Thursday, September 26, 2013

ရာဇဝင် အပြင်က မေ့ ဆန္ဒ


အတွေးထဲမှာ ပုဂံ
ရာဇဝင်ပြန်လို့ စီးဆင်းအသွား
ကျန်စစ်အလား မင်းတစ်ပါး
မောင် ဖြစ်များ ဖြစ်ခဲ့ရင် ...

အပါယ်ရတနာလို ခမ်းနားလှပ
ငယ်ချစ်ဘဝ
ကျွန်မ မရခဲ့ဘူး မောင်

ဝင်းဝင်းပပ ကနွဲ့ကလျ
မဏိစန္ဒာတမျှ
ကျွန်မ မလှခဲ့ဘူး မောင်

မိန်းမပီသ အေးဆေးလှတဲ့
မထီးတူမ သမ္ဘူလ
ကျွန်မ မဖြစ်ချင်ခဲ့ဘူး မောင်

သို့ပေမယ့်လေ
မောင့်လက်ကိုတွဲ ဓါးကိုဆွဲလို့
သေလည်းမကွာ ရှင်လည်းအတူ
တောသူနှမ ခင်တန် ဘဝ
ကျွန်မ တမ်းတမိတယ် မောင် 

x x x x x


ညိုလေးနေ
July  2013


9 comments:

ညီလင်းသစ် said...

အဲဒီအခါ မောင်က လက်ယာလက်နဲ့ ထမင်း၊ မုန့်တို့ကို ပေးပြီး လက်ဝဲလက်နဲ့ အဝတ်၊ ပုဆိုးတို့ကို ပေးတဲ့အခါ ခင်ကလည်း လက်ယာလက်နဲ့ အချိုပွဲ၊ သွားကြားထိုးတံ ကိုပေးပြီး လက်ဝဲလက်နဲ့ တစ်ရှူးထုပ်၊ ခေါင်းစည်းကြိုး တို့ကို ရှေ့သွားနောက်လိုက်ညီညီ ပေးနိုင်မှာ....။း)

ဇွန်မိုးစက် said...

ကဗျာနဲ့ ကိုညီလင်းသစ်ရဲ့ကော်မန့်ဖတ်ပြီး ကျန်စစ်သား လက်ယာလက်ဝဲနဲ့ ပေးတဲ့အကြောင်း အတွေးနက်ဖူးတဲ့ နှစ်တန်းကျောင်းသူလေးတစ်ယောက်ကို မြင်ယောက်သွားတယ်။း)

ဒါနဲ့ တစ်ရှူးထုပ်နဲ့ ခေါင်းစည်းကြိုးက ဘာအတွက်လဲဟင် (ကိုညီလင်းသစ်အား မေးခြင်းဖြစ်)

ညီလင်းသစ် said...

တစ်ခုက မီးထွန်းဖို့၊ တစ်ခုက ကေးဆက်ဖွင့်ဖို့... အာ.. ရောကုန်ပြီ။းD

ဒီလို.. တစ်ရှူးထုပ်က ကျန်စစ်သားမင်းကြီးရဲ့ အလှူဒါနအပေါ် ရင်သပ်ရှုမော၊ ကြည်နူးပီတိဇော အဟုန်နဲ့ နှလုံးဘဝင်မှာ သိမ့်သိမ့်ခုန်ပြီး ဝမ်းသာတဲ့ မျက်ရည်တွေ ဝေ့ဝဲတက်လာတဲ့အခါ သုတ်ဖို့...၊

ခေါင်းစည်းကြိုးကတော့ ပုဂံခေတ်မှာ ယောက်ျား၊ မိန်းမ ဆံပင်ရှည်ကြတယ် မဟုတ်လား၊ ပုဂံဆံထုံး ၅၅ မျိုးကို ထုံးတဲ့အခါ အသုံးတည့်အောင်လို့..။းD
(ညီမ ဇွန်မိုးစက်အား ဖြေခြင်းဖြစ်)

ညိုလေးနေ said...

ဇွန် ... ညိုလည်း အစ်ကိုညီလင်းသစ် ကော်မန့်ဖတ်ပြီး တိုက်ဆိုင်လိုက်တာလို့ တွေးရင်း ပြုံးမိတယ် :)
( လက်ယာလက်ဝဲ ပေးဝေမှု တိုက်ဆိုင်ခြင်းသာဖြစ် )


အစ်ကိုညီလင်းသစ် .... ပုဂံဆံထုံးက ၅၅ မျိုးတောင်မှလား ? ညီမလေးက တစ်ရှူးထုပ်ကို ကျန်စစ်မင်းကြီးပေးတာတွေ စားသောက်ပေကျံတဲ့ လက်တွေ၊ ပါးစပ် တွေ သုတ်ဖို့ မှတ်နေတာ... :D
( အစားကိုသာ ဦးစားပေး တွေးခြင်းဖြစ် )

ဇွန်မိုးစက် said...

အဟား..ဟား... မေးပါများ စကားရဆိုတာ သိပ်မှန်တာပဲ၊ တစ်ရှူးနဲ့ခေါင်းစည်းကြိုးအကြောင်း မေးလိုက်တာ ပုဂံဆံထုံး ၅၅ မျိုးရှိတယ်ဆိုတာ သိသွားပြီ။း)
(ပုဂံခေတ်နှင့် ပတ်သက်၍ ဗဟုသုတတစ်ခုတိုးသွားသဖြင့် ဖြေကြားပေးသူအား ကျေးဇူးတင်ခြင်းဖြစ်)

mstint said...

ကဗျာလေးမှာ ကွန်မန့်တွေဆင့်လိုက်တော့ ပိုပြည့်စုံသွားပြီ ညိုလေးရေ.. :)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ညိုလေးနေ said...

တီတင့် လာဖတ်ပေးတဲ့အတွက် ပိုပိုပြီး ပြည့်စုံသွားပါတယ် တီတင့် <3

Sonata Cantata said...

ကဗျာလေး ဖတ်အဆုံးမှာ... မိုက်သကွ ဆိုတဲ့ အသံကြီး ၀မ်းခေါင်းထဲက ထွက်လာတယ် သိလားညို...
(ကျန်စစ်သားအကြောင်း ရုပ်ရှင် ဒီမှာ လာပြတော့ သွားကြည့်တဲ့ အကိုကြီးတယောက်က တို့ဆီကကျန်စစ်သားကလည်း James Bond ပဲ..တဲ့...:) )

ညိုလေးနေ said...

မမသီတာ .... ဝမ်းခေါင်းထဲက ထွက်လာတယ်ဆိုတဲ့ အသံကြီးကို ရင်ထဲမှာဆွဲသိမ်းထားလိုက်တယ် <3

( သူတို့ဆီက James Bond က ရုပ်ရှင်ထဲမှာပဲရှိတာပါ မမသီတာရယ် :) )

Post a Comment