Friday, January 25, 2013

ချစ်သော အစ်ကိုသို့

              အဲဒီ့ညနေက အစ်ကို့ ကို စိတ်ကောက်တယ်။ ဘာကြောင့်ကောက်နေမှန်း မမှတ်မိတော့ပေမယ့် စိတ်ကောက်တာကိုတော့ မှတ်မိနေတယ်။ ညရောက်တော့ costing ပုစ္ဆာတွေတွက်ဖို့ စာကြည့်စားပွဲမှာထိုင်၊ စာအုပ်တွေရှေ့ချ၊ ဒါပေမယ့် ဘာမှလုပ်မရ။ ည ၁၁ နာရီကျော်ပြီ၊ အစ်ကို ပြန်မရောက်သေးဘူး။ အိမ်ရှေ့က တံခါးခေါက်သံကို နားစွင့်ရင်း ပုစ္ဆာကိုမတွေးချင်တဲ့ ခေါင်းက ကဗျာတစ်ပုဒ်ကို ရေးမိသွားတယ်။ "ချစ်သော အစ်ကိုသို့" လို့ ခေါင်းစဉ်တပ်လိုက်ပေမယ့် ဒီစာလေးရေးနေချိန်အထိ ပေးမဖတ်ဖူးဘူး။ costing စာအုပ် နောက်ဆုံးစာမျက်နှာက ကဗျာလေးကို ဒီနေ့တော့ ဘလော့ဂ်ပေါ်မှာ ရေးလိုက်မိပြီ။
 

ချစ်သော အစ်ကို သို့

ချစ်သော အစ်ကိုရေ ...
ရွေးချယ်လို့ မရတဲ့အရာတွေထဲမှာ "မောင်နှမ" ဆိုတာလည်း ပါတယ်နော်
ချစ်ချစ် မချစ်ချစ် မောင်နှမဟာ မောင်နှမပဲပေါ့ ...
 
ချစ်သော အစ်ကိုရေ ...
အစားထိုးလို့ မရတဲ့အရာတွေထဲမှာ "အစ်ကို" ဆိုတာလည်း ပါတယ်နော်
ကောင်းကောင်း ဆိုးဆိုး အစ်ကိုဟာ အစ်ကိုပဲပေါ့ ...
 
ချစ်သော အစ်ကိုရေ ...
မေ့ပစ်လို့ မရတဲ့အရာတွေထဲမှာ "ကလေးဘဝ" ဆိုတာလည်း ပါတယ်နော်
နွမ်းနွမ်းဆွေးဆွေး ကလေးဘဝရဲ့ အဖော်မွန်ဟာ အစ်ကိုပဲပေါ့ ...
 
ချစ်သော အစ်ကိုရေ ...
မှန်းဆလို့ မရတဲ့အရာတွေထဲမှာ "အနာဂတ်" ဆိုတာလည်း ပါတယ်နော်
ညီမလေးကို ခွဲသွားသွား မသွားသွား
တစ်သက်တာအတွက် သူရဲကောင်းအဖြစ် ရပ်တည်ပေးဦးပေါ့ ။        ။
 

ညိုလေးနေ
( 07.05.2002 )

Dedicated to my beloved brother's Birthday ( 25.01.2013 )

8 comments:

ညီလင်းသစ် said...

စိတ်ကောက်နေတဲ့ အချိန်မှာ ချရေးမိတဲ့ ကဗျာလေးမှာတောင် အကို့အပေါ် ချစ်ခင်၊ တွယ်တာတဲ့ ညီမတစ်ယောက်ရဲ့ စိတ်နေ၊ စိတ်ထားကို တွေ့ရတယ်...၊း)

ကောင်းကောင်းဆိုးဆိုး အစ်ကိုဟာ အစ်ကိုပဲပေါ့ ဆိုတဲ့ စာကြောင်းလေး အပေါ်မှာ ရပ်တန့်ပြီး တွေးနေခဲ့ မိတယ်...။ ချစ်စရာ ကောင်းတဲ့ ကဗျာကလေး ပါပဲ မညိုလေးရေ...။

ဇွန်မိုးစက် said...

A very happy birthday to Ko Phyo!

The poem is lovely indeed. :)

Amy said...
This comment has been removed by the author.
Amy said...

ကဗျာလေးကို ချစ်တယ်… ဖတ်ပြီးတော့ ရင်ထဲမှာ နွေးထွေးတဲ့ခံစားချက်ကို ခံစားရတယ်…. အကြိုက်ဆုံးစာသားလေးကတော့ “ညီမလေးကို ခွဲသွားသွား မသွားသွား
တစ်သက်တာအတွက် သူရဲကောင်းအဖြစ် ရပ်တည်ပေးဦးပေါ့…”ဆိုတဲ့စာသားလေးပါ…

May said...

Really like it. obviously express 528 Love

Anonymous said...

Nyo I always like your poem.. (mi ni)

စံပယ်ချို said...

လွမ်းစရာတွေပြည့်နေတဲ့
ကလေး ဘ၀ကို မေ့ထားလိုက်တယ်-----
ကဗျာထဲကနေပြောသွားတာလေးတွေက ရင်ကိုတိုက်ရိုက်ထိစေတာပဲ

ညိုလေးနေ said...

ကိုညီလင်းသစ် "ကောက်ကောက်ဆိုးဆိုး ညီမဟာ ညီမပဲနော် " ၊ ဟုတ်တယ်ဟုတ် :)

My Hero & Me say " Thanks " Zun

Amy , တစ်ခါတစ်လေတော့စဉ်းစားမိတယ် အစ်ကို့ကိုပဲ သူရဲကောင်းလုပ်ဖို့ပြောနေတာ မတရားရာများကျသလားလို့။ ကိုယ်လည်း ညီမကောင်းဖြစ်ဦးမှနော်။

Really thanks May & Ni

ဟုတ်တယ်မဂျက်... လက်ရှိပစ္စုပ္ပန်မှာ နေတာ အကောင်းဆုံးပဲနော် :)

Post a Comment