Thursday, December 4, 2014

အမေနှင့် ရေစုန်၊ ရေဆန်၊ သင်္ဘောနစ်ခြင်း

ခေါင်းစဉ်ဖတ်ပြီးတော့ အမေနဲ့ မယ်ညို ရဲ့စွန့်စားခန်းလို့တော့ မထင်ကြစေချင်ပါဘူး။ စုန်ရေတွေ ဆန်ရေတွေနဲ့ တင်စားတဲ့ မေတ္တာတရားအကြောင်းလည်း မဟုတ်ပါဘူး။ စာရွက်ပေါ်က ဂဏန်းတွေနဲ့ စုန်ကြ၊ ဆန်ကြတဲ့အကြောင်း အမှတ်တရပါ။

အမေက ကျောင်းဆရာမ လုပ်ခဲ့ဖူးတယ်။ အဲဒီတော့ ကလေးတွေကို စာကောင်းကောင်းသင်တတ်တယ်။ သားသမီးတွေကို ကိုယ်တိုင်စာပြပေးလို့ မယ်ညို တို့မောင်နှမတစ်တွေအားလုံး ခုနှစ်တန်းအထိ ကျူရှင်မယူခဲ့ရဘူး။ သင်္ချာညံ့ရင် သိပ်အမြင်ကတ်တာနော် လို့ပြောတတ်တဲ့ အမေက သင်္ချာ ဥာဏ်လည်းသိပ်ကောင်းပါတယ်။  ဒီလိုနဲ့ မယ်ညို ကျောင်းမှာ ရေစုန်၊ ရေဆန်၊ လေစုန်၊ လေဆန် ပုစ္ဆာတွေသင်ရတဲ့ အရွယ်ရောက်လာပါတယ်။

သင်္ဘောက မြစ်ရေအတိုင်း စုန်ဆင်းရင် သွားနှုန်းမှာ ရေစုန်နှုန်း ထည့်ပေါင်း၊ ရေဆန်ကို လှေလှော်သွားရင် လှေလှော်နှုန်းထဲက ရေစုန်နှု န်းကိုနှု တ် ..... ။ ရေစုန်၊ ရေဆန် ပုစ္ဆာတွေ။ ပြဿ     နာက မြစ်နား၊ ချောင်းနားမှာ နေရသူလည်းမဟုတ်၊ ရန်ကုန်မှာ လေပြင်းတိုက်တာလည်း မကြုံဖူးလေတော့ စုန်တာ၊ ဆန်တာတွေကို မယ်ညိုက လက်မခံနိုင်တာပါပဲ။ ကျောင်းမှာ ဆရာမပြောသလို အပေါင်း၊ အနှုတ်တွေ လုပ်လာပေမယ့် အိမ်ရောက်ရင်တော့ မယ်ညို ရစ်ပါတယ်။

" လှေလှော်တဲ့အခါ ရေလေးက စီးနေတော့ မြန်မြန်ရောက်သွားတာပေါ့သမီးရဲ့၊ မလှော်ဘဲနေရင်တောင် ရေနဲ့ မျောသွားမှာကို လှော်လိုက်တော့ ရှေ့ပိုရောက်သွားတာပေါ့ အဲဒါကြောင့် ပေါင်းရတာ "

" အမေရဲ့ ..... သင်္ဘောက စက်ကြီးတပ်ထားတဲ့ဟာကို အဲဒီ့ရေက သူဟာသူ စီးစီးမစီးစီး ဘာလို့နှု တ်ရမှာလဲလို့၊ စက်နဲ့မောင်းတာပဲ ရှေ့ကို သွားမှာပေါ့ "

လူရေကူးတာတွေ၊ လှေလှော်တာတွေကို မကျေလည်သော်လည်း အထွန့်မတက်ပေမယ့် စက်တပ်ထားတဲ့သင်္ဘောကို ရေကတွန်းတယ်ဆိုတာတော့ မယ်ညို ကလက်မခံပါဘူး။ ခံငြင်းပါတယ်။ အမေကလည်း သူ့သမီးနားလည်အောင် နည်းမျိုးစုံနဲ့ရှင်းပါတယ်။ ဒါပေမယ့် မယ်ညို ကလည်း မယ်ညို ပါပဲ။ စိတ်ထဲမှာ မရှင်းလို့ကတော့ လက်မခံပါဘူး။

စာမေးပွဲနီးလို့ အိမ်မှာ အမေက မေးခွန်းလေးတွေထုတ်ပေးပြီး အစမ်းဖြေခိုင်းတဲ့အခါ မှားမြဲ မှားဆဲပါပဲ။ သုံးချက်တွက်နည်းနဲ့ သင်္ဘောစက်နှု န်းနဲ့ ပေးထားတဲ့နာရီမှာ ဘယ်နှမိုင် ရောက်တယ်ဆိုတာပဲ တွက်တယ်၊ ရေစီးနှုန်းကို ထည့်မပေါင်း၊ မနှုတ်ပါဘူး။ စာမေးပွဲမှာ မှားမှာစိုးလို့ အမေက ဆူပြီး ဘက်တူရင်ပေါင်း၊ ဆန့်ကျင်ဘက်ဆိုနှုတ် ဆိုပြီး အတိုကောက် မှတ်ခိုင်းတော့ အမေ့သင်္ဘောက စက်ကြီးနဲ့ပါဆို ဆိုပြီး မယ်ညို ငိုပါတယ် :)

စာမေးပွဲဖြေပြီး နေ့လယ် ပြန်လာတော့ ဘေးအိမ်က အဘွားက လှမ်းခေါ်တယ်။

" အငယ်လေး စာမေးပွဲ ဖြေနိုင်လား "  
" ဟုတ်။ ဘွားက သမီး စာမေးပွဲရှိတာ ဘယ်လိုလုပ်သိတာလဲ "
" မနက်က ညွန့် စာသင်နေတာမြင်တယ်။ ငါ့မြေးငိုတာလည်း ဘွားကြားတာပေါ့။  မြေးက ညွန့် သင်တာကို နားမလည်လို့လား။ အငယ်လေးကို မဆူရဘူးလို့ ညွန့် ကို ဘွားပြောထားတယ်သိလား။ ငါ့မြေးကလည်း မငိုရဘူးနော် ကြာလား "

စာမရလို့ငိုတယ် ထင်သွားမှာစိုးတာရော၊ စကားပြောလေးနဲ့ တအိအိငိုတာကို အဘွားကြားသွားလို့ရော မယ်ညို နဲနဲတော့ ရှက်သွားပါတယ်။ စာသင်ပေးတဲ့ အမေ့ကို မယ်ညို ရစ်တာ အိမ်နီးနားချင်းတွေ သိတဲ့အထိပါပဲ။ နောက်တော့ အိမ်ကို ပြန်ပြေးပြီး အမေ့ကို အဘွားဆူလိုက်လားဆိုပြီး အမောတကော မေးရပါသေးတယ်။ အမေက နောက်ကို မစုန်ဘူး၊ မဆန်ဘူး ငြင်းဦးမှာလား ဆိုပြီး ရယ်နေပါတော့တယ်။




သင်္ဘောနစ်တာကတော့ မယ်ညို့ ကြောင့် မဟုတ်ပါဘူး။ တစ်ရက်မှာ မယ်ညို့  အစ်မနှစ်ယောက်နဲ့ အစ်မဝမ်းကွဲ တစ်ယောက် သင်တန်းတစ်ခုအတွက် ဗဟုသုတနဲ့ သင်္ချာဥာဏ်စမ်း သွားဖြေကြပါတယ်။ သူတို့တွေက မယ်ညို နဲ့ကွာသလို အသက်သိပ်မကွာကြဘဲ မတိမ်းမယိမ်းတွေ။ အိမ်ပြန်ရောက်လာတော့ မမကြီးက အစ်မလတ်ကို မေးတယ် နင့် သင်္ဘောက ဘယ်နှနာရီမှာ နစ်သွားလဲ တဲ့။ အစ်မလတ်က ဂဏန်းတစ်ခု ပြောလိုက်သလို အစ်မ ဝမ်းကွဲကလည်း သူဖြေခဲ့တဲ့ နာရီကို ပြောလိုက်တယ်။ အဲဒီ့မှာ မမကြီးက တခွိခွိနဲ့ ထ ရယ်ပါတော့တယ်။

အမေက ပုစ္ဆာပြောပြပါဦး ဆိုလို့ မမကြီးပြန်ပြောပြတဲ့ပုစ္ဆာ မယ်ညို မှတ်မိသလောက်က ဒီရေအတက်အကျ ရှိတဲ့ ရေထဲက ရေဆူး ၁၃ ပေရှိ သင်္ဘောပေါ်မှာ ကုန်တွေတင်ထားလို့ ရေဆူးအမှတ်က ၇ ပေ မှာရှိနေပါသတဲ့။ ဒီရေက တစ်နာရီကို ၉ လက်မနှုန်းနဲ့ တက်နေတဲ့အတွက် ဘယ်နှနာရီကြာရင် သင်္ဘောမြုပ်နိုင် ပါသလဲ တဲ့။ ( ပုစ္ဆာရဲ့ သဘောတရားကိုပဲ ပြောချင်တာပါ။ ဂဏန်းတွေ မမှတ်မိပါဘူး။ )

ပုစ္ဆာသိရလို့ မယ်ညို စိတ်တွက်နဲ့ လိုက်တွက်နေတုန်း အမေက အမေ့သမီးတွေ လုပ်နေပြီး သင်္ဘောကို နှစ် ပစ်ခဲ့ကြရောလား ဆိုပြီးမေးတော့ မမကြီးက ပိုလို့ ရယ်ပြီး ဟုတ်တယ် အမေ သမီးတို့လက်ချက်နဲ့ နစ်သွားပြီ  ဆိုပြီး ဖြေပါတယ်။ အဲဒီ့အချိန်အထိ မယ်ညို နားမလည်သေးပါဘူး။ ငါတောင် တွက်လို့ ရတဲ့ပုစ္ဆာ အစ်မတွေက ဘာမှားလို့လဲ ဆိုပြီး တွေးလိုက်ပါသေးတယ်။

" သင်္ဘောပါ ဆိုမှအေ ပစ္စည်းတွေနင်းကန် တင်မှ နစ်မှာပေါ့။ ဒီရေတက်တာနဲ့ နစ်မလား။ ရေတက်ရင် တက်သလောက် သူလည်း ရေပေါ်လိုက်မြင့်နေမှာပေါ့ "

အမေ့ အဖြေဆုံးမှ မယ်ညိုလည်း သဘောပေါက်ပြီး လိုက်ရယ်မိပါတော့တယ်။ ဟုတ်ပါရဲ့။ သင်္ချာစာမေးပွဲ သီးသန့်မှ မဟုတ်တာ။ ဗဟုသုတ ပါ ပါတယ်ဆိုတာ မယ်ညို့  အစ်မတစ်တွေ သတိလွတ်သွားကြတော့ သုံးယောက်ပေါင်းပြီး သင်္ဘောကို နှစ်လိုက်ကြတာပေါ့။ နှစ်ခါပြန်စဉ်းစားချိန် မရှိလောက်အောင်များတဲ့ ဓမ္မဓိဋ္ဌာန်မေးခွန်းတွေကြောင့် နှစ်ပစ်ခဲ့တာကို မမကြီးက စားမေးပွဲခန်းကထွက်လာပြီး ပြန်ဖတ်တော့မှ သတိထားမိတာတဲ့။

အဲဒီ့အချိန်က တစ်ယောက်ကို တစ်ယောက်လက်ညှိုးထိုးပြီး ရယ်ခဲ့ကြတဲ့ မယ်ညို တို့ညီအစ်မတစ်တွေဟာ မေးခွန်းတစ်ခါကြားတာနဲ့ အဖြေတန်းသိတဲ့ အမေ့လောက်တော့ သင်္ချာဥာဏ်၊ ဖြတ်ထိုးဥာဏ် မကောင်းတာတော့ အမှန်ပါပဲ။      ။


ညို လေးနေ 
04.12.2014  ( 10:39 am )

1 comments:

Ma Tint said...

ညိုလေးပြောသလိုပဲ ခေါင်းစဉ်လေးကို မြင်လိုက်တော့ ရေစုန် ရေဆန်မှာ သင်္ဘောမြုပ်သွားသလားလို့ ... :D
နွေးထွေးတဲ့မိသားစုလေးနဲ့ လွမ်းမောဖွယ်ရက်လေးတွေပေါ့ ညိုလေးရေ။

Post a Comment