Thursday, November 21, 2013

" ငါ့ " ကို ငါ မြင်ခြင်း

ပြီးခဲ့တဲ့အပတ်က ဖိလစ်ပိုင်မှာ အင်မတန်မှ ပြင်းထန်တဲ့ တိုင်ဖုန်းမုန်တိုင်း တိုက်ခတ်သွားခဲ့တယ်။ ရုံးကဖိလစ်ပင်းမလေးကို မုန်တိုင်းသတင်းမေးတော့ “ လူတွေအများကြီးသေတယ်၊ ညတိုင်း တီဗွီသတင်းကြည့်ပြီး ငိုနေရတယ် ” တဲ့။ သူ့ကိုကြည့်ပြီး လွန်ခဲ့တဲ့ ငါးနှစ်ကျော်က ကိုယ့်ကိုယ်ကိုယ် ပြန်မြင် ရသလိုပဲ။
နောက်နေ့ ဗုဒ္ဓဟူးနေ့ ရုံးချိန်နေ့လည်ဘက်မှာ ဖုန်းမက်ဆေ့ခ်ျ တစ်ခုဝင်လာတယ်။ မုန်တိုင်းဟိုင်ရန်ဒဏ်ခံရတဲ့ ဖိလစ်ပင်းဒုက္ခသည်တွေအတွက် အဝတ်အထည်၊ စောင် နဲ့ ဖိနပ်များ ကူညီချင်တယ်ဆိုရင် ၁၆ ရက်နေ့ စနေနေ့ ညနေ ၅နာရီ နောက်ဆုံးထားပြီး ပို့ပေးဖို့ပါ။ အမြန်ဆုံးပို့ချင်တဲ့အတွက်ကြောင့်မို့ အချိန်နည်းနည်းပဲပေးထားတာကိုလည်း မက်ဆေ့ခ်ျထဲမှာ တစ်ခါတည်းတောင်းပန်ထားတယ်။ သယ်ရပို့ရ လွယ်ကူဖို့အတွက် ဖော်ပြထားတဲ့ သုံးမျိုးကလွဲလို့ တခြားပစ္စည်းများ ယူမလာပါနဲ့လို့လည်း အသိပေးထားပါတယ်။
မက်ဆေ့ခ်ျ မြင်တာနဲ့ ဘယ်လိုစုရမလဲ အပြေးအလွှား စဉ်းစားမိတယ်။ သတင်းထပ်ဖြန့်ပေးရုံနဲ့ပြီးပေမယ့် အကြောင်းအမျိုးမျိုးနဲ့ မသွားနိုင်ကြမှာစိုးလို့ပါ။ နောက်တော့ အချိန်က ၂ ရက်ခွဲလောက်ပဲ ရတဲ့အပြင် ညတိုင်းရုံးမှာ ၈ နာရီကျော်တဲ့အထိ အလုပ်ရှုပ်နေချိန်မို့ ကိုယ်တိုင်ဘယ်လိုမှ လိုက် မစုဆောင်းနိုင်တော့ဘူး။ ဒါပေမယ့် မဖြစ်မနေလှူချင်နေတာမို့ အိမ်မှာအတူနေနေတဲ့ ညီမတွေကိုပဲ မဝတ်တော့တဲ့ အဝတ်အစားတွေ စနေနေ့ မနက်ပိုင်းနောက်ဆုံးထားပြီးစုပေးပါ၊ ညနေပိုင်းမှာ သွားပို့မှာလို့ ဆိုပြီး အလှူခံဖြစ်တယ်။ သူငယ်ချင်းနှစ်ယောက်ကိုလည်း လာပို့နိုင်ရင် အိမ်ကိုလာပို့ပေးဖို့ လှမ်းပြီး အလှူခံလိုက်ပါသေးတယ်။


ညနေ ၄ နာရီကျော်ကျော် Aljunied က Gaden  Shartse Dro-Phen ကို ရောက်သွားတဲ့ အချိန်မှာ ကိုယ်တွေလိုပဲ ကိုယ့်အထုပ်ကိုယ်ဆွဲပြီး ခြေလျင်လာတဲ့သူတွေရော၊ ကားနဲ့လာပို့တဲ့သူတွေရော အများကြီးတွေ့ရလို့ အံ့သြဝမ်းသာရပါတယ်။ အလှူပစ္စည်းစုဆောင်းတဲ့နေရာက ဗုဒ္ဓဘာသာဘုရားကျောင်းတစ်ခု ဖြစ်နေတဲ့အတွက်လည်း ပိုပြီးကြည်နူးရပါတယ်။




အဲလိုကြည်နူးဝမ်းသာပြီး ဓါတ်ပုံရိုက်နေတုန်း ကင်မရာထဲမှာပေါ်လာတဲ့ပုံကို ကြည့်ပြီး ခေါင်းထဲကို အတွေးတစ်ခုရောက်လာတော့တာပါပဲ။
“ နာဂစ်တုန်းကရော စလုံးမှာ လူမျိုးခြားတွေက အဲလိုမှ လှူကြရဲ့လား ”
မတွေးအပ်တဲ့ အတွေးမှန်းသိပေမယ့် နာဂစ်က ကျွန်မရဲ့ အိမ်မက်ဆိုးတစ်ခု လိုဖြစ်နေတော့ တွေးမိသွားတယ်။ နာဂစ်တုန်းက စလုံးရောက်စ အလုပ်မရသေးချိန်မို့ ငွေလည်းမလှူနိုင်၊ ပေးစရာအဝတ်လည်းမပို၊ ပေးချင်ရင်တောင် မသွားတတ်တော့ ဘယ်သွားပေးရမှန်းမသိ ဆိုတော့ ဘုရားစင်ရှေ့ ငုတ်တုတ်ထိုင် မျက်ရည်ကျနေခဲ့ရတာ။ ကိုယ့်မြန်မာတွေ လှူကြတယ်ဆိုတာ သိပေမယ့်၊ လူမျိုးခြားတွေ အခုလိုပဲ လှူမလှူဆိုတာတော့ ထဲထဲဝင်ဝင် မမှတ်မိတော့လို့ တွေးမိတာ။  အဲဒီ့ အတွေးတွေက အိမ်ပြန်တဲ့အထိ စီတန်းသွားလိုက်တာ တစ်နေရာအရောက်မှာတော့ ထိတ်လန့်တကြားရပ်တံ့သွားပါရော။
ငါ တော်တော်အတ္တများနေပါလားဆိုပြီး “ ငါ့ ” ကို တွေ့လိုက်မိလို့ပါ။
နာဂစ်တုန်းက ငါ့နိုင်ငံမှာဖြစ်နေကြပြီ၊ ငါ့လူမျိုးတွေသေကုန်ပြီ၊ ငါတို့စပါးခင်းတွေ၊ ငါတို့ဆားကွင်းတွေ၊ ငါတို့ကလေးတွေ၊ ငါတို့ အပြည့်အဝလည်း ကူလို့မရဘူး၊ ငွေလေးနည်းနည်းအပြင် ငါလည်းဘာမှမလုပ်ပေးနိုင်ဘူး ငါ … ငါ … ငါ … နဲ့ တော်တော်လေးကို ဆတ်ဆတ်ခါ နာကျင်ခဲ့ရတယ်။ ဒါက မြန်မာပြည်မှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်အတွက် “ ငါ့တိုင်းပြည် ” ဆိုတဲ့ “ ငါ ” ။
နောက်တစ်ခုကတော့ ရေခြားမြေခြား တိုင်းတစ်ပါးမှာ။ ဒီလိုပဲ သဘာဝဘေးအန္တာရာယ်တစ်ခုကြုံချိန်မှာ အင်မတန်ခင်တွယ်ရတဲ့ သူငယ်ချင်းက အဲဒီ့မှာ ရောက်နေတဲ့အချိန်။ ဖြစ်ဖြစ်ခြင်းမှာ ဟိုကနေ ဖုန်းနဲ့အကြောင်းကြားပေမယ့် နောက်ရက်မှာ ကိုယ်က ဘယ်လိုမှ ဖျက်ပစ်လို့မရတဲ့ ခရီးသွားရတော့မယ်။ သွားရမယ့်ခရီးကလည်း ဆက်သွယ်လို့မလွယ်တဲ့နေရာမို့ ကိုယ်မတတ်နိုင်တဲ့ ကိစ္စတစ်ခုအတွက် ပူပင်သောကတွေများနေလိုက်တာ ရုံးမှာမျက်စိပျက် မျက်နှာပျက်နဲ့ စာရင်းတွေမှားလို့ မန်နေဂျာ မေးယူရတဲ့အထိပဲ။ အခုချိန်မှာ ပြန်စဉ်းစားလိုက်တော့ အဲဒီ့အချိန်က အဲဒီ့နေရာမှာ အဲဒီ့သူငယ်ချင်းသာ မရှိခဲ့ရင် အဲလိုဖြစ်နေဦးမှာလားဆိုတော့ “ ဟင့်အင်း ” တဲ့။ အဲဒီ့ဒေသလူတွေအတွက် ပူပန်တယ်ဆိုတာထက် “ ငါ့သူငယ်ချင်း ” ဆိုတဲ့ ငါ ကြီးက ကြီးစိုးနေလို့သာ အဲလောက်ပူပန်နေမိတာ။
အခု ဖိလစ်ပိုင်မှာ ဖြစ်တော့ သနားတော့သနားတယ်၊ ကိုယ်ချင်းစာပြီး လုပ်ပေးချင်စိတ်လည်း ရှိတယ်၊ မအားတဲ့ကြားက အချိန်ရအောင်လုပ်ပြီး အဝတ်တွေစုခဲ့တယ်၊ လေးလေးပင်ပင် သယ်ပြီးတော့လည်း ပို့မိတယ် ။ ဒါပေမယ့် ကျွန်မမှာ ပူပင်သောကဆိုလို့ တစ်စိုးတစ်စိမှ ရှိမနေဘူး။ အရင်ကလည်း သက္ကာယဒိဋ္ဌိ ဆိုတဲ့ ငါစွဲ အကြောင်းကို တွေးမိတတ်ပေမယ့် အခုအချိန်လောက်တော့ လက်တွေ့မဆန်ခဲ့ဘူး။ ငါ မပါခြင်းရဲ့ ပူပင်သောက ကင်းပုံကို လက်တွေ့သင်ယူလိုက်ရသလိုပါပဲ။ ဒါတောင်မှ မေတ္တာတရား၊  ဥပေက္ခာတရားတွေနဲ့ ပြည့်ဝနေပြီး ဘုရားဟောတဲ့ ငါစွဲ ပြုတ်လို့မဟုတ်ပါဘူး။ ငါ့တိုင်းပြည်မဟုတ်ဘူးဆိုတဲ့ အသိကြောင့်သာ နာကျင်လောက်တဲ့အထိ မဖြစ်ဘဲ အတ္တတစ်စုံနဲ့ လစ်လျူရှုနေနိုင်တာပါ။
ကျွန်မရဲ့ ငါက ဘယ်လောက်များ များနေသလဲဆိုရင် အကျိုးရလိုစိတ်နဲ့လှူတာ မဟုတ်ပဲ ကိုယ်ချင်းစာစိတ်နဲ့လှူတာဆိုပေမယ့် ဆုတောင်းခွင့်ရရင် တောင်းချင်သေးတာ။ မြန်မာပြည်မှာ သဘာဝဘေးတွေမို့ မလွှဲသာ မရှောင်သာကြုံရရင်တောင် နာဂစ်လို ရက်ရက်စက်စက်၊ ပစ်စလက်ခတ်၊ မစာမနာ၊ လစ်လျုရှုထားခြင်း မခံရပါစေနဲ့၊ ကူညီချင်တဲ့သူတွေလည်း စိတ်အေးချမ်းစွာ ကူညီနိုင်ပါစေလို့။
နောက်ဆုံးတော့ အတွေးတွေရပ်ဖို့ ကိုယ့်ကိုယ်ကိုယ် မေးမိတယ်။ ဒီလိုတွေး ဒီလိုမြင်ပြီးမှတော့ ထပ်ပြီးတော့များ ကြုံဆုံရရင် နာကျင်ပူလောင် ဦးမှာလားလို့။ အသိအဆင့်ပဲရှိပြီး အကျင့်အဆင့် မရောက်နိုင်သေးတော့ ဒီတစ်ခါလည်း အဖြေက “ အင်း ” ဆိုပြီး ခပ်မြန်မြန်ပဲ ထွက်လာတယ်။ တိုင်းပြည်အစွဲကြီးလွန်းတဲ့၊ သံယောဇဉ်ကြီးတတ်လွန်းတဲ့သူမို့ စစ်မှန်တဲ့ မေတ္တာတရား နဲ့ ဥပေက္ခာတရားထားနိုင်ဖို့ အများကြီး ကြိုးစားရဦးမယ်။           ။ 

ညိုလေးနေ
20.11.2013  11:39 pm 

5 comments:

ညီလင်းသစ် said...

ဟိုတစ်နေ့က အိမ်နီးချင်း ဖိလစ်ပီးနိုး အမျိုးသမီးတစ်ယောက်က လာပြီး အလှူခံလို့ ကျနော်လည်း လှူဖြစ်လိုက်တယ်၊ ပြီးတော့ တဆက်ထဲ ညီမလေးညို လိုပဲ တွေးမိတယ်၊ နာဂစ်တုန်းက ဒီနိုင်ငံကလူတွေ ဒီလိုပဲ တက်တက်ကြွကြွ လိုက်ပြီ အလှူခံကြသလား-လို့...၊ မှတ်မိသလောက်တော့ အခု ဖိလစ်ပင်းလောက်တော့ မများဘူး၊ အဲဒါကလည်း အဲဒီကာလ နိုင်ငံရေး အခြေအနေ၊ တိုင်းပြည်ရဲ့ အထီးကျန်ဖြစ်မှု၊ အဆက်အသွယ် မရှိမှု အခြေအနေ တွေနဲ့ အများကြီး သက်ဆိုင်နေလိမ့်မယ်လို့ပဲ တွေးမိပါတယ်...၊

တိုင်းပြည်ချစ်စိတ်၊ ကိုယ့်အဝန်းအဝိုင်းလေးကို ချစ်စိတ်တွေနဲ့ နှီးနွယ်နေတဲ့ “ငါ” ကို ဒါနကုသိုလ် ပြုနေချိန်မှာတောင် တွေ့ဖြစ်အောင် တွေ့လိုက်ရတာ တကယ့်ကို အမြတ်ပါပဲဗျာ...။

ဇွန်မိုးစက် said...

အင်း... ဟုတ်တယ်၊ ဇွန်လည်း သတင်းတွေကြည့်နေရင်းနဲ့ နာဂစ်မှတ်တမ်းထဲက ပုံရိပ်တွေကိုပဲ မြင်ယောင်နေခဲ့တာ။ ပြီးတော့ စိတ်ထဲကပြောလိုက်သေးတယ်၊ နင်တို့ကိုတိုက်သွားတဲ့ မုန်တိုင်းပိုပြင်းထန်ပေမယ့် နိုင်ငံတကာအကူအညီတွေ အများကြီးရတာ ငါတို့နိုင်ငံမှာဖြစ်ခဲ့တာထက်စာရင် ကံကောင်းပါသေးတယ်ဆိုပြီး။ တကယ်တော့လည်း မုန်တိုင်းဒဏ်ခံရလို့ ဘ၀တွေ တစ်စစီ ပြိုပျက်သွားတဲ့ သူတွေရဲ့နာကျင်ခံစား၊ ဆုံးရှုံးမှုအတိုင်းအဆကတော့ အတူတူပါပဲလေ...။

ညိုလေးနေ said...

အစ်ကိုညီလင်းသစ် နဲ့ ဇွန်

ညိုရေးတဲ့စာက ရေးလိုက်မိပြီးမှ နိမိတ်လိုဖြစ်သွားလားမသိဘူး။ အခုလည်း သံယောဇဉ်တွေကြောင့် သောကအကြီးကြီးနဲ့ ပူလောင်နေရပြန်တယ်။
ငါ့ ကို ငါ မပယ်နိုင်သေးဘူးကွယ် :(

Unknown said...

:)

အ မောင် said...

တန်ပြန်အကျိုးပေးမှာပါ မရယ် :-)

Post a Comment