Saturday, September 6, 2014

အမေနှင့် ဘာပဲဖြစ်ဖြစ်ပေါ့ သမီးရယ်

အရင်တစ်ခါ ဆိုခဲ့တဲ့အတိုင်း မယ်ညို ဟာ အစ်ကို၊ အစ်မ တွေနဲ့ တွတ်ထိုးပြီး သိပ်မနေပေမယ့် အမေ့ကိုဆိုရင်တော့ တောက်တဲ့ကပ်ကပ်ပြီး ဟိုမေးဒီမေး မေးတတ်တယ်။ မေးစရာမရှိရင် အမေတို့ ငယ်ငယ်က အကြောင်းတွေ ပြောပြဖို့ တောင်းဆိုတတ်တယ်။ အဲဒီ့ မေးခွန်းပေါင်းများစွာထဲက မယ်ညို မေးလေ့ ရှိတတ်တာလေးတွေနဲ့ အမေ့ရဲ့ ဖြေပုံလေးကို အမှတ်တရ ရေးထားချ င်ပါသေးတယ်။

နှစ်တန်းကျောင်းသူဘဝမှာ " နင်ကဘာလို့ ရုပ်ဆိုးပြီး ပုနေတာလဲလို့ " မေးခံခဲ့ရတဲ့ မယ်ညို ရဲ့ မသိစိတ်ထဲမှာ သိမ်ငယ်စိတ်ကလေးဝင်သွားတယ်။ လှချင်စိတ်ကလေး ကျန်နေခဲ့တယ်။ အဲဒီတော့ ကြုံရင်ကြုံ သလို၊ တိုက်ဆိုင်ရင် တိုက်ဆိုင်သလို " သမီးကြီးလာရင် လှလာမှာလား၊ ဒီလိုရုပ်ပဲ ရှိနေမှာလား မသိဘူးနော် " လို့ အမေ့ကို မေးတတ်တယ်။ အဲဒီ့မေးခွန်းကတော့ ကိုယ့်ကိုယ်ကို သေချာသိသွားတဲ့အချိန်အထိ အများဆုံးမေးခဲ့တဲ့မေးခွန်းပေါ့   :)

ဆရာဝန်လည်းဖြစ်ချင်၊ အင်ဂျင်နီယာလည်းဖြစ်ချင်၊ ပန်းချီကလည်း ဆွဲချင်သေးတယ် ဆိုတဲ့ ကလေးအရွယ်မှာ ကလေးသဘာဝ  မေးတတ်တဲ့ " သမီးကြီးလာရင် ဘာဖြစ်မှာလဲ၊ ဘာလုပ်ရမလဲ " ဆိုတာတွေလည်း မေးခဲ့တယ်။ ၈၈ အရေးအခင်းနဲ့ ကြုံ ရတဲ့အချိန်၊ ဆယ်တန်းဖြေပြီး လေးနှစ်တိတိ ကျောင်းတွေပိတ်ထားခဲ့တဲ့ အချိန်တွေမှာ " စာသင်ရပါ့ဦးမလား ၊ ဘွဲ့မှရပါ့မလား "  ဆိုတဲ့မေးခွန်းတွေလည်း ပါခဲ့တယ်။ အတွေးများတတ်သူပီပီ အခြေအနေတွေ ပြောင်းလာတာနဲ့အမျှ မယ်ညို့ ရဲ့ ရှေ့ရေးကိုတွေးတောပူပင်တဲ့ မေးခွန်းတွေကလည်း မထပ်အောင် များလာခဲ့တယ်။

အရွယ်ပြောင်းလို့  မေးခွန်းတွေ ပြောင်းလာတဲ့အခါ အမေ့ရဲ့ အဖြေတွေကလည်း အရင်ကလို တိုတို ရှင်းရှင်းလေးတွေ မဟုတ်တော့ဘဲတွေးစရာလေးတွေ ပါလာခဲ့တယ်။ ဒါပေမယ့် အမြဲတမ်း မပြောင်းလဲတတ်တာလေးက ရှေ့ရေးအတွက် တွေးတောပူပင် မေးခွန်းတွေ မေးတဲ့အခါ ပြန်မဖြေခင်မှာပဲ ဖြစ်ဖြစ် အားလုံး အစုံဖြေပြီးသွားတဲ့ အခါမှာပဲဖြစ်ဖြစ် သီချင်းလေးတစ်ပိုဒ်ကို အမေက ခပ်ပြုံးပြုံးနဲ့ ဆိုလေ့ရှိတာပါပဲ။ အမေဆိုတတ်တဲ့ သီချင်းပိုဒ်လေးက Doris Day ရဲ့ Que Sear Sear သီချင်းလေးထဲက Chorus အပိုဒ် ပါ။
Que Sear Sera
Whatever will be will be,
The future not ours to see ,
Que Sera Sear
What will be be 

အမေဆိုပြတာကို သဘောတွေကျပြီး နားထောင်ခဲ့ပေမယ့် သိပ်ငယ်သေးတဲ့အချိန်တုန်းကတော့ အမေက မေးတာတွေဖြေပြီး ကျေ နပ်အောင် ချော့မော့ သီချင်းဆိုပြတယ်လို့ပဲ ထင်ခဲ့တယ်။ နည်းနည်းလေးကြီးလာမှ ဒီသီချင်းလေးကိုယ်တိုင်က မယ်ညို့ ရဲ့ မေးခွန်းဖြစ်သွားတယ်။

" အမေဆိုတာ ဘာလဲဟင်၊ သမီးနားမလည်ဘူး "
" အမေစောစောက ပြောလိုက်တယ်လေ  ဘာပဲဖြစ်ဖြစ်ပေါ့ သမီးရယ် ၊ ရှေ့ဘာဖြစ်လာမလဲ အမေတို့ သိတာမှ မဟုတ်တာ၊ တွေးပူမနေပါနဲ့၊ ဘာတွေဖြစ်လာလာ သမီးလက်ခံနိုင်ဖို့ပဲ အရေးကြီးတာ ဆိုတာ  အဲဒီ့အဓိပ္ပါယ်ပဲပေါ့ "

ဟုတ်ပါရဲ့။ အမေက သီချင်းပဲဆိုတာမှ မဟုတ်တာ။ သီချင်းပိုဒ် ဆုံးသွားတိုင်းလည်း ဒီစကားကို ပြောတတ်တာ ငယ်သေးလို့ မယ်ညို မဆက်စပ်တတ်ခဲ့ဘူး။

ပစ္စုပ္ပန်ကို တည့်တည့်ရှု ဆိုတဲ့ ဗုဒ္ဓအဆုံးအမနဲ့ နီးစပ်လှတဲ့ အမေဆိုတဲ့ သီချင်းစာပိုဒ်လေးက မေးခွန်းတွေဖြေပြီးတိုင်း စိတ်မပူဖို့  နှစ်သိမ့်ရုံတင် မဟုတ်ခဲ့ပါဘူး။ မယ်ညို့  ဘဝရဲ့ အရေးပါတဲ့အချိန်တွေမှာလည်း အထောက်အကူဖြစ်ခဲ့တယ်။ လဲကျ သွားချိန်တွေမှာလည်း ဆွဲထူပေးခဲ့တယ်။ မှတ်မှတ်ရရ ဆယ်တန်း အမှတ်စာရင်းတွေ ထွက်တဲ့အချိန်က လိုချင်တဲ့ အမှတ်မရလို့ သုံးလေးရက်လောက် ဆောက်တည်ရာမရ ဖြစ်ခဲ့ဖူးတယ်။ သူငယ်ချင်းအိမ်ကို လိုက်ပို့ခိုင်းပြီး သူငယ်ချင်းဆီကိုရောက်တာနဲ့ အိမ်ပြန်ချင်တယ်ဆိုပြီးပြန်လာ၊ အိပ်ယာထဲမှာ  ခွေနေတော့တာ။   နောက်တော့လည်း သမီးအတတ်နိုင်ဆုံးကြိုးစားခဲ့ပြီးပြီပဲ၊ ဘာပဲဖြစ်ဖြစ် ခုချိန်မှာ ဘာဆက်လုပ်မလဲ ဆိုတာပဲစဉ်းစားရမှာပေါ့ ဆိုတဲ့ စကားနဲ့  Que Sear Sear သီချင်းသံအောက်မှာပဲ ငိုတာတွေ ရပ်ခဲ့ရတယ်။

ဆယ်တန်းအောင်ပြီးတဲ့နောက် တက္ကသိုလ်တက်တဲ့ အချိန်တွေမှာ လက်ရှိအချိန်အထိ ဘာလိုချင်တယ် ဘာလုပ်ရမယ်ဆိုတာ ကိုယ့်ဟာကိုယ် သေချာနေတဲ့ မယ်ညို မေးခွန်းတွေ သိပ်မထုတ်ဖြစ်ခဲ့တော့ဘူး။ ဒါပေမယ့် နောက်ဆုံးတက်ခဲ့တဲ့ ကျောင်းပြီးခါနီးတစ်နေ့  ညနေစောင်းအချိန် အမေနဲ့ လမ်းလျှောက်ထွက်ရင်း မေးမိတယ်

“ ကျောင်းပြီးသွားရင် ဘာတွေဖြစ်လာဦးမလဲမသိဘူးနော် အမေ ”

တကယ်တော့ မယ်ညိုတတ်ထားတဲ့ပညာနဲ့ အလုပ်တစ်နေရာရာဝင်ချင်ရင် တန်းဝင်လို့ ရပေမယ့် ဟိုတွေးဒီတွေး တွေးတတ်တဲ့အကျင့်အတိုင်း မေးလိုက်မိတာပါ။ ဒါပေမယ့် ဒီတစ်ခါတော့ အမေက မယ်ညို
တွေးမထားသေးတာတွေပါ ထည့်ပြီးဖြေသွားတယ်။

“ ဘာတွေဖြစ်လာမလဲသမီးရယ်၊ သမီးကအလုပ်လုပ်၊ နောက်တော့ ယောင်္ကျားရရင် အိမ်ကခွဲသွား၊ အမေတို့ အဖေတို့ကအိမ်မှာ အဘိုးကြီးအဘွားကြီးတွေဖြစ်လာ၊ ဘုရားတရားလုပ်ရင်း သားသမီးတွေလာတာမျှော်ပေါ့ ”

ရိုးရိုးလေးပြောသွားပေမယ့် မယ်ညို့ ရင်ထဲမှာတော့ စိတ်မကောင်းသလို တစ်မျိုးကြီးဖြစ်သွားတယ်။ အမေကတော့ သဘာဝတရားကိုကြိုတွေးလို့ ဖြစ်လာနိုင်တာတွေအတွက် စိတ်ကို ကြိုတင်ပြင်ဆင်ထားပုံပါပဲ။  ဒါတွေကတစ်နေ့ကျရင် ကြုံရမှာပဲလေသမီးရဲ့  လို့ပြောပြီးထုံးစံအတိုင်း Que Sear Sear သီချင်းလေးတစ်ပိုဒ်ကို ပြုံးပြီးဆိုလိုက်ပါသေးတယ်။

အမေနိမိတ်ဖတ်ခဲ့တဲ့ အတိုင်းပါပဲ။ မယ်ညို အိမ်နဲ့ ခွဲခဲ့ရတယ်။ ဒါပေမယ့် အမေပြောသလို ယောင်္ကျားရလို့တော့ မဟုတ်ဘူး။ စနစ်ဆိုးတစ်ခုကို မတွန်းလှန်နိုင်သေးရင်တောင်မှ အတူမမြောပါလိုတဲ့ စိတ်တွေကြောင့်။ ကိုယ့်ဆုံးဖြတ်ချ က်နဲ့ ကိုယ်ရွေးခဲ့တဲ့ နေရာသစ်မှာ အခက်အခဲတွေ၊ စိတ်ဒုက္ခတွေ ဖြစ်တိုင်းလည်း အမေဆိုပြခဲ့တဲ့ သီချ င်းနဲ့ အမေပြောခဲ့တဲ့ ဘာတွေပဲဖြစ်လာဖြစ်လာပေါ့ သမီးရွေးခဲ့တဲ့လမ်းက အခက်အခဲတွေကို သမီးလက်ခံနိုင်ရမယ် ဆိုတဲ့စကားက စိတ်ဓါတ်အင်အားတွေ ပေးခဲ့တယ်။

ခုချိန်ထိလည်း တစ်ခါတစ်ခါ စိတ်အင်အားတွေလိုတဲ့အခါ ဖုန်းဆက်လို့ အမေ့ကို  ဆိုပြပါဦးလို့ ပြောတတ်သလို ဖုန်းအလွယ်တကူဆက်လို့ မရတဲ့အခါကျတော့လည်း Youtube ကနေ Doris Day ကိုပဲ အမေ့ကိုယ်စား ဆိုခိုင်းရတော့တာပေါ့။ အတူနားထောင်ကြည့်ပါဦးလား။         ။



When I was just a little girl
I asked my mother
What will I be
Will I be pretty
Will I be rich
Here's what she said to me

Que sera, sera
Whatever will be, will be
The future's not ours to see
Que sera, sera
What will be, will be

When I grew up and fell in love
I asked my sweetheart
What lies ahead
Will we have rainbows
Day after day
Here's what my sweetheart said

Que sera, sera
Whatever will be, will be
The future's not ours to see
Que sera, sera
What will be, will be

Now I have Children of my own
They ask their mother
What will I be
Will I be handsome
Will I be rich
I tell them tenderly

Que sera, sera
Whatever will be, will be
The future's not ours to see
Que sera, sera
What will be, will be
Que Sera, Sera 

 video credit to ~  http://www.youtube.com/watch?v=SdhAfMor9BM

ညို လေးနေ 
06.09.2014  ( 01:01 am )

8 comments:

Sonata Cantata said...

မယ်ညိုတို့ သားအမိ အေးချမ်းလိုက်တာ...

သူကြီးမင်း (တုံးဖလား) said...

အနာဂါတ်ဆိုတာ ကြိုသိနိုင်တာ မဟုတ်တဲ့ အတွက် ကျရာဇာတ် ကျရာတာဝန် ရောက်ရာအရပ်မှာ အဆင်သင့်သလို နေကြရတဲ့ သူတွေ များပါတယ်။

ညိုလေးညိုတို့ သားအမိစကားလုံးလေးတွေက ချစ်စရာလေးတွေနော်။ သီချင်းလေးတွေနဲ့။

ဇွန်မိုးစက် said...

ဒီချဲလင့်ပို့စ်က... စနေနေ့ အလုပ်မဆင်းရကြောင်းပြတဲ့ သက်သေပေါ့နော်။ :P ဘာတွေပဲဖြစ်ဖြစ် ဇွန်က မယ်ညိုတို့သားအမိကို ချစ်တယ်။း)

Aunty Tint said...

ညိုလေးမေမေ့စကားလုံးတွေ ကျေနပ်စရာပါ။ တီတင့်ဖတ်ဘူးတဲ့ စာသားလေးတစ်ခု- 'ဒီကနေ့ မနက်ဖြန်အတွက်ကို ကြိုတင်စိတ်ရှုပ်မခံပါနဲ့။ ရောက်လာမည့် မနက်ဖြန်မှာ ဖြေရှင်းစရာတွေက ကြိုတင်အဆင်သင့်ရှိနေပြီးသားမို့ပါ' တဲ့ ညိုလေးရေ...

စံပယ်ချို said...

ဘာတွေဖြစ်လာမလဲသမီးရယ်၊ သမီးကအလုပ်လုပ်၊ နောက်တော့ ယောင်္ကျားရရင် အိမ်ကခွဲသွား၊ အမေတို့ အဖေတို့ကအိမ်မှာ အဘိုးကြီးအဘွားကြီးတွေဖြစ်လာ၊ ဘုရားတရားလုပ်ရင်း သားသမီးတွေလာတာမျှော်ပေါ့----
မယ်ညို စိတ်မကေင်းဖြစ်တာထက်ဖတ်မိတဲ့ ဂျက်ကပိုနေတယ်ထင်တာပဲ
တောင်ကြီးမာကျန်နေတဲ့မေမေကိုပဲပြေးမြင်ယောင်မိနေတာမို့ပါ

ညိုလေးနေ said...

မမသီတာ
အမေက အေးချမ်းချင်ပါတယ်၊ မယ်ညို့ကြောင့်သာ တခါတခါ ပူရတာ :D

သူကြီးမင်းရှင့်
BPP Challenge အတွက်ရော၊ လာလည်လို့ပါ ကျေးဇူးပါ

ဇွန်
ဒါပေါ့ ဒါပေါ့ ဒါ စနေ သက်သေပေါ့ <3

တီတင့်ရေ
လိုက်နာမှတ်သားစရာ တစ်ခုတိုးသွားပြီ :)

မဂျက်
တစ်နေ့တော့ ပြန်စုစည်းနိုင်ကြမှာပါ
လာဖို့ကြိုးစားနိုင်ကြရင် ပြန်ဖို့လည်း ဖြစ်နိုင်ရမှာပေါ့ :)

ညီလင်းသစ် said...

သမီိးကို ချက်နဲ့လက်နဲ့ ပြောတတ်၊ နားချတတ်တဲ့အပြင် Que sera, sera လို သီချင်းကလေးနဲ့ လောကကို မြင်တတ်အောင် သင်ပေးတဲ့ အမေတယောက် ရထားတာ မယ်ညို သိပ်ကံကောင်းတာပေါ့...၊ အမေနဲ့မယ်ညို စီးရီးစ်တွေ သိပ်ကြိုက်တယ် ညလေးညို...။း)

seesein said...

ဝိုး စာ​ရေး​ကောင်းသူတ​ယောက်​​တွေ့ပြန်​​ပေါ့ ​ချဲလင်း​ခေါ်​ပေးတဲ့သူ​တွေ​ရောေ ရး​ပေးတဲ့သူ​တွေပါ ​ကျေးဇူးပါ

Post a Comment