Thursday, September 20, 2012

တစ်မြေတည်းမှာ ( ၂ )

သူထွက်သွားပြီး မွန်တို့ တစ်တွေ အမြဲတမ်း မဆက်သွယ်နိုင်ပေမယ့် လုံးလုံး အဆက်အသွယ် ပြတ်သွားတာမျိုးတော့ မဖြစ်ခဲ့။ မွန်က အင်တာနက်သုံးလို့ အဆင်ပြေချိန်မှာ အီးမေးလ်ပို့တတ်ပြီး သူကလည်း အချိန်အားရလျှင်တော့ မွန်တို့သိစေချင်သော သူ့အတွေ့အကြုံတွေ ရေးလေ့ရှိသည်။ ဖတ်စေချင်တဲ့ စာအုပ်တွေဆိုလျှင် သူ့အီးမေးလ်ထဲမှာ တစ်သီတစ်တန်း ပါတတ်သည်။ ဖိုင်ဆိုဒ်ကြီးသော မေးလ်တွေဖွင့်မရပါဘူးပြောမိ၍ စိတ်ရှည်လက်ရှည် အပိုင်းပိုင်းခွဲ ပို့သေးသည်။ ဒါပေမယ့် သူ့ရဲ့  ထုံးစံအတိုင်း သူအဆင်ပြေခြင်း မပြေခြင်းကိုတော့ ဘယ်တော့မှ မဖွင့်ဟ။ တစ်ခါတစ်လေ မနေနိုင်သူက မေးမိမှ  “ I’m Ok,take care ” လို့ တိုတောင်းစွာ စာပြန်တတ်သည်။ သူထိုင်စေချင်သော ဆေးခန်းလေးမှာ ဆက်ထိုင်ဖြစ်တော့ နယ်ကပြောင်းလာပြီး မိတ်ရင်းဆွေရင်း မရှိသော မမထားနှင့် မောင်နှမရင်းချာ မရှိခဲ့သော မွန်တို့ ညီအစ်မတွေလို တွယ်တာသွားခဲ့သည်။

အခုလည်း မမထားတို့ နဲ့ အတူလိုက်လာဖြစ်တာက ဘုန်းတော်ကြီးသင် မူလတန်းကျောင်းလေးက ကလေးတွေကို ကျန်းမာရေးဗဟုသုတတွေ ပြောပြရင်း ဆေးစစ်ပေးဖို့ အတွက်။

“ မွန်က ဒီမှာ ရောက်နေတာကိုး ”
“ ဟုတ်ကဲ့ မမထား။ ခေါင်းနဲနဲ မူးလာလို့ ”
“ ရှူဆေးရှူမလား မမထား မှာပါတယ် … အဲ … ငါကလည်း ဆရာဝန်ကို ဆေးကုချင်နေပြန်ပါပြီ ”  မမထားက သူ့အိတ်ထဲက ရှူဆေးထုတ်ပေးရင်း ပြောကာ ရယ်သည်။
“ ဆရာတော်က ကလေးတွေကို တစ်တန်းချင်း အသင့်ပြင်ခိုင်းထားဖို့ ဆရာမလေးတွေကို ပြောလိုက်ပြီ မွန်ရဲ့  ။ မွန်နေလို့ သိပ်မကောင်းရင် ထမင်းစားလွှတ်ပြီး ကျောင်းပြန်တက်မှစဖို့ ပြောလိုက်မယ်လေ ”
“ နေပါစေ မမထား။ မွန် အခုလိုက်ခဲ့ပါ့မယ် ”

ဒီအချိန်ကို မွန်ကပဲ ရွေးထားခြင်းဖြစ်သည်။ ဆရာဝန်ကလည်း မွန်တစ်ယောက်တည်း၊ စာသင်လည်း မပျက်စေချင်တာကြောင့် ကလေးတွေအားလုံးကို စုပြီးတစ်ခါတည်း မဟောပြောတော့။ သူငယ်တန်းမှ လေးတန်းအထိ ငါးခန်းထဲရှိတာမို့ တစ်တန်းချင်းဝင်ကာ စကားပြောလိုက် ဆေးစစ်လိုက်လုပ်မည်။ ကျောင်းလေးဆီကိုအလာ အုတ်ရေကန်လေးနားမှာ တစ်တန်း(ပထမတန်း) သင်တဲ့ ဆရာမလေးက သူ့တပည့်လေးတွေကို လက်ဆေးပေးနေတာတွေ့ရသည်။ ဆရာတော်၏ ညွှန်ကြားချက်ဖြစ်မည်။

“ သွားနှုတ်မှာလား မသိဘူး ”   
ပလုတ်ကျင်းဖို့လုပ်နေသော ကလေးမလေးကို နောက်တစ်ယောက်က စိုးစိုးရွံ့ရွံ့ မေးလိုက်သံ။
“ မဟုတ်ပါဘူး။ ဘုန်းဘုန်းကပြောတယ်တဲ့ ဆရာမလေး အာပုတ်စော်နံမှာစိုးလို့ ပါးစပ်ဆေးရမယ်တဲ့ ”
ရှေ့က ကလေးမလေးရဲ့  ပြန်ဖြေသံကိုကြားတော့ မွန် မပြုံးမိဘဲမနေနိုင်။ ဟန်ဆောင်ဖုံးကွယ်ခြင်းတွေမရှိဘဲ ရင်ထဲရှိတဲ့အတိုင်းပြောနေတဲ့ ကလေးလေးတွေဘဝက ဖြူစင်လွန်းလှသည်။ ဆရာမလေးကို အာပုတ်စော်နံမှာစိုးတာထက် ကလေးတို့ရဲ့ သွားလေးတွေကျန်းမာဖို့ အစာစားပြီးတိုင်း ပလုတ်ကျင်းရန် ဟောပြောတဲ့အချိန်မှာ ထည့်ပြောရဦးမည်။

မွန် တို့ရောက်သွားချိန်မှာ သူငယ်တန်းအခန်းက အဆင်သင့်ဖြစ်နေပြီ။ ကျန်းမာရေးအတွက် လိုက်နာစရာလေးတွေကို ကလေးတွေနားအလည်နိုင်ဆုံး စကားလုံးလေးတွေ ရွေးကာပြောဖြစ်သည်။ အတန်းရှေ့ က စားပွဲမှာထိုင်ကာ စစ်ဆေးပေးတော့ သူငယ်တန်းကလေးတွေမို့ ဆရာမလေးကခုံမှာထိုင်နှင့်ပြီး  သူ့တပည့်တွေကို တစ်ယောက်ချင်းသူ့ပေါင်ပေါ်ထိုင်စေလို့ စစ်ဆေးခံစေသည်။ အနီးအနားမှာ လိုအပ်တာတွေကူလုပ်ပေးသော မမထားက ဆေးစစ်ပြီးသွားသော ကလေးတိုင်းကို မုန့်တစ်ခုစီဝေသည်။

တစ်တန်းအခန်းမှာ စစ်ပြီးတော့ ကလေးတွေမုန့်စားကျောင်းဆင်းချိန်မို့ ခဏနားကြသည်။ တချို့ က ရွာထဲပြန်ပြီး ထမင်းစားကြသည်။ ဆရာမလေးတွေက ဆေးစစ်မှာကို ကလေးတွေကြောက်ပြီး ပြန်မလာကြမှာစိုးလို့ တတွတ်တွတ်မှာကြသည်။ ထမင်းစားပြီးတော့ နှစ်တန်း၊ သုံးတန်း၊ လေးတန်း အစဉ်အတိုင်း တစ်ခန်းဝင် တစ်ခန်းထွက် မွန်နှင့် မမထားတို့ စစ်ဆေးပေးကြသည်။
“ လေးတန်းက ကျောင်းသား နဲသွားတယ်နော် ”
“ ခိုင်းလို့ရတဲ့ အရွယ်တွေရောက်ကုန်ပြီလေ အစ်မကြီးရယ် ” 
မမထားရဲ့  မေးခွန်းလိုလို မှတ်ချက်လိုလို စကားကို ဆရာမလေးက ခပ်တိုတိုလေး ပြန်ဖြေလိုက်ပေမယ့် အဲဒီ့အဖြေလေးရဲ့ နောက်က မကြားရတဲ့ စကားလုံးတွေအတွက် အိမ်အပြန်လမ်းအထိ မွန့် အတွေးတွေ ရပ်မရခဲ့။ ကလေးတွေရဲ့အနာဂတ်အတွက် မွန်တို့ လုပ်စရာတွေ အများကြီး ရှိသေးသည်။

* * * * * * * * * * *

ရွာလေးကို ဒုတိယအကြိမ် ရောက်ခဲ့ရပြန်ပြီ။ ပထမအကြိမ် အလှူအတွက် ဆွေးနွေးစဉ်က နေ့ချင်းပြန်ခဲ့ပေမယ့် အခုတစ်ကြိမ်ကတော့ ၃ ရက်ခရီး။ အလှူပွဲမို့ သားငယ် နှင့် မြင့်ဇော်လည်း လိုက်လာတာကြောင့် သူ့ကို သတိရမိပြန်ပါသည်။  အစ်ကိုနိုင်နဲ့ မမထားတို့က ဘိုးဘွားအမွေ ကျောင်းဝင်းထဲက ဇရပ်ကိုပြင်ပြီး ရွာနှင့် ဘုန်းကြီးကျောင်းကြား ချောင်းကလေးက ခနော်နီ ခနော်နဲ့ ဝါးတံတားလေးကို ဖျက်ကာ လှည်းမောင်းလို့ရလောက်အောင် တံတားအသစ်ဆောက်ပေးကြသည်။

နေ့လည်းခင်းအချိန် မွန်တို့ ရောက်သွားတော့ အလှူအတွက် ထမင်းကျွေးမဏ္ဍပ်ထိုးနေကြပြီ။ နောက်နေ့မနက်မှာ အလှူရေစက်ချပြီး ရွာလုံးကျွတ်ထမင်းကျွေးမှာကြောင့် ဖြစ်သည်။ ညနေစောင်းတော့ အစ်ကိုနိုင်က ပြန်ဆောက်ထားသော တံတားလေးကို လိုက်ပြသည်။ ချောင်းကလေးက သိပ်မကျယ်။ သို့သော်လည်း ထိုချောင်းကျဉ်းကျဉ်းလေးကပင် ရွာကလေးကို မြို့နှင့်အလှမ်းဝေးစေသည်။ တံတားမရှိတော့ တစ်ဖက်ရွာအထိ ပတ်ကာသွားနေရသောကြောင့်ပါ။
“ တံတားလေးတောင် တော်တော်ပေတူးနေပြီပဲ ”  ရွံ့အလိမ်းလိမ်းဖြစ်နေသော တံတားလေးကိုကြည့်ကာ သားငယ်က မှတ်ချက်ချသည်။
“ မိုးမကျခင်ကတည်းက အပြီးဆောက်ခဲ့တာလေ သားငယ်ရာ။ ခုဘဲ တော်သလင်းလရောက်နေပြီ။ သားကြီးက ဒီနှစ်မိုး အမှီပြင်ပေးပါဆိုလို့။ ဒီစိတ်ကူးကို သူကစခဲ့တာ၊ ကျွန်တော် ဒီနေရာမှာ တံတားဆောက်ပေးချင်တာလို့ ရွာရောက်တိုင်းပြောတယ်။ အခုတော့ သူလုပ်ခိုင်းတာ ငါလုပ်ပေးနိုင်ခဲ့ပြီ။ ပြချင်တယ်ကွာ၊  ဒီကောင် ပြန်လာနိုင်ရင်ကောင်းမှာ ”
ကျေနပ်အားရစွာ ပြောနေတဲ့ အစ်ကိုနိုင့်စကားကြောင့် သူ့ကိုပို သတိရမိသွားသည်။ သူ့စိတ်ကူး၊ သူလုပ်စေခဲ့တာတဲ့လား။ သူကတော့ ဒီအကြောင်းတွေပြောပြဖို့ဝေးစွ မွန်ပို့သော မေးလ်တွေမပြန်တာပင် လနှင့်ချီခဲ့ပြီ။

မမထားတို့အလှူသည် သူ့ကို အလွန်အမင်း သတိရစေမိတာကလွဲလို့ ရွာဓလေ့၊ ရွာအလှူကို မျက်မြင်မကြုံဖူးသော မွန့်အတွက် ပျော်ရွှင်စရာ၊ ကြည်နူးစရာ ဖြစ်ခဲ့သည်။ အလှူပြီးနောက်နေ့မှာတော့ သားငယ်ရဲ့ အလုပ်ကြောင့် မထင်မှတ်ဘဲ မနက်အစောကြီး ထပြန်ခဲ့ကြရသည်။ ခရီးမှ ပြန်ရောက်လာသော မွန့်ကို အိမ်တံခါးမှ သော့ခလောက်ကြီးက ဆီကြိုသည်။ စောစောစီးစီး မေမေ ဘယ်သွားပါလိမ့်။ ဈေးသွားရအောင်ကလည်း ၃ ရက်တာ ခရီးမထွက်ခင်က အပြည့်အစုံ ဝယ်ထားပေးခဲ့သော ဟင်းချက်စရာများ မေမေတစ်ယောက်တည်း စား၍တော့ မကုန်လောက်သေးပါ။ တံခါးဖွင့်လို့ဝင်ပြီး အထုပ်တွေမှ အခန်းထဲမပို့နိုင်သေး ဧည့်ခန်းထဲက စားပွဲပေါ်မှာ စာရွက်ပိုင်းလေးရှာမိသည်။ မေမေနဲ့ မွန် နှစ်ယောက်တည်းရှိတဲ့အိမ်မှာ တစ်ယောက်အပြင်သွားတိုင်း ဒီလိုပဲ စာလေးရေးပြီး အသိပေးနေကျ။
“ သမီးမွေးနေ့ အတွက် မေမေ ဘုရားပန်းသွားဝယ်တယ် ”
ဘယ်အချိန် ပြန်ရောက်မယ်မှန်းမသိတဲ့ သမီးအတွက် စာရွက်လေးပေါ်က မေမေ ရေးထားလေးမြင်မှ ကိုယ့်မွေးနေ့ကိုယ် သတိရမိသည်။ ဆေးရုံ၊ စာမေးပွဲ၊ အလှူ စတာတွေနဲ့ ရှုပ်နေခဲ့တာ မွေးနေ့ကိုတောင် သတိမရမိ။ စာရွက်လေးကို စားပွဲပေါ်ပြန်အချမှာ စောစောက မေမေ့စာရွက်ကို ရှာနေရ၍ သတိမထားမိခဲ့သော အရာတစ်ခုကို တွေ့လိုက်သည်။ ပန်းအိုးလေးနဲ့ ဖိထားသော စာအိတ်ဖြူဖြူလေး။

စာအိတ်လေးကို ယူအကြည့် စာအိတ်ပေါ်က လက်ရေးကြောင့် နှလုံးသွေးတို့ ရပ်တန့်သွားမလား ထင်ရသည်။ ခြောက်နှစ်ကျော်ကြာအောင် မမြင်ရသည့် ရင်းနှီးနေသော ဒီလက်ရေး။ စာရေးလေ့မရှိတဲ့ သူ့ဆီကစာကို ဖွင့်နေသော မွန်လက်တို့ တုန်ရီအေးစက်လို့။
“ မွန်
စက်တင်ဘာ ၂၉ရက်နေ့ လေယာဉ်လက်မှတ်ပဲရတယ်။ အလှူကို ကပ်လွဲသွားပေမယ့် မွန့်မွေးနေ့ဆို မြန်မာပြည် ပြန်ရောက်နေရောပေါ့ ။ ”
မွေးနေ့ဆုတောင်းကဒ် လေးပေါ်က စာကြောင်းလေးနှစ်ကြောင်းက မွန့်ရင်တစ်ခုလုံး တုန်ခါသွားစေသည်။ ဘယ်တုန်းကမှ မွေးနေ့ဆုတောင်း မလုပ်ခဲ့သူက မွန့်မွေးနေ့ကို အမှတ်ရနေသေးတယ်ပေါ့။ ကဒ်ပေါ်ကပုံနှိပ်ထားတဲ့ ဆုတောင်းစာလုံးလှလှလေးလေးတွေထက် သူ့လက်နှင့်ရေးထားသည့်
နှစ်ကြောင်းတည်းသော စာလေးကိုသာ မွန်ထပ်ကာထပ်ကာ ဖတ်နေမိသည်။
ခဏပြန်လာတာလား၊ အပြီးပြန်လာတာလား။ သူ့ရည်ရွယ်ချက်တွေ အကောင်အထည်ဖော်နိုင်တဲ့ အချိန်ရောက်တော့မယ်လို့ ယုံကြည်လို့ပြန်လာတာလား။ မွန်တို့ အတူလက်တွဲပြီး အလုပ်လုပ်နိုင်ကြတော့ မှာလား။

မွန့် ဆီကိုပြန်လာတာရော မဖြစ်နိုင်ဘူးတဲ့လား။
ဘာပဲဖြစ်ဖြစ် သူအခု မြန်မာပြည်မှာပေါ့။

အိုး ……… သူနဲ့ တစ်မြေတည်းမှာ ရှိနေတယ်ဆိုတဲ့ အသိတစ်ခုကတင် မွန့်တစ်ကိုယ်လုံးကို နွေးထွေးလုံခြုံသွားစေခဲ့ပြီပဲ။       ။


ညိုလေးနေ
16.09.2012  11:15 pm

2 comments:

Nyi Linn Thit said...

အကြောင်းအရာ ရိုးရိုးလေးကို စကားလုံး ရိုးရိုးလေးတွေ သုံးပြီး ရေးသွားပေမယ့် ဖတ်ရတာ မရိုးပါဘူး၊ အဆုံးသတ်မှာ တွေ့ရမှာက ပျော်ရွှင် စရာလား၊ ကြေကွဲစရာလား ဆိုတာ ကြိုတင်ပြီး မခန့်မှန်းနိုင်သလို နိုင်ငံခြားက ပြန်ရောက်လာသူက ဗြုန်းစားကြီး ချစ်တယ်၊ ကြိုက်တယ် ဖြစ်မသွားတာဟာလည်း ဇတ်သိမ်းကို ပိုအားကောင်းစေတယ်လို့ ယူဆ မိပါတယ်၊ ဒါဟာ အရာရာကို မြိုသိပ်လေ့ရှိတဲ့ ဇတ်ကောင်စရိုက်အပေါ် မညိုလေးနေက အဆုံးထိ သစ္စာရှိလိုက် တာပါပဲ..၊

ဒီလို ပြေပြေပြစ်ပြစ်နဲ့ ချစ်စရာ ကောင်းတဲ့ ဝတ္ထုတိုလေးကို အစ၊ အဆုံး တထိုင်တည်း ဖတ်လိုက်ရတာ တကယ့်ကို ကျေနပ်စရာပါ...။

ညိုလေးနေ said...

အစ၊ အဆုံး တထိုင်တည်းဖတ်ပြီး အသေအချာ သုံးသပ်ပေးသွားတဲ့ ကိုညီလင်းသစ်ကိုလည်း တကယ်ကို ကျေးဇူးတင်ပါတယ်ရှင် ။

Post a Comment