ကျောက်ဆောင်တွေကြားက အပန်းဖြေစခန်း
အလယ်က ကိုယ်တို့စီးရတဲ့ ဘုတ်ပေါ်မှာ မောင်းတဲ့ ကလေး ရှိနေတယ်
ဒုတိယနေရာရောက်တဲ့အခါ ရေမကူးတတ်တဲ့ ညီမလေးကိုပဲ ဂရုစိုက်ပေးဖို့ မော်တော်သမားလေးကို ပြောပြီး ကိုယ်တို့မောင်နှမ လက်တွဲလို့ လျှောက်ကြည့်ကြတယ်။ ဒီနေရာက ရေပိုနက်ပြီး ပြာပါတယ်။ မော်တော်သမားလေးပေးတဲ့ ပေါင်မုန့်ကို လက်ကကိုင်ထားတဲ့အခါ အပြာရောင်၊ အဝါရောင်၊ အမဲရောင် ၃ လက်မ ဝန်းကျင်ရှိတဲ့ ငါးရောင်စုံလေးတွေ လာတွတ်ကြတာ သိပ်ကိုကြည့်လို့ကောင်းပါတယ်။ အောက်က သန္တာကျောက်ကလည်း အရောင်ပိုရင့်ပါတယ်။ အဲလိုနဲ့ ဘုတ်နဲ့ ၁၀ ပေလောက်အကွာကို ရောက်လာတော့ ခြေသလုံးက တောင့်သလိုဖြစ်လာတယ်။ နေ့စဉ်ရေကူးကျင့် မရှိဘဲ ခုမှကူးတာမို့ ကြွက်တက်တာဖြစ်မှာစိုးလို့ အပေါ်ပြန်တက်ဖို့ ဆုံးဖြတ်လိုက်တဲ့အချိန်မှာ မောင်လေးက သူ ကြွက်တက်ချင်သလိုဖြစ်လာတယ်လို့ ဆိုပါတယ်။ ကိုယ်ဖြစ်နေတာ ကို သူ့ကိုမပြောဘဲ ပြန်ကြစို့ဆိုပြီး ဘုတ်ဆီကို အကူးမှာ ၁၀ ပေလောက်ကို တော်တော်လေးအားစိုက်ပြီး ကူးလိုက်ရတယ်။ လေက လေဆန်တိုက်နေတာနဲ့ ဘုတ်က ရေထဲမှာရွေ့နေတာကြောင့်တော်တော်နဲ့ မရောက်နိုင်ပါဘူး။ ညီမလေးပါ ပြန်ရောက်လာပြီး သူလည်းကြွက်တက်ချင်သလို ဖြစ်တဲ့အကြောင်းပြောတဲ့အခါမှာတော့ ဒီနေရာက ရေရဲ့အနက်၊ အအေးဓါတ်နဲ့ သိပ်သည်းဆကြောင့် အကျင့်မရှိတဲ့ ကိုယ်တို့အားလုံး ဒီလိုဖြစ်တယ်ဆိုတာ သဘောပေါက်လိုက်မိတယ်။
Marine Park မှာ မောင်လေးက ရေထဲမဆင်းလို့ ကံကောင်းပြီး ရခဲ့တဲ့ပုံ
တတိယ နေရာကတော့ Marine Park လို့ခေါ်တဲ့ နေရာပါ။ အဲဒီ့နေရာမှာတော့ သန္တာကျောက်မရှိပါဘူး။ ဒီတစ်ခါ မော်တော်သမားလေးက ဘုတ်ပေါ်ကနေပဲ ပေါင်မုန့်တွေ ပစ်ချပြီး ငါးတွေခေါ်ပေးပါတယ်။ ငါးကလည်း ဒုတိယ နေရာက ငါးလေးတွေလို အရောင်စုံမဟုတ်ဘဲ အဝါပြောက်၊ အဝါစင်း၊ အဝါကျား လေးတွေချည့်ပါပဲ။ အကောင်လည်း ပိုကြီးပြီး လက်တဝါးစာလောက်ရှိပါတယ်။ ကိုယ့်ရဲ့ အတွေးကို ပိုသေချာသွားစေတာက ကမ်းခြေနဲ့ နီးပြီး ရေပိုတိမ်တဲ့ ဒီနေရာမှာ ရေကူးရတာ ပိုသွက်ပြီး စောစောကလို ကြွက်တက်ချင်တာမျိုး လုံးဝမဖြစ်တော့တာပါပဲ။ ငါးတွေကြည့်နေတဲ့ ကိုယ်ဟာ ရေငုတ်ဝတ်စုံတွေနဲ့ လူတစ်စု အုပ်စုလိုက်ကြီး ရေအောက်က ဖြတ်သွားတာမြင်ရတဲ့အခါ တအားပျော်သွားတယ်။ " သူတို့က အောက်ဆီဂျင်ဘူးတွေပါ လွယ်ပြီး ရေအောက်အထိ ငါးတွေကိုလိုက်ကြည့်၊ ငါတို့က ရေအပေါ်ယံကနေ သူတို့ကိုပြန်ကြည့် " လို့တွေးမိပြီး ရယ်လည်း ရယ်ချင်သွားတယ်။ ညီမလေးပြန်တက်သွားပေမယ့် ကိုယ်ကတော့ ကြည့်ကောင်းကောင်းနဲ့ အချိန်စေ့တဲ့အထိ ရေထဲမှာပဲနေနေခဲ့တယ်။
ရေထဲက Barge နဲ့ ဟိုးဘက်က Marine Center
စတုတ္ထမြောက်နဲ့နောက်ဆုံးနေရာ ကတော့ Reggis Island ပါပဲ။ ကျွန်းလို့သာ ဆိုတာ တကယ်တော့ ရေပေါ်ကိုထိုးထွက်နေတဲ့ ကျောက်ဆောင် အကြီးကြီးတစ်ခုပါပဲ။ ကျွန်းရဲ့အလယ်မှာ သစ်ပင်တွေပေါက်နေပေမယ့် ပတ်ပတ်လည်က ကျောက်ဆောင်တွေချည့်ပဲမို့ ကျွန်းပေါ်တက်လို့မရပါဘူး။ အဲဒီ့နေရာမှာ Barge လို့ခေါ်မလား၊ ဘောလို့ပဲခေါ်မလား သတ္တုဖောင်တစ်ခု လုပ်ပေးထားပါတယ်။ မနေ့က ပြောတဲ့ Reggis Island မှာ ကြိုက်သလောက်နေလို့ရတယ်ဆိုတာ အဲ့ဖောင်ပေါ်တက်လိုက် ရေထဲဆင်းလိုက် နေလို့ရတာကို ပြောတာပါ :D
Reggis Island ဆိုတဲ့ ကျွန်းပေါက်စန
Berjaya ရဲ့ Marine Center နဲ့ မျက်နှာချင်းဆိုင် ၅ မိနစ်လောက်ပဲ မောင်းရတဲ့ နေရာမို့ အသွားအပြန်ကြိုပို့ပေးနေတဲ့ ဘုတ်လေးတွေ ရှိတာကြောင့် Reggis Island နားမှာ Snorkeling လုပ်သူတွေအများကြီး ရှိနေပါတယ်။ အဲဒီ့နေရာကလည်း ရေတိမ်ပါတယ်။ ကိုယ်နဲ့ ညီမလေးလည်း စတုတ္ထအကြိမ်မြောက် ရေထဲဆင်းပြန်ပါတယ်။ ထူးဆန်းတာက ၄ နေရာသွားတာ ၄ နေရာက ငါးတွေက မတူတာပါပဲ။ အရင်နေရာတွေမှာ မမြင်ဖူးခဲ့တဲ့ ငါးလေးတွေ ထပ်တွေ့ပါတယ်။ ညီမလေးက ချမ်းလို့ ပြန်တက်သွားချိန်မှာ ကောင်လေးက နီမို လေး တစ်ကောင်ဖမ်းယူလာပြီး ကိုယ်တွေဘုတ်မှာ ပါလာတဲ့ အိန္ဒိယန်းကလေးငယ် ၂ ယောက်ကို လာပြတယ်။ ၂ လက်မသာသာ နီမိုလေး ကို ကလေး ၂ ယောက်သာမက ကိုယ်တွေအားလုံး ဝိုင်းကြည့်ကြတယ်။ နောက်တော့ ကောင်လေးက ကိုယ့်ရဲ့အသက်ရှူ ပိုက်ကို စစ်ပေးပြီး လက်ဆွဲခေါ်သွားပြန်ပါတယ်။ တော်တော်လေးကူးသွားပြီးတဲ့နောက် သူက တစ်နေရာကို လက်ညှိုးညွှန်ပြတယ်။ ရေအောက်က အညိုရောင် ရေမှော်ပင် အုပ်အုပ်လေးက ဘာများထူးခြားလို့လဲလို့ တွေးနေတုန်း သူက အဲ့အပင်ကို လက်နဲ့ ရမ်းလိုက်တဲ့အခါ အထဲက နီမိုအကြီး ၂ ကောင် ထွက်လာပါလေရော။ နောက်တော့ သူက သူ့လက်ထဲမှာ ဖမ်းလာတဲ့ နီမိုအသေးလေးကို အဲ့ရေမှော်ပင်တွေထဲ ပြန်ထည့်ပေးလိုက်တယ်။ အဲဒီ့နေ့က ခရီးစဉ်မှာ နီမိုလေးရဲ့ အိမ်အပြန်ကို မျက်ဝါးထင်ထင် ကြည့်လိုက်ရတဲ့ တစ်ယောက်တည်းသောသူအဖြစ် ဘုတ်ပေါ်ကို ကိုယ်ဟာမြောက်ကြွကြွနဲ့ ပြန်ရောက်သွားပြီး ကြွားပါတော့တယ် :D
အပြင်မှာကြည်နေလို့ ရိုက်ကြည့်တာပဲ။ ရေအောက်ရိုက်ကင်မရာမဟုတ်တော့ ဒီလိုဖြစ်သွားတယ်။
Reggis Island ကနေပြန်တဲ့အခါ ကိုယ်တို့ရဲ့ တစ်နေ့စာ Snorkeling ခရီးစဉ်ပြီးဆုံးပါတယ်။ အဲဒီ့ခရီးစဉ်အတွက် လူငယ်သလောက် ကျွမ်းကျင်ပြီး ခရီးသည်တွေကို စေတနာထားတဲ့ ကောင်လေးကိုလည်း ကျေးဇူးတင်ရပါတယ်။ တစ်နေကုန်ရေထဲဆင်းလိုက်တက်လိုက် ဆော့ခဲ့ကြတဲ့ ကိုယ်တို့ ၃ ယောက်ဟာ အခန်းကိုတန်းမပြန်ကြပဲ ရေကူးကန်ထဲမှာ ဆော့လိုက်ကြပါသေးတယ်။ ညဘက်မှာတော့ Berjaya ရဲ့ညစာ အဖြစ် ဘာဘီကျူး အစားအစာတွေက ကိုယ်တို့ကို စောင့်မျှော်နေခဲ့ကြတယ်။
သာယာတယ် ဟုတ်
အဲဒါ ငုတ်တုတ်ထိုင်နေတာ :D
ရေထဲမှာ သိပ်ကစားလို့ကောင်းပေမယ့် ၉ နာရီခွဲနောက်ဆုံးထားပြီး မနက်စာစားရမှာမို့ ပြန်တက်လာခဲ့ကြရတယ်။ စခန်းက ပို့ပေးတဲ့ ကားနဲ့ Tekek ဆိပ်ကမ်းကို ၁၀ နာရီခွဲမှာ ရောက်လာခဲ့ကြတယ်။ ခရီးစဉ်ရဲ့ အဆင်မပြေဆုံး အချိန်ကတော့ အပြန် ရှပ်ပြေးယာဉ်ကို စောင့်ရတာပါပဲ။ ၁၁ နာရီထွက်မှာမို့ ခရီးသည်ကို ၁၀ နာရီခွဲရောက်အောင်လာပါလို့ ပြောထားတဲ့ ရှပ်ပြေးယာဉ်ဟာ နေ့လည် ၁ နာရီမှ ရောက်လာပါတယ်။ Mersing ဘက်ကို ရောက်ချိန်မှာလည်း လာကြိုနေတဲ့ ကားက ထမင်းစားချိန် မပေးတော့ပါဘူး။ နောက်ကျရင် စလုံးအဝင်မှာ လူများပြီး ကြာမှာစိုးလို့ပါ။ အဲဒီ့တော့ Mersing ဆိပ်ကမ်းရဲ့ ဈေးရုံထဲက တွေ့တဲ့မုန့် နဲ့ရေဝယ်ပြီး ကားပေါ်မှာ စားရပါတယ်။ Mersing က နေ နေ့လည် ၂ နာရီမှာထွက်ခဲ့တာဟာ Nweton Hawker Center ကို ည ၈ နာရီထိုးမှပဲ ရောက်ပါတော့တယ်။
မနက်ခင်း ကမ်းခြေ
အပြန်မှာ မကြန့်ကြာသင့်ဘဲ ကြာနေလို့ ပူအိုက်ဆာလောင်ခဲ့ရတာက လွဲလို့ ဒီခရီးလေးဟာ အတော်ပျော်စရာကောင်းခဲ့ပါတယ်။ ကွန်ပျူတာနဲ့ ဖုန်းမျက်နှာပြင်ထဲကနေ ပြင်ပကမ္ဘာကို ပြန်ရောက်သွားတယ်။ ဆန်းကျယ်တဲ့ သဘာဝအလှတရားတွေကို ခံစားရင်း အတွေ့အကြုံသစ်တွေနဲ့ အတူ တီအိုမန်က ပြန်ခဲ့ပါတယ်။ ။
ကျေးဇူးစကား
Tioman ကျွန်းအကြောင်းကို ပြောပြဖူးတဲ့ ဇွန်၊ Good Friday အတွက် ခရီးစဉ်ရွေးကြတဲ့အခါ ကိုယ်ပြောတာကို လက်ခံလို့Tioman ခရီးကို စီစဉ်ပေးပြီး ကိုယ်တိုင်မလိုက်နိုင်ခဲ့တဲ့ မောင်လေး၊ စည်းစည်းလုံးလုံးနဲ့ အတူတူပျော်ခဲ့တဲ့ မောင်လေးနဲ့ညီမလေး၊ စိုးရိမ်ကြီးတတ်တဲ့ကိုယ့်ကို အရာရာတော်တော်များများကို ကြောက်စိတ်နည်းပြီး ရင်ဆိုင်တတ်လာအောင် သင်ပေးခဲ့တဲ့ သူငယ်ချင်းတစ်ဦး အားကျေးဇူးအထူးတင်ပါကြောင်း :)
ညိုလေးနေ
၁၇.၀၄.၂၀၁၆ ( ညနေ ၄း၁၇ )
4 comments:
ဖတ်လို့ကောင်းလိုက်တာ။
ညိုနဲ့အတူ လိုက်ဆော့ရသလိုပဲ။ :)
မမေလည်း ရေကြိုက်တယ်။ ပင်လယ် ရောက်ရင် ရေနဲ့ မထိရ မနေနိုင်ဘူး။
ခရီးစဉ် အစအဆုံး ဘယ်လောက် ကုန်သလဲ သိချင်လို့ ... ပြောနိုင်ရင် ပြောပြပေးပါလား ညိုလေးရေ ...
တစ်ခါလောက် တူတူသွားဆော့ ကြရအောင်လေ :D
စုစုပေါင်းမှ SGD 400 လောက်ပဲ ကျတယ် အစ်မမေ
စင်ကာပူကို မရောက်ဖူးဘူးအမ..
ပစ်တို့ ထိုင်ဝမ်မှာလည်း အဲလိုလည်တာတွေ
တော့၇ှိပေမဲ့
သူငယ်ချင်းတွေနဲ့အဖော်စပ်မရဘူးဖြစ်နေတယ်..
စင်္ကာပူကို လာလည်လေ ပစ်
စလုံးက တစ်ပတ်နေရင် လည်စရာ ကုန်ရော :)
Post a Comment