Monday, November 12, 2012

ယွန်းခဲ့သည် အရှေ့စွန်း နေဝန်း၏ကျွန်းမြေဆီ ( ၁ )

စနေ၊တနင်္ဂနွေ ပိတ်ရက်နှစ်ရက်သည် သတင်းစာပုံနှင့် ကွန်ပျူတာရှေ့ တွင် မည်သို့ကုန်သွားမှန်းမသိလိုက်။ ထမင်းစားချိန်ကလွဲ၍ တစ်နေကုန်။ သတင်းစာနှင့် ကွန်ပျူတာအပြင် တခါတရံတွင် နောက်ထပ်နှစ်မျိုး ပါလိုက်သေးသည်။ ဂဏန်းပေါင်းစက် နှင့် တယ်လီဖုန်း။

ထားခဲ့ကြဖူးသော ကတိအတိုင်း အနောက်ကို သွားချင်သောသူအား ဂဏန်းပေါင်းစက် တပြပြဖြင့် အရှေ့သို့ ပါလာအောင်ဆွယ်ရသည်။ နောက်ဆုံးတော့လည်း စာရင်းကိုင်ပီပီ ဂဏန်းပေါင်းစက် အကူအညီဖြင့် အရှေ့ဆီမှ နေခြည်ဆမ်းရာ နိုင်ငံလေးဆီသို့ လှမ်းနိုင်ခဲ့လေသည်။

ခရီးစဉ်စပြီ။

ချန်ဂီလေဆိပ်သည် ထုံးစံအတိုင်း ခမ်နားလှပနေသည်။ မခမ်းနားနိုင်တာက ကိုယ်တွေပဲဖြစ်သည်။ ရုံးအဆင်းမှာ ကမန်းကတမ်း ထမင်းစားပြီး အထုပ်ဆွဲထွက်ခဲ့သူတို့သည် လက်မှတ်ထဲက အတိုင်း  ၁.၁၁.၁၂ ရဲ့ မနက် ၀.၅၅ နာရီမှာ လေယာဉ်ပေါ် မတက်ရသေးတာကြောင့် ဆာလောင်ငိုက်မြည်းကာ စောင့်နေကြရသည်။ သည်းခံထားပါသည် လေယာဉ်ပေါ်ရောက်မှ အဝတီးမည်။

သို့သော် …. လွဲပါသည်။
လေယာဉ်မယ်လေးက ရေတစ်ဗူး၊ ချောကလက်ပိစိလေး နှင့် အာလူးကြော်တစ်ထုပ်သာ လာပေးသည်။ ညလယ်စာ မကျွေး။ ဆာဆာနှင့်စားလိုက်သော အာလူးကြော်တစ်ထုပ် ကုန်သွားချိန်မှာ နောက်ထပ်အလွဲတစ်ခုကို သွားတွေ့မိသည်။ ဟိုဘက်ဒီဘက် နှစ်ယောက်ခုံနှစ်တန်းနှင့် အလယ်တွင်လေးယောက်တွဲခုံတန်းပါသော လေယာဉ်မှာ သီးခြားထိုင်ချင်ကြ၍ နှစ်ယောက်ခုံကို ရအောင်တောင်းခဲ့ကြသည်။ လူမပြည့်သော လေယာဉ်ပေါ်က လေးယောက်တွဲခုံတို့တွင် မမလှလှတို့သည် တစ်ယောက်စီသာရှိ၍ လက်တန်းများကိုခေါက်ကာ ခြေဆန့်လက်ဆန့် အိပ်ဖို့ပြင်နေကြသည်။ မနာလိုစွာဖြင့် လွတ်နေသော နောက်က နှစ်ယောက်ခုံသို့ပြောင်းကာ ကွေးအိပ်ပစ်လိုက်သည်။
ဆာနေတုန်းက မကျွေးသော လေယာဉ်မယ်လေးတို့သည် ကောင်းကောင်းအိပ်ပျော်သွားတော့မှ မီးတွေ ထိန်ထိန်လင်းအောင်ဖွင့်လို့ နှိုးကာ မနက်စာကျွေးတော့သည်။ မစားမဖြစ် စားရချေဦးတော့မည်။
မှုန်ကုပ်ကုပ်ဖြင့်ထလာသူကို နေမင်းက နှုတ်ဆက်သည်
Narita ….


လေဆိပ်ထဲက အထွက်မှာတော့ ဆောင်းဦးလေငွေ့ငွေ့က ဆီးကြိုသည်။ လေဆိပ်မှ Airport Limousine စီးကာ Tokyo-City Air terminal သို့သွားရမည်။ ထိုမှတဆင့် တည်းခိုရာ Ginza ရပ်ကွက်သို့။ Limousine ဂိတ်မှ ဝန်ထမ်းတို့သည် သူတို့ဘာသာစကားဖြင့် တတွတ်တွတ် မရပ်တမ်းပြောနေကြသည်။ ဘာတွေပြောမှန်းမသိ။ နောက်ဆုံးတော့ International Language ကိုသုံးကာကိုယ့်ဖာသာကိုယ် နားလည်လိုက်သည်။ လက်ဖဝါးပြတာ စောင့်နေဦးလို့ ပြောတာပဲပေါ့ နော ။

Narita မှ Tokyo City Airport Terminal သို့ တစ်နာရီခန့်စီးရသည်။
 ထိုမှ ဟိုတယ်သို့ Taxi ဖြင့်
ဟိုတယ်မှာ အထုပ်တွေအပ်ကာ သွားချင်တဲ့နေရာကို လမ်းညွှန်ဖို့ ဟိုတယ်ဝန်းထမ်းကို ပြောတော့ စာရွက်လေးတစ်ရွက် ထုတ်ပေးသည်။ ရထားစီးကာ သွားပစ်လိုက်မည်ဟု အားခဲထားသူနှစ်ယောက်သည် စာရွက်လေးကိုကြည့်ကာ နဲနဲတော့ဖြုံသွားသည်။
နောက်ထပ်ဘာအရောင်နဲ့ ဘာလိုင်းထပ်ဆွဲရင် ကောင်းမလဲ
ဟိုတယ်ဝန်ထမ်းလေးက သဘောကောင်းစွာဖြင့် သွားလိုသောနေရာ၏ သူတို့ဘာသာအသံထွက်ကို အင်္ဂလိပ်လိုပင် ရေးပေးလိုက်သေးသည်။ ဟိုတယ်နှင့်ဘူတာက နီးနီးလေးမို့ မရှာရ။ သို့သော် လက်မှတ်ဝယ်ရတာတော့ နဲနဲဦးနှောက်စားသည်။ ဂျပန်လိုတွေသာရေးထားသော screen ပေါ်မှာ English ဆိုသော ထောင့်ကပ်နေသည့် စာလုံးလေးကို တော်တော်နှင့်မမြင်မိ။ လက်မှတ်အမျိုးအစားကလည်း တစ်မျိုးတည်းမဟုတ်။ နောက်ဆုံးတော့ တစ်နေကုန် ရထားကလွဲ၍ ဘာမှမစီးမှာသေချာသော သူနှစ်ယောက်သည် တစ်နေကုန်စီးလို့ရသော တစ်နေ့စာလက်မှတ်ကိုသာ ယူလိုက်ကြသည်။ Imperial Palace ကိုသွားကြမည်။
ဘူတာထဲရောက်တော့ မြန်မာကိုရင်လေးများကိုတွေ့ရသည်
အပြင်မှာမဟုတ် ဓါတ်ပုံထဲမှာပေမယ့် ဝမ်းသာမိသည်။ ANA လေကြောင်းလိုင်း မြန်မာပြည်ကို ပျံသန်းနေပြီ။ နောက်မှ သိရသည်က ထိုလေကြောင်းလိုင်းက ခရီးသည်တင် အကြီးစားလေယာဉ်တော့ မဟုတ်သေး။ Business Class ခုံ ၃၀ သာပါသော လေယာဉ်ဖြစ်သည်ဟုဆိုသည်။
သွားလိုရာဘူတာရောက်တော့ ဘယ်အပေါက်ကထွက်ရမှန်းမသိ။ မီးရထားဝန်ထမ်းကို အင်္ဂလိပ် လိုသွားမေးကြသည် သူကဂျပန်လို ပြန်ဖြေသည်။ ကိုယ်ပြောတာ ဘာမှန်းမသိပေမယ့် ထိုးပြသော မြေပုံစာရွက်ကြည့်လို့ သူကလက်ညှိုးညွှန်သည်။ သူပြောတာနားမလည်ပေမယ့် လက်ညှိုးညွှန်ရာအတိုင်းလိုက်တော့ လိုရာအပေါက်ရောက်သည်။ အဆင်တော့ပြေသား။
ဘူတာကအထွက် လှမ်းမြင်ရသော နန်းတော်
ထိုနေရာကို ရောက်အောင်လျှောက်ဖို့ ရှေ့နားကပန်းခြံထဲတွင် ဗိုက်ဖြည့်ကြသည်။ ဒီလိုနှင့် မထင်မှတ်ဘဲ သူ့ကိုသွားတွေ့မိသည်။ သူက ခန့်ညားထည်ဝါလှပေမယ့် သူ့နာမည်ကိုတော့ မခေါ်တတ်ပါဘူး။ ဒါပေမယ့် သူဦးထုပ်ဆောင်းထားပုံ၊ ဓါးကိုင်ပုံ နှင့် မြင်းစီးပုံကိုကြည့်ပြီး ရင်းရင်းနှီးနှီး ဖြစ်သွားအောင် ကိုယ်ကပဲ နာမည်ပေးခဲ့သည်။
ဂျပန် ဗန္ဓုလ
နန်းတော်ဝန်းကျင်သည် ကျယ်ပြန့်ပြီး အသက်ရှုလို့ကောင်းလှသည်
နန်းတော်ရှေ့ရောက်ပြီ
ဝင်လို့လည်းမရပါလား။ ရှင်းပြမည့်ဂိုက်လည်းမပါ။ ကိုယ့်ဟာကိုယ် ပြန်ရှင်းပြခဲ့သည်။ ဟိုနားတွင် ဟိုလူတို့နေ၍ ထိုနားတွင် ထိုသူတို့နေလိမ့်မည်။ အဝေးကချောင်းတော့ လူတစ်ယောက်တွေ့သည်။ အခုခေတ်အခေါ် လုံခြုံရေးဖြစ်ပေလိမ့်မည်။
ကိုယ်ကတော့ နန်းတော်နှင့်လိုက်ဖက်စွာ တခါးမှူးဟုသာ ခေါ်ချင်သည်
နန်းတော်ရှေ့က ထွက်ခွါတော်မူလာပြီး နောက်တစ်နေရာသို့ သွားတော်မူကြသည်။ သို့သော် လွဲတော်မူကြပြန်ပါသည်။ ညွှန်သည့် ညီမလေးက သေချာညွှန်ပေမယ့် လွဲသည့် နှစ်ယောက်က ဘာတွေဘယ်လိုလွဲသည်မသိ Koishikawa Korakuen  ဥယျာဉ်သို့ သွားသူနှစ်ယောက်သည် သစ်ပင်မမြင်ရသော တိုက်များကြားသို့ ရောက်သွားကြသည်။ စားသောက်ဆိုင်များ၊ ဘဏ်များ၊ မိန်းကလေးသီးသန့်ကလပ်များနှင့် တော်တော်စည်ကားသော နေရာဖြစ်သည်။ နောက်မှသိရသည်မှာ Ikebukuro ဆိုသောထိုနေရာသည် တိုကျို၏အထင်ကရမြို့နယ်များတွင် တစ်ခုအပါအဝင်ဖြစ်သည်ဆို၏။
တိုက်များကြားမှာ ပန်းခြံရှာ
ဒီနားတော့ ဒီနားပဲ ဒါပေမယ့် ဘယ်နားလဲ မသိဘူး
စိတ်ရှိလက်ရှိ လျှောက်ကြည့်ကြပြီး ဟိုတယ်ပြန်ခဲ့ကြသည်။ check in လုပ်ရဦးမည်။ ဟိုတယ်မှပြန်ထွက်တော့ ၄ နာရီကျော်ပြီ။ Asakusa သွားကြမည်။ ဗုဒ္ဓဘုရားကျောင်း ရှိသည်ဆို၏။ ဘူတာရောက်၍ဘုရားကျောင်းရှိရာ ထွက်ပေါက်မှထွက်ပြီး အပြင်အရောက် ကောင်းကင်ပြင်ကိုကြည့်အံ့သြမိသည်။ နာရီကို ပြန်ကြည့်လိုက် ကောင်းကင်ကိုကြည့်လိုက်နှင့် “ စင်္ကာပူမှာဘယ်အချိန်နေဝင်သလဲ ” ဟု ရေခြားမြေခြားက လှမ်းမေးဖူးသော သူငယ်ချင်းအသံကို ပြန်ကြားယောင်ရင်း စူးစမ်းလေ့လာမှု အားနည်းနေသေးကြောင်း ကိုယ့်ကိုယ်ကိုယ်မြင်မိသည်။
အချိန်ကိုတန်ဖိုးထားကြောင်း ဒေါင့်ဖြတ်မျဉ်းကြားက သက်သေပြသည်
မီးထွန်းထားသောဈေးဆိုင်တန်းလေးသည် သန့်ရှင်းလှပ၍ ချစ်စရာကောင်းလှသည်။
သို့သော်ကြာကြာချစ်ချိန်မရလိုက် မှောင်လာတာနှင့်အမျှ ညနေ၅နာရီမှာပင် ဆိုင်ခန်းများကို သိမ်းနေကြပြီ။
Asakusa Kannon Temple 
 ဘုရားကျောင်းမှ ပြန်လှည့်လာတော့ ညအမှောင်မှာ မိုးတိုးမတ်တပ်ရပ်နေသော Skytree ကိုတွေ့ရသည်။
သူ့ဆီသွားရဦးမည်။ ဘူတာကို ပြန်အသွားမှာ ရွာပတ်သည့်ဇာတ်လမ်းစတော့သည်။ စောစောက Asakusa ဘူတာက အထွက်မှာ To Tokyo Skytree Line ဆိုသော စာတမ်းလေးကို တွေ့လိုက်သည်။ ထိုစာတမ်းလေးကို ပြန်ရှာရန် အောက်သို့ဆင်းသည်။  မျှားအတိုင်းလိုက်သည်။ နောက်တစ်ပေါက်မှ မြေပေါ်သို့ ပြန်ရောက်သွားသည်။ ထို့ကြောင့် နောက်ကြောင်းပြန်ဆင်းသည်။ မီးရထားဝန်ထမ်းကိုမေးသည်။ ထိုလမ်းကြောင်း မှန်ကြောင်းပြော၍ ပြန်တက်သည်။ မျှားအတိုင်းလိုက်ကြပြန်သည်။ ဘူတာကြီးတစ်ခုကိုရောက်သည်။ လှေကားတက်သည်။ ရထားတွေတွေ့သည်။ သို့သော်စောစောက ဘူတာပုံစံမျိုးမဟုတ်သလို ရထားပုံစံတွေကလည်း မတူ။ မသင်္ကာဖြစ်သည်။ မစီးဘဲပြန်ဆင်းကြသည်။ လာလမ်းအတိုင်းပြန်လျှောက်သည်။ လျှောက်ရင်းမှ Tokyo Subway Route Map ကို ပြန်ကြည့်ကာ ရယ်မိတော့သည်။ Skytree Line က Skytree ဆီကိုသွားတာမှ မဟုတ်ဘဲ။ နာမည်ပေးထားခြင်းသာ။ အမှန်တော့ အလာတုန်းက ရထားလိုင်းကို Asakusa ဘူတာမှ နောက်ထပ်တစ်ဘူတာ Oshiage သို့ ဆက်စီးသွားရုံသာ။ ဒီလိုနှင့် Skytree ၏ အောက်ခြေသို့ ခြေညောင်းလျှာထွက်ကာ ရောက်သွားကြလေသည်။
Skytree ကို လာကြသူများမှာ နိုင်ငံခြားသားတွေထက် ဂျပန်လူမျိုးတွေက ပိုများသည်။ ဖွင့်တာမကြာသေး၍ သူတို့လည်း မတက်ဖူးကြသေးဘူးထင်သည်။ နောက်ထပ်ထူးခြားသည်က တန်းစီနေကြသူများမှ ၁၀ ယောက်မှာ ၈ယောက်လောက်က စုံတွဲတွေဖြစ်နေကြခြင်းပင်။ ဂျပန်မှာ အိမ်ထောင်ပြုနှုန်း ကျဆင်းနေသည်ဆိုသည်မှာ ဤတန်းစီနေသောလူအုပ်ကိုကြည့်က ယုံချင်စရာမရှိ။ လက်မှတ်အရောင်းကောင်တာမှာ နာရီဝက်ခန့် တန်းစီပြီးနောက် ၃၅၀ မီတာအမြင့်အထိ တက်ခွင့်ရသည်။
၄၅၀ မီတာအထိဆက်တက်ချင်လျှင် ပိုက်ဆံထပ်ပေးရမည်
နေပါစေတော့။ ကျေနပ်ပါပြီ။ အောက်ကတိုကျိုမြို့ကြီးက ပြောင်းသွားမှာမှမဟုတ်တာ။ ၃၅၀ မီတာမှ တစ်ဆင့်ချင်းပြန်ဆင်းတော့ လက်ဆောင်ပစ္စည်းဆိုင်လေးတွေက ဝယ်ချင်စရာကောင်းအောင် ဆွဲဆောင်သည်။ ကြည့်သည်။ ပြန်ထွက်သည်။ ကိုယ်က ဤနေရာမျိုးတွင် အစ်မတွေ အမြင်ကပ်လောက်အောင် စိတ်ခိုင်သည်။ ဘယ်သွားသွား ဘာမှဝယ်မလာတတ်၍ဖြစ်သည်။
 အောက်ငုံ့ကြည့်ရသော ပြတင်းပေါက်မှာ

တည်းခိုရာကို ပြန်လာတော့ တစ်နေ့တာ၏ နောက်ဆုံးအလွဲကို ကြုံရသည်။ မြေအောက်ထဲက ရထားပေါ်မှာ နွေးနေသူကို ဘူတာအထွက်မှာ လေစိမ်းက စီးကြိုသည်။ တစ်နေကုန် လျှောက်သွားလှုပ်ရှားနေ၍ သိပ်မချမ်းဘူး ထင်ရပေမယ့် ဆောင်းဦးညကတော့ တော်တော်အေးပါသည်။ လှေကားပေါ်မှ ဘူတာထဲသို့ ပြန်ဆင်းပြေးကာ ကျောပိုးအိတ်ထဲမှ ဦးထုပ်၊ လက်အိပ် နှင့် မာဖလာပတ်ကာ တစ်ကိုယ်လုံး အဝတ်လုံးဖြစ်သွားမှ အပြင်ထွက်လို့ရတော့သည်။ ထိုပုံစံဖြင့် စားသောက်ဆိုင်ထဲဝင်သွားတော့ ဘေးစားပွဲမှလူကြီးက အထူးအဆန်း ဖြစ်ကာကြည့်နေတော့သည်။ သူကတော့ ရှပ်အင်္ကျီလေးဖြင့်သာ။

ခဏနေတော့ စားပွဲထိုးလေးက ရေဖန်ခွက်ကလေးလာချသည်။ ဖန်ခွက်မှာ ရေသီးမနေ။ ရေခဲတုံးလည်းမမြင်ရ၍ ရိုးရိုးရေပဲ ဖြစ်မည်ထင်ကာ လက်အိပ်ချွတ်လို့ လက်လှမ်းလိုက်သည်။
လွဲ  ပြန်  ပြီ ။
အခုတလော အလွဲများနှင့်သာ ဆုံဆည်းနေရသည်။ အလွဲများနှင့် လွဲပါစေဟု ဆုတောင်းရဦးမည်။ 
တနည်းတဖုံဖြင့် ဆက်ပါဦးမည် ။



ညိုလေးနေ

7 comments:

Sonata Cantata said...

နာမလိုစွာဖြင့် ဆက်ရန်ကို စောင့်ပါဦးမည်...:)

သက်ဝေ said...

သီတာပြောသလိုပဲ နာမလိုစွာနဲ့ ဆက်ရန် စောင့်နေသူ.... :D

Hnit said...

ဂျပန်ဗန္ဓုလကို သဘောကျသွားသည် :D

ညီလင်းသစ် said...

အလွဲတွေကြားကို လိုက်ရတာ အတော့်ကို မောသွားတယ်၊ ကြည့်ခဲ့ဖူးတဲ့ Lost in translation ဆိုတဲ့ ဇတ်ကားလေး အမှတ်ရမိသွားတယ်ဗျ၊ ဂျပန်ကို ရောက်လာသူ တစ်ယောက် အင်္ဂလိပ်စကား တစ်လုံးမှ ပြောမရဘဲ တိုင်ပတ်နေတဲ့ အကြောင်းလေ...၊း) ဂျပန်ကတော့ တကယ့်ကို ဂျပန်ပါပဲဗျာ...။

ညိုလေးနေ said...

မမသီတာ နဲ့ အစ်မသက်ဝေ အပိုင်း ( ၂ ) ဆက်လိုက်ပြီ :)

နှစ် ... သူက သိပ်ခန့်ညားတယ် ;)

ထပ်လွဲတဲ့ အလွဲတွေထဲ လိုက်ခဲ့ပါဦးလို့ ဖိတ်ခေါ်ပါတယ် အစ်ကိုညီလင်းသစ် :P
ကြုံခဲ့ရတာက မီးရထားဝန်ထမ်းနဲ့ ခရီးသွားတွေ လာတာများတဲ့နေရာက ဝန်ထမ်းတွေ မို့ အတွေ့အကြုံရှိနေကြလို့လားမသိဘူး အင်္ဂလိပ်လို လုံးဝမပြောကြပေမယ့် သဘောပေါက်လွယ်ကြတယ်။

mstint said...

အဲဒီလိုဆွဲဆောင်မှုတွေကြောင့် နေမထိထိုင်မသာဖြစ်သွားတယ် ညိုလေးနေရေ။ ခရီးသွားတာ ဝါသနာပါသူတိုင်း နာမလိုဖြစ်မှာ အသေအချာ :P အပိုင်း ၁ ပြီး ၂ ကိုဆက်တိုက်ဖတ်ရတာ ကြည်နူးပီတိဂွမ်းဆီထိပမား)ကွန်မန့်ကိုတော့ ၂ ပြီးမှ ၁ ကို ဘက်ဂီယာထိုးပြီး လာပေးသွားတယ်နော်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ညိုလေးနေ said...

တီတင့်ရေ ကြိုက်တဲ့ဂီယာထိုးပြီး အဆုံးထိလိုက်ခဲ့ပါဦး :)

Post a Comment