Friday, April 15, 2016

တီအိုမန်က ပြန်ခဲ့တယ် ( ၃ )

နောက်တစ်နေ့ Snorkeling Trip က မနက် ၉ နာရီ စုရပ်မှာ ဆုံရမှာမို့ မနက်စာကို ၈ နာရီမှာ သွားစားကြဖို့ သဘောတူထားကြတယ်။ ကိုယ်ကနိုးနေကျမို့ အရင်ဆုံးထပြီး နောက်မှ ကျန် ၂ ယောက်ကို နှိုးမယ်လို့ ပြောထားရာက နှိုးစက်သံမကြားလို့ စားသောက်ခန်းမကို ၈ နာရီခွဲ အရောက်ပြေးကြရတယ်။ ဖြစ်ပုံက စလုံးမှာ နှိုးစက်မလိုအောင် နိုးတတ်လို့ အသံကိုတိုးထားမိတာက ခရီးပန်းပြီး အိပ်ပျော်သွားလိုက်တာ အဲဒီ့အသံတိုးတိုးလေးကို မကြားတော့ဘူး :D



Berjaya ရဲ့မနက်စာက တော်တော်လေးဖွယ်ဖွယ်ရာရာ စုံစုံလင်ရှိလှပါတယ်။ သိပ်ကိုသဘောကျမိတာက ဘယ်မှာမှမရတတ်တဲ့ ဂေါ်ရခါး အစားအစာ ဂျုံနဲ့ကြက်ဥကို ဆီပါလေရုံလေး ကြော်ထားတဲ့ဂျုံပြားနဲ့ ဟင်းကို စားရတာပါပဲ။ အမေက အိမ်မှာသကြားပါထည့်ပြီး ချိုချိုလေးကြော်ကြွေးတတ်လို့ ဟင်းမလိုပါဘူး။ အပြင်မှာတော့ ဘယ်မှာမှရောင်းတာမတွေ့လို့ ဝယ်မစားဖူးဘူး။ 

စားသောက်ပြီးလို့ စုရပ်ကိုရောက်တဲ့အခါ ခရီးစဉ်ကို အကြမ်းဖျဉ်းရှင်းပြပါတယ်။ မနက် ၉ နာရီခွဲထွက်ပြီး ညနေ ၄ နာရီမှ ပြန်ရောက်မှာပါ။ Snorkeling အတွက်နေရာ ၄ နေရာကို သွားမှာဖြစ်ပြီး နေ့လည်စာကို မနေ့က ရှပ်ပြေးအရင်ဆုံးကပ်ခဲ့တဲ့ Salang beach မှာ စားရမှာပါတဲ့။ အယောက်၂၀ ကျော်ရှိတဲ့ အဖွဲ့ကြီးဟာ စတင်ထွက်ခွါမယ့် Marine Center ဆိုတဲ့နေရာကို သွားကြပါတယ်။ နောက်တော့ Speed boat ၂ စီးအတွက် ၂ သုတ်ခွဲလိုက်တာမှာ ကိုယ်တွေက ဒုတိယထွက်မယ့် အစီးမှာပါသွားကြတယ်။ 

စုရပ်မှ လူစုပေးတဲ့ ဦးလေးကြီးကို ကိုယ်တို့ ၃ ယောက်လုံးရဲ့ ပထမဆုံးအတွေ့အကြုံ ဖြစ်ကြောင်းပြောပြပြီး ဘယ်လို လုပ်ရမှန်းမသိဘူးလို့ ဆိုကြတော့ ဦးလေးကြီးက စိတ်မပူဖို့ သူတို့လူက ရေထဲကြည့်ပုံကြည့်နည်း သင်ပေးမှာပါ၊ နင်တို့ မိန်းကလေး ၂ ယောက်ကို ပိုတောင်သဘောကောင်းပြီးသင်ပေးမှာပါဆိုပြီး စ နောက် လိုက်ပါသေးတယ်။ ဒါပေမယ့် ပင်လယ်ရေနက်ထဲ တခါမှလည်း မသွားဖူး၊ Speed boat လည်း မစီးဖူးတော့ စိတ်လှုပ်ရှားမိတာတော့ အမှန်ပါပဲ။

အတွေ့အကြုံ မရှိလို့ သင်ခန်းစာ ရခြင်းက Speed boat စထွက်တဲ့ ဆီက စပါတော့တယ်။ ဘုတ်ပေါ်တက်ဆိုတဲ့ အချိန်မှာ တက်လိုက်ပြီး ၃ ယောက်တူတူထိုင်လို့ ရမယ့်နေရာကိုပဲ ကြည့်ပြီးထိုင်လိုက်မိတယ်။ စ ထွက်တော့မှ ဘုရား တရား တ ရတော့တာပါပဲ။ ကိုယ်တွေဘက်ခြမ်းက ၅ ယောက်မှာ ကိုယ်နဲ့ အတူပါတဲ့ ညီမလေးက ပိန်ပိန်ပါးပါး ၂ ယောက်ဖြစ်ပြီး မောင်လေးနဲ့ ကျန်တဲ့ မလေးစုံတွဲက သာမာန်ခပ်ပြည့်ပြည့် အရွယ်ပါပဲ။ တဘက်ခြမ်းမှာက လူကြီး ၆ ယောက်နဲ့ ကလေး ၂ ယောက်။ အဲဒီ့ဘက်ခြမ်းက မလေးစုံတွဲ နဲ့ အိန္ဒိယန်းစုံတွဲ က ခပ်ဝဝ၊ နောက်တစ်တွဲက ထောင်ထောင်မောင်းမောင်းအဖြူ စုံတွဲ။ ကဲ ဒီဘုတ်မှ တခြမ်းမစောင်းနေရင် ဘယ်ဘုတ် စောင်းတော့မလဲ။ ဘုတ်ကို မောင်းတဲ့သူက အလေးချိန်မျှအောင်ကိုယ်တွေဘက်က ရပ်ပြီးမောင်းပါတယ်။ ဒါပေမယ့် သူခန္ဓာကိုယ်က ကိုယ့်ဆိုဒ်လောက်ပဲရှိတဲ့ သေးသေးလေး။ ပိုပြီးစိုးရိမ်မိတာက သူဟာ အလွန့်အလွန်ဆုံး ၁၇ နှစ်ပဲ ရှိမယ့် မလေး ကောင်းလေးငယ်ငယ်လေး ဖြစ်နေတာပါပဲ။

စထွက်ထွက်ခြင်းမှာ အသက်ကယ်ဝတ်စုံဝတ်တာ၊ ပါလာတဲ့ ပစ္စည်းတွေ ဝမ်းဗိုက်ခန်း ထဲသိမ်းနေတာ နဲ့  ခပ်ဖြည်းဖြည်း စ မောင်းနေတာမို့ လူဘက်မမျှတာကို သတိမထားမိလိုက်ကြပါဘူး။ သတိထားမိတဲ့ အချိန်မှာတော့ ကောင်လေးက အရှိန်ကို အစွမ်းကုန်မြှင့်ပြီး မောင်းနေပါပြီ။ ခုချိန်မှတော့ မထူးတော့ပြီမို့ အငယ် ၂ ယောက်ရှေ့မှာ မကြောက်သလို ရယ်စရာပေါက်ကရပြောပြီး စိတ်ထဲကတော့ သရဏဂုံတင်ထားလိုက်ပါတယ် :D
 

လုပ်ဖော်ကိုင်ဖက် မပါဘဲ ဒီကောင်လေးတစ်ယောက်တည်းနဲ့ ဖြစ်ပါ့မလား။ ဒီအရွယ် ဒီစိတ်နဲ့ ကိုယ့်ကိုယ်ကို ယုံကြည်ချက်လွန်ပြီး ဇွတ်လုပ်နေရင်တော့ ဒုက္ခတွေဖြစ်ကုန်တော့မှာပါပဲဆိုတဲ့ အတွေးတွေက ခေါင်းထဲကို ရောက်လာပါတော့တယ်။ တကယ်လည်း သူက ရှေ့ကထွက်သွားဘုတ်ကို ကျော်တက်ပြီး တော်တော်ဖြတ်ထားခဲ့တယ်။ နဲနဲထောင်နေတဲ့ ကိုယ်တို့ဘက်ခြမ်းက ရေလည်း တအားစင်ပါတယ်။ ဟိုလူတွေဘာလို့ ဒီဘက်မထိုင်လဲ ဆိုတာလည်း ဘေးသံတန်းကို တင်းတင်းဆုပ်ထားတဲ့ လက်က ရှင်းပြတယ်။ နေက ဒီဘက်ကပူနေတာကိုး။ ဒီလိုနဲ့ နာရီဝက်ကျော်ကျော်စီးပြီး သဲဖြူ ဖြူ လွလွနဲ့ ကျွန်းလှလှလေးနားကို ရောက်လာမှ အသက်ဝဝရှူ နိုင်ပါတော့တယ်။ ကိုယ်တွေ ၃ ယောက်မှာလည်း ရေထဲဖြင့် မဆင်းရသေးဘူး ရွှဲရွှဲစိုပြီး နာရီဝက်စာနေလောင်ပြီးလို့ ရဲရဲနီနေကြပါပြီ :D


အစီအစဉ်အရ Tulai Island ကမ်းစပ်မှာ ၄၅ မိနစ်နေပြီး ရေဆော့ကြ Snorkeling လုပ်ဖို့ အသက်ရှူ ပုံရှူ နည်း သင်ကြရမှာပါ။ ၃ ယောက်သားမှာတော့ ဘာမှ မလုပ်နိုင်သေးဘဲ အရိပ်ရတဲ့ အပင်အောက်လေးမှာ ဘုတ်ပေါ်မှာကြောက်ခဲ့သမျှ အခုမှ တစ်ယောက်တစ်ပေါက်ပြောရင်း အမောဖြေ ကြရပါတယ်။ မောင်လေးကလည်း ကိုယ်နဲ့တထပ်တည်းတွေးပြီး စိုးရိမ်နေခဲ့တာကိုး။ ကိုယ်တွေက ကောင်လေးရဲ့အသက်နဲ့ သေးကွေးပုံကိုကြည့်ပြီး အစိုးရိမ်ကြီးနေကြတာပါ။ တကယ်တော့ သူဟာတော်တော်လေး ကျွမ်းကျင်သူဖြစ်မှန်း စောင့်ကြည့်တတ်တဲ့ အကျင့်အရသိလာရတယ်။ တစက်လေးမှ ငြိမ်မနေဘဲ ကမ်းကပ်လာသမျှ ဘုတ်တွေ ကျောက်ဆူးချဖို့၊ သဲသောင်မှာ ငုတ်စိုက်ဖို့ လိုက်လုပ်ပေးနေပါတယ်။

ဟိုအဖွဲ့လည်းလေ့ကျင့် ဒီအဖွဲ့လည်း လေ့ကျင့်

ခဏနားပြီးတဲ့ အချိန်မှာ Snorkeling အတွေ့အကြုံမရှိဘူးလို့ပြောထားတဲ့ ကိုယ်တွေကို သူကလှမ်းခေါ်ပြီး သင်ပေးပါတယ်။ စိတ်ရှည်လက်ရှည်ပါပဲ။ ဒီမှာသေချာလေ့ကျင့်ထားပြီး ကြည့်တတ်မှ သန္တာကျောက်တွေနဲ့ ငါးတွေကို မြင်ရမှာလို့ သူကပြောပါသေးတယ်။ အသက်ရှူ တတ်သွားတဲ့အချိန်မှာ ကိုယ်တွေဆက်ပြီး လေ့ကျင့်ကြတယ်။ အဲဒီ့ကျွန်းလေးဟာ ကမ်းခြေကျဉ်းကျဉ်းလေးပဲရှိပေမယ့် သဲဖြူ ဖြူ နုနုနဲ့ သိပ်လှပါတယ်။ ရေကလည်း ကမ်းစပ်အထိကို စိမ်းကြည်နေတာပါပဲ။ အဲဒါနဲ့ ဆယ်ဖီတွေလည်း တချပ်ချပ်ဖြစ်ကုန်ကြပါတယ်။ ဘာမှတော့ မဆိုင်သလိုပါပဲ :D 

၄၅ မိနစ်ပြည့်တဲ့အချိန်တဲ့ အချိန်မှာ ပထမဆုံးနေရာကို သွားဖို့ ဘုတ်ပေါ်ပြန်တက်ရတယ်။ ခပ်ဝေးဝေးသွားရမယ် ထင်ထားပေမယ့် သုံးမိနစ်လောက်ပဲ မောင်းရတဲ့ အဲဒီ့ကျွန်းရဲ့ နောက်တစ်နေရာပဲ ဖြစ်နေပါတယ်။ အဲဒီ့နေရာလေးက စောစောက လေ့ကျင့်ခဲ့ကြတဲ့ သဲသောင်ကမ်းခြေအလွန် ကျောက်ဆောင်ကမ်းစပ်ပဲ ရှိတဲ့ ဂငယ်ကွေ့နေရာလေးပါ။ ကမ်းခြေနဲ့ မဝေးပေမယ့် ရေမတိမ်ပါဘူး။ 

အဲဒီ့နေရာ ရောက်လို့ ရပ်လိုက်တယ် ဆိုရင်ပဲ အနောက်တိုင်းသားစုံတွဲက ဝုန်းဆို ရေထဲခုန်ချသွားကြတယ်။ အိန္ဒိယန်းလူကြီးက သူ့ကလေး ၂ ယောက်ကို ခေါ်ပြီးဆင်းသွားတယ်။ အသီးသီး အသက ဆင်းသွားတဲ့အချိန်မှာ ကောင်လေးကလည်း ခြေထောက်မှာ ရေယက်တပ်ရင်း ဆင်းဖို့ပြင်နေပါပြီ။ ကိုယ့်အဖွဲ့က ၂ ယောက်ပါ ရေထဲဆင်းသွားချိန်မှာ ငါ့ ညီမလေးက ရေမကူးတတ်ဘူး လို့ သူ့ကိုထပ်သတိပေးတော့ မပူပါနဲ့လို့ ပြောပြီး ခုန်ဆင်းသွားတယ်။ နောက်တော့ ကိုယ်ဆင်းလာတာကိုစောင့်ပြီး မျက်လုံးနဲ့နှာခေါင်း အကာကို စစ်တယ်။ ပိုက်နဲ့အသက်ရှူ လို့ ရမရ စမ်းကြတယ်။ ရတာ သေချာသွားတဲ့ အချိန်မှာ ကိုယ့်လက်ကောက်ဝတ်ကို ဆွဲပြီး ခေါ်သွားပါတော့တယ်။ ကိုယ်ကလည်း သူ့လက်ကောက်ဝတ်ကို လက်ပြန် ပြန်ဆွဲထားလိုက်တယ်။ ကြောက်လို့ဟုတ်ပါဘူး စိတ်ချသေချာချင်လို့ပါ  :D



ပထမဆုံးအနေနဲ့ အပြင်မှာ တခါမှမမြင်ခဲ့ဖူး ရေအောက်ကအရာတွေကို ကြည်ကြည်လင်လင်မြင်ရတဲ့အခါ တအားကိုပျော်သွားတယ်။ အညို ရင့်ရင့်သန္တာကျောက်တန်းတွေ။ ငါးလေးတွေ နဲနဲပါးပါးရှိပေမယ့် အဲဒီ့နေရာက သန္တာကျောက်များပါတယ်။ သူက ရေအောက်က အထူးအဆန်းလေးတွေကို လက်ညှိုးညွှန်ပြီး ပြပါသေးတယ်။ ၁၅ ပေလောက်ထိ ကူးသွားပြီးတဲ့အခါ ညီမလေးကို သတိရလို့ သူ့ကို ပြန်ပို့ခိုင်းလိုက်တယ်။ ဒီလောက်ဆိုရင် ဘယ်လိုကူးခတ်ပြီး ကြည့်ရမလဲဆိုတာ သိသွားပြီလေ။ ညီမလေးကို သူခေါ်သွားပြီး လိုက်ပြနေချိန်မှာ ကိုယ်တို့မောင်နှမ နှစ်ယောက် လက်တွဲထားပြီး လျှောက်ကူး လျှောက်ကြည့်ကြတယ်။ ဖန်သားပြင်တွေပေါ်မှာ ကြည့်ခဲ့ရသလို နီရဲလှပ အရောင်စုံမနေပေမယ့် မြင်တွေ့ရသလောက်ကကို ကြည့်လို့ မဝအောင်ပါပဲ။


ဘုတ်ပေါ်အရင် ပြန်တက်သွားတဲ့ ညီမလေးရိုက်ပေးတာ

နာရီဝက်ခန့် ကြည့်ပြီးကြတဲ့အခါ နေ့လည်စာအတွက် Salang beach ကို ထွက်ခဲ့ကြတယ်။ ဒီအချိန်မှာတော့ ကောင်လေးက အဖြူ စုံတွဲကို နေရာပြောင်းထိုင်ခိုင်းပြီး ဘုတ်ရဲ့အလေးချိန်ကို မျှစေပါတယ်။ ရေပိုနက်နက်မှာ လှိုင်းမြင့်မြင့်တွေကို ဖြတ်မောင်းပြီး ရေပေါ်ကို တဘုန်းဘုန်း ပြန်ကျနေပေမယ့် အဲဒီ့အချိန်က စ လို့ကိုယ့်မှာကြောက်စိတ်တွေ ရှိမနေဘဲ အပျော်တွေပဲ ရှိနေတော့တယ်။

ဆက်ပါဦးမည် ...


1 comments:

ပစ်ပစ် said...

လာဖတ်သွားတယ်အမရေ..
တခါမှ Snorkeling မလုပ်ဖူးဘူးအမရေ..

Post a Comment