Sunday, September 2, 2012

စိတ်ကူးတွေနဲ့ ဘာတမ်ကမ်းခြေ ( ၃ )

မနေ့ညက မိုးကြိုးပစ်ခံရခြင်း ... မဟုတ်သေးပါဘူး ... မိုးချုန်းသံကြောင့် အိပ်ပျက်ရခြင်းသည် ပင်လယ်လှိုင်းတို့၏ အခွင့်အရေးကို ထိပါးလေသည်။ ခေါင်းဦးနှင့်ခေါင်းထိသော တခဏမှာ လှိုင်းပုတ်သံသည်ပင် ချော့သိပ်ခွင့် မရလိုက်ရှာပါ။ တစ်ရေးနိုးသော် မိုးလင်းနေပြီ။ ကမန်းကတန်း မျက်နှာသစ်လို့ ကမ်းစပ်ဆီသို့ သွားကြမည်။

ဤလမ်းလေးသည် နံနက်ခင်းမလင်းတလင်းတွင်လည်း လှလို့နေ၏

ဘာမှန်းတော့မသိ စိတ်ထဲမှာ တစ်ခုခုတော့ လွဲနေသလိုလို ။ ကမ်းစပ်ကိုရောက်ပြီ။ နာရီကိုကြည့်လိုက် ကောင်းကင်ကိုကြည့်လိုက်နှင့် လွဲနေခြင်းကို ရှာဖွေတွေ့ ရှိသွားသည်။
 

 စိတ်ကူးထဲမှ နံနက်ခင်းနေမင်းသည် မိုးတိမ်တို့နောက်မှာ ပုန်းကွယ်နေလေ၏။ မထွက်ချင်ထွက်ချင်နဲ့ ထွက်လာရရှာသည်။ ကိုယ်တွေကရုံးပိတ်ရက်မှာ ပင်လယ်ပြင်နှင့်အတူသူ့ကို ရှုစားရန်လာပါသည် ဆိုမှ။ နောက်ဆုံးမှာတော့ သဘောထားကြီးစွာ ဖြေတွေး တွေးပေးလိုက်ပါသည်။ သူ့ခမျာ ရုံးပိတ်ရက်မှမရှိတာ။ သူလည်း နားချင်ရှာမှာပေါ့။


တံတားပေါ်လျှောက်အကြည့်မှာတော့ လွဲနေခြင်းကို အကျေနပ်ကြီး ကျေနပ်သွားမိသည်။ နေရောင်ခြည်နှင့် ကြည်လင်အေးမြခြင်းကို တွဲလျက် ပထမဆုံး ခံစားဖူးခြင်းပင်။ နေရောင်ဆိုလျှင် အနီရောင်၊ လိမ္မော်ရောင် တွေသန်းလို့ ပူနွေးနေတတ်သည်ဟုသာ စိတ်စွဲနေမိသူကို တွေ့လိုက်ရသည့် မြင်ကွင်းက အစွဲပျောက်စေခဲ့ပြီ။ သဘောထားကြီးရကျိုးနပ်ပါသည်  :)




အေးချမ်းလှတဲ့ နံနက်ခင်းအလှကို ထမင်းမေ့ဟင့်မေ့ ခံစားချင်သော်လည်း ဗိုက်ကအမေ့မခံပါ။ တဂွီဂွီဖြင့် အချက်ပြလာသောကြောင့် အဆောက်အဦးဘက်ကို ပြန်လာခဲ့ရသည်။ နံနက်စာလေးတော့ စားထားဦးမှဖြစ်မည်။ ပြီးရင်မွှေရ၊ နှောက်ရ၊ လျှောက်ရဦးမှာကိုး။

နံနက်စာစားဖို့ အသွားတွင် ပုသိမ်ထီးလိုထီးမျိုး ၂ ဆင့် ဆောင်းကာ ပုဆိုးအနက်ကွက်ပတ်ထားသူတို့နှင့် ဆုံ၍ မှတ်တမ်းတင်ခဲ့သည်။



ဗိုက်ပြည့်သွားသောအခါ ပေါ့ပေါ့ပါးပါး မွှေနှောက်နိုင်ရန် အသွားသင့်ဆုံးနေရာသို့ အရင်သွားရသည်။ ထိုနေရာက ကြိုဆိုရေးဆိုင်းဘုတ်လေးတွေမြင်သောအခါ မဆီမဆိုင် Mr.Bean ကို သွားသတိရမိသည်။ သူလိုလူမျိုးကသာ ဆိုင်းဘုတ်လေးတွေကို အထက်အောက်ပြောင်းပြန်လှည့်လိုက်လျှင် ..... ။


ထိုသို့ ပေါက်ကရတွေးကာ ပေါက်ကရမလုပ်ရဲရန် ထိုနေရာနှင့် မျက်နှာချင်းဆိုင်တွင် သူ့အား စောင့်ခိုင်းထားပုံရသည်။



နှစ်ယောက်သား အဆောက်အဦးပေါ်မှ ပြန်ဆင်းလာတော့ မြန်မာဆန်သော လုံမပျိုတစ်ဦးကို သွားတွေ့ သည်။ မြန်မာမ စစ်စစ်လေး အနားကပ်လိုက်လျှင် သူမ၏အလှ မှေးမှိန်သွားမှာအားနာ၍ ဓါတ်ပုံတော့ တွဲမရိုက်ခဲ့ပါ  :)

အနီးပတ်ဝန်းကျင်ကို လေ့လာရန် စိတ်တူကိုယ်တူ သဘောတူထားသူ နှစ်ယောက်သည် Turi ၏ပိုင်နက်ကို ကျော်လွန်၍ ထွက်ခဲ့ကြသည်။ ကမ်းခြေတစ်လျှောက်ကို Resort များက အပိုင်းလိုက် ပိုင်ဆိုင်ထားကြပေမယ့် အပြီးအပိုင် စည်းခတ်ပိတ်ဆို့မထား၍ တော်သေးသည်။ သို့သော် သူ့ကမ်းခြေနှင့်သူ ပြင်ဆင်ထားပုံခြင်းတော့ မတူ။

ပင်လယ်ကမ်းခြေလော ပင်လယ်ကန်ဘောင်လော


မော်တော်ဘုတ်များမြင်သောအခါ Tourist ဇာတ်ကားနှင့် Johnny Depp ကို သတိရမိပြန်သည်။ သူမှမဟုတ်ပါဘူး ငါလည်း Tourist ပါပဲဟုတွေးကာ ကျေနပ်ပစ်လိုက်သည်။

 ငါဟာရွက်လွင့် မဟုတ် သူတို့ဟာရွက်လွင့် ပါ 


Turi ဘက်ကို ပြန်လျှောက်လာတော့ ရေကူးသူ၊ လှိုင်းစီးသူ၊ လှေစီးသူတို့ဖြင့် စည်ကားနေပြီ။ စိတ်ကူးထဲကလို မျက်စိတစ်ဆုံးမဟုတ်ပေမယ့် သဲသောင်ကမ်းစပ်လေး ချန်ထားပေးတာကို ကျေးဇူးတင်မိသည်။ Turi မှာက သဘာဝအလှလေး နည်းနည်းကျန်သေးသည်။

ကတွတ်ပင်ထိပ်ဖျားလည်း ရောက်ခဲ့သည်


အုန်းသီးတစ်လုံးလုံး လက်ဖဝါးပေါ် တင်ကာ အိုက်တင်ပေး ဓါတ်ပုံရိုက်ရ၍ အားကုန်ပြီးပင်ပန်းသွားသည်။
အခန်းပြန်ကာနားရမည်။
 
မကြာမီ ပြန်ရတော့မည်။


 ဆင်စီးကာ ပြန်ကြလျှင်ကောင်းမည်လော။ အလို ... မဖြစ် ..... ဘယ်နည်းနှင့်မျှ မဖြစ်ချေ။ 


နှုတ်ဆက်ပါသည် Beach Turi

ဘာတမ်မိုးကလည်း နှုတ်ဆက်သည်

သို့သော် .....


 
အဆောက်အဦး လိမ္မော်ရောင်လေးကတော့ ကြိုလင့်နေလေသည်။     ။

ညိုလေးနေ
02.09.12 ( 11:56 pm )

5 comments:

khin oo may said...

လက်လေးလှလိုက်တာ လူလဲလှမှာဘဲ။

mstint said...

ရိုက်ချက်တွေကောင်းတယ် ညိုလေးနေရေ။ ဘာတမ်ကို ကိုယ်တိုင် အလည်ရောက်သွားသလိုပဲ ကျေးဇူးပါနော်။ Mr. Bean ဆိုလို့ တိုက်တိုက်ဆိုင်ဆိုင် ညကပဲ ကြည့်ဖြစ်သေးတယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ညိုလေးနေ said...

မမခင်ဦးမေ
ရာမဇာတ်ကရင် ဒဿဂီရိရဲ့ လက်လေးတွေလည်း အဲလိုပဲ လှတတ်တယ် :D

တီတင့်
ညိုလေးလည်း ခဏခဏကြည့်တယ်၊ ရယ်ရလို့ :)

khin oo may said...

ဒါဆိုရင်လဲမပြနဲ့တော့လေ. လန့်သွားနေရဦးမယ် အရပ်တော့ရှည်မဲ့ပုံဘဲ။
တို့လဲ Mr bean ကြိုက်တယ် သူခရီသွားခါနီးပစည်းထဲ့တဲ့ကားကြည့်ဘူးလား ဘောင်းဘီရှည်တွေကို အတေိုဖြစ်အောင်ညှပ်သွားတို့်ကက်ဆေးတွေ ညှစ်ထုတ်. အားကြီးရယ်ရတယ် တို့က ခရီးသွားမယ်လုပ်တိုင်းသူ့ကိုသတိရတယ။်

ညိုလေးနေ said...

ကြည့်ဖူးတယ် မမ ကြိုက်တယ်
ပုံတူဆွဲတာ ဝါသနာပါလို့ Whistler's Mother ပန်းချီကားကို ဖျက်ဆီးတာလဲ သိပ်သဘောကျတာပဲ :D

Post a Comment