Showing posts with label အမေနှင့်မယ်ညို့ပုံပြင်များ. Show all posts
Showing posts with label အမေနှင့်မယ်ညို့ပုံပြင်များ. Show all posts

Saturday, July 15, 2017

ညို ၊ ကိုကို နှင့် ဘောလုံးရွှေခေတ်

သထုံလမ်း ….
တိတိကျကျပြောရလျင် တက္ကသိုလ်မေဂျာပေါင်းစုံဘောလုံးပြိုင်ပွဲ ရဲ့ဗိုလ်လုပွဲ၊ Physics မေဂျာအသင်း နှင့် Botany မေဂျာအသင်းတို့ ယှဉ်ပြိုင်ကစားရာ သထုံလမ်းရှိ တက္ကသိုလ်ဘောလုံးကွင်း။ ထိုကွင်းထဲသို့ အသက် ၅၀ ကျော် အမျိုးသမီးကြီး တစ်ဦးနှင့် ဂါဝန်ရှည်လေးဝတ်ထားသော ၁၀ တန်း ကျောင်းသူအရွယ် မိန်းကလေးငယ်တစ်ဦးတို့ ၀င်လာကြသည်။ ၀င်ပေါက်ကနေ ၀င်လာပြီးတာနှင့် မိန်းကလေးက ဘယ်ဘက် ပွဲကြည့်စင် နှင့် ညာဘက်ပွဲကြည့်စင်မှာ နေရာချောင်နေသေးသည့် ညာဘက်ကို ရွေးလိုက်သည်။ သူတို့ရောက်တာ နောက်ကျတော့ ပွဲစတာ ၁၀ မိနစ်လောက်ရှိနေပြီ။ နေရာမြန်မြန်ရပြီး မြန်မြန်ထိုင်ပါမှ။

“ အမေ လာလာ ဟိုးအပေါ်ထောင့်ဘက်မှာ ချောင်နေတယ်။ ဂိုးတိုင်နဲ့လည်း နီးတယ် ”
ညို ဆွဲခေါ်ရာစင်ပေါ်သို့ အမေလိုက်လာပြီး သားအမိနှစ်ယောက် ထိုင်လိုက်တော့ ဘေးနားက ကျောင်းသားကျောင်းသူတွေက ထူးဆန်းသလို တစ်ချက်လှည့်ကြည့်ကြသည်။ နောက်တော့လည်း သူတို့အာရုံက ဘောလုံးပွဲထဲ ပြန်ရောက်သွားသည်။
“ အမေ ဟိုမှာ တွေ့လား ”
အမေက လှည့်မကြည့်။ လိုက်ပို့ပေးဖို့ မနည်းပြောလာရသော အမေသည် ခေါင်းကိုသာညိတ်ပြပြီး သူ့သားရှိရာ ကွင်းထဲကို မျက်တောင်မခတ်တမ်း ပြုံးပြုံးကြီး ကြည့်နေလေသည်။ ထိုင်ရာမှာ နေသားကျသွားသည်နှင့် ညိုသည်လည်း အသံမထွက်ဘဲ နှုတ်ခမ်းတလှုပ်လှုပ်ဖြင့် ဆုတောင်းခြင်းအမှုပြုတော့၏။
ညို့ဆုတောင်းတာက 
“ ကိုကိုတို့ Physics အသင်းနိုင်ပါစေ ” မဟုတ်။
“ ဘောလုံး ဒီဘက်ခြမ်းကို မလာပါစေနဲ့၊ ဂိုးဧရိယာထဲကို မရောက်ပါစေနဲ့၊ ဂိုးပေါက်လွဲပါစေ၊ အပေါ်ထောင်ကန်ပါစေ”
ဤ ၄ မျိုးကိုသာ ရှေ့ပြန်နောက်ပြန် ထပ်ခါတလဲလဲ ရွတ်ဖတ်နေခြင်းဖြစ်သည်။ မရွတ်လို့လည်း မဖြစ်။ Physics မေဂျာအသင်းရဲ့ ဂိုးသမားအဖြစ် ပါဝင်မယ်ဆိုတော့ ရှေ့တန်းတိုက်စစ်မှူး မလုပ်ရကောင်းလားလို့ ဝေဖန်မိသော ညို့ ကို ပထမနှစ်ကျောင်းသားကြီး ကိုကိုက ပြောထားဖူးသည်လေ။

“ အောင်မယ် နင်ဘာသိလို့လဲ။ ဘောလုံးပွဲဆိုတာ ဂိုးသွင်းနိုင်တိုင်း နိုင်တာမဟုတ်ဘူး။ ဂိုးသွင်းမခံရမှ မရှုံးတာ။ တစ်ဂိုးမှ အသွင်းမခံရရင် မနိုင်ရင်တောင် မရှံးဘူး။ ငါက ငါတို့အသင်းရဲ့ ဂိုးပေါက်ကို ကာ…ကွယ်…ရ…မှာ ။ ဂိုးသမားများ နှယ်နှယ်ရရထင်လို့။ ဂိုးသွင်းမယ့်သူအတွက်သာ ဂိုးတိုင်နှစ်ခုကကျဉ်းတာ၊ ဖမ်းမယ့်သူအတွက်က အကျယ်ကြီး၊ ငါ့မှာ ဘောလုံးဒီဘက်ရောက်လာပြီဆိုရင်ကို ချွေးကပြန်ချင်နေပြီ၊ မျက်စိက ဘောလုံးကို အလွတ်မပေးရဲဘူး၊ ဘောလုံးမှန်ရင်လည်း နာဦးမယ်၊ ရှောင်လိုက်လို့ ၀င်သွားရင်လည်း ဆဲခံရမယ်၊ မတော်တဆ အကန်ခံချင်ခံရမယ်၊ ဂိုးသမားလုပ်ဖို့ တော်ရုံသတ္တိနဲ့ ရမယ်မှတ်လို့လား … ဟွန်း ”
ဂိုးသမားဝတ်စုံကို ဟန်ရေးပြကာ ၀တ်ပြရင်း ကိုကိုပြောတော့ ညိုသည် သူမ၏ တသက်တာဟီးရိုးအား ပီတာရှမိုက်ကယ် အလား၊ ဘူဖွန် အလား ထင်မှတ်မှားသွားတော့သည်။ အခု ကြည့်နေရင်းနဲ့လည်း ကိုကိုပြောတာ ဟုတ်သည်ဟု ခံစားမိလာသည်။ ဘောလုံးသည်ဘက်ခြမ်းရောက်လာရင် ညိုလည်း ဇောချွေးပြန်ချင်လာသည်။ ကိုယ့်အစ်ကိုက ဂိုးသမားဖြစ်နေသည်ကိုး။



“ ဟော ဟော ဆွဲလာပြီ ဆွဲလာပြီ ” 
ဘေးနားက ကျောင်းသူကျောင်းသားတွေရဲ့အသံဆူညံလာသလို ညို့နှလုံးခုန်သံလည်း ဆူလာသည်။ ဘောလုံးက ဒီဘက်ကို လာနေပြီ။

“ ဟေး ”
“ ဟာ ”

တစ်ပြိုင်တည်းလိုလို ထွက်လာသော “ဟာ” ဆိုသည့် အားမလိုအားမရသံတွေအောက်မှာ “ဟေး” ဆိုသည့် အသံလေးနှစ်သံ မြုပ်ဝင်ပျောက်ကွယ်သွားသည်။ မပျောက်ကွယ်သွားတာကတော့ ဘေးနားက လှည့်ကြည့်ကြသည့် မျက်လုံးတွေ။ ကန်ချက်က ဂိုးတိုင်ဘေးကို ချော်ထွက်သွားလို့ မော်နေသော ညို ၏ဇတ်ကလေး ပုဝင်သွားသည်။ သူတို့အာရုံတွေ ဘောလုံးပွဲဆီ ပြန်ရောက်သွားမှ အမေ့နားကပ်ကာ တိုးတိုးလေးပြောမိသည်။

“ အမေ သမီးတို့ ဘက်မှားထိုင်မိပြီ ”

ပြောနေရင်းရှိသေးသည် ဘောလုံးက ဒီဘက်ခြမ်းကို ပြန်ဝဲလာပြန်ပြီ။ ကြည့်နေရင်း ကြည့်နေရင်း ကန်ထည့်လိုက်သော ဘောလုံးသည် ကံကောင်းထောက်မစွာ ကိုကို့လက်ထဲ တန်းရောက်သွားသောအခါ သတိလက်လွတ်ဖြင့် ထခုန်မိလေသည်။ ဒီတစ်ခါတော့ အကြည့်တွေတင် မဟုတ်တော့။ တက္ကသိုလ်ကျောင်းသူလေးတွေ၏ မျက်စောင်းတွေ၊ အကြည့်စူးစူးတွေ တစ်ဒိုင်းဒိုင်းရောက်လာသည်။ ညို သည် တက္ကသိုလ်ကျောင်းသား ချောချောလေး၏ မကြည်ကြည့်ကို တက္ကသိုလ်ကျောင်းသူ မဖြစ်ခင်ကပင် ခံစားလိုက်ရသည်။ မျက်လွှာချလို့ ခေါင်းကိုငုံ့ပြီး အမေ့နားကပ်ခါ ဒုတိယအကြိမ် တိုးတိုးလေးပြောမိသည်။

“ အမေ သမီးတို့ နေရာပြောင်းကြရအောင် ”

ဒီလိုနှင့် ပထမပိုင်းပြီးခါနီး တချို့ကျောင်းသူတွေ အိမ်သာဦးဖို့ အထမှာ ညို တို့သားအမိလည်း ညာဘက်ပွဲကြည့်စင်ပေါ်ကနေ ရောယောင်လိုက်ဆင်းလာပြီး ဘယ်ဘက်ပွဲကြည့်စင်ပေါ် တက်လိုက်ကြသည်။ ဒုတိယပိုင်း ဂိုးစည်းပြောင်းကြတော့ ကိုကိုသည်လည်း ညို တို့ရှိရာ ဘယ်ဘက်ဂိုးစည်းသို့ ရောက်လာသည်။ ဒုတိယပိုင်းမှာ Physics အသင်းရဲ့ တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းသောအခါ ထိုင်ရာနှင့် ဝေးနေလို့ မမြင်လိုက်။ TV မှာကြည့်သလို Replay လည်းမကြည့်ရလို့ ဘယ်လိုဘယ်ပုံဝင်သွားမှန်းလည်း မသိ။ သို့သော် တစင်လုံး ၀ုန်းကနဲ့ ထခုန်ကာ “ဂိုး” ဆိုပြီး အော်ကြသောအခါ ညိုတို့သားအမိလည်း လိုက်အော်ကာ ပျော်ရသည်။ တော်ပါသေးသည်။ ဟိုဘက်မှာသာ ဆက်ထိုင်မိလျှင် မျက်စောင်းတွေကြောင့် တစ်ကိုယ်လုံးကျုံ့ကာ ပိစိကွေးလေးဖြစ်သွားလောက်ပြီ။

ဆုပေးပြီးဓါတ်ပုံရိုက်တဲ့အချိန် ညို တို့ဆင်းသွားကြတော့ ကိုကိုက အံ့သြနေသည်။ မိန်းကလေးကျောင်းမှာ ကျောင်းတက်သူမို့ ဘောလုံးပွဲကို အတူလိုက်ကြည့်ပေးချင်တဲ့ သူငယ်ချင်း မရှိသူ၊ အိမ်ကနေ သထုံလမ်းအထိ မသွားတတ်သူ၊ သွားတတ်ရင်တောင်မှ တစ်ယောက်တည်း မသွားရဲသူ ညို သည် အမေ့ကို အကြိမ်ပေါင်းများစွာ နားပူနားဆာတိုက်ပြီး လိုက်ပို့ခိုင်းခဲ့တာ ကိုကို မသိ။ အိမ်မပြန်နိုင်သေးဘဲ ကိုကိုတို့ ဓါတ်ပုံရိုက်နေတာကို ကြည့်နေမိသော သားအမိနှစ်ယောက်သည် ဒုတိယရ Botany အသင်းသားတွေကို လာစောင့်နေသော မမ လှလှလေး စိတ်ဆိုးဆိုးနဲ့ ဆောင့်ဆောင့်အောင့်အောင့် ပြောနေတာကို ကြားဖြစ်အောင် ကြားလိုက်ကြသေးသည်။
“ ပထမရမှာပေါ့ အမေကြီးကိုယ်တိုင် လာအားပေးနေတာကိုး ” တဲ့ ။

ထိုအခါက စလို့ ဘောလုံးပွဲ အကြောင်းတွေပြောမိတိုင်း ကိုကို့ ဆီက “ ငါ တို့ဘောလုံးရွှေခေတ်တုန်းက ” အစချီကာ ဘောလုံးကွင်းအစစ်မှာ ပရိသတ်ဖြင့်ဟန်ကျပန်ကျ အားပေးခံရတဲ့ တစ်ခုတည်းသော ပြိုင်ပွဲနှင့် တစ်ကြိမ်တည်းသော ရွှေဆုအကြောင်း ကို ကြားရတတ်သည်။ ကိုကိုပြော၍ ပြီးသွားတိုင်းလည်း အမေက “ ငါ့သား ပထမရမှာပေါ့ အမေကြီးကိုယ်တိုင် လာအားပေးခဲ့တာကိုး ” ဆိုကာ မမလှလှလေးရဲ့ စကားဖြင့် ရယ်မောကာ အဆုံးသတ်ပေးလေ့ရှိသည်။

လွန်ခဲ့သော ၁၀ နှစ်ကျော်က ဒီပွဲလေးသည် ဆီးဂိမ်း နှင့် ကမ္ဘာ့ဖလားပွဲများကြည့်ကာ ဘောလုံးပိုးဝင်သွားသော ညို့အတွက် ပရိသတ်နှင့်၊ စည်းကမ်းနှင့်၊ ဒိုင်လူကြီးအပြည့်အစုံနှင့် ပထမဆုံးကြည့်ခဲ့ဖူးသော ပွဲလည်းဖြစ်သည်။ အားကစားပွဲတွေမှာ နှစ်ဘက်ပရိသတ်ကို နေရာခွဲပြီး ချထားပေးတတ်ကြောင်းလည်း မျက်စောင်းတွေက တစ်ခါတည်း မှတ်သွားစေခဲ့သည်။ ကိုကို့ရဲ့ တက္ကသိုလ်ကျောင်းသားဘ၀ အမှတ်တရတွေထဲကို အမေ ပါ ပါအောင် ညို ၀င်ရှုတ်ခဲ့သောအချိန်လေးသည် ပြန်တွေးမိတိုင်း ပြုံးရလေသောအချိန်လေး ဖြစ်လေသည်။      ။


ညိုလေးနေ 
02.07.2017 ( 7:27 pm )


( 12.07.2017 မြန်မာတိုင်းမ် သတင်းစာမှာ ပါခဲ့တဲ့ စာမူလေးပါ။ မဂ္ဂဇင်း၊ ဂျာနယ်နဲ့ တခြားစာအုပ်တွေမှာ စာမူတွေပါရင် ထုတ်ဝေသူတွေကို နားလည်သောအားဖြင့် စာရေးသူတွေက အွန်လိုင်းမှာ ချက်ချင်းတင်လေ့မရှိပါဘူး။ အခုက နေ့စဉ်သတင်းစာ မို့လို့သာ တင်လိုက်တာပါ။ သတင်းစာထဲမှာတော့ စည်းမျဉ်းစည်းကမ်းတွေအရ အယ်ဒီတာက ရူပဗေဒ နဲ့ ရုက္ခဗေဒ လို့ ပြင်ပေးထားပါတယ်  )

Thursday, December 4, 2014

အမေနှင့် ရေစုန်၊ ရေဆန်၊ သင်္ဘောနစ်ခြင်း

ခေါင်းစဉ်ဖတ်ပြီးတော့ အမေနဲ့ မယ်ညို ရဲ့စွန့်စားခန်းလို့တော့ မထင်ကြစေချင်ပါဘူး။ စုန်ရေတွေ ဆန်ရေတွေနဲ့ တင်စားတဲ့ မေတ္တာတရားအကြောင်းလည်း မဟုတ်ပါဘူး။ စာရွက်ပေါ်က ဂဏန်းတွေနဲ့ စုန်ကြ၊ ဆန်ကြတဲ့အကြောင်း အမှတ်တရပါ။

အမေက ကျောင်းဆရာမ လုပ်ခဲ့ဖူးတယ်။ အဲဒီတော့ ကလေးတွေကို စာကောင်းကောင်းသင်တတ်တယ်။ သားသမီးတွေကို ကိုယ်တိုင်စာပြပေးလို့ မယ်ညို တို့မောင်နှမတစ်တွေအားလုံး ခုနှစ်တန်းအထိ ကျူရှင်မယူခဲ့ရဘူး။ သင်္ချာညံ့ရင် သိပ်အမြင်ကတ်တာနော် လို့ပြောတတ်တဲ့ အမေက သင်္ချာ ဥာဏ်လည်းသိပ်ကောင်းပါတယ်။  ဒီလိုနဲ့ မယ်ညို ကျောင်းမှာ ရေစုန်၊ ရေဆန်၊ လေစုန်၊ လေဆန် ပုစ္ဆာတွေသင်ရတဲ့ အရွယ်ရောက်လာပါတယ်။

သင်္ဘောက မြစ်ရေအတိုင်း စုန်ဆင်းရင် သွားနှုန်းမှာ ရေစုန်နှုန်း ထည့်ပေါင်း၊ ရေဆန်ကို လှေလှော်သွားရင် လှေလှော်နှုန်းထဲက ရေစုန်နှု န်းကိုနှု တ် ..... ။ ရေစုန်၊ ရေဆန် ပုစ္ဆာတွေ။ ပြဿ     နာက မြစ်နား၊ ချောင်းနားမှာ နေရသူလည်းမဟုတ်၊ ရန်ကုန်မှာ လေပြင်းတိုက်တာလည်း မကြုံဖူးလေတော့ စုန်တာ၊ ဆန်တာတွေကို မယ်ညိုက လက်မခံနိုင်တာပါပဲ။ ကျောင်းမှာ ဆရာမပြောသလို အပေါင်း၊ အနှုတ်တွေ လုပ်လာပေမယ့် အိမ်ရောက်ရင်တော့ မယ်ညို ရစ်ပါတယ်။

" လှေလှော်တဲ့အခါ ရေလေးက စီးနေတော့ မြန်မြန်ရောက်သွားတာပေါ့သမီးရဲ့၊ မလှော်ဘဲနေရင်တောင် ရေနဲ့ မျောသွားမှာကို လှော်လိုက်တော့ ရှေ့ပိုရောက်သွားတာပေါ့ အဲဒါကြောင့် ပေါင်းရတာ "

" အမေရဲ့ ..... သင်္ဘောက စက်ကြီးတပ်ထားတဲ့ဟာကို အဲဒီ့ရေက သူဟာသူ စီးစီးမစီးစီး ဘာလို့နှု တ်ရမှာလဲလို့၊ စက်နဲ့မောင်းတာပဲ ရှေ့ကို သွားမှာပေါ့ "

လူရေကူးတာတွေ၊ လှေလှော်တာတွေကို မကျေလည်သော်လည်း အထွန့်မတက်ပေမယ့် စက်တပ်ထားတဲ့သင်္ဘောကို ရေကတွန်းတယ်ဆိုတာတော့ မယ်ညို ကလက်မခံပါဘူး။ ခံငြင်းပါတယ်။ အမေကလည်း သူ့သမီးနားလည်အောင် နည်းမျိုးစုံနဲ့ရှင်းပါတယ်။ ဒါပေမယ့် မယ်ညို ကလည်း မယ်ညို ပါပဲ။ စိတ်ထဲမှာ မရှင်းလို့ကတော့ လက်မခံပါဘူး။

စာမေးပွဲနီးလို့ အိမ်မှာ အမေက မေးခွန်းလေးတွေထုတ်ပေးပြီး အစမ်းဖြေခိုင်းတဲ့အခါ မှားမြဲ မှားဆဲပါပဲ။ သုံးချက်တွက်နည်းနဲ့ သင်္ဘောစက်နှု န်းနဲ့ ပေးထားတဲ့နာရီမှာ ဘယ်နှမိုင် ရောက်တယ်ဆိုတာပဲ တွက်တယ်၊ ရေစီးနှုန်းကို ထည့်မပေါင်း၊ မနှုတ်ပါဘူး။ စာမေးပွဲမှာ မှားမှာစိုးလို့ အမေက ဆူပြီး ဘက်တူရင်ပေါင်း၊ ဆန့်ကျင်ဘက်ဆိုနှုတ် ဆိုပြီး အတိုကောက် မှတ်ခိုင်းတော့ အမေ့သင်္ဘောက စက်ကြီးနဲ့ပါဆို ဆိုပြီး မယ်ညို ငိုပါတယ် :)

စာမေးပွဲဖြေပြီး နေ့လယ် ပြန်လာတော့ ဘေးအိမ်က အဘွားက လှမ်းခေါ်တယ်။

" အငယ်လေး စာမေးပွဲ ဖြေနိုင်လား "  
" ဟုတ်။ ဘွားက သမီး စာမေးပွဲရှိတာ ဘယ်လိုလုပ်သိတာလဲ "
" မနက်က ညွန့် စာသင်နေတာမြင်တယ်။ ငါ့မြေးငိုတာလည်း ဘွားကြားတာပေါ့။  မြေးက ညွန့် သင်တာကို နားမလည်လို့လား။ အငယ်လေးကို မဆူရဘူးလို့ ညွန့် ကို ဘွားပြောထားတယ်သိလား။ ငါ့မြေးကလည်း မငိုရဘူးနော် ကြာလား "

စာမရလို့ငိုတယ် ထင်သွားမှာစိုးတာရော၊ စကားပြောလေးနဲ့ တအိအိငိုတာကို အဘွားကြားသွားလို့ရော မယ်ညို နဲနဲတော့ ရှက်သွားပါတယ်။ စာသင်ပေးတဲ့ အမေ့ကို မယ်ညို ရစ်တာ အိမ်နီးနားချင်းတွေ သိတဲ့အထိပါပဲ။ နောက်တော့ အိမ်ကို ပြန်ပြေးပြီး အမေ့ကို အဘွားဆူလိုက်လားဆိုပြီး အမောတကော မေးရပါသေးတယ်။ အမေက နောက်ကို မစုန်ဘူး၊ မဆန်ဘူး ငြင်းဦးမှာလား ဆိုပြီး ရယ်နေပါတော့တယ်။




သင်္ဘောနစ်တာကတော့ မယ်ညို့ ကြောင့် မဟုတ်ပါဘူး။ တစ်ရက်မှာ မယ်ညို့  အစ်မနှစ်ယောက်နဲ့ အစ်မဝမ်းကွဲ တစ်ယောက် သင်တန်းတစ်ခုအတွက် ဗဟုသုတနဲ့ သင်္ချာဥာဏ်စမ်း သွားဖြေကြပါတယ်။ သူတို့တွေက မယ်ညို နဲ့ကွာသလို အသက်သိပ်မကွာကြဘဲ မတိမ်းမယိမ်းတွေ။ အိမ်ပြန်ရောက်လာတော့ မမကြီးက အစ်မလတ်ကို မေးတယ် နင့် သင်္ဘောက ဘယ်နှနာရီမှာ နစ်သွားလဲ တဲ့။ အစ်မလတ်က ဂဏန်းတစ်ခု ပြောလိုက်သလို အစ်မ ဝမ်းကွဲကလည်း သူဖြေခဲ့တဲ့ နာရီကို ပြောလိုက်တယ်။ အဲဒီ့မှာ မမကြီးက တခွိခွိနဲ့ ထ ရယ်ပါတော့တယ်။

အမေက ပုစ္ဆာပြောပြပါဦး ဆိုလို့ မမကြီးပြန်ပြောပြတဲ့ပုစ္ဆာ မယ်ညို မှတ်မိသလောက်က ဒီရေအတက်အကျ ရှိတဲ့ ရေထဲက ရေဆူး ၁၃ ပေရှိ သင်္ဘောပေါ်မှာ ကုန်တွေတင်ထားလို့ ရေဆူးအမှတ်က ၇ ပေ မှာရှိနေပါသတဲ့။ ဒီရေက တစ်နာရီကို ၉ လက်မနှုန်းနဲ့ တက်နေတဲ့အတွက် ဘယ်နှနာရီကြာရင် သင်္ဘောမြုပ်နိုင် ပါသလဲ တဲ့။ ( ပုစ္ဆာရဲ့ သဘောတရားကိုပဲ ပြောချင်တာပါ။ ဂဏန်းတွေ မမှတ်မိပါဘူး။ )

ပုစ္ဆာသိရလို့ မယ်ညို စိတ်တွက်နဲ့ လိုက်တွက်နေတုန်း အမေက အမေ့သမီးတွေ လုပ်နေပြီး သင်္ဘောကို နှစ် ပစ်ခဲ့ကြရောလား ဆိုပြီးမေးတော့ မမကြီးက ပိုလို့ ရယ်ပြီး ဟုတ်တယ် အမေ သမီးတို့လက်ချက်နဲ့ နစ်သွားပြီ  ဆိုပြီး ဖြေပါတယ်။ အဲဒီ့အချိန်အထိ မယ်ညို နားမလည်သေးပါဘူး။ ငါတောင် တွက်လို့ ရတဲ့ပုစ္ဆာ အစ်မတွေက ဘာမှားလို့လဲ ဆိုပြီး တွေးလိုက်ပါသေးတယ်။

" သင်္ဘောပါ ဆိုမှအေ ပစ္စည်းတွေနင်းကန် တင်မှ နစ်မှာပေါ့။ ဒီရေတက်တာနဲ့ နစ်မလား။ ရေတက်ရင် တက်သလောက် သူလည်း ရေပေါ်လိုက်မြင့်နေမှာပေါ့ "

အမေ့ အဖြေဆုံးမှ မယ်ညိုလည်း သဘောပေါက်ပြီး လိုက်ရယ်မိပါတော့တယ်။ ဟုတ်ပါရဲ့။ သင်္ချာစာမေးပွဲ သီးသန့်မှ မဟုတ်တာ။ ဗဟုသုတ ပါ ပါတယ်ဆိုတာ မယ်ညို့  အစ်မတစ်တွေ သတိလွတ်သွားကြတော့ သုံးယောက်ပေါင်းပြီး သင်္ဘောကို နှစ်လိုက်ကြတာပေါ့။ နှစ်ခါပြန်စဉ်းစားချိန် မရှိလောက်အောင်များတဲ့ ဓမ္မဓိဋ္ဌာန်မေးခွန်းတွေကြောင့် နှစ်ပစ်ခဲ့တာကို မမကြီးက စားမေးပွဲခန်းကထွက်လာပြီး ပြန်ဖတ်တော့မှ သတိထားမိတာတဲ့။

အဲဒီ့အချိန်က တစ်ယောက်ကို တစ်ယောက်လက်ညှိုးထိုးပြီး ရယ်ခဲ့ကြတဲ့ မယ်ညို တို့ညီအစ်မတစ်တွေဟာ မေးခွန်းတစ်ခါကြားတာနဲ့ အဖြေတန်းသိတဲ့ အမေ့လောက်တော့ သင်္ချာဥာဏ်၊ ဖြတ်ထိုးဥာဏ် မကောင်းတာတော့ အမှန်ပါပဲ။      ။


ညို လေးနေ 
04.12.2014  ( 10:39 am )

Saturday, September 6, 2014

အမေနှင့် ဘာပဲဖြစ်ဖြစ်ပေါ့ သမီးရယ်

အရင်တစ်ခါ ဆိုခဲ့တဲ့အတိုင်း မယ်ညို ဟာ အစ်ကို၊ အစ်မ တွေနဲ့ တွတ်ထိုးပြီး သိပ်မနေပေမယ့် အမေ့ကိုဆိုရင်တော့ တောက်တဲ့ကပ်ကပ်ပြီး ဟိုမေးဒီမေး မေးတတ်တယ်။ မေးစရာမရှိရင် အမေတို့ ငယ်ငယ်က အကြောင်းတွေ ပြောပြဖို့ တောင်းဆိုတတ်တယ်။ အဲဒီ့ မေးခွန်းပေါင်းများစွာထဲက မယ်ညို မေးလေ့ ရှိတတ်တာလေးတွေနဲ့ အမေ့ရဲ့ ဖြေပုံလေးကို အမှတ်တရ ရေးထားချ င်ပါသေးတယ်။

နှစ်တန်းကျောင်းသူဘဝမှာ " နင်ကဘာလို့ ရုပ်ဆိုးပြီး ပုနေတာလဲလို့ " မေးခံခဲ့ရတဲ့ မယ်ညို ရဲ့ မသိစိတ်ထဲမှာ သိမ်ငယ်စိတ်ကလေးဝင်သွားတယ်။ လှချင်စိတ်ကလေး ကျန်နေခဲ့တယ်။ အဲဒီတော့ ကြုံရင်ကြုံ သလို၊ တိုက်ဆိုင်ရင် တိုက်ဆိုင်သလို " သမီးကြီးလာရင် လှလာမှာလား၊ ဒီလိုရုပ်ပဲ ရှိနေမှာလား မသိဘူးနော် " လို့ အမေ့ကို မေးတတ်တယ်။ အဲဒီ့မေးခွန်းကတော့ ကိုယ့်ကိုယ်ကို သေချာသိသွားတဲ့အချိန်အထိ အများဆုံးမေးခဲ့တဲ့မေးခွန်းပေါ့   :)

ဆရာဝန်လည်းဖြစ်ချင်၊ အင်ဂျင်နီယာလည်းဖြစ်ချင်၊ ပန်းချီကလည်း ဆွဲချင်သေးတယ် ဆိုတဲ့ ကလေးအရွယ်မှာ ကလေးသဘာဝ  မေးတတ်တဲ့ " သမီးကြီးလာရင် ဘာဖြစ်မှာလဲ၊ ဘာလုပ်ရမလဲ " ဆိုတာတွေလည်း မေးခဲ့တယ်။ ၈၈ အရေးအခင်းနဲ့ ကြုံ ရတဲ့အချိန်၊ ဆယ်တန်းဖြေပြီး လေးနှစ်တိတိ ကျောင်းတွေပိတ်ထားခဲ့တဲ့ အချိန်တွေမှာ " စာသင်ရပါ့ဦးမလား ၊ ဘွဲ့မှရပါ့မလား "  ဆိုတဲ့မေးခွန်းတွေလည်း ပါခဲ့တယ်။ အတွေးများတတ်သူပီပီ အခြေအနေတွေ ပြောင်းလာတာနဲ့အမျှ မယ်ညို့ ရဲ့ ရှေ့ရေးကိုတွေးတောပူပင်တဲ့ မေးခွန်းတွေကလည်း မထပ်အောင် များလာခဲ့တယ်။

အရွယ်ပြောင်းလို့  မေးခွန်းတွေ ပြောင်းလာတဲ့အခါ အမေ့ရဲ့ အဖြေတွေကလည်း အရင်ကလို တိုတို ရှင်းရှင်းလေးတွေ မဟုတ်တော့ဘဲတွေးစရာလေးတွေ ပါလာခဲ့တယ်။ ဒါပေမယ့် အမြဲတမ်း မပြောင်းလဲတတ်တာလေးက ရှေ့ရေးအတွက် တွေးတောပူပင် မေးခွန်းတွေ မေးတဲ့အခါ ပြန်မဖြေခင်မှာပဲ ဖြစ်ဖြစ် အားလုံး အစုံဖြေပြီးသွားတဲ့ အခါမှာပဲဖြစ်ဖြစ် သီချင်းလေးတစ်ပိုဒ်ကို အမေက ခပ်ပြုံးပြုံးနဲ့ ဆိုလေ့ရှိတာပါပဲ။ အမေဆိုတတ်တဲ့ သီချင်းပိုဒ်လေးက Doris Day ရဲ့ Que Sear Sear သီချင်းလေးထဲက Chorus အပိုဒ် ပါ။
Que Sear Sera
Whatever will be will be,
The future not ours to see ,
Que Sera Sear
What will be be 

အမေဆိုပြတာကို သဘောတွေကျပြီး နားထောင်ခဲ့ပေမယ့် သိပ်ငယ်သေးတဲ့အချိန်တုန်းကတော့ အမေက မေးတာတွေဖြေပြီး ကျေ နပ်အောင် ချော့မော့ သီချင်းဆိုပြတယ်လို့ပဲ ထင်ခဲ့တယ်။ နည်းနည်းလေးကြီးလာမှ ဒီသီချင်းလေးကိုယ်တိုင်က မယ်ညို့ ရဲ့ မေးခွန်းဖြစ်သွားတယ်။

" အမေဆိုတာ ဘာလဲဟင်၊ သမီးနားမလည်ဘူး "
" အမေစောစောက ပြောလိုက်တယ်လေ  ဘာပဲဖြစ်ဖြစ်ပေါ့ သမီးရယ် ၊ ရှေ့ဘာဖြစ်လာမလဲ အမေတို့ သိတာမှ မဟုတ်တာ၊ တွေးပူမနေပါနဲ့၊ ဘာတွေဖြစ်လာလာ သမီးလက်ခံနိုင်ဖို့ပဲ အရေးကြီးတာ ဆိုတာ  အဲဒီ့အဓိပ္ပါယ်ပဲပေါ့ "

ဟုတ်ပါရဲ့။ အမေက သီချင်းပဲဆိုတာမှ မဟုတ်တာ။ သီချင်းပိုဒ် ဆုံးသွားတိုင်းလည်း ဒီစကားကို ပြောတတ်တာ ငယ်သေးလို့ မယ်ညို မဆက်စပ်တတ်ခဲ့ဘူး။

ပစ္စုပ္ပန်ကို တည့်တည့်ရှု ဆိုတဲ့ ဗုဒ္ဓအဆုံးအမနဲ့ နီးစပ်လှတဲ့ အမေဆိုတဲ့ သီချင်းစာပိုဒ်လေးက မေးခွန်းတွေဖြေပြီးတိုင်း စိတ်မပူဖို့  နှစ်သိမ့်ရုံတင် မဟုတ်ခဲ့ပါဘူး။ မယ်ညို့  ဘဝရဲ့ အရေးပါတဲ့အချိန်တွေမှာလည်း အထောက်အကူဖြစ်ခဲ့တယ်။ လဲကျ သွားချိန်တွေမှာလည်း ဆွဲထူပေးခဲ့တယ်။ မှတ်မှတ်ရရ ဆယ်တန်း အမှတ်စာရင်းတွေ ထွက်တဲ့အချိန်က လိုချင်တဲ့ အမှတ်မရလို့ သုံးလေးရက်လောက် ဆောက်တည်ရာမရ ဖြစ်ခဲ့ဖူးတယ်။ သူငယ်ချင်းအိမ်ကို လိုက်ပို့ခိုင်းပြီး သူငယ်ချင်းဆီကိုရောက်တာနဲ့ အိမ်ပြန်ချင်တယ်ဆိုပြီးပြန်လာ၊ အိပ်ယာထဲမှာ  ခွေနေတော့တာ။   နောက်တော့လည်း သမီးအတတ်နိုင်ဆုံးကြိုးစားခဲ့ပြီးပြီပဲ၊ ဘာပဲဖြစ်ဖြစ် ခုချိန်မှာ ဘာဆက်လုပ်မလဲ ဆိုတာပဲစဉ်းစားရမှာပေါ့ ဆိုတဲ့ စကားနဲ့  Que Sear Sear သီချင်းသံအောက်မှာပဲ ငိုတာတွေ ရပ်ခဲ့ရတယ်။

ဆယ်တန်းအောင်ပြီးတဲ့နောက် တက္ကသိုလ်တက်တဲ့ အချိန်တွေမှာ လက်ရှိအချိန်အထိ ဘာလိုချင်တယ် ဘာလုပ်ရမယ်ဆိုတာ ကိုယ့်ဟာကိုယ် သေချာနေတဲ့ မယ်ညို မေးခွန်းတွေ သိပ်မထုတ်ဖြစ်ခဲ့တော့ဘူး။ ဒါပေမယ့် နောက်ဆုံးတက်ခဲ့တဲ့ ကျောင်းပြီးခါနီးတစ်နေ့  ညနေစောင်းအချိန် အမေနဲ့ လမ်းလျှောက်ထွက်ရင်း မေးမိတယ်

“ ကျောင်းပြီးသွားရင် ဘာတွေဖြစ်လာဦးမလဲမသိဘူးနော် အမေ ”

တကယ်တော့ မယ်ညိုတတ်ထားတဲ့ပညာနဲ့ အလုပ်တစ်နေရာရာဝင်ချင်ရင် တန်းဝင်လို့ ရပေမယ့် ဟိုတွေးဒီတွေး တွေးတတ်တဲ့အကျင့်အတိုင်း မေးလိုက်မိတာပါ။ ဒါပေမယ့် ဒီတစ်ခါတော့ အမေက မယ်ညို
တွေးမထားသေးတာတွေပါ ထည့်ပြီးဖြေသွားတယ်။

“ ဘာတွေဖြစ်လာမလဲသမီးရယ်၊ သမီးကအလုပ်လုပ်၊ နောက်တော့ ယောင်္ကျားရရင် အိမ်ကခွဲသွား၊ အမေတို့ အဖေတို့ကအိမ်မှာ အဘိုးကြီးအဘွားကြီးတွေဖြစ်လာ၊ ဘုရားတရားလုပ်ရင်း သားသမီးတွေလာတာမျှော်ပေါ့ ”

ရိုးရိုးလေးပြောသွားပေမယ့် မယ်ညို့ ရင်ထဲမှာတော့ စိတ်မကောင်းသလို တစ်မျိုးကြီးဖြစ်သွားတယ်။ အမေကတော့ သဘာဝတရားကိုကြိုတွေးလို့ ဖြစ်လာနိုင်တာတွေအတွက် စိတ်ကို ကြိုတင်ပြင်ဆင်ထားပုံပါပဲ။  ဒါတွေကတစ်နေ့ကျရင် ကြုံရမှာပဲလေသမီးရဲ့  လို့ပြောပြီးထုံးစံအတိုင်း Que Sear Sear သီချင်းလေးတစ်ပိုဒ်ကို ပြုံးပြီးဆိုလိုက်ပါသေးတယ်။

အမေနိမိတ်ဖတ်ခဲ့တဲ့ အတိုင်းပါပဲ။ မယ်ညို အိမ်နဲ့ ခွဲခဲ့ရတယ်။ ဒါပေမယ့် အမေပြောသလို ယောင်္ကျားရလို့တော့ မဟုတ်ဘူး။ စနစ်ဆိုးတစ်ခုကို မတွန်းလှန်နိုင်သေးရင်တောင်မှ အတူမမြောပါလိုတဲ့ စိတ်တွေကြောင့်။ ကိုယ့်ဆုံးဖြတ်ချ က်နဲ့ ကိုယ်ရွေးခဲ့တဲ့ နေရာသစ်မှာ အခက်အခဲတွေ၊ စိတ်ဒုက္ခတွေ ဖြစ်တိုင်းလည်း အမေဆိုပြခဲ့တဲ့ သီချ င်းနဲ့ အမေပြောခဲ့တဲ့ ဘာတွေပဲဖြစ်လာဖြစ်လာပေါ့ သမီးရွေးခဲ့တဲ့လမ်းက အခက်အခဲတွေကို သမီးလက်ခံနိုင်ရမယ် ဆိုတဲ့စကားက စိတ်ဓါတ်အင်အားတွေ ပေးခဲ့တယ်။

ခုချိန်ထိလည်း တစ်ခါတစ်ခါ စိတ်အင်အားတွေလိုတဲ့အခါ ဖုန်းဆက်လို့ အမေ့ကို  ဆိုပြပါဦးလို့ ပြောတတ်သလို ဖုန်းအလွယ်တကူဆက်လို့ မရတဲ့အခါကျတော့လည်း Youtube ကနေ Doris Day ကိုပဲ အမေ့ကိုယ်စား ဆိုခိုင်းရတော့တာပေါ့။ အတူနားထောင်ကြည့်ပါဦးလား။         ။



When I was just a little girl
I asked my mother
What will I be
Will I be pretty
Will I be rich
Here's what she said to me

Que sera, sera
Whatever will be, will be
The future's not ours to see
Que sera, sera
What will be, will be

When I grew up and fell in love
I asked my sweetheart
What lies ahead
Will we have rainbows
Day after day
Here's what my sweetheart said

Que sera, sera
Whatever will be, will be
The future's not ours to see
Que sera, sera
What will be, will be

Now I have Children of my own
They ask their mother
What will I be
Will I be handsome
Will I be rich
I tell them tenderly

Que sera, sera
Whatever will be, will be
The future's not ours to see
Que sera, sera
What will be, will be
Que Sera, Sera 

 video credit to ~  http://www.youtube.com/watch?v=SdhAfMor9BM

ညို လေးနေ 
06.09.2014  ( 01:01 am )

Saturday, June 14, 2014

အမေနှင့် ထွေးခင်သားလေးမွေးတုန်းက

တကယ်တော့ အမေနှင့်မယ်ညို့  ပုံပြင်များကို တခြားအကြောင်းအရာတွေနဲ့ ဆက်ဖို့ပါ။ ဒါပေမယ့် ကမ္ဘာ့ဖလားဆိုတဲ့ လေးနှစ်တစ်ကြိမ်မှ ကျင်းပတဲ့ ကမ္ဘာတစ်လွှားစိတ်ဝင်စားတဲ့ ဘောလုံးပွဲကြီးနဲ့ တိုက်ဆိုင်နေလို့ ဒီအကြောင်းအရာလေးကို ရေးဖြစ်သွားတယ်။

မယ်ညို က အမေ့ကို သိပ်ချစ်တယ်။ ကလေးတိုင်း ကိုယ့်အမေကို ချစ်ကြတာပဲ အဆန်းလား ဆိုရင်တော့ မယ်ညို ဆိုလိုတာက အိမ်မှာ အဖေထက်၊ အစ်ကိုအစ်မတွေထက် ပိုပြီးရင်းနှီး တွယ်ကပ်တာကို ပြောချင်တာပါ။ ငယ်ငယ်ကတည်းက ဟိုတွေး ဒီတွေး၊ ဟိုမေး ဒီမေး မေးတတ်လွန်းတဲ့ မယ်ညို ရဲ့ မေးခွန်းဒဏ်ကို အစ်ကိုတွေ အစ်မတွေက သိပ်ပြီးသည်းမခံနိုင်ပါဘူး။ တချို့ဟာတွေက သူတို့ကိုယ်တိုင်းလည်း မသိဘူးလေ။ အဖေကတော့ သူ့ဟာသူ အလုပ်တွေနဲ့မို့ ကိုယ်တိုင်က မမေးရဲတာလည်းပါ ပါတယ်။ ၁၀ တန်းသာအောင်ခဲ့ပြီး ဘွဲ့ရတဲ့အထိ ကျောင်းမတက်ခဲ့ရပေမယ့် အမေက မယ်ညို့ ရဲ့ အင်္ဂလိပ်-မြန်မာ အဘိဓါန်ဆိုလည်းဟုတ်တယ်။ စွယ်စုံကျမ်းဆိုလည်းဟုတ်တယ်။ အရစ်ရှည်တတ်လွန်းတဲ့ မယ်ညို ကို စိတ်အရှည်ဆုံးလူသား ဆိုလည်းဟုတ်တယ်။ အခုချိန်အထိ တိုင်တည် အားကိုး အကြံဥာဏ်တောင်း နေရအောင်လည်း အမေဟာ ခေတ်မှီနေသေးရဲ့။

မယ်ညို့ ရဲ့ ဘောလုံးဝါသနာဟာ မြန်မာအသင်း ငွေတံဆိပ်ရခဲ့တဲ့ ၁၉၉၃ အရှေ့တောင်အာရှပွဲက စခဲ့တယ်။ ပြီးတော့ တဆက်တည်း ၁၉၉၄ ကမ္ဘာ့ဖလားပွဲ။ နောက်တော့ တစ်နိုင်ငံလုံးကို ဘောလုံးရောဂါ တိုးစေခဲ့တဲ့ ၁၉၉၅ အရှေ့တောင်အာရှပွဲ။ ဘက်ဂီယို တို့၊ သန်းတိုးအောင် တို့ဆိုတာ မယ်ညို ရဲ့ သူရဲကောင်းတွေ ( အခုချိန်ထိအောင်လည်း မပြောင်းလဲသေးပါဘူး ) ။  အဲဒီ့အချိန်က မြန်မာအသင်းကို တစ်သင်းလုံး အလွတ်ရပေမယ့် ကမ္ဘာကျော်ဘောလုံး သမားတွေနဲ့တော့ နည်းနည်း  အလှမ်းဝေးသေးတယ်။ အင်တာနက်ဆိုတာ ဘာမှန်းမသိသေးတဲ့ အချိန်။ အားကစားဂျာနယ်တွေကလည်း အခုလို မများသေးဘဲ " အင်အား" တို့၊ " တက်လမ်း " တို့ လောက်ပဲရှိသေးတယ်။ ဒါတောင် ကိုယ့်မုန့်ဖိုးနဲ့ကိုယ်ဆိုတော့ ထွက်သမျှ ဝယ်မဖတ်နိုင်ဘူး။ ဒီတော့ သတင်းစာထဲ ပါသမျှလောက်သာ ဖတ်၊ ဖြတ်၊ ညှပ်၊ ကပ်၊ စု၊ သိမ်း။ ဘက်ဂီယိုပုံပါတဲ့ ဂျာနယ်ဆိုရင်တော့ မရမက ဝယ်သိမ်းပါတယ်။ ( ပရိတ်သတ်ကြီးက အားကစားစိတ်ဓါတ် ပြည့်ဝတာ အဲလို အဲလို :D ) 

အမေ့ကို ချစ်တဲ့ မယ်ညို က အမေ့ကို ကူဖို့ အမြဲချောင်းနေတတ်တယ်။ ဟင်းချက်တဲ့နေရာ၊ မီးပူတိုက်တဲ့နေရာ၊ အဝတ်လျှော်တဲ့နေရာ။ အခုနေ ပြန်တွေးကြည့်တော့ အဲလိုကူလုပ်ပေးလို့လည်း အမေ့မှာ သက်သာရှာမယ် မထင်ပါဘူး။ ကူတာက နည်းနည်း မယ်ညို့ မေးခွန်းတွေကို ဦးနှောက်ပူအောင်စဉ်းစားပြီး လျှာထွက်အောင် ဖြေရတာက ပိုမောမယ်ထင်တယ်။

အဲဒီလိုနဲ့ ကြည့်ခဲ့သမျှ ဘောလုံးပွဲတွေထဲမှာ အနှစ်သက်ဆုံး ၁၉၉၈ ကမ္ဘာ့ဖလား ဘောလုံးပွဲအချိန်ကို ရောက်လာခဲ့တယ်။ ၉၄ က ကစားသမားတွေ၊ ၉၈ မှာထပ်တိုးလာတဲ့ ဘောလုံးသမားတွေ အကြောင်းကို အတော်အတန်သိနေပေမယ့် ဘောလုံးဘုရင်ဆိုတဲ့ ပီလီ ရဲ့အကြောင်းကိုတော့ မယ်ညို သိပ်မသိသေးပါဘူး။ တစ်ရက်တော့ အမေက ရေချိုးခန်းထဲမှာ အဝတ်လျှော်တယ်။ ထုံးစံအတိုင်း မယ်ညိုက အမေ့ကို အုတ်ကန်ထဲက ရေကူခတ်ပေးလိုက်၊ အမေဖွတ်ပြီးသား အဝတ်တွေကို ရေလျှော်ပေးလိုက်လုပ်နေရင်း ညကကြည့်ထားတဲ့ ဘောလုံးပွဲအရှိန်နဲ့ မေးခွန်းတစ်ခုမေးလိုက်တယ်။

" အမေ ... ပီလီက အသက် ဘယ်လောက်လောက် ရှိပြီလဲ မသိဘူးနော် "

" နေဦး သမီးရဲ့ ..... ထွေးခင် သားလေးမွေးတုန်းက .......  "

အမေက ပြောရင်းနဲ့ ရပ်သွားပြီး စဉ်းစားနေတယ်။ မယ်ညို ကတော့ ပါးစပ်အဟောင်းသားနဲ့ မျက်စိတွေကိုလည်လို့။ ငါမေးတာက ပီလီ့အသက်ပါ။ အမေ့သူငယ်ချင်း ဒေါ်ထွေးခင် ကလေးမွေးတာနဲ့ ဘာဆိုင်လို့တုန်း။

" အမေ ... သမီးမေးတာက ပီလီ့ အသက်လေ "

အဲဒီ့တော့မှ အမေက မယ်ညို့ ပုံကို ကြည့်ပြီး တခစ်ခစ်ရယ်လို့ ဆက်ပြောတယ်။

" အဲဒါဖြေမလို့ စဉ်းစားနေတာလေ သမီးရဲ့။ ပီလီ့ကို ပုလဲနက်လို့ ခေါ်ကြတယ်။ ထွေးခင်သားလေးမွေးတဲ့ အချိန်တုန်းက ပီလီ သိပ်နာမည်ကြီးနေတဲ့အချိန်။ ကလေးက မဲမဲလုံးလုံးလေးမို့ ပုလဲနက်ဆိုပြီး အိမ်နာမည်တွင်သွားတယ်။ အဲဒီ့အချိန်က ..... ၁၉၆၅ လောက် ..... ပီလီ့အသက်က ၂၆ ၊ ၂၇ လောက်ရှိရောပေါ့ ..... ၉၈ ထဲက ၆၅ နုတ် ... ၃၃ ၊ တွက်ရလွယ်အောင် ၂၇ ပေါင်း .... အင်းးးး ၅၅ နဲ့ ၆၀ ကြားတော့ ရှိရောပေါ့ သမီးရဲ့ "


မယ်ညို့ မှာ အမေ့စကားကို ရယ်လည်း ရယ်မိတယ်။ သိပ်လည်း ကျေနပ်တယ်။ အမေက သူ မကျွမ်းကျင်တဲ့ ဘောလုံးလောကနဲ့ သူမသိတဲ့ ပီလီ့ အသက်ကို အတတ်နိုင်ဆုံး အနီးစပ်ဆုံးဖြစ်အောင် စိတ်မှန်းနဲ့တောင် မဟုတ်ဘဲ ကိုးကားတွက်ချက်လို့ ဖြေပေးသွားခဲ့တယ်။ ပီလီ့ကို ပုလဲနက်လို့ခေါ်တာလည်း အမေပြောပြလို့ သိခဲ့ရတာကိုး။

အဲဒီ့လိုပါပဲ ငယ်ငယ်လေးကတည်းက မယ်ညို မေးသမျှ အမေ့ဆီက " အမေ မသိဘူး " ဆို တဲ့ အဖြေမျိုး ကြာရခဲလွန်းတယ်။ နောက်ဆုံး လုံးလုံး မသိတော့ဘူးဆိုရင်တောင်မှ " ဟိုစာအုပ်ထဲမှာတော့ ပါလောက်တယ် " " ဒီလူကတော့ သိလောက်တယ် " ဆိုပြီး ညွှန်းတတ်တယ်။ ပိုပြီးကျေနပ်စရာကောင်းတာက " အမေးအမြန်း ထူတာအေ " " တိတ်နေစမ်း ပေါက်ကရတွေ မမေးနဲ့ " ဆိုတာမျိုး ဘယ်တုန်းကမှ မပြောခဲ့တာ။

ထွေးခင်သားလေးမွေးနေ့ကတော့ အမေနဲ့မယ်ညို့  ရဲ့ ကမ္ဘာ့ဖလား သင်္ကေတဖြစ်သွားတယ်။ ကမ္ဘာ့ဖလား ဘောလုံးပွဲကျင်းပတဲ့ အချိန်ရောက်တိုင်း အမေကလည်းမမေ့သလို မယ်ညိုကလည်း သတိတရမေးတတ်တယ်။

" အမေရေ ထွေးခင်သားလေး ဘယ်နှနှစ်ပြည့်ပြီလဲ "  လို့ ။         ။ 

Photo is taken from http://www.aiowallpaper.com/3132/pele/


ညိုလေးနေ
၁၄.၀၆.၂၀၁၄ ( ၁၆း၂၄)

Saturday, September 21, 2013

အမေနှင့်မယ်ညို့ရုပ်ရည်

            
            ပြီးခဲ့တဲ့ ဧပြီလက အမေ စလုံးကို ခဏရောက်လာခဲ့သည်။ အမေပြန်သွားတော့ ထုံးစံအတိုင်း နေမထိထိုင်မသာ ရင်မှာဟာလို့ ကျန်ရင်း အမေ့အကြောင်းတွေ တွေးတွေးနေမိသည်။ တွေးရင်းနဲ့ အမေနှင့်မယ်ညို တို့နှစ်ယောက်ကြား ပြုံးစရာ၊ ရယ်စရာ၊ သတိရစရာ လေးများကို “ အမေနှင့်မယ်ညို့ ပုံပြင်များ ” အဖြစ် အမှတ်တရရေးကာထားဖို့ စိတ်ကူးရမိသည်။
 
အမေနဲ့မယ်ညိုရဲ့အမှတ်တရလေးတွေကို  ပြန်စဉ်းစားလိုက်ရင် နှစ်တန်းတုန်း အကြောင်းလေးက အရင်ဆုံး ပေါ်ပေါ်လာတတ်သည်။ တစ်ရက် ကျောင်းဆင်းချိန်မှာ အိမ်က လာခေါ်တာနောက်ကျသည်။ တိုက်တိုက်ဆိုင်ဆိုင် တစ်ခုံတည်းထိုင်တဲ့ အခင်ဆုံးသူငယ်ချင်း စန္ဒာ့ကိုလည်း လာမကြိုသေးတော့ နှစ်ယောက်သား ကစားရင်းစောင့်နေကြသည်။ ငါးမိနစ်လောက် ဆက်စောင့်အပြီးမှာ အမေရောက်လာသည်။ လာကြိုတာ နောက်ကျလို့ မဲ့ချင်ချင်ဖြစ်နေသော မယ်ညို့ကို အမေက ရှင်းပြဖျောင်းဖျကာ စန္ဒာ့ကိုပါ ပို့ပေးရမလား မေးသည်။ စန္ဒာက သူ့အိမ်ကလာကြိုတဲ့အထိ စောင့်မယ်ဆိုတော့ သားအမိနှစ်ယောက် အိမ်ပြန်ခဲ့ကြသည်။
နောက်တစ်နေ့ မုန့်စားလွှတ်ချိန်မှာ စန္ဒာ “ ဟဲ့ ” လို့ လှမ်းခေါ်ပြီး ချက်ချင်းဆက်မပြောသေးဘဲ တစ်ခုခု စဉ်းစားနေသလိုလို လုပ်ပြီးမှ ပြောသည်။
“ နင့် အမေက အသားဖြူဖြူ၊ အရပ်ရှည်ရှည် နဲ့ ချောပြီး နင်က ဘာလို့ ရုပ်ဆိုးပြီး ပုနေတာလဲလို့ 
စန္ဒာ့ စကားကြောင့် မယ်ညို ကြောင် အ သွားသည်။ နှစ်တန်းကျောင်းသူ သူမ တစ်ခါမှ မစဉ်းစားဘူးသော အကြောင်း။ စန္ဒာပြောမှ စဉ်းစားမိသည်။ စဉ်းစားမိတော့ ငိုချင်လာသည်။ ဟုတ်ပါရဲ့ အမေက ဖြူဖြူရှည်ရှည်၊ ချောချောကို ငါက ဘာလို့ ရုပ်ဆိုးသေးကွေးနေတာပါလိမ့်။

“ ငါ့ အမေက မေမြို့သူကိုး ”
ဆိုင်မဆိုင်တော့ မသိ။ စိတ်ထဲရှိတာ ဖြေလိုက်သည်။ ဒီ့ထက်ပိုပြီးလည်း မဖြေတတ်။ အိမ်ရောက်လို့ ဒီအကြောင်း အမေ့ကို ဝမ်းပမ်းတနည်း ပြန်ပြောပြမိတော့ အမေက မယ်ညို့ကို ပွေ့ဖက်ကာ နှာခေါင်းဖျား၊ နှုတ်ခမ်းဖျားလေးတွေကို တို့ထိလို့ ပြုံးကာ ဆိုသည် …
“ အမေနဲ့ တူတာပေါ့၊ ဟောဒီ့ နှာခေါင်းလုံးတာလေးလည်းတူတာပဲ၊ ပါးစပ်ပြဲတာလေးလည်း တူတာပဲ၊ အရုပ်ဆိုးတာထက် စိတ်မဆိုးဖို့က ပိုအရေးကြီးပါတယ် သမီးရယ်၊ သမီးက ရုပ်မလှရင် စိတ်လှအောင် နေရမှာပေါ့၊ စာတော်အောင်လုပ်ရမှာပေါ့၊ မေ့သမီးက ဥာဏ်ကောင်းတာပဲ ”
အမေ့ရဲ့ နားလည်အောင် ချော့မော့ပြောဆိုမှုတွေအောက်မှာ အရုပ်ဆိုးရခြင်းကို သိပ်မကျေလည်ချင် သေးပေမယ့် စိတ်မကောင်းတော့ မဖြစ်တော့။ အမေနဲ့ မတူရခြင်းကိုလည်း ဝမ်းနည်းရမယ့် အစား ငါ့မှာ ဖြူဖြူချောချော အမေ ရှိတယ် ဆိုပြီး ကျေနပ်တတ်လာခဲ့သည်။
x x x x x x x

ဆယ်တန်းအောင်အပြီး နှစ်ရှည်လများ ကျောင်းပိတ်ထားချိန် တစ်နွေမှာ အမေနှင့် မယ်ညိုတို့ ညီအစ်မနှစ်ယောက် မေမြို့ခဏပြန်လည်ကြသည်။ တစ်မနက်ခင်း ဈေးကြီး ထဲမနက်စာစားပြီး ပတ်ကြတော့ အမေက မိတ်ဟောင်းဆွေဟောင်းတွေ တွေ့လိုက် နှုတ်ဆက်လိုက်နှင့်။ ငေးရင်းလျှောက်ရင်း အမေတို့က ခပ်လှမ်းလှမ်းမှာကျန်ခဲ့ကာ မယ်ညိုက သူမအလွန်စိတ်ဝင်စားရာ ဆွယ်တာဆိုင်တစ်ဆိုင်ရှေ့ရောက်သွားသည်။

“ ညည်း မမညွန့် သမီး မဟုတ်လား ”  ဆိုင်ရှင်အဒေါ်က ဝမ်းသာအားရ လက်မောင်းကို ကိုင်လှုပ်ကာမေးသည်။
“ ဒေါ်ဒေါ်က ဘယ်လိုလုပ် သိတာလဲ ”လို့မေးမိတော့ …
“ ငါ ဒီမျက်နှာမျိုး မြင်ဖူးပါတယ်ဆိုပြီး စဉ်းစားနေတာအေ၊ တစ်နေ့က မမညွန့်တို့ရောက်နေတယ် ဆိုတာ သတိရပြီး တွေးမိတာပေါ့ ” တဲ့။ မယ်ညို ဝမ်းသာစွာဖြင့် မအောင့်နိုင်မအီးနိုင် မေးမိသည်။
“ ဒါ ဆို သမီးက အမေနဲ့ တူလို့ပေါ့နော် ”
“ တူတာပေါ့အေ တူလို့ အဒေါ်က မှတ်မိတာပေါ့၊ ဒါပေမယ့် မမညွန့်လောက်တော့ မချောဘူး၊ မမညွန့် က ညည်းလိုနှာခေါင်းလုံးလုံးလေးပေမယ့် ပြားတော့မပြားဘူးအေ့ ”
မယ်ညိုက မသိပေမယ့် သူမကို သိနေသော ဆိုင်ရှင်အဒေါ်ရဲ့ ဘွင်းဘွင်းရှင်းရှင်း စကားကြောင့် ဝမ်းသာထားရတာတွေ နည်းနည်းတော့ အီလည်လည်ဖြစ်ကုန်သည်။
“ ဟဲ့ ဒါက အကြီးမလား ၊ သူလေးကတော့ အချောသား ”
ခဏနေ မယ်ညိုရှိနေရာ ဆိုင်ကို မမ ရောက်လာတော့ ပိုဆိုးသွားပြီ။
 “ အမေက အမေ့သား၊သမီး အကြီးတွေကိုကျတော့ ချောချောလေးတွေ မွေးပေးတယ်၊ သမီးကိုကျတော့ ချောအောင်လှအောင် မမွေးပေးဘူး၊ သူတို့က အသားလည်း ပိုဖြူကြတယ် ”
ဆိုင်ရှင်အဒေါ်ရဲ့ စကားကြောင့် အိမ်ရောက်တော့ အမေ့ကို သွားပြီးဂျီတိုက်မိသည်။ မယ်ညိုက ဆူဆူဆောင့်ဆောင့်လေး ပြောနေပေမယ့် အမေကတော့ အပြုံးမပျက်။
“ ဟင် .. အဲဒါ အမေနဲ့ မဆိုင်ပေါင် ။ အမေကတော့ သမီးတို့ကို မွေးရတော့မယ်ဆိုကတည်းက ဆုတောင်းတာပဲ။ ကိုယ်လက်အင်္ဂင်္ါပြည့်စုံပါစေ၊ ဥာဏ်ရည်ပြည့်စုံပါစေ၊ ကျန်းမာဖွံ့ဖြိုးပါစေ ဆိုပြီးတော့။ ချောဖို့လှဖို့တော့ သိပ်အဓိကထားပြီး ဆုမတောင်းမိပါဘူး။ တကယ်တော့ အဲဒါတွေ အားလုံးအပြင် ရုပ်လှခြင်း ရုပ်ဆိုးခြင်းဆိုတာ သမီးနဲ့ပဲဆိုင်တာ။ သမီးက အရင်ဘဝက ဘာတွေဆုတောင်းမှားခဲ့လဲ၊ ဘာတွေလုပ်ခဲ့လဲမှ မသိတာ။ သမီး အခုလို စိတ်တိုနေရင်၊ အကြီးတွေ ကို မနာလိုဖြစ်နေရင် ပိုရုပ်ဆိုးသွားမှာပေါ့။ အခုကို မျက်နှာကြီးစူထားတော့ ပိုရုပ်ဆိုးနေပြီ။ ရုပ်လှချင်ရင် စိတ်ကိုပြင်တဲ့ သမီးရဲ့ 
နောက်ထပ် ပိုပိုရုပ်မဆိုးချင်သော၊ နောင်ဘဝရုပ်ဆိုးမှာကို မလိုချင်သော မယ်ညိုသည် အမေ၏  ကံ ကံ၏အကျိုးကို လက်တွေ့ပြကာ ရှင်းပြခဲ့သော အကြောင်းတရားကြောင့် ကိုယ့်စိတ်ကိုကိုယ် အတတ်နိုင်ဆုံး စောင့်ထိန်းမိစေသော အကျိုးကိုရခဲ့သည်။
x x x x x x x

အမေနှင့်မယ်ညို့ရုပ်ရည်အကြောင်းသည် တက္ကသိုလ်အထိလည်း ရောက်ခဲ့သည်။ နောက်ဆုံးနှစ် ကျောင်းဖွင့်ကာစ တစ်နေ့မှာ နယ်မှကျောင်းလာတက်သော သူငယ်ချင်း ကျော်နိုင်က
 “ နင် စာမေးပွဲဖြေပြီးမှ ကျောင်းကို ရောက်သေးတယ် မဟုတ်လား ”  ဟုမေးသည်။
“ ခပ်လှမ်းလှမ်းက တွေ့လိုက်တာ ခေါ်မလို့ဘဲ အန်တီကြီးတစ်ယောက်လည်း ပါလာတာမြင်လို့ ကိစ္စတစ်ခုခုရှိလို့ လာတယ်ထင်ပြီး မခေါ်တော့တာ ”
ဟုတ်သည်။ ကျောင်းလခသွင်းဖို့ မေ့နေတာမို့ အောင်စာရင်းမှာ ပါမလာဘဲ ကျန်နေမှာစိုးလို့သွားသွင်းတာ။ အဲဒီ့ နေ့က အမေက သမီးသူငယ်ချင်းတွေ မပါဘူးမဟုတ်လား ဆိုတာနဲ့ အမေသမီးကျောင်းကို မရောက်ဖူးဘူး လိုက်ခဲ့ပါလား ဆိုပြီး ခေါ်လာလို့ အမေလိုက်လာခြင်းဖြစ်သည်။ မယ်ညိုက အဲဒီ့အကြောင်းပြောပြတော့ …  
“ ဟင် အဲဒါ အမေလား … ”  ဟုဆိုတာ အံ့သြသွားဟန်နဲ့ စကားဆက်ပြောမယ် ပြင်ပြီးမှ အိုးတိုးအမ်းတမ်းဖြစ်ကာ ရပ်သွားသည်။ မယ်ညို သိလိုက်ပါပြီ။
“ ဘာလဲ …  အမေနဲ့ မတူဘူးလို့ ပြောမလို့ မဟုတ်လား ”
“ ဟုတ်တယ် အဲ …  အမေ လို့တော့ ထင်လိုက်တယ် ဒါပေမယ့် ပုံစံကြည့်တော့လည်း … ဟို … ဘယ်လိုမှ မထင်ရတော့ ..  
ပြောပြီးမှ အလွန်အားနာသွားပုံရသော ကျော်နိုင်သည် စကားကို ရှေ့မဆက်နိုင်တော့။ သူ့ပုံကိုကြည့်ကာ မယ်ညို ရယ်လိုက်မိသည်။
“ အားနာမနေနဲ့ ကျော်နိုင်၊ နှစ်တန်းကတည်းက ဒါမျိုး အပြောခံရလွန်းလို့ ရိုးနေပြီ ” 
ဟုဆိုကာ ပြောပြသောအခါမှ ကျော်နိုင်မှာ စိတ်သက်သာရာရသွားကာ အတူလိုက်ရယ် လေတော့သည်။ မယ်ညို ကတော့ အခုလို ရယ်မောနိုင်အောင်၊ အလှအပ မမက်မောအောင်၊ အလှအပထက် အရေးကြီးတာတွေ အကြောင်းကို အမြဲနားလည်အောင် ပြောဆိုပေးခဲ့သော အမေ့ကို ကျေးဇူး အတင်ကြီး တင်မိသည်။
x x x x x x x

နှစ်တန်းတုန်းကအကြောင်းကို ယခုထိတိုင် မမေ့ရခြင်းမှာ နောက်ထပ်အကြောင်းရင်းများ ရှိသေးသည်။ အမေပြန်တော့ နေ့ဝက်ခွင့်ယူကာ လေဆိပ်လိုက်ပို့သည်။ ရုံးကိုပြန်ရောက်တော့ …
“ ရောက်လာပြီးလား၊ ငိုခဲ့သေးလား ”
ဟုဆိုကာ မန်နေဂျာမမက မေးရင်းနဲ့ လှမ်း စ သည်။ မယ်ညိုက ရင်ကိုလက်နဲ့ယှက်လို့
“ ဟင့်အင်း ဒီထဲမှာပဲငိုခဲ့တယ်၊ အပြင်မှာဆို မြင်ပြီး စိတ်မကောင်းဖြစ်သွားမှာ စိုးလို့ ”
ဆိုပြီး ဖြေလိုက်ပေမယ့် သူ့မေးခွန်းက အဲဒီ့မှာတင် ရပ်မသွားခဲ့။
“ အမေက အသက်ဘယ်လောက်ရှိပြီလဲ၊ တစ်ယောက်တည်းလာတာလား ”
သူ့မေးခွန်းကြောင့် မမနဲ့ လာတာဖြစ်ကြောင်းပြောပြီး ဖုန်းထဲက အမေနဲ့အတူရိုက်ထားတဲ့ ဓါတ်ပုံလေးတွေ ပြလိုက်မိသည်။
“ အမေက အသားဖြူတယ်နော် ”
အမေ့ပုံကို ကြည့်အပြီးမှာ ပြုံးစစဖြင့် မှတ်ချက်ပေးပြန်သည်။
“ အမေက ငါနဲ့ မတူဘူး၊ ချောတယ် မဟုတ်လား ”
ကဲ …ဘာရမလဲ။ ဒီတစ်ခါတော့ သူများပြောတာမခံရခင် ဦးအောင်ကြွားပစ်လိုက်ပြီ။
“ အင်း ဟုတ်တယ်၊ အမေက ချောပြီး ဖြူပြီး အရပ်ရှည်ရဲ့သားနဲ့ မင်းက အဲလိုမဟုတ်ဘူးဆိုတော့ …. အဖေနဲ့ တူတာပဲ ဖြစ်ရမယ် ”
မယ်ညို ရှောင်ပါသည်။ အတတ်နိုင်ဆုံး ရှောင်ပါသည်။ ဒါပေမယ့် …  မလွတ်ပါ။
အများစုက အမေနဲ့ နှိုင်းယှဉ်အပြီးမှာတင် အားနာပြီး ရပ်သွားကာ ဆက်မပြောကြ။ မန်နေဂျာမမရဲ့ စကားကတော့ အဖေ့ ဆီအထိရောက်လာသည်။ ခက်တော့နေပြီ။ အဖေ့ဘက်လိုက်လို့ အသားညိုသည်၊ လူကောင်သေးသည်ဆိုလျှင်တော့ ဟုတ်သည်။ အဖေ့ အစ်မ မယ်ညိုရဲ့ကြီးတော် ကလည်း သူမလိုပင် ခပ်သေးသေး။ 
 
သို့သော် ….  မယ်ညို ထပ်ကြွားလိုက်ရပြန်ပါသည်။
“ ဟင့်အင်း ငါက နှုတ်ခမ်းပါးတာလေးကလွဲရင် အဖေနဲ့လည်း မတူဘူး။ အဖေ့ ငယ်ငယ်က ပုံကိုသာ မြင်ဖူးကြရင်လေ အခု အမေနဲ့နှိုင်းယှဉ်ပြီး အပြောခံရတာထက်ကို ပိုပြောခံရမှာ ”
မန်နေဂျာရဲ့ လက်ထဲက ဖုန်းလေးပြန်ယူလို့ ထွက်လာရင်းတွေးမိခဲ့သည်။ အဖေ့ပုံ လည်းဖုန်းထဲ ထည့်ထားရဦးမည်။ အရုပ်ဆိုးမလေး သူမမှာ ချောချောလှလှ အဖေနဲ့ အမေကို ပိုင်ဆိုင်ထားကြောင်း ကြွားနိုင်အောင်လို့ ဖြစ်လေသည်။        ။
 
ညိုလေးနေ
၁၂း၄၄ ( ၂၁.၀၉.၂၀၁၃ )