Monday, October 1, 2012

နင်ရဲ့  ငါ (သို့) ငါ့ရဲ့  နင်

မျှော်ကိုးတောင့်တခြင်းတွေကင်း
ပေးဆပ်နှင်း တတ်တဲ့ နှလုံးသား
နည်းနည်းတော့ ခါးသတဲ့
ဒါပေမယ့်
နင့်မျက်ရည်တွေ ငါသုတ်ပေးဖူးသလို
ငါငိုခဲ့ဖူးတာလည်း နင့်ပုခုံးထက်မို့
ယုံတယ် မဟုတ်လား
တို့တွေက
ခံစားချက်တွေနဲ့ ခရီးလွန်နေမှာ မဟုတ်ဘူးဆိုတာ။

တစ်တောင်ပေါ်တစ်တောင်ဆင့်နေတဲ့
ထိပ်ဆုံးကိုသွားတဲ့လမ်း
နည်းနည်းတော့ကြမ်းသတဲ့
ဒါပေမယ့်
နင်ချော်လဲတုန်းက ငါဆွဲထူခဲ့သလို
ငါမလျှောက်နိုင်တော့လည်း နင်တွဲခေါ်လို့
ယုံတယ် မဟုတ်လား
တို့တွေက
ဒဏ်ရာတွေရဲ့ အောက် လမ်းပျောက်နေမှာ မဟုတ်ဘူးဆိုတာ ။

နင်ဖွင့်မပြောတဲ့စကား
ငါ့ရဲ့ နားက ကြားသတဲ့
အဲဒီလိုပဲ
ငါ့မျက်လုံးတွေကလည်း
နင်ကြေညက်နေတဲ့ ဖတ်စာတစ်အုပ်
သူငယ်ချင်းရေ
ယုံတယ် မဟုတ်လား
ဘယ်လောက်ပဲ ဝေးသွားသွား
စာတစ်လုံး စကားတစ်ခွန်းက
တို့တွေအတွက် "အား" ဆိုတာ ။  


ညိုလေးနေ
01.10.2012  ( 10:50 am )

5 comments:

Amy said...

စာတစ်လုံး စကားတစ်ခွန်းက တို့တွေအတွက် "အား" ဆိုတာ.... အဲဒီစာသားလေး အရမ်းကြိုက်တယ်.... :)

ညီလင်းသစ် said...

ခံစားချက်တွေနဲ့ ခရီးမလွန်၊ ဒဏ်ရာတွေအောက် ပြားပြားမမှောက်ဘဲ တစ်ယောက်နဲ့တစ်ယောက် ကြေညက်နေကြတဲ့ သူငယ်ချင်းတွေအဖို့ စကားလုံးတွေ အများကြီးလိုမယ် မထင်ပါဘူး၊ တစ်ခွန်းတည်းသော စကားပေမယ့် မိုင်တိုင်တွေကို ကျုံ့သွားစေနိုင်တယ် ဆိုတာ ဒီကဗျာလေးက တွေးမိစေခဲ့တယ်...။

ဇွန်မိုးစက် said...

အဲဒီအားတွေနဲ့ တစ်ယောက်လက် တစ်ယောက်တွဲ ခရီးဆက်ခဲ့ကြတာ ခင်မင်မှုကို ပြန်တွက်လိုက်တော့ အနှစ် နှစ်ဆယ်ကျော်ပြီတဲ့...။

စံပယ်ချို said...

သူငယ်ချင်းရေ
ယုံတယ် မဟုတ်လား
ဘယ်လောက်ပဲ ဝေးသွားသွား
စာတစ်လုံး စကားတစ်ခွန်းက
တို့တွေအတွက် "အား" ဆိုတာ ။

ဒီအပိုဒ်လေးကိုပိုပြီးကြိုက်မိတယ်
ခင်မင်တဲ့ sis jasmine

ညိုလေးနေ said...

Amy ရဲ့  comment လေးကလည်း " အား " ပါပဲ

မိုင်တိုင်တွေချုံ့ ပြီး အဝေးကြီးက လှမ်းတွေးပေးတဲ့ ကိုညီလင်းသစ် ... ကျေးဇူးပါ

ဇွန် ... ရှေ့ကတစ်ရာ ထည့်လိုက်ကြရအောင်။ တစ်ရာ့နှစ်ဆယ်တိုင်အောင်ပေါ့

ကဗျာတွေရေးတဲ့ မဂျက်က ကြိုက်တယ်ဆိုတော့ ဝမ်းသာတာပေါ့ :)

Post a Comment