Sunday, November 18, 2012

ယွန်းခဲ့သည် အရှေ့စွန်း နေဝန်း၏ကျွန်းမြေဆီ ( ၃ )

ပထမရည်ရွယ်ချက်ဖြစ်သည့် မေပလ်ရွက် အရှင်လတ်လတ်မြင်ချင်မှု အောင်မြင်သွားပြီး နောက်နေ့ကား ဒုတိယ ရည်ရွယ်ချက်ဖြစ်သည့် ဖူဂျီယာမကို သွားတက်ရန်နေ့ဖြစ်၏။ အအေးကြောက်သော ခရီးသွားတစ်ဦးသည် တစ်ကိုယ်လုံး လုံလုံထုပ်ရန် ကြံစည်လေ၏။ ထို့နောက် ချွေတာရေးမနက်စာစားပြီး မနက် ၈ နာရီတွင် လာကြိုသည့်ကားဖြင့် လိုက်ခဲ့ကြလေသည်။ ဒီနေ့လာကြိုသော တိုးဂိုက်မှာ ယောင်္ကျားလေးဖြစ်သည်။ ပထမနေ့က လာကြိုသူမှာ မိန်းကလေးဖြစ်၏။ နှစ်ယောက်လုံးမှာ မျက်နှာအလွန်ချိုကာ သွက်လက်ချက်ချာ၏။ သို့သော်သူတို့၏တာဝန်မှာ အဝေးပြေးဂိတ်ကဲ့သို့သော စုရပ်အထိသာဖြစ်သည်။ အလုပ်သင်ဂိုက်ကလေးများ ဖြစ်ကြဟန်တူသည်။ တကယ်သွားရမည့် ခရီးစဉ်သို့ ကားပြောင်းချိန်တွင် တာဝန်ကျသည့် တိုးဂိုက်များမှာ အသက်ပိုကြီးပြီး အတွေ့အကြုံရင့် သူများဖြစ်ကြသည်။

ခရီးသွားနှစ်ဦးသည် ကားပေါ်တွင်စောင့်ရင်း ရှေ့ခုံ၊နောက်ခုံကို စပ်စုကြ၏။ ယနေ့ကားပေါ်တွင်တော့ ပြေးကြည့်စရာ အရှေ့တိုင်းသားပါလာပြီ။ ရှေ့ဆုံးခုံမှာ တရုတ်ပြည်မကြီးမှ ကလေးပိစိလေးပါသော မိသားစုသုံးယောက်။ အံ့သြစရာကောင်းသည်မှာ ပါလာသော ကလေးပိစိလေးထံမှ ခရီးဆုံးသည်အထိ “အဲ့” ဆိုသောအသံတစ်ချက်ပင် မကြားရခြင်းပင်။ သူတို့နောက်မှာ အမေရိကန် အန်ကယ်ကြီးနှင့် အန်တီကြီး။ သူတို့နောက်မှာ မြန်မာပြည်မှ အထင်ကရ နာမည်မကျော်ခရီးသွားနှစ်ဦး။ နောက်ဘက်ခုံမှာတော့ အမေရိက၊ အင်္ဂလန် နှင့် ဆွီဒင်မှ တစ်ဦးချင်း ခရီးသွားများ။ စပ်စုပြီးသောအခါ ခရီးစဉ်ကို ပြန်ဖတ်ရင်း ကြိုတင်ရင်ခုန်ကြသည်။ ဖူဂျီတောင်တက်မည်။ ဟခုန်းနဲမှ ရေကန်ကြီးတွင် အပျော်စီးရေယာဉ်စီးမည်။ ကောင်းကင်ကြိုးရထားစီးမည်။ ကျည်ဆံရထားစီးမည်။
၉နာရီထိုးပြီ။ ကားမထွက်နိုင်သေး။ တစ်ခုခုတော့ လွဲပြီ။ ခဏနေတော့ တိုးဂိုက်ကြီးက လာပြောသည်။ ခရီးသည် ၁၂ ယောက်ကျန်နေသေးသည်တဲ့။ နောက်ထပ်လေးယောက် တက်လာသည်။ ဂိုက်ကြီးက လာတောင်းပန်ပြန်သည်။ ၈ ယောက်ကျန်သေးလို့ သည်းခံပေးပါရန်။ ၅ မိနစ်လောက်အကြာမှာ တဖုန်းဖုန်းပြေးလာသံတွေကြားပြီး ကားပေါ်သို့ လူ ၈ ယောက် တဝုန်းဝုန်း ပြေးတက်လာကြသည်။ နောက်ကျခြင်းကို တစ်ယောက်တစ်ပေါက် တောင်းပန်သွားသော လူမျိုးစုံ တပ်ပေါင်းစုကြီးဖြစ်၏။ ဒီလိုဖြင့် ၉ နာရီထွက်ရမည့်ကားသည် ၉ နာရီ ၂၀ မှ စတင်ထွက်ခွာကာ တစ်နေ့တာ၏ အလွဲခရီးကို စလေ၏။

ကားထွက်တော့ တိုးဂိုက်ကြီးက သူ့ကိုယ်သူမိတ်ဆက်သည်။ ထူးခြားတိုက်ဆိုင်စွာ သူ့အမည်မှာလည်း မနေ့က ဂိုက်မမလှလှလေးလို “ ဟိရို ” ပင်ဖြစ်နေသည်။ ခေါ်ရလွယ်ရန်သူ၏နာမည်ပြောင်မှာ “Fish”  ဟုပြောကာ ထိုအမည်ကိုခေါ်ခိုင်းသည်။ မြန်မာမှုပြုကာ ကိုကြီးငါး ဟုခေါ်လိုက်ကြသည်။
ဖူဂျီသည် တိုကျိုမြို့၏ အနောက်တောင်အရပ်တွင်ရှိပြီး တစ်နာရီခွဲခန့်မောင်းရသည်ဆို၏။ ကားထွက်တာ ၉ နာရီခွဲပဲထား၊ ၁၁ ဆိုရင် ရောက်မှာပေါ့။ ယနေ့ခရီးသည် တိုကျိုတစ်မြို့လုံးကို ဖြတ်မောင်းရသလိုဖြစ်၏။ ကိုကြီးငါး က အဆောက်အဦးတစ်ခုတွေ့တိုင်း ဘာအဆောက်အဦးဖြစ်ကြောင်း ရှင်းပြသည်။ မှတ်ဥာဏ်ကောင်းလှသော ခရီးသွားနှစ်ဦးသည် ရှေ့ပြောနောက်မေ့ဖြစ်၏။ ဇတ်လည်အောင်လိုက်ကြည့်ရင်း အကုန်ရောကုန်လေတော့သည်။ တစ်ခုနှစ်ခုမှ မဟုတ်တာ ရောမှာပေါ့နော။

ဘာအဆောက်အဦးလဲဆိုက မသိတော့ပါ  :)

တဖြည်းဖြည်းနှင့် ကိုကြီးငါး ပြောပြရသည့် အဆောက်အဦးတွေက များလာသည်။ တိုကျိုက အဆောက်အဦးတွေ များပြားလွန်း၍တော့ မဟုတ်။ ကားက မရွေ့ဘဲ မြို့ထဲမှာပင်ကြာနေသောကြောင့်တည်း။ အဘယ်ကြောင့်နည်း။ ထိုနေ့သည် စနေနေ့ဖြစ်သည့်အပြင် အစိုးရရုံးပိတ်ရက် Culture day ဖြစ်သောကြောင့်ဖြစ်၏။ Culture Day သည် ဂျပန်နိုင်ငံ ပြုပြင်ပြောင်းလဲရေး၏ အရေးပါဆုံး မီဂျီဘုရင်၏ မွေးနေ့မှတဆင့် ခေတ်အဆက်ဆက်ပြောင်းလဲကာ ဖြစ်ပေါ်လာခြင်းဖြစ်၏။ နေ့ထူးနေ့မြတ်မို့ သူတို့သည်လည်း ဖူဂျီနှင့် ဟခုန်းနဲ သို့သွားကြသည်။ ကိုကြီးငါး က ဒီလိုဆိုရင်ဖြင့် နာရီဝက်လောက်နောက်ကျပြီးမှ ရောက်တော့မည်ဟုပြောသည်။

တရွေ့ရွေ့ ရွေ့လာကြရင်း တိုးလ်ဂိတ်တစ်ခုသို့ ရောက်လာကြသည်
ထိုနေရာတွင် ကားခဏရပ်ပေးသည်။ အဆောက်အဦးလေးထဲမှ အိမ်သာမှာတစ်လုံးတည်းရှိပြီး အပြင်ဘက်တွင်တော့ ယာယီအိမ်သာများရှိ၏။ ကားပေါ်ပါလာသော အမျိုးသမီးအားလုံးတို့သည် ညီညွတ်စွာဖြင့် တစ်လုံးတည်းသော အိမ်သာသို့သာသွားကြသောအခါ အကြာကြီးစောင့်ကြရလေ၏။ ထို့ကြောင့် ကားထွက်ချိန်သည် ထပ်နောက်ကျပြန်၏။ ဖူဂျီသို့ သွားသောလမ်းသည် နှစ်လမ်းမောင်းဖြစ်သွားလိုက် သုံးလမ်းမောင်းဖြစ်သွားလိုက်။ တစ်ချို့နေရာများတွင် လမ်း၏တစ်ဘက်က တောင်နံရံ တစ်ဘက်က ကမ်ပါးယံ။ နိကို ကအပြန်လို အတွင်းလမ်းက ဆင်းမောင်းစရာ လမ်းလည်းမရှိ။ ဒီလိုဖြင့် တအိအိနဲ့သာ သွားနေကြရသည်။ နာဂိုရာ သို့  ဟု လမ်းညွှန်ဆိုင်းဘုတ်မြင်လျှင် နှစ်ဦးသား မျက်နှာလွှဲကာ မမြင်ချင်ယောင်ဆောင်ကြ၏။ သွားမှမသွားနိုင်တော့တာကိုး။

ကားတန်းကြီးက လှုပ်လှီလှုပ်လဲ့ သွားနေချိန်တွင် အစီအစဉ်ပြောင်းကာ ဖူဂျီကို အရင်မတက်ဘဲ ဟိုတယ်တွင် ထမင်းအရင်စားကြမည်ဟုသိရသော အခါ ဆာစပြုနေသူနှစ်ယောက်သည် ဝမ်းသာသွား၏။ သို့သော် နောက်ဆက်တွဲစကားကြောင့် ဝမ်းသာသမျှတွေသည် လည်ပင်းမှာတစ်ဆို့သွား၏။ ဟခုန်းနဲမှ ရေကန်ကြီးသို့ မသွားနိုင်တော့။ အချိန်လင့်သွားပြီ။ သို့သော် ကိုကြီးငါးက သူအစွမ်းကုန် အကြံထုတ်ကာ အပျော်စီးရေယာဉ်နှင့် ကောင်းကင်ကြိုးရထား စီးကြရအောင် စီစဉ်မည်ဟုဆိုသည်။ ခရီးသွားနှစ်ယောက်သည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လို့ မချိပြုံးပြုံးကာ အချင်းချင်း အားပေးကြသည်။ ဒီလိုနှင့် ထမင်းစားမည့် Fuji Highland Resort Hotel သို့ရောက်လာကြသည်။ ထမင်းစားပွဲက အသင့်ဖြစ်နေပြီ။ ပုံမှန်ဆိုလျှင် ၁ နာရီပေးသော်လည်း အချိန်လင့်နေသော ခရီးစဉ်ကြောင့် ၄၅ မိနစ်သာ ထမင်းစားချိန် ပေးသည်။
လှကား လှ၏ မဝ

ပန်းကန်ထဲမှ လှလှပပ သေးသေးကွေးကွေးလေးများသည် ဆာနေသူတို့၏ဗိုက်တွင် ဘယ်ချောင်ကပ်သွားမှန်းမသိ။ ထို့ကြောင့် အချိန်အများကြီးပိုပါသည်။ အချိန်ရှိခိုက်လုံ့လစိုက်ကာ ဝန်းကျင်တခွင်လေ့လာရန်အပြင်ထွက်ကြသည်။
အဝမှာ အလှပြထားတယ် အလဟသ ဖြစ်ကုန်တော့မှာပဲ
Resort Hotel ဘေးကပ်ရပ်က Fujikyu Highland Amusement Park

တဘက်ကစားကွင်းမှ ရိုလာကိုစတာ စီးသံသည် ဒီဘက်ဝင်းထဲမှ  ဓါတ်ပုံရိုက်နေသူနှစ်ဦးကို မဆွဲဆောင်နိုင်ပေမယ့် ပြတိုက်ဆိုင်းဘုတ်ကတော့ လာပါဟုခေါ်နေသလို။ စိတ်မကောင်းစွာဖြင့် ဆိုင်းဘုတ်လေးကို ခေါင်းခါပြခဲ့သည်။
ကာဝါဂူချီနှင့် သူ၏ဘဲလေးများ
Resort Hotel မှပြန်ထွက်တော့ ကာဝါဂူချီ ရေကန်ကြီးသို့သွားသည်။ ဟခုန်းနဲက အ့ရှိ ရေကန်မှာ စီးခွင့်မသာတော့သော အပျော်စီးရေယာဉ်အစား ဤကန်ထဲတွင်စီးနိုင်ရန် ကိုကြီးငါးက ပြောင်းလဲစီစဉ်ပေးခြင်းဖြစ်သည်။ ဟခုန်းနဲကို မသွားရတော့လို့ မျက်နှာမသာမယာ ဖြစ်ခဲ့သူနှစ်ယောက်သည် ရေကန်ကြီးကို မြင်သောအခါ ပျော်တပြုံးပြုံးပြန်ဖြစ်လာကြပြီ။ ကာဝါဂူချီကန်ကြီးက ဖူဂျီရေကန်ငါးကန်ဧရိယာ ထဲမှ ဒုတိယအကြီးဆုံးနှင့် ခရီးသွားများ အလာဆုံး ကန်ကြီး။
ကန်ရေကို ဖြတ်တိုက်လာသောလေသည် အေးလေစွ

လေကအေးသော်လည်း ရေယာဉ်၏ အပေါ်ထပ်ကိုသာ တက်ခဲ့ကြသည်။ ကမ်းမှ စထွက်သည်နှင့် ကင်မရာလေးတွေ အလုပ်များတော့သည်။ ကန်ကို တစ်ပတ်ပတ်ပြီး ပြန်လှည့်ချိန်မှာတော့ သူတို့ကိုအနားပေးလိုက်သည်။ သဘာဝအလှတရားကို ပကတိမျက်စိဖြင့်သာ ခံစားလိုတော့သည်။
ရေကန်ထဲမှ မြင်ရသော ဖူဂျီ၏ အလှ
စီးခွင့် ရနိုင် မရနိုင် မသေချာသေးသော ကောင်းကင်ကြိုးရထား

ကောင်းကင်ကြိုးရထားကို ဖူဂျီတောင်မှ အပြန်မမှောင်သေးလျှင်တော့ စီးခွင့်ရမည်။ ဒီလိုဖြင့် ဂိုတမ်ဘမြို့ကလေးကိုပတ်ကာ တောင်တက်ခရီးစခဲ့သည်။
ဂိုတမ်ဘမှာလည်း သစ်ရွက်လေးတွေ ဝါပြီ
ဖူဂျီတောင်သို့တက်ရန် လမ်းငါးသွယ်ရှိပြီး ယခုသွားနေသောလမ်းကတော့ ဧည့်သည်ခရီးသွားများအတွက် ဦးစားပေးလမ်း။ အိမ်ရှင်ဂျပန်လူမျိုးများကတော့ တခြားလမ်းများက သွားတတ်သည်ဆို၏။ ဟုတ်ပါလိမ့်မည်။ မနက်က တစ်လမ်းလုံး ပိတ်နေသော ကားလေးများကို လုံးဝမတွေ့တော့။ တိုကျိုအထွက်ကတည်းက ဧည့်သည်ခရီးသွားတွေကို ဦးစားပေးခဲ့ရင် သိပ်ကောင်းမှာပဲဟုတွေးမိသည်။ အနှီခရီးသွားသည် ဤသို့လည်း လောဘကြီးတတ်၏။ ထင်းရှူးပင်တွေ၊ အရောင်ပြောင်းစ မေပလ်ပင်တွေနှင့် တောင်တက်လမ်းသည် လှချင်တိုင်းလှနေတော့သည်။ ဖူဂျီတောင်ထိပ်သို့ရောက်ရန် လမ်းတစ်လျှောက် စခန်း ၁၀ ခုရှိသည်။ ကားများက အမှတ် ၅ စခန်းသာ အထိသာ တက်လို့ရသည်။ လမ်းငါးသွယ် အတွက် အမှတ် ၅ စခန်းသာများကလည်း မတူ။ တစ်ခုစီဖြစ်၏။
စခန်းသာမှ ဆိုင်ခန်းများ

ညနေ ၃ နာရီ ကျော်ကျော်မှာ အမှတ် ၅ စခန်းသာသို့ရောက်သည်။ လက်ဆောင်ပစ္စည်းဆိုင်နှင့် တွဲထားသော စားသောက်ဆိုင်များမြင်တော့ ကျိုက်ထီးရိုးမှ တည်းခိုဆိုင်တန်းများကို သတိရမိသည်။ ကားပေါ်မှဆင်းဆင်းချင်းမှာ တောင်အောက်ဘက်မှ တရွေ့ရွေ့လိမ့်တက်လာနေသော မြူနှင်းထုကြီးကို မြင်ရသည်။ နှစ်ယောက်သား ဆိုင်ခန်းတစ်ခု၏ လသာဆောင်ကို အပြေးအလွှားတက်ကြသော်လည်း မြူနှင်းထုကြီးနှင့် အပြေးပြိုင်သောပွဲမှာ ရှုံးလေ၏။ အပေါ်ရောက်သွားချိန်မှာ ဖူဂျီတောင်ကြီးကို မမြင်ရတော့။ မြူနှင်းတို့ဖြင့် ကွယ်သွားပြီ။ အင်းလေ သူကပိုမြန်မှာပေါ့။ လှေကားမှ မတက်ရတာ။
ဘုရားစူး အဲ့ဒီ့အနောက်မှာ ဖူဂျီတောင်ကြီးရှိတယ် တကယ်

အပြေးအလွှားတက်သွားသူနှစ်ယောက်သည် အခုမှ မောရကောင်းမှန်းသိကာ အိပဲ့အိပဲ့ ပြန်ဆင်းကြ၏။ အတက်တုန်းက မမြင်လိုက်သောအရာများ၊ မဖတ်လိုက်သောစာများကို မှတ်တမ်းတင်ကြသည်။ လက်ဆောင်ပစ္စည်းဆိုင်ထဲ ဝင်မွှေကြသည်။ သန့်စင်ခန်းဝင်သော် တောင်ပေါ်တွင်ရေရှားသောကြောင့် အလကားမဝင်ရ။ ယန်း ၁၀၀ ပေးရ၏။

ဘယ်သူ့ခြေထောက် အဲလောက်ကြီးသလဲ

ဆိုင်တန်းများ၏နောက်တွင် ဘုရားကျောင်းလည်းရှိသေးသည်။ မြူနှင်းတို့က ဝေနေတုန်း ၁၅ ပေကျော်ကျော်လောက်ဆို ဘာမှ မမြင်ရတော့။ ခရီးသွားနှစ်ယောက်ကတော့ ပျော်နေသည်။ ဘာမှ မမြင်ရလည်းပျော်သည်။ စကားပြောလိုက်တိုင်း ပါးစပ်က အငွေ့လေးတွေ ထွက်လာတာကိုလည်းပျော်သည်။ သဲသဲကွဲကွဲ မမြင်ရတာတွေကို ဓါတ်ပုံလျှောက်ရိုက်ကြသည်။
ဒီမှာလဲ နောက်တရံ၊ ဘယ်ဟာ စီးမလဲ

ဘုရားကျောင်းက ပြန်ထွက်လာပြီး ရှေ့ဆက်သွားတော့ မြင်းစောင်းတစ်ခုသွားတွေ့သည်။ ရှေ့ခရီးကို ဤမြင်းတွေနှင့် ဆက်လို့ရသည်ဆို၏။ ဤနေရာတွင်ပင် ချမ်းတုန်နေသူသည် နှင်းဖုံးနေသော တောင်ထိပ်ရောက်ရန် စိတ်ကူးနှင့်ပင် မသွားတော့။
သူတို့မှာတော့ အနွေးထည်မပါပါလား

စုရပ်ကို ပြန်လာတော့ မြူနှင်းတို့ ပြယ်စပြုပြီ။ ကားသည် ထုံးစံအတိုင်း ၈ ယောက်အုပ်စုကို စောင့်ရပြန်၏။ စောင့်နေကြတုန်းမှာ ခရီးဖော် ဆွီဒင်အမျိုးသားကြီးမှ စကားစမြည်လာပြောရာ မြန်မာပြည်က ခရီးသွားများဆိုတော့ အံ့သြနေလေတော့သည်။
ဒီနေ့တော့ 4D နံပါတ်ပေးပြီ

ကားပြန်ထွက်လာပြီး တစ်နေရာရောက်တော့ ကိုကြီးငါးက ကားကို ငါးမိနစ်ရပ်ပေးသည်။ သူ၏ခရီးသွားများ စောစောက ဖူဂျီတောင်ကြီးကို မမြင်လိုက်ရမှန်းသိလို့ မြူအပြယ် ရှုခင်းသာရာမှာ ခဏရပ်ပေးခြင်းဖြစ်သည်။ တကားလုံး တဝုန်းဝုန်း ပြေးဆင်းကြပြန်သည်။ ကင်မရာတွေတစ်လုံးပြီး တစ်လုံး သူ့လက်ထဲရောက်လာရာ တိုးဂိုက်ကိုကြီးငါးမှာ သူ့စကားနှင့်သူ ငါးမိနစ်အတွင်း လက်မလည်အောင် ရိုက်ပေးရလေတော့သည်။
သင့်အားမြင်ရလေပြီ မောင့်ဖူဂျီ

ထိုနေရာမှ ထွက်လာတော့ ၄ နာရီခွဲကျော်ပြီ။ နေဝင်တာမြန်လှ၏။ တဖြည်းဖြည်းနဲ့မှောင်လာပြီ။ တောင်ခြေရောက်လို့ ၅ နာရီကျော်ချိန်မှာတော့ ကောင်းကင်ကြိုးရထားစီးရန် အလင်းရောင်မရှိတော့။ လွဲရပြန်ပါပြီ။
သုံးမည်ရ မောင့်ဖူဂျီ
သဘောကောင်းလွန်းသော တိုးဂိုက်ကြီးမှာ ခရီးသွားများ စိတ်မပျက်ရလေအောင် ဖူဂျီကိုရေးဖွဲ့ထားသော ဂျပန်သီချင်း ဆိုပြသည်။ ဘာတွေမှန်းတစ်လုံးမှ နားမလည်ပေမယ့် နားထောင်၍တော့ ကောင်းလှသည်။ ဖူဂျီတောင် အကြောင်းရှင်းပြသည်။ ဖူဂျီဆိုသော စကားလုံးကို သုံမျိုးဖွင့်ဆိုကြသတဲ့။ စစ်သည်တော်၊ ထပ်တူမရှိ၊ အဆုံးမရှိ ဟု ဆိုကြ၏။ တိမ်တွေနှင့် ပုံးကာ၊ကွယ်ကာ ရှက်တတ်သော မိခင်တောင်ကြီးဆိုသည့် အတွက် စစ်သည်တော် ဆိုသည့် အဓိပ္ပါယ်က မလိုက်ဖက်လှ။ ထပ်တူမရှိသော အလှတရားပိုင်ဆိုင်ရာသာ ဖြစ်ပေလိမ့်မည်။
ခရီးဆက်ကြရင်း ဟခုန်းနဲ ကို ရောက်လာသည်။ လျှပ်စစ်နှင့်ပက်သက်လျှင် နာမည်ကြီးလှသော ဂျပန်နိုင်ငံ၏ နယ်မြို့လေးသည် အမှောင်ထုအောက်မှာ ငြိမ်သက်အေးချမ်းနေသည်။ ကားကဟိုင်းဝေးလမ်းက သွား၍ပဲလားမသိ ကြည့်လေရာရာ မဲမဲသာမြင်ရ၏။
ရှင်းကန်းဆန်လက်မှတ်
ဘူတာနှင့်နီးလာတော့ ကိုကြီးငါး က ရထားလက်မှတ်လေးတွေ တစ်ယောက်ချင်း လက်ထဲအရောက်သေချာလိုက်ဝေသည်။ ကျဉ်ဆံရထား လက်မှတ်ဖြစ်သည်။ ဈေးကြီးလှကြောင်းပြော၍ မပျောက်စေရန် တဖွဖွမှာသည်။
ရင်နာရမှာစိုး၍ နံပါတ် ၁၃ ဘက် လှည့်မကြည့်ခဲ့

အိုဒါဝရ ဘူတာ၏ တိုကျိုသွားမည့်ဘက်မှာ စောင့်ရင်း အနှီရှင်းကန်းဆန်ဆိုသော ကျဉ်ဆံရထားသည် မည်မျှမြန်ကြောင်း သိချင်နေကြသည်။
တခြားဘက်မှ အတမိ သို့သွားမည့် ရှင်းကန်းဆန်
အလယ်တွင် ရထားလမ်း တစ်လမ်းရှိသေးသည်။ ခဏနေတော့ ဝေါကနဲ အသံနှင့်အတူ အလယ်လမ်းမှ ရှင်းကန်းဆန်တစ်စီး ဖြတ်မောင်းသွားတော့သည်။ သိမ့်ကနဲဖြစ်သွားသော ဘူတာပလက်ဖောင်းပေါ်မှနှစ်ဦးသည် တောသားမြို့ရောက် မျက်လုံးအပြူးသားလေးများနှင့် လိုက်ကြည့်ကြလေ၏။ တိုကျိုသွားမည့် ရှင်းကန်းဆန်လာသောအခါ မနက်က ၃ နာရီကျော်ကြာအောင် ကားစီးခဲ့ရသော ခရီးကို ၄၅ မိနစ်ဖြင့် ပြန်ခဲ့ကြလေသည်။ အချိန်ကို ငွေပေး၍ဝယ်မရဆိုသောစကားကို နည်းနည်းတော့ ဆင်ခြေတက်ချင်လာမိသည်။ တိုကျိုပြန်ရောက်သောအခါ တာဝန်ကျေသော ကိုကြီးငါးသည် ဆုကိဂျိဘူတာလေးသို့ သွားမည့် ဘူတာပေါက်ဝအထိ လိုက်ပို့ပေးလေသည်။
ဆုကိဂျိသို့ ပြန်ရောက်ပြီ

တစ်နေ့တာ လွဲခဲ့သမျှ နောက်ဆုံးမှာတော့ အဆင်ပြေကာ ချောချောမောမော ပြန်ရောက်သွားသည်။

တစ်ယောက်ယောက်က ဆက်ပါဦးမည်။


ညိုလေးနေ

3 comments:

ညီလင်းသစ် said...

ဖူဂျီကို သွားတဲ့ခရီးက တကယ့်ကို အလွဲလွဲတွေနဲ့ အပြေးအလွှားပါပဲလား မညိုလေးနေရေ...၊း) မြင်ချင်လွန်းလို့ အဝေးကြီးက လာခဲ့ရသူတွေ အပေါ်တောင် ဖူဂျီက သွေးကြီးလှပါလား...၊

အစီအစဉ်တွေ လွဲချော်ခဲ့ရပေမယ့် အရှိတရားကို လက်ခံနိုင်တဲ့ မြန်မာပြည်က အထင်ကရ နာမည်(မ)ကျော် ခရီးသွားနှစ်ဦးကို လေးစားမိတယ်၊ ဖတ်နေရင်းမှာ ကြိုကြားကြိုကြား တွေ့ရတဲ့ ပြုံးချင်စရာ ဇဝန အတို့အထိလေးတွေကိုလည်း နှစ်သက်သဘောကျ မိပါတယ်၊ တစ်ယောက်ယောက်က ဆက်မယ်ဆိုတဲ့ အပိုင်းကိုလည်း မျှော်လင့်လျက်ပါဗျား...။း)

မိုးနတ်ကြယ်စင် said...

ဘယ်သူပဲရေးရေး..ကောင်းတာပါပဲ..
ကိုညီလင်းပြောသလို ဇ၀နညဏ်ကတော့ တကယ်သန်သကိုး..
ကောင်းပါပေ့.....အပျင်းလဲပြေ...ဗဟုသုတလဲရ...အသိညဏ်တွေလဲ
တိုးသကွာ....ဆက်ပါနော်...အပိုင်း (၄) ကိုလေ...မျှော်နေတယ်ဒီက.
တဖြေးဖြေးနဲ့ ဇာတ်ရှိန်ကမြင့်လာပြီလေ...
ခင်တဲ့...မိုးနတ်..
(ဒါထက် မောင့်ဖူဂျီယာမ သိပ်လှသဗျာ....)

ညိုလေးနေ said...

ဖူဂျီကပဲ သွေးကြီးသလား မြူတွေကပဲ မနာလိုဖြစ်သလား မပြောတတ်တော့ပါဘူး အစ်ကိုညီလင်းသစ်ရယ်

မိုးနတ် ... အားပေးတာ ကျေးဇူးပါ
ဟုတ်တယ် မောင့်ဖူဂျီက သိပ်လှပြီး အဝေးကြီးကတောင် မြင်ရလို့ သူတို့သိပ်ချစ်ကြ၊ ဂုဏ်ယူကြတယ်

Post a Comment