Sunday, July 26, 2015

ဒီတစ်နေ့တော့ ...

ဒီမနက် ..... အပြင်မှာမှောင်နေသေးပေမယ့် ကျွန်မအစောကြီးနိုးနေခဲ့တယ်။ နှိုးစက်နာရီ သုံးလေ့မရှိလောက်အောင်ကို စောစောနိုးတတ်တဲ့သူက ဒီနေ့မှာတော့ ပိုလို့ကိုစောကာ နိုးနေတာ။ မမြင်နိုင်တဲ့ မသိစိတ်ရဲ့ ဆန်းကြယ်တဲ့ တွန်းအားတစ်ခုကြောင့်ပေါ့။

နံနက်ခင်း ဘုရားဝတ်ပြုချိန်မှာ လုပ်မြဲအတိုင်း ပန်း၊ ရေချမ်း၊ သစ်သီး ကပ်လှူပေးမယ်၊ ဆုတွေတသီကြီး တောင်းပေးနေမယ်ဆိုတာ အနားမှာ ရှိမနေပေမယ့် မောင်သိနေမှာပါ။ မေတ္တာပို့ခြင်း ဆိုတာကတော့ တစ်နေ့မပြတ်ပြုနေကြမို့ မောင့် နှလုံးသားက မေတ္တာတရားတွေနဲ့အတူ အေးချမ်းနေမယ်ဆိုတာ ကျွန်မ ယုံကြည်ထားတယ်လေ။

မေတ္တာ ......
တကယ်ပါ .....
ကျွန်မတို့နှစ်ယောက် ဝေးကွာသွားရခြင်းမှာ အမုန်းတွေမပါ၊ အာဃာတ တွေမပါခဲ့ဘူးနော်။ မောင့်ကို ဘယ်တုန်းကမှ မေတ္တာမပျက်ခဲ့သလို မောင့်ရဲ့မေတ္တာတွေလည်း ကျွန်မရရှိခဲ့၊ ရရှိနေမြဲလို့ ခံစားနေရဆဲပါပဲ။



စောစောနိုးတဲ့အကျိုးနဲ့ ရုံးမသွားခင်အချိန်လေးမှာ နံနက်ခင်းနေရောင်ခြည်အောက်က စံပါယ်ပင်လေးနား နေခွင့်လည်း ပိုရခဲ့တယ်။ ဂန္ဓမာခင်းကြီး စိုက်ချင်ခဲ့တဲ့ကျွန်မကို အခြေအနေအရပ်ရပ်ကြောင့် အခွင့်မသာချိန်မှာ စံပါယ်ပင်လေးတစ်ပင်နဲ့ နှစ်သိမ့်စေခဲ့တာလည်း မောင်ပါပဲ။

အေးချမ်းနေတဲ့စိတ်ကြောင့် စနေနေ့ပေမယ့် ဒီနေ့ အလုပ်လုပ်ရတာ ကြည်လင်တက်ကြွလို့။ ညနေ အလုပ်ဆင်းချိန် အိမ်အပြန်လမ်းမှာတော့ လမင်းက ကောင်းကင်ပေါ်မှာ ကိုယ်ရောင်ဖျောက်ပြီး တိတ်တိတ်လေးရောက်နေခဲ့ပြီ။ ညနေစောင်းကတည်းက လ ကိုမြင်နေရပေမယ့် ညခုနှစ်နာရီလောက်အထိ မမှောင်တတ်တဲ့ ကျွန်မနေတဲ့ ကျွန်းလေးဆီကို နေအစောကြီးဝင်တတ်ရာ မောင်နေထိုင်ရာဆီက ဖုန်းလှမ်းဆက်တတ်တဲ့ အချိန်တွေကို သတိရမိနေတတ်သေးတာတော့ ကျွန်မဇွတ်မငြင်းချင်ပါဘူးမောင်။

ဒီလိုနဲ့ အိမ်ပြန်ရောက်တော့ သီချင်းလေးတစ်ပုဒ် ဖွင့်မိသွားသေးတယ်။ လေးဖြူရဲ့ " ငါ့ရဲ့လမင်း " ။ မှတ်မိတယ် မဟုတ်လား။ အဲ့ဒီ့သီချင်းခွေထွက်ခါစက မြန်မာပြည်ရဲ့ အဝေးမှာရောက်နေတဲ့ ကျွန်မကို နောက်ထပ် အဝေးတစ်နေရာကနေ ဒီသီချင်းလေး မောင်ပို့ပေးခဲ့တာ။ သီချင်းလေးကို ကျွန်မသိပ်ကြိုက်တယ်။ နားထောင်မိတိုင်းလည်း ပြုံးမိတယ်။ " နင်ဟာလမ်းပြကြယ်၊ နင်ဟာ ငါ့ရဲ့ နတ်သမီး " တဲ့။ တကယ်တမ်းတော့ သီချင်းစာသားတွေနဲ့ ဆန့်ကျင်စွာ မောင်က စိတ်ဓါတ်အလွန်ခိုင်မာတဲ့သူ။ ဘဝကို အရှုံးပေးဖို့ နေနေသာသာ ဘယ်လောက် အခက်အခဲတွေ တွေ့တွေ့ ညည်းညူတဲ့ စကားတစ်ခွန်း မပြောတတ်တဲ့သူ။ မိန်းကလေးပီပီ ပျော့နွဲချင်တတ်တဲ့ ကျွန်မကိုသာ အမြဲတမ်း အားပေးခဲ့တဲ့သူ။ ကျွန်မရဲ့ စိတ်ပျက်အားငယ် တတ်တဲ့အကျင့်ကို အပြီးတိုင် ဖျောက်ဖျက်ပေးခဲ့သူ။ မောင်က ကျွန်မ ဆိုညည်းဖို့ အတွက်များ ပို့လိုက်လေသလားလို့ တွေးပြီး အမြဲပြုံးမိတာ။ ဒါပေမယ့် မောင့်ကို ကျွန်မက လ တစ်စင်းလို့တော့ မဆိုညွှန်းလိုဘူး။ မောင့်ရဲ့ မေတ္တာတရားက လရောင်လို အေးချမ်းပေမယ့် မောင်က ကိုယ်ပိုင်အလင်းမရှိသူမှ မဟုတ်တာနော်။

အိုးးး ..... " နော် " ဆိုတဲ့ စကားလုံးလေးကို ကျွန်မ သုံးလိုက်မိတာပဲ။ စကားပြောရင် " နော် " ဆိုပြီးထည့်ပြောတတ်တဲ့ ကျွန်မက " naw is only for me naw " လို့ ပြောခဲ့တဲ့မောင်နဲ့ မဆုံဖြစ်တော့တဲ့ နောက်ပိုင်း ဒီစကားလုံးလေးကို စွန့်လွှတ်ထားခဲ့တာကြာပြီပေါ့။ အခုချိန်မှာ ဒီစကားလုံးလေးအတွက် မောင် ကန့်သတ်တော့မှာ မဟုတ်ဘူးဆိုတာ သေချာပေမယ့် ကျွန်မ ဘယ်တော့မှ အသုံးမပြုတော့တာကို မောင် သိမယ်မထင်ပါဘူး။ 

ညဘက် ဆီမီးပူဇော် အပြီး တိုက်အောက်ကိုဆင်းခဲ့မိတယ်။ ပုရိတ်ပင်တန်းတွေကြား လမ်းလျှောက်ရင်း၊ လမင်းကြီးကို မျှော်ကြည့်ရင်းပေါ့။ ဒီနေ့တစ်နေ့တော့ မောင့်ကိုသတိရမိခြင်းတွေကို ဟန်ဆောင် တားဆီး မထားချင်တော့ပါဘူး။ မောင်ကရော ... ။ ကျွန်မမွေးနေ့ရောက်တိုင်း၊ နှစ်သစ်ကူးညတွေ ရောက်တိုင်း အချိန်ပြည့်မဟုတ်တောင် ခဏလေးတော့ ကျွန်မကို သတိရမိမှာ မဟုတ်လားလို့ မေးရင် ဝန်မခံချင်တဲ့မျက်နှာပေးနဲ့ ဘာမှပြန်မပြောဘဲ ပြုံးနေဦးမှာ မဟုတ်လား။

ဒီတစ်နေ့တာ အတွက် မအိပ်စက်ခင်လေးမှာ လမင်းကြီးကတဆင့် ကျွန်မ စကားတစ်ချို့ လှမ်းပြောလိုက်မိတယ်
" ကျေးဇူးတင်ပါတယ်မောင်၊ ပူလောင်တဲ့ ချစ်ခြင်းဆိုတာကို လွန်မြောက်လို့ အေးမြတဲ့မေတ္တာ ဆိုတာကို ပေးခဲ့တဲ့အတွက်ရော၊ ထားတတ်အောင် သင်ပေးခဲ့တဲ့ အတွက်ပါ ... ။ စိတ်အေးချမ်းသာယာတဲ့ မွေးနေ့ရက်မြတ် ဖြစ်ပါစေ "

ကြားနိုင်သည်ဖြစ်စေ၊ မကြားနိုင်သည်ဖြစ်စေပေါ့။
မောင့်ဆီက တုံ့ပြန်မှုတွေကို မမျှော်လင့်တတ်တော့အောင် ဥပေက္ခာစိတ်နဲ့ တိတ်တိတ်လေး နေတတ်ခဲ့ပြီပဲ။       ။


ညိုလေးနေ
26.07.2015 ( 10:58 PM )

2 comments:

Ma Tint said...

ညိုလေးနဲ့အတူ မွေးနေ့လေးကို လွမ်းမောဖွယ်ဖြတ်ကျော်သွားခဲ့ပြီ ....

ရင်ငြိမ်းသူ (Yin Nyein Thu) said...

လွမ်းးးးးး .....

Post a Comment