Tuesday, July 5, 2011

ကြက်သွန်မြိတ်ကြားက ချစ်သူ

အခု ဇူလိုင်ဆို ကျွန်မတို့ အတူနေတာ သုံးနှစ်ပြည့်ပြီပေါ့။

အခုလိုနေလာကြတဲ့ တစ်လျှောက်လုံး အငြင်းအခုံတောင် မဖြစ်ဘူးတဲ့ ကျွန်မတို့ နှစ်ယောက်ရဲ့  ဆက်ဆံရေးကို ကြည့်ပြီး " တစ်ခါမှ ရန်မဖြစ်ကြဘူးနော် " လို့ တချို့ က အံ့သြတကြီးပြောကြတယ်။ ဟုတ်တယ် ။ ရှူးရှူးရှားရှား ဒေါသဖြစ်တတ်တဲ့ ကျွန်မနဲ့ စိတ်မြန်လက်မြန် ပြောတတ်ဆိုတတ်တဲ့သူ စပြီး သိခဲ့တဲ့ အချိန်ကတည်းက ရန်မဖြစ်ဖူး စကားမများဖူးဘူး။ တစ်ခါတစ်လေ သူစိတ်တိုပြီး မှုန်ကုပ်ကုပ် ပြတ်တောင်းတောင်း ပြောတတ်တာမျိုး၊ ကျွန်မက စိတ်ကောက်ချင်တာမျိုးတော့ ရှိတတ်တာပေါ့လေ။ သူစိတ်တိုနေရင် ကျွန်မက မသိသလိုနဲ့ ပြေရာပြေကြောင်း လျှောက်ပြောတတ်သလို ကျွန်မစိတ်ကောက်မယ်ကြံရင်လည်း သူက " မချော့တတ်ဘူးနော် " ဆိုပြီးပြောတတ်ပါတယ်။ ပြုံးစိစိနဲ့ ပြောလာတဲ့သူ့စကားက ကျွန်မအတွက်တော့ ပြန်ချော့သလိုပါဘဲ။

တကယ်တော့လည်း သူစိတ်တိုတတ်တာကနည်းပြီး ( ကျွန်မက လိမ္မာတာကိုး ) ၊ ကျွန်မက စိတ်ကောက်ချင်တဲ့ အကြိမ်က ပိုများပါတယ်။ ကောက်ချင်တာလည်း ကောက်စေလောက်တဲ့ အကြောင်းရှိလို့ပေါ့နော်။ တစ်ခုလောက်ပြောပြဦးမယ်။ အဲ ... နောက်ဆုံးအကြိမ် စိတ်ကောက်ထားတဲ့ အကြောင်းပေါ့။ ရုံးဆင်းခါနီးမှာ သူ့ဆီက ဖုန်းဝင်လာတယ် Buona Vista နဲ့ Dover ကြားမှာ ရထားရပ်နေလို့တဲ့။ ၆ နာရီကျော် ရုံးပြန်ချိန်မို့ ဗိုက်ကလည်းဆာ ၊ လူကလည်းကြပ်လို့ ။ ရေဆာတတ်တဲ့ သူ့ရေဘူးထဲမှာလည်း ရေမှကျန်သေးရဲ့ လားမသိ။ ကိုယ်လည်း ဘာမှ မတတ်နိုင်တော့ " မြေအောက်မှာ မပျက်တာတော်သေးတာပေါ့၊ သူတို့ စီစဉ်ပေးမှာပါ" လို့ ပဲ ပြန်ပြောလိုက်ရတယ်။ ဒါပေမယ့် အိမ်ပြန်ရောက်လို့ တစ်နာရီ နေတဲ့ အထိသူမရောက်လာသေးပါဘူး။ ၂ နာရီကြာလည်း ရောက်မလာဘူး။ ပိုဆိုးတာက ဖုန်းဆက်တော့လည်း သူကမဖြေဘူး။ စိတ်မပူသင့်ဘူးလား။ အဲဒါနဲ့ အိမ်ကနေ နည်းနည်းထွက်လိုက်ရင် လှမ်းမြင်နေရတဲ့ ရထားလမ်းကို ထွက်ကြည့်နေလိုက်မိတယ်။ သူပြန်လာရာ လမ်းဘက်ဆီကတော့ ရထားလာနေသား။ ဒါဆိုရင်တော့ မဟုတ်တော့ဘူးလို့ တွေးနေဆဲမှာပဲ သူ့ဆီက ဖုန်းဝင်လာတယ်။ ဖုန်းခေါ်ထားတာမြင်လို့တဲ့ အိမ်နားက Starbucks ဆိုင်မှာ သူ့မိတ်ဆွေ blogger ကောင်မလေးတစ်ယောက်နဲ့ ထိုင်နေတယ်တဲ့။ သူချောချောမောမော ပြန်လာနိုင်လို့ စိတ်အေးသွားပေမယ့် ကိုယ်ဖုန်းခေါ်တာ မကြားလောက်အောင် စကားတွေပြောနေတဲ့အတွက် စိတ်အချဉ်ပေါက်သွားလို့ gmail message မှာ တင်ထားလိုက်တယ် " ဟိုဘက်ခုတင်မှ အဒေါ်ကြီးအား စိတ်ကောက်နေပါသည် " လို့။

ကျွန်မတို့ ၂ ယောက်အကြောင်းသိနေတဲ့ မဒီနဲ့ မောင်လေးက message မြင်ပြီး မေးတယ် ထူးထူးဆန်းဆန်း ဘာဖြစ်ကြတာလဲတဲ့။ မဒီ နဲ့ မောင်လေး ကိုပြောပြတော့ နှစ်ယောက်လုံးက ဖြစ်သင့်တယ်လို့မြှောက်ပေးကြပါတယ်။ အိမ်ပြန်ရောက်လာပါပြီ။ gmail ဖွင့်ပြီးတော်တော်ကြာတဲ့အထိ ကျွန်မ message ကို မမြင်သလို ကျွန်မစိတ်ကောက်တာကိုလည်း သူသတိမထားမိပါဘူး။ ဘယ်သတိထားမိပါ့မလဲ။ ကျွန်မက စိတ်ကောက်ကြောင်းပဲ gmail message မှာ ကြေငြာတာ သူနဲ့က စကားတွေလည်းဖောင်လို့ မျက်နှာကလည်း ပြောင်လို့ကိုး။ ပြီးတော့ မဒီ နဲ့ အပြင်သွားဖို့ကိစ္စ ရှိတော့ သုံးယောက်သား chat ရသေးတယ်။ နောက်မှ မောင်လေးနဲ့ သူနဲ့ စကားပြောဖြစ်ရင်း သတိထားမိသွားပုံရတယ်။ ကျွန်မ ရဲ့  message ကို ပြင်ပေးပါတဲ့။ ဘယ်ရမလဲ ။ ကော်ဖီဆိုင်သွားတုန်းကတော့ ချန်ထားခဲ့ပြီးတော့ ။ ကော်ဖီ ပြန်လိုက်တိုက်မှ ပြင်ပေးမှာပေါ့နော။ သူကလည်း မလျှော့ပါဘူး အဒေါ်ကြီး ခေါ်တာ ပြန်ရုပ်သိမ်းရင် တိုက်မယ်တဲ့။ ကော်ဖီလား၊ ကက်ပချီးနိုးလား၊ မိုခါလား၊ အိုင်းရရှ်လား၊ အမေရိကန် အိတ်စပရက်လား....ကြိုက်တာပြော ဆိုလို့ အဒေါ်ကြီးကနေ အမကြီးဆိုပြီး လျှော့ပေးလိုက်ရပါတော့တယ်။ အမကြီးဆိုတော့လည်း အမကြီးပေါ့လေ။ အစကတည်းကလည်း အိမ်မှာ အငယ်ဆုံးဖြစ်တဲ့ ကျွန်မနဲ့ အကြီးဆုံးဖြစ်ခဲ့တဲ့သူနဲ့က အချိုးကျကျပေါင်းမိကြတာပဲ။

အဲလို အစ်မကြီးလိုနေတဲ့သူ့ကို အငယ်လိုဆတ်ဆတ်ဆော့ဆော့ နေတတ်တဲ့ ကျွန်မက လျှပ်တပြက် ဓါတ်ပုံတွေရိုက်ထားတာလည်း ခဏခဏပါ။ ကျွန်မရဲ့  ကြက်သွန်မိတ်ပင်လေး ကိုမှတ်တမ်းတင်တုန်းကပေါ့၊ ထုံးစံအတိုင်း ကျွန်မရယ် မောင်လေးရယ်က ကင်မရာတစ်လုံးတစ်ဝက်နဲ့ အလုပ်ရှုပ်နေချိန်မှာ သူက ဧည့်ခန်းဆက်တီပေါ်မှာ Laptop တစ်လုံးနဲ့ မိန့်မိန့်ကြီးထိုင်လို့ ကျွန်မတို့ နှစ်ယောက်ရဲ့  အရေးဟာ သူနဲ့ ဘာမှမဆိုင်သလို။ သူက မဆိုင်သလိုနေပေမယ့် ကျွန်မကတော့ ကျွန်မရဲ့  မှတ်တမ်းထဲကို ဆွဲပြီး ဆိုင်လိုက်ပါတယ်။ ထုံးစံအတိုင်း သူကတော့ မသိလိုက်ပါဘူး။

အဒေါ်ကြီးအခေါ်မခံချင်တဲ့ ကျွန်မထက်ငယ်တဲ့ ကျွန်မရဲ့  အမကြီးရဲ့  မွေးနေ့က ဇွန်လထဲမှာပါ။ နှစ်တိုင်း လက်ဆောင်ပေးတတ်တဲ့ကျွန်မ ဒီနှစ်တော့ အလုပ်တွေရှုပ်လွန်းများလွန်းလို့ သတိရတာတောင်မှ ဘာမှမစီစဉ်ခဲ့ဖြစ်ဘူး။ တစ်ခုခုတော့ ပေးချင်တယ်။

နောက်တော့ ကြက်သွန်မြိတ်ပင်လေးနဲ့ အတူရောပြီး မှတ်တမ်းတင်ထားတဲ့ ပုံလေးကို သတိရ။ မကိုင်တာကြာတဲ့ ပုံဆွဲခဲတံကို ၅ နာရီလောက် အလုပ်ပေး [ ခဲဖျက်ကိုအလုပ်ပေးတာဆို ပိုမှန်မယ်ထင်တယ် :) ] ။ ရုံးက scanner ကြီးနဲ့ ၁၁ ခါတိတိ ပြန်ဖတ်။ PDF နဲ့ပဲ ဖတ်လို့ရခဲ့တာကို JPG ဖြစ်အောင်မရမက ပြန်ပြောင်းပြီးသကာလ ကြက်သွန်မြိတ်ကြားက ချစ်သူလေးအတွက် မွေးနေ့ နဲ့ တူတူနေခြင်းသုံးနှစ်ပြည့် လက်ဆောင်လေး မှုန်တိမှုန်မွှား နဲ့ blog စာမျက်နှာပေါ် ရောက်လာပါတော့တယ်။




ညိုလေးနေ

8 comments:

ဇွန်မိုးစက် said...

နောက်ကျလို့ စိတ်ဆိုးချင်ပေမယ့် ပုံကြည့်အပြီး စာဖတ်အပြီးမှာ ဆိုးချင်တဲ့စိတ်က ဘယ်ရောက်သွားမှန်း မသိဘူး။ အားလုံးအတွက် ကျေးဇူးစ်၊ အာဘွားလည်း ပေးလိုက်တယ်...ရော့.... :-* :D

အင်ကြင်းသန့် said...

ဖတ်ရတာ ကြည်နူးစရာကောင်းလိုက်တာ.... :)
မမညိုလေး စိတ်ကောက်ရလောက်အောင်၊ ဖုန်းခေါ်တာတောင်မကြားနိုင်လောက်အောင် မဇွန်နဲ့ စကားတွေတွတ်ထိုးနေတဲ့ ဘလာဂေါ်မလေးဆိုတာ ဘယ်သူများပါလိမ့်...သိနေသလိုလိုပဲ :P :P

mAymAd! said...

့happ belated birthday... သတိရပေမယ့်.ကိုကအဝေးမှာ....

သက်ဝေ said...

ပုံလေးက တော်တော်တူတယ်... ချစ်စရာလေး...း))
သူပဲ ကြံကြံဖန်ဖန် နာမည်ပေးတတ်တယ်... ကြက်သွန်မြိတ်ကြားက ချစ်သူ ရယ်လို့...
ဇွန့်မွေးနေ့အတွက် ဒီမှာပဲ ဆုတောင်းပေးခဲ့တယ်နော်... စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် ပျော်ရွှင်စရာမွေးနေ့များကို ဖြတ်သန်းနိုင်ပါစေ ဇွန်...း))

ဇွန်မိုးစက် said...

မွေးနေ့ဆုတောင်းပေးသွားတဲ့ သူငယ်ချင်းမဒီနဲ့ အစ်မသက်ဝေကို ကျေးဇူးပါ။း)

ညိုလေးနေ said...

ဂျင်းရေ ... ဟုတ်တယ်၊ စိတ်ပူအောင်လုပ်တဲ့ အထဲမှာ အဲဒီ့ဘလာဂေါ်မလေးလည်းပါလို့ သူ့ကိုပါ ကော်ဖီနဲ့လျော်ခိုင်းမလားလို့ စဉ်းစားနေတား)

အစ်မသက်ဝေ ကျေးဇူးပါ။

Mayzin said...

Morning so.. office lu .. lu twar tat.. chit thu so pee write payyy ohnnnn :D

gina vinasoy said...

Hi!Very Informative blog you have ! It would be good if you will visit my website too.http://ads.com.mm/?
cid=4fd60e94e4b0fa6db841e33c&utm_campaign=ads_mm_lb_blog_gvisoy&utm_source=ads_lb_blog&utm_medium=lb_blog

Post a Comment