Sunday, January 18, 2015

ဤသို့ သင်ခဲ့ရ၍သာ .....

လသာ(၂)ကျောင်းတော်နဲ့ ပတ်သက်တာလေး တခုခုရေးပေးပါလို့ ဇွန်ကတဂ်လိုက်တာဟာ အကြိမ်ကြိမ် အခါခါ ရေးဖို့ကြိုးစားပြီး မရေးဖြစ်သေးတဲ့ စာတစ်ပုဒ်ကို ဘလော့ဂ်ပေါ် ရောက်လာစေတာပါပဲ။ ကျောင်းနဲ့ပတ်သက်ပြီး အမှတ်တရ များစွာရှိပေမယ့် စာဖတ်ဝါသနာပါသူ ကိုယ့်ကို မြန်မာစာကို ပိုပြီးချစ်တတ်လာအောင်၊ စာရေးတတ်လာအောင် သင်ကြားပေးခဲ့တဲ့ ကျေးဇူးကြီးမားလှတဲ့ မြန်မာစာဆရာမတွေရဲ့ သင်ကြားပေးခဲ့ပုံလေးတွေကိုပဲ ဆရာကန်တော့ပွဲအမှတ်တရအတွက် ပိုပြီးရေးချင်ပါတယ်။


မယ်ညိုဟာ လသာ(၂)ရဲ့ ငယ်မွေးခြံပေါက် ကျောင်းသူတစ်ယောက် မဟုတ်ခဲ့ပါဘူး။ သူငယ်တန်းကနေ လေးတန်းအထိ ကျောင်းသုံးကျောင်းပြောင်းခဲ့ရပြီး ငါးတန်းရောက်မှ လသာ(၁)က တဆင့် လသာ(၂)ကို လွှဲပေးလို့ ရောက်လာရတဲ့ကျောင်းသူပါ။ ကျောင်းကိုစရောက်တဲ့နှစ်မှာပဲ မြန်မာစာဆရာမ ဒေါ်တင်တင်အုန်း အတန်းပိုင်ဖြစ်တဲ့ ပဉ္စမတန်း(ဆ) ကိုရောက်သွားပါတယ်။ ငါးတန်းမှာ တီချယ်ဒေါ်တင်တင်အုန်းက နာမည်ကြီးပါပဲ။ စည်းကမ်းကြီးလွန်းလို့ပါ။ မိန်းကလေးတန်မဲ့ တဒုံးဒုံး တဒိုင်ဒိုင်း ပြေးလို့ကတော့ ရုံးခန်းသွား ဒူးထောက်ရပြီသာမှတ်။ တီချယ်ကြီးက စည်းကမ်းကြီးလို့ ကြောက်ကြပေမယ့် တီချယ်နဲ့ပတ်သက်လို့ မှတ်မှတ်ရရ ရှိနေတာတစ်ခုရှိတယ်။ကျောင်းမှာမနက်တိုင်း ဘုရားရှိခိုးရတယ်။ နှစ်ယောက်တစ်တွဲ ထိုင်ရတဲ့ ခုံတန်းရှည်ပေါ်မှာ ခြေထောက်လေးတွေတင်လို့ မိန်းမထိုင်လေးတွေ ထိုင်ပြီးရှိခိုးကြတဲ့အခါ တီချယ်ကြီးက တစ်တန်းလုံးကို လှည့်ပတ်ကြည့်ပြီး သမီးကျောင်းသူတွေရဲ့ လသာ(၂) အလယ်တန်းဝတ်စုံ ကျောင်းစိမ်း ထီးစကပ်လေးတွေကို ခြေဖျားလေးတွေဖုံးအောင် လိုက်ပြီးဖြန့်ဖုံးအုပ်ပေးတတ်တာပဲ။ ငါးတန်းမှာ မြန်မာစာနဲ့ပတ်သက်လို့ ထူးထူးခြားခြား မရှိခဲ့ပေမယ့် မြန်မာမှု၊ မြန်မာမိန်းကလေးတွေရဲ့ အနေအထိုင် နဲ့ပတ်သက်လို့တော့ မှတ်မှတ်ရရ ရှိခဲ့ရတယ်။

မယ်ညိုရဲ့မြန်မာစာအပေါ်လေးနက်မှုက ခြောက်တန်းကစခဲ့တယ်လို့ ဆိုရမယ်။ တသက်တာလုံး အကြိမ်ကြိမ် အဖန်ဖန် ပြန်သုံးရတဲ့ အခုထိလည်း ရွတ်နေရတဲ့ " ထိပ်ဆုံးသို့ " ကဗျာလေးကို ခြောက်တန်းမှာ သင်ခဲ့ရတယ်။ ကဗျာကို ဘယ်လိုစကားပြေပြန်ဆို အဓိပ္ပါယ်ဖွင့်ရတယ်ဆိုတာ ဆရာမဒေါ်စမ်းမြင့်က (ကိုယ့်အတွက်) အလွယ်ဆုံးဖြစ်အောင် သင်ပြပေးခဲ့တယ်။ မယ်ညို က ၏၊ သည်၊ ၍ မလွဲ စာကျက်ရတာကို အင်မတန်မုန်းတဲ့သူ။ အလွတ်ကျက်ပြီး ခေါင်းထဲကို ပြွတ်သိပ်နေအောင်ထည့်ရတာထက် သင်္ချာလို၊ ( Programming ) ပရိုဂရမ်းမင်းလို ဆံပင်ဖြူ အောင် စဉ်းစား၊ တွက်ချက် အဖြေထုတ်ရတာမျိုးကိုပဲ ကြိုက်တဲ့သူ။ ငါးတန်းအထိ မြန်မာစာကိုလည်း ကျက်စာထဲမှာ ထည့်ပြီးကျက်ခဲ့ပေမယ့် တီချယ်ဒေါ်စမ်းမြင့်နဲ့ သင်ခဲ့ရချိန်နောက်ပိုင်းမှာ မြန်မာစာကျက်ရတာဟာ တဝက်မက သက်သာသွားခဲ့တယ်။ ခြောက်တန်းမှာ ခက်ဆစ်ဆိုတာ မရှိသေး၊ မကျက်ရသေးပေမယ့် တီချယ်က ကဗျာသင်တဲ့အခါ ကဗျာထဲက စကားလုံးအဓိပ္ပါယ်တွေကို အရင်ပြောပြပြီး လိုက်မှတ်ခိုင်းတယ်။ ဥပမာ ထိပ်ဆုံးသို့ ကဗျာလေးထဲက        " ခါတလေတကယ်ပန်းတာကြောင့် "  ဆိုတဲ့ စာကြောင်းလေးမှာ ခါတလေ ဆိုတာ တစ်ခါတစ်လေ ကိုပြောတာ၊ ပန်း ဆိုတာ ပင်ပန်းတာကိုပြောတာ ဆိုပြီး အရင်မှတ်ခိုင်းတယ်။ ပြီးတော့မှ ကဗျာလေးတစ်ကြောင်းကို ရွတ်ခိုင်းလိုက်၊ အလင်္ကာတွေ၊ အဖွဲ့အနွဲ့တွေနဲ့ ရေးထားတဲ့နေရာမှာ စောစောက အဓိပ္ပါယ်လေးတွေ အစားထိုးပြီးရွတ်ခိုင်းလိုက်နဲ့ အကြိမ်ကြိမ်အခါခါ ရွတ်ခိုင်းပြီး သင်တယ်။ တစ်ပိုဒ်ပြီးရင် တစ်ပိုဒ်စာ အစအဆုံး ပြန်ရွတ်ရတယ်။ ဝါစိမ်းနီပြာ အသင်းလိုက် တလှည့်စီလည်း ရွတ်ရတယ်။ အဲလိုနဲ့ ကဗျာတစ်ပုဒ်လုံး သင်လို့ပြီးသွားတဲ့အချိန်မှာ ကဗျာလည်းအလွတ်ရ၊ စကားပြေအဓိပ္ပါယ်လည်း လုံးဝ နားလည်မှတ်မိသွားရော။ အဲဒီတော့ မယ်ညိုက နည်းနည်းခက်တဲ့ စကားလုံးတွေရဲ့ အဓိပ္ပါယ်ကိုပဲ မှတ်မိအောင် ထပ်ခါထပ်ခါ ဖတ်ပါတော့တယ်။ စာမေးပွဲမှာ ကဗျာစကားပြေ ဖြေရတဲ့အခါ ကဗျာကို အရင်ဆုံးချရေးလိုက်ပြီး တစ်ကြောင်းချင်း တစ်ကြောင်းချင်းရဲ့ အဓိပ္ပါယ်တွေကို ကဗျာကိုကြည့်ကာ မှတ်မိတဲ့အတိုင်း ဖြန့်ရေးသွားလိုက်တာ စာကျက်စရာကို မလိုတော့ပါဘူး။ စာကျက်ရတာ မကြိုက်ပေမယ့် ငယ်ငယ်လေးကတည်းက ကဗျာကို စိတ်ဝင်စားခဲ့တဲ့ မယ်ညိုကို မြန်မာကဗျာတွေကို ပိုလို့ ချစ်တတ်သွားအောင် တီချယ်က သင်ပေးခဲ့တာပါ။

ခြောက်တန်းက စ လို့ ကဗျာအတွက် စိတ်အေးခဲ့ရပေမယ့် စာစီစာကုံးကိုတော့ သိပ်မရေးတတ်သေးပါဘူး။ ရှစ်တန်းနှစ်မှာတော့ မြန်မာစာအတွက် ပိုကောင်းတဲ့အခြေခံကို ရခဲ့တယ်။ အတန်းပိုင် ဆရာမဒေါ်မြင့်မြင့်သွယ်က ပထမဆုံး ကျောင်းစတက်တဲ့နေ့မှာပဲ တစ်တန်းလုံးကို " က " ကနေ " အ " အထိ ရေးခိုင်းပါတယ်။ ဋ ၊ ဌ ၊ ဍ  မှာ သမီးကျောင်းသူတွေ ချာလပတ်လည်ကြပါတော့တယ်။ အတန်းကို လှည့်ပတ်ကြည့်ပြီးတော့မှ တီချယ်က အဲလိုဖြစ်ကြမယ်မှန်းသိလို့ ရေးခိုင်းတာဆိုပြီး " င နှစ်လုံး တစ် အလယ် နှစ် ဘေးက လှေခါးထစ် " ဆိုတဲ့ စာချိုးလးကို သင်ပေးပါတယ်။ င နှစ်လုံး တစ် ( င င ၁ ) ဆိုတာ  ဋ ၊ ဌ ၊ ဍ  တို့ရဲ့ ဦးခေါင်းလှည့်ရာ ဘက်ပါ။ အလယ် ၂ ဘေးက လှေခါးထစ် ဆိုတာ  ဋ ၊ ဌ ၊ ဍ တို့ရဲ့ အောက်က ခြေထောက်လေးတွေကို ပြောတာပါ။ တီချယ့်ကျေးဇူးနဲ့ တသက်လုံး မမေ့တော့ပါဘူး။ တီချယ်ရဲ့နောက်ထပ်ထူးခြားတဲ့ သင်ကြားမှုက စာစီစာကုံး။ သောကြာနေ့တိုင်း ခေါင်းစဉ်တစ်ခုပေးလိုက်ပြီး တနင်္လာနေ့မှာ စာအုပ်ထပ်ရပါတယ်။ အရေးအသား ဘယ်လောက်ကောင်းကောင်း စာအုပ်မှာ ဘေးမျဉ်းကို ပေတံတစ်ပြားစာ အပြည့်သားမှ၊ စာပိုဒ်အစကို တစ်လက်မခွဲ နှစ်လက်မလောက်ခွါရေးမှ၊ ခြစ်ရာဖျက်ရာမပါမှ၊ စာလုံးပေါင်းမှန်မှ အမှတ်များများရပါတယ်။ ကျောင်းသူငါးဆယ်လောက်ရေးတဲ့ စာစီစာကုံးတွေကို တစ်ယောက်ချင်း၊ တစ်ပုဒ်ချင်း အပုဒ်တိုင်းကို သေချာဖတ်ပြီး အပင်ပန်းခံ အမှတ်ခြစ်ပေးခဲ့လို့ မယ်ညို ဆယ်တန်းရောက်တော့ စာစီစာကုံးရေးတတ်ဖို့ ပူစရာမလိုတော့ပါဘူး။ တီချယ် သေချာဖတ်တယ်ဆိုတာလည်း အမှတ်နည်းသွားတာနဲ့ " တီချယ် သမီးဘာလို့ အမှတ်နည်းသွားတာလဲ " ဆိုပြီး ကွန်ပလိမ်းသွားတက်တတ်တဲ့ မယ်ညို့ ကို ဘာ့ကြောင့် အမှတ်လျှော့ရတယ်ဆိုတာ ရှင်းရှင်းပြလို့ သိခဲ့ရတာပါ။ ပြီးတော့ ဖက်နဲ့ဘက် ၊ ပဲနဲ့ဘဲ စတာတွေကိုသင်တော့လည်း " မ နောက်က ဘဲ လိုက်တယ်  " ဆိုပြီး မ ပါတဲ့ အငြင်းစကားဆိုရင် ဘကုန်း သုံးရကြောင်းကို ရယ်ရယ်မောမောနဲ့ တစ်ခါတည်း မှတ်မိစေတော့တာပါပဲ။ 

မယ်ညိုတို့ ဆယ်တန်းနှစ်ရောက်တဲ့အချိန်မှာ ဝိုင်းကျူ ရှင်တွေက သိပ်ကိုခေတ်စားနေပါပြီ။ ဘာသာစုံဝိုင်းတွေ တက်ကြလို့ နှစ်ဝက်လောက်ကတည်းက ကျောင်းတက်တဲ့သူ သိပ်မရှိတော့ပါဘူး။ တခြားဘာသာတွေကို ဘယ်လိုမှ မနေပေမယ့် မြန်မာစာကို ကျူ ရှင်တက်မှ ဂုဏ်ထူးထွက်တယ်ဆိုတာကို မလိုချင်တဲ့ရောဂါကြောင့်ရော၊ ကျောင်းက ဆရာမကြီးဒေါ်ခင်ညွန့် ရဲ့ မှတ်စုတွေကို ပိုပြီး ယုံကြည်တာကြောင့်ရော ကျောင်းပဲသွားတက်ပြီး တီချယ်သင်တာတွေနဲ့ပဲ ဆယ်တန်းဖြေခဲ့ပါတယ်။ တီချယ်ဒေါ်စမ်းမြင့် သင်ကြားခဲ့တဲ့ စနစ်နဲ့ တသားတည်းကျခဲ့တဲ့ မယ်ညိုဟာ ဆယ်တန်းရောက်တော့လည်း ခက်ဆစ်ကို ကျက်ပေမယ့် စကားပြေပြန်ပြီးသားစာတွေကို မကျက်ခဲ့ဘူး။ " ဆံထုံးတော်ကြီး၊တမာသီးနှင့်၊ခါးစည်းဝတ်လဲ၊ ချုပ်စပြဲကို၊ တဲအပ်နှင့်တွယ်၊ လူမြင်သမျှ၊ စိတ်ပျက်အောင်လှပါတဲ့၊ မရေသယ် " ဆိုတဲ့ ဦးပုညရဲ့ရေသည်ပြဇာတ်အရေးအဖွဲ့တွေကို တီဗွီမှာပြသွားတဲ့ ရွှေမန်းသဘင်ရဲ့ မင်းသားချမ်းသာ ရွတ်သလို မြင်ယောင်ပြီးရွတ်တယ်။ " စိမ့်ကြီးမြိုင်ကြီး၊ ရိပ်ကြီးတောတောင်၊ နေရောင်မခံ၊ ပန်းပျံပင်ဆင့်၊မြေနှင့်ရန်ဖက်၊ ခက်လက်စိမ်းမြ၊မိုးမခဘူး "  ဆိုတဲ့ ဘုန်းနှင့်ကံနှင့်ရွှေသဇင် ကဗျာကို တောမြိုင်ကြီးထဲ ရောက်နေသလိုခံစား ၊ " ဟင်းအိုးဆူလျှင် အကင်ခပ်ပြီး၊ အိုးကင်းနှင့်လှော် ရေနှင့်ကြော်၊ မိုးမျှော်ငရုတ်သီးငယ်နှင့်လေး " ဆိုတဲ့ နွေဦးကာလမြူ ထသောအခါ ကဗျာထဲက ထန်းသမားမိသားစုရဲ့ ချက်ပုံပြုတ်ပုံကို မျက်စိထဲမြင်ယောင်ပြီး သဘောတကျကျနဲ့ ရွတ်။ မြန်မာစာဆိုတာ စာမေးပွဲစစ်မှာမို့ ကျက်ရမယ့်စာ ဆိုတာမျိုး မဟုတ်တော့ဘဲ စိတ်ထဲကကို ကိုယ့်ဘာသာ၊ ကိုယ့်စာ ဆိုပြီး တမြတ်တနိုးနဲ့ကို ရွတ်ဖတ်ချင်နေတော့တာ။ " မိခင်သောက " လိုမျိုး စကားပြေတွေကိုလည်း ဝတ္ထုဖတ်သလိုဖတ်တယ်။ တီချယ်ဒေါ်ခင်ညွန့်က ဘယ်လိုတွေမေးတတ်တယ်ဆိုပြီး အမေးအဖြေတွေကိုပါ မှတ်စုထုတ်ပေးထားတာမို့ ကိုယ်ဖတ်ပြီး နားလည်ထားတာတွေနဲ့ မေးခွန်းတွေအတွက် ဖြေပြထားတာကို ဖတ်ကြည့်လိုက်ရုံပါပဲ။ 

မြန်မာစာသင်ရတာကြိုက်ပြီး မြန်မာစာကိုချစ်ပေမယ့် လက်ရေးကတော့ လှလိုက်တာ ဆိုတဲ့အထဲမှာ မပါတဲ့သူကို စနစ်တကျ၊ သပ်သပ်ရပ်ရပ်၊ စာလုံးပေါင်းမှန်မှန်နဲ့ စာရေးတတ်အောင်သင်ပေးခဲ့တဲ့ တီချယ်ဒေါ်မြင့်မြင့်သွယ်၊ ကျက်စာတွေအလွတ်ကျက်ရမှာ ပျင်းတဲ့သူကို မြန်မာစာဟာ ကိုယ့်ဘာသာစကားမို့ ကျစ်လစ်တဲ့စကားလုံးတွေ၊ အလင်္ကာအဖွဲ့အနွဲ့တွေကို နားလည်သဘောပေါက်ရုံနဲ့ စာကျက်စရာမလိုဘဲ ကိုယ့်အရေးအသားနဲ့ကိုယ် ပြန်ရေးလို့ရတယ်ဆိုတဲ့ အသိဝင်လာအောင် သင်ပေးခဲ့တဲ့ တီချယ်ဒေါ်စမ်းမြင့်၊ ဆယ်တန်းနှစ်ဟာ ဘဝအတွက်အရေးပါတဲ့နှစ်မို့ လှည့်ပတ်မေးသမျှ ဖြေတတ်အောင် မှတ်စုတွေ၊ အမေးအဖြေတွေကို ရေးနေကူးနေတာနဲ့ အချိန်မကုန်အောင် စုပြီးထုတ်ပေး၊ သင်ပေးတဲ့ တီချယ်ဒေါ်ခင်ညွန့် နဲ့ မူလတန်းကအထက်တန်းအထိ သင်ကြားပေးခဲ့တဲ့ မြန်မာစာ ဆရာမတွေရဲ့ကျေးဇူးကြောင့် မယ်ညိုဟာ ဆယ်တန်းမှာ မြန်မာစာဂုဏ်ထူးအပြင် အမှတ်အများဆုံး ဆိုတဲ့အထဲဝင်ပြီး အောင်ခဲ့ရပါတယ်။ 

လက်ဦးဆရာမတွေရဲ့ ကျေးဇူးကြောင့် တက္ကသိုလ် ရောက်တော့လည်း အေးအေးဆေးဆေးပါပဲ။ ဗညားနွဲ့ နဲ့ ဗျည်းနွဲ့ စီးချင်းထိုးတာဟာ ကျောင်းကားပေါ်မှာ အသွားလည်းဖတ်၊ အပြန်လည်းဖတ်နဲ့ အင်မတန်ဖတ်လို့ကောင်းတဲ့စာဖြစ်နေပြီး အဲဒီ့ကနေ ရာဇဓိရာဇ်အရေးတော်ပုံကြမ်းကို ဖတ်ချင်လာခဲ့တယ်၊ အနှစ်လေးဆယ်စစ်ကို သိချင်လာခဲ့တယ်။ သိပ်ကြိုက်ခဲ့တဲ့ ထိပ်ဆုံးသို့ ကဗျာရေးသူ ငွေတာရီရဲ့ " သာသည့်မြေသို့ " ကဗျာကို ထပ်သင်ရချိန်မှာ ကဗျာမျိုးစေ့ချပေးတဲ့ တီချယ်ဒေါ်စမ်းမြင့်ကို သတိရသလို၊ ကဗျာတစ်ပုဒ်ဟာ ဘယ်အတိုင်းအတာ ထိရောက်နိုင်လဲ ဆိုတာ ပိုသိလာပြီး ရေးတတ်ချင်လာခဲ့တယ်။

ဆက်ပြီး ထဲထဲဝင်ဝင် နက်နက်နဲနဲ မလေ့လာဖြစ်တော့ပေမယ့် မြန်မာစာကို ချစ်တဲ့စိတ်နဲ့ စာတွေဆက်ပြီး ဖတ်ဖြစ်တယ်။ ဖတ်ရာကနေ ကိုယ်တိုင်ရေးဖို့ ဒီဘလောဂ့်လေး ဖြစ်လာတယ်။ ဖတ်မိသူတွေက စာရေးကောင်းတယ် လို့ပြောလာတဲ့အခါ၊ ဖတ်သူတစ်ဦးက စာလုံးပေါင်း အမှားနည်းတယ်နော် လို့မှတ်မှတ်ရရ ပြောလာတဲ့အခါ တီချယ်တို့ကို သတိရမိတတ်တယ်။ မြန်မာမှု၊ မြန်မာစာ၊ မြန်မာကဗျာကို ချစ်မြတ်နိုးတတ်အောင် သင်ပေးခဲ့တဲ့ တီချယ်တို့ရဲ့ ကျေးဇူးတွေနဲ့ ဒီဘလော့ဂ်လေးရေးဖြစ်နေတာမို့ မြန်မာပြည် မပြန်နိုင်သေးတဲ့ အခိုက်မှာ   ဒီစာလေးကိုရေးကာ အဝေးကနေပဲ ဦးချကန်တော့လိုက်ပါတယ် ။         ။ 


**ကျောင်းဓါတ်ပုံက ဇွန့် ဆီက ယူတာပါ  :)


မယ်ညို 
၁၈.၀၁.၂၀၁၅ ( ၁း၄၂ နာရီ )


6 comments:

ဇွန်မိုးစက် said...

ငါးတန်းတုန်းက မြန်မာစာဆရာမ ဒေါ်စိန်စိန်က မန္တလေးမြို့အကြောင်းကို အုတ်၊ ကျစ်၊ ကျော်၊ အေး မန္တလေး လင်္ကာနဲ့ ကျကျနန ရွတ်ပြီး သေချာရှင်းပြသွားတာ ဘယ်လိုသဘောကျမိမှန်း မသိဘူး။ တီချယ်က ရှေ့ထိုးဆံထုံးကြီးနဲ့ သိပ်မြန်မာဆန်ပြီး ကျက်သရေအရမ်းရှိတယ်။ ဇွန့်စိတ်ထဲ မန္တလေးသူလို့တောင် ထင်မိတာပဲ။ ခြောက်တန်းကနေ ဆယ်တန်းအထိ မြန်မာစာဆရာမတွေက ညိုနဲ့အတူတူမို့ အထူးမပြောတော့ပါဘူး။ သေချာတာတော့ မြန်မာစာကို ချစ်တတ်၊ စိတ်ဝင်စားတတ်၊ လေးစားတတ်လာတာ အလယ်တန်းကနေ အထက်တန်းထိ သင်ကြားခွင့်ရခဲ့တဲ့ လသာ၂ က မြန်မာစာဆရာမတွေကြောင့်ပါပဲ။ ဒီနေ့ တီချယ် ဒေါ်စန်းမြင့်ကို ရှာမတွေ့ခဲ့ဘူး။ တီချယ် ဒေါ်ခင်ညွန့်ကိုတော့ ဇွန့်စာမူပါတဲ့ ဖေဖော်ဝါရီလထုတ် အပ္ပမာဒမဂ္ဂဇင်းလက်ဆောင်ပေးရင်း မြန်မာစာနဲ့ပတ်သက်ပြီး တီချယ့်ကျေးဇူးတွေအများကြီးရှိကြောင်း လက်အုပ်ချီကန်တော့ပြီး ပြောဖြစ်ခဲ့တယ်။ တီချယ်ကြောင့် စကားပြေနဲ့ စကားပြောကို သေချာခွဲခြားပြီးသိမြင်ခဲ့တယ်၊ နောက်စာစီစာကုံးရေးတဲ့အခါ စကားလုံးအသုံးအနှုန်းမထပ်အောင်သုံးဖို့ သင်ယူသိမှတ်ခဲ့ရတာတွေဟာ တချိန်မှာ စာရေးဖြစ်လာတဲ့ ဇွန့်အတွက် တန်ဖိုးကြီးမားလှတဲ့ မြန်မာစာအသိပညာတွေပါပဲ။
အာစရိယပူဇော်ပွဲအတွက် ရည်စူးပြီး မြန်မာစာဆရာမတွေအကြောင်း အမှတ်တရ ရေးပေးတဲ့ ညို့ကို သိပ် သိပ်ကျေးဇူးတင်ပါတယ်။ :))

Adora etc. said...
This comment has been removed by the author.
Adora etc. said...

Adora လဲ တီချယ် ဒေါ်တင်တင်အုံးနဲ့ တီချယ် ဒေါ်စမ်းမြင့်တို့ လက်ထွက်ပါပဲ။ မယ်ညိုပြောလို့ တီချယ် ဒေါ်တင်တင်အုံး ဘုရားရှိခိုးတဲ့အခါ ကျာင်းစိမ်း ထီးစကပ်လေးတွေကို ခြေဖျားလေးတွေဖုံးအောင် လိုက်ပြီးဖြန့်ဖုံးအုပ်ပေးတတ်တာပြန်သတိရတယ်။ တီချယ် ဒေါ်တင်တင်အုံးက မြန်မာစာကို ဖတ်စာအုပ်ထဲကစာတွေမကဘဲ စာလုံးပေါင်းသတ်ပုံကြွယ်အောင်ဆိုပြီး တပတ်တခါ မြန်မာစာသတ်ပုံကျမ်းထဲက စကားလုံးတချို့ကို ရှင်းပြ သင်ပြပြီး ပြန်သတ်ပုံခေါ်တာမှတ်မိသေးတယ်။ လက်ရေးမလှတဲ့စာအုပ်ဆိုရင်အတန်းရှေ့က မြောင်းထဲကို ပစ်မယ်ဆိုလို့ လက်ရေးလှလှကြိုးစားပြီးရေးတတ်လာတာ ဆရာမကျေးဇူးပါပဲ။ တီချယ် ဒေါ်စမ်းမြင့်နဲ့ စာသင်ရတဲ့အတွေ့အကြုံကတော့ ညိုနဲ့တူတူပါပဲ။ ဆရာမတွေကျေးဇူးကြီးတယ်နော်။

ညိုလေးနေ said...

ဇွန်
ရေးဖြစ်သွားအောင် တိုက်တွန်းတဲ့အတွက်ရော၊ ရောက်အောင်သွားပြီး ဓါတ်ပုံရိုက်ပေးခဲ့လို့ ယူသုံးနိုင်တဲ့အတွက်ရော ကျေးဇူးပါ ။

Adora
လသာ၂ က ညီအစ်မ ဖြစ်ရုံမက ဘလောဂ့်ဂါညီအစ်မ ပါဖြစ်ရလို့ ဝမ်းသာပါတယ်။ တီချယ်ကြီးက " လက်ရေးမလှတဲ့စာအုပ်ဆိုရင် အတန်းရှေ့က မြောင်းထဲကို ပစ်မယ် " တဲ့လား :) အခုတော့ တီချယ့်တပည့်က လက်ရေးလှရုံတင် မကဘူး စာလှလှတွေပါ ရေးနေပြီဟုတ် ? တီချယ်ကြီးကတော့ ဆုံးသွားရှာပြီ။ တီချယ်ဒေါ်မြင့်မြင့်သွယ်ရောပဲ။

Adora လည်း အမှတ်တရ စာတစ်ပုဒ်လောက် ရေးပေးပါဦး။

Ma Tint said...

လသာ-၂ ဆိုလို့ အထက်တန်းပြ ဆရာမ ဒေါ်နီနီသော်ဆိုတာ သိလားဟင် ? တီတင့်ရဲ့ အဒေါ်အလတ်ပါ။ ညိုလေးတို့ကငယ်တော့ မှီချင်မှမှီမယ်။

ညိုလေးနေ said...

မှတ်မိတဲ့ ဆရာမနာမည်တွေထဲမှာတော့ မပါဘူးတီတင့်။ တီတင့် ပြောသလိုမမှီလိုက်တာဖြစ်မယ်ထင်တယ်။

Post a Comment