Saturday, July 15, 2017

ညို ၊ ကိုကို နှင့် ဘောလုံးရွှေခေတ်

သထုံလမ်း ….
တိတိကျကျပြောရလျင် တက္ကသိုလ်မေဂျာပေါင်းစုံဘောလုံးပြိုင်ပွဲ ရဲ့ဗိုလ်လုပွဲ၊ Physics မေဂျာအသင်း နှင့် Botany မေဂျာအသင်းတို့ ယှဉ်ပြိုင်ကစားရာ သထုံလမ်းရှိ တက္ကသိုလ်ဘောလုံးကွင်း။ ထိုကွင်းထဲသို့ အသက် ၅၀ ကျော် အမျိုးသမီးကြီး တစ်ဦးနှင့် ဂါဝန်ရှည်လေးဝတ်ထားသော ၁၀ တန်း ကျောင်းသူအရွယ် မိန်းကလေးငယ်တစ်ဦးတို့ ၀င်လာကြသည်။ ၀င်ပေါက်ကနေ ၀င်လာပြီးတာနှင့် မိန်းကလေးက ဘယ်ဘက် ပွဲကြည့်စင် နှင့် ညာဘက်ပွဲကြည့်စင်မှာ နေရာချောင်နေသေးသည့် ညာဘက်ကို ရွေးလိုက်သည်။ သူတို့ရောက်တာ နောက်ကျတော့ ပွဲစတာ ၁၀ မိနစ်လောက်ရှိနေပြီ။ နေရာမြန်မြန်ရပြီး မြန်မြန်ထိုင်ပါမှ။

“ အမေ လာလာ ဟိုးအပေါ်ထောင့်ဘက်မှာ ချောင်နေတယ်။ ဂိုးတိုင်နဲ့လည်း နီးတယ် ”
ညို ဆွဲခေါ်ရာစင်ပေါ်သို့ အမေလိုက်လာပြီး သားအမိနှစ်ယောက် ထိုင်လိုက်တော့ ဘေးနားက ကျောင်းသားကျောင်းသူတွေက ထူးဆန်းသလို တစ်ချက်လှည့်ကြည့်ကြသည်။ နောက်တော့လည်း သူတို့အာရုံက ဘောလုံးပွဲထဲ ပြန်ရောက်သွားသည်။
“ အမေ ဟိုမှာ တွေ့လား ”
အမေက လှည့်မကြည့်။ လိုက်ပို့ပေးဖို့ မနည်းပြောလာရသော အမေသည် ခေါင်းကိုသာညိတ်ပြပြီး သူ့သားရှိရာ ကွင်းထဲကို မျက်တောင်မခတ်တမ်း ပြုံးပြုံးကြီး ကြည့်နေလေသည်။ ထိုင်ရာမှာ နေသားကျသွားသည်နှင့် ညိုသည်လည်း အသံမထွက်ဘဲ နှုတ်ခမ်းတလှုပ်လှုပ်ဖြင့် ဆုတောင်းခြင်းအမှုပြုတော့၏။
ညို့ဆုတောင်းတာက 
“ ကိုကိုတို့ Physics အသင်းနိုင်ပါစေ ” မဟုတ်။
“ ဘောလုံး ဒီဘက်ခြမ်းကို မလာပါစေနဲ့၊ ဂိုးဧရိယာထဲကို မရောက်ပါစေနဲ့၊ ဂိုးပေါက်လွဲပါစေ၊ အပေါ်ထောင်ကန်ပါစေ”
ဤ ၄ မျိုးကိုသာ ရှေ့ပြန်နောက်ပြန် ထပ်ခါတလဲလဲ ရွတ်ဖတ်နေခြင်းဖြစ်သည်။ မရွတ်လို့လည်း မဖြစ်။ Physics မေဂျာအသင်းရဲ့ ဂိုးသမားအဖြစ် ပါဝင်မယ်ဆိုတော့ ရှေ့တန်းတိုက်စစ်မှူး မလုပ်ရကောင်းလားလို့ ဝေဖန်မိသော ညို့ ကို ပထမနှစ်ကျောင်းသားကြီး ကိုကိုက ပြောထားဖူးသည်လေ။

“ အောင်မယ် နင်ဘာသိလို့လဲ။ ဘောလုံးပွဲဆိုတာ ဂိုးသွင်းနိုင်တိုင်း နိုင်တာမဟုတ်ဘူး။ ဂိုးသွင်းမခံရမှ မရှုံးတာ။ တစ်ဂိုးမှ အသွင်းမခံရရင် မနိုင်ရင်တောင် မရှံးဘူး။ ငါက ငါတို့အသင်းရဲ့ ဂိုးပေါက်ကို ကာ…ကွယ်…ရ…မှာ ။ ဂိုးသမားများ နှယ်နှယ်ရရထင်လို့။ ဂိုးသွင်းမယ့်သူအတွက်သာ ဂိုးတိုင်နှစ်ခုကကျဉ်းတာ၊ ဖမ်းမယ့်သူအတွက်က အကျယ်ကြီး၊ ငါ့မှာ ဘောလုံးဒီဘက်ရောက်လာပြီဆိုရင်ကို ချွေးကပြန်ချင်နေပြီ၊ မျက်စိက ဘောလုံးကို အလွတ်မပေးရဲဘူး၊ ဘောလုံးမှန်ရင်လည်း နာဦးမယ်၊ ရှောင်လိုက်လို့ ၀င်သွားရင်လည်း ဆဲခံရမယ်၊ မတော်တဆ အကန်ခံချင်ခံရမယ်၊ ဂိုးသမားလုပ်ဖို့ တော်ရုံသတ္တိနဲ့ ရမယ်မှတ်လို့လား … ဟွန်း ”
ဂိုးသမားဝတ်စုံကို ဟန်ရေးပြကာ ၀တ်ပြရင်း ကိုကိုပြောတော့ ညိုသည် သူမ၏ တသက်တာဟီးရိုးအား ပီတာရှမိုက်ကယ် အလား၊ ဘူဖွန် အလား ထင်မှတ်မှားသွားတော့သည်။ အခု ကြည့်နေရင်းနဲ့လည်း ကိုကိုပြောတာ ဟုတ်သည်ဟု ခံစားမိလာသည်။ ဘောလုံးသည်ဘက်ခြမ်းရောက်လာရင် ညိုလည်း ဇောချွေးပြန်ချင်လာသည်။ ကိုယ့်အစ်ကိုက ဂိုးသမားဖြစ်နေသည်ကိုး။



“ ဟော ဟော ဆွဲလာပြီ ဆွဲလာပြီ ” 
ဘေးနားက ကျောင်းသူကျောင်းသားတွေရဲ့အသံဆူညံလာသလို ညို့နှလုံးခုန်သံလည်း ဆူလာသည်။ ဘောလုံးက ဒီဘက်ကို လာနေပြီ။

“ ဟေး ”
“ ဟာ ”

တစ်ပြိုင်တည်းလိုလို ထွက်လာသော “ဟာ” ဆိုသည့် အားမလိုအားမရသံတွေအောက်မှာ “ဟေး” ဆိုသည့် အသံလေးနှစ်သံ မြုပ်ဝင်ပျောက်ကွယ်သွားသည်။ မပျောက်ကွယ်သွားတာကတော့ ဘေးနားက လှည့်ကြည့်ကြသည့် မျက်လုံးတွေ။ ကန်ချက်က ဂိုးတိုင်ဘေးကို ချော်ထွက်သွားလို့ မော်နေသော ညို ၏ဇတ်ကလေး ပုဝင်သွားသည်။ သူတို့အာရုံတွေ ဘောလုံးပွဲဆီ ပြန်ရောက်သွားမှ အမေ့နားကပ်ကာ တိုးတိုးလေးပြောမိသည်။

“ အမေ သမီးတို့ ဘက်မှားထိုင်မိပြီ ”

ပြောနေရင်းရှိသေးသည် ဘောလုံးက ဒီဘက်ခြမ်းကို ပြန်ဝဲလာပြန်ပြီ။ ကြည့်နေရင်း ကြည့်နေရင်း ကန်ထည့်လိုက်သော ဘောလုံးသည် ကံကောင်းထောက်မစွာ ကိုကို့လက်ထဲ တန်းရောက်သွားသောအခါ သတိလက်လွတ်ဖြင့် ထခုန်မိလေသည်။ ဒီတစ်ခါတော့ အကြည့်တွေတင် မဟုတ်တော့။ တက္ကသိုလ်ကျောင်းသူလေးတွေ၏ မျက်စောင်းတွေ၊ အကြည့်စူးစူးတွေ တစ်ဒိုင်းဒိုင်းရောက်လာသည်။ ညို သည် တက္ကသိုလ်ကျောင်းသား ချောချောလေး၏ မကြည်ကြည့်ကို တက္ကသိုလ်ကျောင်းသူ မဖြစ်ခင်ကပင် ခံစားလိုက်ရသည်။ မျက်လွှာချလို့ ခေါင်းကိုငုံ့ပြီး အမေ့နားကပ်ခါ ဒုတိယအကြိမ် တိုးတိုးလေးပြောမိသည်။

“ အမေ သမီးတို့ နေရာပြောင်းကြရအောင် ”

ဒီလိုနှင့် ပထမပိုင်းပြီးခါနီး တချို့ကျောင်းသူတွေ အိမ်သာဦးဖို့ အထမှာ ညို တို့သားအမိလည်း ညာဘက်ပွဲကြည့်စင်ပေါ်ကနေ ရောယောင်လိုက်ဆင်းလာပြီး ဘယ်ဘက်ပွဲကြည့်စင်ပေါ် တက်လိုက်ကြသည်။ ဒုတိယပိုင်း ဂိုးစည်းပြောင်းကြတော့ ကိုကိုသည်လည်း ညို တို့ရှိရာ ဘယ်ဘက်ဂိုးစည်းသို့ ရောက်လာသည်။ ဒုတိယပိုင်းမှာ Physics အသင်းရဲ့ တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းသောအခါ ထိုင်ရာနှင့် ဝေးနေလို့ မမြင်လိုက်။ TV မှာကြည့်သလို Replay လည်းမကြည့်ရလို့ ဘယ်လိုဘယ်ပုံဝင်သွားမှန်းလည်း မသိ။ သို့သော် တစင်လုံး ၀ုန်းကနဲ့ ထခုန်ကာ “ဂိုး” ဆိုပြီး အော်ကြသောအခါ ညိုတို့သားအမိလည်း လိုက်အော်ကာ ပျော်ရသည်။ တော်ပါသေးသည်။ ဟိုဘက်မှာသာ ဆက်ထိုင်မိလျှင် မျက်စောင်းတွေကြောင့် တစ်ကိုယ်လုံးကျုံ့ကာ ပိစိကွေးလေးဖြစ်သွားလောက်ပြီ။

ဆုပေးပြီးဓါတ်ပုံရိုက်တဲ့အချိန် ညို တို့ဆင်းသွားကြတော့ ကိုကိုက အံ့သြနေသည်။ မိန်းကလေးကျောင်းမှာ ကျောင်းတက်သူမို့ ဘောလုံးပွဲကို အတူလိုက်ကြည့်ပေးချင်တဲ့ သူငယ်ချင်း မရှိသူ၊ အိမ်ကနေ သထုံလမ်းအထိ မသွားတတ်သူ၊ သွားတတ်ရင်တောင်မှ တစ်ယောက်တည်း မသွားရဲသူ ညို သည် အမေ့ကို အကြိမ်ပေါင်းများစွာ နားပူနားဆာတိုက်ပြီး လိုက်ပို့ခိုင်းခဲ့တာ ကိုကို မသိ။ အိမ်မပြန်နိုင်သေးဘဲ ကိုကိုတို့ ဓါတ်ပုံရိုက်နေတာကို ကြည့်နေမိသော သားအမိနှစ်ယောက်သည် ဒုတိယရ Botany အသင်းသားတွေကို လာစောင့်နေသော မမ လှလှလေး စိတ်ဆိုးဆိုးနဲ့ ဆောင့်ဆောင့်အောင့်အောင့် ပြောနေတာကို ကြားဖြစ်အောင် ကြားလိုက်ကြသေးသည်။
“ ပထမရမှာပေါ့ အမေကြီးကိုယ်တိုင် လာအားပေးနေတာကိုး ” တဲ့ ။

ထိုအခါက စလို့ ဘောလုံးပွဲ အကြောင်းတွေပြောမိတိုင်း ကိုကို့ ဆီက “ ငါ တို့ဘောလုံးရွှေခေတ်တုန်းက ” အစချီကာ ဘောလုံးကွင်းအစစ်မှာ ပရိသတ်ဖြင့်ဟန်ကျပန်ကျ အားပေးခံရတဲ့ တစ်ခုတည်းသော ပြိုင်ပွဲနှင့် တစ်ကြိမ်တည်းသော ရွှေဆုအကြောင်း ကို ကြားရတတ်သည်။ ကိုကိုပြော၍ ပြီးသွားတိုင်းလည်း အမေက “ ငါ့သား ပထမရမှာပေါ့ အမေကြီးကိုယ်တိုင် လာအားပေးခဲ့တာကိုး ” ဆိုကာ မမလှလှလေးရဲ့ စကားဖြင့် ရယ်မောကာ အဆုံးသတ်ပေးလေ့ရှိသည်။

လွန်ခဲ့သော ၁၀ နှစ်ကျော်က ဒီပွဲလေးသည် ဆီးဂိမ်း နှင့် ကမ္ဘာ့ဖလားပွဲများကြည့်ကာ ဘောလုံးပိုးဝင်သွားသော ညို့အတွက် ပရိသတ်နှင့်၊ စည်းကမ်းနှင့်၊ ဒိုင်လူကြီးအပြည့်အစုံနှင့် ပထမဆုံးကြည့်ခဲ့ဖူးသော ပွဲလည်းဖြစ်သည်။ အားကစားပွဲတွေမှာ နှစ်ဘက်ပရိသတ်ကို နေရာခွဲပြီး ချထားပေးတတ်ကြောင်းလည်း မျက်စောင်းတွေက တစ်ခါတည်း မှတ်သွားစေခဲ့သည်။ ကိုကို့ရဲ့ တက္ကသိုလ်ကျောင်းသားဘ၀ အမှတ်တရတွေထဲကို အမေ ပါ ပါအောင် ညို ၀င်ရှုတ်ခဲ့သောအချိန်လေးသည် ပြန်တွေးမိတိုင်း ပြုံးရလေသောအချိန်လေး ဖြစ်လေသည်။      ။


ညိုလေးနေ 
02.07.2017 ( 7:27 pm )


( 12.07.2017 မြန်မာတိုင်းမ် သတင်းစာမှာ ပါခဲ့တဲ့ စာမူလေးပါ။ မဂ္ဂဇင်း၊ ဂျာနယ်နဲ့ တခြားစာအုပ်တွေမှာ စာမူတွေပါရင် ထုတ်ဝေသူတွေကို နားလည်သောအားဖြင့် စာရေးသူတွေက အွန်လိုင်းမှာ ချက်ချင်းတင်လေ့မရှိပါဘူး။ အခုက နေ့စဉ်သတင်းစာ မို့လို့သာ တင်လိုက်တာပါ။ သတင်းစာထဲမှာတော့ စည်းမျဉ်းစည်းကမ်းတွေအရ အယ်ဒီတာက ရူပဗေဒ နဲ့ ရုက္ခဗေဒ လို့ ပြင်ပေးထားပါတယ်  )

Sunday, April 17, 2016

တီအိုမန်က ပြန်ခဲ့တယ် ( ၄ )

တီအိုမန် ခရီးဟာ လှိုင်းမူးတတ်သူတွေ အတွက်တော့ သိပ်အဆင်မပြေပါဘူး။ Mersing နဲ့ Tioman ကို ၁ နာရီခွဲ ၂ နာရီ နီးပါး ရှပ်ပြေးစီးရတဲ့အချိန်၊ Speed Boat ရပ်ခါနီး ထွက်ခါနီး အချိန်တွေဟာ အင်ဂျင်ဆီ ညှော်နံ့နဲ့ ရောလိုက်တဲ့အခါ လူကို မူးနောက်စေပါတယ်။ နေ့လည်စာစားဖို့ Salang beach ကို ရောက်တဲ့အခါ ၃ ယောက်လုံး မူးနောက်နောက် ဖြစ်နေလို့ ဘာမှ စားချင်စိတ်မရှိကြဘူး။ ပိုဆိုးတာက ဆိုင်က အနောက်တိုင်းအစားအစာတွေပဲ ရောင်းတဲ့ဆိုင်ဖြစ်နေပါတယ်။ ကြက်သားစွပ် နဲ့ ကြက်သားသုတ် တစ်ပွဲစီပဲမှာပြီး အဆာပြေရုံ ၃ ယောက်မျှစားလိုက်ကြတယ်။ အအေးသောက်လိုက်ပြီး ခေါင်းကြည်သွားမှ ကမ်းစပ်မှာ လျှောက်ကြည့်ဖြစ်ကြတယ်။ 

ကျောက်ဆောင်တွေကြားက အပန်းဖြေစခန်း

Salang beach ရဲ့ အပန်းဖြေစခန်းဆောက်လုပ်ထားပုံက တော်တော်လှပါတယ်။ မတ်စောက်စောက် ကျောက်တောင်ပေါ်က ကျောက်ဆောင်တွေကြားမှာ ဆောက်ထားတာပါ။ အနီးအနားထိ သွားကြည့်ချင်ပေမယ့် အချိန်မရလို့ မရောက်ခဲ့ပါဘူး။ ၁ နာရီ လောက် နားပြီး တဲ့အခါ Snorkeling အတွက် ဒုတိယ နေရာကို ထွက်ခဲ့ကြပါတယ်။ 

အလယ်က ကိုယ်တို့စီးရတဲ့ ဘုတ်ပေါ်မှာ မောင်းတဲ့ ကလေး ရှိနေတယ်


ဒုတိယနေရာရောက်တဲ့အခါ ရေမကူးတတ်တဲ့ ညီမလေးကိုပဲ ဂရုစိုက်ပေးဖို့ မော်တော်သမားလေးကို ပြောပြီး ကိုယ်တို့မောင်နှမ လက်တွဲလို့ လျှောက်ကြည့်ကြတယ်။ ဒီနေရာက ရေပိုနက်ပြီး ပြာပါတယ်။ မော်တော်သမားလေးပေးတဲ့ ပေါင်မုန့်ကို လက်ကကိုင်ထားတဲ့အခါ အပြာရောင်၊ အဝါရောင်၊ အမဲရောင် ၃ လက်မ ဝန်းကျင်ရှိတဲ့ ငါးရောင်စုံလေးတွေ လာတွတ်ကြတာ သိပ်ကိုကြည့်လို့ကောင်းပါတယ်။ အောက်က သန္တာကျောက်ကလည်း အရောင်ပိုရင့်ပါတယ်။ အဲလိုနဲ့ ဘုတ်နဲ့ ၁၀ ပေလောက်အကွာကို ရောက်လာတော့ ခြေသလုံးက တောင့်သလိုဖြစ်လာတယ်။ နေ့စဉ်ရေကူးကျင့် မရှိဘဲ ခုမှကူးတာမို့ ကြွက်တက်တာဖြစ်မှာစိုးလို့ အပေါ်ပြန်တက်ဖို့ ဆုံးဖြတ်လိုက်တဲ့အချိန်မှာ မောင်လေးက သူ ကြွက်တက်ချင်သလိုဖြစ်လာတယ်လို့ ဆိုပါတယ်။ ကိုယ်ဖြစ်နေတာ ကို သူ့ကိုမပြောဘဲ ပြန်ကြစို့ဆိုပြီး ဘုတ်ဆီကို အကူးမှာ ၁၀ ပေလောက်ကို တော်တော်လေးအားစိုက်ပြီး ကူးလိုက်ရတယ်။ လေက လေဆန်တိုက်နေတာနဲ့ ဘုတ်က ရေထဲမှာရွေ့နေတာကြောင့်တော်တော်နဲ့ မရောက်နိုင်ပါဘူး။ ညီမလေးပါ ပြန်ရောက်လာပြီး သူလည်းကြွက်တက်ချင်သလို ဖြစ်တဲ့အကြောင်းပြောတဲ့အခါမှာတော့ ဒီနေရာက ရေရဲ့အနက်၊ အအေးဓါတ်နဲ့ သိပ်သည်းဆကြောင့် အကျင့်မရှိတဲ့ ကိုယ်တို့အားလုံး ဒီလိုဖြစ်တယ်ဆိုတာ သဘောပေါက်လိုက်မိတယ်။ 

Marine Park မှာ မောင်လေးက ရေထဲမဆင်းလို့ ကံကောင်းပြီး ရခဲ့တဲ့ပုံ

တတိယ နေရာကတော့ Marine Park လို့ခေါ်တဲ့ နေရာပါ။ အဲဒီ့နေရာမှာတော့ သန္တာကျောက်မရှိပါဘူး။ ဒီတစ်ခါ မော်တော်သမားလေးက ဘုတ်ပေါ်ကနေပဲ ပေါင်မုန့်တွေ ပစ်ချပြီး ငါးတွေခေါ်ပေးပါတယ်။ ငါးကလည်း ဒုတိယ နေရာက ငါးလေးတွေလို အရောင်စုံမဟုတ်ဘဲ အဝါပြောက်၊ အဝါစင်း၊ အဝါကျား လေးတွေချည့်ပါပဲ။ အကောင်လည်း ပိုကြီးပြီး လက်တဝါးစာလောက်ရှိပါတယ်။ ကိုယ့်ရဲ့ အတွေးကို ပိုသေချာသွားစေတာက ကမ်းခြေနဲ့ နီးပြီး ရေပိုတိမ်တဲ့ ဒီနေရာမှာ ရေကူးရတာ ပိုသွက်ပြီး စောစောကလို ကြွက်တက်ချင်တာမျိုး လုံးဝမဖြစ်တော့တာပါပဲ။ ငါးတွေကြည့်နေတဲ့ ကိုယ်ဟာ ရေငုတ်ဝတ်စုံတွေနဲ့ လူတစ်စု အုပ်စုလိုက်ကြီး ရေအောက်က ဖြတ်သွားတာမြင်ရတဲ့အခါ တအားပျော်သွားတယ်။ " သူတို့က အောက်ဆီဂျင်ဘူးတွေပါ လွယ်ပြီး ရေအောက်အထိ ငါးတွေကိုလိုက်ကြည့်၊ ငါတို့က ရေအပေါ်ယံကနေ သူတို့ကိုပြန်ကြည့် " လို့တွေးမိပြီး ရယ်လည်း ရယ်ချင်သွားတယ်။ ညီမလေးပြန်တက်သွားပေမယ့် ကိုယ်ကတော့ ကြည့်ကောင်းကောင်းနဲ့ အချိန်စေ့တဲ့အထိ ရေထဲမှာပဲနေနေခဲ့တယ်။

ရေထဲက Barge နဲ့ ဟိုးဘက်က Marine Center

စတုတ္ထမြောက်နဲ့နောက်ဆုံးနေရာ ကတော့ Reggis Island ပါပဲ။ ကျွန်းလို့သာ ဆိုတာ တကယ်တော့ ရေပေါ်ကိုထိုးထွက်နေတဲ့ ကျောက်ဆောင် အကြီးကြီးတစ်ခုပါပဲ။ ကျွန်းရဲ့အလယ်မှာ သစ်ပင်တွေပေါက်နေပေမယ့် ပတ်ပတ်လည်က ကျောက်ဆောင်တွေချည့်ပဲမို့ ကျွန်းပေါ်တက်လို့မရပါဘူး။ အဲဒီ့နေရာမှာ Barge လို့ခေါ်မလား၊ ဘောလို့ပဲခေါ်မလား သတ္တုဖောင်တစ်ခု လုပ်ပေးထားပါတယ်။ မနေ့က ပြောတဲ့ Reggis Island မှာ ကြိုက်သလောက်နေလို့ရတယ်ဆိုတာ အဲ့ဖောင်ပေါ်တက်လိုက် ရေထဲဆင်းလိုက် နေလို့ရတာကို ပြောတာပါ :D

Reggis Island ဆိုတဲ့ ကျွန်းပေါက်စန

Berjaya ရဲ့ Marine Center နဲ့ မျက်နှာချင်းဆိုင် ၅ မိနစ်လောက်ပဲ မောင်းရတဲ့ နေရာမို့ အသွားအပြန်ကြိုပို့ပေးနေတဲ့ ဘုတ်လေးတွေ ရှိတာကြောင့် Reggis Island နားမှာ Snorkeling လုပ်သူတွေအများကြီး ရှိနေပါတယ်။ အဲဒီ့နေရာကလည်း ရေတိမ်ပါတယ်။ ကိုယ်နဲ့ ညီမလေးလည်း စတုတ္ထအကြိမ်မြောက် ရေထဲဆင်းပြန်ပါတယ်။ ထူးဆန်းတာက ၄ နေရာသွားတာ ၄ နေရာက ငါးတွေက မတူတာပါပဲ။ အရင်နေရာတွေမှာ မမြင်ဖူးခဲ့တဲ့ ငါးလေးတွေ ထပ်တွေ့ပါတယ်။ ညီမလေးက ချမ်းလို့ ပြန်တက်သွားချိန်မှာ ကောင်လေးက နီမို လေး တစ်ကောင်ဖမ်းယူလာပြီး ကိုယ်တွေဘုတ်မှာ ပါလာတဲ့ အိန္ဒိယန်းကလေးငယ် ၂ ယောက်ကို လာပြတယ်။ ၂ လက်မသာသာ နီမိုလေး ကို ကလေး ၂ ယောက်သာမက ကိုယ်တွေအားလုံး ဝိုင်းကြည့်ကြတယ်။ နောက်တော့ ကောင်လေးက ကိုယ့်ရဲ့အသက်ရှူ ပိုက်ကို စစ်ပေးပြီး လက်ဆွဲခေါ်သွားပြန်ပါတယ်။ တော်တော်လေးကူးသွားပြီးတဲ့နောက် သူက တစ်နေရာကို လက်ညှိုးညွှန်ပြတယ်။ ရေအောက်က အညိုရောင် ရေမှော်ပင် အုပ်အုပ်လေးက ဘာများထူးခြားလို့လဲလို့ တွေးနေတုန်း သူက အဲ့အပင်ကို လက်နဲ့ ရမ်းလိုက်တဲ့အခါ အထဲက နီမိုအကြီး ၂ ကောင် ထွက်လာပါလေရော။ နောက်တော့ သူက သူ့လက်ထဲမှာ ဖမ်းလာတဲ့ နီမိုအသေးလေးကို အဲ့ရေမှော်ပင်တွေထဲ ပြန်ထည့်ပေးလိုက်တယ်။ အဲဒီ့နေ့က ခရီးစဉ်မှာ နီမိုလေးရဲ့ အိမ်အပြန်ကို မျက်ဝါးထင်ထင် ကြည့်လိုက်ရတဲ့ တစ်ယောက်တည်းသောသူအဖြစ် ဘုတ်ပေါ်ကို ကိုယ်ဟာမြောက်ကြွကြွနဲ့ ပြန်ရောက်သွားပြီး ကြွားပါတော့တယ် :D

အပြင်မှာကြည်နေလို့ ရိုက်ကြည့်တာပဲ။ ရေအောက်ရိုက်ကင်မရာမဟုတ်တော့ ဒီလိုဖြစ်သွားတယ်။

Reggis Island ကနေပြန်တဲ့အခါ ကိုယ်တို့ရဲ့ တစ်နေ့စာ Snorkeling ခရီးစဉ်ပြီးဆုံးပါတယ်။ အဲဒီ့ခရီးစဉ်အတွက် လူငယ်သလောက် ကျွမ်းကျင်ပြီး ခရီးသည်တွေကို စေတနာထားတဲ့ ကောင်လေးကိုလည်း ကျေးဇူးတင်ရပါတယ်။ တစ်နေကုန်ရေထဲဆင်းလိုက်တက်လိုက် ဆော့ခဲ့ကြတဲ့ ကိုယ်တို့ ၃ ယောက်ဟာ အခန်းကိုတန်းမပြန်ကြပဲ ရေကူးကန်ထဲမှာ ဆော့လိုက်ကြပါသေးတယ်။ ညဘက်မှာတော့ Berjaya ရဲ့ညစာ အဖြစ် ဘာဘီကျူး အစားအစာတွေက ကိုယ်တို့ကို စောင့်မျှော်နေခဲ့ကြတယ်။ 

သာယာတယ် ဟုတ် 

၂ ညအိပ် ၃ ရက် ခရီးဟာ တီအိုမန်သွားမယ်ဆိုရင်တော့ သိပ်မလောက်င ဘူးလို့ ဆိုချင်ပါတယ်။ Snorkeling လုပ်ရင်း ရေနက်ထဲမှာ ဆော့ခဲ့ပေမယ့် ပြန်မယ့်မနက်အထိ အပန်းဖြေစခန်းရဲ့ ကမ်းခြေမှာ ရေမကစားရသေးပါဘူး။ အဲဒါကြောင့် ၁၀ နာရီမှာ ပြန်ဖို့ အဆင်သင့် ဖြစ်နေရမယ့် ကိုယ်တွေဟာ မနက်အစောကြီးထပြီး ကမ်းခြေမှာ လမ်းလျှောက်ပြီးနောက် ရေထဲဆင်းခဲ့ကြတယ်။ Berjaya ကို ကြိုက်ရတဲ့ နောက်ထပ်အကြောင်းရင်းတစ်ခုက သဲသောင်လျှောစောက်ဟာ နက်ဆင်းမသွားဘဲ တော်တော်လေးပြေတာပါပဲ။ သဲသောင်ပြေလွန်းလို့ ရေထဲကို ပေ ၃၀ လောက်ရောက်တာတောင်မှ ရေအနက်က ဒူးသာသာပဲ ရှိပါတယ်။ ပေ ၅၀ သာသာ လောက်သွားမှ ခါးလောက်ရောက်မှာပါ။ အဲဒီ့တော့ အပြန့်ကျယ်တဲ့ ရေပြင်ထဲမှာ မှောက်လိုက်၊ လှိမ့်လိုက်၊ ငုတ်တုတ်ထိုင်လိုက်၊ လှိုင်းစီးလိုက်နဲ့ သိပ်ကိုဆော့လို့ကောင်းပါတယ်။ ဟုတ်ကဲ့။ အခုရေးခဲ့တဲ့ အတိုင်းပါပဲ။ ညို ဟာ သိပ်မဆော့တတ်ပါဘူး  :D

အဲဒါ ငုတ်တုတ်ထိုင်နေတာ :D

ရေထဲမှာ သိပ်ကစားလို့ကောင်းပေမယ့် ၉ နာရီခွဲနောက်ဆုံးထားပြီး မနက်စာစားရမှာမို့ ပြန်တက်လာခဲ့ကြရတယ်။ စခန်းက ပို့ပေးတဲ့ ကားနဲ့ Tekek ဆိပ်ကမ်းကို ၁၀ နာရီခွဲမှာ ရောက်လာခဲ့ကြတယ်။ ခရီးစဉ်ရဲ့ အဆင်မပြေဆုံး အချိန်ကတော့ အပြန် ရှပ်ပြေးယာဉ်ကို စောင့်ရတာပါပဲ။ ၁၁ နာရီထွက်မှာမို့ ခရီးသည်ကို ၁၀ နာရီခွဲရောက်အောင်လာပါလို့ ပြောထားတဲ့ ရှပ်ပြေးယာဉ်ဟာ နေ့လည် ၁ နာရီမှ ရောက်လာပါတယ်။ Mersing ဘက်ကို ရောက်ချိန်မှာလည်း လာကြိုနေတဲ့ ကားက ထမင်းစားချိန် မပေးတော့ပါဘူး။ နောက်ကျရင် စလုံးအဝင်မှာ လူများပြီး ကြာမှာစိုးလို့ပါ။ အဲဒီ့တော့ Mersing ဆိပ်ကမ်းရဲ့ ဈေးရုံထဲက တွေ့တဲ့မုန့် နဲ့ရေဝယ်ပြီး ကားပေါ်မှာ စားရပါတယ်။ Mersing က နေ နေ့လည် ၂ နာရီမှာထွက်ခဲ့တာဟာ Nweton Hawker Center ကို ည ၈ နာရီထိုးမှပဲ ရောက်ပါတော့တယ်။ 

မနက်ခင်း ကမ်းခြေ

အပြန်မှာ မကြန့်ကြာသင့်ဘဲ ကြာနေလို့ ပူအိုက်ဆာလောင်ခဲ့ရတာက လွဲလို့ ဒီခရီးလေးဟာ အတော်ပျော်စရာကောင်းခဲ့ပါတယ်။ ကွန်ပျူတာနဲ့ ဖုန်းမျက်နှာပြင်ထဲကနေ ပြင်ပကမ္ဘာကို ပြန်ရောက်သွားတယ်။ ဆန်းကျယ်တဲ့ သဘာဝအလှတရားတွေကို ခံစားရင်း အတွေ့အကြုံသစ်တွေနဲ့ အတူ တီအိုမန်က ပြန်ခဲ့ပါတယ်။     ။



ကျေးဇူးစကား
Tioman ကျွန်းအကြောင်းကို ပြောပြဖူးတဲ့ ဇွန်၊ Good Friday အတွက် ခရီးစဉ်ရွေးကြတဲ့အခါ ကိုယ်ပြောတာကို လက်ခံလို့Tioman ခရီးကို စီစဉ်ပေးပြီး ကိုယ်တိုင်မလိုက်နိုင်ခဲ့တဲ့ မောင်လေး၊ စည်းစည်းလုံးလုံးနဲ့ အတူတူပျော်ခဲ့တဲ့ မောင်လေးနဲ့ညီမလေး၊ စိုးရိမ်ကြီးတတ်တဲ့ကိုယ့်ကို အရာရာတော်တော်များများကို ကြောက်စိတ်နည်းပြီး ရင်ဆိုင်တတ်လာအောင် သင်ပေးခဲ့တဲ့ သူငယ်ချင်းတစ်ဦး အားကျေးဇူးအထူးတင်ပါကြောင်း  :)


ညိုလေးနေ
၁၇.၀၄.၂၀၁၆ ( ညနေ ၄း၁၇ )


Friday, April 15, 2016

တီအိုမန်က ပြန်ခဲ့တယ် ( ၃ )

နောက်တစ်နေ့ Snorkeling Trip က မနက် ၉ နာရီ စုရပ်မှာ ဆုံရမှာမို့ မနက်စာကို ၈ နာရီမှာ သွားစားကြဖို့ သဘောတူထားကြတယ်။ ကိုယ်ကနိုးနေကျမို့ အရင်ဆုံးထပြီး နောက်မှ ကျန် ၂ ယောက်ကို နှိုးမယ်လို့ ပြောထားရာက နှိုးစက်သံမကြားလို့ စားသောက်ခန်းမကို ၈ နာရီခွဲ အရောက်ပြေးကြရတယ်။ ဖြစ်ပုံက စလုံးမှာ နှိုးစက်မလိုအောင် နိုးတတ်လို့ အသံကိုတိုးထားမိတာက ခရီးပန်းပြီး အိပ်ပျော်သွားလိုက်တာ အဲဒီ့အသံတိုးတိုးလေးကို မကြားတော့ဘူး :D



Berjaya ရဲ့မနက်စာက တော်တော်လေးဖွယ်ဖွယ်ရာရာ စုံစုံလင်ရှိလှပါတယ်။ သိပ်ကိုသဘောကျမိတာက ဘယ်မှာမှမရတတ်တဲ့ ဂေါ်ရခါး အစားအစာ ဂျုံနဲ့ကြက်ဥကို ဆီပါလေရုံလေး ကြော်ထားတဲ့ဂျုံပြားနဲ့ ဟင်းကို စားရတာပါပဲ။ အမေက အိမ်မှာသကြားပါထည့်ပြီး ချိုချိုလေးကြော်ကြွေးတတ်လို့ ဟင်းမလိုပါဘူး။ အပြင်မှာတော့ ဘယ်မှာမှရောင်းတာမတွေ့လို့ ဝယ်မစားဖူးဘူး။ 

စားသောက်ပြီးလို့ စုရပ်ကိုရောက်တဲ့အခါ ခရီးစဉ်ကို အကြမ်းဖျဉ်းရှင်းပြပါတယ်။ မနက် ၉ နာရီခွဲထွက်ပြီး ညနေ ၄ နာရီမှ ပြန်ရောက်မှာပါ။ Snorkeling အတွက်နေရာ ၄ နေရာကို သွားမှာဖြစ်ပြီး နေ့လည်စာကို မနေ့က ရှပ်ပြေးအရင်ဆုံးကပ်ခဲ့တဲ့ Salang beach မှာ စားရမှာပါတဲ့။ အယောက်၂၀ ကျော်ရှိတဲ့ အဖွဲ့ကြီးဟာ စတင်ထွက်ခွါမယ့် Marine Center ဆိုတဲ့နေရာကို သွားကြပါတယ်။ နောက်တော့ Speed boat ၂ စီးအတွက် ၂ သုတ်ခွဲလိုက်တာမှာ ကိုယ်တွေက ဒုတိယထွက်မယ့် အစီးမှာပါသွားကြတယ်။ 

စုရပ်မှ လူစုပေးတဲ့ ဦးလေးကြီးကို ကိုယ်တို့ ၃ ယောက်လုံးရဲ့ ပထမဆုံးအတွေ့အကြုံ ဖြစ်ကြောင်းပြောပြပြီး ဘယ်လို လုပ်ရမှန်းမသိဘူးလို့ ဆိုကြတော့ ဦးလေးကြီးက စိတ်မပူဖို့ သူတို့လူက ရေထဲကြည့်ပုံကြည့်နည်း သင်ပေးမှာပါ၊ နင်တို့ မိန်းကလေး ၂ ယောက်ကို ပိုတောင်သဘောကောင်းပြီးသင်ပေးမှာပါဆိုပြီး စ နောက် လိုက်ပါသေးတယ်။ ဒါပေမယ့် ပင်လယ်ရေနက်ထဲ တခါမှလည်း မသွားဖူး၊ Speed boat လည်း မစီးဖူးတော့ စိတ်လှုပ်ရှားမိတာတော့ အမှန်ပါပဲ။

အတွေ့အကြုံ မရှိလို့ သင်ခန်းစာ ရခြင်းက Speed boat စထွက်တဲ့ ဆီက စပါတော့တယ်။ ဘုတ်ပေါ်တက်ဆိုတဲ့ အချိန်မှာ တက်လိုက်ပြီး ၃ ယောက်တူတူထိုင်လို့ ရမယ့်နေရာကိုပဲ ကြည့်ပြီးထိုင်လိုက်မိတယ်။ စ ထွက်တော့မှ ဘုရား တရား တ ရတော့တာပါပဲ။ ကိုယ်တွေဘက်ခြမ်းက ၅ ယောက်မှာ ကိုယ်နဲ့ အတူပါတဲ့ ညီမလေးက ပိန်ပိန်ပါးပါး ၂ ယောက်ဖြစ်ပြီး မောင်လေးနဲ့ ကျန်တဲ့ မလေးစုံတွဲက သာမာန်ခပ်ပြည့်ပြည့် အရွယ်ပါပဲ။ တဘက်ခြမ်းမှာက လူကြီး ၆ ယောက်နဲ့ ကလေး ၂ ယောက်။ အဲဒီ့ဘက်ခြမ်းက မလေးစုံတွဲ နဲ့ အိန္ဒိယန်းစုံတွဲ က ခပ်ဝဝ၊ နောက်တစ်တွဲက ထောင်ထောင်မောင်းမောင်းအဖြူ စုံတွဲ။ ကဲ ဒီဘုတ်မှ တခြမ်းမစောင်းနေရင် ဘယ်ဘုတ် စောင်းတော့မလဲ။ ဘုတ်ကို မောင်းတဲ့သူက အလေးချိန်မျှအောင်ကိုယ်တွေဘက်က ရပ်ပြီးမောင်းပါတယ်။ ဒါပေမယ့် သူခန္ဓာကိုယ်က ကိုယ့်ဆိုဒ်လောက်ပဲရှိတဲ့ သေးသေးလေး။ ပိုပြီးစိုးရိမ်မိတာက သူဟာ အလွန့်အလွန်ဆုံး ၁၇ နှစ်ပဲ ရှိမယ့် မလေး ကောင်းလေးငယ်ငယ်လေး ဖြစ်နေတာပါပဲ။

စထွက်ထွက်ခြင်းမှာ အသက်ကယ်ဝတ်စုံဝတ်တာ၊ ပါလာတဲ့ ပစ္စည်းတွေ ဝမ်းဗိုက်ခန်း ထဲသိမ်းနေတာ နဲ့  ခပ်ဖြည်းဖြည်း စ မောင်းနေတာမို့ လူဘက်မမျှတာကို သတိမထားမိလိုက်ကြပါဘူး။ သတိထားမိတဲ့ အချိန်မှာတော့ ကောင်လေးက အရှိန်ကို အစွမ်းကုန်မြှင့်ပြီး မောင်းနေပါပြီ။ ခုချိန်မှတော့ မထူးတော့ပြီမို့ အငယ် ၂ ယောက်ရှေ့မှာ မကြောက်သလို ရယ်စရာပေါက်ကရပြောပြီး စိတ်ထဲကတော့ သရဏဂုံတင်ထားလိုက်ပါတယ် :D
 

လုပ်ဖော်ကိုင်ဖက် မပါဘဲ ဒီကောင်လေးတစ်ယောက်တည်းနဲ့ ဖြစ်ပါ့မလား။ ဒီအရွယ် ဒီစိတ်နဲ့ ကိုယ့်ကိုယ်ကို ယုံကြည်ချက်လွန်ပြီး ဇွတ်လုပ်နေရင်တော့ ဒုက္ခတွေဖြစ်ကုန်တော့မှာပါပဲဆိုတဲ့ အတွေးတွေက ခေါင်းထဲကို ရောက်လာပါတော့တယ်။ တကယ်လည်း သူက ရှေ့ကထွက်သွားဘုတ်ကို ကျော်တက်ပြီး တော်တော်ဖြတ်ထားခဲ့တယ်။ နဲနဲထောင်နေတဲ့ ကိုယ်တို့ဘက်ခြမ်းက ရေလည်း တအားစင်ပါတယ်။ ဟိုလူတွေဘာလို့ ဒီဘက်မထိုင်လဲ ဆိုတာလည်း ဘေးသံတန်းကို တင်းတင်းဆုပ်ထားတဲ့ လက်က ရှင်းပြတယ်။ နေက ဒီဘက်ကပူနေတာကိုး။ ဒီလိုနဲ့ နာရီဝက်ကျော်ကျော်စီးပြီး သဲဖြူ ဖြူ လွလွနဲ့ ကျွန်းလှလှလေးနားကို ရောက်လာမှ အသက်ဝဝရှူ နိုင်ပါတော့တယ်။ ကိုယ်တွေ ၃ ယောက်မှာလည်း ရေထဲဖြင့် မဆင်းရသေးဘူး ရွှဲရွှဲစိုပြီး နာရီဝက်စာနေလောင်ပြီးလို့ ရဲရဲနီနေကြပါပြီ :D


အစီအစဉ်အရ Tulai Island ကမ်းစပ်မှာ ၄၅ မိနစ်နေပြီး ရေဆော့ကြ Snorkeling လုပ်ဖို့ အသက်ရှူ ပုံရှူ နည်း သင်ကြရမှာပါ။ ၃ ယောက်သားမှာတော့ ဘာမှ မလုပ်နိုင်သေးဘဲ အရိပ်ရတဲ့ အပင်အောက်လေးမှာ ဘုတ်ပေါ်မှာကြောက်ခဲ့သမျှ အခုမှ တစ်ယောက်တစ်ပေါက်ပြောရင်း အမောဖြေ ကြရပါတယ်။ မောင်လေးကလည်း ကိုယ်နဲ့တထပ်တည်းတွေးပြီး စိုးရိမ်နေခဲ့တာကိုး။ ကိုယ်တွေက ကောင်လေးရဲ့အသက်နဲ့ သေးကွေးပုံကိုကြည့်ပြီး အစိုးရိမ်ကြီးနေကြတာပါ။ တကယ်တော့ သူဟာတော်တော်လေး ကျွမ်းကျင်သူဖြစ်မှန်း စောင့်ကြည့်တတ်တဲ့ အကျင့်အရသိလာရတယ်။ တစက်လေးမှ ငြိမ်မနေဘဲ ကမ်းကပ်လာသမျှ ဘုတ်တွေ ကျောက်ဆူးချဖို့၊ သဲသောင်မှာ ငုတ်စိုက်ဖို့ လိုက်လုပ်ပေးနေပါတယ်။

ဟိုအဖွဲ့လည်းလေ့ကျင့် ဒီအဖွဲ့လည်း လေ့ကျင့်

ခဏနားပြီးတဲ့ အချိန်မှာ Snorkeling အတွေ့အကြုံမရှိဘူးလို့ပြောထားတဲ့ ကိုယ်တွေကို သူကလှမ်းခေါ်ပြီး သင်ပေးပါတယ်။ စိတ်ရှည်လက်ရှည်ပါပဲ။ ဒီမှာသေချာလေ့ကျင့်ထားပြီး ကြည့်တတ်မှ သန္တာကျောက်တွေနဲ့ ငါးတွေကို မြင်ရမှာလို့ သူကပြောပါသေးတယ်။ အသက်ရှူ တတ်သွားတဲ့အချိန်မှာ ကိုယ်တွေဆက်ပြီး လေ့ကျင့်ကြတယ်။ အဲဒီ့ကျွန်းလေးဟာ ကမ်းခြေကျဉ်းကျဉ်းလေးပဲရှိပေမယ့် သဲဖြူ ဖြူ နုနုနဲ့ သိပ်လှပါတယ်။ ရေကလည်း ကမ်းစပ်အထိကို စိမ်းကြည်နေတာပါပဲ။ အဲဒါနဲ့ ဆယ်ဖီတွေလည်း တချပ်ချပ်ဖြစ်ကုန်ကြပါတယ်။ ဘာမှတော့ မဆိုင်သလိုပါပဲ :D 

၄၅ မိနစ်ပြည့်တဲ့အချိန်တဲ့ အချိန်မှာ ပထမဆုံးနေရာကို သွားဖို့ ဘုတ်ပေါ်ပြန်တက်ရတယ်။ ခပ်ဝေးဝေးသွားရမယ် ထင်ထားပေမယ့် သုံးမိနစ်လောက်ပဲ မောင်းရတဲ့ အဲဒီ့ကျွန်းရဲ့ နောက်တစ်နေရာပဲ ဖြစ်နေပါတယ်။ အဲဒီ့နေရာလေးက စောစောက လေ့ကျင့်ခဲ့ကြတဲ့ သဲသောင်ကမ်းခြေအလွန် ကျောက်ဆောင်ကမ်းစပ်ပဲ ရှိတဲ့ ဂငယ်ကွေ့နေရာလေးပါ။ ကမ်းခြေနဲ့ မဝေးပေမယ့် ရေမတိမ်ပါဘူး။ 

အဲဒီ့နေရာ ရောက်လို့ ရပ်လိုက်တယ် ဆိုရင်ပဲ အနောက်တိုင်းသားစုံတွဲက ဝုန်းဆို ရေထဲခုန်ချသွားကြတယ်။ အိန္ဒိယန်းလူကြီးက သူ့ကလေး ၂ ယောက်ကို ခေါ်ပြီးဆင်းသွားတယ်။ အသီးသီး အသက ဆင်းသွားတဲ့အချိန်မှာ ကောင်လေးကလည်း ခြေထောက်မှာ ရေယက်တပ်ရင်း ဆင်းဖို့ပြင်နေပါပြီ။ ကိုယ့်အဖွဲ့က ၂ ယောက်ပါ ရေထဲဆင်းသွားချိန်မှာ ငါ့ ညီမလေးက ရေမကူးတတ်ဘူး လို့ သူ့ကိုထပ်သတိပေးတော့ မပူပါနဲ့လို့ ပြောပြီး ခုန်ဆင်းသွားတယ်။ နောက်တော့ ကိုယ်ဆင်းလာတာကိုစောင့်ပြီး မျက်လုံးနဲ့နှာခေါင်း အကာကို စစ်တယ်။ ပိုက်နဲ့အသက်ရှူ လို့ ရမရ စမ်းကြတယ်။ ရတာ သေချာသွားတဲ့ အချိန်မှာ ကိုယ့်လက်ကောက်ဝတ်ကို ဆွဲပြီး ခေါ်သွားပါတော့တယ်။ ကိုယ်ကလည်း သူ့လက်ကောက်ဝတ်ကို လက်ပြန် ပြန်ဆွဲထားလိုက်တယ်။ ကြောက်လို့ဟုတ်ပါဘူး စိတ်ချသေချာချင်လို့ပါ  :D



ပထမဆုံးအနေနဲ့ အပြင်မှာ တခါမှမမြင်ခဲ့ဖူး ရေအောက်ကအရာတွေကို ကြည်ကြည်လင်လင်မြင်ရတဲ့အခါ တအားကိုပျော်သွားတယ်။ အညို ရင့်ရင့်သန္တာကျောက်တန်းတွေ။ ငါးလေးတွေ နဲနဲပါးပါးရှိပေမယ့် အဲဒီ့နေရာက သန္တာကျောက်များပါတယ်။ သူက ရေအောက်က အထူးအဆန်းလေးတွေကို လက်ညှိုးညွှန်ပြီး ပြပါသေးတယ်။ ၁၅ ပေလောက်ထိ ကူးသွားပြီးတဲ့အခါ ညီမလေးကို သတိရလို့ သူ့ကို ပြန်ပို့ခိုင်းလိုက်တယ်။ ဒီလောက်ဆိုရင် ဘယ်လိုကူးခတ်ပြီး ကြည့်ရမလဲဆိုတာ သိသွားပြီလေ။ ညီမလေးကို သူခေါ်သွားပြီး လိုက်ပြနေချိန်မှာ ကိုယ်တို့မောင်နှမ နှစ်ယောက် လက်တွဲထားပြီး လျှောက်ကူး လျှောက်ကြည့်ကြတယ်။ ဖန်သားပြင်တွေပေါ်မှာ ကြည့်ခဲ့ရသလို နီရဲလှပ အရောင်စုံမနေပေမယ့် မြင်တွေ့ရသလောက်ကကို ကြည့်လို့ မဝအောင်ပါပဲ။


ဘုတ်ပေါ်အရင် ပြန်တက်သွားတဲ့ ညီမလေးရိုက်ပေးတာ

နာရီဝက်ခန့် ကြည့်ပြီးကြတဲ့အခါ နေ့လည်စာအတွက် Salang beach ကို ထွက်ခဲ့ကြတယ်။ ဒီအချိန်မှာတော့ ကောင်လေးက အဖြူ စုံတွဲကို နေရာပြောင်းထိုင်ခိုင်းပြီး ဘုတ်ရဲ့အလေးချိန်ကို မျှစေပါတယ်။ ရေပိုနက်နက်မှာ လှိုင်းမြင့်မြင့်တွေကို ဖြတ်မောင်းပြီး ရေပေါ်ကို တဘုန်းဘုန်း ပြန်ကျနေပေမယ့် အဲဒီ့အချိန်က စ လို့ကိုယ့်မှာကြောက်စိတ်တွေ ရှိမနေဘဲ အပျော်တွေပဲ ရှိနေတော့တယ်။

ဆက်ပါဦးမည် ...


Sunday, April 10, 2016

တီအိုမန်က ပြန်ခဲ့တယ် ( ၂ )

တနေကုန် ကားစီး ၊ သင်္ဘောစီးပြီး ဗိုက်ဆာလာကြတဲ့ ၃ ယောက်သားဟာ နောက်နေ့လည်ဖို့ပတ်ဖို့ မစဉ်းစားနိုင်သေးဘဲ အခန်းမှာခဏနားပြီး ဗိုက်ဖြည့်ဖို့ပဲ ဦးစားပေးလိုက်ကြတယ်။

အသီးမှ အသီးစစ်စစ်၊ ၃ ခုလုံး ချဉ်တူးနေတာပဲ  :D

အာလူးကြော်၊ ပုဇွန်ကင်နဲ့ အပေါ်ကသင်္ဘောသီးသုတ်ဟာ တစ်ယောက်စာအတွက် အနေတော်ပါပဲ


Beef ဘာဆိုလား မမှတ်မိတော့ဘူး

ပစ္စည်းတွေထား ခဏနားပြီး အပန်းဖြေစခန်းရဲ့ စားသောက်ခန်းမမှာ နေ့လည်စာစားတော့ ၃ နာရီထိုးပြီ။ ပုဇွန်ကင်၊ အမဲသား ဆိုပြီး တစ်ယောာက်တစ်မျိုးမှာပြီးချိန်မှာ မြန်မာကြက်သားဟင်း ဆိုပြီးတွေ့တဲ့အခါ မှာစားမိကြတယ်။ Facebook ပေါ်မှာ အင်္ဂလန်က မြန်မာနိုင်ငံသား စားဖိုမှူးက မြန်မာကြက်သားဟင်းကို ဟိုတယ်တွေရဲ့စားသောက်ဖွယ် စာရင်းမှာ ပါလာနိုင်အောင် ကြိုးစားခဲ့တယ်ဆိုတာလည်း ဖတ်ထားတာမှ မကြာသေးတာကိုး။ အုန်းနို့အနည်းငယ်ပါတာကလွဲပြီး မြန်မာကြက်သားဆီပြန်အတိုင်းပါပဲ။ သုံးမျိုးလုံး လက်ရာသိပ်ကောင်းပါတယ်။





ဗိုက်ပြည့်လို့ကျေနပ်သွားတဲ့ ၃ ယောက်ဟာ အခန်းကိုပြန်ကြတယ်။ ခရီးကို စစီစဉ်တုန်းက ၆ ယောက်မို့ Superior Room Triple Sharing ၂ ခန်းယူထားခဲ့ကြတာပါ။


ရောက်စက ဟိုအခန်းကထွက် ဒီအခန်းကိုဝင် နေကြရာက အတွင်းတံခါးနဲ့ဆက်ထားတဲ့ အခန်းကျယ် ၂ ခန်း မှန်းသိတဲ့အခါ ဟိုဘက်ဒီဘက် အော်ပြောလိုက်၊ အခန်းကူးပြီး စပ်စုလိုက်နဲ့ အူမြူးကြပြန်တယ်။ ဒါပေမယ့် အဲဒါလေးက ကြာကြာမခံလိုက်ပါဘူး ။ ခဏနားပြီး Activity Services Center ကိုဖုန်းခေါ်တဲ့အခါ နောက်တနေ့အတွက် ဘယ် Activity ကိုမှ စာရင်းပေးလို့ မရတော့ပါဘူး။ ခရီးစဉ်မှာ ပါပြီးသားဖြစ်တဲ့ Snorkeling at Renggis Island ဆိုတာကလည်း ညနေ ၄ နာရီ ဆိုပိတ်ပြီမို့ ဒီနေ့အဖို့ နာရီဝက်နဲ့ ဘယ်လိုမှ မမှီတော့ပါဘူး။

အခုမှရောက်တယ် အခုပဲဘာမှလုပ်မရတော့ဘူး ဆိုတော့တော်တော်လေးစိတ်ပျက်သွားကြပြန်ပါရော။ အဲဒါနဲ့ Spa ပဲသွားကြတာပေါ့ဆိုပြီး ဖုန်းဆက်တဲ့အခါမှာ ဒီညနေလည်းမရှိ၊ နောက်နေ့ညနေလည်းမရှိ၊ နောက်နေ့မနက်ပိုင်းအတွက်ပဲအချိန်ရှိပါတော့သတဲ့။ မနက်စာစားပြီး Spa ကိုသွားရမှာဟာ တော်တော်အူကြောင်ကြောင်နိုင်လှပါတယ်။ ဘာလို့ဒီလောက်တောင် အချိန်တွေမပေးနိုင်၊ လူတွေပြည့်နေရတာလဲလို့ မေးကြည့်ကြတော့မှ အဖြေတွေ့ပါတော့တယ်။ ကုမ္ပဏီတစ်ခုရဲ့ ဝန်ထမ်းတွေအပန်းဖြေခရီးစဉ်ကြောင့် ဒီနေ့ပဲ အယောက် ၂၀၀ ကျော်ရောက်လာတာမို့ပါတဲ့။ ၃ ယောက်သားဟာ ကမ်းစပ်မှာပဲ တနေကုန်ရေကူးနေရတော့မလို၊ Renggis ကျွန်းမှာပဲ တနေကုန်ရမလိုဖြစ်ပြီး ပြန်ငြိမ်သွားကြပါတော့တယ်။

ဒီခရီးစဉ်ကို စစီစဉ်ကတည်းက စိတ်ဓါတ်တွေဟာ တက်လိုက်ကျလိုက်ပါပဲ။ ပျက်မလိုဖြစ်ပြီးမှ ရောက်အောင်လာကြတဲ့ သူတွေမို့ ကြာကြာတော့ မငြိမ်သွားကြပါဘူး။ ဘာမှဆော့မရလည်း ဒီလောက်အေးဆေးတဲ့ ကမ်းခြေက အခန်းကျယ်ကြီးထဲမှာ တနေကုန် အိပ်ရာပေါ်နှပ်ကြတာပေါ့လို့ သဘောတူဆုံးဖြတ်ပြီး စပ်ဖြဲဖြဲ ပြန်ဖြစ်လာကြတယ်။ စလုံးမှာ သိပ်မှမအိပ်ကြတာ။ ဒီမှာ အဝ အိပ်ရလည်း မဆိုးပါဘူး။ အဲဒီ့နောက်တော့ စိတ်ကူးထားကြတဲ့အထဲမှာ မပါတဲ့ နောက်ဆုံးလုပ်လို့ရတာ တစ်ခုဖြစ်တဲ့ စက်ဘီးဘက်လှည့်ကြတယ်။ ကံကောင်းကြလေစွ။ စက်ဘီးတွေတော့ ကုန်အောင်ငှားမသွားကြသေးဘူး။

ညနေ ၅ နာရီခွဲလောက်မှာ စက်ဘီးစီးဖို့ ထွက်လာခဲ့ကြတဲ့အခါ ကံဇာတာတွေ တက်လာကြပြန်တယ်။Resort Activity Services Center က သဘောကောင်းတဲ့ဦးလေးကြီးက သူတို့ဝန်ဆောင်ပေးတဲ့ Snorkeling Trip နဲ့ တောတွင်းလမ်းလျှောက်ခရီးတွေ လူပြည့်သွားပေမယ့် အပြင်က ဝန်ဆောင်မှု တစ်ခုက သွားရင်တော့ ရနိုင်ကြောင်း ပြောပြပါတယ်။ ခရီးသွားကုမ္ပဏီက ဝယ်ထားတာမှာ Renggis Island ပါပြီးသားမို့သူတို့နဲ့ သွားရင် ရင်းဂစ် ၉၀ ပဲ ထပ်ပေးရပြီး နေ့လည်စာပါ ပါမှာပါ။ အပြင်က ဝန်ဆောင်မှုနဲ့သွားရင် ရင်းဂစ် ၁၂၀ ပေးရပြီး နေ့လည်စာဝယ်စားရမယ်လို့ ဆိုပါတယ်။ ဝမ်းသာအားရနဲ့ ၃ ယောက်စာ စရံပေးခဲ့ပြီး စက်ဘီးစီးထွက်ကြချိန်မှာတော့ ပျော်စရာတွေ အပြည့်ဖြစ်သွားပြီ။



Package မှာ ပါပြီးဖြစ်တဲ့ Renggis Island က ကမ်းခြေနဲ့ ငါးမိနစ်လောက်ပဲ သွားရတဲ့ အကွာအဝေးမှာရှိပါတယ်။ Package အရ အဲဒီ့မှာဘယ်လောက်ကြာကြာနေလို့ရလဲဆိုတော့ ညနေ ၄ နာရီအထိကြိုက်သလောက်နေတဲ့။ ဒါပေမယ့် သူပြောတဲ့ကြိုက်သလောက်နေဆိုတာ ကျွန်းပေါ်မှာမဟုတ်ဘဲ ရေထဲမှာဆိုတာ နောက်နေ့မှ သိရတယ် :D

Renggis Island ဘက်က လှမ်းမြင်ရတဲ့ Golf Club အဆောက်အဦ

ဂေါက်ကွင်းထဲက မျောက်တစ်သင်း 

Tioman ကျွန်းဟာ ပေပေါင်း ၃၄၀၀ မြင့်တဲ့ Gunung Kajang တောင်အပါအဝင် တောင်တွေအများကြီးရှိပါတယ်။ တောင်တွေ ပင်လယ်ကြားမှာရှိတဲ့ ကမ်းခြေမြေပြန့်သိပ်မကျယ်တာ ခရီးစဉ်တလျှောက်သတိထားမိပါတယ်။ Berjaya ကမ်းခြေအပန်းဖြေစခန်းကတော့ Tioman မှာအကြီးဆုံးဖြစ်ပြီး သဲသောင်ကမ်းခြေ တော်တော်လေး ရှည်ပါတယ်။ စက်ဘီးစီးတာ သဲသောင်မှာမဟုတ်ပါဘူး။ အပန်းဖြေစခန်းအတွင်းလမ်းကနေ စခန်းပရဝုဏ်ကျော်ပြီး ဂေါက်ကွင်းနဲ့ ဆက်သွားတဲ့ လမ်းတလျှောက်ပါ။ တောင်တန်းတဘက် နဲ့ ကမ်းခြေတဘက်နဲ့ ကားအသွားအလာ မရှိသလောက်နဲတဲ့ လမ်းကလေးမှာ စက်ဘီးစီးရတဲ့ ညနေခင်းလေးက သာယာလှပါတယ်။ ဆိုင်ကယ်သံကြားတိုင်း စက်ဘီးပေါ်က ခုန်ဆင်းမိတာက လွဲလို့ပေါ့လေ :D

လူမပါတဲ့ ရှုခင်းပုံပျောက်သွားလို့ သည်းခံကြပါ  :D

စက်ဘီးတွေပြန်အပ်ပြီးတဲ့နောက် ဘူဖေးညစာ။ အနောက်တိုင်းအစားအစာ၊ တရုတ်စာ၊ မလေးရှား အစားအစာတွေ အစုံအလင်ပါ ပါတယ်။ စားပြီးတဲ့အခါ နေကြာစေ့ထုပ်၊ အချဉ်ထုပ်တွေ အခန်းမှာ ပြန်ယူ၊ ကမ်းခြေအုန်းပင်တွေအောက် ခုံတွေပေါ်က ဆိုဖာအခင်းတွေသွား မ ၊ မီးရောင်မရှိတဲ့ ကမ်းစပ်သဲသောင်မှာခင်းပြီး ကြယ်တွေကြည့်ကြတယ်။ 

Berjaya မှာ Receciption Lounge နဲ့ စားသောက်ခန်းမ ကလွဲရင် Wifi မရပါဘူး။ တယ်လီဖုန်း Roaming လည်း ဖွင့်မထားကြတဲ့အခါ ကိုယ်တွေဟာ သက်ရှိပကတိလောကကြီးထဲကို ပြန်ရောက်သွားကြတယ်။ အဲဒီ့အချိန်မှာ ဒီ ၃ ယောက်အပြင် (စိတ်ထဲကသတိရနေရင်တောင်) အလေးထားစရာ တခြားသူမရှိကြဘူး။ အဲဒီ့နားမှာ လှိုင်းပုတ်သံတွေရဲ့ သဘာဝဂီတပဲ ရှိတယ်။ အဲဒီ့ညမှာ လနဲ့အပြိုင်လင်းနေတဲ့ ကြယ်လေးတွေပဲရှိတယ်။

အောက်ထပ်က အခန်းမှာ ၂ ညတာ

သေသေချာချာ သတိထားလိုက်မိတာကတော့ Online ၊ Internet ၊
Facebook ဆိုတာတွေနဲ့ ဝေးကွာသွားချိန်၊ TV ဆိုတာကို မေ့ထားလိုက်ချိန်မှာ အနီးကပ်ရှိနေတဲ့ သက်ရှိလူသား ၃ ယောက်ဟာ ပိုမိုနီးကပ်နွေးထွေးသွားတာပါပဲ။

ဆက်ပါဦးမည် .... 

တီအိုမန်က ပြန်ခဲ့တယ် ( ၁ )

ဒီခရီးစဉ်က စီစဉ်တုန်းက ၁၂ ယောက်လောက်သွားမယ့် ခရီး။ လက်မှတ်ဝယ်ဖြစ်ချိန်မှာ ၆ ယောက်ဖြစ်သွားပြီး တကယ်သွားရမယ့် အခါကျ ၃ ယောက်ပဲကျန်တော့တယ်။ အချိန်ပြောင်းလို့လည်း မရတဲ့ ဒီခရီးကို စိတ်သိပ်မပါကြတော့ဘဲ ဖျက်ပြစ်ဖို့ တွေးမိကြပေမယ့် ခရီးစရိတ် ၆ ယောက်စာ အဆုံးမခံချင်ကြတဲ့အဆုံး သွားမယ့်သွား သုံးယောက်ထဲလည်း ပျော်ပျော်ပဲသွားဖို့ ဆုံးဖြတ်လိုက်ကြတယ်။

Nweton Hawker Center ဘေးက ကားဝင်းကနေ မနက် ၆ နာရီထွက်မှာမို့ အဲဒီ့ကို မနက်အစောကြီး ၅ နာရီ ၁၅ ရောက်အောင်သွားရတယ်။ စလုံးဘက်ခြမ်းက ခရီးသွားကုမ္ပဏီက စလုံးအထွက် အထိ ပို့ပေးပြီး မလေးရှားဘက်အရောက်မှာ ကားပြောင်းစီးရပါတယ်။ Good Friday နဲ့ သုံးရက်ဆက်ပိတ်တာမို့ စင်္ကာပူနဲ့မလေးရှား အဝင်အထွက် လူများလှပါတယ်။ စလုံးဘက်ရော မလေးဘက်ရော အဝင်အထွက်စစ်ဖို့ ကောင်တာတွေ အများကြီးထားပေးတာတောင်မှ လူတန်းတွေက အရှည်ကြီးတွေချည့်ပါပဲ။

မလေးရှားဘက် အဝင်မှာ လာစောင့်နေတဲ့ ကားပြောင်းပြီးတဲ့အခါ Mersing ဆိုတဲ့ မလေးရှားနိုင်ငံ အရှေဆိပ်ကမ်းမြို့လေးကိုပို့ပေးပါတယ်။ ဂျိုဟိုး ကနေ ၂ နာရီခွဲ ၃ နာရီ နီးပါးကားစီးရတဲ့ ခရီးဟာ အလွန်ပျင်းစရာကောင်းပါတယ်။ ကားပေါ်အိပ်တတ်တဲ့သူတွေအတွက် အဆင်ပြေပေမယ့် တော်ရုံတန်ရုံ အိပ်မပျော်တတ်တဲ့ ကိုယ့်အတွက် ဆီအုန်းနဲ့ ရာဘာပဲတွေပဲရှိတဲ့ လမ်းဟာ ငြီးငွေ့စရာ။ ခရီးသွားလမ်းညွှန်အမျိုးသမီးကလည်း ၃ နာရီလောက် ကားစီးရမှာမို့ ကားမထွက်ခင် အိမ်သာသွားထားကြပါလို့ သတိပေးစကားတစ်ခွန်းအပြင် နောက်ထပ်စကားမဆိုတော့တာ မားဆင်း ရောက်တဲ့အထိပါပဲ။

မနက် ၈ နာရီ လောက်ဂျိုဟိုးကနေ ထွက်ခဲ့တာ ၁၀ နာရီခွဲ ဝန်းကျင်မှာ မားဆင်းကို ရောက်ပါတယ်။ ခရီးသွားကုမ္ပဏီနဲ့ ချိတ်ဆက်ထားတဲ့ သင်္ဘောလက်မှတ်ရောင်းတဲ့နေရာမှာ အသွားအပြန်လက်မှတ်တွေထုတ်ယူပြီးတဲ့အခါ နိုင်ငံခြားသား ခရီးသည်အားလုံးရဲ့ ပတ်စ်ပို့ စာအုပ်တွေမှတ်တမ်းရေးထားတဲ့နေရာမှာ စာရင်းပေးရပါတယ်။ အသွားရော အပြန်ပါ မှတ်တမ်းရေးရတဲ့ အဲဒီ့စနစ်လေးက ခရီးသွားလာမှု လုံခြုံရေးအတွက် သဘောကျစရာပါ။ ခရီးသွားကုမ္ပဏီကို ခရီးစဉ်အစအဆုံးအတွက် ငွေချေပြီးသားမို့ သင်္ဘောအတွက် လက်မှတ်ခ ထပ်မပေးရပေမယ့် အဲဒီ့မှတ်တမ်းရေးတဲ့နေရာမှာတော့ တစ်ယောက်ကို ရင်းဂစ် ၂၀ စီ ပေးရပါတယ်။

မားဆင်း ဆိပ်ကမ်း အနီး

ရှပ်ပြေးကို ၁၁ နာရီမှာ စီးရမှာဆိုတော့ ထမင်းစားဖို့အချိန်မရှိတော့ပါဘူး။ သင်္ဘောကို စောင့်နေတုန်း ဥာဏ်အမြှော်အမြင်ကြီးမားစွာနဲ့ ထည့်ယူလာတဲ့ ထမင်းတစ်ဗူးနဲ့ လက်ဖက်သုတ်ကိုပဲ တစ်ယောက်တစ်လုတ် ဝိုင်းလို့အုပ်ကြတယ်။ တော်ပါသေးတယ်။ စလုံးလို ဟိုနေရာမစားရ ဒီနေရာမသောက်ရ သာဆိုရင်တော့ ငတ်မှာပါပဲ :D

တီအိုမန် ဆိုတဲ့ ကျွန်းလေးဟာ မလေးရှားနိုင်ငံအရှေ့ဘက်ကမ်းခြေကနေ မိုင် ၂၀ ခန့် အကွာအဝေးမှာ ရှိတဲ့ ကျွန်းပါ။ ကျွန်းကိုသွားဖို့ မားဆင်းမြို့ လေးကနေ ရှပ်ပြေးသင်္ဘော ၁ နာရီခွဲခန့် စီးရပါတယ်။ ကမ္ဘာလှည့် ခရီးသည်တွေအတွက်ဖွင့်လှစ်ထားတဲ့ အပန်းဖြေစခန်းတွေက ရွာပေါင်း ၈ ရွာလောက် တည်ရှိနေတဲ့ တီအိုမန်ကျွန်းရဲ့ အဓိကလုပ်ငန်းပါပဲ။



ကိုယ်တို့ ၃ ယောက်ရဲ့ ခရီးက အခုမှ စ တာပါ။ ကားပေါ်မှာ အိပ်ရေးဝလာတဲ့ ၂ ယောက်နဲ့ ကိုယ်ဟာ ဟိုဘက်ကြည့်လည်းရေ၊ ဒီဘက်ကြည့်လည်း ရေ ဖြစ်နေတဲ့ ပင်လယ်ပြင်ထဲက ရှပ်ပြေးပေါ်မှာ မကြောက်ချင်ယောင်ဆောင်ပြီး အဆက်မပြတ်စကားတွေ ပြောလာလိုက်တာ ကျွန်းနားရောက်ခါ နီး အထိပါပဲ။




အသွားမှာစီးရတဲ့ ရှပ်ပြေးဟာ မားဆင်းကအနီးဆုံးဖြစ်တဲ့ ကျွန်းရဲ့တောင်ဘက်ကို အရင်ရောက်ပေမယ့် ကမ်းမကပ်ဘဲမြောက်ဘက်ဆုံး ဆိပ်ခံအထိ ဆက်မောင်းပါတယ်။ အဲဒီတော့ တောင်ကနေမြောက်အထိ ကမ်းခြေတလျှောက်က ရှုခင်းတွေကို တမေ့တမောကြည့်ရတော့တာပေါ့။ တောင်မြင့်မြင့်တွေ ရှိနေတဲ့ တီအိုမန်ကျွန်းဟာ သဲသောင်ကမ်းခြေထက် ကျောက်ဆောင်ကမ်းပါးတွေ ပိုများပြီး သိပ်ကိုလှပါတယ်။ ပင်လယ်ရေပြာပြာ မမြင်ဖူးသေးတဲ့ ကိုယ့်အတွက် ကမ်းစပ်နားအထိကြည်လင်စိမ်းပြာနေတဲ့ရေနဲ့ ကျောက်ဆောင်တွေက ကြည့်လို့ မဝအောင်ပါပဲ။


Tekek ဆိပ်ကမ်းရုံး


ဆိပ်ကမ်းရုံးနဲ့ ကားလမ်းမ ကြားက တူးမြောင်း

မြောက်ဘက်ဆုံးက Salang ဆိပ်ခံကို အရင်သွားလိုက်တဲ့အတွက် ကိုယ်တို့ ဆင်းရမယ့် Tekek ကို ၁ နာရီခွဲမှ ရောက်ပါတယ်။ Tekek က တီအိုမန်ရဲ့ အကြီးဆုံးရွာဖြစ်ပြီး ဆိပ်ကမ်းတဝိုက်မှာ ရဲစခန်း၊ ဝန်ထမ်းအိမ်ရာ တွေနဲ့စည်ကားပါတယ်။ အဲဒီ့ကနေ တည်းခိုမယ့် Berjaya Tioman Resort ကို ၁ နာရီ တစ်ခါ ပြေးဆွဲပေးတဲ့ အခမဲ့ကားတွေရှိပါတယ်။ ဆာလောင်နေတဲ့ ၃ ယောက်သားဟာ နေပူလွန်းလို့ ဓါတ်ပုံရိုက်ချင်စိတ်လည်း မရှိဘဲ ကားပေါ်မှာပဲ ထိုင်စောင့်နေခဲ့ကြတယ်။ ဒါပေမယ့် ၁၅ မိနစ်လောက် စီးရတဲ့ ကမ်းခြေက တောင်ပတ်လမ်းလေးကို ရောက်တော့ ၃ ယောက်လုံး ပြန်ပြီးတက်ကြွလာကြတယ်။ လမ်းလေးက သိပ်သာယာတာကိုး :)


Resort ကိုရောက်လို့ check in လုပ်ပြီး အခန်းမှာ နားချိန်ရတဲ့အခါ ညနေ ၃ နာရီ ထိုးခါ နီးပါပြီ။


ဆက်ပါဦးမည် ......



Monday, August 17, 2015

ရေထဲက ကြယ်တစ်စင်းသို့

ရုံးသွားနေကြတယ်
မို့ အစ်တဲ့ မျက်လုံးတွေနဲ့

အလုပ်လုပ်နေကြတယ်
ဆို့နစ်တဲ့ နှလုံးသားတွေနဲ့

တစ်ယောက်ကိုတစ်ယောက်ကြည့်တယ်
စကားလုံးတွေကင်းမဲ့

အသက်က ခပ်ငယ်ငယ်
စိတ်က ကြီးမြတ်သတဲ့

ဆုံးရှုံးမှုအားကြီးတယ်
တိုင်းပြည်အတွက်ရောကွဲ့

ပေးဆပ်နိုင်လွန်းတယ်
မေတ္တာတွေအပြည့်နဲ့

တရားမရှိသေးဘူးကွယ်
16.08.2015 ညနေခင်းကို မုန်းခဲ့

မယ်ညို
17.08.2015 ( 7:25 am )


တစ်ခါမှ စကားမပြောခဲ့၊မရင်းနှီးခဲ့ဖူးသူအတွက် တစ်ခါမှမကျဖူးတဲ့မျက်ရည်တွေနဲ့ ရေးမိပါတယ်။ 
ဘဝဆက်တိုင်း ဒီအဖြစ်မျိုးနဲ့ ဝေးပါစေ
အေးချမ်းသာယာတဲ့ ဘဝမှာ နားခိုနိုင်ပါစေ 

Sunday, July 26, 2015

ဒီတစ်နေ့တော့ ...

ဒီမနက် ..... အပြင်မှာမှောင်နေသေးပေမယ့် ကျွန်မအစောကြီးနိုးနေခဲ့တယ်။ နှိုးစက်နာရီ သုံးလေ့မရှိလောက်အောင်ကို စောစောနိုးတတ်တဲ့သူက ဒီနေ့မှာတော့ ပိုလို့ကိုစောကာ နိုးနေတာ။ မမြင်နိုင်တဲ့ မသိစိတ်ရဲ့ ဆန်းကြယ်တဲ့ တွန်းအားတစ်ခုကြောင့်ပေါ့။

နံနက်ခင်း ဘုရားဝတ်ပြုချိန်မှာ လုပ်မြဲအတိုင်း ပန်း၊ ရေချမ်း၊ သစ်သီး ကပ်လှူပေးမယ်၊ ဆုတွေတသီကြီး တောင်းပေးနေမယ်ဆိုတာ အနားမှာ ရှိမနေပေမယ့် မောင်သိနေမှာပါ။ မေတ္တာပို့ခြင်း ဆိုတာကတော့ တစ်နေ့မပြတ်ပြုနေကြမို့ မောင့် နှလုံးသားက မေတ္တာတရားတွေနဲ့အတူ အေးချမ်းနေမယ်ဆိုတာ ကျွန်မ ယုံကြည်ထားတယ်လေ။

မေတ္တာ ......
တကယ်ပါ .....
ကျွန်မတို့နှစ်ယောက် ဝေးကွာသွားရခြင်းမှာ အမုန်းတွေမပါ၊ အာဃာတ တွေမပါခဲ့ဘူးနော်။ မောင့်ကို ဘယ်တုန်းကမှ မေတ္တာမပျက်ခဲ့သလို မောင့်ရဲ့မေတ္တာတွေလည်း ကျွန်မရရှိခဲ့၊ ရရှိနေမြဲလို့ ခံစားနေရဆဲပါပဲ။



စောစောနိုးတဲ့အကျိုးနဲ့ ရုံးမသွားခင်အချိန်လေးမှာ နံနက်ခင်းနေရောင်ခြည်အောက်က စံပါယ်ပင်လေးနား နေခွင့်လည်း ပိုရခဲ့တယ်။ ဂန္ဓမာခင်းကြီး စိုက်ချင်ခဲ့တဲ့ကျွန်မကို အခြေအနေအရပ်ရပ်ကြောင့် အခွင့်မသာချိန်မှာ စံပါယ်ပင်လေးတစ်ပင်နဲ့ နှစ်သိမ့်စေခဲ့တာလည်း မောင်ပါပဲ။

အေးချမ်းနေတဲ့စိတ်ကြောင့် စနေနေ့ပေမယ့် ဒီနေ့ အလုပ်လုပ်ရတာ ကြည်လင်တက်ကြွလို့။ ညနေ အလုပ်ဆင်းချိန် အိမ်အပြန်လမ်းမှာတော့ လမင်းက ကောင်းကင်ပေါ်မှာ ကိုယ်ရောင်ဖျောက်ပြီး တိတ်တိတ်လေးရောက်နေခဲ့ပြီ။ ညနေစောင်းကတည်းက လ ကိုမြင်နေရပေမယ့် ညခုနှစ်နာရီလောက်အထိ မမှောင်တတ်တဲ့ ကျွန်မနေတဲ့ ကျွန်းလေးဆီကို နေအစောကြီးဝင်တတ်ရာ မောင်နေထိုင်ရာဆီက ဖုန်းလှမ်းဆက်တတ်တဲ့ အချိန်တွေကို သတိရမိနေတတ်သေးတာတော့ ကျွန်မဇွတ်မငြင်းချင်ပါဘူးမောင်။

ဒီလိုနဲ့ အိမ်ပြန်ရောက်တော့ သီချင်းလေးတစ်ပုဒ် ဖွင့်မိသွားသေးတယ်။ လေးဖြူရဲ့ " ငါ့ရဲ့လမင်း " ။ မှတ်မိတယ် မဟုတ်လား။ အဲ့ဒီ့သီချင်းခွေထွက်ခါစက မြန်မာပြည်ရဲ့ အဝေးမှာရောက်နေတဲ့ ကျွန်မကို နောက်ထပ် အဝေးတစ်နေရာကနေ ဒီသီချင်းလေး မောင်ပို့ပေးခဲ့တာ။ သီချင်းလေးကို ကျွန်မသိပ်ကြိုက်တယ်။ နားထောင်မိတိုင်းလည်း ပြုံးမိတယ်။ " နင်ဟာလမ်းပြကြယ်၊ နင်ဟာ ငါ့ရဲ့ နတ်သမီး " တဲ့။ တကယ်တမ်းတော့ သီချင်းစာသားတွေနဲ့ ဆန့်ကျင်စွာ မောင်က စိတ်ဓါတ်အလွန်ခိုင်မာတဲ့သူ။ ဘဝကို အရှုံးပေးဖို့ နေနေသာသာ ဘယ်လောက် အခက်အခဲတွေ တွေ့တွေ့ ညည်းညူတဲ့ စကားတစ်ခွန်း မပြောတတ်တဲ့သူ။ မိန်းကလေးပီပီ ပျော့နွဲချင်တတ်တဲ့ ကျွန်မကိုသာ အမြဲတမ်း အားပေးခဲ့တဲ့သူ။ ကျွန်မရဲ့ စိတ်ပျက်အားငယ် တတ်တဲ့အကျင့်ကို အပြီးတိုင် ဖျောက်ဖျက်ပေးခဲ့သူ။ မောင်က ကျွန်မ ဆိုညည်းဖို့ အတွက်များ ပို့လိုက်လေသလားလို့ တွေးပြီး အမြဲပြုံးမိတာ။ ဒါပေမယ့် မောင့်ကို ကျွန်မက လ တစ်စင်းလို့တော့ မဆိုညွှန်းလိုဘူး။ မောင့်ရဲ့ မေတ္တာတရားက လရောင်လို အေးချမ်းပေမယ့် မောင်က ကိုယ်ပိုင်အလင်းမရှိသူမှ မဟုတ်တာနော်။

အိုးးး ..... " နော် " ဆိုတဲ့ စကားလုံးလေးကို ကျွန်မ သုံးလိုက်မိတာပဲ။ စကားပြောရင် " နော် " ဆိုပြီးထည့်ပြောတတ်တဲ့ ကျွန်မက " naw is only for me naw " လို့ ပြောခဲ့တဲ့မောင်နဲ့ မဆုံဖြစ်တော့တဲ့ နောက်ပိုင်း ဒီစကားလုံးလေးကို စွန့်လွှတ်ထားခဲ့တာကြာပြီပေါ့။ အခုချိန်မှာ ဒီစကားလုံးလေးအတွက် မောင် ကန့်သတ်တော့မှာ မဟုတ်ဘူးဆိုတာ သေချာပေမယ့် ကျွန်မ ဘယ်တော့မှ အသုံးမပြုတော့တာကို မောင် သိမယ်မထင်ပါဘူး။ 

ညဘက် ဆီမီးပူဇော် အပြီး တိုက်အောက်ကိုဆင်းခဲ့မိတယ်။ ပုရိတ်ပင်တန်းတွေကြား လမ်းလျှောက်ရင်း၊ လမင်းကြီးကို မျှော်ကြည့်ရင်းပေါ့။ ဒီနေ့တစ်နေ့တော့ မောင့်ကိုသတိရမိခြင်းတွေကို ဟန်ဆောင် တားဆီး မထားချင်တော့ပါဘူး။ မောင်ကရော ... ။ ကျွန်မမွေးနေ့ရောက်တိုင်း၊ နှစ်သစ်ကူးညတွေ ရောက်တိုင်း အချိန်ပြည့်မဟုတ်တောင် ခဏလေးတော့ ကျွန်မကို သတိရမိမှာ မဟုတ်လားလို့ မေးရင် ဝန်မခံချင်တဲ့မျက်နှာပေးနဲ့ ဘာမှပြန်မပြောဘဲ ပြုံးနေဦးမှာ မဟုတ်လား။

ဒီတစ်နေ့တာ အတွက် မအိပ်စက်ခင်လေးမှာ လမင်းကြီးကတဆင့် ကျွန်မ စကားတစ်ချို့ လှမ်းပြောလိုက်မိတယ်
" ကျေးဇူးတင်ပါတယ်မောင်၊ ပူလောင်တဲ့ ချစ်ခြင်းဆိုတာကို လွန်မြောက်လို့ အေးမြတဲ့မေတ္တာ ဆိုတာကို ပေးခဲ့တဲ့အတွက်ရော၊ ထားတတ်အောင် သင်ပေးခဲ့တဲ့ အတွက်ပါ ... ။ စိတ်အေးချမ်းသာယာတဲ့ မွေးနေ့ရက်မြတ် ဖြစ်ပါစေ "

ကြားနိုင်သည်ဖြစ်စေ၊ မကြားနိုင်သည်ဖြစ်စေပေါ့။
မောင့်ဆီက တုံ့ပြန်မှုတွေကို မမျှော်လင့်တတ်တော့အောင် ဥပေက္ခာစိတ်နဲ့ တိတ်တိတ်လေး နေတတ်ခဲ့ပြီပဲ။       ။


ညိုလေးနေ
26.07.2015 ( 10:58 PM )

Saturday, June 27, 2015

U 23 ပေးခဲ့တဲ့ လက်ဆောင်

စလုံးမှာ မယ်ညို က သူငယ်ချင်းတွေနဲ့အတူနေပေမယ့် အစ်ကိုကတော့ သူ့မိသားစုလေးနဲ့နေပါတယ်။ အစ်ကို့မှာ သားလေးတစ်ယောက်ရှိတယ်။ အခုဆိုရင် မူကြိုတက်နေပြီ။ ချဉ်ပေါင်းဟင်း၊ ဘူးသီးချဉ်ရည် နဲ့ မြန်မာထမင်းဟင်းကို အင်မတန်ကြိုက်တဲ့သားကို မြန်မာစကားသာပြောနေတဲ့ မိသားစုထဲကနေ ကျောင်းစထားတော့မယ်ဆိုတော့ ဘာသာစကားအခက်အခဲဖြစ်မှာစိုးလို့ စိတ်ပူခဲ့ရသေးတယ်။ အင်္ဂလိပ်စကားကို အိမ်မှာမိသားစုက လိုက်ပြောပေးလို့ အစဉ်ပြေသွားပေမယ့်၊ ကျောင်းက သူငယ်ချင်းတွေနဲ့ဆရာမတွေကြားမှာ တရုတ်လို ဝင်ပြောလို့မရတဲ့၊ သူ့အဖေနဲ့အမေ တရုတ်လိုမတတ်မှန်းသိတဲ့သားက တရုတ်စကားပြောသင်ပေးဖို့ ကိုယ်တိုင်ပူဆာလို့ သင်ပေးနေရတယ်။ ကျောင်းကိုရောက်မှ ကျောင်းက အတွေ့အကြုံတွေနဲ့ သူဟာ စလုံးကလေးတွေနဲ့မတူမှန်း၊ မလေးရှားလေးမဟုတ်မှန်း၊ တရုတ်လေးလို မပြောတတ်မှန်း သိနေတယ်။ ရေသိပ်ကြိုက်တဲ့သားက " ဂျပန်ကျရင် သားသား ဂျမာပြည် လာမှာနော် " လို့ သူ့အဘွားကို သင်္ကြန်ပြန်လာမယ့် အကြောင်း ဖုန်းဆက်ပြောတတ်ပေမယ့် သူ့ကိုသူ သူဟာ ဂျမာလေးတစ်ယောက်ဖြစ်တယ် ဆိုတာတော့ မသိခဲ့ဘူး။



မနှစ်က National Day နီးလာတဲ့တစ်နေ့ သားဆီကိုသွားတော့ သားက " ညို ရေ ဒီမှာကြည့် " ဆိုပြီး သူကိုယ်တိုင်လုပ်ထားတဲ့ ပစ္စည်းလေးယူလာပြတယ်။ ပုံဆွဲဝါသနာပါတဲ့သားက မူကြို ကျောင်းမှာသင်ပေးတာကြောင့် စင်္ကာပူအလံလေးကို သူကိုယ်တိုင်ဆွဲတတ်နေပြီး အအေးသောက်တဲ့ပိုက်မှာ တိပ်နဲ့ကပ်လို့ အလံတိုင်လေးလုပ်ထားတယ်။ ဒီအရွယ်လေးနဲ့ ဒါမျိုးတွေလုပ်တတ်နေတာကို ဝမ်းသာပေမယ့် သားဆွဲတဲ့အလံက စင်္ကာပူအလံဖြစ်နေတာတော့ ရင်ထဲမှာတမျိုးဖြစ်ရတယ်။ မြန်မာအလံလေးဆွဲပါလားလို့လည်း သားကို အတင်းမတိုက်တွန်း၊ မသင်ပေးရဲခဲ့ဘူး။ ဇွတ်ခိုင်းရင် လုပ်ချင်မှ လုပ်တတ်တဲ့ ကလေးတွေရဲ့အကျင့်ကြောင့် မချစ်ဘဲ မုန်းသွားမှာကို မလိုလားလို့ သားနဲ့ မရင်းနှီးတဲ့ အရာတွေကို မယ်ညိုတို့မောင်နှမ ဇွတ်လုပ်ခိုင်းလေ့မရှိဘဲ ရှောင်ကြတယ်။ တခြားနည်းလမ်းကိုပဲ စဉ်းစားကြတယ်။

National Day ပိတ်ရက်မှာလည်း ဟိုနားဒီနားသွားရင်းနဲ့ သား ကို အဲဒီ့နေ့ အတွက် ပြင်ဆင်ထားတာတွေ လိုက်ပြဖြစ်ကြတယ်။ အဲလို လျှောက်သွားကြရင်းနဲ့ ရဟတ်ယာဉ်နဲ့ အလံကို သယ်လာတာလည်း မြင်ရော သားက Singapore Flag , Singapore Flag ဆိုပြီး ဝမ်းသာအားရ ခုန်ဆွခုန်ဆွနဲ့ ထအော်ပါလေရော။ ဖြစ်ချင်တော့ ကိုယ့်ကား သွားရာဘက်နဲ့ ရဟတ်ယာဉ်လားရာဘက်က တူနေပြီး သားက တစ်လမ်းလုံး မျက်စိအောက်က အပျောက်မခံဘဲ ပျော်မြူးပြီးအော်နေတော့တာ။ မယ်ညိုတို့ မောင်နှမနှစ်ယောက်မှာ ကလေးရဲ့သဘာဝ ဆိုတာသိနေလို့ မတားသာ၊ မပြောရက်ပေမယ့် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး စိတ်ထဲမသက်မသာဖြစ်ခဲ့ကြရပြန်တယ်။

အဲဒီလို ရင်ထဲမှာအောင်းထားရတဲ့ အရာတွေ ဖွင့်ထုတ်နိုင်ဖို့အတွက် မနှစ်က နိုဝင်ဘာ၊  မြန်မာအသင်း Suzuki Cup လာကန်တဲ့အချိန်မှာ အစပျိုးခဲ့တယ်။ ပထမဦးဆုံးရတဲ့ အခွင့်အရေးမို့ရော၊ အင်မတန်နှစ်သက်တဲ့ ဘောလုံးအားကစားဖြစ်တာကြောင့်ရော မကောင်းတဲ့အသင်းမှန်းသိပေမယ့် မြန်မာဆိုတဲ့ အသိတစ်ခုတည်းနဲ့ မယ်ညို ပွဲတိုင်းကြည့်ဖြစ်ပါတယ်။ မှတ်မှတ်ရရ ဘောလုံးပွဲမှာဝေတဲ့ အလံလေးတွေကို သား အတွက် ပိုတောင်းထားလိုက်တယ်။ ဒါပေမယ့် သားက ဘောလုံးပွဲမကြည့်တတ်သေးသလို၊ ကြည့်ရလောက်အောင်လည်း အကြောင်းမတိုက်ဆိုင်ခဲ့ဘူး။ ရှားရှားပါးပါးရထားတဲ့ စက္ကူအလံလေးတွေ ကစားစရာတစ်ခုအနေနဲ့ပဲ ပျက်စီးသွားမှာစိုးလို့ သားကို မပေးဖြစ်ခဲ့ဘူး။ 

ဒီနှစ် Sea Games အချိန်မှာတော့ မယ်ညို မျှော်လင့်တဲ့ အခြေအနေကိုရောက်လာခဲ့ပါတော့တယ်။ အစ်ကိုက သားကို ငဲ့လို့ အုပ်စုပွဲတွေကို ကွင်းမှာမကြည့်ဘဲ အိမ်မှာပဲကြည့်ခဲ့တယ်။ စင်္ကာပူနဲ့ ကန်တဲ့ပွဲကို အိမ်မှာပဲ သားနဲ့အတူကြည့်ဖြစ်ခဲ့တဲ့ အကျိုးဆက်က သားဟာ မြန်မာကို သိလာတာပါ။ ဖိလစ်ပင်း နဲ့ ကန်မယ့်နေ့မှာ အစ်ကိုက ဖုန်းဆက်ပြီး " နင် ပွဲတိုင်း သွားကြည့်နေတာ မြန်မာအလံလေးများ မရှိဘူးလား " လို့မေးလာတော့ မယ်ညို ဝမ်းသာမိတာ ပြောဖွယ်ရာမရှိလောက်အောင်ပဲ။ နောက်တော့ Jalan Besar ကွင်းနားအထိ မြန်မာပရိသတ်တွေ၊ ပွဲလာကြည့်သူတွေကို သား ကို လိုက်ပြရင်း မယ်ညို့ ဆီက အလံလာယူကြတယ်။ မယ်ညို နဲ့အတူကွင်းထဲ မလိုက်ရလို့ငိုမဲ့မဲ့ ဖြစ်ပြီးပြန်သွားတဲ့ သားက ဖိလစ်ပင်းက တစ်ဂိုးသွင်းလိုက်တဲ့အချိန်မှာ " ဒယ်ဒယ် လာ ဒီကောင်တွေကို သွားချမယ် " ဆိုပြီး လုပ်နေလို့ အစ်ကိုက မနည်းချော့လိုက်ရပါသေးတယ်တဲ့  :)

ဆီမီးဖိုင်နယ်ပွဲနေ့ကတော့ အရာရာအတွက် ရင်ခုန်စရာ အကောင်းဆုံးပါပဲ။ အော်ကြဟစ်ကြတဲ့အသံတွေနဲ့ ကလေးလန့်မှာစိုးတာက တစ်ပိုင်း၊ ကြည့်စေ၊ သိစေချင်ကြတာ တစ်ပိုင်းမို့ ဘင်သံတွေနဲ့ဝေးရာ၊ လူကြဲတဲ့နေရာ ကိုရွေးလို့ မယ်ညို တို့ သားလေးကို ကွင်းထဲအရောက် ခေါ်နိုင်ခဲ့ကြတယ်။ သိပ်ကြိုးစားကြတဲ့ U 23 အသင်းက ကလေးတွေကို ရွှေရတာ၊မရတာထက် ဖိုင်နယ်တက်တယ်ဆိုတာမျိုး ဖြစ်စေချင်တာအပြင် သားရဲ့ ပထမဆုံး ကိုယ်တိုင်လာကြည့်တဲ့ပွဲမှာ အရှုံးနဲ့ မတိုးစေချင်တာကြောင့်ရော အဲဒီ့နေ့က အားပေးနေတဲ့လက်တွေဟာ တဆတ်ဆတ်တုန်နေခဲ့ရတယ်။


U 23 ကလေးတွေရဲ့ ကြိုးစားပေးခဲ့မှု ကိုသိပ်ကို ကျေးဇူးတင်မိပါတယ်။ မြန်မာအသင်းလည်း နိုင်ခဲ့တယ်။ သားက လည်း ရန်ကုန်က သူ့အဘွားကို ဖုန်းဆက် ...
" ဘွားဘွားရေ သားသားကို တီဗွီထဲမှာတွေ့လား "
" သားသားတို့  မြန်မာဟေ့ ... မြန်မာဟေ့ လို့အော်ခဲ့တယ်၊ ဘွားဘွားကြားလား " ဆိုပြီး မေးတယ်။
" ငါ့မြေးကို အင်္ကျီအနီလေးနဲ့ တွေ့လိုက်တာပေါ့၊ သား အော်တာလည်းကြားတယ် "
အမေကလည်း မုသားတွေနဲ့ ပီတိတွေ ဖြစ်လို့။ သူ့ကိုယ်သူ ဘာလေးမှန်း သေချာမသိသေးချိန်ကတည်းက မြန်မာပြည် ဆိုတာနဲ့ ပတ်သတ်တာတွေဟာ သူ့အဘွားဆီက လာမှန်းသိနေတော့
" သားသားကို မြန်မာဘောလုံးအင်္ကျီ ပို့လိုက်နော် " ဆိုပြီး ဘယ်သူမှ မတိုက်တွန်းရဘဲ ပူဆာပါတော့တယ်။ 

နောက်ဆုံးနေ့မှာလည်း ရှုံးနိုင်မယ်မှန်းသိပေမယ့်၊ သားရဲ့ အခြေအနေကို ကြိုမမှန်းနိုင်ပေမယ့် မယ်ညို တို့ ကွင်းထဲကို ထပ်ရောက်ခဲ့ပြန်ပါတယ်။ တစ်နေရာစီ ဖြစ်နေကြတာမို့ ပွဲသိမ်းဝီစီမှုတ်ပြီးတဲ့အချိန်မှာ အရင်းဆုံးလုပ်မိတာက အစ်ကို့ကို သားအခြေအနေမေးရတာပါပဲ။
" ပြဿ     နာတော့ မရှာဘူး၊ ဒါပေမယ့် ငြိမ်ကျသွားတယ်၊ ငိုလည်း မငိုဘူး " တဲ့။
နောက်ဆုံးတော့ မောင်နှမ နှစ်ယောက် အကောင်းဘက်ကလှည့်တွေး၊ " ဒါမှ မြန်မာပီသမှာလို့ "  အချင်းချင်းပြောပြီး ရယ်မောပစ်လိုက်ကြရတယ်။ အရှိတရားကို လက်ခံနိုင်တာ၊ အရှုံးတွေထဲမှာ ရုန်းကန်ဆန်တက်နေရတာ မြန်မာတွေရဲ့လက္ခဏာတစ်ရပ်ပဲ မဟုတ်လား။ 


U 23 က ရှိသမျှအစွမ်းတွေ အကုန်ညှစ်ထုတ်လို့ မြန်မာမှန်သမျှကို ငွေ တံဆိပ် လေး လက်ဆောင်ပေးခဲ့တယ်။ ကျွန်မတို့မောင်နှမအတွက်တော့ ငွေ တံဆိပ်ထက်ပိုတဲ့ အဖိုးတန်လက်ဆောင်တစ်ခု ထက်ပြီးရခဲ့တယ်။ အခု သားက သူဟာ " မြန်မာ " ဆိုတာ အတင်းအကြပ်ပြောပြစရာမလိုဘဲ သေသေချာချာ သိသွားပြီ။ မြန်မာ ဆိုတဲ့ စာတန်းပါတဲ့ အင်္ကျီလေးဟာ သူ့အတွက်အရေးကြီးမှန်း သိသွားပြီ။ မြန်မာအလံလေးကို ပါးမှာမြတ်မြတ်နိုးနိုး ကပ်တတ်ပြီ။ အထူးသဖြင့် ကြယ်တစ်ပွင့်နဲ့ သုံးရောင်ခြယ်အလံပုံကို ဘယ်သူမှ တိုက်တွန်းစရာမလိုဘဲ သူ့ဟာသူ ဆွဲနေပြီ။ ဂျမာပြည်လို့ ခေါ်နေရာကနေ မြန်မာ လို့လည်း ပီပီသသ ပြောတတ်လာပြီ။ နောက်ဆုံး သူမရတဲ့ နိုင်ငံတော်သီချင်းကိုလည်း ဝါးချပြီး လိုက်ညည်းနေတတ်ပြီ။ 

မယ်ညို့ အတွက်တော့ အားကစားပွဲတိုင်းဟာ အနိုင်ရဖို့ယှဉ်ပြိုင်ကြတဲ့ ကစားနည်းတစ်ခု ဆိုတာထက်ပိုပါတယ်။ အခြေအနေကြောင့် တခြားအားကစားတွေကို ကိုယ်တိုင်ကိုယ်ကျ လိုက်အားမပေးနိုင်ပေမယ့် ကိုယ်အင်မတန်နှစ်သက်တဲ့ ဘောလုံးအားကစားနည်းက ကလေးတွေကတော့ ထိပ်ပေါက်၊ ခြေထောက်ကျိုး၊ ပခုံးရိုးထိနေတဲ့ကြားက နိုင်ငံတော်သီချင်းကို မျက်ရည်တဝဲဝဲနဲ့ အသံကုန်ဟစ်ဆိုပြီး အားကုန်ညစ်ကစားပြလို့ နိုင်ငံတော်ကို ဒီလိုနည်းနဲ့လည်း ချစ်လို့ရကြောင်း သက်သေပြသွားတာကို မျက်မြင်တွေခဲ့ရတယ်။ 



ဘာသာကွဲပြားခြင်း၊ လူမျိုးခွဲခြားခြင်း၊ ပါတီမတူခြင်း ဆိုတာတွေ မရှိဘဲ စည်းလုံးခြင်းတွေနဲ့ " နိုင်ငံချစ်စိတ် " ဆိုတာလေးကို သားအတွက်ရော ကိုယ်တွေအတွက်ပါ လက်ဆောင်ရခဲ့တယ်။ သားရခဲ့တဲ့ လက်ဆောင်လေး သားဆီမှာ အရှည်သဖြင့် တည်တံ့နေဖို့ မယ်ညို တို့ ကြံစည်ကြိုးပမ်းရဦးမယ်လို့ နားလည်ထားရင်း ...... ။       ။


မယ်ညို 
( ၂၇.၆.၂၀၁၅ ) မနက် ၁၀း၀၇ 




Friday, April 17, 2015

ရူးသွပ်ဖူးသလား မေးချင်သည်

စိတ်ကူးဆန္ဒနဲ့ ရူးသွပ်စွာစွဲလမ်းခြင်း ။

လူတစ်ဦးစီရဲ့  စိတ်ကူးထဲက ဆန္ဒ တစ်ခုစီဟာ ဘာတွေများဖြစ်နေမလဲ။
လူအမ် ဳ ိးမ် ဳ ိး စိတ်အထွေထွေမို့ တစ်ယောက်စီကိုသာ စမ်းစစ်ကြည့်ရလျှင်ဖြင့် တော်တော် စိတ်ဝင်စားစရာ ကောင်းမည်ထင်သည်။

စိတ်ကူးဆန္ဒဆိုလို့ ရောထွေးသွားမှာတော့ စိုးရသည်။ သူပြောချ င်သည့် စိတ်ကူးဆန္ဒ ဆိုတာက "  ဆရာဝန်ဖြစ်ရမယ်၊ ကိုယ်ပိုင်အိမ်တစ်လုံး ၀ယ်ချင်တယ်၊ ကုမ္ပဏီကြီးထောင်လိုက်မယ် " ဆိုတာတွေလို ဘ၀ရည်မှန်းချ က် စိတ်ကူးပန်းတိုင်တွေ မဟုတ်။ ဒီလို ဘ၀ပန်းတိုင်ဆိုတာတွေက အများစုအတွက် တကယ်လည်း လုပ်ဖြစ်ကြပြီး လုပ်ကို လုပ်ရမယ်လို့လည်း ရည်မှန်းသတ်မှတ်ထားတဲ့ အိပ်မက်တွေ။ သူဆိုလိုတဲ့ စိတ်ကူးအိပ်မက်က ဘ၀အတွက်ဆိုတာထက် ကိုယ့်တစ်ကိုယ်စာ ရူးသွပ်စွာစွဲလမ်းခြင်း  အတွက်သာ။ 

ထိုစိတ်ကူးနဲ့ရူးသွပ်ခြင်းဆိုတာ လူတိုင်းမှာ ရှိတယ်လို့ မဆိုနိုင်ပေမယ့် အများစုမှာတော့ ရှိနေလိမ့်မည်ဟု သူထင်သည်။ တချို့တချို့ရဲ့ ရူးသွပ်ခြင်းတွေက အသက်အရွယ်အလိုက် ပြောင်းလဲသွားနိုင်သလို၊ တချို့ကလည်း ကလေးဘ၀ ကတည်းက တစွဲတလမ်း ရှိခဲ့ကြလိမ့်မည်။  " တစ်နေ့နေ့ တစ်ချိန်ချိန် " ဆိုပြီး ရင်ထဲမှာရှိနေတတ်ပေမယ့် မဖြစ်မနေ လုပ်ရမယ်လို့လည်း မဆိုသလို အဲဒီ့အတွက် စိတ်ပင်ပန်းနေစရာလည်းမလို။ ကလေးတစ်ယောက်ရဲ့ စွဲလမ်းနေတဲ့ဆန္ဒဟာ တစ်နေ့မှာ သူအမြဲ မျှော်မော့ ကြည့်ခဲ့ရတဲ့ သရက်ပင်ခွကြားမှာ တက်ထိုင်နိုင်ရေးလည်း ဖြစ်နေနိုင်သည်ပဲ။

ရူးသွပ်စွဲလမ်းခြင်းတွေက ဥစ္စာ၊ ပညာ ရရာရကြောင်းနှင့်လည်း ဆက်စပ်ချင်မှ ဆက်စပ်လိမ့်မည်။ ငွေကုန်ဖို့ပင် ပို၍ဖြစ်နိုင်ပါသေးသည်။ ဘ၀အတွက် အရေးမကြီးဘူး ဆိုသည့်တိုင် ကိုယ်ရူးသွပ်ခဲ့တာလေးတွေ အမှန်တကယ် ဖြစ်လာတဲ့အခါ .... ပြောမပြနိုင်တဲ့ ကြီးကျ ယ်ခမ်းနားခြင်းတွေ သယ်ဆောင်ပေးလာနိုင်သည်၊ တစိမ့်စိမ့်တွေးတိုင်း ကြည်နူးရမယ့် အရာတွေလည်း ယူလာပေးနိုင်သည်၊ ကျေ နပ်နှစ်သိမ့်ခြင်းတွေ၊ အမှတ်တရတွေ ... ။

ခရစ်နှစ်သစ်ကူးရဲ့ ညစာစားပွဲတစ်ခုမှာ နှစ်သစ်အတွက် ရည်မှန်းချ က်တွေ အပြန်အလှန် ဖလှယ်ကြရင်း လူငယ်ကောင်လေးတစ်ယောက်ရဲ့ငယ်စဉ်ကတည်းက မပြောင်းလဲနိုင်တဲ့ ဆန္ဒတစ်ခုကို မမျှော်လင့်ဘဲ သူကြားခဲ့ရဖူးသည်။

" ဟောလိဝုဒ်က ဇာတ်အိမ်ကောင်းကောင်းနဲ့ လူတွေ စိတ်ဝင်စားလောက်မယ့် ရုပ်ရှင်ကားတစ်ကားမှာ ဘယ်နေရာလေးကပဲဖြစ်ဖြစ် ပါလိုက်ချင်တာ၊ ကျွန်တော့ကို ထင်ထင်ရှားရှား မြင်ရသည်ဖြစ်စေ၊ မမြင်ရသည်ဖြစ်စေ ကျေ နပ်တယ်၊ အဲဒါ ကျွန်တော်ရဲ့ အကြီးမားဆုံး ဆန္ဒပဲ "

ထိုဆန္ဒက တချို့အတွက် ရယ်စရာ ဖြစ်ကောင်းဖြစ်နေနိုင်ပေမယ့် Software Developer ဆိုသော ထိုလူငယ်လေး အတွက်တော့ ခမ်းနားလွန်းလှမည်ထင်သည်။ ထိုအတွေးမျိုး သူလည်းတစ်ခါမှ မတွေးဖူးခဲ့။ Titanic လို ဇာတ်ကားမျိုးရဲ့သင်္ဘောစီး ခရီးသည်တစ်ဦးအဖြစ်၊ Night of the Museum ထဲက ရုပ်တုလေးတစ်ခု ဒါမှမဟုတ် ပြတိုက်လာကြည့်သူတစ်ဦး၊ နောက်ဆုံး Spartacus လို Gladiator လို ဇာတ်ကားထဲက ကျွန်တစ်ဦးပဲ ဖြစ်နေပါစေဦးတော့ စိတ်ကူးထဲကအတိုင်း ပါဝင်ခွင့်ရမယ်ဆိုရင် ကျေ နပ်စရာပဲ မဟုတ်ပါလား။ ဒီလိုဇာတ်ကားကြီးတွေက ဒီလိုလူတွေရဲ့ အင်အားတွေနဲ့ ခမ်းနားခဲ့တာပဲ။ 

သူလေးတန်းအရွယ်က အိမ်နီးနားချင်း ရှစ်တန်းအရွယ် အစ်မ တစ်ယောက်ပြောခဲ့ဖူးတာလေး မှတ်မိနေသေးသည်။ ရေကူးကျွမ်းကျင်သော သူမက ရေကူးခွင့်သာရမည်ဆိုလျှင် ကန်တော်ကြီးထဲက ကရဝိတ်ငှက်ရဲ့ တောင်ပံတွေဆီကူးသွားပြီး ဟိုတယ်ပေါ်ရောက်အောင် တွယ်တက်ချင်ပါသတဲ့။ အပေါ်ကနေ အေးအေးဆေးဆေး သွားလို့ရသောနေရာကို တောင်ပံကနေ တွယ်ကပ်တက်ချင်သည့် မိန်းကလေးငယ်တစ်ယောက်ရဲ့ ထူးဆန်းသော စိတ်ကူးကို တအံ့တသြ နားထောင်ခဲ့ဖူးသည်။ 

သူ့သူငယ်ချင်းတစ်ယောက်ကတော့ ဂျ ပန်ပြည်ရောက်ခဲ့စဉ်က တိုကျိုမြို့ ရဲ့ ကားရပ်နားရာ နေရာလေးတစ်ခုကို မရောက်ရောက်အောင် သွားကြည့်ခဲ့ဖူးသည်။ လူတွေနားမလည်နိုင်စရာ ကိစ္စတစ်ခုပေမယ့် သူငယ်ချ င်းအတွက်က ဒါဟာ တစ်နေ့ဂျ ပန်ရောက်ခဲ့ရင် ဆိုပြီး နှစ်ပေါင်းများစွာမက်ထားတဲ့ အဓိပ္ပါယ်ပြည့်ဝလှသော အိမ်မက်တစ်ခု။

ဧဝရတ်တောင်တက်ကြသူတွေကို သူ နားမလည်နိုင်ပေမယ့် ဒါသည်လည်း သူတို့ရဲ့ အလွန်ကြီးမားသော ဆန္ဒကြောင့်ဖြစ်ကြလိမ့်မည်ဟု သူလက်ခံသည်။

နောက်ထပ် ...  ကနေဒါရဲ့ မေပယ်ရွက်ကြွေလမ်းမှာ လျှောက်ချ င်သူတစ်ဦးကိုလည်း သူဆုံခဲ့ဖူးသည်။

Post IT ခေတ်ကြီးထဲမှာ မေပယ်ရွက်ကြွေတောကို အင်တာနက်ကနေရော မတွေ့နိုင်ဘူးလား။ youtube ကနေရော မကြည့်နိုင်ဘူးလား။ အပင်တွေအောက် ကိုယ်တိုင်လျှောက်မှတဲ့လား။ ကိုယ်နေထိုင်ရာမှာရှိတဲ့ အထင်ကရ သစ်ပင်တွေကရော စိတ်ကျေ နပ်မှု အပြည့်အ၀ မပေးနိုင်ဘူးလား။

သူ့ ကိုသာ မေးလာလျှင်တော့ မေးခွန်းလေးခုလုံးအတွက် တွင်တွင်သာ ခေါင်းညိမ့်မိလိမ့်မည်။ အင်တာနက်ကနေလည်း ပုံတွေတွေ့နိုင်ပါသည်။ youtube ကနေလည်း လှု ပ်လှု ပ်ရှားရှား ရုပ်ပုံများကို  ကြည့်လို့ရပါသည်။ ဒါပေမယ့် မေပယ်ပင်တွေအောက် ကိုယ်တိုင်လျှောက်ရသလို စစ်မှန်တဲ့ ကြည်နူးကျေ နပ်ခြင်းတွေကို ပုံရိပ်ယောင်တွေက ပေးနိုင်မှာမှ မဟုတ်တာ။ ဒါတွေကိုယ်တိုင်က ထိုမြင်ကွင်းအစစ်တွေကို လာကြည့်စေဖို့၊ ကြည်နူးခံစားစေဖို့ ဖိတ်ခေါ်နေကြတာပဲ။ သူတို့ ရင်ထဲမှာ အစစ်အစစ်သော လှပခြင်း၊ သာယာခြင်းတွေကို ခံစားနိုင်ဖို့ နှလုံးသားတစ်စုံက ရှိနေသေးသည်ကော။

သြစတြေးလျ ရဲ့ စိန်ပန်းပြာတွေက မြန်မာပြည်က ပိတောက်ရနံ့ကို ပေးနိုင်မှာ မဟုတ်သလို မြန်မာပြည်ရဲ့ ပိတောက်ရနံ့ကလည်း ပြင်သစ်ပြည်က လာဗန်းဒါးနဲ့ ရနံ့ချ င်း မတူ။ ဒီလိုအကြောင်းတွေကြောင့်ပဲ ကမ္ဘာသူ၊ ကမ္ဘာသားတွေက ကမ္ဘာမြေကို လှည့်ပတ်သွားနေကြတာ မဟုတ်လား။
 
မြတ်စွာဘုရားကိုယ်တော်တိုင် ပုထုဇနော ဥမ္မတကော လို့ ဟောကြားထားသော လူသားတွေရဲ့ သန္တာန်မှာ ရူးသွပ်ခြင်း စိတ်ကူးလေးတွေ ရှိနေတာကို သူကတော့ ရယ်စရာ၊ ကဲ့ရဲ့ပြစ်တင်စရာလို့  မမြင်မိ။ ခံစားတတ်သော နှလုံးသားရှိကာ လူသားပီသနေခြင်းကိုကပင် သူ့အတွက်တော့ ကျေ နပ်စရာ။ တစ်စုံတစ်ယောက်ကများ သူ့ကိုရူးသွပ်ဖူးသလားဟု မေးလာခဲ့လျှင်ရော။  

သူ့မှာ ဖြေစရာ အဆင်သင့်ရှိပါသည်။


                                                 

တစ်နေ့နေ့ တစ်ချိန်ချိန် မီလန်မြို့ က ဆန်စီရိုကွင်းရဲ့ မြက်ခင်းအလယ်မှာ ထိုင်ခွင့်ရရေးသည် သူ၏ အိပ်မက်ဖြစ်သည်။

ဟုတ်သည်။

သူသည် ခံစားတတ်သော နှလုံးသားရှိကာ လူသားပီသစွာ ရူးသွပ်နေဆဲ ဖြစ်လေသည်။        ။


ညိုလေးနေ  
( 17.04.15 )  0:26 am


17.04.2015 မှာကျရောက်တဲ့ Blog ရဲ့ လေးနှစ်ပြည့်မွေးနေ့အတွက် စာလေးတစ်ပုဒ် ရေးထွက်လာစေဖို့ အစပျိုးပေးသော သူငယ်ချင်းအား ကျေးဇူး စကား ဆိုပါသည်။

       

         " အားလုံးအတွက် မင်္ဂလာရှိပြီး အေးချမ်းသာယာတဲ့ မြန်မာ့နှစ်သစ်ဖြစ်ပါစေ "



Tuesday, March 31, 2015

ဂျာ ခွန် ရှင်းတမ်း


ဂျာ ခွန် ရှင်းတမ်း

သူမ မန်နေဂျာ
ဘေးနားကိုလာ
ခုံအသာ ဆွဲထိုင်
ဖိုင်အထူကိုဖွင့်
လက်ကလေးနှင့်ညွှန်
စက်ကလေးကိုခေါက်
ပေါင်းနုတ်မြှောက်စား
ပါးစပ်ကလည်းပွါး
နားလည်သလားတဲ့

အားတော့နာစရာ
လည်တာမျက်စိ
တစ်လုံးမှ မသိ
အဟိ ဆိုတုန်း
မချိ ပြုံးရှာ
ပြန်သာသွားရော
ဂျာမော ကိုယ်မရှင်း
အခွန် ဆိုလား ဒီစာရင်း 


x x x x x 


YA2014 ECI & Deferred Tax Calculation ပြီးဆုံးခြင်း အမှတ်တရ

မယ်ညို 
၂၇.ဝ၃.၂ဝ၁၄   ညနေ ၃း၂ဝ

Friday, February 13, 2015

နှစ် ၁၀၀ ဆိုသော်ငြား


 နှစ် ၁၀၀ ဆိုသော်ငြား
*************
 
ကဗျာတွေ အများကြီး ရေးချင်ပေမယ့်
မအေးနိုင်သေးဘူး ခဏ

စာတွေ အများကြီး ရေးချင်ပေမယ့်
မတွေးနိုင်သေးဘူး အစ

အဘ အဘ
မျှ မျှ ပြီး မဝေနိုင်လို့
အဖ အဖ
တ တ ပြီး နေမယ့်အစား
အဖ စကား လိုက်နာလို့
အဖ ခြေရာ
မြေတစ်မှုန် စာမျှ
မှီလို မှီငြား
ကြိုးစား နေဆဲ ဘဝ

၃၆ နှစ်သမီး ကျမ
နှစ် ၁၀၀ ဆိုသော်ငြား
၃၂ နှစ်သား အဖ ကို
လေးစား လို့ မဝ 

x x x x x 



Google မှာရှာ၍ မီးပုံးပေါ်မှာ ကူးဆွဲမိသော ပုံအတွက်
မူရင်ရေးဆွဲသူအား ကျေးဇူးတင်ပါသည်။  

မယ်ညို 
၁၃.၀၂.၂၀၁၅ ( ၁၀း၁၆ နာရီ )