Friday, November 25, 2011

မနာကျင်စေချင်သော အတွေးများ

ဧည့်ခန်းမကို ဖြတ်လျှောက်လာရင်း နံရံပေါ်ကိုကြည့်မိတော့ နာရီလက်တံက ၇ နားမှာ။ တံခါးကို တွန်းဖွင့်ပြီးအထွက်မှာ သဘာဝတရားက နွေးထွေးစွာဆီးကြိုသည်။ လုံခြုံရေးဂိတ်တဲလေးမှာ သူ့လက်ဗွေရာကိုချန်ထားတော့ “ Thank you ” လို့ စက်ကလေးကပြောသည်။ ဘာကြောင့်ပြောမှန်း တော့သူမသိ၊ သူကတော့ သူ့ကိုယ်စား ပြောပေးသည်ဟု ထင်သည်။ မွမ်းကြပ်လွန်းလှသော ဤဝင်းကြီးထဲမှ ထွက်လာခဲ့ရလို့ဖြစ်သည်။ လမ်းကျဉ်းလေးကို ဖြတ်ကူးပြီး တိုက်ဘေး ကွက်လပ်ကျယ်ထဲ ရောက်တော့ မွန်းကြပ်နေတာတွေ အတော်လေး လျော့နည်းသွားသည်။

အကျင့်ပါနေသော ခြေလှမ်းများရဲ့ အရှိန်ကိုသူလျော့ချလိုက်သည်။ ဒီနေ့ သောကြာနေ့ပဲ။ သောကြာနေ့ ညနေတွေကို သူနှစ်သက်၏။ ၂ ရက်ကြာ လူသားဖြစ်ခွင့်၏ အစမို့ဖြစ်သည်။ လူသားဖြစ်ခွင့် အစမှာ လူသားဆန်စွာ လမ်းလျှောက်ချင်သည်။ ထိုကွက်လပ်ထဲဖြတ်လျှောက်ရင်း ကောင်းကင်ကြီးကို မော့ကြည့်တတ်တာသူ့အကျင့်။ ၇ နာရီဆိုပေမယ့် သူမော့ကြည့်တဲ့ ကောင်းကင်တိုင်းမှာ လမရှိတတ်။ လင်းထိန်နေသော လျှပ်စစ်မီးရောင်တွေကြောင့် လား။ မြင့်မားလွန်းသော တိုက်တွေကွယ်နေ၍လား သူသေချာမသိ။ လျှပ်စစ်မီးမရှိသော သူတို့ရွာလေးမှာတော့ အဘွားရှိခဲ့ဖူးသည်။ အမေ့ကိုမှီ၍ လက်ဖက်သုတ်စားရင်း အဘွားပြောသော ပုံပြင်ကိုနားထောင်ခဲ့ဖူးသည်။ အဘွားက မီးမရှိ၍ ပုံပြောပြတာလား၊ လသာ၍ ပုံပြောပြတာလား။ သေချာတာကတော့ လရှိနေလျှင် လွမ်းမိဦးမည်။

သူဆက်လျှောက်ရင်း ဟိုင်းဝေးလမ်းမကြီးသို့ ရောက်လာသည်။ Container တွေသယ်လာသော ကားတွေမြင်တော့ ၊ သစ်တင်သည့်ကားကြီးတွေနှင့် အပြိုင်မောင်းလေ့ရှိသော သူတို့စီးခဲ့ရသည့် ကျောင်းကားကို ပြန်မြင်ယောင်မိသည်။ ဒါပေမယ့် ကားတွေ ကားစီးလာတာတော့ ဒီရောက်မှ သူတွေ့ဖူးသည်။ ဟုတ်သည် ။ တချို့ ထရပ်ကားကြီးတွေသည် ၊ ကား ၈ စီးထိ သယ်နိုင်သည်။ ပြောင်ပြောင်လက်လက် ကားအသစ်လေးတွေကို လိုက်ငေးရင်း သူ့လိုပဲ လေယာဉ်တစ်တန် ကားတစ်တန်နဲ့ အမောင်းခံဖို့ ရောက်လာကြောင်း သဘောပေါက်လိုက်သည်။


ဟိုင်းဝေးလမ်းမကြီး၏ဟိုမှာဘက်ကမ်းတွင် တိုက်တန်းများရှိသည်။ သူနေထိုင်ရာသို့ ပြန်ရန် စီးရမည့် ဘတ်စ်ကားမှတ်တိုင်သို့ ထိုတိုက်တန်းများကို ကျော်လွန်လျှောက်သွားရဦးမည်။

ထိုတိုက်များအောက်က လျှောက်ရတာကိုတော့ သူကြိုက်သည်။ တိုက်အောက်ဆုံးတွင် လူနေအိမ်ခန်းများမရှိ။ ခုံတန်း ၊ ခုံဝိုင်း များသာရှိသည်။ သူတို့ရွာရှိ ခြေတံရှည်အိမ်များလို တိုက်အောက်ခြေတွင် တိုင်လုံးများရှိသောကြောင့် ထိုတိုက်များကို သူက ခြေတံရှည်တိုက်များဟု နာမည်ပေးထားသည်။ သူငယ်ငယ်က အဘွားတို့ ခြေတံရှည်အိမ်အောက်တွင် တိုင်ဦးတမ်း ကစားဖူးသည်။ ထိုတုန်းကတော့ အိမ်များကို ဘာလို့ခြေတံရှည်ဆောက်ထားလဲ မစဉ်းစားမိ။ မြစ်ရေဝင်သော ဒေသမို့လား။ ပူပြင်းခြောက်သွေ့သော ဒေသမို့ နွေရာသီနေ့ခင်း အိမ်အောက်မှာ အေးအေးဆေးဆေး နားနေနိုင်ရန်လား။ ရည်ရွယ်ချက်တစ်ခုခုတော့ ရှိရမည်။ အခု ခြေတံရှည်တိုက်တွေ အောက်ကတော့ လေဝင်လေထွက်ကောင်းပြီး အသက်ရှူရကောင်းသည်။ ခုံကလေးတွေကလည်းရှိတော့ သူလိုစာဖတ်ဝါသနာပါသူ အတွက်တော့ မျက်စိကျစရာ။ တခါတလေ ခုံဝိုင်းလေးတွေမှာ လူကြီးတွေဝိုင်းစုထိုင်ပြီး ရိုးရာကစားနည်းတစ်မျိုး ကစားနေတာ တွေ့ရလျင် အိမ်အောက်က ကွပ်ပျစ်မှာ ရေနွေးကြမ်းဝိုင်းဖွဲ့ပြီး တရားဆွေးနွေးကြသော အဘိုးတို့နား ထန်းလျက်စားချင်၊ ငါးခြောက်စားချင်လို့ လိမ္မာချင်ယောင်ဆောင်ပြီး သွားသွားနားထောင်ခဲ့တာကို သတိရမိတတ်သည်။

လျှောက်ရင်းတွေးရင်း၊ တွေးရင်းလျှောက်ရင်းနဲ့ သူစီးရမယ့် ဘတ်စ်ကားဂိတ်နား ရောက်လာပြီ။ ဟင့်အင်း …. မစီးချင်ပါ။ သောကြာနေ့ ညနေခင်းလေးကို အေးစက်နေသော ဘတ်စ်ကားနဲ့ မဖြတ်သန်းချင်။ အေးအေးဆေးဆေး သက်တောင့်သက်သာနဲ့ ပြန်ရောက်သွားမှာ မှန်ပေမယ့် အေးဆေးလွန်ပြီး အေးစက်နေတာကို သူမခံစားလို။ သူ့ရဲ့ခန္ဓာကိုယ်နဲ့ သူ့ရဲ့ အတွေးတွေက အခုမှ နွေးထွေးကာစရှိသေးသည်။ လမ်းဆက်လျှောက်ရန် ဟိုရှေ့နားမှာ ချစ်စရာကောင်းသော လမ်းလေးရှိသေးသည်။

လမ်းလေးက လူလျှောက်နည်းသော လမ်းကလေး။ လမ်းရဲ့ တဘက်ခြမ်းက လုံးချင်းအိမ်လေးတွေ၊ တဘက်ခြမ်းကတော့ ကွန်ဒိုတိုက်ခန်းများ ဆောက်လုပ်ဆဲ။ ပထမဆုံးအကြိမ် ထိုလမ်းလေးကို လျှောက်မိသောနေ့က မိုးအုံ့သော နေ့တစ်နေ့။ လမ်းတစ်ဖက်တစ်ချက်က သစ်ပင်ကြီးတွေက လမ်းကလေးကို အရိပ်ရစေရန် အုပ်မိုးပေးထားသည်။ လုံးချင်းအိမ်လေးတွေ အဝင်ဝမှာလည်း ပန်းပင်လေးတွေ အစီအရီ။ ကားအသွားအလာ မရှိသလောက်နည်းသော ထိုလမ်းလေးပေါ် ဒီလို မိုးအုံ့နေသောအချိန်လေးမှာ ဘောလုံးကန်ရရင် သိပ်ကောင်းမှာပဲလို့ တွေးခဲ့ဖူးသည်။ သို့ပေမယ့် တဘက်လမ်းဆုံးရောက်ခါနီးမှာတော့ သူ့အတွေးကို သူရှက်ခဲ့ရသည်။ လမ်းထိပ်မှာ ဘောလုံးကွင်းအပြင် ပြေးလမ်းပါပါသော ကစားကွင်းကြီးတစ်ခုက ဆီးကြိုလို့်။ စည်းမရှိ ကမ်းမရှိ လမ်းပေါ်ဘောလုံး ကန်နေသော သူအပါအဝင် အတွေးထဲက ကစားဖော်များကို ခပ်မြန်မြန်ပဲ ကစားကွင်းကြီးထဲ ပို့လိုက်ရသည်။ ဒီကွင်းကြီးထဲမှာ ကန်ရရင်ပိုကောင်းမှာပေါ့။

ကစားကွင်းအလွန်မှာတော့ နောက်ထပ်လမ်းမကြီးတစ်ခုကို ဖြတ်ကျော်ဖို့ ကုန်းတံတားတစ်ခု။ သူတံတားပေါ်တက်ပြီး လှေကားထိပ်ရောက်တော့ ခဏရပ်လိုက်သည်။ ဒါလည်းသူလုပ်နေကျ အလုပ်တစ်ခု။ တံတားပေါ်တက်မည်။ အပေါ်ရောက်လျှင်ခဏနားမည်။ မောလို့တော့မဟုတ်။ ညနေခင်းမီးရောက်အောက်မှာ လင်းထိန်နေသော ကစားကွင်းကြီးကို အပေါ်စီးက ငေးမောရန်သာ။ စိမ်းစိုနေသော ဘောလုံးကွင်းထဲမှာ ကစားနေကြတာ၊ ပြေးလမ်းပေါ်မှာ ပြေးနေကြတာတွေကို တံတားပေါ်ကကြည့်ရတာ ကိုယ်ပါလွတ်လပ်ပေါ့ပါး ပြေးလွှား နေရသလိုလို။

တံတားကဆင်းပြီးရင်တော့ သူနေရာသို့ ရောက်ရန်သိပ်မဝေးတော့။ လူနေတိုက်တန်း သုံးလေးလုံးနဲ့ ဘတ်စ်ကားဂိတ်ဝင်းကြီးကျော်လျှင် ရောက်ပြီ။ ဒါပေမယ့် ညနေခင်းမှာ ဒီနေရာ ကိုဖြတ်လျှောက်ရမှာကို သူဝန်လေးတတ်သည်။ တခါတလေ ဒီအနီးအနား တိုက်တန်းတွေမှာ နေသော သူမဆုံလိုသူတွေနဲ့ ဆုံတွေ့ရတတ်သည်။ ကံဆိုးတဲ့ ညနေတွေမှာတော့ “ မြန်မာစာလုံးတွေဖတ်ရတာ ခေါင်းမူးတယ်ဗျာ” လို့ပြောတတ်သူနဲ့ ဆုံရတက်သည်။ ပြောတဲ့သူက မူးရုံမူး၍ တော်သေးသည်။ ထိုစကားများနားထောင်ပြီး အန်ချင်စိတ်များဖြစ်လာတတ်တာက ပိုဆိုးသည်။ ဒီညနေခင်းလေးတော့ အန်ချင်စရာ ညနေခင်း မဖြစ်ပါစေနှင့်။

ဒီနေရာနားလေးက ညနေခင်းဆို ရှောင်ချင်ပေမယ့်၊ မနက်ခင်းဆိုလျှင်တော့ ကျက်သရေရှိလှသည်။ သူ့ရဲ့ မနက်ခင်းတချို့ကို “မင်္ဂလာပါရှင်” လို့ နှုတ်ဆက်
တတ်သော ၃နှစ်သမီးလေးက ချိုမွှေးစေသည်။ အင်းလေ… မနက်နဲ့ညနေ တူမှမတူတာ။ ပြောင်းပြန်မဖြစ်သည်က တော်သေးသည်။

ထိုနေရာကျော်လာတော့ သူစီးရလေ့ရှိသည့် အေးစက်စက်ဘတ်စ်ကားတို့ နောက်ဆုံးနားနေရာ ကားဂိတ်ဝင်းကြီး။ ကားဝင်းကြီးရဲ့အနောက်က လမ်းမကြီးကို ကူးဖြတ်ပြီးရင် သူနေရာ တိုက်တန်းသို့ ရောက်ပြီ။

တချို့ကတော့ ထိုနေရာကို သူ့အိမ်လို့ပြောကြသည်။ သူက အိမ်မဟုတ်ဘူး ပြောတော့ ရှုပ်ကုန်သည်။ တကယ်ပါ။ အမိုးအကာနဲ့ အဝင်အထွက် တံခါးနဲ့ တစ်ညဘယ်လောက်ဆိုပြီး ပိုက်ဆံပေးစရာမလိုဘဲ ညအိပ်လို့ရရင် အိမ်လို့ခေါ်ပြီလား။ အိမ်ဆိုတဲ့ သတ်မှတ်ချက် ပြည့်စုံပြီလား။ တံခါးသော့ကိုဖွင့်ရင်း၊ ကြိုဆိုသူမရှိသော အခန်းထဲဝင်ရင်း သူ့အတွေးတွေရပ်ဖို့ ကြိုးစားမိသည်။

သူ့သတ်မှတ်ချက်ထဲက အိမ်မျိုးလေးဖြစ်ဖို့ အတွေးထဲမှာ လမ်းမလျှောက်နိုင်တော့တဲ့ အဘွားကို တွဲခေါ်ရဦးမည်။ အမေ့ကိုလည်း သူစားချင်တာတွေချက်ပေးဖို့ ပူစာရဦးမည်။ အဖေ့ကို တီဗွီမှာ ဘောလုံးပွဲလာမယ့်အချိန် သတိပေးရဦးမည်။ ညစာထမင်း လက်ဆုံစားဖို့အမှီ ညီမလေးကို ကျူရှင်မှ ပြန်လာခိုင်းရမည်။ ချစ်သူ့ပြန်ချိန်ကြိုဖို့ နာရီကြည့်ရင်း စောင့်ရဦးမည်။

အတွေးများရပ်ဖို့သင့်ပြီ။ မရပ်နိုင်လျှင်ရော……။ တစ်ချိန်က ပိုင်ဆိုင်ခဲ့ဖူးတဲ့ အိမ်ကလေးကို သူက ခွဲခဲ့တာလား။ သူ့ကို ခွဲခိုင်းခဲ့တာလား။ မခွဲခဲ့လို့ရော မရနိုင်ဘူးတဲ့လား။ ထို့ထက်ပိုလာရင်တော့ ဘာကြောင့်လဲ။ ဘာအတွက်လဲ။ ဘယ်အချိန်ထိလဲ ……. မရေမတွက်နိုင်သော လားပေါင်း၊ လဲပေါင်း များစွာထဲမှာ အဆုံးမသတ်နိုင်သေးသော အဖြေတွေကို တွေးမိပြီး ရင်နာနေရဦးမည်။ ဒီသောကြာညလေးကိုတော့ မနာကျင်စေချင်တော့ပါ။

မနက်ဖြန်ပေါင်းများစွာကို မျှော်လင့်ချက်များစွာနဲ့ ရင်ဆိုင်ရဦးမှာတော့ အသေအချာပဲလေ။


ညိုလေးနေ

(၂၇.၁၂.၂၀၀၉ ) ည ၈း ၁၂


eco96 သူငယ်ချင်းတွေ စုပြီးထုတ်တဲ့ e-magazine လေးအတွက် ရေးပေးခဲ့တာပါ။

3 comments:

မြသွေးနီ said...

အဖိုးမတန်ရင်နေပါစေ...
စိတ်ချမ်းသာရမယ့် ချစ်စရာ အိမ်လေးတစ်လုံးလောက်တော့ လူတိုင်းလိုချင်မိတတ်ကြတယ်..။
" Home sweet home, there no place like home. "

Amy said...

ဟုတ်တယ်နော် ကမ္ဘာပေါ်မှာ ကိုယ်ပိုင်တဲ့အိမ်လေးတစ်လုံးတော့ ရှိသင့်တယ်နော် လူတိုင်းလူတိုင်းမှာ ကိုယ်ပိုင်တဲ့မိသားစုလေးနဲ့အတူ ပျော်ရွှင်ချမ်းမြေ့တဲ့အိမ်လေးတစ်လုံး ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ် ....

gina vinasoy said...

Hi! Impressive blog you have .Come and visit my website too.http://ads.com.mm/?cid=4fd60e94e4b0fa6db841e33c&utm_
campaign=ads_mm_lb_blog_gvisoy&utm_source=ads_lb_blog&utm_medium=lb_blog

Post a Comment