Monday, September 10, 2012

ဘာတမ်နောက်ဆက်တွဲ

ဘာတမ်ခရီးစဉ်ကို ဖတ်ပြီး သူငယ်ချင်း၊ မိတ်ဆွေ တချို့ဆီက မေးခွန်လေးတွေရောက်လာလို့ အခု ဘာတမ်နောက်ဆက်တွဲကို ရေးလိုက်ပါတယ်။ 

www.deal.com.sg ကို စိတ်ဝင်စားနေကြတာ ကြာပါပြီ။ ခွင့်မယူချင်ကြတာ၊ ရက်ညှိမရတာ၊ ဘက်ဂျက်အခြေအနေကြည့်နေရတာတွေကြောင့် စိတ်သာဝင်စားပြီး မသွားဖြစ်ကြပါဘူး။ Turi Beach Resort ရဲ့  promotion မှာလည်း သွားမယ် မသွားဘူး ဆုံးဖြတ်ချက် မကျသေးပါဘူး။ Debit Card နဲ့ ပေးလို့ရမရ စမ်းသပ်ကြရင်းက button မှားနှိပ်လိုက်တာ ပိုက်ဆံတကယ်ဖြတ်သွားလို့ ဆုံးဖြတ်ချက် ကျသွားတာပါ။ အဲဒီ့အချိန်က promotion က နှစ်ယောက်တစ်တွဲ တစ်ယောက်ကို SGD85.00 ကျပါတယ်။ Riani Deluxe Room ၊ တစ်ညအိပ်နှစ်ရက် ( 2D1N ) ခရီးစဉ်မို့ Buffet Dinner နဲ့ Breakfast ပါ ပါတယ်။ ဖယ်ရီစီစဉ်ပေးပြီး Nongsapura Ferry Terminal ကို အကြိုအပို့ လုပ်ပေးပါတယ်။ အသွားအပြန် ဖယ်ရီ အချိန်ကို ပေးထားတဲ့ အချိန်စာရင်းထဲက ကြိုက်တဲ့အချိန် ရွေးလို့ရပါတယ်။ စလုံးက အသွားမှာ Passenger's departure fee (PDF) SGD6.00 နဲ့ fuel surcharge SGD14.00 ကို Batam Fast Ferry Operator ကို ပေးရပြီး အပြန်မှာ Batam terminal fee SGD4.00 ကိုပေးရပါတယ်။ အဲဒါကြောင့် စုစုပေါင်း SGD109.00 ဖြစ်သွားပါတယ်။ 

ဘာတမ်မှာ အဓိက ဖယ်ရီတာမီနယ် လေးခုရှိပါတယ်။ Batam Centre, Sekupang, Waterfront City နဲ့ Nongsapura တို့ပါ။ Nongsapura ကိုသွားမယ်ဆိုရင်တော့ Tanah Merah Ferry Terminal က သွားရပါတယ်။ 

ဘာတမ်သွားမယ့်အကြောင်း သူငယ်ချင်းတစ်ယောက်ကို ပြောပြတော့ စလုံးလောက်ကြီးတဲ့ ကျွန်းလေးပဲ၊ ဂေါက်ရိုက်တာ နာမည်ကြီးတယ် ( ဂေါက်ကွင်းတွေရှိတယ်လို့ ဆိုလိုချင်တာပါ ) လို့ပြောပါတယ်။ အဲဒါနဲ့ မသွားခင်ညမှာ Google ကနေ မြေပုံရှာပြီးကြည့်တော့ ဟုတ်ပါတယ် ကျွန်းပေါ်မှာ ဂေါက်ကွင်းတွေ အများကြီးပါပဲ။ ဖယ်ရီဆိပ်ကို ရောက်တော့လည်း ရုံးပိတ်ရက်မို့ နေ့ချင်းပြန် ဂေါက်သွားရိုက်မယ့်သူတွေ အများကြီးတွေ့ပါတယ်။ 

စလုံးဘက်ကမ်းကနေ ဘာတမ်ဘက်ကမ်းကို ရောက်ဖို့ လေးဆယ့်ငါးမိနစ်ခန့် ဖယ်ရီစီးရပါတယ်။ Nongasapura ဖယ်ရီဆိပ်က မြို့ ရဲ့ အစွန်ဘက်မှာဆိုတော့ လူတော်တော်ရှင်းပါတယ်။ Immigration Counter ကိုကျော်သွားတော့ " Turi Beach Turi Beach " လို့အော်ပြီး လာကြိုနေတာ ကြားရပါတယ်။ နောက်ထပ် တစ်နေရာကလည်း အော်ခေါ်ပြီး လာကြိုတာ တွေ့ပါတယ်။ ဘယ်ကလဲဆိုတာတော့ မမှတ်မိတော့ပါဘူး။ ဂေါက်အိတ်လွယ်ထားသူ အများစုက အဲဒီ့အော်သံနောက်ကို လိုက်သွားတာတော့ သတိထားမိလိုက်ပါတယ်။ Turi Beach လို့ အော်နေတဲ့လူကြီးဆီကို သွားတော့ အပြန်ဖယ်ရီချိန်ကို Batam Fast Counter ခုံလေးမှာ သွားပြောပြီး သူ့နောက်လိုက်ခဲ့ဖို့ ပြောပါတယ်။ 

လာကြိုတဲ့ လူကြီးနောက်လိုက်သွားတော့ Turi ရဲ့  ခရီးသည်ကြိုကားကို တွေ့ပါတယ်။ ပထမဆုံး အခေါက်မို့ ကိုယ်တွေအပြင် နှစ်ယောက်တစ်တွဲ သုံးတွဲပဲ ပါလာပါတယ်။ ကားရပ်ထားတဲ့နေရာကို ကြည့်ကြည့်တော့ နောက်ထပ်ကားတစ်စီးပဲ ရှိပါတယ်။ မနက်အစောဆုံး အခေါက်မို့လို့ ဖယ်ရီဆိပ်မှာ လူတအားရှင်းနေတယ်လို့ ထင်ပေမယ့်  နောက်နေ့နေ့လည်  နှစ်နာရီ စလုံးပြန်ဖို့အတွက် ဖယ်ရီဆိပ်ကို ရောက်လာချိန်မှာလည်း ကိုယ်နဲ့အတူပြန်မယ့် ခရီးသည်တွေပဲရှိပြီး ရှင်းလင်းနေပါတယ်။ Taxi တစ်စီးမှ မတွေ့ မိပါဘူး။ ကားထွက်လာတော့ လမ်းတလျှောက်မှာ အဆောက်အဦးတွေ မတွေ့မိဘဲ သစ်ပင် သစ်တောတွေ အုပ်ဆိုင်းနေပါတယ်။ ဆယ့်ငါးမိနစ်လောက် မောင်းသွားပြီး Turi ကိုရောက်တော့ မနက် ဆယ်နာရီလောက်ပဲ ရှိပါသေးတယ်။ Check in က နေ့လည်တစ်နာရီမှ လုပ်လို့ရမှာပါ။ အခန်းလွတ်လည်း မရှိသေးပါဘူး။

အစကတည်းက မြို့ထဲကို အရင်သွားလည်မယ်လို့ စိတ်ကူးထားကြတာမို့ မြို့ ထဲဘယ်လိုသွားလို့ရမလဲ မေးကြည့်တဲ့အခါ Turi က ပို့ပေးတဲ့ bus ကိုစီးချင်ရင် နေ့လည်တစ်နာရီအထိ စောင့်ရမယ်၊ မြို့ ထဲကို ပတ်ပို့ပေးပြီး တစ်နေရာမှာ ဆယ့်ငါးမိနစ်လောက် စောင့်ပေးတယ်လို့ ပြောပါတယ်။ ညနေလေးနာရီမှာ ပြန်ရောက်မှာပါ။ Taxi ခေါ်ချင်တယ်ဆိုရင်လည်း ခေါ်ပေးပါမယ်။ တစ်ခါထွက်ရင် သုံးနာရီအနည်းဆုံးကြာပြီး နာရီနဲ့ပေးရတယ်လို့ ပြောပါတယ်။ အခန်းမရသေးဘဲ နေ့လည်တစ်နာရီအထိ မစောင့်ချင်တာရယ်၊ သူတို့ပို့မယ့် အထဲမှာ ဘုရားကျောင်းပါမပါ မသေချာတာရယ်ကြောင့် Taxi နဲ့သွားဖို့ပဲ ဆုံးဖြတ်လိုက်ပါတယ်။ Malacca ခရီးတုန်းကလို ကိုယ်သွားချင်တဲ့နေရာ မရောက်ဘဲ ကားပေါ်ကဆင်းတာနဲ့ ဆယ့်ငါးမိနစ်ပြည့်ပြီး ဘာမှမကြည့်ရဘဲ ပြန်တက်လာရမှာ စိုးတာကြောင့်လည်း ပါပါတယ်။Taxi ခက SGD30 ဝန်းကျင်လို့ထင်တာပါပဲ။ မမှတ်မိတော့ပါဘူး။

ပါလာတဲ့ကျောပိုးအိတ်ကို reception မှာအပ်ပြီး ခေါ်ပေးတဲ့ Taxi နဲ့ထွက်ခဲ့ကြပါတယ်။ Resort နဲ့ ချိတ်ဆက်ထားတဲ့ Taxi မို့ ကားသမားလေးဟာ အင်္ဂလိပ်လို ကောင်းစွာပြောနိုင်ပါတယ်။ ဖယ်ရီဆိပ်ကလာတဲ့ လမ်းဆုံရောက်တော့ နဲနဲသဘောပေါက်သွားပါတယ်။ ဖယ်ရီဆိပ်ကနေ လာတဲ့လမ်းက Turi သွားချင်ရင် ဘယ်ချိုး၊ မြို့ထဲသွားချင်ရင် ညာချိုး။ လမ်းတလျှောက်မှာ ငေးရတာတော့ မြန်မာပြည်မှာ ခရီးထွက်ရသလိုပါပဲ။ လမ်းမကြီးဘေးမှာ ဆိုင်ကယ်ပြင်ဆိုင်လေးတွေ၊ မုန့်ဆိုင်လေးတွေ နဲ့ တစ်ထပ်အိမ်လေးတွေ ရှိပါတယ်။ တချို့နေရာတွေမှာတော့ မြို့သစ်လို အိမ်ယာတွေ ဆောက်နေတာ တွေ့ပါတယ်။ သတိထားမိတာတစ်ခုက ဘာတမ်ကျွန်းရဲ့မြေသားက မြေနီဖြစ်နေတာပါ။ ဆောက်လုပ်ရေးအတွက် မြေရှင်းထားတဲ့ နေရာတွေက မြေနီကွင်းကြီးတွေ ဖြစ်နေပါတယ်။  တချို့နေရာတွေကို ဓါတ်ပုံရိုက်ချင်ပေမယ့် ကားသမားလေးက ကားမောင်းတာမြန်လွန်းလို့ ရိုက်လို့မရပါဘူး။ လမ်းဆုံတွေရောက်လို့ ကြော်ငြာဘုတ်တွေမြင်လိုက် ရောက်တော့မယ်ထင်လိုက်နဲ့ တကယ်တော့ တော်တော်ဝေးပါတယ်။ ဘုရားကျောင်းကိုရောက်တော့ ကဆုန်လပြည့်နေ့မို့ ကားတွေလူတွေ အများကြီးပါပဲ။ ဘုရားကျောင်းကို လှည့်ပတ်ကြည့်တာ နာရီဝက်ကျော်ကျော်ကြာပါတယ်။

ဘုရားကျောင်းပြီးတော့ Mega Mall ကိုသွားပါတယ်။ နေ့လည်စာ ဘယ်မှာစားရမှန်းမသိတာ ကားသမားလေးက အဲဒီ့မှာစားလို့ရတယ်ဆိုလို့ပါ။ နှစ်ယောက်သား ဆိုင်ပတ်ရွေးနေတာ၊ စားနေတာ တော်တော်ကြာသွားပါတယ်။ မြို့ ကိုသာနှံ့အောင်သွားမယ်ဆိုရင် သုံးနာရီဆိုတဲ့အချိန်က သိပ်ကိုနဲပါတယ်။ Turi နဲ့ အသွားတစ်နာရီ အပြန်တစ်နာရီကြာတော့ မြို့ ထဲပတ်ချိန် တစ်နာရီပဲရပါတယ်။ ဘယ်လိုမှ မလောက်ပါဘူး။ မမခင်ဦးမေ သွားသလို Taxi တစ်နေကုန်ငှားမှ နှံ့မှာပါ။ မမတွေ့ခဲ့တဲ့ တံတားတွေလည်း တစ်စင်းမှ မတွေ့ခဲ့ပါဘူး။ ကားခကို နာရီနဲ့တွက်တာဆိုတော့ ပိုက်ဆံပိုပေးပြီး ဆက်သွားလို့ရပေမယ့် Resort မှာ အခန်းမရသေးတာရယ်၊ တစ်ညလုံးအိပ်ရေးပျက်ပြီး ခေါင်းမကြည်ကြတာရယ်ကြောင့် ပထမပြောထားတဲ့ သုံးနာရီအတိုင်း Turi ကိုပြန်ဖို့ပဲပြောလိုက်ကြပါတယ်။

Turi Beach Resort က ပင်လယ်ကမ်းခြေဘေး တောင်ကုန်းကြီးပေါ်မှာ ဆောက်ထားပြီး တော်တော်လေးကို ကျယ်ပါတယ်။ တောင်ကုန်းမို့လို့ အဆင့်လေးဆင့်ခွဲပြီး ဆောက်ထားတာကြောင့် အဆင့်တိုင်း၊ အခန်းတိုင်းဟာ seaview ဖြစ်နေပါတယ်။ promotion အတွက်စီစဉ်ထားတာ ပင်မအဆောက်အဦးဘက်က အခန်းတွေဖြစ်ပေမယ့် လူများပြီး အခန်းမကျန်တော့တာမို့ ကံကောင်းစွာနဲ့ ဘန်ဂလိုလေးမှာ ရပါတယ်။ နှစ်ယောက်ခန်း နှစ်ခန်းတစ်တွဲ ဘန်ဂလိုလေးတွေပါ။ Turi ရဲ့ ဘေးကပ်ရပ်က Nongas Point Marina & Resort ပါ။ အပျော်စီးမော်တော်တွေပါ ငှားလို့ရပြီး အဆောက်အဦးအပြင်အဆင်တွေ ပိုခမ်းနားပေမယ့် ပင်လယ်ပြင်ကို မြင်နေရတာကလွဲလို့ သဘာဝအလှ လုံးဝမရှိတော့တာကြောင့် မကြိုက်ပါဘူး။ Turi မှာက ပေခြောက်ဆယ်လောက်ရှည်တဲ့ သဲသောင်ကမ်းခြေလေး ကျန်နေလို့ ရေကူးချင်၊ သဲပြင်ပေါ်လမ်းလျှောက်ချင်လို့ ရပါသေးတယ်။

ရေးရင်းနဲ့ စိတ်ထဲမှာ Turi ကို ကြော်ငြာနေရသလိုပဲလို့ ထင်လာပါပြီ။ သူများနိုင်ငံက ပိုင်တာကို ကြော်ငြာပေးရတာ စိတ်ထဲမှာခိုးလိုးခုလု။ {{ အဲဒီလိုလည်း မနာလိုဖြစ်တတ်ပါတယ် :) }}

ဘာတမ်နဲ့ ပတ်သက်ပြီး နောက်ထပ်ပြောပြချင်တာလေးတစ်ခု ရှိပါသေးတယ်။



 ပြီးခဲ့တဲ့ ဇူလိုင်လ ၂၈ ရက်က ဘာတမ်မှာ ဖားအောက်တောရ ဝိပဿနာ ဒူရ ရိပ်သာ Pa-Auk Tawya Vipassanā Dhura Hermitage (“PATVDH”)  ရဲ့ သိမ်ဖွင့်ပွဲကို ဖားအောက်တောရ ဆရာတော်ဘုရားကြီး ကြီးမှူးပြီး ကျင်းပခဲ့ပါတယ်။



ရိပ်သာနေရာက အင်မတန်မှ ကျယ်ဝန်းပြီး စိတ်ငြိမ်အေးချမ်းတဲ့ နေရာလေးပါ။ ယောဂီများ နေထိုင်ရန် အဆောက်အဦးများကို ဆောက်လုပ်ဆဲမို့ အချိန်မရွေးတော့ တရားစခန်းဝင်လို့ မရသေးပါဘူး။ ဒါပေမယ့် အခါအားလျော်စွာ လူဦးရေ အကန့်အသတ်နဲ့ တရားစခန်းတွေ ဖွင့်လှစ်ဦးမှာပါ။ အဆောက်အဦးများ အားလုံး ပြီးသွားရင်တော့ တရားအားထုတ်ချင်သူများအတွက် ပိုပြီး အဆင်ပြေသွားပါမယ်။ မြေနေရာနည်းပါးပြီး ကျဉ်းကျပ်တဲ့ စင်္ကာပူမှာ နေထိုင်သူတွေအတွက် ဘာတမ်မှာ တရားစခန်း ပေါ်ပေါက်လာခြင်းဟာ မင်္ဂလာသတင်းပါ။ အရင်ကလို ဗီဇာ မလိုတော့တာကြောင့် စင်္ကာပူရောက် မြန်မာများအားလုံးအတွက်လည်း အဆင်ပြေပါတယ်။ ဘဝရှင်သန်ရပ်တည်ရေးအတွက် အလုပ်တွေလုပ်နေကြရင်းက အချိန်ရှိခိုက် တရားဘက်လိုက်ကာ အားထုတ်ချင်ကြတယ်ဆိုရင်တော့ Eunos က ဖားအောက်ကျောင်းမှာ စုံစမ်းနိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော် နှိုးဆော်ရင်း ဘာတမ်နောက်ဆက်တွဲကို အဆုံးသတ်လိုက်ပါတယ်။      ။


ညိုလေးနေ
10.09.2012

2 comments:

mstint said...

တီတင့်လည်း ဒီတစ်ခေါက်တော့ သူငယ်ချင်းဟောင်းတွေနဲ့ ဘာတမ်သွားမလား စိတ်ကူးနေတုန်း ညိုလေးနေရဲ့ ဘာတမ် ဖတ်ပြီး သွားဘို့အတွက် ခိုင်မာစွာ ဆုံးဖြတ်လိုက်ပြီး)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ညိုလေးနေ said...

သူငယ်ချင်းတွေ အများကြီးနဲ့ဆို ပိုပြီးပျော်စရာကောင်းမှာနော် ... တီတင့် :)

Post a Comment