Nweton Hawker Center ဘေးက ကားဝင်းကနေ မနက် ၆ နာရီထွက်မှာမို့ အဲဒီ့ကို မနက်အစောကြီး ၅ နာရီ ၁၅ ရောက်အောင်သွားရတယ်။ စလုံးဘက်ခြမ်းက ခရီးသွားကုမ္ပဏီက စလုံးအထွက် အထိ ပို့ပေးပြီး မလေးရှားဘက်အရောက်မှာ ကားပြောင်းစီးရပါတယ်။ Good Friday နဲ့ သုံးရက်ဆက်ပိတ်တာမို့ စင်္ကာပူနဲ့မလေးရှား အဝင်အထွက် လူများလှပါတယ်။ စလုံးဘက်ရော မလေးဘက်ရော အဝင်အထွက်စစ်ဖို့ ကောင်တာတွေ အများကြီးထားပေးတာတောင်မှ လူတန်းတွေက အရှည်ကြီးတွေချည့်ပါပဲ။
မလေးရှားဘက် အဝင်မှာ လာစောင့်နေတဲ့ ကားပြောင်းပြီးတဲ့အခါ Mersing ဆိုတဲ့ မလေးရှားနိုင်ငံ အရှေဆိပ်ကမ်းမြို့လေးကိုပို့ပေးပါတယ်။ ဂျိုဟိုး ကနေ ၂ နာရီခွဲ ၃ နာရီ နီးပါးကားစီးရတဲ့ ခရီးဟာ အလွန်ပျင်းစရာကောင်းပါတယ်။ ကားပေါ်အိပ်တတ်တဲ့သူတွေအတွက် အဆင်ပြေပေမယ့် တော်ရုံတန်ရုံ အိပ်မပျော်တတ်တဲ့ ကိုယ့်အတွက် ဆီအုန်းနဲ့ ရာဘာပဲတွေပဲရှိတဲ့ လမ်းဟာ ငြီးငွေ့စရာ။ ခရီးသွားလမ်းညွှန်အမျိုးသမီးကလည်း ၃ နာရီလောက် ကားစီးရမှာမို့ ကားမထွက်ခင် အိမ်သာသွားထားကြပါလို့ သတိပေးစကားတစ်ခွန်းအပြင် နောက်ထပ်စကားမဆိုတော့တာ မားဆင်း ရောက်တဲ့အထိပါပဲ။
မနက် ၈ နာရီ လောက်ဂျိုဟိုးကနေ ထွက်ခဲ့တာ ၁၀ နာရီခွဲ ဝန်းကျင်မှာ မားဆင်းကို ရောက်ပါတယ်။ ခရီးသွားကုမ္ပဏီနဲ့ ချိတ်ဆက်ထားတဲ့ သင်္ဘောလက်မှတ်ရောင်းတဲ့နေရာမှာ အသွားအပြန်လက်မှတ်တွေထုတ်ယူပြီးတဲ့အခါ နိုင်ငံခြားသား ခရီးသည်အားလုံးရဲ့ ပတ်စ်ပို့ စာအုပ်တွေမှတ်တမ်းရေးထားတဲ့နေရာမှာ စာရင်းပေးရပါတယ်။ အသွားရော အပြန်ပါ မှတ်တမ်းရေးရတဲ့ အဲဒီ့စနစ်လေးက ခရီးသွားလာမှု လုံခြုံရေးအတွက် သဘောကျစရာပါ။ ခရီးသွားကုမ္ပဏီကို ခရီးစဉ်အစအဆုံးအတွက် ငွေချေပြီးသားမို့ သင်္ဘောအတွက် လက်မှတ်ခ ထပ်မပေးရပေမယ့် အဲဒီ့မှတ်တမ်းရေးတဲ့နေရာမှာတော့ တစ်ယောက်ကို ရင်းဂစ် ၂၀ စီ ပေးရပါတယ်။
မားဆင်း ဆိပ်ကမ်း အနီး
ရှပ်ပြေးကို ၁၁ နာရီမှာ စီးရမှာဆိုတော့ ထမင်းစားဖို့အချိန်မရှိတော့ပါဘူး။ သင်္ဘောကို စောင့်နေတုန်း ဥာဏ်အမြှော်အမြင်ကြီးမားစွာနဲ့ ထည့်ယူလာတဲ့ ထမင်းတစ်ဗူးနဲ့ လက်ဖက်သုတ်ကိုပဲ တစ်ယောက်တစ်လုတ် ဝိုင်းလို့အုပ်ကြတယ်။ တော်ပါသေးတယ်။ စလုံးလို ဟိုနေရာမစားရ ဒီနေရာမသောက်ရ သာဆိုရင်တော့ ငတ်မှာပါပဲ :D
တီအိုမန် ဆိုတဲ့ ကျွန်းလေးဟာ မလေးရှားနိုင်ငံအရှေ့ဘက်ကမ်းခြေကနေ မိုင် ၂၀ ခန့် အကွာအဝေးမှာ ရှိတဲ့ ကျွန်းပါ။ ကျွန်းကိုသွားဖို့ မားဆင်းမြို့ လေးကနေ ရှပ်ပြေးသင်္ဘော ၁ နာရီခွဲခန့် စီးရပါတယ်။ ကမ္ဘာလှည့် ခရီးသည်တွေအတွက်ဖွင့်လှစ်ထားတဲ့ အပန်းဖြေစခန်းတွေက ရွာပေါင်း ၈ ရွာလောက် တည်ရှိနေတဲ့ တီအိုမန်ကျွန်းရဲ့ အဓိကလုပ်ငန်းပါပဲ။
ကိုယ်တို့ ၃ ယောက်ရဲ့ ခရီးက အခုမှ စ တာပါ။ ကားပေါ်မှာ အိပ်ရေးဝလာတဲ့ ၂ ယောက်နဲ့ ကိုယ်ဟာ ဟိုဘက်ကြည့်လည်းရေ၊ ဒီဘက်ကြည့်လည်း ရေ ဖြစ်နေတဲ့ ပင်လယ်ပြင်ထဲက ရှပ်ပြေးပေါ်မှာ မကြောက်ချင်ယောင်ဆောင်ပြီး အဆက်မပြတ်စကားတွေ ပြောလာလိုက်တာ ကျွန်းနားရောက်ခါ နီး အထိပါပဲ။
အသွားမှာစီးရတဲ့ ရှပ်ပြေးဟာ မားဆင်းကအနီးဆုံးဖြစ်တဲ့ ကျွန်းရဲ့တောင်ဘက်ကို အရင်ရောက်ပေမယ့် ကမ်းမကပ်ဘဲမြောက်ဘက်ဆုံး ဆိပ်ခံအထိ ဆက်မောင်းပါတယ်။ အဲဒီတော့ တောင်ကနေမြောက်အထိ ကမ်းခြေတလျှောက်က ရှုခင်းတွေကို တမေ့တမောကြည့်ရတော့တာပေါ့။ တောင်မြင့်မြင့်တွေ ရှိနေတဲ့ တီအိုမန်ကျွန်းဟာ သဲသောင်ကမ်းခြေထက် ကျောက်ဆောင်ကမ်းပါးတွေ ပိုများပြီး သိပ်ကိုလှပါတယ်။ ပင်လယ်ရေပြာပြာ မမြင်ဖူးသေးတဲ့ ကိုယ့်အတွက် ကမ်းစပ်နားအထိကြည်လင်စိမ်းပြာနေတဲ့ရေနဲ့ ကျောက်ဆောင်တွေက ကြည့်လို့ မဝအောင်ပါပဲ။
Tekek ဆိပ်ကမ်းရုံး
ဆိပ်ကမ်းရုံးနဲ့ ကားလမ်းမ ကြားက တူးမြောင်း
မြောက်ဘက်ဆုံးက Salang ဆိပ်ခံကို အရင်သွားလိုက်တဲ့အတွက် ကိုယ်တို့ ဆင်းရမယ့် Tekek ကို ၁ နာရီခွဲမှ ရောက်ပါတယ်။ Tekek က တီအိုမန်ရဲ့ အကြီးဆုံးရွာဖြစ်ပြီး ဆိပ်ကမ်းတဝိုက်မှာ ရဲစခန်း၊ ဝန်ထမ်းအိမ်ရာ တွေနဲ့စည်ကားပါတယ်။ အဲဒီ့ကနေ တည်းခိုမယ့် Berjaya Tioman Resort ကို ၁ နာရီ တစ်ခါ ပြေးဆွဲပေးတဲ့ အခမဲ့ကားတွေရှိပါတယ်။ ဆာလောင်နေတဲ့ ၃ ယောက်သားဟာ နေပူလွန်းလို့ ဓါတ်ပုံရိုက်ချင်စိတ်လည်း မရှိဘဲ ကားပေါ်မှာပဲ ထိုင်စောင့်နေခဲ့ကြတယ်။ ဒါပေမယ့် ၁၅ မိနစ်လောက် စီးရတဲ့ ကမ်းခြေက တောင်ပတ်လမ်းလေးကို ရောက်တော့ ၃ ယောက်လုံး ပြန်ပြီးတက်ကြွလာကြတယ်။ လမ်းလေးက သိပ်သာယာတာကိုး :)
Resort ကိုရောက်လို့ check in လုပ်ပြီး အခန်းမှာ နားချိန်ရတဲ့အခါ ညနေ ၃ နာရီ ထိုးခါ နီးပါပြီ။
ဆက်ပါဦးမည် ......
2 comments:
လာဖတ်သွားပါတယ်အမ..
ခင်တဲ့...ပစ်ပစ်
လာဖတ်လို့ ကျေးဇူးပါ ပစ်ပစ် ရေ :)
Post a Comment