Sunday, September 16, 2012

တစ်မြေတည်းမှာ ( ၁ )


မြို့နှင့်မနီးလှသော ရွာလေးမှာ ဆိုပေမယ့် မွန်တို့ ရောက်ရှိသွားရာ ဘုန်းကြီးကျောင်းဝင်းက ကျယ်ဝန်းပြီး သပ်ရပ်လှပသည်။ ပင်မအုတ်ကျောင်းဘေးမှာ ပျဉ်ထောင်နှစ်ထပ်ကျောင်း၊ ထိုဘေးမှာတော့ ဆွမ်းစားဆောင် ရှိသည်။ အုတ်ကျောင်းနှင့် ရှေ့တည့်တည့် တော်တော် လှမ်းလှမ်းမှာတော့ စာသင်ကျောင်းလေး။ ဘုန်းကြီးကျောင်းဝင်းက ဝင်ပေါက်နှစ်ပေါက်နှင့်။ စာသင်ကျောင်းလေးရှိရာ တံတိုင်းဘက်မှ ဝင်ပေါက်သည် ရန်ကုန်-မန္တလေး ကားလမ်းမကြီးဆီသို့ သွားရာ မြေနီလမ်းသို့ ဆက်သွားသည်။ ပင်မအုတ်ကျောင်းရှိရာ တံတိုင်းဘက်မှ ဝင်ပေါက်ကတော့ ရွာထဲမှ ဘုန်းကြီးကျောင်းကို လာဖို့။ ထိုမျက်နှာချင်းဆိုင် ဝင်ပေါက်နှစ်ပေါက် တလျှောက်ကို နှင်းဆီပင်လေးများ တစ်ဘက်တစ်ချက် စီရီထားသော လမ်းလေးက ဆက်ပေးထားသည်။ ကျောင်းဝင်းထဲမှာ ကိုးနဝင်း စေတီလေးလည်းရှိသည်။ ကျောင်းဆောင်တွေနှင့် စေတီကို ထိုလမ်းလေးက ခြားထားသည်။ စေတီလေး တဝိုက်မှာတော့ မန်ကျည်းပင်တွေ အရွယ်စုံ။

ကျောင်းလေးပေါ်မှ အသာအယာ ခြေဖော့ပြီး ဆင်းခဲ့သည်။ အစ်ကိုနိုင်နှင့် မမထားကတော့ အလှူကိစ္စအတွက် ဆရာတော်ကိုလျှောက်ထား ဆွေးနွေးနေဆဲ။ ဆက်ပြီး ထိုင်နေပေးချင်ပေမယ့် ဆေးရုံကနေ အိမ်မပြန်ဘဲ မမထားတို့နဲ့ အတူလိုက်ကာ ၆နာရီလောက် ကားစီးလာရသည့် ခေါင်းကမခံနိုင်တော့။ စေတီလေးမှာ ရှိခိုးဦးချကန်တော့ပြီး မန်ကျည်းပင်တွေအောက် လျှောက်လာခဲ့သည်။ ကျောင်းဝင်းမြေက ညီညာနေပြီး သေချာ လှဲကျင်းထား၍ ခြေဗလာနှင့် လမ်းလျှောက်လို့ ကောင်းလှသည်။ စေတီလေး၏တဘက်မှာ နင်္ဂါးရုံဘုရားနှင့် ရေကန်ငယ် တစ်ကန်။ ထိုရေကန်လေးနားက သစ်ပင်မြစ်ပျဉ်းမှာထိုင်လို့ ပင်စည်ကိုမှီကာ မျက်စိမှိတ်ပြီး နားနေလိုက်သည်။ ကန်ရေပြင်ကိုဖြတ်ပြီး တိုက်ခတ်လာသော လေက ခေါင်းနောက်ရီဝေနေတာတွေကို အတန်ငယ် လျော့နည်းသွားစေသည်။ ဆရာဝန်ဖြစ်ပြီး ဆေးသောက်ရမှာကို အင်မတန် ဝန်လေးတော့လည်း ခေါင်းနောက် ရီဝေတာလောက်ကို ဒီလိုနည်းမျိုးဖြင့် ကုစားနေရသည်။

ဆိတ်ငြိမ် အေးချမ်းလိုက်တာ။ ဒီလိုအေးချမ်းစွာ နားနေရခြင်းမရှိတာ ဘယ်လောက်ကြာပြီလဲ။ ခန္ဓာကိုယ်က အေးချမ်းစွာ နားနေလိုက်တယ် ဆိုရင်ပဲ စိတ်ကလွတ်လပ်စွာဖြင့် သူနားခိုချင်ရာဆီသို့ လွင့်ထွက်သွားတော့သည်။ မျက်ဝန်းအစုံကို မှိတ်ထားလိုက်တော့ အတွေးအာရုံမှာ ပုံရိပ်တစ်ခုက ထင်ရှားပြတ်သားစွာ ပေါ်လာသည်။ စိတ်ကို ထိန်းချုပ်မထားချင်တော့ပါ။ အခုလိုအချိန်မျိုးလေးမှာ အားငယ်နွမ်းလျနေသည့် လူနာများကို ကုသပေးနေသော၊ အမ်အက်စီဖြေရန် အပြေးအလွှား အချိန်လု စာကျက်နေသော ဆရာဝန်မတစ်ယောက်၊ ဝင်ငွေကို ထွက်ငွေနှင့် မျှတမှုရှိအောင် စိတ်သန့်ရှင်းစွာဖြင့် ရှာဖွေနိုင်ရန်ကြိုးစားနေသော အိမ်၏ဦးစီး သမီးကြီးတစ်ယောက် မဟုတ်တော့။ ချစ်ရသူကို သတိရခြင်းများစွာဖြင့် တမ်းတမိသော မိန်းမတွေထဲက သာမန်မိန်းမတစ်ယောက်သာ ဖြစ်နေချင်သည်။ တရားဝင်လွမ်းဆွတ်ခွင့်ဆိုတာ မရှိသေးပေမယ့်၊ မြတ်နိုးစွာနဲ့ သူ့ကို တိတ်တခိုး တမ်းတခွင့်တော့ ရှိသေးတယ်လို့ ယုံကြည်နေဆဲ ……..။

* * * * * * * * * * *
 
အခုလိုသာ တစ်စုံတစ်ယောက်ကို သတိရနေပါတယ်လို့ သူငယ်ချင်းတွေကြားလျှင် ဘာတွေ ပြောကြမလဲ။ ဟားတိုက်ပြီး ရယ်ကြမလား။ သနားပါတယ်လို့ ဆိုမလား။ အချစ်ဆုံး သူငယ်ချင်း အိ ကတော့ “ နင် ဝဋ်လည်တာ နေမှာပေါ့ ” တဲ့။ ဟုတ်လောက်ပါတယ်လေ။

ကျောင်းတုန်းက လူစုမိလို့ မိန်းကလေးတို့ ထုံးစံ ရောက်တက်ရာရာပြောကြရင် တကူးတက အလှအပပြင်ရန် ဝါသနာမပါသော၊ ဈေးဝယ်ထွက်ရန် ပေါကြွယ်မနေသော မွန်သည် ရုပ်ရှင်နှင့် စာအုပ်အကြောင်းက လွဲလျင် အမြဲတမ်း နားထောင်သူ သက်သက်။ ပိုဆိုးတာက အတန်းဖော်တွေအကြောင်း၊ ချစ်သူရည်းစားတွေအကြောင်း။ ကိုယ်ကစိတ်မဝင်စားလျှင် ဘာကိုမှခေါင်းထဲမထားတတ်။ စာသင်ချိန်မှာ ကိုယ့်အနား လာလာထိုင်တတ်သူ တစ်ယောက်အကြောင်း မေးကြတုန်းက ကိုယ်ဘာမှမသိတော့ “ မွန် ကလည်းကွာ ….” ဆိုပြီး အားမလိုအားမရ ပြောကြသည်။ နောက်တော့ သူငယ်ချင်းတွေကပြောကြသည် “ သူ့ကို သွားမမေးနဲ့။ သူက ဆရာဝန်ဖြစ်ဖို့ကလွဲပြီး ဘာမှစိတ်မဝင်စားဘူး ” တဲ့။

သူတို့ပြောလည်း ပြောချင်စရာ။ အဲဒီ့အချိန်က အိမ်ရောင်းပြီး ကျောင်းဆက်ထားပေးရသော မေမေ့အတွက် ဆရာဝန်ဖြစ်ဖို့ကလွဲလို့ ခေါင်းထဲမှာ ဘာမှမရှိ။ ကိုယ်နှစ်သက်တဲ့ စာအုပ်တွေအကြောင်း စဉ်းစားတာ၊ စာအုပ်တွေဖတ်တာနဲ့ မိန်းကလေးမပီသစွာ မစပ်စုတတ်တာတွေကလည်း ပတ်ဝန်းကျင်နဲ့ ကင်းကွာစေသည်။ သူငယ်ချင်းတွေပြောတဲ့ ဘယ်သူက ဘယ်သူနဲ့တွဲလို့ ဘယ်သူတွေကဖြင့် ပြတ်စဲကုန်ပြီ ဆိုတာတွေ ဘာမှမသိ။ မွန့်အနားမှာ ရစ်သီလို့ ဝဲနေတဲ့သူတွေကိုလည်း အတန်းဖော် သူငယ်ချင်းမိတ်ဆွေအဖြစ်ကလွဲလို့ စိတ်မဝင်စားမိ။ သူတို့အကြောင်းသိဖို့ဆို ဝေးရော။ တစ်ချို့ ကတော့ မာနကြီးတယ်ထင်ပြီး တစ်ချို့ ကတော့ စိတ်ပျက်သွားကြသည်။ သူငယ်ချင်းတွေကတော့ “ နင် တစ်ယောက်ယောက်ကိုမှ နည်းနည်းလေးမှ စိတ်မဝင်စားဘူးလား ” ဟု မေးတတ်သည်။ သူတို့မေးတိုင်းလည်း စိတ်ထဲရှိတဲ့အတိုင်း “ ငါ အိမ်ထောင်မပြုချင်ဘူးဟ။ ငါလုပ်ချင်တာတွေ အများကြီးရှိသေးတယ်။ ကျန်းမာရေးဗဟုသုတနည်းတဲ့ နယ်ဘက်တွေက ကလေးတွေကို ငါဆေးကုပေးချင်သေးတယ်။ တစ်ယောက်ယောက်ကို ငဲ့နေရတာနဲ့ ငါလုပ်ချင်တာတွေ မလုပ်ရမှာစိုးတယ်။ ငါလုပ်ချင်တာ လုပ်ဖို့အတွက်လည်း သူတစ်ပါးကို ဝန်ထုတ်ဝန်ပိုး မဖြစ်စေချင်ပါဘူး ” လို့ပြန်ပြောမိတတ်သည်။ နောက်ပိုင်းတော့ သူငယ်ချင်းတွေလည်း မမေးကြတော့။

တကယ်တော့ မွန်က အတွေးလွန်ပြီး အဆင့်တွေ ကျော်သွားခဲ့တာပါ။ လုပ်ချင်တဲ့ အလုပ်တွေလုပ်ဖို့နဲ့ အိမ်ထောင်ရေးကို ကြိုတွေးမိတဲ့သူက အချစ် ဆိုတဲ့အရာကို လုံးလုံးလျားလျားမေ့ထားခဲ့တာကိုး။ အဲဒီ့ ဖန်တီးလို့မရတဲ့ အရာက ရင်ထဲကို သူ့အလိုလို ရောက်လာပြီး၊ သတိထားမိတဲ့ အချိန်ရောက်တော့ ဖျက်ဆီးလို့လည်းမရတော့။ ဖျက်ဆီးနိုင်စွမ်းလည်း မရှိခဲ့ပါဘူး။

* * * * * * * * * * *

သူ့ကို တစ်ခန်းတည်းမို့ သိနေပေမယ့် ဖာသိဖာသာနေတတ်သော မွန့်အကျင့်ကြောင့် မရင်းနှီးခဲ့။ သူငယ်ချင်းတွေပြောတဲ့ စကားတွေထဲမှာ သူ ကူညီတတ်တာ၊ စာတော်တာ တွေကြားမိပေမယ့် စာမေးပွဲခဏခဏကျတတ်သောကြောင့် တော်တယ်မထင်ခဲ့။ ဖိုင်နယ်ပတ်ဝမ်းရောက်လို့ နယ်တွေကို အတူတူဆင်းရတော့ မှသိတော့သည်။ တစ်ဖွဲ့လုံးကို ဦးဆောင်သွားတာ၊ အားလုံးကို မောင်နှမ အရင်းတွေလို သဘောထားကာ အနာခံစရာရှိ သူပဲခံတာတွေ ကိုယ်တိုင်ကြုံရမှ သူကူညီတတ်တာကို အသိအမှတ်ပြုမိသည်။ နောက်ပိုင်းသူနဲ့ ခင်သွားတော့ သူစာတော်တာလည်း လက်ခံရတော့သည်။ စာမေးပွဲကျတတ်သည်မှာ စာမရလို့ ညံ့လို့တော့မဟုတ်။ တစ်ခုခုကို လေ့လာကျက်မှတ်ရရင် တကယ်ကိုနားလည်ရှင်းလင်းမှ စိတ်ကျေနပ်တတ်တာ သူ့အကျင့်။ တစ်ခါတစ်ခါတော့ “ ဟေ့ကောင် … စာမေးပွဲအောင်ပြီးမှ ဆက်လေ့လာလည်း ရတယ်။ မင်းကို ဘယ်သူမှမတားဘူး။ မင်းဖြေရမှာ ဒီတစ်မျိုးထဲ မဟုတ်ဘူး။ လောလောဆယ် အောင်မှတ်ရအောင် အရင်ကျက် ” ဟု မြင့်ဇော်က ပြောတတ်သည်။ မြင့်ဇော်ရဲ့  စေတနာစကားကို ဘာမှပြန်မပြောဘဲ ပြုံးနေတတ်ပေမယ့် နားလည်းမထောင်ပါ။ စာမေးပွဲတွေနဲ့ လုံးချာလည်ရင်း ဆရာဝန်ဘွဲ့ရခဲ့သည်။ သူ့ဆီမှာမှ စာမေးချင်သည့် အတန်းငယ် ညီမတွေကလည်း ဝိုင်းဝိုင်းလည်လို့။

မွန် သူ့ကို ရင်းနှီးခင်မင်သွားတာကတော့ သူရဲ့ နာမည်ကြီးတဲ့ အချက်တွေကြောင့် မဟုတ်ခဲ့ပါ။ ကလေးတွေကို ကျန်းမာရေးအသိပညာ ပေးချင်လှပါချည်ရဲ့ လို့ ပြောတတ်သော မွန်ရှေ့ မှာ မွန့်လို စကားတစ်ခွန်းမှ မပြောဘဲသူက လက်တွေ့ လုပ်သွားတဲ့အခါ၊ အတန်းတူချင်း ဆရာလုပ်လို့သည့် ပုံမျိုးမဟုတ်ဘဲ မွန်သိချင်တာတွေကို သင်မှန်းမသိ သင်ပေးသွားတဲ့အခါ၊ တမင်ရင်းနှီးချင်လို့ စာလာမေးသည့် မိန်းကလေးတွေကို စာကလွဲလို့ အပိုမပြောဘဲ တည်တည်ကြည်ကြည် ဆက်ဆံတတ်တာတွေ တွေ့ရတော့ မွန်သူ့ ကို မလေးစားပဲ မနေနိုင်တော့။

ဖိုင်နယ်ရောက်မှ ခင်ကြပေမယ့် မွန်တို့နှစ်ယောက်ရဲ့ ခင်မင်မှုက တခြားသူငယ်ချင်းတွေထက် ပိုခဲ့သည်။ မွန်ကတော့ မွန်တို့ရဲ့  စိတ်ကူးတွေ၊ ရည်ရွယ်ချက်တွေ တိုက်ဆိုင် တူညီမှုကြောင့် လို့ထင်သည်။ ဒါပေမယ့် မွန့်အကြောင်းသိသော သူငယ်ချင်းတွေက ဘာမှမေးကြသလို၊ သူ့အကြောင်းသိသော သူငယ်ချင်းတွေကလည်း မစရဲကြ။

မွန်ဟာ သူ့ရဲ့ အခင်ဆုံး မိန်းကလေးသူငယ်ချင်းပါဆိုတာကို ဘယ်တော့မှ ထုတ်ဖော်မပြောခဲ့သလို မွန်တို့နှစ်ယောက်ကိုတွဲလို့ စနောက်ခံရမှာမျိုးကိုလည်း သူက သတိထားပြီး ရှောင်တတ်သေးသည်။ မှတ်မိပါသေးသည် သူအာဖရိက ကိုသွားခါနီးမှ ကပ်ပြောလို့ မွန်တော်တော်လေးစိတ်ဆိုးမိတာ။

“နင်ဘာလို့ ငါ့ကိုမပြောတာလဲ။ ဒီအလုပ်မျိုးကို ငါရည်ရွယ်တာ သိရဲ့ သားနဲ့ ၊ ငါလည်း လျှောက်ချင်တာပေါ့ ”

“ မွန် ငါသွားမှာ ဆရာဝန်တစ်ယောက်အနေနဲ့ မဟုတ်ဘူး။ ဆေးဝန်ထမ်းတစ်ဦးအနေနဲ့ပဲ သွားမှာ။ အဓိကက ပြင်ပကမ္ဘာကို လေ့လာချင်လို့။ တစ်နေ့ကျရင် ငါတို့တိုင်းပြည်က ကျန်းမာရေး အသိပညာနည်းပါးတဲ့ ဒေသတွေအတွက် ငါလေ့လာခဲ့တာတွေကို ပြန်အသုံးချဖို့။ လောလောဆယ်က ငါတို့မှာ ပညာပဲရှိတယ်။ ပညာတောင်မှ ဘွဲ့ တစ်ခုစာပဲရှိသေးတာ။ မင်းတို့သိပါတယ်။ ဒီအချိန် အပြင်ထွက်ဖို့ ငါတို့ဆရာဝန်တွေအတွက် ဘယ်လောက်ခက်ခဲလဲဆိုတာ။ ဒါပေမယ့် ငါသွားမယ်။ ငါ့ ဆမ အသိမ်းခံရရင်တောင် ငါပြန်လာတဲ့တစ်နေ့ ငါသိခဲ့တာတွေနဲ့ မင်းတို့ရဲ့  ဆမ နဲ့ အတူတွဲလို့ ရအောင်ပေါ့။ မင်းတို့နဲ့ မလုပ်နိုင်လည်း နောက်မျိုးဆက်တွေနဲ့ပေါ့ကွာ ”
သူ့ရဲ့စကားတွေအတွက် မွန်တို့ သုံးယောက်လုံး ပြန်ပြောစရာ စကားမရှိ။ ဒီလိုအချိန်မျိုးမှာ အခုလောက် ပွင့်ပွင့်လင်းလင်းပြောနေတာကိုက မွန်တို့ သုံးယောက်ကို ခင်မင်ယုံကြည်လွန်းလို့မှန်း သိသာနေပြီ။
“ ပြီးတော့ ငါ့မှာ မိဘတွေ မရှိတော့ဘူး။ ငါ့ညီ သားငယ်တစ်ယောက်တည်းပဲရှိတာ အခုသူလည်း အရွယ်ရောက်ပြီ သူ့ကိုယ်သူထိန်းသိမ်းနိုင်ပြီလို့ ငါယုံကြည်လို့ ဒီအလုပ်ကို လုပ်မယ်ဆုံးဖြတ်ခဲ့တာ။ နင်က အမေ့ကို တစ်ယောက်တည်း ထားခဲ့မလို့လား မွန်။ ထားခဲ့ရက်လို့လား။ ” သူ့ရဲ့နောက်ဆက်တွဲစကားကြောင့်
မွန် မှင်တက်မိသွားသည်။ မွန်က မစဉ်းစားမိခင်မှာဘဲ သူကမွန့် မေမေအတွက်ပါ စဉ်းစားပြီးပါပကော။

 “ နယ်က ငါ့ အစ်ကိုဝမ်းကွဲလင်မယား ငါ့ညီနဲ့လာနေပေးလိမ့်မယ်။ ငါ့ ဆေးခန်းကိုတော့ မင်းတို့ကို ဆက်ဖွင့်စေချင်တယ်ကွာ ”
သူက သူ့အိမ်ရှေ့ဝင်းလေးထိပ်မှာပဲ ဆေးခန်းဖွင့်ခဲ့သည်။ ဆရာဝန်ပေါက်စဆိုပေမယ့် မရှိမရှား အလတ်တန်းစား ရပ်ကွက်လေးထဲမှာ သူ့စေတနာက ရောင်ပြန်ဟပ်ခဲ့သည်။

“ မင်းကဆေးခန်းကို ငါတို့ကို ဆက်ဖွင့်စေချင်တယ်သာပြောတာ၊ ဆေးခန်းထိုင်ချိန် စကယ်ဂျူးကအစ အားလုံး စီစဉ်ထားပြီးသွားပြီပဲ။ ငါ့ တချို့  အချိန်တွေ မိမွန်နဲ့ လဲမှ ဖြစ်မယ်ထင်တယ်။ ဟဲ့ မယ်အိ နင်လည်းကြည့်ဦး အချိန်တွေ အဆင်ပြေမပြေ ”
“ ထားလိုက်ပါဟာ၊ မွန်က ဒီဆေးရုံမှာ ဘယ်လောက်ကြာမှာမို့လဲ၊ ဆေးရုံပြောင်းရလို့ အချိန်တွေပြောင်းရင် နင်နဲ့ငါ ချယ်လှယ်ကြတာပေါ့ ”
မြင့်ဇော် နဲ့ အိ တို့က ညစ်ကျယ်ကျယ်ပြောကြတော့ သူကဘာမှ ပြန်မပြောဘဲ ရေနွေးသောက်ရင်းပြုံးနေခဲ့သည်။ 
ပြင်ဆင်စရာတွေ ရှိသေးသည်ဟုပြောကာ သူပြန်သွားတော့ မြင့်ဇော်က
“အဓိကက နင့်အတွက်ပါ မွန်ရာ၊ နင်ဆေးခန်းထိုင်ဖို့ အဆင်မပြေဖြစ်နေတာသိလို့ သူစီစဉ်ပေးခဲ့တာပါ။ အချိန်တွေကိုပဲကြည့်၊ နင်အဆင်ပြေမယ့် အချိန်တွေကြည့်ပဲ၊ အိမ်အပြန် မိုးချုပ်မှာလည်း စိုးရိမ်သေးတယ်။ ဒါပေမယ့် အဲဒီလို မပြောလို့ ငါတမင် ကလိလိုက်တာ။ တသက်လုံးလည်း ပြောမယ့်ကောင် မဟုတ်ပါဘူး ”

မြင့်ဇော် စကားကြောင့် စိတ်ဆိုးခြင်း၊ အံ့သြခြင်း၊ ရင်ထဲလစ်ဟာသွားခြင်း စတဲ့ခံစားချက်များအားလုံး ဝမ်းနည်းခြင်းသို့ပြောင်းကာ မွန် ငိုချင်လာမိသည်။ သူရော၊ မွန်ရော တစ်ယောက်ကိုတစ်ယောက် ငဲ့နေစရာမလိုအောင် စောင့်နေရမယ့် စကားမျိုး မပြောခဲ့တာကို မွန်တို့ နှစ်ယောက်ပဲ နားလည်ခဲ့ကြသည်။ သူများကို ဝန်ထုတ်ဝန်ပိုးမဖြစ်စေချင်ခဲ့သော မွန်သည် သူ့အတွက်ဝန်ထုတ်ဝန်ပိုးဖြစ်မှာ အလွန်စိုးရိမ်သော သူတစ်ယောက်ကို ချစ်ခဲ့မိလေပြီ။

ဘယ်လောက်ကြာအောင် သူထွက်သွားမှာလဲ။
သူက မပြောပြခဲ့သလို မွန်ကလည်း ဘယ်တော့မှ မေးဖို့ မရည်ရွယ်ခဲ့ပါ။ 

 * * * * * * * * * * *

ဆက်ပါဦးမည်

5 comments:

Amy said...

ဆက်ရန်ကို စောင့်မျှော်နေပါသည် ...

ဇွန်မိုးစက် said...

ညိုလေးရေ အပိုင်း ၂ တင်တော့လေ.... ဖတ်ရတာ ဆန့်တငင်ငင်နဲ့...

ညိုလေးနေ said...

Amy ရေ ဆက်ရန်လာပါပြီ :)

ဇွန်ရေ Template ပြောင်းချင်လို့ ရှာနေလို့ပါ။ အမှန်က ၂ ပိုင်းခွဲရလောက်အောင် မရှည်ဘူး။ blog page ကကျဉ်းနေတော့ စာတွေများသလို ဖြစ်နေလို့ ခွဲလိုက်တာ

Anonymous said...

ဘာလို.ဆက်မရေးတာလဲ

ညိုလေးနေ said...

(၁) အပြီးမှာ (၂) ကို ဆက်ရေးထားပါတယ် Anonymous
Blog Archive အောက်မှာ ရှာကြည့်ပါရှင်။

Post a Comment