Sunday, April 10, 2016

တီအိုမန်က ပြန်ခဲ့တယ် ( ၂ )

တနေကုန် ကားစီး ၊ သင်္ဘောစီးပြီး ဗိုက်ဆာလာကြတဲ့ ၃ ယောက်သားဟာ နောက်နေ့လည်ဖို့ပတ်ဖို့ မစဉ်းစားနိုင်သေးဘဲ အခန်းမှာခဏနားပြီး ဗိုက်ဖြည့်ဖို့ပဲ ဦးစားပေးလိုက်ကြတယ်။

အသီးမှ အသီးစစ်စစ်၊ ၃ ခုလုံး ချဉ်တူးနေတာပဲ  :D

အာလူးကြော်၊ ပုဇွန်ကင်နဲ့ အပေါ်ကသင်္ဘောသီးသုတ်ဟာ တစ်ယောက်စာအတွက် အနေတော်ပါပဲ


Beef ဘာဆိုလား မမှတ်မိတော့ဘူး

ပစ္စည်းတွေထား ခဏနားပြီး အပန်းဖြေစခန်းရဲ့ စားသောက်ခန်းမမှာ နေ့လည်စာစားတော့ ၃ နာရီထိုးပြီ။ ပုဇွန်ကင်၊ အမဲသား ဆိုပြီး တစ်ယောာက်တစ်မျိုးမှာပြီးချိန်မှာ မြန်မာကြက်သားဟင်း ဆိုပြီးတွေ့တဲ့အခါ မှာစားမိကြတယ်။ Facebook ပေါ်မှာ အင်္ဂလန်က မြန်မာနိုင်ငံသား စားဖိုမှူးက မြန်မာကြက်သားဟင်းကို ဟိုတယ်တွေရဲ့စားသောက်ဖွယ် စာရင်းမှာ ပါလာနိုင်အောင် ကြိုးစားခဲ့တယ်ဆိုတာလည်း ဖတ်ထားတာမှ မကြာသေးတာကိုး။ အုန်းနို့အနည်းငယ်ပါတာကလွဲပြီး မြန်မာကြက်သားဆီပြန်အတိုင်းပါပဲ။ သုံးမျိုးလုံး လက်ရာသိပ်ကောင်းပါတယ်။





ဗိုက်ပြည့်လို့ကျေနပ်သွားတဲ့ ၃ ယောက်ဟာ အခန်းကိုပြန်ကြတယ်။ ခရီးကို စစီစဉ်တုန်းက ၆ ယောက်မို့ Superior Room Triple Sharing ၂ ခန်းယူထားခဲ့ကြတာပါ။


ရောက်စက ဟိုအခန်းကထွက် ဒီအခန်းကိုဝင် နေကြရာက အတွင်းတံခါးနဲ့ဆက်ထားတဲ့ အခန်းကျယ် ၂ ခန်း မှန်းသိတဲ့အခါ ဟိုဘက်ဒီဘက် အော်ပြောလိုက်၊ အခန်းကူးပြီး စပ်စုလိုက်နဲ့ အူမြူးကြပြန်တယ်။ ဒါပေမယ့် အဲဒါလေးက ကြာကြာမခံလိုက်ပါဘူး ။ ခဏနားပြီး Activity Services Center ကိုဖုန်းခေါ်တဲ့အခါ နောက်တနေ့အတွက် ဘယ် Activity ကိုမှ စာရင်းပေးလို့ မရတော့ပါဘူး။ ခရီးစဉ်မှာ ပါပြီးသားဖြစ်တဲ့ Snorkeling at Renggis Island ဆိုတာကလည်း ညနေ ၄ နာရီ ဆိုပိတ်ပြီမို့ ဒီနေ့အဖို့ နာရီဝက်နဲ့ ဘယ်လိုမှ မမှီတော့ပါဘူး။

အခုမှရောက်တယ် အခုပဲဘာမှလုပ်မရတော့ဘူး ဆိုတော့တော်တော်လေးစိတ်ပျက်သွားကြပြန်ပါရော။ အဲဒါနဲ့ Spa ပဲသွားကြတာပေါ့ဆိုပြီး ဖုန်းဆက်တဲ့အခါမှာ ဒီညနေလည်းမရှိ၊ နောက်နေ့ညနေလည်းမရှိ၊ နောက်နေ့မနက်ပိုင်းအတွက်ပဲအချိန်ရှိပါတော့သတဲ့။ မနက်စာစားပြီး Spa ကိုသွားရမှာဟာ တော်တော်အူကြောင်ကြောင်နိုင်လှပါတယ်။ ဘာလို့ဒီလောက်တောင် အချိန်တွေမပေးနိုင်၊ လူတွေပြည့်နေရတာလဲလို့ မေးကြည့်ကြတော့မှ အဖြေတွေ့ပါတော့တယ်။ ကုမ္ပဏီတစ်ခုရဲ့ ဝန်ထမ်းတွေအပန်းဖြေခရီးစဉ်ကြောင့် ဒီနေ့ပဲ အယောက် ၂၀၀ ကျော်ရောက်လာတာမို့ပါတဲ့။ ၃ ယောက်သားဟာ ကမ်းစပ်မှာပဲ တနေကုန်ရေကူးနေရတော့မလို၊ Renggis ကျွန်းမှာပဲ တနေကုန်ရမလိုဖြစ်ပြီး ပြန်ငြိမ်သွားကြပါတော့တယ်။

ဒီခရီးစဉ်ကို စစီစဉ်ကတည်းက စိတ်ဓါတ်တွေဟာ တက်လိုက်ကျလိုက်ပါပဲ။ ပျက်မလိုဖြစ်ပြီးမှ ရောက်အောင်လာကြတဲ့ သူတွေမို့ ကြာကြာတော့ မငြိမ်သွားကြပါဘူး။ ဘာမှဆော့မရလည်း ဒီလောက်အေးဆေးတဲ့ ကမ်းခြေက အခန်းကျယ်ကြီးထဲမှာ တနေကုန် အိပ်ရာပေါ်နှပ်ကြတာပေါ့လို့ သဘောတူဆုံးဖြတ်ပြီး စပ်ဖြဲဖြဲ ပြန်ဖြစ်လာကြတယ်။ စလုံးမှာ သိပ်မှမအိပ်ကြတာ။ ဒီမှာ အဝ အိပ်ရလည်း မဆိုးပါဘူး။ အဲဒီ့နောက်တော့ စိတ်ကူးထားကြတဲ့အထဲမှာ မပါတဲ့ နောက်ဆုံးလုပ်လို့ရတာ တစ်ခုဖြစ်တဲ့ စက်ဘီးဘက်လှည့်ကြတယ်။ ကံကောင်းကြလေစွ။ စက်ဘီးတွေတော့ ကုန်အောင်ငှားမသွားကြသေးဘူး။

ညနေ ၅ နာရီခွဲလောက်မှာ စက်ဘီးစီးဖို့ ထွက်လာခဲ့ကြတဲ့အခါ ကံဇာတာတွေ တက်လာကြပြန်တယ်။Resort Activity Services Center က သဘောကောင်းတဲ့ဦးလေးကြီးက သူတို့ဝန်ဆောင်ပေးတဲ့ Snorkeling Trip နဲ့ တောတွင်းလမ်းလျှောက်ခရီးတွေ လူပြည့်သွားပေမယ့် အပြင်က ဝန်ဆောင်မှု တစ်ခုက သွားရင်တော့ ရနိုင်ကြောင်း ပြောပြပါတယ်။ ခရီးသွားကုမ္ပဏီက ဝယ်ထားတာမှာ Renggis Island ပါပြီးသားမို့သူတို့နဲ့ သွားရင် ရင်းဂစ် ၉၀ ပဲ ထပ်ပေးရပြီး နေ့လည်စာပါ ပါမှာပါ။ အပြင်က ဝန်ဆောင်မှုနဲ့သွားရင် ရင်းဂစ် ၁၂၀ ပေးရပြီး နေ့လည်စာဝယ်စားရမယ်လို့ ဆိုပါတယ်။ ဝမ်းသာအားရနဲ့ ၃ ယောက်စာ စရံပေးခဲ့ပြီး စက်ဘီးစီးထွက်ကြချိန်မှာတော့ ပျော်စရာတွေ အပြည့်ဖြစ်သွားပြီ။



Package မှာ ပါပြီးဖြစ်တဲ့ Renggis Island က ကမ်းခြေနဲ့ ငါးမိနစ်လောက်ပဲ သွားရတဲ့ အကွာအဝေးမှာရှိပါတယ်။ Package အရ အဲဒီ့မှာဘယ်လောက်ကြာကြာနေလို့ရလဲဆိုတော့ ညနေ ၄ နာရီအထိကြိုက်သလောက်နေတဲ့။ ဒါပေမယ့် သူပြောတဲ့ကြိုက်သလောက်နေဆိုတာ ကျွန်းပေါ်မှာမဟုတ်ဘဲ ရေထဲမှာဆိုတာ နောက်နေ့မှ သိရတယ် :D

Renggis Island ဘက်က လှမ်းမြင်ရတဲ့ Golf Club အဆောက်အဦ

ဂေါက်ကွင်းထဲက မျောက်တစ်သင်း 

Tioman ကျွန်းဟာ ပေပေါင်း ၃၄၀၀ မြင့်တဲ့ Gunung Kajang တောင်အပါအဝင် တောင်တွေအများကြီးရှိပါတယ်။ တောင်တွေ ပင်လယ်ကြားမှာရှိတဲ့ ကမ်းခြေမြေပြန့်သိပ်မကျယ်တာ ခရီးစဉ်တလျှောက်သတိထားမိပါတယ်။ Berjaya ကမ်းခြေအပန်းဖြေစခန်းကတော့ Tioman မှာအကြီးဆုံးဖြစ်ပြီး သဲသောင်ကမ်းခြေ တော်တော်လေး ရှည်ပါတယ်။ စက်ဘီးစီးတာ သဲသောင်မှာမဟုတ်ပါဘူး။ အပန်းဖြေစခန်းအတွင်းလမ်းကနေ စခန်းပရဝုဏ်ကျော်ပြီး ဂေါက်ကွင်းနဲ့ ဆက်သွားတဲ့ လမ်းတလျှောက်ပါ။ တောင်တန်းတဘက် နဲ့ ကမ်းခြေတဘက်နဲ့ ကားအသွားအလာ မရှိသလောက်နဲတဲ့ လမ်းကလေးမှာ စက်ဘီးစီးရတဲ့ ညနေခင်းလေးက သာယာလှပါတယ်။ ဆိုင်ကယ်သံကြားတိုင်း စက်ဘီးပေါ်က ခုန်ဆင်းမိတာက လွဲလို့ပေါ့လေ :D

လူမပါတဲ့ ရှုခင်းပုံပျောက်သွားလို့ သည်းခံကြပါ  :D

စက်ဘီးတွေပြန်အပ်ပြီးတဲ့နောက် ဘူဖေးညစာ။ အနောက်တိုင်းအစားအစာ၊ တရုတ်စာ၊ မလေးရှား အစားအစာတွေ အစုံအလင်ပါ ပါတယ်။ စားပြီးတဲ့အခါ နေကြာစေ့ထုပ်၊ အချဉ်ထုပ်တွေ အခန်းမှာ ပြန်ယူ၊ ကမ်းခြေအုန်းပင်တွေအောက် ခုံတွေပေါ်က ဆိုဖာအခင်းတွေသွား မ ၊ မီးရောင်မရှိတဲ့ ကမ်းစပ်သဲသောင်မှာခင်းပြီး ကြယ်တွေကြည့်ကြတယ်။ 

Berjaya မှာ Receciption Lounge နဲ့ စားသောက်ခန်းမ ကလွဲရင် Wifi မရပါဘူး။ တယ်လီဖုန်း Roaming လည်း ဖွင့်မထားကြတဲ့အခါ ကိုယ်တွေဟာ သက်ရှိပကတိလောကကြီးထဲကို ပြန်ရောက်သွားကြတယ်။ အဲဒီ့အချိန်မှာ ဒီ ၃ ယောက်အပြင် (စိတ်ထဲကသတိရနေရင်တောင်) အလေးထားစရာ တခြားသူမရှိကြဘူး။ အဲဒီ့နားမှာ လှိုင်းပုတ်သံတွေရဲ့ သဘာဝဂီတပဲ ရှိတယ်။ အဲဒီ့ညမှာ လနဲ့အပြိုင်လင်းနေတဲ့ ကြယ်လေးတွေပဲရှိတယ်။

အောက်ထပ်က အခန်းမှာ ၂ ညတာ

သေသေချာချာ သတိထားလိုက်မိတာကတော့ Online ၊ Internet ၊
Facebook ဆိုတာတွေနဲ့ ဝေးကွာသွားချိန်၊ TV ဆိုတာကို မေ့ထားလိုက်ချိန်မှာ အနီးကပ်ရှိနေတဲ့ သက်ရှိလူသား ၃ ယောက်ဟာ ပိုမိုနီးကပ်နွေးထွေးသွားတာပါပဲ။

ဆက်ပါဦးမည် .... 

3 comments:

ပစ်ပစ် said...

အပိုင်3း ကိုမျှော်နေတယ်အမရေ

မေဓာဝီ said...

စက်ဘီးလေးနဲ့ ချစ်စရာလေး ညို
စာရေးလည်း ကောင်း
ပုံတွေလည်း လှ
ညို့ပုံလေးတွေလည်း တင်ပါအုံးနော်
အပိုင်း ၃ ကို စောင့်မျှော်လျက် …

ညိုလေးနေ said...

ပစ်ပစ်
အပိုင်း ၃ ပြီးသွားပါပြီ ရှင့် :)

အစ်မမေ

ဒီခရီးက စာရေးဖို့စိတ်မကူးခဲ့တော့ ဓါတ်ပုံတွေသိပ်မရိုက်ဖြစ်ခဲ့ဘူး
ရေဆော့၊ ရေစို နေလို့ ကင်မရာကိုင်မရတာကြောင့်လည်း ပါတယ်။
သူများရိုက်ပေးတာတွေပဲ ရလာလို့ လူပုံမလွတ် ဖြစ်ကုန်တာ :D

Post a Comment