Sunday, August 31, 2014

၂ဝ၁၄ ဘလော့ဂ်ဒေး

Truth & Trust ကို လာလည်သူများ အားလုံး ၊ ဘလော့ဂ်ဂါ မောင်နှမများအားလုံး Happy Blog Day ပါ ။ တီတင့်ရဲ့ ပိုစ့်လေးကို ရုံးမှာ (ခိုး)ဖတ်ပြီးတဲ့နောက်မှာ ဘလော့ဂ်ဒေးအတွက် အမှတ်တရရေးချင်စိတ်လေး တကယ်ကိုဖြစ်လာပါတယ်။

အရင်နှစ်တွေကလည်း မရေးဖြစ်ခဲ့တာကြောင့်ရော၊ ဘလောဂ့်ရပ်ဝန်း ငြိမ်သက်နေချိန်မှာ ပြန်လည် သက်ဝင်စေချင်တဲ့စိတ်ကြောင့်ရောပါ။ ဒါပေမယ့် အခြေအနေက မပေးပြန်ပါဘူး။ ကွန်ပျူ တာလေးက ဒီလိုဖြစ်နေပြန်ပါတယ်။



သုံးကြိမ်တိတိ format ပြန်ချ ၊ window ပြန်တင်လည်း ဒီလိုပဲဖြစ်နေတော့တာပါပဲ။ အကောင်းဘက်ကတွေးရင်တော့ အသစ်ရခါနီးပြီပေါ့း)

နေ့မကူးခင်တော့ ရသလို၊ ရသလောက်လေးနဲ့ ဘလော့ဂ်ဂါအားလုံးအတွက် မျှချင်တာလေး မရမက တင်လိုက်ပါတယ်။ ဘလော့ဂ်ရေးသူတွေတင် မဟုတ်ပါဘူး ၊ စာဖတ်သူတွေလည်း ဘလော့ဂ်တွေကို သံယောဇဉ်ရှိကြတယ်ဆိုတာလေး အမှတ်မထင် သိလိုက်ရလို့ မောင်နှမများ ဆက်ပြီး ရေးကြပါလို့ ... ။



 ဘလော့ဂ်ရွာမှ မောင်နှမများအားလုံး ရွှင်လန်းချ မ်းမြေ့ကြပါစေ။

  
ညို လေးနေ 
31.08.2014  ( 09:58 pm )

Thursday, August 7, 2014

ပင်လယ်မသိတဲ့ မြစ်

မာယာတွေများသတဲ့လား
မကြားဘဲ မြင်လှည့်ပါ
နှလုံးသွေးတို့ မြစ်ဖျားခံရာမှာ
ဒဏ်ရာတွေ ဆည် လိုတည်ပေးခဲ့လို့
မျက်ရည်တွေနဲ့ 
မသေရုံတမယ် စီးဆင်း
တမျှဉ်းမျှဉ်းနဲ့ ခမ်းခြောက် 
ပင်လယ်ကို မရောက်လိုက်တဲ့မြစ်တွေ
ရေနိုင် ပါ့မလား

x x x x x x



ညို လေးနေ 
07.08.2014  ( 11:19 am )

Saturday, June 14, 2014

အမေနှင့် ထွေးခင်သားလေးမွေးတုန်းက

တကယ်တော့ အမေနှင့်မယ်ညို့  ပုံပြင်များကို တခြားအကြောင်းအရာတွေနဲ့ ဆက်ဖို့ပါ။ ဒါပေမယ့် ကမ္ဘာ့ဖလားဆိုတဲ့ လေးနှစ်တစ်ကြိမ်မှ ကျင်းပတဲ့ ကမ္ဘာတစ်လွှားစိတ်ဝင်စားတဲ့ ဘောလုံးပွဲကြီးနဲ့ တိုက်ဆိုင်နေလို့ ဒီအကြောင်းအရာလေးကို ရေးဖြစ်သွားတယ်။

မယ်ညို က အမေ့ကို သိပ်ချစ်တယ်။ ကလေးတိုင်း ကိုယ့်အမေကို ချစ်ကြတာပဲ အဆန်းလား ဆိုရင်တော့ မယ်ညို ဆိုလိုတာက အိမ်မှာ အဖေထက်၊ အစ်ကိုအစ်မတွေထက် ပိုပြီးရင်းနှီး တွယ်ကပ်တာကို ပြောချင်တာပါ။ ငယ်ငယ်ကတည်းက ဟိုတွေး ဒီတွေး၊ ဟိုမေး ဒီမေး မေးတတ်လွန်းတဲ့ မယ်ညို ရဲ့ မေးခွန်းဒဏ်ကို အစ်ကိုတွေ အစ်မတွေက သိပ်ပြီးသည်းမခံနိုင်ပါဘူး။ တချို့ဟာတွေက သူတို့ကိုယ်တိုင်းလည်း မသိဘူးလေ။ အဖေကတော့ သူ့ဟာသူ အလုပ်တွေနဲ့မို့ ကိုယ်တိုင်က မမေးရဲတာလည်းပါ ပါတယ်။ ၁၀ တန်းသာအောင်ခဲ့ပြီး ဘွဲ့ရတဲ့အထိ ကျောင်းမတက်ခဲ့ရပေမယ့် အမေက မယ်ညို့ ရဲ့ အင်္ဂလိပ်-မြန်မာ အဘိဓါန်ဆိုလည်းဟုတ်တယ်။ စွယ်စုံကျမ်းဆိုလည်းဟုတ်တယ်။ အရစ်ရှည်တတ်လွန်းတဲ့ မယ်ညို ကို စိတ်အရှည်ဆုံးလူသား ဆိုလည်းဟုတ်တယ်။ အခုချိန်အထိ တိုင်တည် အားကိုး အကြံဥာဏ်တောင်း နေရအောင်လည်း အမေဟာ ခေတ်မှီနေသေးရဲ့။

မယ်ညို့ ရဲ့ ဘောလုံးဝါသနာဟာ မြန်မာအသင်း ငွေတံဆိပ်ရခဲ့တဲ့ ၁၉၉၃ အရှေ့တောင်အာရှပွဲက စခဲ့တယ်။ ပြီးတော့ တဆက်တည်း ၁၉၉၄ ကမ္ဘာ့ဖလားပွဲ။ နောက်တော့ တစ်နိုင်ငံလုံးကို ဘောလုံးရောဂါ တိုးစေခဲ့တဲ့ ၁၉၉၅ အရှေ့တောင်အာရှပွဲ။ ဘက်ဂီယို တို့၊ သန်းတိုးအောင် တို့ဆိုတာ မယ်ညို ရဲ့ သူရဲကောင်းတွေ ( အခုချိန်ထိအောင်လည်း မပြောင်းလဲသေးပါဘူး ) ။  အဲဒီ့အချိန်က မြန်မာအသင်းကို တစ်သင်းလုံး အလွတ်ရပေမယ့် ကမ္ဘာကျော်ဘောလုံး သမားတွေနဲ့တော့ နည်းနည်း  အလှမ်းဝေးသေးတယ်။ အင်တာနက်ဆိုတာ ဘာမှန်းမသိသေးတဲ့ အချိန်။ အားကစားဂျာနယ်တွေကလည်း အခုလို မများသေးဘဲ " အင်အား" တို့၊ " တက်လမ်း " တို့ လောက်ပဲရှိသေးတယ်။ ဒါတောင် ကိုယ့်မုန့်ဖိုးနဲ့ကိုယ်ဆိုတော့ ထွက်သမျှ ဝယ်မဖတ်နိုင်ဘူး။ ဒီတော့ သတင်းစာထဲ ပါသမျှလောက်သာ ဖတ်၊ ဖြတ်၊ ညှပ်၊ ကပ်၊ စု၊ သိမ်း။ ဘက်ဂီယိုပုံပါတဲ့ ဂျာနယ်ဆိုရင်တော့ မရမက ဝယ်သိမ်းပါတယ်။ ( ပရိတ်သတ်ကြီးက အားကစားစိတ်ဓါတ် ပြည့်ဝတာ အဲလို အဲလို :D ) 

အမေ့ကို ချစ်တဲ့ မယ်ညို က အမေ့ကို ကူဖို့ အမြဲချောင်းနေတတ်တယ်။ ဟင်းချက်တဲ့နေရာ၊ မီးပူတိုက်တဲ့နေရာ၊ အဝတ်လျှော်တဲ့နေရာ။ အခုနေ ပြန်တွေးကြည့်တော့ အဲလိုကူလုပ်ပေးလို့လည်း အမေ့မှာ သက်သာရှာမယ် မထင်ပါဘူး။ ကူတာက နည်းနည်း မယ်ညို့ မေးခွန်းတွေကို ဦးနှောက်ပူအောင်စဉ်းစားပြီး လျှာထွက်အောင် ဖြေရတာက ပိုမောမယ်ထင်တယ်။

အဲဒီလိုနဲ့ ကြည့်ခဲ့သမျှ ဘောလုံးပွဲတွေထဲမှာ အနှစ်သက်ဆုံး ၁၉၉၈ ကမ္ဘာ့ဖလား ဘောလုံးပွဲအချိန်ကို ရောက်လာခဲ့တယ်။ ၉၄ က ကစားသမားတွေ၊ ၉၈ မှာထပ်တိုးလာတဲ့ ဘောလုံးသမားတွေ အကြောင်းကို အတော်အတန်သိနေပေမယ့် ဘောလုံးဘုရင်ဆိုတဲ့ ပီလီ ရဲ့အကြောင်းကိုတော့ မယ်ညို သိပ်မသိသေးပါဘူး။ တစ်ရက်တော့ အမေက ရေချိုးခန်းထဲမှာ အဝတ်လျှော်တယ်။ ထုံးစံအတိုင်း မယ်ညိုက အမေ့ကို အုတ်ကန်ထဲက ရေကူခတ်ပေးလိုက်၊ အမေဖွတ်ပြီးသား အဝတ်တွေကို ရေလျှော်ပေးလိုက်လုပ်နေရင်း ညကကြည့်ထားတဲ့ ဘောလုံးပွဲအရှိန်နဲ့ မေးခွန်းတစ်ခုမေးလိုက်တယ်။

" အမေ ... ပီလီက အသက် ဘယ်လောက်လောက် ရှိပြီလဲ မသိဘူးနော် "

" နေဦး သမီးရဲ့ ..... ထွေးခင် သားလေးမွေးတုန်းက .......  "

အမေက ပြောရင်းနဲ့ ရပ်သွားပြီး စဉ်းစားနေတယ်။ မယ်ညို ကတော့ ပါးစပ်အဟောင်းသားနဲ့ မျက်စိတွေကိုလည်လို့။ ငါမေးတာက ပီလီ့အသက်ပါ။ အမေ့သူငယ်ချင်း ဒေါ်ထွေးခင် ကလေးမွေးတာနဲ့ ဘာဆိုင်လို့တုန်း။

" အမေ ... သမီးမေးတာက ပီလီ့ အသက်လေ "

အဲဒီ့တော့မှ အမေက မယ်ညို့ ပုံကို ကြည့်ပြီး တခစ်ခစ်ရယ်လို့ ဆက်ပြောတယ်။

" အဲဒါဖြေမလို့ စဉ်းစားနေတာလေ သမီးရဲ့။ ပီလီ့ကို ပုလဲနက်လို့ ခေါ်ကြတယ်။ ထွေးခင်သားလေးမွေးတဲ့ အချိန်တုန်းက ပီလီ သိပ်နာမည်ကြီးနေတဲ့အချိန်။ ကလေးက မဲမဲလုံးလုံးလေးမို့ ပုလဲနက်ဆိုပြီး အိမ်နာမည်တွင်သွားတယ်။ အဲဒီ့အချိန်က ..... ၁၉၆၅ လောက် ..... ပီလီ့အသက်က ၂၆ ၊ ၂၇ လောက်ရှိရောပေါ့ ..... ၉၈ ထဲက ၆၅ နုတ် ... ၃၃ ၊ တွက်ရလွယ်အောင် ၂၇ ပေါင်း .... အင်းးးး ၅၅ နဲ့ ၆၀ ကြားတော့ ရှိရောပေါ့ သမီးရဲ့ "


မယ်ညို့ မှာ အမေ့စကားကို ရယ်လည်း ရယ်မိတယ်။ သိပ်လည်း ကျေနပ်တယ်။ အမေက သူ မကျွမ်းကျင်တဲ့ ဘောလုံးလောကနဲ့ သူမသိတဲ့ ပီလီ့ အသက်ကို အတတ်နိုင်ဆုံး အနီးစပ်ဆုံးဖြစ်အောင် စိတ်မှန်းနဲ့တောင် မဟုတ်ဘဲ ကိုးကားတွက်ချက်လို့ ဖြေပေးသွားခဲ့တယ်။ ပီလီ့ကို ပုလဲနက်လို့ခေါ်တာလည်း အမေပြောပြလို့ သိခဲ့ရတာကိုး။

အဲဒီ့လိုပါပဲ ငယ်ငယ်လေးကတည်းက မယ်ညို မေးသမျှ အမေ့ဆီက " အမေ မသိဘူး " ဆို တဲ့ အဖြေမျိုး ကြာရခဲလွန်းတယ်။ နောက်ဆုံး လုံးလုံး မသိတော့ဘူးဆိုရင်တောင်မှ " ဟိုစာအုပ်ထဲမှာတော့ ပါလောက်တယ် " " ဒီလူကတော့ သိလောက်တယ် " ဆိုပြီး ညွှန်းတတ်တယ်။ ပိုပြီးကျေနပ်စရာကောင်းတာက " အမေးအမြန်း ထူတာအေ " " တိတ်နေစမ်း ပေါက်ကရတွေ မမေးနဲ့ " ဆိုတာမျိုး ဘယ်တုန်းကမှ မပြောခဲ့တာ။

ထွေးခင်သားလေးမွေးနေ့ကတော့ အမေနဲ့မယ်ညို့  ရဲ့ ကမ္ဘာ့ဖလား သင်္ကေတဖြစ်သွားတယ်။ ကမ္ဘာ့ဖလား ဘောလုံးပွဲကျင်းပတဲ့ အချိန်ရောက်တိုင်း အမေကလည်းမမေ့သလို မယ်ညိုကလည်း သတိတရမေးတတ်တယ်။

" အမေရေ ထွေးခင်သားလေး ဘယ်နှနှစ်ပြည့်ပြီလဲ "  လို့ ။         ။ 

Photo is taken from http://www.aiowallpaper.com/3132/pele/


ညိုလေးနေ
၁၄.၀၆.၂၀၁၄ ( ၁၆း၂၄)

Thursday, May 15, 2014

တိမ်ယံထက်မှာ ဆုံခဲ့တယ်

တကယ်တော့ ခရီးကအပြန်မှာ ပင်လယ်ဝကို ရောက်မယ့်အချိန်ကို စောင့်ပြီး ဓါတ်ပုံရိုက်တာ။ ရိုက်ထားတဲ့ပုံလေးကို ပြန်ကြည့်ရင်း ဝိုင်းဝိုင်း ဖြူ ဖြူ လေးကို တွေ့လိုက်မိတယ်။



" လ ကလေး "




 ကဆုန်လပြည့် လမင်းကြီးနဲ့ မမျှော်လင့်ဘဲ မမှောင်ခင်ကတည်းက ဆုံခဲ့ရတယ်


ယုန်ကလေး ဝပ်နေတာတွေ့လားဟင် ?
 

ဆန်ဖွတ်တဲ့ အဘိုးအိုကိုတော့ ဘယ်တုန်းကမှ ရှာမတွေ့ဘူး


  နေမဝင်သေးလို့  ကိုယ်ရောင်ဖျောက်နေတာပါ





သူလည်းကောင်းကင်မှာ ကိုယ်လည်း ကောင်းကင်မှာ





 ငွေလမင်းတဲ့လား

ကဆုန်ကလပြည့် ပိတ်ရက်မှာထွက်တဲ့ ခရီးစဉ်တွေက အမှတ်ရစရာ ခရီးစဉ်တွေ ဖြစ်သွားတတ်တယ်။ အခုလည်း ကောင်းကင်ပေါ်မှာ လပြည့် လ ကို တွေ့ခဲ့ရတယ်။ တကယ်ကို နီးနီးလေးလိုပဲ။ ပြီးတော့ တွေးမိတယ်။ လမင်းမှာလည်း ကိုယ်ပိုင်အလင်းမရှိဘူး၊ ကိုယ်လည်း ကောင်းကင်မှာပျံနိုင်စွမ်း မရှိဘူး။ ဒါပေမယ့် လမင်းရဲ့ အလင်းရောင်က အေးမြတယ်။ ကိုယ်ရဲ့ ပျံသန်းမှု ကရော ..... ဘယ်ကို ဘယ်လို ဆက်ပျံသန်းမှာတဲ့လဲ ...... ။       ။


ညို လေးနေ 
၁၅.၀၅.၂၀၁၄ ( ၀၀း ၁၂ )

 

Monday, April 21, 2014

ပိတောက်ပင်အောက် ပန်းကြွေကောက်

ရုံးအသွား ဘတ်စ်ကားပေါ်ကအဆင်း လေထုထဲမှာ ရင်းနှီးနေတဲ့ ရနံ့တစ်ခုက ပါလာတယ်။ စိတ်ထဲမှာ ဇဝေဇဝါ။ ရှေ့မှာတိုက်တန်းနှစ်ခုက ကာနေသေးတာကိုး။ နောက်တော့ တဖြည်းဖြည်းနဲ့ သေချာလာတယ်။ ဘယ်နေရာ ဘယ်ဌာနေရောက်ရောက် ဘယ်တော့မှ မေ့မသွားနိုင်တဲ့ရနံ့။



မျှော်တလင့်လင့်နဲ့ တိုက်တန်းနှစ်ခုကို အကျော်မှာတော့ သုံးပင်စလုံးက ဝင်းလို့။ ဒီနေ့ရုံးကို စောစောလာမိတာ မှန်သွားတယ်။ ခဲနေအောင်ပွင့်နေတဲ့ ပိတောက်ပင်တန်းအောက်မှာ ခေါင်းကိုမော့ ပိတောက်နံ့ကို ဝအောင်ရှူ ။ ပတ်ဝန်းကျ င်ကို မေ့ထားပြီး အပင်တွေကို မော့ကြည့်ရင်းလျှောက်။ ကိုယ်သွားရတဲ့လမ်းက ကားလမ်းဘေးမဟုတ်လို့သာပေါ့။ နောက်ထပ်ကံကောင်းချ င်တော့ အိတ်ထဲမှာ စနေနေ့ကတည်းက ထည့်ထားတဲ့ ကင်မရာက မထုတ်ရသေးဘဲ ရုံးကိုပါလာတယ်။ ထမင်းဘူးအိတ်ကို လမ်းပေါ်ချ ပြီး ဓါတ်ပုံရိုက်တော့ ရုံးသွားရုံးလာ၊ လမ်းသွားလမ်းလာတွေက ( ပထမအကြိမ် အားဖြင့် ) လှည့်ကြည့် လှည့်ကြည့်။ 



စိတ်တိုင်းကျ ပုံလေးတွေရမှ ထမင်းဘူးအိတ်ပြန်ကောက်ပြီး ဆက်လျှောက်။ ရုံးက မြန်မာမောင်လေးနဲ့ လမ်းမှာဆုံလို့ ဟိုးမှာ ဆိုပြီးပြမိတော့ သူကလည်း ဟုတ်ပ အစ်မရယ် အဲ့တိုက်နားရောက်ကတည်းက မွှေးနေတာပဲ ဆိုပြီး ဝမ်းသာအားရ ပြန်ပြောတယ်။ ယောင်္ကျားလေးပေမယ့် မြန်မာပီပီ ပိတောက်ပန်းကြိုက်မှန်း ပြုံးနေတဲ့ သူ့မျက်လုံးတွေက သက်သေပြလို့။


ဓါတ်ပုံတွေရလာခဲ့တော့ ရုံးရောက်တဲ့အထိလူက တပြုံးပြုံး ။ ပန်းတွေသာရခဲ့ရင်တော့ ဒီနေ့အဖို့ အလုပ်လုပ်ချ င်စိတ်ပါ ပျောက်သွားမယ်ထင်တယ်။ ဒီကျွန်းလေးမှာ ချ စ်စရာကောင်းတာ တစ်ခုက ပိတောက်ပင်တွေပေါတာပဲ။

ညနေရုံးပြန်တော့ ပိတောက်ပင်တန်းအောက် တစ်ခေါက် ရောက်ပြန်ရော ။ အချိန် သတ်မှတ်ချက်တွေ မရှိတဲ့ အိမ်အပြန်လမ်းမို့ ကိုယ့်သဘောပေါ့။ ထမင်းဘူးအိတ်လေးလည်း လမ်းပေါ်တစ်ခါ ထပ်ရောက်ရတယ်။ ပွင့်ဖတ်လေးတွေသာ ကြွေတတ်တဲ့ ပိတောက်ကြွေလေးတွေကြား ရှားရှားပါးပါး အပွင့်လေးတွေ လိုက်ကောက်။ ရုံးပြန်သူလူတွေက( ဒုတိယအကြိမ် အားဖြင့် ) လှည့်ကြည့် လှည့်ကြည့်။ 

ကိုယ်ကတော့ ကိုယ်လုပ်ချင်တာလုပ်နေရလို့ ကျေ နပ်လို့  :)
 






 ကိုယ်နဲ့မဆိုင် ခွင့်မပိုင်လို့
ရနံ့လှိုင်တဲ့
ပိတောက်ခိုင်တွေအောက်
ပွင့်ကြွေလေးပဲ ကောက်ခဲ့တယ်




၁၇.၀၄.၂၀၁၄ မှာ သုံးနှစ်ပြည့်ခဲ့တဲ့ ဘလော့ဂ်လေးအတွက် ဒီနေ့မှပဲ မွေးနေ့လက်ဆောင် ပေးဖြစ်တယ်။ စာဖတ်သူတွေကိုလည်း နှစ်သစ်လက်ဆောင် ပိတောက်ပန်းတွေ ပေးပါတယ်။ အားလုံးအတွက် မင်္ဂလာရှိသော မြန်မာ့နှစ်သစ် ဖြစ်ပါစေ။


ညို လေးနေ 
၂၁.၀၄.၂၀၁၄ ( ၂၃း၂၄ )