Wednesday, January 22, 2014

မစွဲဘဲ စွဲသော အစွဲ



 

အခန်းတံခါးပွင့်လာသံနှင့်အတူ တောက် ခနဲ မီးခြစ်သံပါ တပြိုင်နက်ကြားလိုက်ရသည်။ ကွန်ပျူတာက မျက်နှာခွါပြီး လှည့်မကြည့်နိုင်ပေမယ့် ကိုဇေ မှန်းသူသိလိုက်သည်။ ခဏနေရင် ဆေးလိပ်နံ့ပါ လိုက်လာတော့မည်။

" ကိုဇေ မအိပ်သေးဘူးလား "

" အေး ဒီမှာ စာအုပ်ဖတ်ကောင်းနေလို့ "

ဒီတစ်ခါတော့ စာအုပ်ဆိုသောစကားကြောင့် သူလှည့်ကြည့်မိသည်။ လက်တစ်ဘက်က စာအုပ်ကိုင်လျက် တစ်ဘက်ကလည်း ဆေးလိပ်အဖွာမပျက်။ သူလှည့်ကြည့်တာကိုပင် သတိမထားမိဘဲ သည်းကြီးမဲကြီး ဖတ်နေသည်။ စာအုပ်ကို ကြည့်လိုက်တော့ သူ မြန်မာပြည်ခဏပြန်တုန်းက ဝယ်လာခဲ့သော ဦးနု၏ တာတေစနေသား စာအုပ်။

" ကိုပေ က တာတေ အကြောင်းဖတ်ဖို့ လိုသေးလို့လားဗျာ "

" ဘာ ... ဘာပြောလိုက်တယ် "

မကြားလိုက်လို့တော့ ဟုတ်ဟန်မတူ။

" သြော် ... ကိုပေ က တာတေ အကြောင်းဖတ်ဖို့ လိုသေးသလားလို့ ... အဟက် "

သူထပ်ပြောလိုက်တော့ ဘာကိုဆိုလိုမှန်း သဘောပေါက်သွားသော ကိုဇေ က မခံချိမခံသာပြုံးသည်။

" ကောင်လေးရာ မင်းအလုပ် မင်းပြီးအောင်လုပ်စမ်းပါ ည ၂ နာရီထိုးတော့မယ်ကွ "

သူဆက်ပြောလာမှာတွေကို ရှောင်ကာ ကိုဇေ စာဆက်ဖတ်နေသည်။ သူလည်းထပ်မပြောအားတော့။ ဒီအစီရင်ခံစာက ဒီညပြီးမှ ဖြစ်မည်ဟူသော အတွေးဝင်လာသောအခါ ကိုဇေ နှင့် ဆေးလိပ်က သူ့အာရုံထဲမှ အလိုလို ထွက်သွားသည်။

အလုပ်တွေပြီးသွားလို့ နာရီကြည့်လိုက်တော့ ၂ နာရီခွဲပြီးပြီ။ ကွန်ပျူတာဖွင့်ဖွင့်ချင်းတစ်ခါ ပိတ်ခါနီးတစ်ခါ အီးမေးလ် စစ်တတ်သော သူ့ထုံးစံအတိုင်း ဂျီမေးလ်ကို ဖွင့်လိုက်မိသည်။

" လူမိုက်ပဲ "

ဂျီမေးလ်ဖွင့်ဖွင့်ချင်း မြင်လိုက်ရသော စာတန်းလေး တစ်ခုကြောင့်ပြုံးမိသည်။ လူမိုက်က ဘယ်သူဆိုတာကို သူသိနေပြီး ဘယ်လိုမိုက်တယ်ဆိုတာလည်း သိနေသောကြောင့်ဖြစ်သည်။ ပို၍ သေချာချင်သောကြောင့် လှမ်းမေးလိုက်မိသည်။

" ဘယ်နှခွက်တောင်သောက် လိုက်လို့လဲ "
" နှစ်ခွက်တည်းပါ။ မနက်က တစ်ခွက်သောက်ပြီး  ညနေ ၃ နာရီမှာ တစ်ခွက်ထပ်သောက်လိုက်မိလို့ "

သူ၏ တစ်ဦးတည်းသော မမ လက်ဖက်ရည်ကြိုက်လွန်းသူ၏ အိပ်မပျော်သော ဇာတ်လမ်း။ အရင်က
မနက်၊ နေ့လည်၊ ညနေ တစ်နေ့သုံးခွက်လောက် သောက်တတ်တဲ့ မမက အခုတော့ အိပ်မပျော်တာတွေ ဖြစ်လာလို့ လျော့ဖို့ကြိုးစားနေဆဲ။ လူတစ်ကိုယ် အကြိုက်တစ်မျိုးဆိုတော့လည်း ခက်သားလား။ မမ ကြိုက်လွန်းတဲ့အရာမို့ ဖြတ်ပါလို့ သူ မပြောရက်ခဲ့ဘဲ လျော့ဖို့သာပြောဖူးသည်။ လူတွေက ကိုယ်ကြိုက်နှစ်သက်တဲ့ အစားအစာ တွေကိုတောင်မှ စွဲလမ်းစိတ်နဲ့ မပြတ်နိုင်ကြတာ ထို့ထက်ပိုတာတွေဆိုရင် ပိုဆိုးတော့မှာပေါ့။ မမက မိန်းကလေးဖြစ်ပြီး လက်ဖက်ရည်ကြိုက်တာမို့သာ တော်တော့သည်။

" အရက်သမားတွေလည်း အဲလို မဖြတ်နိုင်ကြတာလား မသိဘူး "               

သူ့အတွေးက ကွန်ပျူတာလက်ကွက်တွေပေါ်ရောက်သွားသလို နှုတ်ကလည်း မထင်မှတ်ဘဲ ထွက်သွားမိသည်။
မမ ဆီက ဟွန်းးးး  ဆိုသော စကားလုံးနဲ့အတူတူ မှုန်ကုပ်ကုပ်ရုပ်ပုံလေး ရောက်လာသလို ကိုဇေ့ ထံမှလည်း မင်းကလည်းကွာ  ဆိုပြီး မကျေမနပ်လေသံထွက်လာတော့ သူအသံထွက်အောင် ရယ်လိုက်မိသည်။

" ကျွန်တော်က ကိုပေ အဲ ....  ကိုဇေ ဆေးလိပ်မဖြတ်နိုင်တာကို ရွဲ့ပြောနေတာ၊ မဟုတ်ပါဘူးဗျာ။ ရန်ကုန်မှာ မမ က လက်ဖက်ရည်မဖြတ်နိုင်ဘဲ အိပ်မပျော်ဘူးဆိုလို့ ဆက်ပြီးတွေးမိသွားလို့ပါ "

" မင်း အစ်မက ငါ့ သတိရနေလို့ ဖြစ်ရင်ဖြစ်မှာပါကွာ "

" ခင်ဗျား ဆေးလိပ်ဖြတ်နိုင်လို့ကတော့ ကျွန်တော်က အောင်သွယ်ပေးပါတယ်ဗျာ။ အခုတော့ ကိုယ့်အစ်မ ငယ်ငယ်ရွယ်ရွယ်နဲ့ မုဆိုးမဖြစ်မှာ ဘယ်သူက ကြည့်ရက်မှာလဲ "     

သူ ခပ်သောသောလေး ပြန်တွယ်တော့လည်း သဘောကောင်းသော ကိုဇေ က ရယ်နေသည်။ သူကိုယ်တိုင်သည်လည်း ဆေးလိပ်မသောက်၊ အရက်မသောက်သော အလွန်လိမ္မာသူတစ်ဦးတော့မဟုတ်။ တစ်ခါတစ်လေ ဆိုသော အကြောင်းပြချက်တွေနဲ့ သောက်မိတတ်ပေမယ့် ကိုဇေ့လို အင်မတန် ထက်မြတ်သော ပညာရှင်တစ်ယောက် ဆေးလိပ်မီးကူးသောက်နေသောအဖြစ်ကို သူမမြင်လိုတော့။
" တကယ်ပြောတာ ကိုဇေ ရ။ ကျွန်တော်တွေးမိတာက လူတွေရဲ့ စွဲလမ်းတပ်မက်တဲ့ စိတ်လေးပါ။ လက်ဖက်ရည်လို၊ လက်ဖက်သုတ်လို၊ ငါးပိရည်လို စားစရာတွေတောင် ကျန်းမာရေးထိခိုက်နိုင်ပေမယ့် ကိုယ်နှစ်သက်တဲ့ အစားအစာတွေမို့ ဖြတ်ပစ်ဖို့ခက်နေတာ အရက်လို၊ ဘိန်းလို မူးယစ်စွဲလမ်းစေတဲ့ အရာမျိုး စွဲမိလို့ကတော့ မလွယ်ဘူး။ တချို့အရက်သမားတွေလည်း သိသိနဲ့ အဲဒီ့ စိတ်ကလေးကို မနိုင်လို့ ဆက်သောက်ဖြစ်နေကြတာနေမှာ။ ကျွန်တော်က ပြစ်တင်ဝေဖန်နေတာ မဟုတ်ဘူး။ ကိုယ်ချင်းစာတဲ့ စိတ်နဲ့ တွေးမိလို့။ စိတ်က စကားလုံးလေး တစ်လုံးတည်းပေမယ့် နိုင်ဖို့ တော်တော်ခက်သား။  ဗုဒ္ဓဘုရားက စိတ္တာဓိပတိ လို့ဟောခဲ့တာ သိပ်ကိုမှန်တာပဲ "

စကားကို သူ တမင် အဆုံးသတ်လိုက်သည်။ သူ့ထက် စာပိုဖတ်သော၊ အသက်အရွယ် အတွေ့အကြုံပိုကြီးသော၊ စဉ်းစားတွေးခေါ်တတ်သော ကိုဇေ့ကို ဒီ့ထက်ပိုလို့ မပြောလို။ သူ့စကားအဆုံးမှာ ကိုဇေ တခဏ အသံတိတ်ကာ ခပ်ငေးငေး ဖြစ်သွားသည်။

" အိပ်တော့ အိပ်တော့ မနက်လည်း မင်းက အစောကြီး အလုပ် သွားရဦးမှာ "

ပြောပြောဆိုဆိုဖြင့် ကိုဇေ အခန်းထဲဝင်သွားတော့ သူလည်း ကွန်ပျူတာပိတ်ကာ လိုက်ဝင်ခဲ့တော့သည်။
နှိုးစက်ပေးရန် လက်ကိုင်ဖုန်းကိုယူလိုက်မှ လွန်ခဲ့သည့် ၃ နာရီလောက်က ရောက်နေသော ( Viber Message ) ဗိုင်ဗာမက်စေ့ခ်ျလေးတစ်ခုကို တွေ့ကာ သူအားနာ သွားမိပြန်သည်။ ညစဉ်မပြတ်နှုတ်ဆက်တတ်သော ချစ်သူအား သူ့ဘက်မှ ပျက်ကွက်တာတွေ များလှပြီ။ သို့သော် သူကံကောင်းပါသည်။ သူချစ်သော ထိုမိန်းကလေးသည် သူထင်ထားတာထက် သည်းခံနိုင်လွန်းသည်။ ဘယ်အရာကိုမှ အစွန်းရောက် မစွဲလမ်းမိအောင် သတိထားတတ်သော သူသည် သူမ၏ စွဲစွဲလမ်းလမ်း သံယောဇဉ် ကြီးတတ်လွန်းတာကိုတော့ သတိမပေးနိုင်ဘဲ သာယာနေမိသည်။ အခုလောလောဆယ်တော့ မလိုသေးပါဘူးလေ ဟု ကိုယ့်ဘက်ကိုယ်ယက်တွေးကာ ကျေနပ်စွာပင် ပြုံးမိသေးသည်။

" ဂွတ်နိုက် "

မက်စေ့ခ်ျပြန်ပို့အပြီး ဗိုင်ဗာဆက်သွယ်သူ စာရင်းမှာ သူမ တင်ထားသော ( profile photo ) ဓါတ်ပုံလေးကို ကြည့်နေရင်း အမှတ်မထင်ဘဲ နောက်တစ်ယောက်ရဲ့ ပုံကိုလည်း မြင်လိုက်မိသည်။

" ဘာပုံကြီးပါလိမ့် "

ဓါတ်ပုံတွေ ကိုယ်စီကိုယ်စီ တင်ထားကြသော ဗိုင်ဗာဆက်သွယ်သူ စာရင်းမှာ သူ၏ သူငယ်ချင်းတစ်ဦးက ဘာပုံကြီးတင်ထားမှန်း ရုတ်တရက်မသိ။ ည ၂ နာရီအထိ ကွန်ပျူတာကြည့်ထားသော သူ့မျက်စိက ဝေဝါးနေတာကြောင့်လည်း ဖြစ်နိုင်သည်။ စင်္ကြာလိုလို၊ ဒလက်လိုလိုမို့ သူ အကြီးချဲ့ကာကြည့်မိသည်။

" အာ ကားဘီးဖုံးကြီးပဲ။ ငါးမတ် ကတော့ လုပ်တော့မယ် "


သူများတကာ အလှဓါတ်ပုံတွေ၊ သားသမီးပုံ၊ ပန်းပုံ၊ အိမ်မွေးတိရစ္ဆာန်လေးတွေပုံ တမျိုးပြီးတမျိုး ပြောင်းပြီးတင်နေချိန်မှာ သူ၏သူငယ်ချင်း ငါးမတ် က ကားဘီးဖုံးကို အနီးကပ်ရိုက်လို့ ဗိုင်ဗာမှာတင်ထားတာ ရုတ်တရက်တော့ ဝိုင်းဝိုင်းကြီးမှာ အချွန်အတက်တွေ စိုက်နေတာသာမြင်ပြီး ဘာပုံမှန်းမသိ။ ငါးမတ် လုပ်နေသောလုပ်ငန်းကို သတိရမိတော့လည်း ထိုပရိုဖိုင်ပုံက အဆန်းမဟုတ်တော့။

" အင်းလေ ငါးမတ်ဆိုတဲ့ နာမည်ရထားတဲ့ ဒီကောင်က ဒီလိုပဲဟာ ငါသာ ငတုံးမို့ အကြီးချဲ့ကြည့်မိတာ "

သူ့ကိုယ်သူ ကင်ပွန်းတပ်ကာ ရယ်ရင်း ခုတင်ပေါ် လှဲချလိုက်ချိန်မှ လူက တော်တော်လေး  ညောင်းညာနေတာ သတိထားမိလိုက်သည်။ ခေါင်းအုံးနှင့် ခေါင်းထိမိပြီး မကြာခင်မှာတော့ သူနှစ်ခြိုက်စွာ အိပ်ပျော်သွားခဲ့သည်။

x x x x x x x

သွားပြီ။ ဆိုင်ကယ်တစ်စီးရပ်နိုင်ဖို့ကို ယာဉ်ရပ်နားရာ အဆောက်အဦ၏ ဘယ်နှထပ်ကို ဘယ်နှကြိမ် ပတ်ရဦးမည်မသိ။ ညက အိပ်ယာဝင်နောက်ကျ၍ ၁ဝ မိနစ်ခန့် ရုံးအလာ နောက်ကျခြင်း၏အကျိုး။

တတိယထပ်မှာဆိုင်ကယ်ရပ်စရာနေရာတွေ့ပြီ။ ဓါတ်လှေကားနဲ့ တော်တော်လေး ဝေးပေမယ့် နောက်ထပ် နေရာထပ် မရှာချင်တော့။ ဆိုင်ကယ်ရပ်ပြီး ဓါတ်လှေကားဆီသွားရန် ခြေလှမ်းအစမှာ ဘေးက ရပ်ထားသော ကားဘီးဆီသို့ သူ့အကြည့် ရောက်သွားသည်။

" ဒီဘီးက ပုံစံ တစ်မျိုးပဲ "

သူ့စိတ်ထဲက မှတ်ချက်ချလိုက်ကာ ဘေးကနောက်တစ်စီး၏ ဘီးကိုကြည့်မိသည်။ အဲဒီ့နောက် ... နောက်တစ်စီး ... နောက်တစ်စီး ... ဓါတ်လှေကားသို့သွားရာလမ်းတစ်လျှောက် ၂ဝ ကျော်ခန့်ရှိသော ကားအစီးတိုင်း၏ ဘီးတိုင်းကို သူကြည့်လာမိသည်။

" တစ်စီးမှ မတူကြပါလား။ အေးလေ ဘယ်တူမလဲ ကားကုမ္ပဏီမျိုးစုံက ကားအမျိုးအစားပေါင်းစုံရဲ့ ဘီးတွေပဲကိုး "
သူကြည့်လာသော ကားတို့၏ ဘီးဖုံးတွေသည် ခဲရောင်၊ ငွေရောင်၊ အမဲရောင်၊ အဖြူရောင်၊ သတ္တုပြားအကြီး၊ အသေး၊ သတ္တုချောင်းမျှင်မျှင်၊ ထူထူ၊ ခပ်စောင်းစောင်း၊ အတည့်  စသဖြင့် ဒီဇိုင်းမျိုးစုံဖြစ်ကာ မတူညီကြ။

" မတူတော့ရော ဘာဖြစ်လဲ။ ငါဘာဖြစ်လို့ ဘီးတွေတူမတူ လိုက်ကြည့်မိနေတာလဲ "

သူ့ကိုယ်သူ သတိထားမိလို့ စမ်းစစ်ကြည့်လိုက်တဲ့ အခိုက်အတန့်မှာ လျှပ်စီးလက်သလို ဦးနှောက်ထဲ လင်းကနဲ စီးဝင်လာသော အတွေးတစ်စကြောင့် ဓါတ်လှေကားရှိရာသို့ သွားနေသော ခြေလှမ်းတို့ပင် ရပ်တန့်သွားသည်။

ငါးမတ်ရဲ့  ဗိုင်ဗာပရိုဖိုင်ဖိုတို ကားဘီးဖုံး

မှတ်ဉာဏ်ထဲတွင် ထင်ကျန်ခဲ့သော ထိုကားဘီးဖုံးကို မျက်စိရှေ့က ကားဘီးများအကြား မသိစိတ်က လိုက်ရှာနေမိခြင်း။ အစားအသောက်တွင်ဖြစ်စေ၊ အဝတ်အစားတွင်ဖြစ်စေ၊ အသုံးအဆောင်ပစ္စည်းတွင်ဖြစ်စေ     သိစိတ်ရဲ့ စွဲလမ်းခြင်းတွေ မရှိအောင်                တတ်နိုင်သမျှ လေ့ကျင့်နေထိုင်ခဲ့ပေမယ့် သူသတိမထားမိခဲ့သော မသိစိတ်ရဲ့ စွဲလမ်းခြင်းက ကားဘီးဖုံးနဲ့အတူ ပေါ်လာခဲ့ပြီ။ တကယ်တော့ ထိုကားဘီးဖုံးကို ချစ်ခင်စိတ်နဲ့ စွဲလမ်းခြင်းမဟုတ်သလို မုန်းတီးစိတ်နဲ့ စွဲလမ်းခြင်းလည်းမဟုတ်။ ဘာပါလိမ့် ဟု သိချင်စိတ်တစ်ခုနဲ့ မိနစ်ဝက်မျှ အချိန်ကလေးပေးကာ စပ်စုခြင်းမှသည် မှတ်ဉာဏ်ထဲတွင် ထင်ကျန်နေခဲ့ခြင်း။

အိပ်မက် မက်တတ်သူတို့က အိပ်ခါနီး မြင်၊ ကြား၊ တွေ့ အာရုံတွေကို အိပ်မက်ထဲသို့ ခေါ်ဆောင်သွားတတ်သည်။ သူကတော့ အိပ်မက် မက်ခဲသူမို့ မသိစိတ်ရဲ့ စွဲလမ်းတတ်မှုကို သိပ်သတိမထားမိခဲ့။ စာတွေ့အနေနဲ့ အကြိမ်ပေါင်းများစွာ ကြားနာသိရှိဖတ်ရှုခဲ့ရသော အမြင်၊ အကြား အာရုံတစ်ခုခုကို သတိလက်လွတ် စွဲလမ်းသွားမိတတ်သော ဘဝကူးခါနီး စွဲလမ်းစိတ်ဆိုတာ ဒီလိုများလား။ တပ်အပ်သေချာသည့် အဖြေတစ်ခု သူ့ကိုယ်သူ မပေးနိုင်။ ပြင်ဆင်ထားခြင်း မရှိသေးသော အချိန်တစ်ခုအတွက် ရုတ်တရက် သူ ထိတ်လန့်သွားမိတာအမှန်။

ရေရေရာရာသိနိုင်အောင်တော့ သူ ဆက်လက်ဖွေရှာရဦးမည် ။       ။


ညိုလေးနေ
22.01.2014    11:29 am

Wednesday, January 1, 2014

နေစဉ်



နေစဉ်

နေမင်းကြီးကို နှုတ်ဆက်၊
လေပြေတွေကို ပွေ့ဖက်လို့
နေ့သစ် တစ်နေ့ စတင်လိုက်ကြရအောင်လား … ။

ပြင်မရနိုင်တဲ့ အမှားတွေ ရှိတတ်တဲ့
ပြန်မရနိုင်တဲ့ အတိတ်ကို
မနေ့ ကနေရာမှာပဲ ထားခဲ့ကြရအောင်နော်…။

ညနေခင်းတွေထဲမှာ
တိမ်တိုက်တွေလို ပေါ့ပါးပြေးလွှားနိုင်ဖို့
တို့တွေ ပြင်ဆင်ရဦးမယ်လေ … ။

ပစ္စုပ္ပန်လို့ ခေါ်တဲ့ ခုနေချိန်ခါ
နောင်တတွေသာ မထုပ်ပိုးခဲ့ဘူးဆိုရင်
မနက်ဖြန်တွေကို ရင်ဆိုင်သွားနိုင်မယ့်
ညကောင်းလေးတွေ ရှိနေမှာ အသေအချာပါ


 ၀၅.၀၈.၂၀၁၀ (  ည ၉း ၃၅ )   
  


တန်ဖိုးအထားရဆုံးသော ချစ်သူငယ်ချင်း နဲ့  Truth & Trust ကို လာလည်သူအားလုံးအတွက်  နှစ်သစ်လက်ဆောင်ပါ။ 

အားလုံးအတွက် မင်္ဂလာရှိသော နှစ်သစ်ဖြစ်ပါစေ။ 

 

Thursday, November 21, 2013

" ငါ့ " ကို ငါ မြင်ခြင်း

ပြီးခဲ့တဲ့အပတ်က ဖိလစ်ပိုင်မှာ အင်မတန်မှ ပြင်းထန်တဲ့ တိုင်ဖုန်းမုန်တိုင်း တိုက်ခတ်သွားခဲ့တယ်။ ရုံးကဖိလစ်ပင်းမလေးကို မုန်တိုင်းသတင်းမေးတော့ “ လူတွေအများကြီးသေတယ်၊ ညတိုင်း တီဗွီသတင်းကြည့်ပြီး ငိုနေရတယ် ” တဲ့။ သူ့ကိုကြည့်ပြီး လွန်ခဲ့တဲ့ ငါးနှစ်ကျော်က ကိုယ့်ကိုယ်ကိုယ် ပြန်မြင် ရသလိုပဲ။
နောက်နေ့ ဗုဒ္ဓဟူးနေ့ ရုံးချိန်နေ့လည်ဘက်မှာ ဖုန်းမက်ဆေ့ခ်ျ တစ်ခုဝင်လာတယ်။ မုန်တိုင်းဟိုင်ရန်ဒဏ်ခံရတဲ့ ဖိလစ်ပင်းဒုက္ခသည်တွေအတွက် အဝတ်အထည်၊ စောင် နဲ့ ဖိနပ်များ ကူညီချင်တယ်ဆိုရင် ၁၆ ရက်နေ့ စနေနေ့ ညနေ ၅နာရီ နောက်ဆုံးထားပြီး ပို့ပေးဖို့ပါ။ အမြန်ဆုံးပို့ချင်တဲ့အတွက်ကြောင့်မို့ အချိန်နည်းနည်းပဲပေးထားတာကိုလည်း မက်ဆေ့ခ်ျထဲမှာ တစ်ခါတည်းတောင်းပန်ထားတယ်။ သယ်ရပို့ရ လွယ်ကူဖို့အတွက် ဖော်ပြထားတဲ့ သုံးမျိုးကလွဲလို့ တခြားပစ္စည်းများ ယူမလာပါနဲ့လို့လည်း အသိပေးထားပါတယ်။
မက်ဆေ့ခ်ျ မြင်တာနဲ့ ဘယ်လိုစုရမလဲ အပြေးအလွှား စဉ်းစားမိတယ်။ သတင်းထပ်ဖြန့်ပေးရုံနဲ့ပြီးပေမယ့် အကြောင်းအမျိုးမျိုးနဲ့ မသွားနိုင်ကြမှာစိုးလို့ပါ။ နောက်တော့ အချိန်က ၂ ရက်ခွဲလောက်ပဲ ရတဲ့အပြင် ညတိုင်းရုံးမှာ ၈ နာရီကျော်တဲ့အထိ အလုပ်ရှုပ်နေချိန်မို့ ကိုယ်တိုင်ဘယ်လိုမှ လိုက် မစုဆောင်းနိုင်တော့ဘူး။ ဒါပေမယ့် မဖြစ်မနေလှူချင်နေတာမို့ အိမ်မှာအတူနေနေတဲ့ ညီမတွေကိုပဲ မဝတ်တော့တဲ့ အဝတ်အစားတွေ စနေနေ့ မနက်ပိုင်းနောက်ဆုံးထားပြီးစုပေးပါ၊ ညနေပိုင်းမှာ သွားပို့မှာလို့ ဆိုပြီး အလှူခံဖြစ်တယ်။ သူငယ်ချင်းနှစ်ယောက်ကိုလည်း လာပို့နိုင်ရင် အိမ်ကိုလာပို့ပေးဖို့ လှမ်းပြီး အလှူခံလိုက်ပါသေးတယ်။


ညနေ ၄ နာရီကျော်ကျော် Aljunied က Gaden  Shartse Dro-Phen ကို ရောက်သွားတဲ့ အချိန်မှာ ကိုယ်တွေလိုပဲ ကိုယ့်အထုပ်ကိုယ်ဆွဲပြီး ခြေလျင်လာတဲ့သူတွေရော၊ ကားနဲ့လာပို့တဲ့သူတွေရော အများကြီးတွေ့ရလို့ အံ့သြဝမ်းသာရပါတယ်။ အလှူပစ္စည်းစုဆောင်းတဲ့နေရာက ဗုဒ္ဓဘာသာဘုရားကျောင်းတစ်ခု ဖြစ်နေတဲ့အတွက်လည်း ပိုပြီးကြည်နူးရပါတယ်။




အဲလိုကြည်နူးဝမ်းသာပြီး ဓါတ်ပုံရိုက်နေတုန်း ကင်မရာထဲမှာပေါ်လာတဲ့ပုံကို ကြည့်ပြီး ခေါင်းထဲကို အတွေးတစ်ခုရောက်လာတော့တာပါပဲ။
“ နာဂစ်တုန်းကရော စလုံးမှာ လူမျိုးခြားတွေက အဲလိုမှ လှူကြရဲ့လား ”
မတွေးအပ်တဲ့ အတွေးမှန်းသိပေမယ့် နာဂစ်က ကျွန်မရဲ့ အိမ်မက်ဆိုးတစ်ခု လိုဖြစ်နေတော့ တွေးမိသွားတယ်။ နာဂစ်တုန်းက စလုံးရောက်စ အလုပ်မရသေးချိန်မို့ ငွေလည်းမလှူနိုင်၊ ပေးစရာအဝတ်လည်းမပို၊ ပေးချင်ရင်တောင် မသွားတတ်တော့ ဘယ်သွားပေးရမှန်းမသိ ဆိုတော့ ဘုရားစင်ရှေ့ ငုတ်တုတ်ထိုင် မျက်ရည်ကျနေခဲ့ရတာ။ ကိုယ့်မြန်မာတွေ လှူကြတယ်ဆိုတာ သိပေမယ့်၊ လူမျိုးခြားတွေ အခုလိုပဲ လှူမလှူဆိုတာတော့ ထဲထဲဝင်ဝင် မမှတ်မိတော့လို့ တွေးမိတာ။  အဲဒီ့ အတွေးတွေက အိမ်ပြန်တဲ့အထိ စီတန်းသွားလိုက်တာ တစ်နေရာအရောက်မှာတော့ ထိတ်လန့်တကြားရပ်တံ့သွားပါရော။
ငါ တော်တော်အတ္တများနေပါလားဆိုပြီး “ ငါ့ ” ကို တွေ့လိုက်မိလို့ပါ။
နာဂစ်တုန်းက ငါ့နိုင်ငံမှာဖြစ်နေကြပြီ၊ ငါ့လူမျိုးတွေသေကုန်ပြီ၊ ငါတို့စပါးခင်းတွေ၊ ငါတို့ဆားကွင်းတွေ၊ ငါတို့ကလေးတွေ၊ ငါတို့ အပြည့်အဝလည်း ကူလို့မရဘူး၊ ငွေလေးနည်းနည်းအပြင် ငါလည်းဘာမှမလုပ်ပေးနိုင်ဘူး ငါ … ငါ … ငါ … နဲ့ တော်တော်လေးကို ဆတ်ဆတ်ခါ နာကျင်ခဲ့ရတယ်။ ဒါက မြန်မာပြည်မှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်အတွက် “ ငါ့တိုင်းပြည် ” ဆိုတဲ့ “ ငါ ” ။
နောက်တစ်ခုကတော့ ရေခြားမြေခြား တိုင်းတစ်ပါးမှာ။ ဒီလိုပဲ သဘာဝဘေးအန္တာရာယ်တစ်ခုကြုံချိန်မှာ အင်မတန်ခင်တွယ်ရတဲ့ သူငယ်ချင်းက အဲဒီ့မှာ ရောက်နေတဲ့အချိန်။ ဖြစ်ဖြစ်ခြင်းမှာ ဟိုကနေ ဖုန်းနဲ့အကြောင်းကြားပေမယ့် နောက်ရက်မှာ ကိုယ်က ဘယ်လိုမှ ဖျက်ပစ်လို့မရတဲ့ ခရီးသွားရတော့မယ်။ သွားရမယ့်ခရီးကလည်း ဆက်သွယ်လို့မလွယ်တဲ့နေရာမို့ ကိုယ်မတတ်နိုင်တဲ့ ကိစ္စတစ်ခုအတွက် ပူပင်သောကတွေများနေလိုက်တာ ရုံးမှာမျက်စိပျက် မျက်နှာပျက်နဲ့ စာရင်းတွေမှားလို့ မန်နေဂျာ မေးယူရတဲ့အထိပဲ။ အခုချိန်မှာ ပြန်စဉ်းစားလိုက်တော့ အဲဒီ့အချိန်က အဲဒီ့နေရာမှာ အဲဒီ့သူငယ်ချင်းသာ မရှိခဲ့ရင် အဲလိုဖြစ်နေဦးမှာလားဆိုတော့ “ ဟင့်အင်း ” တဲ့။ အဲဒီ့ဒေသလူတွေအတွက် ပူပန်တယ်ဆိုတာထက် “ ငါ့သူငယ်ချင်း ” ဆိုတဲ့ ငါ ကြီးက ကြီးစိုးနေလို့သာ အဲလောက်ပူပန်နေမိတာ။
အခု ဖိလစ်ပိုင်မှာ ဖြစ်တော့ သနားတော့သနားတယ်၊ ကိုယ်ချင်းစာပြီး လုပ်ပေးချင်စိတ်လည်း ရှိတယ်၊ မအားတဲ့ကြားက အချိန်ရအောင်လုပ်ပြီး အဝတ်တွေစုခဲ့တယ်၊ လေးလေးပင်ပင် သယ်ပြီးတော့လည်း ပို့မိတယ် ။ ဒါပေမယ့် ကျွန်မမှာ ပူပင်သောကဆိုလို့ တစ်စိုးတစ်စိမှ ရှိမနေဘူး။ အရင်ကလည်း သက္ကာယဒိဋ္ဌိ ဆိုတဲ့ ငါစွဲ အကြောင်းကို တွေးမိတတ်ပေမယ့် အခုအချိန်လောက်တော့ လက်တွေ့မဆန်ခဲ့ဘူး။ ငါ မပါခြင်းရဲ့ ပူပင်သောက ကင်းပုံကို လက်တွေ့သင်ယူလိုက်ရသလိုပါပဲ။ ဒါတောင်မှ မေတ္တာတရား၊  ဥပေက္ခာတရားတွေနဲ့ ပြည့်ဝနေပြီး ဘုရားဟောတဲ့ ငါစွဲ ပြုတ်လို့မဟုတ်ပါဘူး။ ငါ့တိုင်းပြည်မဟုတ်ဘူးဆိုတဲ့ အသိကြောင့်သာ နာကျင်လောက်တဲ့အထိ မဖြစ်ဘဲ အတ္တတစ်စုံနဲ့ လစ်လျူရှုနေနိုင်တာပါ။
ကျွန်မရဲ့ ငါက ဘယ်လောက်များ များနေသလဲဆိုရင် အကျိုးရလိုစိတ်နဲ့လှူတာ မဟုတ်ပဲ ကိုယ်ချင်းစာစိတ်နဲ့လှူတာဆိုပေမယ့် ဆုတောင်းခွင့်ရရင် တောင်းချင်သေးတာ။ မြန်မာပြည်မှာ သဘာဝဘေးတွေမို့ မလွှဲသာ မရှောင်သာကြုံရရင်တောင် နာဂစ်လို ရက်ရက်စက်စက်၊ ပစ်စလက်ခတ်၊ မစာမနာ၊ လစ်လျုရှုထားခြင်း မခံရပါစေနဲ့၊ ကူညီချင်တဲ့သူတွေလည်း စိတ်အေးချမ်းစွာ ကူညီနိုင်ပါစေလို့။
နောက်ဆုံးတော့ အတွေးတွေရပ်ဖို့ ကိုယ့်ကိုယ်ကိုယ် မေးမိတယ်။ ဒီလိုတွေး ဒီလိုမြင်ပြီးမှတော့ ထပ်ပြီးတော့များ ကြုံဆုံရရင် နာကျင်ပူလောင် ဦးမှာလားလို့။ အသိအဆင့်ပဲရှိပြီး အကျင့်အဆင့် မရောက်နိုင်သေးတော့ ဒီတစ်ခါလည်း အဖြေက “ အင်း ” ဆိုပြီး ခပ်မြန်မြန်ပဲ ထွက်လာတယ်။ တိုင်းပြည်အစွဲကြီးလွန်းတဲ့၊ သံယောဇဉ်ကြီးတတ်လွန်းတဲ့သူမို့ စစ်မှန်တဲ့ မေတ္တာတရား နဲ့ ဥပေက္ခာတရားထားနိုင်ဖို့ အများကြီး ကြိုးစားရဦးမယ်။           ။ 

ညိုလေးနေ
20.11.2013  11:39 pm 

Sunday, October 20, 2013

အမှောင် ထဲက လင်းတဲ့ "သူ"


 

တဆင့်ခံ အလင်းရှင်တဲ့
နားလည်မပေးနိုင်သူတွေက ပြောကြတယ်
 
ကိုယ်ပိုင် အလင်းမရှိသူတဲ့
မညှာတာသူတွေက ပြောရက်တယ်
 
လေ ကျီစား တာပေမယ့်
တိမ်တွေကြားမှာ ပုန်းရှောင်သတဲ့
 
အရိပ်လွှမ်းခံရသူကို
ငပုတ်ဖမ်းခံရသူတဲ့
 
စွပ်စွဲကြသေးတယ်
ဖြားယောင်းတတ်သူ ဆိုပဲ
 
တကယ်တော့
ဆင်းရဲချမ်းသာမရွေး ကလေးလေးဆို
ထမင်းဆီဆမ်း ရွှေလင်ဗန်းနဲ့ပေးချင်သူ
 
ဂျူတီချိန် မရောက်သေးလည်း
ကောင်းကင်ပေါ်မှာ ကိုယ်ရောင်ဖျောက်လို့
တိတ်တိတ်ကလေး ရောက်နေသူ
 
ကိုယ့်မှာ အလင်းမရှိတာတောင်မှ
အများကို မမှောင်စေချင်သူ
 
တစ်ရက်လေး ထိန်ထိန်လင်းပေးနိုင်ဖို့
တစ်ဆ တစ်ဆ စုလာခဲ့ရသူ
 
မေတ္တာတရားလို
သာတူညီမျှ အေးချမ်းစေချင်သူ
 
လရောင်ဆမ်းလို့ လန်းဆန်းစေချင်သူ
 
x x x x x
 

ညိုလေးနေ
17.10.2013 (1:15 am )

Thursday, September 26, 2013

ရာဇဝင် အပြင်က မေ့ ဆန္ဒ


အတွေးထဲမှာ ပုဂံ
ရာဇဝင်ပြန်လို့ စီးဆင်းအသွား
ကျန်စစ်အလား မင်းတစ်ပါး
မောင် ဖြစ်များ ဖြစ်ခဲ့ရင် ...

အပါယ်ရတနာလို ခမ်းနားလှပ
ငယ်ချစ်ဘဝ
ကျွန်မ မရခဲ့ဘူး မောင်

ဝင်းဝင်းပပ ကနွဲ့ကလျ
မဏိစန္ဒာတမျှ
ကျွန်မ မလှခဲ့ဘူး မောင်

မိန်းမပီသ အေးဆေးလှတဲ့
မထီးတူမ သမ္ဘူလ
ကျွန်မ မဖြစ်ချင်ခဲ့ဘူး မောင်

သို့ပေမယ့်လေ
မောင့်လက်ကိုတွဲ ဓါးကိုဆွဲလို့
သေလည်းမကွာ ရှင်လည်းအတူ
တောသူနှမ ခင်တန် ဘဝ
ကျွန်မ တမ်းတမိတယ် မောင် 

x x x x x


ညိုလေးနေ
July  2013