Sunday, October 20, 2013

အမှောင် ထဲက လင်းတဲ့ "သူ"


 

တဆင့်ခံ အလင်းရှင်တဲ့
နားလည်မပေးနိုင်သူတွေက ပြောကြတယ်
 
ကိုယ်ပိုင် အလင်းမရှိသူတဲ့
မညှာတာသူတွေက ပြောရက်တယ်
 
လေ ကျီစား တာပေမယ့်
တိမ်တွေကြားမှာ ပုန်းရှောင်သတဲ့
 
အရိပ်လွှမ်းခံရသူကို
ငပုတ်ဖမ်းခံရသူတဲ့
 
စွပ်စွဲကြသေးတယ်
ဖြားယောင်းတတ်သူ ဆိုပဲ
 
တကယ်တော့
ဆင်းရဲချမ်းသာမရွေး ကလေးလေးဆို
ထမင်းဆီဆမ်း ရွှေလင်ဗန်းနဲ့ပေးချင်သူ
 
ဂျူတီချိန် မရောက်သေးလည်း
ကောင်းကင်ပေါ်မှာ ကိုယ်ရောင်ဖျောက်လို့
တိတ်တိတ်ကလေး ရောက်နေသူ
 
ကိုယ့်မှာ အလင်းမရှိတာတောင်မှ
အများကို မမှောင်စေချင်သူ
 
တစ်ရက်လေး ထိန်ထိန်လင်းပေးနိုင်ဖို့
တစ်ဆ တစ်ဆ စုလာခဲ့ရသူ
 
မေတ္တာတရားလို
သာတူညီမျှ အေးချမ်းစေချင်သူ
 
လရောင်ဆမ်းလို့ လန်းဆန်းစေချင်သူ
 
x x x x x
 

ညိုလေးနေ
17.10.2013 (1:15 am )

2 comments:

Yoemyaykya said...


နှစ်လိုဖွယ် ကဗျာလေး တိတ်တိတ်လာဖတ်သွားပါတယ်။

ညိုလေးနေ said...

ရိုးမြေကျရဲ့ ကော်မန့်လေးကိုလည်း တိတ်တိတ်သိမ်းထားလိုက်ပါတယ် :)

Post a Comment