Friday, April 17, 2015

ရူးသွပ်ဖူးသလား မေးချင်သည်

စိတ်ကူးဆန္ဒနဲ့ ရူးသွပ်စွာစွဲလမ်းခြင်း ။

လူတစ်ဦးစီရဲ့  စိတ်ကူးထဲက ဆန္ဒ တစ်ခုစီဟာ ဘာတွေများဖြစ်နေမလဲ။
လူအမ် ဳ ိးမ် ဳ ိး စိတ်အထွေထွေမို့ တစ်ယောက်စီကိုသာ စမ်းစစ်ကြည့်ရလျှင်ဖြင့် တော်တော် စိတ်ဝင်စားစရာ ကောင်းမည်ထင်သည်။

စိတ်ကူးဆန္ဒဆိုလို့ ရောထွေးသွားမှာတော့ စိုးရသည်။ သူပြောချ င်သည့် စိတ်ကူးဆန္ဒ ဆိုတာက "  ဆရာဝန်ဖြစ်ရမယ်၊ ကိုယ်ပိုင်အိမ်တစ်လုံး ၀ယ်ချင်တယ်၊ ကုမ္ပဏီကြီးထောင်လိုက်မယ် " ဆိုတာတွေလို ဘ၀ရည်မှန်းချ က် စိတ်ကူးပန်းတိုင်တွေ မဟုတ်။ ဒီလို ဘ၀ပန်းတိုင်ဆိုတာတွေက အများစုအတွက် တကယ်လည်း လုပ်ဖြစ်ကြပြီး လုပ်ကို လုပ်ရမယ်လို့လည်း ရည်မှန်းသတ်မှတ်ထားတဲ့ အိပ်မက်တွေ။ သူဆိုလိုတဲ့ စိတ်ကူးအိပ်မက်က ဘ၀အတွက်ဆိုတာထက် ကိုယ့်တစ်ကိုယ်စာ ရူးသွပ်စွာစွဲလမ်းခြင်း  အတွက်သာ။ 

ထိုစိတ်ကူးနဲ့ရူးသွပ်ခြင်းဆိုတာ လူတိုင်းမှာ ရှိတယ်လို့ မဆိုနိုင်ပေမယ့် အများစုမှာတော့ ရှိနေလိမ့်မည်ဟု သူထင်သည်။ တချို့တချို့ရဲ့ ရူးသွပ်ခြင်းတွေက အသက်အရွယ်အလိုက် ပြောင်းလဲသွားနိုင်သလို၊ တချို့ကလည်း ကလေးဘ၀ ကတည်းက တစွဲတလမ်း ရှိခဲ့ကြလိမ့်မည်။  " တစ်နေ့နေ့ တစ်ချိန်ချိန် " ဆိုပြီး ရင်ထဲမှာရှိနေတတ်ပေမယ့် မဖြစ်မနေ လုပ်ရမယ်လို့လည်း မဆိုသလို အဲဒီ့အတွက် စိတ်ပင်ပန်းနေစရာလည်းမလို။ ကလေးတစ်ယောက်ရဲ့ စွဲလမ်းနေတဲ့ဆန္ဒဟာ တစ်နေ့မှာ သူအမြဲ မျှော်မော့ ကြည့်ခဲ့ရတဲ့ သရက်ပင်ခွကြားမှာ တက်ထိုင်နိုင်ရေးလည်း ဖြစ်နေနိုင်သည်ပဲ။

ရူးသွပ်စွဲလမ်းခြင်းတွေက ဥစ္စာ၊ ပညာ ရရာရကြောင်းနှင့်လည်း ဆက်စပ်ချင်မှ ဆက်စပ်လိမ့်မည်။ ငွေကုန်ဖို့ပင် ပို၍ဖြစ်နိုင်ပါသေးသည်။ ဘ၀အတွက် အရေးမကြီးဘူး ဆိုသည့်တိုင် ကိုယ်ရူးသွပ်ခဲ့တာလေးတွေ အမှန်တကယ် ဖြစ်လာတဲ့အခါ .... ပြောမပြနိုင်တဲ့ ကြီးကျ ယ်ခမ်းနားခြင်းတွေ သယ်ဆောင်ပေးလာနိုင်သည်၊ တစိမ့်စိမ့်တွေးတိုင်း ကြည်နူးရမယ့် အရာတွေလည်း ယူလာပေးနိုင်သည်၊ ကျေ နပ်နှစ်သိမ့်ခြင်းတွေ၊ အမှတ်တရတွေ ... ။

ခရစ်နှစ်သစ်ကူးရဲ့ ညစာစားပွဲတစ်ခုမှာ နှစ်သစ်အတွက် ရည်မှန်းချ က်တွေ အပြန်အလှန် ဖလှယ်ကြရင်း လူငယ်ကောင်လေးတစ်ယောက်ရဲ့ငယ်စဉ်ကတည်းက မပြောင်းလဲနိုင်တဲ့ ဆန္ဒတစ်ခုကို မမျှော်လင့်ဘဲ သူကြားခဲ့ရဖူးသည်။

" ဟောလိဝုဒ်က ဇာတ်အိမ်ကောင်းကောင်းနဲ့ လူတွေ စိတ်ဝင်စားလောက်မယ့် ရုပ်ရှင်ကားတစ်ကားမှာ ဘယ်နေရာလေးကပဲဖြစ်ဖြစ် ပါလိုက်ချင်တာ၊ ကျွန်တော့ကို ထင်ထင်ရှားရှား မြင်ရသည်ဖြစ်စေ၊ မမြင်ရသည်ဖြစ်စေ ကျေ နပ်တယ်၊ အဲဒါ ကျွန်တော်ရဲ့ အကြီးမားဆုံး ဆန္ဒပဲ "

ထိုဆန္ဒက တချို့အတွက် ရယ်စရာ ဖြစ်ကောင်းဖြစ်နေနိုင်ပေမယ့် Software Developer ဆိုသော ထိုလူငယ်လေး အတွက်တော့ ခမ်းနားလွန်းလှမည်ထင်သည်။ ထိုအတွေးမျိုး သူလည်းတစ်ခါမှ မတွေးဖူးခဲ့။ Titanic လို ဇာတ်ကားမျိုးရဲ့သင်္ဘောစီး ခရီးသည်တစ်ဦးအဖြစ်၊ Night of the Museum ထဲက ရုပ်တုလေးတစ်ခု ဒါမှမဟုတ် ပြတိုက်လာကြည့်သူတစ်ဦး၊ နောက်ဆုံး Spartacus လို Gladiator လို ဇာတ်ကားထဲက ကျွန်တစ်ဦးပဲ ဖြစ်နေပါစေဦးတော့ စိတ်ကူးထဲကအတိုင်း ပါဝင်ခွင့်ရမယ်ဆိုရင် ကျေ နပ်စရာပဲ မဟုတ်ပါလား။ ဒီလိုဇာတ်ကားကြီးတွေက ဒီလိုလူတွေရဲ့ အင်အားတွေနဲ့ ခမ်းနားခဲ့တာပဲ။ 

သူလေးတန်းအရွယ်က အိမ်နီးနားချင်း ရှစ်တန်းအရွယ် အစ်မ တစ်ယောက်ပြောခဲ့ဖူးတာလေး မှတ်မိနေသေးသည်။ ရေကူးကျွမ်းကျင်သော သူမက ရေကူးခွင့်သာရမည်ဆိုလျှင် ကန်တော်ကြီးထဲက ကရဝိတ်ငှက်ရဲ့ တောင်ပံတွေဆီကူးသွားပြီး ဟိုတယ်ပေါ်ရောက်အောင် တွယ်တက်ချင်ပါသတဲ့။ အပေါ်ကနေ အေးအေးဆေးဆေး သွားလို့ရသောနေရာကို တောင်ပံကနေ တွယ်ကပ်တက်ချင်သည့် မိန်းကလေးငယ်တစ်ယောက်ရဲ့ ထူးဆန်းသော စိတ်ကူးကို တအံ့တသြ နားထောင်ခဲ့ဖူးသည်။ 

သူ့သူငယ်ချင်းတစ်ယောက်ကတော့ ဂျ ပန်ပြည်ရောက်ခဲ့စဉ်က တိုကျိုမြို့ ရဲ့ ကားရပ်နားရာ နေရာလေးတစ်ခုကို မရောက်ရောက်အောင် သွားကြည့်ခဲ့ဖူးသည်။ လူတွေနားမလည်နိုင်စရာ ကိစ္စတစ်ခုပေမယ့် သူငယ်ချ င်းအတွက်က ဒါဟာ တစ်နေ့ဂျ ပန်ရောက်ခဲ့ရင် ဆိုပြီး နှစ်ပေါင်းများစွာမက်ထားတဲ့ အဓိပ္ပါယ်ပြည့်ဝလှသော အိမ်မက်တစ်ခု။

ဧဝရတ်တောင်တက်ကြသူတွေကို သူ နားမလည်နိုင်ပေမယ့် ဒါသည်လည်း သူတို့ရဲ့ အလွန်ကြီးမားသော ဆန္ဒကြောင့်ဖြစ်ကြလိမ့်မည်ဟု သူလက်ခံသည်။

နောက်ထပ် ...  ကနေဒါရဲ့ မေပယ်ရွက်ကြွေလမ်းမှာ လျှောက်ချ င်သူတစ်ဦးကိုလည်း သူဆုံခဲ့ဖူးသည်။

Post IT ခေတ်ကြီးထဲမှာ မေပယ်ရွက်ကြွေတောကို အင်တာနက်ကနေရော မတွေ့နိုင်ဘူးလား။ youtube ကနေရော မကြည့်နိုင်ဘူးလား။ အပင်တွေအောက် ကိုယ်တိုင်လျှောက်မှတဲ့လား။ ကိုယ်နေထိုင်ရာမှာရှိတဲ့ အထင်ကရ သစ်ပင်တွေကရော စိတ်ကျေ နပ်မှု အပြည့်အ၀ မပေးနိုင်ဘူးလား။

သူ့ ကိုသာ မေးလာလျှင်တော့ မေးခွန်းလေးခုလုံးအတွက် တွင်တွင်သာ ခေါင်းညိမ့်မိလိမ့်မည်။ အင်တာနက်ကနေလည်း ပုံတွေတွေ့နိုင်ပါသည်။ youtube ကနေလည်း လှု ပ်လှု ပ်ရှားရှား ရုပ်ပုံများကို  ကြည့်လို့ရပါသည်။ ဒါပေမယ့် မေပယ်ပင်တွေအောက် ကိုယ်တိုင်လျှောက်ရသလို စစ်မှန်တဲ့ ကြည်နူးကျေ နပ်ခြင်းတွေကို ပုံရိပ်ယောင်တွေက ပေးနိုင်မှာမှ မဟုတ်တာ။ ဒါတွေကိုယ်တိုင်က ထိုမြင်ကွင်းအစစ်တွေကို လာကြည့်စေဖို့၊ ကြည်နူးခံစားစေဖို့ ဖိတ်ခေါ်နေကြတာပဲ။ သူတို့ ရင်ထဲမှာ အစစ်အစစ်သော လှပခြင်း၊ သာယာခြင်းတွေကို ခံစားနိုင်ဖို့ နှလုံးသားတစ်စုံက ရှိနေသေးသည်ကော။

သြစတြေးလျ ရဲ့ စိန်ပန်းပြာတွေက မြန်မာပြည်က ပိတောက်ရနံ့ကို ပေးနိုင်မှာ မဟုတ်သလို မြန်မာပြည်ရဲ့ ပိတောက်ရနံ့ကလည်း ပြင်သစ်ပြည်က လာဗန်းဒါးနဲ့ ရနံ့ချ င်း မတူ။ ဒီလိုအကြောင်းတွေကြောင့်ပဲ ကမ္ဘာသူ၊ ကမ္ဘာသားတွေက ကမ္ဘာမြေကို လှည့်ပတ်သွားနေကြတာ မဟုတ်လား။
 
မြတ်စွာဘုရားကိုယ်တော်တိုင် ပုထုဇနော ဥမ္မတကော လို့ ဟောကြားထားသော လူသားတွေရဲ့ သန္တာန်မှာ ရူးသွပ်ခြင်း စိတ်ကူးလေးတွေ ရှိနေတာကို သူကတော့ ရယ်စရာ၊ ကဲ့ရဲ့ပြစ်တင်စရာလို့  မမြင်မိ။ ခံစားတတ်သော နှလုံးသားရှိကာ လူသားပီသနေခြင်းကိုကပင် သူ့အတွက်တော့ ကျေ နပ်စရာ။ တစ်စုံတစ်ယောက်ကများ သူ့ကိုရူးသွပ်ဖူးသလားဟု မေးလာခဲ့လျှင်ရော။  

သူ့မှာ ဖြေစရာ အဆင်သင့်ရှိပါသည်။


                                                 

တစ်နေ့နေ့ တစ်ချိန်ချိန် မီလန်မြို့ က ဆန်စီရိုကွင်းရဲ့ မြက်ခင်းအလယ်မှာ ထိုင်ခွင့်ရရေးသည် သူ၏ အိပ်မက်ဖြစ်သည်။

ဟုတ်သည်။

သူသည် ခံစားတတ်သော နှလုံးသားရှိကာ လူသားပီသစွာ ရူးသွပ်နေဆဲ ဖြစ်လေသည်။        ။


ညိုလေးနေ  
( 17.04.15 )  0:26 am


17.04.2015 မှာကျရောက်တဲ့ Blog ရဲ့ လေးနှစ်ပြည့်မွေးနေ့အတွက် စာလေးတစ်ပုဒ် ရေးထွက်လာစေဖို့ အစပျိုးပေးသော သူငယ်ချင်းအား ကျေးဇူး စကား ဆိုပါသည်။

       

         " အားလုံးအတွက် မင်္ဂလာရှိပြီး အေးချမ်းသာယာတဲ့ မြန်မာ့နှစ်သစ်ဖြစ်ပါစေ "



Tuesday, March 31, 2015

ဂျာ ခွန် ရှင်းတမ်း


ဂျာ ခွန် ရှင်းတမ်း

သူမ မန်နေဂျာ
ဘေးနားကိုလာ
ခုံအသာ ဆွဲထိုင်
ဖိုင်အထူကိုဖွင့်
လက်ကလေးနှင့်ညွှန်
စက်ကလေးကိုခေါက်
ပေါင်းနုတ်မြှောက်စား
ပါးစပ်ကလည်းပွါး
နားလည်သလားတဲ့

အားတော့နာစရာ
လည်တာမျက်စိ
တစ်လုံးမှ မသိ
အဟိ ဆိုတုန်း
မချိ ပြုံးရှာ
ပြန်သာသွားရော
ဂျာမော ကိုယ်မရှင်း
အခွန် ဆိုလား ဒီစာရင်း 


x x x x x 


YA2014 ECI & Deferred Tax Calculation ပြီးဆုံးခြင်း အမှတ်တရ

မယ်ညို 
၂၇.ဝ၃.၂ဝ၁၄   ညနေ ၃း၂ဝ

Friday, February 13, 2015

နှစ် ၁၀၀ ဆိုသော်ငြား


 နှစ် ၁၀၀ ဆိုသော်ငြား
*************
 
ကဗျာတွေ အများကြီး ရေးချင်ပေမယ့်
မအေးနိုင်သေးဘူး ခဏ

စာတွေ အများကြီး ရေးချင်ပေမယ့်
မတွေးနိုင်သေးဘူး အစ

အဘ အဘ
မျှ မျှ ပြီး မဝေနိုင်လို့
အဖ အဖ
တ တ ပြီး နေမယ့်အစား
အဖ စကား လိုက်နာလို့
အဖ ခြေရာ
မြေတစ်မှုန် စာမျှ
မှီလို မှီငြား
ကြိုးစား နေဆဲ ဘဝ

၃၆ နှစ်သမီး ကျမ
နှစ် ၁၀၀ ဆိုသော်ငြား
၃၂ နှစ်သား အဖ ကို
လေးစား လို့ မဝ 

x x x x x 



Google မှာရှာ၍ မီးပုံးပေါ်မှာ ကူးဆွဲမိသော ပုံအတွက်
မူရင်ရေးဆွဲသူအား ကျေးဇူးတင်ပါသည်။  

မယ်ညို 
၁၃.၀၂.၂၀၁၅ ( ၁၀း၁၆ နာရီ )


Sunday, January 18, 2015

ဤသို့ သင်ခဲ့ရ၍သာ .....

လသာ(၂)ကျောင်းတော်နဲ့ ပတ်သက်တာလေး တခုခုရေးပေးပါလို့ ဇွန်ကတဂ်လိုက်တာဟာ အကြိမ်ကြိမ် အခါခါ ရေးဖို့ကြိုးစားပြီး မရေးဖြစ်သေးတဲ့ စာတစ်ပုဒ်ကို ဘလော့ဂ်ပေါ် ရောက်လာစေတာပါပဲ။ ကျောင်းနဲ့ပတ်သက်ပြီး အမှတ်တရ များစွာရှိပေမယ့် စာဖတ်ဝါသနာပါသူ ကိုယ့်ကို မြန်မာစာကို ပိုပြီးချစ်တတ်လာအောင်၊ စာရေးတတ်လာအောင် သင်ကြားပေးခဲ့တဲ့ ကျေးဇူးကြီးမားလှတဲ့ မြန်မာစာဆရာမတွေရဲ့ သင်ကြားပေးခဲ့ပုံလေးတွေကိုပဲ ဆရာကန်တော့ပွဲအမှတ်တရအတွက် ပိုပြီးရေးချင်ပါတယ်။


မယ်ညိုဟာ လသာ(၂)ရဲ့ ငယ်မွေးခြံပေါက် ကျောင်းသူတစ်ယောက် မဟုတ်ခဲ့ပါဘူး။ သူငယ်တန်းကနေ လေးတန်းအထိ ကျောင်းသုံးကျောင်းပြောင်းခဲ့ရပြီး ငါးတန်းရောက်မှ လသာ(၁)က တဆင့် လသာ(၂)ကို လွှဲပေးလို့ ရောက်လာရတဲ့ကျောင်းသူပါ။ ကျောင်းကိုစရောက်တဲ့နှစ်မှာပဲ မြန်မာစာဆရာမ ဒေါ်တင်တင်အုန်း အတန်းပိုင်ဖြစ်တဲ့ ပဉ္စမတန်း(ဆ) ကိုရောက်သွားပါတယ်။ ငါးတန်းမှာ တီချယ်ဒေါ်တင်တင်အုန်းက နာမည်ကြီးပါပဲ။ စည်းကမ်းကြီးလွန်းလို့ပါ။ မိန်းကလေးတန်မဲ့ တဒုံးဒုံး တဒိုင်ဒိုင်း ပြေးလို့ကတော့ ရုံးခန်းသွား ဒူးထောက်ရပြီသာမှတ်။ တီချယ်ကြီးက စည်းကမ်းကြီးလို့ ကြောက်ကြပေမယ့် တီချယ်နဲ့ပတ်သက်လို့ မှတ်မှတ်ရရ ရှိနေတာတစ်ခုရှိတယ်။ကျောင်းမှာမနက်တိုင်း ဘုရားရှိခိုးရတယ်။ နှစ်ယောက်တစ်တွဲ ထိုင်ရတဲ့ ခုံတန်းရှည်ပေါ်မှာ ခြေထောက်လေးတွေတင်လို့ မိန်းမထိုင်လေးတွေ ထိုင်ပြီးရှိခိုးကြတဲ့အခါ တီချယ်ကြီးက တစ်တန်းလုံးကို လှည့်ပတ်ကြည့်ပြီး သမီးကျောင်းသူတွေရဲ့ လသာ(၂) အလယ်တန်းဝတ်စုံ ကျောင်းစိမ်း ထီးစကပ်လေးတွေကို ခြေဖျားလေးတွေဖုံးအောင် လိုက်ပြီးဖြန့်ဖုံးအုပ်ပေးတတ်တာပဲ။ ငါးတန်းမှာ မြန်မာစာနဲ့ပတ်သက်လို့ ထူးထူးခြားခြား မရှိခဲ့ပေမယ့် မြန်မာမှု၊ မြန်မာမိန်းကလေးတွေရဲ့ အနေအထိုင် နဲ့ပတ်သက်လို့တော့ မှတ်မှတ်ရရ ရှိခဲ့ရတယ်။

မယ်ညိုရဲ့မြန်မာစာအပေါ်လေးနက်မှုက ခြောက်တန်းကစခဲ့တယ်လို့ ဆိုရမယ်။ တသက်တာလုံး အကြိမ်ကြိမ် အဖန်ဖန် ပြန်သုံးရတဲ့ အခုထိလည်း ရွတ်နေရတဲ့ " ထိပ်ဆုံးသို့ " ကဗျာလေးကို ခြောက်တန်းမှာ သင်ခဲ့ရတယ်။ ကဗျာကို ဘယ်လိုစကားပြေပြန်ဆို အဓိပ္ပါယ်ဖွင့်ရတယ်ဆိုတာ ဆရာမဒေါ်စမ်းမြင့်က (ကိုယ့်အတွက်) အလွယ်ဆုံးဖြစ်အောင် သင်ပြပေးခဲ့တယ်။ မယ်ညို က ၏၊ သည်၊ ၍ မလွဲ စာကျက်ရတာကို အင်မတန်မုန်းတဲ့သူ။ အလွတ်ကျက်ပြီး ခေါင်းထဲကို ပြွတ်သိပ်နေအောင်ထည့်ရတာထက် သင်္ချာလို၊ ( Programming ) ပရိုဂရမ်းမင်းလို ဆံပင်ဖြူ အောင် စဉ်းစား၊ တွက်ချက် အဖြေထုတ်ရတာမျိုးကိုပဲ ကြိုက်တဲ့သူ။ ငါးတန်းအထိ မြန်မာစာကိုလည်း ကျက်စာထဲမှာ ထည့်ပြီးကျက်ခဲ့ပေမယ့် တီချယ်ဒေါ်စမ်းမြင့်နဲ့ သင်ခဲ့ရချိန်နောက်ပိုင်းမှာ မြန်မာစာကျက်ရတာဟာ တဝက်မက သက်သာသွားခဲ့တယ်။ ခြောက်တန်းမှာ ခက်ဆစ်ဆိုတာ မရှိသေး၊ မကျက်ရသေးပေမယ့် တီချယ်က ကဗျာသင်တဲ့အခါ ကဗျာထဲက စကားလုံးအဓိပ္ပါယ်တွေကို အရင်ပြောပြပြီး လိုက်မှတ်ခိုင်းတယ်။ ဥပမာ ထိပ်ဆုံးသို့ ကဗျာလေးထဲက        " ခါတလေတကယ်ပန်းတာကြောင့် "  ဆိုတဲ့ စာကြောင်းလေးမှာ ခါတလေ ဆိုတာ တစ်ခါတစ်လေ ကိုပြောတာ၊ ပန်း ဆိုတာ ပင်ပန်းတာကိုပြောတာ ဆိုပြီး အရင်မှတ်ခိုင်းတယ်။ ပြီးတော့မှ ကဗျာလေးတစ်ကြောင်းကို ရွတ်ခိုင်းလိုက်၊ အလင်္ကာတွေ၊ အဖွဲ့အနွဲ့တွေနဲ့ ရေးထားတဲ့နေရာမှာ စောစောက အဓိပ္ပါယ်လေးတွေ အစားထိုးပြီးရွတ်ခိုင်းလိုက်နဲ့ အကြိမ်ကြိမ်အခါခါ ရွတ်ခိုင်းပြီး သင်တယ်။ တစ်ပိုဒ်ပြီးရင် တစ်ပိုဒ်စာ အစအဆုံး ပြန်ရွတ်ရတယ်။ ဝါစိမ်းနီပြာ အသင်းလိုက် တလှည့်စီလည်း ရွတ်ရတယ်။ အဲလိုနဲ့ ကဗျာတစ်ပုဒ်လုံး သင်လို့ပြီးသွားတဲ့အချိန်မှာ ကဗျာလည်းအလွတ်ရ၊ စကားပြေအဓိပ္ပါယ်လည်း လုံးဝ နားလည်မှတ်မိသွားရော။ အဲဒီတော့ မယ်ညိုက နည်းနည်းခက်တဲ့ စကားလုံးတွေရဲ့ အဓိပ္ပါယ်ကိုပဲ မှတ်မိအောင် ထပ်ခါထပ်ခါ ဖတ်ပါတော့တယ်။ စာမေးပွဲမှာ ကဗျာစကားပြေ ဖြေရတဲ့အခါ ကဗျာကို အရင်ဆုံးချရေးလိုက်ပြီး တစ်ကြောင်းချင်း တစ်ကြောင်းချင်းရဲ့ အဓိပ္ပါယ်တွေကို ကဗျာကိုကြည့်ကာ မှတ်မိတဲ့အတိုင်း ဖြန့်ရေးသွားလိုက်တာ စာကျက်စရာကို မလိုတော့ပါဘူး။ စာကျက်ရတာ မကြိုက်ပေမယ့် ငယ်ငယ်လေးကတည်းက ကဗျာကို စိတ်ဝင်စားခဲ့တဲ့ မယ်ညိုကို မြန်မာကဗျာတွေကို ပိုလို့ ချစ်တတ်သွားအောင် တီချယ်က သင်ပေးခဲ့တာပါ။

ခြောက်တန်းက စ လို့ ကဗျာအတွက် စိတ်အေးခဲ့ရပေမယ့် စာစီစာကုံးကိုတော့ သိပ်မရေးတတ်သေးပါဘူး။ ရှစ်တန်းနှစ်မှာတော့ မြန်မာစာအတွက် ပိုကောင်းတဲ့အခြေခံကို ရခဲ့တယ်။ အတန်းပိုင် ဆရာမဒေါ်မြင့်မြင့်သွယ်က ပထမဆုံး ကျောင်းစတက်တဲ့နေ့မှာပဲ တစ်တန်းလုံးကို " က " ကနေ " အ " အထိ ရေးခိုင်းပါတယ်။ ဋ ၊ ဌ ၊ ဍ  မှာ သမီးကျောင်းသူတွေ ချာလပတ်လည်ကြပါတော့တယ်။ အတန်းကို လှည့်ပတ်ကြည့်ပြီးတော့မှ တီချယ်က အဲလိုဖြစ်ကြမယ်မှန်းသိလို့ ရေးခိုင်းတာဆိုပြီး " င နှစ်လုံး တစ် အလယ် နှစ် ဘေးက လှေခါးထစ် " ဆိုတဲ့ စာချိုးလးကို သင်ပေးပါတယ်။ င နှစ်လုံး တစ် ( င င ၁ ) ဆိုတာ  ဋ ၊ ဌ ၊ ဍ  တို့ရဲ့ ဦးခေါင်းလှည့်ရာ ဘက်ပါ။ အလယ် ၂ ဘေးက လှေခါးထစ် ဆိုတာ  ဋ ၊ ဌ ၊ ဍ တို့ရဲ့ အောက်က ခြေထောက်လေးတွေကို ပြောတာပါ။ တီချယ့်ကျေးဇူးနဲ့ တသက်လုံး မမေ့တော့ပါဘူး။ တီချယ်ရဲ့နောက်ထပ်ထူးခြားတဲ့ သင်ကြားမှုက စာစီစာကုံး။ သောကြာနေ့တိုင်း ခေါင်းစဉ်တစ်ခုပေးလိုက်ပြီး တနင်္လာနေ့မှာ စာအုပ်ထပ်ရပါတယ်။ အရေးအသား ဘယ်လောက်ကောင်းကောင်း စာအုပ်မှာ ဘေးမျဉ်းကို ပေတံတစ်ပြားစာ အပြည့်သားမှ၊ စာပိုဒ်အစကို တစ်လက်မခွဲ နှစ်လက်မလောက်ခွါရေးမှ၊ ခြစ်ရာဖျက်ရာမပါမှ၊ စာလုံးပေါင်းမှန်မှ အမှတ်များများရပါတယ်။ ကျောင်းသူငါးဆယ်လောက်ရေးတဲ့ စာစီစာကုံးတွေကို တစ်ယောက်ချင်း၊ တစ်ပုဒ်ချင်း အပုဒ်တိုင်းကို သေချာဖတ်ပြီး အပင်ပန်းခံ အမှတ်ခြစ်ပေးခဲ့လို့ မယ်ညို ဆယ်တန်းရောက်တော့ စာစီစာကုံးရေးတတ်ဖို့ ပူစရာမလိုတော့ပါဘူး။ တီချယ် သေချာဖတ်တယ်ဆိုတာလည်း အမှတ်နည်းသွားတာနဲ့ " တီချယ် သမီးဘာလို့ အမှတ်နည်းသွားတာလဲ " ဆိုပြီး ကွန်ပလိမ်းသွားတက်တတ်တဲ့ မယ်ညို့ ကို ဘာ့ကြောင့် အမှတ်လျှော့ရတယ်ဆိုတာ ရှင်းရှင်းပြလို့ သိခဲ့ရတာပါ။ ပြီးတော့ ဖက်နဲ့ဘက် ၊ ပဲနဲ့ဘဲ စတာတွေကိုသင်တော့လည်း " မ နောက်က ဘဲ လိုက်တယ်  " ဆိုပြီး မ ပါတဲ့ အငြင်းစကားဆိုရင် ဘကုန်း သုံးရကြောင်းကို ရယ်ရယ်မောမောနဲ့ တစ်ခါတည်း မှတ်မိစေတော့တာပါပဲ။ 

မယ်ညိုတို့ ဆယ်တန်းနှစ်ရောက်တဲ့အချိန်မှာ ဝိုင်းကျူ ရှင်တွေက သိပ်ကိုခေတ်စားနေပါပြီ။ ဘာသာစုံဝိုင်းတွေ တက်ကြလို့ နှစ်ဝက်လောက်ကတည်းက ကျောင်းတက်တဲ့သူ သိပ်မရှိတော့ပါဘူး။ တခြားဘာသာတွေကို ဘယ်လိုမှ မနေပေမယ့် မြန်မာစာကို ကျူ ရှင်တက်မှ ဂုဏ်ထူးထွက်တယ်ဆိုတာကို မလိုချင်တဲ့ရောဂါကြောင့်ရော၊ ကျောင်းက ဆရာမကြီးဒေါ်ခင်ညွန့် ရဲ့ မှတ်စုတွေကို ပိုပြီး ယုံကြည်တာကြောင့်ရော ကျောင်းပဲသွားတက်ပြီး တီချယ်သင်တာတွေနဲ့ပဲ ဆယ်တန်းဖြေခဲ့ပါတယ်။ တီချယ်ဒေါ်စမ်းမြင့် သင်ကြားခဲ့တဲ့ စနစ်နဲ့ တသားတည်းကျခဲ့တဲ့ မယ်ညိုဟာ ဆယ်တန်းရောက်တော့လည်း ခက်ဆစ်ကို ကျက်ပေမယ့် စကားပြေပြန်ပြီးသားစာတွေကို မကျက်ခဲ့ဘူး။ " ဆံထုံးတော်ကြီး၊တမာသီးနှင့်၊ခါးစည်းဝတ်လဲ၊ ချုပ်စပြဲကို၊ တဲအပ်နှင့်တွယ်၊ လူမြင်သမျှ၊ စိတ်ပျက်အောင်လှပါတဲ့၊ မရေသယ် " ဆိုတဲ့ ဦးပုညရဲ့ရေသည်ပြဇာတ်အရေးအဖွဲ့တွေကို တီဗွီမှာပြသွားတဲ့ ရွှေမန်းသဘင်ရဲ့ မင်းသားချမ်းသာ ရွတ်သလို မြင်ယောင်ပြီးရွတ်တယ်။ " စိမ့်ကြီးမြိုင်ကြီး၊ ရိပ်ကြီးတောတောင်၊ နေရောင်မခံ၊ ပန်းပျံပင်ဆင့်၊မြေနှင့်ရန်ဖက်၊ ခက်လက်စိမ်းမြ၊မိုးမခဘူး "  ဆိုတဲ့ ဘုန်းနှင့်ကံနှင့်ရွှေသဇင် ကဗျာကို တောမြိုင်ကြီးထဲ ရောက်နေသလိုခံစား ၊ " ဟင်းအိုးဆူလျှင် အကင်ခပ်ပြီး၊ အိုးကင်းနှင့်လှော် ရေနှင့်ကြော်၊ မိုးမျှော်ငရုတ်သီးငယ်နှင့်လေး " ဆိုတဲ့ နွေဦးကာလမြူ ထသောအခါ ကဗျာထဲက ထန်းသမားမိသားစုရဲ့ ချက်ပုံပြုတ်ပုံကို မျက်စိထဲမြင်ယောင်ပြီး သဘောတကျကျနဲ့ ရွတ်။ မြန်မာစာဆိုတာ စာမေးပွဲစစ်မှာမို့ ကျက်ရမယ့်စာ ဆိုတာမျိုး မဟုတ်တော့ဘဲ စိတ်ထဲကကို ကိုယ့်ဘာသာ၊ ကိုယ့်စာ ဆိုပြီး တမြတ်တနိုးနဲ့ကို ရွတ်ဖတ်ချင်နေတော့တာ။ " မိခင်သောက " လိုမျိုး စကားပြေတွေကိုလည်း ဝတ္ထုဖတ်သလိုဖတ်တယ်။ တီချယ်ဒေါ်ခင်ညွန့်က ဘယ်လိုတွေမေးတတ်တယ်ဆိုပြီး အမေးအဖြေတွေကိုပါ မှတ်စုထုတ်ပေးထားတာမို့ ကိုယ်ဖတ်ပြီး နားလည်ထားတာတွေနဲ့ မေးခွန်းတွေအတွက် ဖြေပြထားတာကို ဖတ်ကြည့်လိုက်ရုံပါပဲ။ 

မြန်မာစာသင်ရတာကြိုက်ပြီး မြန်မာစာကိုချစ်ပေမယ့် လက်ရေးကတော့ လှလိုက်တာ ဆိုတဲ့အထဲမှာ မပါတဲ့သူကို စနစ်တကျ၊ သပ်သပ်ရပ်ရပ်၊ စာလုံးပေါင်းမှန်မှန်နဲ့ စာရေးတတ်အောင်သင်ပေးခဲ့တဲ့ တီချယ်ဒေါ်မြင့်မြင့်သွယ်၊ ကျက်စာတွေအလွတ်ကျက်ရမှာ ပျင်းတဲ့သူကို မြန်မာစာဟာ ကိုယ့်ဘာသာစကားမို့ ကျစ်လစ်တဲ့စကားလုံးတွေ၊ အလင်္ကာအဖွဲ့အနွဲ့တွေကို နားလည်သဘောပေါက်ရုံနဲ့ စာကျက်စရာမလိုဘဲ ကိုယ့်အရေးအသားနဲ့ကိုယ် ပြန်ရေးလို့ရတယ်ဆိုတဲ့ အသိဝင်လာအောင် သင်ပေးခဲ့တဲ့ တီချယ်ဒေါ်စမ်းမြင့်၊ ဆယ်တန်းနှစ်ဟာ ဘဝအတွက်အရေးပါတဲ့နှစ်မို့ လှည့်ပတ်မေးသမျှ ဖြေတတ်အောင် မှတ်စုတွေ၊ အမေးအဖြေတွေကို ရေးနေကူးနေတာနဲ့ အချိန်မကုန်အောင် စုပြီးထုတ်ပေး၊ သင်ပေးတဲ့ တီချယ်ဒေါ်ခင်ညွန့် နဲ့ မူလတန်းကအထက်တန်းအထိ သင်ကြားပေးခဲ့တဲ့ မြန်မာစာ ဆရာမတွေရဲ့ကျေးဇူးကြောင့် မယ်ညိုဟာ ဆယ်တန်းမှာ မြန်မာစာဂုဏ်ထူးအပြင် အမှတ်အများဆုံး ဆိုတဲ့အထဲဝင်ပြီး အောင်ခဲ့ရပါတယ်။ 

လက်ဦးဆရာမတွေရဲ့ ကျေးဇူးကြောင့် တက္ကသိုလ် ရောက်တော့လည်း အေးအေးဆေးဆေးပါပဲ။ ဗညားနွဲ့ နဲ့ ဗျည်းနွဲ့ စီးချင်းထိုးတာဟာ ကျောင်းကားပေါ်မှာ အသွားလည်းဖတ်၊ အပြန်လည်းဖတ်နဲ့ အင်မတန်ဖတ်လို့ကောင်းတဲ့စာဖြစ်နေပြီး အဲဒီ့ကနေ ရာဇဓိရာဇ်အရေးတော်ပုံကြမ်းကို ဖတ်ချင်လာခဲ့တယ်၊ အနှစ်လေးဆယ်စစ်ကို သိချင်လာခဲ့တယ်။ သိပ်ကြိုက်ခဲ့တဲ့ ထိပ်ဆုံးသို့ ကဗျာရေးသူ ငွေတာရီရဲ့ " သာသည့်မြေသို့ " ကဗျာကို ထပ်သင်ရချိန်မှာ ကဗျာမျိုးစေ့ချပေးတဲ့ တီချယ်ဒေါ်စမ်းမြင့်ကို သတိရသလို၊ ကဗျာတစ်ပုဒ်ဟာ ဘယ်အတိုင်းအတာ ထိရောက်နိုင်လဲ ဆိုတာ ပိုသိလာပြီး ရေးတတ်ချင်လာခဲ့တယ်။

ဆက်ပြီး ထဲထဲဝင်ဝင် နက်နက်နဲနဲ မလေ့လာဖြစ်တော့ပေမယ့် မြန်မာစာကို ချစ်တဲ့စိတ်နဲ့ စာတွေဆက်ပြီး ဖတ်ဖြစ်တယ်။ ဖတ်ရာကနေ ကိုယ်တိုင်ရေးဖို့ ဒီဘလောဂ့်လေး ဖြစ်လာတယ်။ ဖတ်မိသူတွေက စာရေးကောင်းတယ် လို့ပြောလာတဲ့အခါ၊ ဖတ်သူတစ်ဦးက စာလုံးပေါင်း အမှားနည်းတယ်နော် လို့မှတ်မှတ်ရရ ပြောလာတဲ့အခါ တီချယ်တို့ကို သတိရမိတတ်တယ်။ မြန်မာမှု၊ မြန်မာစာ၊ မြန်မာကဗျာကို ချစ်မြတ်နိုးတတ်အောင် သင်ပေးခဲ့တဲ့ တီချယ်တို့ရဲ့ ကျေးဇူးတွေနဲ့ ဒီဘလော့ဂ်လေးရေးဖြစ်နေတာမို့ မြန်မာပြည် မပြန်နိုင်သေးတဲ့ အခိုက်မှာ   ဒီစာလေးကိုရေးကာ အဝေးကနေပဲ ဦးချကန်တော့လိုက်ပါတယ် ။         ။ 


**ကျောင်းဓါတ်ပုံက ဇွန့် ဆီက ယူတာပါ  :)


မယ်ညို 
၁၈.၀၁.၂၀၁၅ ( ၁း၄၂ နာရီ )


Friday, January 2, 2015

မျှော်လင့်မိသော ၂ဝ၁၅



၂ဝ၁၅
    လောဘများထားခဲ့
         သတ္တဝါအားလုံးအတွက်
               ပေးဆပ်ခြင်းတွေဆောင်
                     စေတနာ ဆက်အောင်ပေါ့
၂ဝ၁၅
    ဒေါသများထားခဲ့
         သတ္တဝါအားလုံးအတွက်
               ခွင့်လွှတ်တတ်ခြင်းတွေဆောင်
                     မေတ္တာ စွက်အောင်ပေါ့
၂ဝ၁၅
    မောဟများထားခဲ့
         လူသားအားလုံးအတွက်
              မြင့်မြတ်ခြင်းတွေဆောင်
                   သံသရာ ပြတ်အောင်ပေါ့


ညို လေးနေ  
01.01.2015  ( 6:00 pm ) 


                    
Truth & Trust ကို လာလည်သူအားလုံးအတွက်  နှစ်သစ်လက်ဆောင်ပါ။ 
အားလုံးအတွက် မင်္ဂလာရှိသော နှစ်သစ်ဖြစ်ပါစေ။