Sunday, May 26, 2013

ပညတ်တွေ ဆိုပေမယ့်

“ မင်္ဂလာ နံနက်ခင်းပါ မြို ၊ မင်း ရဲ့ စားပွဲနေရာကို လိုက်ပြပေးမယ်၊ ပြီးတော့ အပေါ်ထပ် အောက်ထပ် လုပ်ဖော်ကိုင်ဖက်တွေနဲ့ မိတ်ဆက်ပေးမယ် ”  

ပြုံးရွှင်ဖော်ရွေသော ဝန်ထမ်းခန့်ထားရေး တာဝန်ခံအမျိုးသမီးကြီးကြောင့် ပထမဆုံးနေ့ အလုပ်ဝင်ရခြင်းမှာ စိတ်လှုပ်ရှားပူပန်မှုတွေ သိပ်မဖြစ်တော့ပေမယ့် မြို ဟူသော ခေါ်လိုက်သံကြောင့် လည်ပင်းမှာ တစ်ခုခုနင်သွားသလို ခံစားရသည်။
“ ဟိုင်း ပက်ထရစ်၊ ဒါ တို့ရဲ့လုပ်ဖော်ကိုင်ဖက်အသစ် စာရင်းကိုင်ဌာနက  မြို တဲ့ ”
“ နွေးထွေးစွာ ကြိုဆိုပါတယ် မြို ” 
“ တွေ့ရတာ ဝမ်းသာပါတယ်။ ဒါပေမယ့် ကျွန်မနာမည် အသံထွက် အမှန်က မျိုး  ပါ၊ အမ် ဝိုင် အို … မျိုး ” 
ဘယ်လိုမှ မအောင့်နိုင်တော့တဲ့အဆုံး မျိုး နာမည်အသံထွက်ကို မှန်အောင်ပြင်ပေးမိသည်။ ပက်ထရစ်က ချက်ချင်းမှန်အောင် ခေါ်ဆိုနိုင်ပေမယ့် အန်တီကြီးကတော့ မြို လို့ကောင်းဆဲ။ ခက်တာပဲ။ သူ့ကိုပြင်စေချင်တာ။ သူကမိတ်ဆက်ပေးမှာဆိုတော့ သူလုပ်တာနဲ့ တစ်ရုံးလုံး မြို ကုန်ရင် အခက်။
“ တို့ရုံးမှာ မင်းက ဒုတိယမြောက် မြန်မာလူမျိုးပဲ၊ မင်းအရှေ့မှာ ယောင်္ကျားလေးတစ်ယောက်ပဲ ခန့်ဖူးသေးတယ်၊ လင်း တဲ့။ သိပ်အေးဆေးပြီး နူးညံ့သိမ်မွေ့တယ်၊ တို့တွေ သိပ်သဘောကျတယ် ”
အန်တီကြီးက တစ်ခန်းဝင် တစ်ခန်းထွက် မိတ်ဆက်ပေးနေရင်းက ပြောပြသည်။ သို့သော် သူပြောသော လင်း ကို မတွေ့ရလို့ မေးကြည့်တော့ လင်းက ဆောက်လုပ်ရေး လုပ်ငန်းခွင်ထဲရောက်နေသည် တဲ့။ လင်း ရဲ့ နေရာကို မေးထားလိုက်ပြီး နောက်မှ မျိုး ကိုယ်တိုင်သွားပြီး မိတ်ဆက်လိုက်ပါ့မယ် ဟု ပြောလိုက်သည်။ လင်း ကိုလည်း စိတ်ထဲမှ ကျေးဇူးတင်မိသည်။ မြန်မာလူမျိုးအဖြစ် အရင်ဆုံးရောက်လာခဲ့ပြီး စံထားနိုင်အောင် ပြုမူနေထိုင်ပေးခဲ့လို့ ဖြစ်သည်။ လင်း ကိုတွေ့ရတော့ မျိုး ထင်ထားတာထက်ပင် အေးဆေးလှသည်။ စကားလည်း လိုအပ်တာထက် ပိုမပြောတတ်။
မျိုး ရောက်ပြီး ခြောက်လလောက် အကြာမှာတော့ မြန်မာဝန်ထမ်းများလာခဲ့ပြီ။ စာရင်းကိုင်ဌာနမှာပင် မြန်မာမလေးခန့်လိုက်လို့ မျိုး အဖော်ရနေပြီ။ ခင်သန္တာ တဲ့။ မျိုးက ခင်သန္တာလို့ခေါ်ပေမယ့် တခြားသူတွေက ခင် လို့ပဲ ခေါ်ကြသည်။ ခင်သန္တာသည် သူတို့အတွက်တော့ ခေါ်ရခက်ကာ ခင်တာတာတို့ ခင်တန်ဒါ တို့ ဖြစ်ကုန်တော့သည်။ ခင် ကိုတောင်မှ တစ်ခါတစ်လေ ကင်မ် ဖြစ်ချင်သေးသည်။
မျိုး တို့ မြန်မာတစ်စုတွေ့လိုက်ရင် စလိုက်နောက်လိုက်နဲ့ မြန်မာသံတွေ ညံနေတတ်ပေမယ့် လင်း ကတော့ အရင်အတိုင်း မေးတစ်ခွန်း ဖြေတစ်ခွန်း နဲ့ ပြုံးပြုံးအေးအေးလေးပဲ။ တစ်နေ့ မျိုးတို့ရှိရာ အပေါ်ထပ်သို့ လင်း ရောက်လာသည်။ မျိုးတို့ဆီသို့ လာခြင်းတော့ မဟုတ်။ စာရင်းကိုင်ဌာနကို ဖြတ်လို့ ဝန်ထမ်းရေးရာ အခန်းသို့ သွားခြင်းသာ။ ခဏနေပြန်ထွက်လာပြီး ခင်သန္တာ့ ရှေ့နားအရောက်မှာ လင်းသည် ပြုံးစိစိဖြစ်သွားသည်။ အဲဒါကို သတိထားမိလို့ နှစ်ယောက်သားမေးတော့ လင်း က ဟင့်အင်း ဘာမှမဟုတ်ပါဘူး ဟုဆိုသည်။ သို့သော် အောက်ထပ်သို့ ပြန်ဆင်းသွားသော သူ့မျက်နှာက ရယ်ချင်တာကို မနည်းအောင့်ထားရတဲ့ မျက်နှာမျိုး။ မျိုးတို့နှစ်ယောက် ပဟေဠိဖြစ်ကာ ကျန်ခဲ့ကြသည်။
လင်း ထွက်သွားပြီး သိပ်မကြာလိုက် ဝန်ထမ်းရေးရာ အခန်းမှ အန်တီကြီး ထွက်လာသည်။ သန့်စင်ခန်းသို့ သွားရန်ထွက်လာခြင်း ဖြစ်ပြီး ခင်သန္တာ့ကို မြင်တော့ အရယ်သန်သော အန်တီကြီးသည် တခစ်ခစ် ရယ်ပါလေတော့သည်။ မျိုးတို့ ဝိုင်းမေးကြတော့ သူက အေး ငါလည်း ပြောချင်လို့ထွက်လာတာတဲ့။
လင်း က အိမ်ပြောင်းလို့ လိပ်စာပြောင်းကြောင်း လာပြောတာ။
“ လင်း မင်း သိလား သူဌေးမှာ ဝန်းထမ်းတွေနေဖို့ ပေးထားတဲ့တိုက်ခန်းတစ်ခန်း ရှိတာ ” 
“ ဟင့်အင်း ”
“ အခု တစ်ယောက်ထွက်သွားလို့ တစ်ယောက်စာနေရာလွတ်နေတယ်၊ မင်းနေမလား ငါ သူဌေးကို ပြောပေးမယ် ”
“ ဟင့်အင်း ကျွန်တော် အခန်းငှားပြီးသွားပြီ ”
“ အော် မြို တို့လိုပဲ အခန်းငှားနေတာပေါ့ ”
“ ဟုတ်ကဲ့၊ အခု ကျွန်တော်သူတို့ဆီကို ပြောင်းတာလေ ”
“ ဟင် ဟုတ်လား၊ အဲဒါဆို ခင် ကရော ”
“ ခင်နဲ့လည်း တူတူပဲ၊ ခင်က ကျွန်တော်နဲ့ တစ်ခန်းတည်းနေတာ ”
လင်း စကားသည် အန်တီကြီးအား အကြီးအကျယ် အံ့အားသင့်စေတော့သည်။
“ လင်း  မင်းပြောတော့ မင်းက အိမ်ထောင်ရှိတယ်ဆို ”
“ ဟုတ်တယ်လေ ”
“ အိမ်ထောင်ရှိရက်နဲ့ မင်းတို့က ဒီလိုပဲ နေကြတာပဲလား ”
မျက်လုံးပြူးကာ မေးနေသော အန်တီကြီးရဲ့ မေးခွန်းကို လင်း နားမလည်တော့။ သူ အိမ်ထောင်ရှိတာနဲ့ အဲဒီ့အိမ်မှာ အတူနေကြတာ ဘာဆိုင်လို့တုန်း။ ဘယ်လိုမှ စဉ်းစားမရ။
အေးတိအေးစက် လင်းကို မျက်လုံးအပြူးသားနှင့် တအံ့တသြငေးနေသော အန်တီကြီးသည် ခဏလေးနေတော့ တဖြည်းဖြည်းပြုံးလာကာ
“ လင်း မင်းပြောတဲ့ ခင် က ဘယ် ခင် တုန်း ”
“ ခင် လေ ၊ ကားမောင်းတဲ့ ခင် ”
“ အော် ဟိဟိ ခင်မြောင် ”
“ ခင်မြိုင် ”  လင်းက ပြင်ပေးသည်။
“ ဟိ … ငါက စာရင်းကိုင် ခင် ကို ပြောတာ၊ နေပါဦး  မြို နဲ့ လည်း တစ်အိမ်တည်းဆို ”
“ ဟုတ်ကဲ့ ကိုညိုနိုင် နဲ့လည်း တစ်အိမ်တည်းပါ ”
“ နိုး နိုး ငါမေးတာ မြို  … အဲ … ညိုနွိုင် … ညို … မြို … ဟုတ်တာပေါ့ ခင်တို့ ညိုတို့ နဲ့ တစ်ခန်းတည်း နေမှာပေါ့ ... အဟိဟိ ” 
လင်း သည်လည်း သဘောပေါက်ကာ မရယ်ဘဲ မနေနိုင်တော့။
ပြောရင်းပြောရင်း သူ့စကားသူသဘောကျကာ တဟိဟိရယ်နေသော အန်တီကြီးကို ကြည့်ကာ မျိုးတို့လည်း လိုက်ရယ် မိတော့သည်။ သူ့အခန်းသို့ ပြန်သွားကာနီးမှာ ထပ်ပြောသွားသေးသည်။
“ နင်တို့ တူတူနေကြတာလို့ ငါမှတ်ထားလိုက်တော့မယ်နော် ” တဲ့။
“ သြော် ဘဝဘဝ အမှားခံရတာတောင်မှ လူပျိုလူလွတ်ကလေးနဲ့ မမှား၊ ကင်မ်တန်ဒါ့ ဘဝ သနားစရာကောင်းလိုက် ”
ခင့် ရဲ့ နောက်ဆက်တွဲ ညည်းချင်းကြောင့် မျိုးမှာ ပိုလို့သာ ရယ်ရတော့သည်။
ထိုသို့လူတွေမှားကြပြီး သိပ်မကြာ နောက်တစ်မျိုးပေါ်လာကာ မျိုးတို့ကြားမှာ စနောက်စရာ တစ်ခုတိုးခဲ့သည်။ ဒီတစ်ခါတော့ အောက်ထပ်က မနှင်းဆီ နဲ့ဖြစ်သည်။ ရို့စ် ဆိုသော သူမကို မျိုးတို့ က မနှင်းဆီ ဟု နာမည်ပေးထားကြသည်။ သူမကတော့ အန်တီကြီးလိုမဟုတ်၊ နာမည်တွေကို ပီအောင်ခေါ်နိုင်သည်။ သို့သော်
“ မျိုး နင့်မှာ စွာလင်း ဖုန်းနံပါတ်ရှိလား ”
“ အမ် … စွာလင်း၊ ငါ မသိဘူး၊ မရှိဘူး ”  ဒီနာမည်မျိုး မျိုး မကြားဖူးပါ။ တရုတ် တစ်ယောက်ယောက် ဖြစ်မယ်ထင်သည်။
“ စွာလင်းလေဟာ နင်တို့ မြန်မာပဲလေ ”
“ မြန်မာ … အဲဒီ့နာမည် ငါမကြားဖူးပါဘူး ”
“ စွာလင်း၊ စွာလင်း ဆိုင်ကယ်စီးပြီးရုံးလာတဲ့တစ်ယောက်လေ၊ ဒီနေ့ ခွင့်ယူထားတာ ငါ့မှာ အရေးကြီးကိစ္စရှိလို့ သူ့ကို ဖုန်းဆက်မှဖြစ်မှာမို့လို့ ”
မြန်မာထဲက ဆိုင်ကယ်စီးပြီးရုံးလာတာ တစ်ယောက်တည်းရှိတော့ မျိုးမှာ အူတက်မတတ်ရယ်ကာ ဖုန်းနံပါတ်ပေးလိုက်ရသည်။ နောက်နေ့ “ ကိုကျော်စွာလင်း ” ကိုမေးတော့မှ
“ အေးဟာ ငါ့နာမည် ကျော်ကို ဘယ်လိုမှ မခေါ်တတ်ကြဘူး၊ အဲဒါနဲ့ သူတို့ခေါ်ရလွယ်အောင် လင်း လို့ခေါ်ဆိုတော့ လင်း နှစ်ယောက် ဖြစ်သွားမယ်တဲ့၊ နောက်တော့ မေးတယ် နင်တို့နာမည်က ရှေ့ကပဲခေါ်လို့ရတာလား နောက်နှစ်လုံးတွဲရင်ကောတဲ့၊ ထူးဆန်းတယ်ဟ၊ ကျော်တော့ မခေါ်တတ်ဘူး စွာတော့ ခေါ်လို့ရပြီး စွာလင်း တဲ့၊ ငါလည်း ငါမှန်းကွဲကွဲပြားပြားသိ ပိုကောင်းသေးဆိုပြီး ခေါ်ဟာလို့ ပြောလိုက်တာ ”
မြို တစ်ဖြစ်လဲ မျိုးသည် ထပ်ကာထပ်ကာသာ ရယ်မိတော့သည်။ ရယ်ရင်းနဲ့လည်း တွေးမိသည်။ မျိုးတို့ အားလုံးသည် နိုင်ငံမတူ၊ လူမျိုးမတူ၊ မှည့်ခေါ်ပုံမတူ၊ အသံထွက်ချင်းမတူသော လုပ်ဖော်ကိုင်ဖက်များ၏ နာမည်များကို အမှန်ကန်ဆုံးဖြစ်အောင် ကြိုးစားခေါ်ကြသည်။ တစ်ချို့ကတော့ ပက်ထရစ်တို့ လိုပဲ အင်္ဂလိပ်နာမည် ပေးထားကြသည်။ ဒါပေမယ့် မျိုးတို့ တစ်တွေကတော့ ခုချိန်ထိ မြန်မာနာမည်လေးများကို ဖက်တွယ်ထားကြဆဲ။ ရယ်ကာမောကာနှင့် ကိုယ့်နာမည်လေးတွေ ကိုယ်ထိန်းသိမ်းထားကြသည်။ ရို့စ် ကိုပင် မြန်မာမှုပြုကာ မနှင်းဆီ ဟု နာမည်ပေးလိုက်ကြသေးသည်။ ကဲ … ဘယ်လောက်ချစ်စရာကောင်းတဲ့ မြန်မာမောင်နှမများပါလဲ လို့။   


ရုံးမှ ချစ်သော မောင်နှမများအတွက် အမှတ်တရ  :)
ညိုလေးနေ
( 26.05.2013)  1:45 am

Wednesday, April 17, 2013

Truth & Trust ရဲ့ဆုတောင်း

ဒီနေ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့။ Truth & Trust ရဲ့ ၂ နှစ်ပြည့်မွေးနေ့ ။

ဘလော့ဂ်လေးဖန်တီးခဲ့တဲ့ နှစ်ပတ်လည်ရောက်တိုင်း စာလေးတစ်ပုဒ်ရေးမယ်လို့ ရည်ရွယ်ထားခဲ့တယ်။ ဒါပေမယ့် မတ်လဆန်းကတည်းက စလိုက်တဲ့ အောဒစ်ရယ်၊ အမေ ခဏရောက်နေတာရယ်၊ ခရီးတစ်ခု သွားချင်လို့ web site တွေလိုက်ကြည့် နေတာရယ်ကြောင့် ရေးလက်စ စာလေးတွေတောင် အဆုံးမသတ်နိုင်ခဲ့ဘူး။ စာမရေးနိုင်ပေမယ့် မြန်မာနှစ်သစ်အတွက် ဆုတောင်းလေးတော့ မပျက်ကွက်ချင်ဘူး။

            " အားလုံးအတွက် မင်္ဂလာရှိပြီး အေးချမ်းသာယာတဲ့ မြန်မာ့နှစ်သစ်ဖြစ်ပါစေ "


ညိုလေးနေ

Tuesday, February 26, 2013

စာရင်းကိုင်မမများတေးသံ



သူများမယ်မှာ
ဤလအရောက်ဝယ်
ပိတ်ရက်များပြီး
လစာနီးလို့ ပျော်ရတယ်။
နှမလေး မောင်တို့မယ်မှာ
စာရင်းကိုင်မို့ကွယ်
တက်သုတ်ခရီး
လချုပ်ပြီးဖို့ မောရတယ်။
ဖေဖော်ဝါရီလရယ်
တိုလှတယ်လေး။ 




ခေါင်းစဉ် --- စာရင်းကိုင်မမများတေးသံ
အမျိုးအစား --- မည်သည့်အမျိုးအစားပင်ဖြစ်စေကာမူ “ ညည်းချင်း ” ဟုသတ်မှတ်သည်။
ခေတ် --- သက္ကရာဇ်နှစ်ထောင်တစ်ဆယ်စွန်း
ရေးသူ --- အမည်သိခေတ်စာဆို “မယ်ညို”



Monday, February 11, 2013

ပုံပြင်ဝေးတဲ့ ကလေးတွေ

ကလေးတိုင်း ကလေးတိုင်းဟာ ပုံပြင်လေးတွေကို နှစ်သက်တတ်ကြတယ်။ အဘိုးအဘွား၊ အဖေအမေ တို့ရဲ့  အိပ်ယာဝင်ပုံပြင်တွေကို နားထောင်ခွင့် မရရှာတဲ့ကလေးတွေတောင်မှ ဆရာ၊ဆရာမတွေ ပြောတဲ့ပုံပြင်တွေ၊ ဦးလေး၊ ဒေါ်ကြီးတွေပြောတဲ့ပုံပြင်တွေ၊ ကလေးအချင်းချင်း တဆင့်ပြန်ပြောတဲ့ ဒါမှမဟုတ် လုပ်ကြံတီထွင်ပြောတဲ့ ပုံပြင်လေးတွေကို နှစ်သက်တတ်ကြတာပါပဲ။ ကျွန်မကတော့ ကံကောင်းတဲ့ကလေး ဖြစ်ခဲ့တယ်လို့ ပြောရမယ်။ အဘိုးတို့ အဘွားတို့ပြောတဲ့ ပုံပြင်တွေကို နားထောင်ခွင့်ရခဲ့သလို၊ ကြီးဒေါ်တွေပြောတဲ့ ပုံပြင်တွေကိုလည်း နားထောင်ခဲ့ရတယ်။ ကျွန်မတို့ငယ်ငယ်က မီးမလာတဲ့ညတွေမှာ ကြီးကြီးက အိမ်ရှေ့ ဝရန်တာမှာ ဖျာခင်း၊ ရေနွေးကြမ်းတစ်အိုးချလို့ ပုံတွေပြောပြတတ်တယ်။ ကျွန်မက အငယ်ဆုံးသမီးဆိုတော့ ကျွန်မအထက်က အမတွေပြောပြတဲ့ ပုံပြင်တွေလည်း နားထောင်ခဲ့ရတာပေါ့။ ပုံပြင်လေးတွေက ပြောပြတဲ့သူရဲ့ စိတ်အားသန်ရာအလိုက် အမျိုးမျိုးကွဲပြားကြသလို၊ ပြောပြပုံချင်းလည်း မတူကြဘူး။

အဘွားက “ ကြွက်သေတစ်ခု အရင်းပြု၍ ” လို ငါးရာ့ငါးဆယ်ဇာတ်နိပါတ်တော်တွေကို ပြောပြတတ်တယ်။ ကြီးကြီးကတော့ ရိုးရာတွေ၊ နတ်တွေ ယုံကြည် ဝါသနာပါသူမို့ ကိုဗျတ္တတို့၊ မယ်ဝဏ္ဏ တို့အကြောင်းတွေ ပြောတတ်တာပေါ့။ အမေက ကျွန်မတို့ အငယ်နှစ်ယောက်ကို ထိန်းထားဖို့ တာဝန်ပေးလိုက်ရင်တော့ အမလတ်က ပုံပြောပြတတ်တယ်။ အမလတ်ပုံပြောတာက တမူထူးတယ်။ ဗလာစာရွက်တွေနဲ့ ခဲတံယူလာ၊ ပုံတွေပါဆွဲပြီး ပြောတော့တာ။ သူပြောတဲ့ပုံတွေက ဇာတ်နိပါတ်တွေ ရာဇဝင်တွေ မဟုတ်ဘဲ သူ့ဟာသူထွင်ထားတဲ့ ခေတ်မီပုံပြင်တွေ။ ရွှေမင်းသမီးလေးပါတယ်၊ တောထဲက ထူးထူးဆန်းဆန်းပန်းပွင့်ကြီးပါတယ်၊ မြင်းစီးတာတွေ၊ ရေကူးတာတွေ ပါတတ်တယ်။ သူ့ပုံပြင်ထဲက ရွာမှာ သင်္ချိုင်းကုန်းပုံပါရင် ကျွန်မကအဲဒီ့ ပုံပြင်စာရွက်ကို မထိတော့ဘူး။

ကျွန်မရဲ့အိပ်ရာဝင်ပုံပြင်တွေကတော့ အမေ့ဆီကအများဆုံး နားထောင်ရတာပါ။ အမေက ဇာတ်တော်တွေကို ပြောပြတတ်သလို အမေတို့ ငယ်ငယ်တုန်းက အကြောင်းတွေလည်း ပြောပြတတ်တယ်။ ကျွန်မက အမေပြောတဲ့ ဇာတ်တော်တွေထက် စီကာပတ်ကုံး ပြောပြတတ်တဲ့ အမေ့အကြောင်းတွေကိုနားထောင်ရတာ ပိုနှစ်သက်တတ်တယ်။ အမေပြောပြခဲ့တဲ့ ပုံပြင်များစွာ၊ အကြောင်းအရာများစွာထဲက အခုတလောမှာတော့ အမေတို့ငယ်ငယ်က သေနတ်သံတွေကြား ကြောက်လန့်တကြား ပုန်းအောင်းခဲ့ရတဲ့ အကြောင်းကိုပဲ တွေးတွေးနေမိတယ်။ အဲဒီ့အချိန်က ကရင်တွေနဲ့ အစိုးရတပ်တွေ တိုက်နေကြတဲ့အချိန်တဲ့။

အမေ့ဇာတိက နယ်မြို့လေးတစ်မြို့။ ကရင်တွေနဲ့ အစိုးရတပ်တွေ တိုက်ကြတော့ တစ်ရပ်ကွက်လုံးအားထားရာ ဘုန်းကြီးကျောင်းထဲ ပြေးပုန်းကြရတယ်။ ဘုန်းကြီးကျောင်းက ရှေးကျောင်းအဆောက်အဦးမို့ သုံးထပ်ကျောင်းရဲ့  အောက်ဆုံးမှာ မြေအောက်ထပ်ရှိသေးတယ်။ ကိုရင်တွေကျိန်းတဲ့ နေရာပေါ့။ ကျောင်းရဲ့  တဘက်ဝင်ပေါက်ရှေ့က အဘိုးရဲ့ အိမ်ဖြစ်ပြီး တခြားဝင်ပေါက်ဘက်မှာ လမ်းခြားပြီးတော့ ကုန်တိုက်ရှိတယ်။ ပုန်းရတဲ့ ကျောင်းတိုက်အဆောက်အဦကတော့ အဘိုးရဲ့အိမ်ရှေ့တည့်တည့်မှာ မဟုတ်ပါဘူး။ ညာဘက်ယွန်းယွန်းမှာပါ။ ကျောင်းတိုက်ထဲကို ပြေးပုန်းရာမှာ သေနတ်တွေပစ်နေလို့ ကျောင်းဝင်း ဝင်ပေါက်က ဝင်လို့မရပါဘဲ ကျောင်းတိုက်ရဲ့ အနောက်တည့်တည့်လောက်က အုတ်တံတိုင်းကို ခုံကျော်ဝင်ရသတဲ့။ မှတ်မှတ်ရရ အဲဒီ့နေ့က အဘွားက အိမ်မှာ ပဲထမင်းချက်တယ်။ အမေတို့က မောင်နှမများတဲ့မိသားစုကြီးဖြစ်တဲ့အပြင် အဘွားရဲ့ဆန်ဆိုင်က အလုပ်သမားတချို့ကိုလည်း ကျွေးတာမို့ ပဲထမင်းကလည်း အိုးကြီးနဲ့တစ်အိုးပေါ့။ ဘုန်းကြီးကျောင်းထဲမှာ ဝင်ပုန်းနေကြရတာ သေနတ်သံတွေကလည်း တော်တော်နဲ့မစဲ။ သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေလည်း ဆာလောင်နေကြပြီဆိုတော့ အဘိုးတို့တွေမှာ အနီးဆုံးအိမ်တွေက ထမင်းဟင်းတွေကို သက်စွန့်ဆံဖျား ပြန်ယူကြရတယ်။
အဘိုးတို့ ဘယ်လိုသယ်လာကြလဲဟင်လို့ သိချင်ဇောနဲ့ မေးမိတော့ “ ကြောက်လန့်နေတာနဲ့ မသိလိုက်ပါဘူး သမီးရယ်၊ အမေတို့က မြေတိုက်ခန်းထဲမှာပဲ ပုန်းကျန်နေခဲ့ကြတာလေ ” တဲ့။ မြေတိုက်ထဲမှာ ဆာလို့ငိုတဲ့ကလေး၊ ကြောက်လို့ငိုတဲ့သူ၊ တက်တဲ့သူတွေနဲ့ စုံနေတာပါပဲလို့လည်း အမေက ဆက်ပြောသေးတယ်။ ကျွန်မမျက်စိထဲမှာတော့ ထမင်းဟင်းအိုးတွေသယ်လာပြီး လူတရပ်ကျော်မြင့်တဲ့ အုတ်တံတိုင်းပေါ်ကျော်တက်၊ ခုန်ဆင်းရတဲ့ အဘိုးတို့ရဲ့ စွန်းစားခန်းကို မြင်ယောင်မိတယ်။ သယ်လာနိုင်တဲ့ထမင်းဟင်းက နဲနဲ၊ ပုန်းအောင်းနေကြတာက တစ်ရပ်ကွက်လုံးနီးပါးဆိုတော့ ဘယ်လိုမှ မလောက်ငနိုင်ပါဘူး။ နောက်ဆုံးမှာတော့ အမေတို့တစ်တွေဟာ သစ်ပင်တွေအုံ့ဆိုင်းနေတဲ့ ဘုန်းကြီးကျောင်းရဲ့ မြေတိုက်ခန်းထဲမှာ ပိန္နဲရွက်ပေါ် ပုံပေးတဲ့ထမင်းလေးနဲ့ပဲ အဆာပြေကြရတယ်။ သေနတ်သံတွေစဲသွားပြီး အခြေအနေနဲနဲကောင်းလာလို့ အိမ်ပြန်လို့ရလာတဲ့အခြေအနေမှာ အသုတ်လိုက်ခွဲပြီး ပြန်ကြရတယ်။ ဒါပေမယ့် ဝင်ပေါက်ကိုတော့သုံးလို့ မရသေးဘဲ အုတ်တံတိုင်းပေါ်ကပဲကျော်ပြီး ခုန်ချရတယ်။ အဲလိုခုန်ချပြီး ပြန်လာကြတဲ့အချိန် အမေ့အမ ကျွန်မတို့ကြီးတော်ရဲ့ အလှည့်မှာ သေနတ်သံတစ်ချက်နဲ့ အတူ အား ကနဲ အသံကို ကြားလိုက်ရတော့ အဘိုးက ဟာ ငါ့သမီး ထိသွားပြီ ဆိုပြီး အုတ်တံတိုင်းရှိရာကို သမီးဇောနဲ့ အပြေးရောက်သွားတယ်။ ဒါပေမယ့် တကယ်မှန်ပြီးဆုံးသွားတာက ကြီးတော်နဲ့ အုတ်တံတိုင်းပေါ်ကို တစ်ချိန်တည်းတက်မိပြီး တပြိုင်တည်းခုန်ချတဲ့ အရပ်ထဲက ဦးလေးကြီးပါ။ နှစ်ယောက်တူတူ ခုန်ချချိန်မှာ ကျဉ်ဆံလာရာဘက်မှာ ဦးလေးကြီးက ရှေ့ကရှိနေလို့ ကြီးတော်မှာ သေဘေးကကပ်လွှတ်သွားခဲ့ရတယ်။ အဲဒီ့တုန်းက ကြီးတော်က အသက် ၁၇ နှစ်လောက်ပဲ ရှိသေးတယ်။ အမေကတော့ ၁၁ နှစ် ၁၂ နှစ် ဝန်းကျင်ပေါ့။

အမေနဲ့ ကျွန်မရဲ့ ပုံပြင်တွေအကြောင်း ရေးမယ်လို့ စိတ်ကူးမိတော့ တခြားပျော်စရာအကြောင်းလေးတွေနဲ့ စ ချင်ခဲ့တယ်။ ဒါပေမယ့် ဖတ်နေရတဲ့သတင်းတွေ၊ မြင်တွေ့နေရတဲ့ပုံတွေက ၁၇ နှစ်အရွယ်မိန်းကလေး သေဘေးကကပ်လွတ်သွားတဲ့ အကြောင်းဆီကို ရောက်ရောက်သွားတယ်။ ပိန္နဲရွက်ပေါ်က ထမင်းလေးကို စားနေတဲ့ ၁၂ အရွယ်မိန်းကလေးကိုလည်း မြင်ယောင်မိတယ်။ အဲဒီ့မိန်းကလေးက သေနတ်သံတွေရဲ့ကြား ရက်ပိုင်းလောက် ထိတ်လန့်ခဲ့ရတာကို မမေ့နိုင်တော့ဘူးတဲ့။

နှစ်နဲ့ချီပြီး ပုန်းအောင်းထိတ်လန့် နေရတဲ့ကလေးတွေကရော။

စာသင်ကျောင်းထဲ ရှိနေရမယ့် ကလေးတွေ …

မုန့်ဈေးတန်းမှာ စားချင်တာစား နေရမယ့် ကလေးတွေ …

ကစားကွင်းထဲ ပြေးလွှားပျော်ရွှင် နေရမယ့် ကလေးတွေ …

အရာရာကို စပ်စပ်စုစု သင်ယူနေရမယ့် ကလေးတွေ …

ဘုရားစာကို သံပြိုင်ရွတ်နေရမယ့် ကလေးတွေ …

အိပ်ရာဝင် ပုံပြင်တွေ နားထောင်နေရမယ့် ကလေးတွေ …

အပူအပင်ကင်းကင်းနဲ့နှစ်ခြိုက်စွာ အိပ်စက်ရမယ့် ကလေးတွေ …

အဲဒီ့ကလေးတွေက ….. ။
 
ဘယ်သူတွေကမှန်ပြီး ဘယ်သူတွေကမှားလို့ ပြည်တွင်းစစ်တွေဖြစ်ခဲ့ကြတယ်၊ ဖြစ်နေကြတယ်ဆိုတာတွေကို မတွေးချင်၊ မရေးချင်၊ မဝေဖန်ချင်ပါဘူး။ သေချာတာကတော့ စစ်ဒဏ်ကြားမှာ ကျွန်မတို့ရဲ့ တချို့တချို့သောကလေးတွေက ပုံပြင်လေးတွေနဲ့ ဝေးနေတာပါပဲ။ သေနတ်သံတွေ၊ ဗုံးသံတွေကို နားစွင့်ပြီး အိပ်မပျော်ဖြစ်နေမယ့် ကျွန်မတို့အားလုံးရဲ့ ကလေးတွေ အိပ်ရာဝင်ပုံပြင်လေးတွေ နားထောင်ပြီး အေးအေးချမ်းချမ်းအိပ်စက်ခွင့်ရစေမယ့်၊ ကျွန်မတို့ တစ်ပြည်ထောင်လုံး စုစည်းသွားမယ့် ညတွေကိုတော့ မျှော်လင့်နေမိတယ်။     
 
 
 
ညိုလေးနေ
11.02.2013 ( 11:30 pm )

Friday, January 25, 2013

ချစ်သော အစ်ကိုသို့

              အဲဒီ့ညနေက အစ်ကို့ ကို စိတ်ကောက်တယ်။ ဘာကြောင့်ကောက်နေမှန်း မမှတ်မိတော့ပေမယ့် စိတ်ကောက်တာကိုတော့ မှတ်မိနေတယ်။ ညရောက်တော့ costing ပုစ္ဆာတွေတွက်ဖို့ စာကြည့်စားပွဲမှာထိုင်၊ စာအုပ်တွေရှေ့ချ၊ ဒါပေမယ့် ဘာမှလုပ်မရ။ ည ၁၁ နာရီကျော်ပြီ၊ အစ်ကို ပြန်မရောက်သေးဘူး။ အိမ်ရှေ့က တံခါးခေါက်သံကို နားစွင့်ရင်း ပုစ္ဆာကိုမတွေးချင်တဲ့ ခေါင်းက ကဗျာတစ်ပုဒ်ကို ရေးမိသွားတယ်။ "ချစ်သော အစ်ကိုသို့" လို့ ခေါင်းစဉ်တပ်လိုက်ပေမယ့် ဒီစာလေးရေးနေချိန်အထိ ပေးမဖတ်ဖူးဘူး။ costing စာအုပ် နောက်ဆုံးစာမျက်နှာက ကဗျာလေးကို ဒီနေ့တော့ ဘလော့ဂ်ပေါ်မှာ ရေးလိုက်မိပြီ။
 

ချစ်သော အစ်ကို သို့

ချစ်သော အစ်ကိုရေ ...
ရွေးချယ်လို့ မရတဲ့အရာတွေထဲမှာ "မောင်နှမ" ဆိုတာလည်း ပါတယ်နော်
ချစ်ချစ် မချစ်ချစ် မောင်နှမဟာ မောင်နှမပဲပေါ့ ...
 
ချစ်သော အစ်ကိုရေ ...
အစားထိုးလို့ မရတဲ့အရာတွေထဲမှာ "အစ်ကို" ဆိုတာလည်း ပါတယ်နော်
ကောင်းကောင်း ဆိုးဆိုး အစ်ကိုဟာ အစ်ကိုပဲပေါ့ ...
 
ချစ်သော အစ်ကိုရေ ...
မေ့ပစ်လို့ မရတဲ့အရာတွေထဲမှာ "ကလေးဘဝ" ဆိုတာလည်း ပါတယ်နော်
နွမ်းနွမ်းဆွေးဆွေး ကလေးဘဝရဲ့ အဖော်မွန်ဟာ အစ်ကိုပဲပေါ့ ...
 
ချစ်သော အစ်ကိုရေ ...
မှန်းဆလို့ မရတဲ့အရာတွေထဲမှာ "အနာဂတ်" ဆိုတာလည်း ပါတယ်နော်
ညီမလေးကို ခွဲသွားသွား မသွားသွား
တစ်သက်တာအတွက် သူရဲကောင်းအဖြစ် ရပ်တည်ပေးဦးပေါ့ ။        ။
 

ညိုလေးနေ
( 07.05.2002 )

Dedicated to my beloved brother's Birthday ( 25.01.2013 )