကို ပြောလိုက်တယ်။ အဲဒီ့မှာ မမကြီးက တခွိခွိနဲ့ ထ ရယ်ပါတော့တယ်။

အမေက ပုစ္ဆာပြောပြပါဦး ဆိုလို့ မမကြီးပြန်ပြောပြတဲ့ပုစ္ဆာ မယ်ညို မှတ်မိသလောက်က ဒီရေအတက်အကျ ရှိတဲ့ ရေထဲက ရေဆူး ၁၃ ပေရှိ သင်္ဘောပေါ်မှာ ကုန်တွေတင်ထားလို့ ရေဆူးအမှတ်က ၇ ပေ မှာရှိနေပါသတဲ့။ ဒီရေက တစ်နာရီကို ၉ လက်မနှုန်းနဲ့ တက်နေတဲ့အတွက် ဘယ်နှနာရီကြာရင် သင်္ဘောမြုပ်နိုင် ပါသလဲ တဲ့။ ( ပုစ္ဆာရဲ့ သဘောတရားကိုပဲ ပြောချင်တာပါ။ ဂဏန်းတွေ မမှတ်မိပါဘူး။ )

ပုစ္ဆာသိရလို့ မယ်ညို စိတ်တွက်နဲ့ လိုက်တွက်နေတုန်း အမေက အမေ့သမီးတွေ လုပ်နေပြီး သင်္ဘောကို နှစ် ပစ်ခဲ့ကြရောလား ဆိုပြီးမေးတော့ မမကြီးက ပိုလို့ ရယ်ပြီး ဟုတ်တယ် အမေ သမီးတို့လက်ချက်နဲ့ နစ်သွားပြီ  ဆိုပြီး ဖြေပါတယ်။ အဲဒီ့အချိန်အထိ မယ်ညို နားမလည်သေးပါဘူး။ ငါတောင် တွက်လို့ ရတဲ့ပုစ္ဆာ အစ်မတွေက ဘာမှားလို့လဲ ဆိုပြီး တွေးလိုက်ပါသေးတယ်။

" သင်္ဘောပါ ဆိုမှအေ ပစ္စည်းတွေနင်းကန် တင်မှ နစ်မှာပေါ့။ ဒီရေတက်တာနဲ့ နစ်မလား။ ရေတက်ရင် တက်သလောက် သူလည်း ရေပေါ်လိုက်မြင့်နေမှာပေါ့ "

အမေ့ အဖြေဆုံးမှ မယ်ညိုလည်း သဘောပေါက်ပြီး လိုက်ရယ်မိပါတော့တယ်။ ဟုတ်ပါရဲ့။ သင်္ချာစာမေးပွဲ သီးသန့်မှ မဟုတ်တာ။ ဗဟုသုတ ပါ ပါတယ်ဆိုတာ မယ်ညို့  အစ်မတစ်တွေ သတိလွတ်သွားကြတော့ သုံးယောက်ပေါင်းပြီး သင်္ဘောကို နှစ်လိုက်ကြတာပေါ့။ နှစ်ခါပြန်စဉ်းစားချိန် မရှိလောက်အောင်များတဲ့ ဓမ္မဓိဋ္ဌာန်မေးခွန်းတွေကြောင့် နှစ်ပစ်ခဲ့တာကို မမကြီးက စားမေးပွဲခန်းကထွက်လာပြီး ပြန်ဖတ်တော့မှ သတိထားမိတာတဲ့။

အဲဒီ့အချိန်က တစ်ယောက်ကို တစ်ယောက်လက်ညှိုးထိုးပြီး ရယ်ခဲ့ကြတဲ့ မယ်ညို တို့ညီအစ်မတစ်တွေဟာ မေးခွန်းတစ်ခါကြားတာနဲ့ အဖြေတန်းသိတဲ့ အမေ့လောက်တော့ သင်္ချာဥာဏ်၊ ဖြတ်ထိုးဥာဏ် မကောင်းတာတော့ အမှန်ပါပဲ။      ။


ညို လေးနေ 
04.12.2014  ( 10:39 am )

Tuesday, December 2, 2014

လွမ်းနေဆဲကမ်းခြေ


လွမ်းနေဆဲကမ်းခြေ 
**************

စိတ်ထွေ မငြီး
အပန်းပြေ ခရီး
ကမ်းခြေ အနီး
အလွမ်းတွေ ပြီးမလား

ကျောက်ဆောင်ပေါ်ရောက်
သဲသောင်ပေါ်လျှောက်
သစ်ပင်လေးအောက်
အလွမ်းတွေ ပျောက်မလား

နေရာတွေမလပ်
ခြေရာတွေထပ်
ဒီကမ်းခြေစပ်
အလွမ်းတွေ ပျက်မလား

သို့ပေမယ့်ခက်
ထာဝစဉ်ဆက်
ရင်မှာထပ်ဟပ်
လွမ်းလျက် သိလား

 x x x x x


ညို လေးနေ 
18.11.2014  ( 10:00 am )

Facebook မှာ Black & White ပုံတွေတင်ကြတုန်းက ရေးဖြစ်သွားတဲ့ ကဗျာလေးပါ။

 

Saturday, September 6, 2014

အမေနှင့် ဘာပဲဖြစ်ဖြစ်ပေါ့ သမီးရယ်

အရင်တစ်ခါ ဆိုခဲ့တဲ့အတိုင်း မယ်ညို ဟာ အစ်ကို၊ အစ်မ တွေနဲ့ တွတ်ထိုးပြီး သိပ်မနေပေမယ့် အမေ့ကိုဆိုရင်တော့ တောက်တဲ့ကပ်ကပ်ပြီး ဟိုမေးဒီမေး မေးတတ်တယ်။ မေးစရာမရှိရင် အမေတို့ ငယ်ငယ်က အကြောင်းတွေ ပြောပြဖို့ တောင်းဆိုတတ်တယ်။ အဲဒီ့ မေးခွန်းပေါင်းများစွာထဲက မယ်ညို မေးလေ့ ရှိတတ်တာလေးတွေနဲ့ အမေ့ရဲ့ ဖြေပုံလေးကို အမှတ်တရ ရေးထားချ င်ပါသေးတယ်။

နှစ်တန်းကျောင်းသူဘဝမှာ " နင်ကဘာလို့ ရုပ်ဆိုးပြီး ပုနေတာလဲလို့ " မေးခံခဲ့ရတဲ့ မယ်ညို ရဲ့ မသိစိတ်ထဲမှာ သိမ်ငယ်စိတ်ကလေးဝင်သွားတယ်။ လှချင်စိတ်ကလေး ကျန်နေခဲ့တယ်။ အဲဒီတော့ ကြုံရင်ကြုံ သလို၊ တိုက်ဆိုင်ရင် တိုက်ဆိုင်သလို " သမီးကြီးလာရင် လှလာမှာလား၊ ဒီလိုရုပ်ပဲ ရှိနေမှာလား မသိဘူးနော် " လို့ အမေ့ကို မေးတတ်တယ်။ အဲဒီ့မေးခွန်းကတော့ ကိုယ့်ကိုယ်ကို သေချာသိသွားတဲ့အချိန်အထိ အများဆုံးမေးခဲ့တဲ့မေးခွန်းပေါ့   :)

ဆရာဝန်လည်းဖြစ်ချင်၊ အင်ဂျင်နီယာလည်းဖြစ်ချင်၊ ပန်းချီကလည်း ဆွဲချင်သေးတယ် ဆိုတဲ့ ကလေးအရွယ်မှာ ကလေးသဘာဝ  မေးတတ်တဲ့ " သမီးကြီးလာရင် ဘာဖြစ်မှာလဲ၊ ဘာလုပ်ရမလဲ " ဆိုတာတွေလည်း မေးခဲ့တယ်။ ၈၈ အရေးအခင်းနဲ့ ကြုံ ရတဲ့အချိန်၊ ဆယ်တန်းဖြေပြီး လေးနှစ်တိတိ ကျောင်းတွေပိတ်ထားခဲ့တဲ့ အချိန်တွေမှာ " စာသင်ရပါ့ဦးမလား ၊ ဘွဲ့မှရပါ့မလား "  ဆိုတဲ့မေးခွန်းတွေလည်း ပါခဲ့တယ်။ အတွေးများတတ်သူပီပီ အခြေအနေတွေ ပြောင်းလာတာနဲ့အမျှ မယ်ညို့ ရဲ့ ရှေ့ရေးကိုတွေးတောပူပင်တဲ့ မေးခွန်းတွေကလည်း မထပ်အောင် များလာခဲ့တယ်။

အရွယ်ပြောင်းလို့  မေးခွန်းတွေ ပြောင်းလာတဲ့အခါ အမေ့ရဲ့ အဖြေတွေကလည်း အရင်ကလို တိုတို ရှင်းရှင်းလေးတွေ မဟုတ်တော့ဘဲတွေးစရာလေးတွေ ပါလာခဲ့တယ်။ ဒါပေမယ့် အမြဲတမ်း မပြောင်းလဲတတ်တာလေးက ရှေ့ရေးအတွက် တွေးတောပူပင် မေးခွန်းတွေ မေးတဲ့အခါ ပြန်မဖြေခင်မှာပဲ ဖြစ်ဖြစ် အားလုံး အစုံဖြေပြီးသွားတဲ့ အခါမှာပဲဖြစ်ဖြစ် သီချင်းလေးတစ်ပိုဒ်ကို အမေက ခပ်ပြုံးပြုံးနဲ့ ဆိုလေ့ရှိတာပါပဲ။ အမေဆိုတတ်တဲ့ သီချင်းပိုဒ်လေးက Doris Day ရဲ့ Que Sear Sear သီချင်းလေးထဲက Chorus အပိုဒ် ပါ။
Que Sear Sera
Whatever will be will be,
The future not ours to see ,
Que Sera Sear
What will be be 

အမေဆိုပြတာကို သဘောတွေကျပြီး နားထောင်ခဲ့ပေမယ့် သိပ်ငယ်သေးတဲ့အချိန်တုန်းကတော့ အမေက မေးတာတွေဖြေပြီး ကျေ နပ်အောင် ချော့မော့ သီချင်းဆိုပြတယ်လို့ပဲ ထင်ခဲ့တယ်။ နည်းနည်းလေးကြီးလာမှ ဒီသီချင်းလေးကိုယ်တိုင်က မယ်ညို့ ရဲ့ မေးခွန်းဖြစ်သွားတယ်။

" အမေဆိုတာ ဘာလဲဟင်၊ သမီးနားမလည်ဘူး "
" အမေစောစောက ပြောလိုက်တယ်လေ  ဘာပဲဖြစ်ဖြစ်ပေါ့ သမီးရယ် ၊ ရှေ့ဘာဖြစ်လာမလဲ အမေတို့ သိတာမှ မဟုတ်တာ၊ တွေးပူမနေပါနဲ့၊ ဘာတွေဖြစ်လာလာ သမီးလက်ခံနိုင်ဖို့ပဲ အရေးကြီးတာ ဆိုတာ  အဲဒီ့အဓိပ္ပါယ်ပဲပေါ့ "

ဟုတ်ပါရဲ့။ အမေက သီချင်းပဲဆိုတာမှ မဟုတ်တာ။ သီချင်းပိုဒ် ဆုံးသွားတိုင်းလည်း ဒီစကားကို ပြောတတ်တာ ငယ်သေးလို့ မယ်ညို မဆက်စပ်တတ်ခဲ့ဘူး။

ပစ္စုပ္ပန်ကို တည့်တည့်ရှု ဆိုတဲ့ ဗုဒ္ဓအဆုံးအမနဲ့ နီးစပ်လှတဲ့ အမေဆိုတဲ့ သီချင်းစာပိုဒ်လေးက မေးခွန်းတွေဖြေပြီးတိုင်း စိတ်မပူဖို့  နှစ်သိမ့်ရုံတင် မဟုတ်ခဲ့ပါဘူး။ မယ်ညို့  ဘဝရဲ့ အရေးပါတဲ့အချိန်တွေမှာလည်း အထောက်အကူဖြစ်ခဲ့တယ်။ လဲကျ သွားချိန်တွေမှာလည်း ဆွဲထူပေးခဲ့တယ်။ မှတ်မှတ်ရရ ဆယ်တန်း အမှတ်စာရင်းတွေ ထွက်တဲ့အချိန်က လိုချင်တဲ့ အမှတ်မရလို့ သုံးလေးရက်လောက် ဆောက်တည်ရာမရ ဖြစ်ခဲ့ဖူးတယ်။ သူငယ်ချင်းအိမ်ကို လိုက်ပို့ခိုင်းပြီး သူငယ်ချင်းဆီကိုရောက်တာနဲ့ အိမ်ပြန်ချင်တယ်ဆိုပြီးပြန်လာ၊ အိပ်ယာထဲမှာ  ခွေနေတော့တာ။   နောက်တော့လည်း သမီးအတတ်နိုင်ဆုံးကြိုးစားခဲ့ပြီးပြီပဲ၊ ဘာပဲဖြစ်ဖြစ် ခုချိန်မှာ ဘာဆက်လုပ်မလဲ ဆိုတာပဲစဉ်းစားရမှာပေါ့ ဆိုတဲ့ စကားနဲ့  Que Sear Sear သီချင်းသံအောက်မှာပဲ ငိုတာတွေ ရပ်ခဲ့ရတယ်။

ဆယ်တန်းအောင်ပြီးတဲ့နောက် တက္ကသိုလ်တက်တဲ့ အချိန်တွေမှာ လက်ရှိအချိန်အထိ ဘာလိုချင်တယ် ဘာလုပ်ရမယ်ဆိုတာ ကိုယ့်ဟာကိုယ် သေချာနေတဲ့ မယ်ညို မေးခွန်းတွေ သိပ်မထုတ်ဖြစ်ခဲ့တော့ဘူး။ ဒါပေမယ့် နောက်ဆုံးတက်ခဲ့တဲ့ ကျောင်းပြီးခါနီးတစ်နေ့  ညနေစောင်းအချိန် အမေနဲ့ လမ်းလျှောက်ထွက်ရင်း မေးမိတယ်

“ ကျောင်းပြီးသွားရင် ဘာတွေဖြစ်လာဦးမလဲမသိဘူးနော် အမေ ”

တကယ်တော့ မယ်ညိုတတ်ထားတဲ့ပညာနဲ့ အလုပ်တစ်နေရာရာဝင်ချင်ရင် တန်းဝင်လို့ ရပေမယ့် ဟိုတွေးဒီတွေး တွေးတတ်တဲ့အကျင့်အတိုင်း မေးလိုက်မိတာပါ။ ဒါပေမယ့် ဒီတစ်ခါတော့ အမေက မယ်ညို
တွေးမထားသေးတာတွေပါ ထည့်ပြီးဖြေသွားတယ်။

“ ဘာတွေဖြစ်လာမလဲသမီးရယ်၊ သမီးကအလုပ်လုပ်၊ နောက်တော့ ယောင်္ကျားရရင် အိမ်ကခွဲသွား၊ အမေတို့ အဖေတို့ကအိမ်မှာ အဘိုးကြီးအဘွားကြီးတွေဖြစ်လာ၊ ဘုရားတရားလုပ်ရင်း သားသမီးတွေလာတာမျှော်ပေါ့ ”

ရိုးရိုးလေးပြောသွားပေမယ့် မယ်ညို့ ရင်ထဲမှာတော့ စိတ်မကောင်းသလို တစ်မျိုးကြီးဖြစ်သွားတယ်။ အမေကတော့ သဘာဝတရားကိုကြိုတွေးလို့ ဖြစ်လာနိုင်တာတွေအတွက် စိတ်ကို ကြိုတင်ပြင်ဆင်ထားပုံပါပဲ။  ဒါတွေကတစ်နေ့ကျရင် ကြုံရမှာပဲလေသမီးရဲ့  လို့ပြောပြီးထုံးစံအတိုင်း Que Sear Sear သီချင်းလေးတစ်ပိုဒ်ကို ပြုံးပြီးဆိုလိုက်ပါသေးတယ်။

အမေနိမိတ်ဖတ်ခဲ့တဲ့ အတိုင်းပါပဲ။ မယ်ညို အိမ်နဲ့ ခွဲခဲ့ရတယ်။ ဒါပေမယ့် အမေပြောသလို ယောင်္ကျားရလို့တော့ မဟုတ်ဘူး။ စနစ်ဆိုးတစ်ခုကို မတွန်းလှန်နိုင်သေးရင်တောင်မှ အတူမမြောပါလိုတဲ့ စိတ်တွေကြောင့်။ ကိုယ့်ဆုံးဖြတ်ချ က်နဲ့ ကိုယ်ရွေးခဲ့တဲ့ နေရာသစ်မှာ အခက်အခဲတွေ၊ စိတ်ဒုက္ခတွေ ဖြစ်တိုင်းလည်း အမေဆိုပြခဲ့တဲ့ သီချ င်းနဲ့ အမေပြောခဲ့တဲ့ ဘာတွေပဲဖြစ်လာဖြစ်လာပေါ့ သမီးရွေးခဲ့တဲ့လမ်းက အခက်အခဲတွေကို သမီးလက်ခံနိုင်ရမယ် ဆိုတဲ့စကားက စိတ်ဓါတ်အင်အားတွေ ပေးခဲ့တယ်။

ခုချိန်ထိလည်း တစ်ခါတစ်ခါ စိတ်အင်အားတွေလိုတဲ့အခါ ဖုန်းဆက်လို့ အမေ့ကို  ဆိုပြပါဦးလို့ ပြောတတ်သလို ဖုန်းအလွယ်တကူဆက်လို့ မရတဲ့အခါကျတော့လည်း Youtube ကနေ Doris Day ကိုပဲ အမေ့ကိုယ်စား ဆိုခိုင်းရတော့တာပေါ့။ အတူနားထောင်ကြည့်ပါဦးလား။         ။

video


When I was just a little girl
I asked my mother
What will I be
Will I be pretty
Will I be rich
Here's what she said to me

Que sera, sera
Whatever will be, will be
The future's not ours to see
Que sera, sera
What will be, will be

When I grew up and fell in love
I asked my sweetheart
What lies ahead
Will we have rainbows
Day after day
Here's what my sweetheart said

Que sera, sera
Whatever will be, will be
The future's not ours to see
Que sera, sera
What will be, will be

Now I have Children of my own
They ask their mother
What will I be
Will I be handsome
Will I be rich
I tell them tenderly

Que sera, sera
Whatever will be, will be
The future's not ours to see
Que sera, sera
What will be, will be
Que Sera, Sera 

 video credit to ~  http://www.youtube.com/watch?v=SdhAfMor9BM

ညို လေးနေ 
06.09.2014  ( 01:01 am )

Sunday, August 31, 2014

၂ဝ၁၄ ဘလော့ဂ်ဒေး

Truth & Trust ကို လာလည်သူများ အားလုံး ၊ ဘလော့ဂ်ဂါ မောင်နှမများအားလုံး Happy Blog Day ပါ ။ တီတင့်ရဲ့ ပိုစ့်လေးကို ရုံးမှာ (ခိုး)ဖတ်ပြီးတဲ့နောက်မှာ ဘလော့ဂ်ဒေးအတွက် အမှတ်တရရေးချင်စိတ်လေး တကယ်ကိုဖြစ်လာပါတယ်။

အရင်နှစ်တွေကလည်း မရေးဖြစ်ခဲ့တာကြောင့်ရော၊ ဘလောဂ့်ရပ်ဝန်း ငြိမ်သက်နေချိန်မှာ ပြန်လည် သက်ဝင်စေချင်တဲ့စိတ်ကြောင့်ရောပါ။ ဒါပေမယ့် အခြေအနေက မပေးပြန်ပါဘူး။ ကွန်ပျူ တာလေးက ဒီလိုဖြစ်နေပြန်ပါတယ်။



သုံးကြိမ်တိတိ format ပြန်ချ ၊ window ပြန်တင်လည်း ဒီလိုပဲဖြစ်နေတော့တာပါပဲ။ အကောင်းဘက်ကတွေးရင်တော့ အသစ်ရခါနီးပြီပေါ့း)

နေ့မကူးခင်တော့ ရသလို၊ ရသလောက်လေးနဲ့ ဘလော့ဂ်ဂါအားလုံးအတွက် မျှချင်တာလေး မရမက တင်လိုက်ပါတယ်။ ဘလော့ဂ်ရေးသူတွေတင် မဟုတ်ပါဘူး ၊ စာဖတ်သူတွေလည်း ဘလော့ဂ်တွေကို သံယောဇဉ်ရှိကြတယ်ဆိုတာလေး အမှတ်မထင် သိလိုက်ရလို့ မောင်နှမများ ဆက်ပြီး ရေးကြပါလို့ ... ။



 ဘလော့ဂ်ရွာမှ မောင်နှမများအားလုံး ရွှင်လန်းချ မ်းမြေ့ကြပါစေ။

  
ညို လေးနေ 
31.08.2014  ( 09:58 pm )

Thursday, August 7, 2014

ပင်လယ်မသိတဲ့ မြစ်

မာယာတွေများသတဲ့လား
မကြားဘဲ မြင်လှည့်ပါ
နှလုံးသွေးတို့ မြစ်ဖျားခံရာမှာ
ဒဏ်ရာတွေ ဆည် လိုတည်ပေးခဲ့လို့
မျက်ရည်တွေနဲ့ 
မသေရုံတမယ် စီးဆင်း
တမျှဉ်းမျှဉ်းနဲ့ ခမ်းခြောက် 
ပင်လယ်ကို မရောက်လိုက်တဲ့မြစ်တွေ
ရေနိုင် ပါ့မလား

x x x x x x



ညို လေးနေ 
07.08.2014  ( 11:19 am )

Saturday, June 14, 2014

အမေနှင့် ထွေးခင်သားလေးမွေးတုန်းက

တကယ်တော့ အမေနှင့်မယ်ညို့  ပုံပြင်များကို တခြားအကြောင်းအရာတွေနဲ့ ဆက်ဖို့ပါ။ ဒါပေမယ့် ကမ္ဘာ့ဖလားဆိုတဲ့ လေးနှစ်တစ်ကြိမ်မှ ကျင်းပတဲ့ ကမ္ဘာတစ်လွှားစိတ်ဝင်စားတဲ့ ဘောလုံးပွဲကြီးနဲ့ တိုက်ဆိုင်နေလို့ ဒီအကြောင်းအရာလေးကို ရေးဖြစ်သွားတယ်။

မယ်ညို က အမေ့ကို သိပ်ချစ်တယ်။ ကလေးတိုင်း ကိုယ့်အမေကို ချစ်ကြတာပဲ အဆန်းလား ဆိုရင်တော့ မယ်ညို ဆိုလိုတာက အိမ်မှာ အဖေထက်၊ အစ်ကိုအစ်မတွေထက် ပိုပြီးရင်းနှီး တွယ်ကပ်တာကို ပြောချင်တာပါ။ ငယ်ငယ်ကတည်းက ဟိုတွေး ဒီတွေး၊ ဟိုမေး ဒီမေး မေးတတ်လွန်းတဲ့ မယ်ညို ရဲ့ မေးခွန်းဒဏ်ကို အစ်ကိုတွေ အစ်မတွေက သိပ်ပြီးသည်းမခံနိုင်ပါဘူး။ တချို့ဟာတွေက သူတို့ကိုယ်တိုင်းလည်း မသိဘူးလေ။ အဖေကတော့ သူ့ဟာသူ အလုပ်တွေနဲ့မို့ ကိုယ်တိုင်က မမေးရဲတာလည်းပါ ပါတယ်။ ၁၀ တန်းသာအောင်ခဲ့ပြီး ဘွဲ့ရတဲ့အထိ ကျောင်းမတက်ခဲ့ရပေမယ့် အမေက မယ်ညို့ ရဲ့ အင်္ဂလိပ်-မြန်မာ အဘိဓါန်ဆိုလည်းဟုတ်တယ်။ စွယ်စုံကျမ်းဆိုလည်းဟုတ်တယ်။ အရစ်ရှည်တတ်လွန်းတဲ့ မယ်ညို ကို စိတ်အရှည်ဆုံးလူသား ဆိုလည်းဟုတ်တယ်။ အခုချိန်အထိ တိုင်တည် အားကိုး အကြံဥာဏ်တောင်း နေရအောင်လည်း အမေဟာ ခေတ်မှီနေသေးရဲ့။

မယ်ညို့ ရဲ့ ဘောလုံးဝါသနာဟာ မြန်မာအသင်း ငွေတံဆိပ်ရခဲ့တဲ့ ၁၉၉၃ အရှေ့တောင်အာရှပွဲက စခဲ့တယ်။ ပြီးတော့ တဆက်တည်း ၁၉၉၄ ကမ္ဘာ့ဖလားပွဲ။ နောက်တော့ တစ်နိုင်ငံလုံးကို ဘောလုံးရောဂါ တိုးစေခဲ့တဲ့ ၁၉၉၅ အရှေ့တောင်အာရှပွဲ။ ဘက်ဂီယို တို့၊ သန်းတိုးအောင် တို့ဆိုတာ မယ်ညို ရဲ့ သူရဲကောင်းတွေ ( အခုချိန်ထိအောင်လည်း မပြောင်းလဲသေးပါဘူး ) ။  အဲဒီ့အချိန်က မြန်မာအသင်းကို တစ်သင်းလုံး အလွတ်ရပေမယ့် ကမ္ဘာကျော်ဘောလုံး သမားတွေနဲ့တော့ နည်းနည်း  အလှမ်းဝေးသေးတယ်။ အင်တာနက်ဆိုတာ ဘာမှန်းမသိသေးတဲ့ အချိန်။ အားကစားဂျာနယ်တွေကလည်း အခုလို မများသေးဘဲ " အင်အား" တို့၊ " တက်လမ်း " တို့ လောက်ပဲရှိသေးတယ်။ ဒါတောင် ကိုယ့်မုန့်ဖိုးနဲ့ကိုယ်ဆိုတော့ ထွက်သမျှ ဝယ်မဖတ်နိုင်ဘူး။ ဒီတော့ သတင်းစာထဲ ပါသမျှလောက်သာ ဖတ်၊ ဖြတ်၊ ညှပ်၊ ကပ်၊ စု၊ သိမ်း။ ဘက်ဂီယိုပုံပါတဲ့ ဂျာနယ်ဆိုရင်တော့ မရမက ဝယ်သိမ်းပါတယ်။ ( ပရိတ်သတ်ကြီးက အားကစားစိတ်ဓါတ် ပြည့်ဝတာ အဲလို အဲလို :D ) 

အမေ့ကို ချစ်တဲ့ မယ်ညို က အမေ့ကို ကူဖို့ အမြဲချောင်းနေတတ်တယ်။ ဟင်းချက်တဲ့နေရာ၊ မီးပူတိုက်တဲ့နေရာ၊ အဝတ်လျှော်တဲ့နေရာ။ အခုနေ ပြန်တွေးကြည့်တော့ အဲလိုကူလုပ်ပေးလို့လည်း အမေ့မှာ သက်သာရှာမယ် မထင်ပါဘူး။ ကူတာက နည်းနည်း မယ်ညို့ မေးခွန်းတွေကို ဦးနှောက်ပူအောင်စဉ်းစားပြီး လျှာထွက်အောင် ဖြေရတာက ပိုမောမယ်ထင်တယ်။

အဲဒီလိုနဲ့ ကြည့်ခဲ့သမျှ ဘောလုံးပွဲတွေထဲမှာ အနှစ်သက်ဆုံး ၁၉၉၈ ကမ္ဘာ့ဖလား ဘောလုံးပွဲအချိန်ကို ရောက်လာခဲ့တယ်။ ၉၄ က ကစားသမားတွေ၊ ၉၈ မှာထပ်တိုးလာတဲ့ ဘောလုံးသမားတွေ အကြောင်းကို အတော်အတန်သိနေပေမယ့် ဘောလုံးဘုရင်ဆိုတဲ့ ပီလီ ရဲ့အကြောင်းကိုတော့ မယ်ညို သိပ်မသိသေးပါဘူး။ တစ်ရက်တော့ အမေက ရေချိုးခန်းထဲမှာ အဝတ်လျှော်တယ်။ ထုံးစံအတိုင်း မယ်ညိုက အမေ့ကို အုတ်ကန်ထဲက ရေကူခတ်ပေးလိုက်၊ အမေဖွတ်ပြီးသား အဝတ်တွေကို ရေလျှော်ပေးလိုက်လုပ်နေရင်း ညကကြည့်ထားတဲ့ ဘောလုံးပွဲအရှိန်နဲ့ မေးခွန်းတစ်ခုမေးလိုက်တယ်။

" အမေ ... ပီလီက အသက် ဘယ်လောက်လောက် ရှိပြီလဲ မသိဘူးနော် "

" နေဦး သမီးရဲ့ ..... ထွေးခင် သားလေးမွေးတုန်းက .......  "

အမေက ပြောရင်းနဲ့ ရပ်သွားပြီး စဉ်းစားနေတယ်။ မယ်ညို ကတော့ ပါးစပ်အဟောင်းသားနဲ့ မျက်စိတွေကိုလည်လို့။ ငါမေးတာက ပီလီ့အသက်ပါ။ အမေ့သူငယ်ချင်း ဒေါ်ထွေးခင် ကလေးမွေးတာနဲ့ ဘာဆိုင်လို့တုန်း။

" အမေ ... သမီးမေးတာက ပီလီ့ အသက်လေ "

အဲဒီ့တော့မှ အမေက မယ်ညို့ ပုံကို ကြည့်ပြီး တခစ်ခစ်ရယ်လို့ ဆက်ပြောတယ်။

" အဲဒါဖြေမလို့ စဉ်းစားနေတာလေ သမီးရဲ့။ ပီလီ့ကို ပုလဲနက်လို့ ခေါ်ကြတယ်။ ထွေးခင်သားလေးမွေးတဲ့ အချိန်တုန်းက ပီလီ သိပ်နာမည်ကြီးနေတဲ့အချိန်။ ကလေးက မဲမဲလုံးလုံးလေးမို့ ပုလဲနက်ဆိုပြီး အိမ်နာမည်တွင်သွားတယ်။ အဲဒီ့အချိန်က ..... ၁၉၆၅ လောက် ..... ပီလီ့အသက်က ၂၆ ၊ ၂၇ လောက်ရှိရောပေါ့ ..... ၉၈ ထဲက ၆၅ နုတ် ... ၃၃ ၊ တွက်ရလွယ်အောင် ၂၇ ပေါင်း .... အင်းးးး ၅၅ နဲ့ ၆၀ ကြားတော့ ရှိရောပေါ့ သမီးရဲ့ "


မယ်ညို့ မှာ အမေ့စကားကို ရယ်လည်း ရယ်မိတယ်။ သိပ်လည်း ကျေနပ်တယ်။ အမေက သူ မကျွမ်းကျင်တဲ့ ဘောလုံးလောကနဲ့ သူမသိတဲ့ ပီလီ့ အသက်ကို အတတ်နိုင်ဆုံး အနီးစပ်ဆုံးဖြစ်အောင် စိတ်မှန်းနဲ့တောင် မဟုတ်ဘဲ ကိုးကားတွက်ချက်လို့ ဖြေပေးသွားခဲ့တယ်။ ပီလီ့ကို ပုလဲနက်လို့ခေါ်တာလည်း အမေပြောပြလို့ သိခဲ့ရတာကိုး။

အဲဒီ့လိုပါပဲ ငယ်ငယ်လေးကတည်းက မယ်ညို မေးသမျှ အမေ့ဆီက " အမေ မသိဘူး " ဆို တဲ့ အဖြေမျိုး ကြာရခဲလွန်းတယ်။ နောက်ဆုံး လုံးလုံး မသိတော့ဘူးဆိုရင်တောင်မှ " ဟိုစာအုပ်ထဲမှာတော့ ပါလောက်တယ် " " ဒီလူကတော့ သိလောက်တယ် " ဆိုပြီး ညွှန်းတတ်တယ်။ ပိုပြီးကျေနပ်စရာကောင်းတာက " အမေးအမြန်း ထူတာအေ " " တိတ်နေစမ်း ပေါက်ကရတွေ မမေးနဲ့ " ဆိုတာမျိုး ဘယ်တုန်းကမှ မပြောခဲ့တာ။

ထွေးခင်သားလေးမွေးနေ့ကတော့ အမေနဲ့မယ်ညို့  ရဲ့ ကမ္ဘာ့ဖလား သင်္ကေတဖြစ်သွားတယ်။ ကမ္ဘာ့ဖလား ဘောလုံးပွဲကျင်းပတဲ့ အချိန်ရောက်တိုင်း အမေကလည်းမမေ့သလို မယ်ညိုကလည်း သတိတရမေးတတ်တယ်။

" အမေရေ ထွေးခင်သားလေး ဘယ်နှနှစ်ပြည့်ပြီလဲ "  လို့ ။         ။ 

Photo is taken from http://www.aiowallpaper.com/3132/pele/


ညိုလေးနေ
၁၄.၀၆.၂၀၁၄ ( ၁၆း၂၄)

Thursday, May 15, 2014

တိမ်ယံထက်မှာ ဆုံခဲ့တယ်

တကယ်တော့ ခရီးကအပြန်မှာ ပင်လယ်ဝကို ရောက်မယ့်အချိန်ကို စောင့်ပြီး ဓါတ်ပုံရိုက်တာ။ ရိုက်ထားတဲ့ပုံလေးကို ပြန်ကြည့်ရင်း ဝိုင်းဝိုင်း ဖြူ ဖြူ လေးကို တွေ့လိုက်မိတယ်။



" လ ကလေး "




 ကဆုန်လပြည့် လမင်းကြီးနဲ့ မမျှော်လင့်ဘဲ မမှောင်ခင်ကတည်းက ဆုံခဲ့ရတယ်


ယုန်ကလေး ဝပ်နေတာတွေ့လားဟင် ?
 

ဆန်ဖွတ်တဲ့ အဘိုးအိုကိုတော့ ဘယ်တုန်းကမှ ရှာမတွေ့ဘူး


  နေမဝင်သေးလို့  ကိုယ်ရောင်ဖျောက်နေတာပါ





သူလည်းကောင်းကင်မှာ ကိုယ်လည်း ကောင်းကင်မှာ





 ငွေလမင်းတဲ့လား

ကဆုန်ကလပြည့် ပိတ်ရက်မှာထွက်တဲ့ ခရီးစဉ်တွေက အမှတ်ရစရာ ခရီးစဉ်တွေ ဖြစ်သွားတတ်တယ်။ အခုလည်း ကောင်းကင်ပေါ်မှာ လပြည့် လ ကို တွေ့ခဲ့ရတယ်။ တကယ်ကို နီးနီးလေးလိုပဲ။ ပြီးတော့ တွေးမိတယ်။ လမင်းမှာလည်း ကိုယ်ပိုင်အလင်းမရှိဘူး၊ ကိုယ်လည်း ကောင်းကင်မှာပျံနိုင်စွမ်း မရှိဘူး။ ဒါပေမယ့် လမင်းရဲ့ အလင်းရောင်က အေးမြတယ်။ ကိုယ်ရဲ့ ပျံသန်းမှု ကရော ..... ဘယ်ကို ဘယ်လို ဆက်ပျံသန်းမှာတဲ့လဲ ...... ။       ။


ညို လေးနေ 
၁၅.၀၅.၂၀၁၄ ( ၀၀း ၁၂ )

 

Monday, April 21, 2014

ပိတောက်ပင်အောက် ပန်းကြွေကောက်

ရုံးအသွား ဘတ်စ်ကားပေါ်ကအဆင်း လေထုထဲမှာ ရင်းနှီးနေတဲ့ ရနံ့တစ်ခုက ပါလာတယ်။ စိတ်ထဲမှာ ဇဝေဇဝါ။ ရှေ့မှာတိုက်တန်းနှစ်ခုက ကာနေသေးတာကိုး။ နောက်တော့ တဖြည်းဖြည်းနဲ့ သေချာလာတယ်။ ဘယ်နေရာ ဘယ်ဌာနေရောက်ရောက် ဘယ်တော့မှ မေ့မသွားနိုင်တဲ့ရနံ့။



မျှော်တလင့်လင့်နဲ့ တိုက်တန်းနှစ်ခုကို အကျော်မှာတော့ သုံးပင်စလုံးက ဝင်းလို့။ ဒီနေ့ရုံးကို စောစောလာမိတာ မှန်သွားတယ်။ ခဲနေအောင်ပွင့်နေတဲ့ ပိတောက်ပင်တန်းအောက်မှာ ခေါင်းကိုမော့ ပိတောက်နံ့ကို ဝအောင်ရှူ ။ ပတ်ဝန်းကျ င်ကို မေ့ထားပြီး အပင်တွေကို မော့ကြည့်ရင်းလျှောက်။ ကိုယ်သွားရတဲ့လမ်းက ကားလမ်းဘေးမဟုတ်လို့သာပေါ့။ နောက်ထပ်ကံကောင်းချ င်တော့ အိတ်ထဲမှာ စနေနေ့ကတည်းက ထည့်ထားတဲ့ ကင်မရာက မထုတ်ရသေးဘဲ ရုံးကိုပါလာတယ်။ ထမင်းဘူးအိတ်ကို လမ်းပေါ်ချ ပြီး ဓါတ်ပုံရိုက်တော့ ရုံးသွားရုံးလာ၊ လမ်းသွားလမ်းလာတွေက ( ပထမအကြိမ် အားဖြင့် ) လှည့်ကြည့် လှည့်ကြည့်။ 



စိတ်တိုင်းကျ ပုံလေးတွေရမှ ထမင်းဘူးအိတ်ပြန်ကောက်ပြီး ဆက်လျှောက်။ ရုံးက မြန်မာမောင်လေးနဲ့ လမ်းမှာဆုံလို့ ဟိုးမှာ ဆိုပြီးပြမိတော့ သူကလည်း ဟုတ်ပ အစ်မရယ် အဲ့တိုက်နားရောက်ကတည်းက မွှေးနေတာပဲ ဆိုပြီး ဝမ်းသာအားရ ပြန်ပြောတယ်။ ယောင်္ကျားလေးပေမယ့် မြန်မာပီပီ ပိတောက်ပန်းကြိုက်မှန်း ပြုံးနေတဲ့ သူ့မျက်လုံးတွေက သက်သေပြလို့။


ဓါတ်ပုံတွေရလာခဲ့တော့ ရုံးရောက်တဲ့အထိလူက တပြုံးပြုံး ။ ပန်းတွေသာရခဲ့ရင်တော့ ဒီနေ့အဖို့ အလုပ်လုပ်ချ င်စိတ်ပါ ပျောက်သွားမယ်ထင်တယ်။ ဒီကျွန်းလေးမှာ ချ စ်စရာကောင်းတာ တစ်ခုက ပိတောက်ပင်တွေပေါတာပဲ။

ညနေရုံးပြန်တော့ ပိတောက်ပင်တန်းအောက် တစ်ခေါက် ရောက်ပြန်ရော ။ အချိန် သတ်မှတ်ချက်တွေ မရှိတဲ့ အိမ်အပြန်လမ်းမို့ ကိုယ့်သဘောပေါ့။ ထမင်းဘူးအိတ်လေးလည်း လမ်းပေါ်တစ်ခါ ထပ်ရောက်ရတယ်။ ပွင့်ဖတ်လေးတွေသာ ကြွေတတ်တဲ့ ပိတောက်ကြွေလေးတွေကြား ရှားရှားပါးပါး အပွင့်လေးတွေ လိုက်ကောက်။ ရုံးပြန်သူလူတွေက( ဒုတိယအကြိမ် အားဖြင့် ) လှည့်ကြည့် လှည့်ကြည့်။ 

ကိုယ်ကတော့ ကိုယ်လုပ်ချင်တာလုပ်နေရလို့ ကျေ နပ်လို့  :)
 






 ကိုယ်နဲ့မဆိုင် ခွင့်မပိုင်လို့
ရနံ့လှိုင်တဲ့
ပိတောက်ခိုင်တွေအောက်
ပွင့်ကြွေလေးပဲ ကောက်ခဲ့တယ်




၁၇.၀၄.၂၀၁၄ မှာ သုံးနှစ်ပြည့်ခဲ့တဲ့ ဘလော့ဂ်လေးအတွက် ဒီနေ့မှပဲ မွေးနေ့လက်ဆောင် ပေးဖြစ်တယ်။ စာဖတ်သူတွေကိုလည်း နှစ်သစ်လက်ဆောင် ပိတောက်ပန်းတွေ ပေးပါတယ်။ အားလုံးအတွက် မင်္ဂလာရှိသော မြန်မာ့နှစ်သစ် ဖြစ်ပါစေ။


ညို လေးနေ 
၂၁.၀၄.၂၀၁၄ ( ၂၃း၂၄ )

Friday, February 21, 2014

ကြို




ကြို 

အလွမ်းတစ်ချက်အတွက်
ပန်းတစ်ခက်ပွင့်မယ်ဆို
ပင်လုံးကျွတ်ဝေ
ချယ်ရီတွေ ငိုလောက်ရဲ့

တမ်းတမိချိန်တိုင်းဝယ်
ကြယ်တစ်စင်း လင်းမယ်ဆို
ညကောင်းကင်မှာ
နေရာတွေ လိုလောက်ရဲ့

အမှတ်တရတစ်ခုစီသာ
စာစီကာ ဖွဲ့မယ်ဆို
ပင်လယ်မှင်မနိုင်
တိမ်ဆိုင်တွေ ပြိုလောက်ရဲ့

ငါ့ မေတ္တာတရားတွေသာ
နင် တန်ဖိုးထားတတ်မယ်ဆို
 ခွင့်လွှတ်နားလည်ခြင်းတွေခို 
 ရင်ခွင်ကို အကြိုထောက်လှည့် 

x x x x x

 
ညိုလေးနေ
20.02.2014 (4:04 pm )

Wednesday, January 22, 2014

မစွဲဘဲ စွဲသော အစွဲ



 

အခန်းတံခါးပွင့်လာသံနှင့်အတူ တောက် ခနဲ မီးခြစ်သံပါ တပြိုင်နက်ကြားလိုက်ရသည်။ ကွန်ပျူတာက မျက်နှာခွါပြီး လှည့်မကြည့်နိုင်ပေမယ့် ကိုဇေ မှန်းသူသိလိုက်သည်။ ခဏနေရင် ဆေးလိပ်နံ့ပါ လိုက်လာတော့မည်။

" ကိုဇေ မအိပ်သေးဘူးလား "

" အေး ဒီမှာ စာအုပ်ဖတ်ကောင်းနေလို့ "

ဒီတစ်ခါတော့ စာအုပ်ဆိုသောစကားကြောင့် သူလှည့်ကြည့်မိသည်။ လက်တစ်ဘက်က စာအုပ်ကိုင်လျက် တစ်ဘက်ကလည်း ဆေးလိပ်အဖွာမပျက်။ သူလှည့်ကြည့်တာကိုပင် သတိမထားမိဘဲ သည်းကြီးမဲကြီး ဖတ်နေသည်။ စာအုပ်ကို ကြည့်လိုက်တော့ သူ မြန်မာပြည်ခဏပြန်တုန်းက ဝယ်လာခဲ့သော ဦးနု၏ တာတေစနေသား စာအုပ်။

" ကိုပေ က တာတေ အကြောင်းဖတ်ဖို့ လိုသေးလို့လားဗျာ "

" ဘာ ... ဘာပြောလိုက်တယ် "

မကြားလိုက်လို့တော့ ဟုတ်ဟန်မတူ။

" သြော် ... ကိုပေ က တာတေ အကြောင်းဖတ်ဖို့ လိုသေးသလားလို့ ... အဟက် "

သူထပ်ပြောလိုက်တော့ ဘာကိုဆိုလိုမှန်း သဘောပေါက်သွားသော ကိုဇေ က မခံချိမခံသာပြုံးသည်။

" ကောင်လေးရာ မင်းအလုပ် မင်းပြီးအောင်လုပ်စမ်းပါ ည ၂ နာရီထိုးတော့မယ်ကွ "

သူဆက်ပြောလာမှာတွေကို ရှောင်ကာ ကိုဇေ စာဆက်ဖတ်နေသည်။ သူလည်းထပ်မပြောအားတော့။ ဒီအစီရင်ခံစာက ဒီညပြီးမှ ဖြစ်မည်ဟူသော အတွေးဝင်လာသောအခါ ကိုဇေ နှင့် ဆေးလိပ်က သူ့အာရုံထဲမှ အလိုလို ထွက်သွားသည်။

အလုပ်တွေပြီးသွားလို့ နာရီကြည့်လိုက်တော့ ၂ နာရီခွဲပြီးပြီ။ ကွန်ပျူတာဖွင့်ဖွင့်ချင်းတစ်ခါ ပိတ်ခါနီးတစ်ခါ အီးမေးလ် စစ်တတ်သော သူ့ထုံးစံအတိုင်း ဂျီမေးလ်ကို ဖွင့်လိုက်မိသည်။

" လူမိုက်ပဲ "

ဂျီမေးလ်ဖွင့်ဖွင့်ချင်း မြင်လိုက်ရသော စာတန်းလေး တစ်ခုကြောင့်ပြုံးမိသည်။ လူမိုက်က ဘယ်သူဆိုတာကို သူသိနေပြီး ဘယ်လိုမိုက်တယ်ဆိုတာလည်း သိနေသောကြောင့်ဖြစ်သည်။ ပို၍ သေချာချင်သောကြောင့် လှမ်းမေးလိုက်မိသည်။

" ဘယ်နှခွက်တောင်သောက် လိုက်လို့လဲ "
" နှစ်ခွက်တည်းပါ။ မနက်က တစ်ခွက်သောက်ပြီး  ညနေ ၃ နာရီမှာ တစ်ခွက်ထပ်သောက်လိုက်မိလို့ "

သူ၏ တစ်ဦးတည်းသော မမ လက်ဖက်ရည်ကြိုက်လွန်းသူ၏ အိပ်မပျော်သော ဇာတ်လမ်း။ အရင်က
မနက်၊ နေ့လည်၊ ညနေ တစ်နေ့သုံးခွက်လောက် သောက်တတ်တဲ့ မမက အခုတော့ အိပ်မပျော်တာတွေ ဖြစ်လာလို့ လျော့ဖို့ကြိုးစားနေဆဲ။ လူတစ်ကိုယ် အကြိုက်တစ်မျိုးဆိုတော့လည်း ခက်သားလား။ မမ ကြိုက်လွန်းတဲ့အရာမို့ ဖြတ်ပါလို့ သူ မပြောရက်ခဲ့ဘဲ လျော့ဖို့သာပြောဖူးသည်။ လူတွေက ကိုယ်ကြိုက်နှစ်သက်တဲ့ အစားအစာ တွေကိုတောင်မှ စွဲလမ်းစိတ်နဲ့ မပြတ်နိုင်ကြတာ ထို့ထက်ပိုတာတွေဆိုရင် ပိုဆိုးတော့မှာပေါ့။ မမက မိန်းကလေးဖြစ်ပြီး လက်ဖက်ရည်ကြိုက်တာမို့သာ တော်တော့သည်။

" အရက်သမားတွေလည်း အဲလို မဖြတ်နိုင်ကြတာလား မသိဘူး "               

သူ့အတွေးက ကွန်ပျူတာလက်ကွက်တွေပေါ်ရောက်သွားသလို နှုတ်ကလည်း မထင်မှတ်ဘဲ ထွက်သွားမိသည်။
မမ ဆီက ဟွန်းးးး  ဆိုသော စကားလုံးနဲ့အတူတူ မှုန်ကုပ်ကုပ်ရုပ်ပုံလေး ရောက်လာသလို ကိုဇေ့ ထံမှလည်း မင်းကလည်းကွာ  ဆိုပြီး မကျေမနပ်လေသံထွက်လာတော့ သူအသံထွက်အောင် ရယ်လိုက်မိသည်။

" ကျွန်တော်က ကိုပေ အဲ ....  ကိုဇေ ဆေးလိပ်မဖြတ်နိုင်တာကို ရွဲ့ပြောနေတာ၊ မဟုတ်ပါဘူးဗျာ။ ရန်ကုန်မှာ မမ က လက်ဖက်ရည်မဖြတ်နိုင်ဘဲ အိပ်မပျော်ဘူးဆိုလို့ ဆက်ပြီးတွေးမိသွားလို့ပါ "

" မင်း အစ်မက ငါ့ သတိရနေလို့ ဖြစ်ရင်ဖြစ်မှာပါကွာ "

" ခင်ဗျား ဆေးလိပ်ဖြတ်နိုင်လို့ကတော့ ကျွန်တော်က အောင်သွယ်ပေးပါတယ်ဗျာ။ အခုတော့ ကိုယ့်အစ်မ ငယ်ငယ်ရွယ်ရွယ်နဲ့ မုဆိုးမဖြစ်မှာ ဘယ်သူက ကြည့်ရက်မှာလဲ "     

သူ ခပ်သောသောလေး ပြန်တွယ်တော့လည်း သဘောကောင်းသော ကိုဇေ က ရယ်နေသည်။ သူကိုယ်တိုင်သည်လည်း ဆေးလိပ်မသောက်၊ အရက်မသောက်သော အလွန်လိမ္မာသူတစ်ဦးတော့မဟုတ်။ တစ်ခါတစ်လေ ဆိုသော အကြောင်းပြချက်တွေနဲ့ သောက်မိတတ်ပေမယ့် ကိုဇေ့လို အင်မတန် ထက်မြတ်သော ပညာရှင်တစ်ယောက် ဆေးလိပ်မီးကူးသောက်နေသောအဖြစ်ကို သူမမြင်လိုတော့။
" တကယ်ပြောတာ ကိုဇေ ရ။ ကျွန်တော်တွေးမိတာက လူတွေရဲ့ စွဲလမ်းတပ်မက်တဲ့ စိတ်လေးပါ။ လက်ဖက်ရည်လို၊ လက်ဖက်သုတ်လို၊ ငါးပိရည်လို စားစရာတွေတောင် ကျန်းမာရေးထိခိုက်နိုင်ပေမယ့် ကိုယ်နှစ်သက်တဲ့ အစားအစာတွေမို့ ဖြတ်ပစ်ဖို့ခက်နေတာ အရက်လို၊ ဘိန်းလို မူးယစ်စွဲလမ်းစေတဲ့ အရာမျိုး စွဲမိလို့ကတော့ မလွယ်ဘူး။ တချို့အရက်သမားတွေလည်း သိသိနဲ့ အဲဒီ့ စိတ်ကလေးကို မနိုင်လို့ ဆက်သောက်ဖြစ်နေကြတာနေမှာ။ ကျွန်တော်က ပြစ်တင်ဝေဖန်နေတာ မဟုတ်ဘူး။ ကိုယ်ချင်းစာတဲ့ စိတ်နဲ့ တွေးမိလို့။ စိတ်က စကားလုံးလေး တစ်လုံးတည်းပေမယ့် နိုင်ဖို့ တော်တော်ခက်သား။  ဗုဒ္ဓဘုရားက စိတ္တာဓိပတိ လို့ဟောခဲ့တာ သိပ်ကိုမှန်တာပဲ "

စကားကို သူ တမင် အဆုံးသတ်လိုက်သည်။ သူ့ထက် စာပိုဖတ်သော၊ အသက်အရွယ် အတွေ့အကြုံပိုကြီးသော၊ စဉ်းစားတွေးခေါ်တတ်သော ကိုဇေ့ကို ဒီ့ထက်ပိုလို့ မပြောလို။ သူ့စကားအဆုံးမှာ ကိုဇေ တခဏ အသံတိတ်ကာ ခပ်ငေးငေး ဖြစ်သွားသည်။

" အိပ်တော့ အိပ်တော့ မနက်လည်း မင်းက အစောကြီး အလုပ် သွားရဦးမှာ "

ပြောပြောဆိုဆိုဖြင့် ကိုဇေ အခန်းထဲဝင်သွားတော့ သူလည်း ကွန်ပျူတာပိတ်ကာ လိုက်ဝင်ခဲ့တော့သည်။
နှိုးစက်ပေးရန် လက်ကိုင်ဖုန်းကိုယူလိုက်မှ လွန်ခဲ့သည့် ၃ နာရီလောက်က ရောက်နေသော ( Viber Message ) ဗိုင်ဗာမက်စေ့ခ်ျလေးတစ်ခုကို တွေ့ကာ သူအားနာ သွားမိပြန်သည်။ ညစဉ်မပြတ်နှုတ်ဆက်တတ်သော ချစ်သူအား သူ့ဘက်မှ ပျက်ကွက်တာတွေ များလှပြီ။ သို့သော် သူကံကောင်းပါသည်။ သူချစ်သော ထိုမိန်းကလေးသည် သူထင်ထားတာထက် သည်းခံနိုင်လွန်းသည်။ ဘယ်အရာကိုမှ အစွန်းရောက် မစွဲလမ်းမိအောင် သတိထားတတ်သော သူသည် သူမ၏ စွဲစွဲလမ်းလမ်း သံယောဇဉ် ကြီးတတ်လွန်းတာကိုတော့ သတိမပေးနိုင်ဘဲ သာယာနေမိသည်။ အခုလောလောဆယ်တော့ မလိုသေးပါဘူးလေ ဟု ကိုယ့်ဘက်ကိုယ်ယက်တွေးကာ ကျေနပ်စွာပင် ပြုံးမိသေးသည်။

" ဂွတ်နိုက် "

မက်စေ့ခ်ျပြန်ပို့အပြီး ဗိုင်ဗာဆက်သွယ်သူ စာရင်းမှာ သူမ တင်ထားသော ( profile photo ) ဓါတ်ပုံလေးကို ကြည့်နေရင်း အမှတ်မထင်ဘဲ နောက်တစ်ယောက်ရဲ့ ပုံကိုလည်း မြင်လိုက်မိသည်။

" ဘာပုံကြီးပါလိမ့် "

ဓါတ်ပုံတွေ ကိုယ်စီကိုယ်စီ တင်ထားကြသော ဗိုင်ဗာဆက်သွယ်သူ စာရင်းမှာ သူ၏ သူငယ်ချင်းတစ်ဦးက ဘာပုံကြီးတင်ထားမှန်း ရုတ်တရက်မသိ။ ည ၂ နာရီအထိ ကွန်ပျူတာကြည့်ထားသော သူ့မျက်စိက ဝေဝါးနေတာကြောင့်လည်း ဖြစ်နိုင်သည်။ စင်္ကြာလိုလို၊ ဒလက်လိုလိုမို့ သူ အကြီးချဲ့ကာကြည့်မိသည်။

" အာ ကားဘီးဖုံးကြီးပဲ။ ငါးမတ် ကတော့ လုပ်တော့မယ် "


သူများတကာ အလှဓါတ်ပုံတွေ၊ သားသမီးပုံ၊ ပန်းပုံ၊ အိမ်မွေးတိရစ္ဆာန်လေးတွေပုံ တမျိုးပြီးတမျိုး ပြောင်းပြီးတင်နေချိန်မှာ သူ၏သူငယ်ချင်း ငါးမတ် က ကားဘီးဖုံးကို အနီးကပ်ရိုက်လို့ ဗိုင်ဗာမှာတင်ထားတာ ရုတ်တရက်တော့ ဝိုင်းဝိုင်းကြီးမှာ အချွန်အတက်တွေ စိုက်နေတာသာမြင်ပြီး ဘာပုံမှန်းမသိ။ ငါးမတ် လုပ်နေသောလုပ်ငန်းကို သတိရမိတော့လည်း ထိုပရိုဖိုင်ပုံက အဆန်းမဟုတ်တော့။

" အင်းလေ ငါးမတ်ဆိုတဲ့ နာမည်ရထားတဲ့ ဒီကောင်က ဒီလိုပဲဟာ ငါသာ ငတုံးမို့ အကြီးချဲ့ကြည့်မိတာ "

သူ့ကိုယ်သူ ကင်ပွန်းတပ်ကာ ရယ်ရင်း ခုတင်ပေါ် လှဲချလိုက်ချိန်မှ လူက တော်တော်လေး  ညောင်းညာနေတာ သတိထားမိလိုက်သည်။ ခေါင်းအုံးနှင့် ခေါင်းထိမိပြီး မကြာခင်မှာတော့ သူနှစ်ခြိုက်စွာ အိပ်ပျော်သွားခဲ့သည်။

x x x x x x x

သွားပြီ။ ဆိုင်ကယ်တစ်စီးရပ်နိုင်ဖို့ကို ယာဉ်ရပ်နားရာ အဆောက်အဦ၏ ဘယ်နှထပ်ကို ဘယ်နှကြိမ် ပတ်ရဦးမည်မသိ။ ညက အိပ်ယာဝင်နောက်ကျ၍ ၁ဝ မိနစ်ခန့် ရုံးအလာ နောက်ကျခြင်း၏အကျိုး။

တတိယထပ်မှာဆိုင်ကယ်ရပ်စရာနေရာတွေ့ပြီ။ ဓါတ်လှေကားနဲ့ တော်တော်လေး ဝေးပေမယ့် နောက်ထပ် နေရာထပ် မရှာချင်တော့။ ဆိုင်ကယ်ရပ်ပြီး ဓါတ်လှေကားဆီသွားရန် ခြေလှမ်းအစမှာ ဘေးက ရပ်ထားသော ကားဘီးဆီသို့ သူ့အကြည့် ရောက်သွားသည်။

" ဒီဘီးက ပုံစံ တစ်မျိုးပဲ "

သူ့စိတ်ထဲက မှတ်ချက်ချလိုက်ကာ ဘေးကနောက်တစ်စီး၏ ဘီးကိုကြည့်မိသည်။ အဲဒီ့နောက် ... နောက်တစ်စီး ... နောက်တစ်စီး ... ဓါတ်လှေကားသို့သွားရာလမ်းတစ်လျှောက် ၂ဝ ကျော်ခန့်ရှိသော ကားအစီးတိုင်း၏ ဘီးတိုင်းကို သူကြည့်လာမိသည်။

" တစ်စီးမှ မတူကြပါလား။ အေးလေ ဘယ်တူမလဲ ကားကုမ္ပဏီမျိုးစုံက ကားအမျိုးအစားပေါင်းစုံရဲ့ ဘီးတွေပဲကိုး "
သူကြည့်လာသော ကားတို့၏ ဘီးဖုံးတွေသည် ခဲရောင်၊ ငွေရောင်၊ အမဲရောင်၊ အဖြူရောင်၊ သတ္တုပြားအကြီး၊ အသေး၊ သတ္တုချောင်းမျှင်မျှင်၊ ထူထူ၊ ခပ်စောင်းစောင်း၊ အတည့်  စသဖြင့် ဒီဇိုင်းမျိုးစုံဖြစ်ကာ မတူညီကြ။

" မတူတော့ရော ဘာဖြစ်လဲ။ ငါဘာဖြစ်လို့ ဘီးတွေတူမတူ လိုက်ကြည့်မိနေတာလဲ "

သူ့ကိုယ်သူ သတိထားမိလို့ စမ်းစစ်ကြည့်လိုက်တဲ့ အခိုက်အတန့်မှာ လျှပ်စီးလက်သလို ဦးနှောက်ထဲ လင်းကနဲ စီးဝင်လာသော အတွေးတစ်စကြောင့် ဓါတ်လှေကားရှိရာသို့ သွားနေသော ခြေလှမ်းတို့ပင် ရပ်တန့်သွားသည်။

ငါးမတ်ရဲ့  ဗိုင်ဗာပရိုဖိုင်ဖိုတို ကားဘီးဖုံး

မှတ်ဉာဏ်ထဲတွင် ထင်ကျန်ခဲ့သော ထိုကားဘီးဖုံးကို မျက်စိရှေ့က ကားဘီးများအကြား မသိစိတ်က လိုက်ရှာနေမိခြင်း။ အစားအသောက်တွင်ဖြစ်စေ၊ အဝတ်အစားတွင်ဖြစ်စေ၊ အသုံးအဆောင်ပစ္စည်းတွင်ဖြစ်စေ     သိစိတ်ရဲ့ စွဲလမ်းခြင်းတွေ မရှိအောင်                တတ်နိုင်သမျှ လေ့ကျင့်နေထိုင်ခဲ့ပေမယ့် သူသတိမထားမိခဲ့သော မသိစိတ်ရဲ့ စွဲလမ်းခြင်းက ကားဘီးဖုံးနဲ့အတူ ပေါ်လာခဲ့ပြီ။ တကယ်တော့ ထိုကားဘီးဖုံးကို ချစ်ခင်စိတ်နဲ့ စွဲလမ်းခြင်းမဟုတ်သလို မုန်းတီးစိတ်နဲ့ စွဲလမ်းခြင်းလည်းမဟုတ်။ ဘာပါလိမ့် ဟု သိချင်စိတ်တစ်ခုနဲ့ မိနစ်ဝက်မျှ အချိန်ကလေးပေးကာ စပ်စုခြင်းမှသည် မှတ်ဉာဏ်ထဲတွင် ထင်ကျန်နေခဲ့ခြင်း။

အိပ်မက် မက်တတ်သူတို့က အိပ်ခါနီး မြင်၊ ကြား၊ တွေ့ အာရုံတွေကို အိပ်မက်ထဲသို့ ခေါ်ဆောင်သွားတတ်သည်။ သူကတော့ အိပ်မက် မက်ခဲသူမို့ မသိစိတ်ရဲ့ စွဲလမ်းတတ်မှုကို သိပ်သတိမထားမိခဲ့။ စာတွေ့အနေနဲ့ အကြိမ်ပေါင်းများစွာ ကြားနာသိရှိဖတ်ရှုခဲ့ရသော အမြင်၊ အကြား အာရုံတစ်ခုခုကို သတိလက်လွတ် စွဲလမ်းသွားမိတတ်သော ဘဝကူးခါနီး စွဲလမ်းစိတ်ဆိုတာ ဒီလိုများလား။ တပ်အပ်သေချာသည့် အဖြေတစ်ခု သူ့ကိုယ်သူ မပေးနိုင်။ ပြင်ဆင်ထားခြင်း မရှိသေးသော အချိန်တစ်ခုအတွက် ရုတ်တရက် သူ ထိတ်လန့်သွားမိတာအမှန်။

ရေရေရာရာသိနိုင်အောင်တော့ သူ ဆက်လက်ဖွေရှာရဦးမည် ။       ။


ညိုလေးနေ
22.01.2014    11:29 am

Wednesday, January 1, 2014

နေစဉ်



နေစဉ်

နေမင်းကြီးကို နှုတ်ဆက်၊
လေပြေတွေကို ပွေ့ဖက်လို့
နေ့သစ် တစ်နေ့ စတင်လိုက်ကြရအောင်လား … ။

ပြင်မရနိုင်တဲ့ အမှားတွေ ရှိတတ်တဲ့
ပြန်မရနိုင်တဲ့ အတိတ်ကို
မနေ့ ကနေရာမှာပဲ ထားခဲ့ကြရအောင်နော်…။

ညနေခင်းတွေထဲမှာ
တိမ်တိုက်တွေလို ပေါ့ပါးပြေးလွှားနိုင်ဖို့
တို့တွေ ပြင်ဆင်ရဦးမယ်လေ … ။

ပစ္စုပ္ပန်လို့ ခေါ်တဲ့ ခုနေချိန်ခါ
နောင်တတွေသာ မထုပ်ပိုးခဲ့ဘူးဆိုရင်
မနက်ဖြန်တွေကို ရင်ဆိုင်သွားနိုင်မယ့်
ညကောင်းလေးတွေ ရှိနေမှာ အသေအချာပါ


 ၀၅.၀၈.၂၀၁၀ (  ည ၉း ၃၅ )   
  


တန်ဖိုးအထားရဆုံးသော ချစ်သူငယ်ချင်း နဲ့  Truth & Trust ကို လာလည်သူအားလုံးအတွက်  နှစ်သစ်လက်ဆောင်ပါ။ 

အားလုံးအတွက် မင်္ဂလာရှိသော နှစ်သစ်ဖြစ်ပါစေ။